News @ M-Media

Tag: Famous Bangali

  • အဇီဇွလ် ဟက် (သို့မဟုတ်) လက်ဗွေစနစ်၏ဖခင် ဘင်္ဂါလီတစ်ဦး

    အဇီဇွလ် ဟက် (သို့မဟုတ်) လက်ဗွေစနစ်၏ဖခင် ဘင်္ဂါလီတစ်ဦး

    မေ ၁၃၊ ၂၀၁၇
    M-Media

    ခန်း ဘဟာဒူးရ် ကွာဇီ အဇီဇွလ် ဟက်

    – ‘လက်ဗွေရာစနစ်’ ဆိုတာ တစ်ကိုယ်ရေသုံး ဖုန်းတွေကနေတစ်ဆင့်၊ အသင်းအဖွဲ့တွေ၊ အစိုးရဌာနတွေ၊ ဘဏ်တွေ၊ လုံခြုံရေးဌာနတွေအထိ ဒီနေ့ခေတ် လုံခြုံရေးကဏ္ဍမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့အတွက်တော့ ဒီနစ်ဟာ ရာဇ၀တ်မှု နှိမ်နှင်းရေး၊ ဖော်ထုတ်ဖမ်းဆီးရေးမှာ မရှိမဖြစ် အရေးပါတဲ့ စနစ်တစ်ခုပါ။

    ဒီနစ်ကို ဗြိတိသျှအုပ်စိုးတဲ့ အိန္ဒိယ၊ ဘန်ဂေါလ်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် ဆာ အဒ်ဝပ် ရစ်ချက် ဟင်နရီက ၁၈ ရာစုနှောင်းပိုင်းလောက်မှာ စတင် ဖော်ထုတ်အသုံးပြုခဲ့ပြီး သူ့ရဲ့အမည်ကို အစွဲပြုကာ Henry Classification System လို့ ခေါ်တွင်ပါတယ်။

    ဒါပေမယ့် ဒီ လက်ဗွေရာစနစ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းပေးခဲ့တာက အာရှသားနှစ်ဦးဖြစ်တဲ့ ဘင်္ဂါလီလူမျိုး ခန်း ဘဟာဒူးရ် ကွာဇီ အဇီဇွလ် ဟက်နဲ့ ဟမ် ချန်ဒရာ ဘူးဇ်တို့ ဖြစ်ပါတယ်။ ဒီထဲမှာ ခန်း ဘဟာဒူးရ် ကွာဇီ အဇီဇွလ် ဟက်ရဲ့ ဘ၀ဖြတ်သန်းမှုဟာ စိတ်ဝင်စားဖို့ကောင်းပြီး ယနေ့ခေတ် လူငယ်လူရွယ်တွေအတွက် အတုယူစရာ ဖြစ်ပါတယ်။

    အဇီဇွလ် ဟက်ကို အခု ဘင်္ဂလားဒေ့ရှ်လို့ခေါ်ဆိုပြီး ဗြိတိသျှ အုပ်ချုပ်တုန်းက ဘန်ဂေါလ်ပြည်နယ်လို့ ခေါ်ဆိုတဲ့ဒေသ ခူလ်နာ ခရိုင်၊ ဖူလ်တာလာမြို့က ပိုက်ဂမ် ကက်စ်ဘာဆိုတဲ့ ရွာလေးမှာ ၁၈၇၂ ခုနှစ်က မွေးဖွားခဲ့ပါတယ်။

    မိဘနှစ်ပါးကတော့ ဟက် ငယ်ရွယ်စဉ်အချိန်မှာပဲ လှေမတော်တဆဖြစ်မှုတစ်ခုမှာ အသက်ဆုံးရှုံးသွားခဲ့ရကာ မိသားစုအတွင်းမှာ စားဝတ်နေရေး အကြပ်အတည်း ဖြစ်လာတာကြောင့် ဟက်ရဲ့ အစ်ကိုက အလုပ်ထွက်လုပ်ကာ မိသားစုကို ထိန်းကြောင်းခဲ့ရပါတယ်။

    ဟက်ဟာ အစာအသောက်ကို ခုံမင်သူဖြစ်ပြီး အသက် ၁၂ နှစ်အရွယ် တစ်နေ့ အစ်ကိုဖြစ်သူအတွက် ဖယ်ထားတဲ့ ထမင်းတစ်ဝက်ကို စားမှုကြောင့် ကြိမ်းမောင်း ငေါက်ငမ်းခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အရှက်ကြီးရှက်ပြီး ကြေကွဲဝမ်းနည်းသွားတဲ့ ဟက်ဟာ အိမ်က တိတ်တဆိတ်ခိုးထွက်ကာ ရထားနဲ့ အဲဒီအချိန်က အိန္ဒိယမြို့တော် ကလ်ကတားကို ရောက်ရှိခဲ့ပါတယ်။

