News @ M-Media

Tag: EU_Myanmar

  • အီးယူ၏ အဓိကရုဏ်းနှိမ်နင်းရေး သင်တန်း ဦးသိန်းစိန် အစိုးရနှင့် အတူ တခန်းရပ်သွားပြီဖြစ်၊ သင်တန်းတက်ရောက်ခဲ့သည့် ရဲများမှာလည်း စစ်တပ်ကိုသာ ကြောက်နေရကြောင်း အရပ်ဘက်အဖွဲ့များ ပြောကြား

    အီးယူ၏ အဓိကရုဏ်းနှိမ်နင်းရေး သင်တန်း ဦးသိန်းစိန် အစိုးရနှင့် အတူ တခန်းရပ်သွားပြီဖြစ်၊ သင်တန်းတက်ရောက်ခဲ့သည့် ရဲများမှာလည်း စစ်တပ်ကိုသာ ကြောက်နေရကြောင်း အရပ်ဘက်အဖွဲ့များ ပြောကြား

    ဧပြီ ၄ ၊ ၂၀၁၆
    M-Media
    12932559_1060167214025748_597419268059927062_n
    အီးယူ၏ မြန်မာရဲတပ်ဖွဲ့အား သင်တန်းပို့ချပေးနေမှု အစီအစဉ်မှာ လွန်ခဲ့သည့် မတ်လက ဦးသိန်းစိန်အစိုးရနှင့်အတူ အဆုံးသတ်သွားပြီဖြစ်သည်။ အီးယူအစီအစဉ်ကို ပိတ်သိမ်းဖို့ စပွန်ဆာအလှူရှင်များက ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

    အီးယူအဓိကရုဏ်းနှိမ်နင်းရေးသင်တန်းသို့ တက်ရောက်ခဲ့သည့် အရပ်ဘက်အဖွဲ့များ၏ အဆိုအရမူ ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် စပွန်ဆာအလှူရှင်များအကြား အပြန်အလှန်နားလည်မှု စာချွန်လွှာလက်မှတ်မထိုးနိုင်ခဲ့ခြင်းကြောင့် ယင်းသင်တန်းကို ယခုကဲ့သို့ ပိတ်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။

    နိုဝင်ဘာ ၂၀၁၃ ကတည်းက စတင်ခဲ့သည့် အီးယူသင်တန်းမှာ ငွေပေါင်း အမေရိကန်ဒေါ်လာ ၁၀.၂ မီလီယံကုန်ကျခဲ့ပြီးဖြစ်သည်။ သို့သော် မြန်မာရဲများ၏ အဓိကရုဏ်းနှိမ်နင်းပုံများမှာ အငြင်းပွားဖွယ်ဖြစ်နေပြီး တခါတရံ အင်အားသုံးဖြိုခွင်းခြင်းများရှိနေသေးသဖြင့် အီးယူသင်တန်းမှာ ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့ရသည်။ အီးယူကမူ သင်တန်းဆက်လက်ပို့ချဖို့ လိုအပ်နေသေးကြောင်း၊ လက်ပံတန်းကျောင်းသားအရေးအခင်းတွင် မြန်မာရဲများ၏ အင်အားသုံးဖြိုခွင်းခြင်းက သင်တန်းပို့ချဖို့ ဆက်လက်လိုအပ်နေခြင်းအား ပြသနေကြောင်း ဆိုသည်။

    အီးယူသင်တန်းမအောင်မမြင်ဖြစ်ခြင်းကြောင့် အီးယူသာမက သင်တန်းကို စပွန်ဆာပြုလုပ်ပေးခဲ့သည့် ယူကေနိုင်ငံတို့အတွက်ပါ မျက်နှာပျက်စရာဖြစ်ခဲ့သည်။ ထိုသင်တန်းကို ယခင်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် တရားဥပဒေစိုးမိုးရေးကော်မတီကလည်း အထူးတလည် ထောက်ခံအားပေးခဲ့သည်။ သို့သော် အစိုးရသစ်လက်ထက်တွင်မူ ပြည်ထဲရေးကို ချုပ်ကိုင်ထားသည့် စစ်တပ်နှင့် ဗဟိုအစိုးရတို့အဆက်အဆံကြောင့် အီးယူသင်တန်းရှေ့ဆက်ရေး နားလည်မှု စာချွန်လွှာမှာ အီးယူနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အကြား ဆွေးနွေးညှိုနှိုင်းဖို့ ခက်ခဲလျက်ရှိသည်။

