News @ M-Media

Tag: Environment in Myanmar

  • စုပ်ခွက်ငါးက မီးမောင်းထိုးပြနေတဲ့ ‘ကျူးကျော်မျိုးစိတ်’ အန္တရာယ် (မြန်မာစာတမ်းထိုး)

    စုပ်ခွက်ငါးက မီးမောင်းထိုးပြနေတဲ့ ‘ကျူးကျော်မျိုးစိတ်’ အန္တရာယ် (မြန်မာစာတမ်းထိုး)

    ဇန်နဝါရီ ၃၊ ၂၀၂၁
    M-Media

    -ဘုန်းကြီးနဲ့ ကိုရင်တစ်ချို့က စုပ်ခွက်ငါးတွေ အကောင်ရေထောင်ချီ မြစ်ထဲလွှတ်ပေးမှုနဲ့ပတ်သက်ပြီး အခုရက်ပိုင်း ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါတယ်။
    တကယ်တော့ စုပ်ခွက်ငါးပြဿနာဟာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က စတင် ရင်ဆိုင်နေရတဲ့ ပြဿနာပါ။ တောင်အမေရိကမျိုးရင်း စုပ်ခွက်ငါးတွေဟာ အလှမွေးငါးအဖြစ် မြန်မာနိုင်ငံထဲ ဝင်ရောက်လာပြီး မြစ်ချောင်းအင်းအင်အိုင်ထဲ ရောက်သွားရာကနေ ဂေဟစနစ်ကို ထိခိုက်တဲ့အထိ အန္တရာယ် ကြီးလာပါတယ်။
    အပင်နဲ့ သတ္တဝါလို မျိုးစိတ်တွေဟာ မူရင်းဒေသကနေ အခြားဒေသတစ်ခုကို ရောက်သွားပြီး ဒေသသစ်မှာ သူတို့ကို ထိန်းကွပ်မယ့် သဘာ၀အခြေအနေတွေ မရှိတာကြောင့် ဂေဟစနစ်ကို ဒုက္ခပေးလာပါတယ်။ ဒီလိုမျိုးစိတ်တွေကို ‘အင်ဗေးစစ် စပီးရှိ’ (Invasive Species) ‘ကျူးကျော်မျိုးစိတ်’ လို့ခေါ်ပြီး အခုဗီဒီယိုမှာ ဒီအန္တရာယ်ကို လိုတိုရှင်း လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
    Video Source – TED Ed
    (M-Media မှ ဘာသာပြန်ဆို စာတမ်းထိုး တင်ဆက်ပါသည်)

  • ဦးဥတ္တမသာရ (သို့မဟုတ်) စွန့်ပစ်ပလက်စတစ်တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် ဘုန်းတော်ကြီး

    ဦးဥတ္တမသာရ (သို့မဟုတ်) စွန့်ပစ်ပလက်စတစ်တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် ဘုန်းတော်ကြီး

    စက်တင်ဘာ ၁၀၊ ၂၀၂၀
    M-Media

    သံလျင်သဘာ၀တရားရိပ်သာမှ ဘုန်းတော်ကြီး ဦးဥတ္တမသာရ

    -ကိုဗစ် ကပ်ရောဂါ ကာလအတွင်း ရန်ကုန်နေပြည်သူတွေရဲ့ ပလက်စတစ်စွန့်ပစ်မှု မြင့်တက်လာတာကို သတိပြုမိတဲ့ ထင်ရှားတဲ့ ဘုန်းတော်ကြီးတစ်ပါးဟာ တစ်ခုခုလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    သန်လျင်မြို့က ‘သဘာ၀ တရားရိပ်သာ’ ကို ဦးစီးနေတဲ့ ဆရာတော် ဦးဥတ္တမသာရဟာ ရိပ်သာက ထောင်နဲ့ချီတဲ့သူတွေကို ကျွေးမွေးရာမှာ အသုံးပြုတဲ့ ပန်းကန်ခွက်ယောက်တွေနေရာမှာ အစားထိုးအသုံးပြုဖို့ စွန့်ပစ်ပလက်တစ်ဘူး စုဆောင်းရေး လှုပ်ရှားမှုကို လုပ်ဆောင်နေပြီး အံ့ဩဖွယ် တုန့်ပြန်မှုကိုလည်း ရရှိနေပါတယ်။

    ဒါဇင်နဲ့ချီတဲ့ စေတနာ့၀န်ထမ်းတွေရဲ့ ကူညီမှုနဲ့အတူ ဆရာတော်ရဲ့အဖွဲ့ဟာ တစ်နေ့ကို အသုံးပြုပြီးသား ပလက်စတစ်ဘူး ထောင်ချီ စုဆောင်းလာနိုင်ပါတယ်။ အဲဒီထဲက တစ်ချို့ကို အစားအသောက်ထည့်တဲ့ဘူးတွေအဖြစ် ပြောင်းလဲအသုံးပြုပြီး၊ တစ်ချို့ကိုတော့ တရားရိပ်သာက အဆောက်အဦး ဆောက်လုပ်ရာမှာ ပေါင်းစပ် အသုံး ပြုနေပါတယ်။