    ဒါဟာ သူ့ဘ၀ရဲ့ အစလည်းဖြစ်ပါတယ်။

    အသက် ၁၂ နှစ်အရွယ်ကောင်လေးတစ်ယောက် ကြက်ပျံမကျစည်ကားတဲ့ မြို့တော်ကြီးကို ယောင်လည်လည်နဲ့ ရောက်လာခဲ့ပေမယ့် ဟက်ဟာ ခြေသလုံးအိမ်တိုင် အပေအတေတစ်ယောက်ဘ၀ မရောက်ခဲ့ပါဘူး။ ဒါဟာ သူ့ရဲ့ ကံကြမ္မာကြောင့်လို့လည်း ပြောလို့ရပါတယ်။

    ချမ်းသာပြီး နာမည်ကြီးတဲ့ ဘင်္ဂါလီဘာဘူတစ်ယောက်က သူ့ရဲ့အိမ်ရှေ့မှာ အိပ်ပျော်နေတဲ့ ဟက်ကို တွေ့တဲ့အခါ သနားသွားပြီး အိမ်မှာ တောက်တိုမယ်ရခိုင်းဖို့ ခေါ်ထားခဲ့ပါတယ်။ အဲဒီ ဘင်္ဂါလီဘာဘူဟာ ဟိန္ဒူဘာသာဝင်ပါ။ ဟိန္ဒူဘာသာဝင်တွေဟာ အရမ်း ကွန်ဆာဗေးတစ်ဆန်ပြီး၊ ဇာတ်အဆင့်အတန်းခွဲမှု ကြီးမားတာကြောင့် ဟိန္ဒူအိမ်တစ်အိမ်မှာ မွတ်စလင်ကောင်လေးတစ်ယောက်ကို ခေါ်ထားဖို့ဆိုတာ အဲဒီအချိန်တုန်းက ရှားပါးတဲ့ ဇာတ်လမ်းမျိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဟက်ကတော့ ကံကောင်းခဲ့ပြီး စိတ်နှလုံးသားပြည့်ဝတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

    ဒီ သူဌေးကြီးအိမ်မှာ နေထိုင်ရင်း အိမ်က ကလေးတွေကို ဆရာတစ်ယောက်က စာလာသင်ပေးတဲ့ အချိန်တွေမှာဆိုရင် ဟက်ဟာ ဘေးနားမှာ သွားထိုင်ကာ သင်ခန်းစာတွေကို စိတ်ဝင်တစား နားထောင်လေ့ရှိပါတယ်။

    ဆာ အဒ်ဝပ် ရစ်ချက် ဟင်နရီ

    ကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး ပါရမီပါတာကြောင့် အခြားကျောင်းသားတွေ မတွက်နိုင်တဲ့ သင်္ချာပုစ္ဆာတွေကို ဟက်က တွက်ချက်ပြနိုင်ခဲ့ပါတယ်။ ကျူရှင်ဆရာက ဟက်ကို အမျိုးမျိုး စမ်းသပ်ပြီးတဲ့နောက်ပိုင်းမှာ သူ့ရဲ့ စွမ်းရည်ကို အသိမှတ်ပြုခဲ့ပြီး သူဌေးကြီးကို အသိပေးလိုက်ပါတော့တယ်။

    သူဌေးကြီးကလည်း ခြေအနေကို စောင့်ကြည့်ခဲ့ပြီး ပါရမီရှိတဲ့ လူငယ်လေးတစ်ယောက်အဖြစ် ယုံကြည်သွားတဲ့နောက်မှာ ဟက်ကို ကျောင်းထားပေးခဲ့ပါတယ်။

    ထူးချွန်သူ

    ဟက်ဟာ ကျောင်းကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပြီး ကလ်ကတားက ဘုရင်ခံကောလိပ်မှာ တက်ရောက်သင်ယူခွင့် ရခဲ့ကာ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာ ထူးချွန်ခဲ့ပါတယ်။