    ဦးသိန်းစိန်အစိုးရလက်ထက် အီးယူသင်တန်းများမှာလည်း နားလည်မှု စာချွန်လွှာမရှိဘဲ ပို့ချပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၁၆ခုနှစ် မတ်လအတွင်း အစိုးရအပြောင်းအလဲ၌ စစ်တပ်က ပြည်ထဲရေးမှ ရဲတပ်သားများကိုသာမက ပါလီမန်အဖွဲ့ဝင်အချို့ကိုပါ သင်တန်းဆက်လက်တက်ရောက်ခွင့် မပြုတော့ကြောင်း သိရသည်။

    ဒီမိုကရေစီအခြေခံသော နိုင်ငံများတွင် ယင်းကဲ့သို့ သင်တန်းပို့ချရာ၌ အီးယူအနေဖြင့် လူထုကို အခြေပြုသော ပါလီမန် သို့မဟုတ် နိုင်ငံတော်၏ လူထုထိန်းချုပ်မှု အောက်၌ရှိသောဦးစီးဌာနမျိုးကိုသာ အကူအညီပေးရန် သတ်မှတ်ပြဌာန်းထားကြောင်း အီးယူက ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ထုတ်ပြန်ကြေညာခဲ့သည်။

    မြန်မာနိုင်ငံတွင်မူ ယခုအစိုးရသစ်လက်ထက်၌ ပါလီမန်ကို အဲန်အဲလ်ဒီက ထိန်းချုပ်ထားပြီး အီးယူသင်တန်းပို့ချပေးမည့် ပြည်ထဲရေးမှ ရဲတပ်သားများကို စစ်တပ်က ထိန်းချုပ်ထားသည်။ ယင်းအတွက်ကြောင့် အီးယူနှင့် စစ်တပ်တို့အကြား နားလည်မှုစာချွန်လွှာမရတော့ဘဲ သင်တန်းမှာလည်း ကြံ့ခိုင်ရေးဗဟိုပြု ဦးသိန်းစိန်အစိုးရနှင့်အတူ တပါတည်း အဆုံးသတ်ခဲ့ရခြင်းဖြစ်သည်။

    ရန်ကုန်တိုင်း ရဲဌာနမှ ရဲချုပ်ပြည့်စုံက လက်ရှိအချိန်တွင် အီးယူသင်တန်းကို ရပ်ထားပြီးဖြစ်ကြောင်း၊ မည်သည့်အချိန်တွင် ပြန်လည်ပို့ချမည်ကိုလည်း မသိရှိကြောင်း မြန်မာတိုင်းမ်စ်သို့ ပြောပြထားသည်။ အဲန်အဲလ်ဒီမှ ဦးဇော်မြင့်မောင်နှင့် အစိုးရဟောင်းလက်ထက် ပြန်ကြားရေးဝန်ကြီး ဦးရဲထွတ်တို့နှစ်ဦးလုံးကလည်း အီးယူသင်တန်းမည်သည့်အချိန်တွင် ပြန်စမည်ကို အတည်ပြုပြောကြားနိုင်ခြင်း မရှိကြောင်း သိရသည်။

    အီးယူသင်တန်းများသို့ တက်ရောက်ဖူးသည့် မေတ္တာလှုပ်ရှားမှုမှ ဒေါ်အမာနီက သင်တန်းတွင် ပြည်ထဲရေးမှ ရဲအရာရှိကိုယ်စားလှယ် တစ်ဦးမျှ မတွေ့ခဲ့ဖူးသည့်အတွက်စိတ်ပျက်မိကြောင်း၊ သင်တန်းမှာ လူထုနှင့် ရဲဝန်ထမ်းများအတွက်ဆိုသော်လည်း သင်တန်းတွင် လူထုချည့်သာဖြစ်နေကြောင်း မြန်မာတိုင်းမ်စ်သို့ ပြောပြထားသည်။

    အီးယူသင်တန်းတက်ဖူးသည့် လူမှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်အချို့၏အဆိုရ သင်တန်းတွင် ပါဝင်သည့် ရဲအရာရှိများမှာ စစ်တပ်ထိန်းချုပ်မှုအောက်တွင်ရှိနေသဖြင့် စစ်တပ်ကိုသာကြောက်နေကြရကြောင်း မြန်မာတိုင်းမ်စ်သို့ ပြောပြထားသည်။