    “ကပ်ရောဂါကာလအတွင်း လမ်းတွေမှာ စွန့်ပစ်ပလက်စတစ်တွေ တောင်လိုပုံလာတယ်” လို့ သက်တော် ၅၁ နှစ်အရွယ် ဦးဥတ္တမသာရပြောပါတယ်။

    နေ့စဥ်ဆွမ်းခံကြွစဥ် လမ်းတွေမှာ စွန့်ပစ်ပလက်စတစ်တွေ ပုံနေတာကို တွေမြင်ခဲ့ပြီးတဲ့နောက် ဆရာတော်ဟာ ပြန်လည်သန့်စင် အသုံးပြုရေး လှုပ်ရှားမှုကို လွန်ခဲ့တဲ့ ၃ လက စတင်ခဲ့တာပါ။

    မြန်မာနိုင်ငံမှာ စွန့်ပစ်အမှိုက်တွေ ပြန်လည်သန့်စင် အသုံးပြုတဲ့ အစီအစဥ်ကို အာဏာပိုင်တွေက ပုံမှန်လုပ်ဆောင်တာမျိုး မရှိပါဘူး။ ရန်ကုန်မှာ နေ့စဥ် စွန့်ပစ်အမှိုက်ဟာ တန်ချိန် ၂၅၀၀ ၀န်းကျင် ရှိပြီး များသောအားဖြင့် လမ်းတွေ၊ ချောင်းတွေမှာ စွန့်ပစ်တာ၊ မီးရှို့ဖျက်ဆီးကြတာမျိုးပါ။

    “ဘုန်းကြီးတို့တရားရိပ်သာက စွန့်ပစ်ပလက်စတစ်ဘူးတွေ တောင်းတဲ့အခါကြတော့ လူတွေက သန့်သန့်ရှင်းရှင်းလုပ်ပြီး ပေးကြတယ်။ ဒီဘူးတွေကို ဘုန်းကြီးတို့က အစားအသောက်ထည့်တဲ့ ခွက်တွေအဖြစ် ပြန်အသုံးပြုပါတယ်။ ဒါဟာ ပိုက်ဆံချွေတာနိုင်ရုံသာမက၊ စွန့်ပစ်ပလက်စတစ်ပြဿနာကို ဖြေရှင်းပြီးသားလည်း ဖြစ်သွားပါတယ်”

    ဆရာတော်တို့အဖွဲ့ဟာ အခုအချိန်အထိ စွန့်ပစ်ပလက်စတစ်ဘူး ၂ သိန်း၊ တန်ချိန် ၂ တန်လောက်ကို ပြန်လည်သန့်စင် အသုံးပြုထားပြီး ဒါဟာ ကန်ဒေါ်လာ ၁ သောင်းလောက်ကို ချွေတာနိုင်ခဲ့တာ ဖြစ်ပါတယ်။

    ၉ ဧကကျယ်တဲ့ ဆရာတော်ရဲ့ တရားရိပ်သာမှာ စွန့်ပစ်ပလက်စတစ် ပြန်လည်သန့်စင် အသုံးပြုရေး အလုပ်ရုံဆွေးနွေးပွဲတွေကိုလည်း ပြုလုပ်ပေးနေပါတယ်။

    စေတနာ့၀န်ထမ်းတွေဟာ ပလက်စတစ်ဘူးတွေကို နေရောင်ကာပစ္စည်းအဖြစ် ဖန်တီးအသုံးပြုကြသလို၊ နားနေစရာ နေရာတွေ တည်ဆောက်ရာမှာလည်း ကားတာယာတွေ၊ ဘိလပ်မြေတွေနဲ့ပေါင်းစပ်အသုံးပြုနေပါတယ်။

    Ref: The Star

  • စစ်ကိုင်းတိုင်းမှ ထမံသီဘေးမဲ့တော အာဆီယံ အမွေအနှစ်အဖြစ် သတ်မှတ်ခံရ

    စစ်ကိုင်းတိုင်းမှ ထမံသီဘေးမဲ့တော အာဆီယံ အမွေအနှစ်အဖြစ် သတ်မှတ်ခံရ

    အောက်တိုဘာ ၁၄၊ ၂၀၁၉
    M-Media

    -စစ်ကိုင်းတိုင်းဒေသကြီးမှာ တည်ရှိတဲ့ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟာ အာဆီယံအမွေအနှစ်ဥယျာဉ် ASEAN Heritage Park (AHP) စာရင်းသွင်းခံခဲ့ရပြီး ဒီအတွက် ဂုဏ်ယူမိတယ်လို့ မြန်မာအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

    ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ချင်းတွင်းမြစ်အရှေ့ဖက် ကမ်းနဖူးမှာ ၁၉၇၄ ခုနှစ်က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ရှားပါးတောရိုင်းတိရစ္ဆာန်တွေ၊ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ တိရစ္ဆာန်တွေ ရှိနေကာ စုစုပေါင်း ၂၁၅၁ စကွဲယားကီလိုမီတာ ကျယ်ဝန်းပါတယ်။

    ပြီးခဲ့တဲ့တစ်တစ်ပတ် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ၁၅ ကြိမ်မြောက် အာဆီယံ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေးမှာ ထမံသီဘေးမဲ့တောကို အာဆီယံအမွေအနှစ်ပန်းခြံအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ တနင်္သာရီ ဘေးမဲ့တောနဲ့ ထမံသီ ဘေးမဲ့တောတို့ကို AHP စာရင်းဝင်ဖို့ မြန်မာနိုင်ငံက တင်သွင်းခဲ့တာပါ။

    ထမံသီဘေးမဲ့တော AHP စာရင်းသွင်းခံရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ နိုင်ငံပိုင်သတင်းစာက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ဘေးမဲ့တော စုစုပေါင်း ၈ ခုရှိပြီး အင်းတော်ကြီး ဘေးမဲ့တော၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းလေးကန်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ မိန်းမလှကျွန်းဘေးမဲ့တော၊ နတ်မတောင် အမျိုးသားဥယျာဉ်၊ လမ်ပီကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်နဲ့ ထမံသီဘေးမဲ့တောတို့ ဖြစ်ကြပါတယ်။

    Ref: Xinhua

  • တောဆင်ရိုင်းအန္တရာယ်နှင့် သစ်ပင်ပေါ်မှ အိမ်များ သို့မဟုတ် မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှု ပြယုဂ်

    တောဆင်ရိုင်းအန္တရာယ်နှင့် သစ်ပင်ပေါ်မှ အိမ်များ သို့မဟုတ် မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှု ပြယုဂ်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media

    tk
    ရန်ကုန်မြို့ဆင်ခြေဖုံး တိုက်ကြီးရှိ ရွာတစ်ရွာတွင် တောဆင်ရိုင်းအန္တရာယ်ကြောင့် သစ်ပင်ပေါ်တွင် အိမ်ဆောက်ထားပုံ

    – လယ်ယာမြေများ ချဲ့ထွင်လာခြင်းကြောင့် နယ်မြေကျဉ်းလာခဲ့သည့် ဆင်ရိုင်းများမှာ မြန်မာနိုင်ငံရှိ ပြည်သူများကို ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာစေပြီး၊ စပါးခင်းများသို့ ၎င်းတို့ အစာလာရှာသည့်အခါ ရွာသားများမှာ သစ်ပင်ပေါ်တွင်ဆောက်လုပ်ထားသည့် အိမ်များတွင် သွားရောက်ခိုလှုံရသည်အထိ ဖြစ်နေသည်။

    ရန်ကုန်မြို့ဆင်ခြေဖုံး တိုက်ကြီးမြို့အနီးတစ်ဝိုက်ရှိ အဆိုပါဆင်ရိုင်းများက ကောက်ပဲသီနှံများကို နင်းချေပစ်သည်။ အိမ်များကို ဖျက်ဆီးပြီး ၎င်းတို့၏လမ်းကြောင်းတွင်ရှိသည့် လူများကိုပင် သတ်ဖြတ်ကြသည်ဟု ရွာသားများက ဆိုသည်။ ထို့ကြောင့် ကြက်ချောင်းရွာရှိ ရွာသားမျာမှာ မြေပြင်မှမြင့်မားသောနေရာတွင် သစ်ဝါးများအသုံးပြု၍ ခိုလှုံရာ နေရာများကို ဖန်တီးကြရလေသည်။

    “ကျွန်တော်တို့ရဲ့တဲကို သစ်ပစ်ပေါ် ပြောင်းလိုက်ရတယ်။ ဒါဆိုရင် ကျွန်တော်တို့ ဘေးကင်းပြီပေါ့” ဟု ရွာသာတစ်ဦးဖြစ်သူ ဆန်းလွင်က ရှင်းပြခဲ့သည်။ ဆင်ရိုင်းများနီးလာသည့်အခါ သစ်ပင်ပေါ်ရှိ ၎င်း၏ ဓနိမိုးအိမ်သို့ တစ်ဟုန်ထိုးပြေးတက်ရသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