    ၁၈၉၂ ခုနှစ်မှာ ဘန်ဂေါလ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေးမှူးချုပ် ဆာ အဒ်ဝပ် ရစ်ချက် ဟင်နရီက ကောလိပ်ကျောင်းအုပ်ထံကို စာတစ်စောင်ရေးပြီး သူ့လက်အောက်မှာ အလုပ်ခန့်ဖို့အတွက် သင်္ချာကျွမ်းတဲ့သူတွေကို ရွေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဟက်ရဲ့ အရည်အချင်းကိုသိနေတဲ့ ကျောင်းအုပ်ကြီးက ချက်ခြင်းဆိုသလိုပဲ ဟက်ကို ရွေပေးပါတယ်။ ဒါ့ကြောင့် ဟက်ဟာ အခြား ဘင်္ဂါလီလူငယ် ဟမ်ချန်ဒရာ ဘူးဇ်နဲ့အတူ ဆာ ဟင်နရီရဲ့လက်အောက်မှာ အမှုထမ်းခဲ့ပါတယ်။

    သူတို့ဟာ ဟင်နရီရဲ့ လက်ဗွေရာစနစ် Henry Classification System ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းပေးခဲ့ရပြီး ဟက်က စနစ်အတွက် သင်္ချာပိုင်းကို တာဝန်ယူကာ၊ ဘူးဇ်က တယ်လီဂရမ် ကုဒ်စနစ် ပေါ်ထွက်လာရေး တာဝန်ယူခဲ့ရပါတယ်။

    ဟင်နရီ-ဟက်-ဘူးဇ်တို့ရဲ့ ဒီ သုတေသနဟာ ရာဇ၀တ်မှုဗေဒကို တောင်လှန်ပြောင်းလဲပေးလိုက်ပြီး ကမ္ဘာတစ်ဝှမ်း အသုံးပြုကြတဲ့ Henry Classification System လို့ခေါ်တဲ့ လက်ဗွေရာစနစ်တစ်ခုကို ပေါ်ပေါက်လာစေခဲ့ပါတယ်။

    တကယ်တော့ ဒီစနစ်ဟာ လက်ရှိအသုံးပြုနေတဲ့ ဘိုင်အိုမက်ထရစ် စနစ်တွေနဲ့ AFIS နည်းပညာ ပေါ်ပေါက်လာရေးမှာ တော်တော်လေး လွှမ်းမိုးမှု ရှိခဲ့ပါတယ်။

    ကော်ပြားတွေပေါ်မှာ ရယူထားတဲ့ လက်ဗွေရာတွေကို တစ်ခုချင်း တိုက်စစ်ရတာကြောင့် အချိန်ကြာမြင့်မှုကို လျှော့ချဖို့ ပေါ်ပေါက်လာတဲ့ AFIS စနစ်ဟာ ဟင်နရီရဲ့ လုပ်ငန်းစဉ်တွေကို အခြေခံထားတာဖြစ်ကာ နောက်ပိုင်းမှာတော့ AFIS ကြောင့် လက်ဗွေရာ တိုက်စစ်တဲ့အလုပ်ဟာ နာရီပိုင်းသာ ကြာမြင့်ပါတယ်။

    ၁၈၉၆ ခှုစ်မှာ ဆာ ဟင်နရီဟာ အကျဉ်းကျနေတဲ့သူတွေရဲ့ ခန္ဓာကိုယ်ပုံစံအပြင် လက်ဗွေရာမှတ်တမ်းကို ယူထားဖို့ ဘန်ဂေါလ်ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့ပါတယ်။ ၁၈၉၆ ခုနှစ်နဲ့ ၁၉၂၅ ခုနှစ်တွေကြားထဲမှာ ဟင်နရီဟာ ဒီလက်ဗွေရာစနစ် အကောင်အထည်ပေါ်လာဖို့အတွက် ကြိုးပမ်းခဲ့ပြီး ဟက်က လက်ဗွေရာအ
    မျိုးစားခွဲနိုင်ဖို့အတွက် သင်္ချာဖော်မြူလာတွေ ထုတ်ပေးခဲ့ရပါတယ်။ ဘူးစ်ကတော့ အထက်မှာပြောခဲ့သလို တယ်လီဂရက်ဖ်စနစ်ကို ဖန်တီးပေးခဲ့ရပါတယ်။

    နောက်ပိုင်းမှာ ဗြိတိသျှအစိုးရက သူတို့ ၃ ဦးစလုံးကို ဂုဏ်ပြုခဲ့ပါတယ်။

    ဘ၀နိဂုံးပိုင်း

    ဟက်၏ သားများနှင့် မြေးများ

    ဟက်ဟာ နောက်ပိုင်းမှာ အစ်ကိုရှိရာ ဇာတိရွာကို ပြန်သွားခဲ့ပြီး အစ်ကိုကလည်း ညီဖြစ်သူရဲ့ အောင်မြင်မှုတွေကို ကြည့်ကာ အံ့သြ၀မ်းသာ ဖြစ်ခဲ့ပါတယ်။