    Ref: mmtimes

  • မြန်မာ့ ပြုပြင်ပြောင်းလဲရေး အတွက် ဥရောပသမဂ္ဂမှ ၇ နှစ်အတွင်း ယူရို သန်း ၇၀၀ နီးပါး ထောက်ပံ့မည်

    မြန်မာ့ ပြုပြင်ပြောင်းလဲရေး အတွက် ဥရောပသမဂ္ဂမှ ၇ နှစ်အတွင်း ယူရို သန်း ၇၀၀ နီးပါး ထောက်ပံ့မည်

    ဒီဇင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    389322_EU-Myanmar
    – နိုင်ငံတကာတွင် ၀င်ဆံ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်အတွက် မြန်မာနိုင်ငံ၏ အကူးအပြောင်းကာလတွင် လွယ်ကူချောမွေ့စေရေး ယူရို ၆၈၈ သန်းကို ကူညီထောက်ပံ့သွားမည်ဟု ဥရောပသမဂ္ဂက ကတိပြုပြောကြားလိုက်သည်။

    ဒီဇင်ဘာ ၈ ရက်နေ့က ပြောကြားလိုက်ခြင်းဖြစ်ပြီး အဆိုပါ ထောက်ပံ့ငွေ ယူရို ၆၈၈ သန်း (ကန်ဒေါ်လာ သန်း ၉၀၀) ကို ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အပိုင်းလိုက် ပေးအပ် သွားမည်ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ အမျိုးမျိုးသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအား ပံ့ပိုးမှု တောင့်တင်းစေရန် ဆောင်ရွက်မည်ဟု ယူဆရကြောင်း ဥရောပသမဂ္ဂက ဆိုသည်။

    `လာမယ့် ၇ နှစ်အတွင်းမှာ ပေးအပ်မယ့် ဒီထောက်ပံ့မှုနဲ့အတူ ဥရောပ သမဂ္ဂဟာ မြန်မာနိုင်ငံက ပြည်သူတွေ အားလုံးရဲ့ အကျိုးအတွက် ကူညီမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ´ ဟု ဥရောပ သမဂ္ဂမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    လွန်ခဲ့သည့် ၃ နှစ်မှ စတင်ကာ ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ကူညီထောက်ပံ့မှုများကို ပေးအပ်လျက် ရှိနေသည်။

    သို့သော်လည်း နိုင်ငံ အတွင်း လူမျိုးရေး၊ ဘာသာရေးကို အခြေခံသော အကြမ်းဖက် တိုက်ခိုက်မှုများ၊ လူနည်းစုများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ၊ တိုင်းရင်းသားများနှင့် အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး သဘောတူညီချက် မရရှိမှုများကြောင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အဖွဲ့များမှ ဝေဖန်ပြောကြား မှုများ လည်း ရှိနေသည်။

    HN/HSN/SS

  • EU-Myanmar Task Force ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်

    နိုဝင်ဘာ ၁၄-၂၀၁၃
    M-Media
    သီရိ

    DSC00476 copy

    ရန်ကုန်။ ။ EU-Myanmar Task Force ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၁၄ ရက်နေ့(ယနေ့)တွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI ၌ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

    ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲတွင် European Commission ဒုတိယ ဥက္ကဌ Catherine Ashton, European Union ဒုတိယ ဥက္ကဌ Antonio Tajani (Industry and Entrepreneurship) , European Commissioners များဖြစ်ကြသည့်
    Andris Piebalgs ( Development and Cooperation) နှင့် Dacian Ciolos (Agriculture and Rural Development) တို့နှင့် ဥရောပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင် (၁၀၀) ဦးခန့်နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များပါဝင်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ဆွေးနွေးခဲ့ပြီး စုစုပေါင်း လူ ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

    မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် ဥရောပ-မြန်မာ လုပ်ငန်းအဖွဲ့အစည်းအဝေးအား ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ရန်ကုန်၌လည်းကောင်း ၁၅ ရက်နေ့တွင် နေပြည်တော်၌လည်းကောင်း ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။

    အဆိုပါ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပက်သက်၍ ဥရောပနိုင်ငံများမှ အကူအညီများ ပေးနိုင်ရန် ၊ စီးပွားရေးကဏ္ဍ၌ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။