    ရန်ကုန်မြို့မြောက်ဖက် ကီလိုမီတာ ၁၀၀ အကွာအဝေးတွင်ရှိသည့် ကြက်ချောင်းရွာမှာ လယ်ယာလုပ်သားများနေထိုင်သည့် ရွာဖြစ်သည်။ ရွာသားများကတော့ ဆင်ရိုင်းများ၏ ဒုက္ခမခံရမီ လွန်ခဲ့သည့် ၃ နှစ်ကအချိန်ကို ပြန်တမ်းတနေကြသည်။

    ယခုတွင်တော့ ဆင်များ၏ ပြင်းထန်သော ခြေသံများကို ကြားပြီဆိုသည်နှင့် ၀ါးလှေကားများကိုသုံး၍ သစ်ပင်ရှိ ၎င်းတို့၏ တဲများသို့ ပြေးတက်ကြရသည့် အခြေအနေသို့ ရောက်ရှိလေသည်။ ထိုအဖြစ်ပျက်မျိုးက တစ်ပတ်လျှင် ၃၊ ၄ ကြိမ်ခန့် ပုံမှဖြစ်နေသည်။

    “သူတို့ကို ဖမ်းသွားစေချင်တယ်ဗျာ။ ဒါမှ ကျွန်တော်တို့လည်း အေးအေးဆေးနေလို့ရမှာ” ဟု အသက် ၅၇ နှစ်အရွယ်လယ်သမားဖြစ်သူ သန်းရှင်က ပြောကြားခဲ့သည်။

    tk 2

    စံမြန်းရာ သစ်တောဘုံနန်းများ သိသိသာသာဆုံးရှုံးလာသည့် ဆင်များ၊ ဆင်များ၏ အကြမ်းဖက်မှုကို ခံရသည့် ရွာသားများ စသည်တို့မှာ ဒေသအတွင်း အဆိုးရွားဆုံးဖြစ်နေသော မြန်မာနိုင်ငံ၏ စိုးရိမ်ဖွယ်ရာ သစ်တောပြုန်းတီးမှု၏ ထိခိုက်မှုများမှ အချို့သာ ဖြစ်လေသည်။

    ၁၉၉၀ မှ ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ဖုံးလွှမ်းနေသော သစ်တောများ၏ ၂၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးခဲ့သည်ဟု ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့၏ အဆိုအရ သိရသည်။

    အဆိုပါ သစ်တောပြုန်းတီးမှုဖြစ်စေသော အကြောင်းအရင်းများမှာ စစ်အာဏာရှင်လက်ထက် ဆယ်စုနှစ်များစွာကြာ မျက်စိပိတ်၊ နားပိတ်ကာလအတွင်း သစ်ခုတ်ခြင်း၊ စီးပွားဖြစ် လယ်ယာလုပ်ငန်းအတွက် လယ်ယာမြေ ပမာဏအများအပြား ချဲ့ထွင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။

    မြန်မာနိုင်ငံရှိ အာရှဆင်ရိုင်းအုပ်များက ဒေသအတွင်း အရေအတွက်အများဆုံးဖြစ်သည်ဟု သတ်မှတ်ထားရကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့၏ စာရင်းအရ သိရသည်။

    သို့သော်လည်း ၎င်းတို့၏ နေထိုင်ကျက်စားရာ သစ်တောများ ဆုံးရှုံးလာမှု၊ ဆင်စွယ်လိုချင်မှု မြင့်တက်လာခြင်းနှင့်၊ ခရီးသွားလုပ်ငန်းအတွက် တိရစ္ဆာန်များကို ထိုင်းနိုင်ငံသို့ မှောင်ခိုတင်ပို့မှုတို့က ထိုဆင်များ မျိုးတုန်းပျောက်ကွယ်မှု အန္တရာယ်ကို မြင့်တက်လာစေခဲ့သည်။

    နိုဝင်ဘာ ရွေးကောက်ပွဲတွင် အများစုအနိုင်ရကာ အစိုးသစ်ကို ဦးဆောင်ရန် ပြင်ဆင်နေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကတော့ အာဏာရယူပြီးနောက် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာကို ဖြေရှင်းသွား မည်ဟု ပြောကြားခဲ့သည်။

    “ဆယ်စုနှစ်များစွာ ပျက်ဆီးခဲ့တဲ့ မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင်ကို ကျွန်တော်တို့ ပြန်လည်ထိန်းသိမ်းသွားမှာပါ။ လွယ်တော့မလွယ်ဘူးပေါ့ဗျာ” ဟု NLD ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ကော်မတီမှ ဒုတိယဥက္ကဌဖြစ်သူ ဦးစိုးညွှန့်က ပြောကြားခဲ့သည်။

    Ref : AFP