    နာမည်ကျော် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပြီးနောက် ၁၉၁၂ ခုနှစ် ဘန်ဂေါလ်အုပ်ချုပ်မှုအောက်ကနေ ဘီဟာရ်ပြည်နယ် ခွဲထွက်သွားတဲ့အခါမှာ ဟက်ဟာ ဘီဟာရ်ရဲတပ်ဖွဲ့မှာ ပြောင်းပြီး တာဝန်ထမ်းခဲ့ကာ ဘီဟာရ်မှာပဲ အခြေချခဲ့ပြီး ၁၉၃၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

    သူကွယ်လွန်ချိန်မှာ ဇနီးနဲ့အတူ သားသမီး ၈ ဦး ကျန်ရစ်ခဲ့ပြီး ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရတဲ့အခါ ဟက်ရဲ့ ကျန်ရစ်သူမိသားစုဟာ ပါကစ္စတန်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဟက်ရဲ့မျိုး ဆက်တွေဟာ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ယူကေ၊ သြစတေးလျ၊ အမေရိကန်နဲ့ ကနေဒါတွေမှာ နေထိုင်နေကြပါတယ်။

    ဘွဲ့ထူးဂုဏ်ထူးများ

    Henry Classification System လက်ဗွေရာစနစ် ပေါ်ထွက်လာမှုမှာ အဇီဇွလ် ဟက်က အများဆုံး ကူညီပံ့ပိုးပေးခဲ့တယ်လို့ အိန္ဒိယနဲ့ ကမ္ဘာတစ်ဝှမ်းက သမိုင်းပညာရှင်တွေ သုတေသန ပညာရှင်တွေက တစ်ညီတစ်ညွတ်တည်း လက်ခံထားကြပါတယ်။

    ဒီလို စွမ်းစွမ်းတမံဆောင်ရွက်နိုင်မှုကြောင့်ပဲ ဟက်ကို ၁၉၁၃ ခုနှစ်မှာ Khan Sahib ဘွဲ့၊ ၁၉၂၄ ခုနှစ်မှာ Khan Bahadur ဘွဲ့တွေကို ဗြိတိသျှအစိုးရက ချီးမြှင့်ခဲ့ပြီး ဘီဟာရ်ပြည်နယ် မိုတီဟာရီဒေသကို အပိုင်စားရတဲ့ Jaigir တစ်ယောက်လည်း ဖြစ်လာပါတယ်။

    သူ့ရဲ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဘူးဇ်ကတာ့ Rai Sahib နဲ့ Rai Bahadur ဘွဲ့တွေကို ရရှိခဲ့ပြီး နှစ်ယောက်စလုံးဟာ တစ်ယောက်ကို ဆုကြေးငွေ ရူပီး ၅၀၀၀ စီ ရရှိခဲ့ပါတယ်။

    ဆရာဖြစ်သူ ဆာ အဒ်ဝပ် ရစ်ချက် ဟင်နရီက ဟက်ရဲ့ ထူးချွန်မှုနဲ့ ပတ်သက်ပြီး “ခန်း ဘဟာဒူးရ် အဇီ ဇွလ် ဟက်ဟာ လက်ဗွေရာအသုံးပြု ဖော်ထုတ်တဲ့ စနစ်သစ်အတွက် အဓိကသက်ဆိုင်သူ ဖြစ်ပါတယ်” လို့ ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

    Ref: The Daily Star

  • ကမ္ဘာကျော် ဘင်္ဂါလီ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်တစ်ဦးကို Google ဂုဏ်ပြု

    ကမ္ဘာကျော် ဘင်္ဂါလီ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်တစ်ဦးကို Google ဂုဏ်ပြု

    ဧပြီ ၃၊ ၂၀၁၇
    M-Media

    – အင်ဂျင်နီယာပညာရပ်ရဲ့ လက်ခွဲဘာသာရပ်တစ်ခုဖြစ်တဲ့ Structural Engineering မှာ တစ်ဖက်ကမ်း ခပ်ကျွမ်းကျင်ပြီး အမေရိကန်က မိုးမျှော်အဆောက်အဦးတွေရဲ့ ရှေ့ဆောင်လမ်းပြဖခင်ကြီး ဖာဇွလ် ရဟ်မန်းခန်းကို Google က ဒီနေ့မှာ ဂုဏ်ပြုလိုက်ပါတယ်။

    အမေရိကန်နိုင်ငံသားတစ်ဦဖြစ်တဲ့ ရဟ်မန်းခန်းရဲ့ ၈၈ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Google က သူ့ရဲ့ Home page မှာ ရဟ်မန်းခန်းရဲ့ ပုံကို ထည့်သွင်းခဲ့တာပါ။

    “Structural Engineering နယ်ပယ်ရဲ့ အိုင်းစတိုင်း” လို့ တင်စားခြင်းခံရတဲ့ ခန်းကို ၁၉၂၉ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာ အခု ဘင်္ဂလားဒေ့ရှ်လို့ခေါ်တဲ့ ဘန်ဂေါလ်ပြည်နယ် ဒါလာမြို့မှာ မွေးဖွားတာဖြစ်ပြီး၊ ၁၉၅၀ ပြည့်နှစ်မှာတော့ ဒါကာတက္ကသိုလ်မှာ ထိပ်ဆုံးအဆင့်နဲ့ အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါတယ်။

    နောက်ပိုင်းမှာ အမေရိကန်ကို သွားရောက်ခဲ့ပြီး မဟာဘွဲ့နှစ်ခုနဲ့ ဒေါက်တာဘွဲ့တစ်ခုကို ရယူခဲ့ပါတယ်။

    ၁၉၆၀ မှာ ချီကာဂိုမှာ ဗိသုကာနဲ့ အင်ဂျင်နီယာလုပ်ငန်း Skidmore, Owings & Merrill (SOM) ကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သူတစ်ယောက် ဖြစ်နေပါပြီ။

    ခန်းဟာ ပြွန်ပုံစံကို အခြေပြုတဲ့ အဆောက်အဦးတည်ဆောက်မှု နည်းပညာကို စတင် ဖော်ထုတ်ခဲ့တာဖြစ်ပြီး သူတီထွင်ခဲ့တဲ့ ဒီဇိုင်းဟာ မိုးမျှော်အဆောက်အဦးတွေကို လေဒဏ်နဲ့ ငလျင်ဒဏ်တွေကနေ ပိုမိုကာကွယ်ပေးနိုင်ခဲ့ပါတယ်။

    အမေရိကန်က မိုးမျှော်အဆောက်အဦး တော်တော်များများဟာ ခန်းရဲ့လက်ရာတွေဖြစ်ပြီး အကျော်ကြားဆုံးကတော့ John Hancock Centre အဆောက်အဦးဖြစ်ပါတယ်။

    ၁၉၆၈ ခုနှစ်မှာ ပြီးစီးခဲ့ပြီး ၃၄၃ မီတာမြင့်တဲ့ ဒီအဆောက်အဦးဟာ အဲဒီအချိန်တုန်းက ကမ္ဘာ့ ဒုတိယအမြင့်ဆုံး အဆောက်အဦး ဖြစ်ခဲ့ပြီး၊ ၁၉၇၄ ခုနှစ်မှာ ခန်းရဲ့ နောက်ထပ် ဂန္တ၀င်မြောက်လက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Sears တာဝါက ဒီနေရာကို ရယူနိုင်ခဲ့ပါတယ်။

    ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါက Hajj Terminal လို အဆောက်အဦးကလည်း ခန်းရဲ့ နာမည်ကြီး လက်ရာတွေထဲမှာ ပါဝင်ပါတယ်။

    ချီကာဂိုရှိ ခန်း၏ နာမည်ကျော်လက်ရာ Sears Tower (ယခု Wills Tower) ဟု ခေါ်ဆိုသည်)

    ကမ္ဘာ့ ဗိသုကာလောကမှာ မှတ်တိုင်သစ်တွေ တစ်ခုပြီးတစ်ခု စိုက်ထူခဲ့တဲ့ ခန်းဟာ ၁၉၇၁ ခုနှစ်မှာ American Concrete Institute အသင်းကပေးတဲ့ Wason Medal ဆု၊ ၁၉၇၃ ခုနှစ်မှာ လန်ဒန် Institution of Structural Engineers အသင်းကပေးတဲ့ Oscar Faber ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။

    ၁၉၈၂ ခုနှစ် ဆော်ဒီအာရေဗျကို သွားတဲ့ခရီစဉ်မှာ ခန်းဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ခန်းရဲ့သမီးဖြစ်သူ ယာစမင်း ဆဘီနာ ခန်းကလည်း အဖေလိုပဲ အင်ဂျင်နီယာတစ်ယောက် ဖြစ်ပါတယ်။

    ခန်းရဲ့ ဗီသုကာလက်ရာတွေထဲက အထင်အရှားဆုံး အဆောက်အဦးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    – Sears tower, Chicago, America.

    – John Hancock Center, Chicago, America.

    – Hajj Terminal, King Abdulaziz International Airport, Jeddah, Saudi Arabia.

    – United States Air Force Academy, Colorado Springs, America.

    – One Shell Square, New Orleans, Louisiana, America.

    – DeWitt-Chestnut Apartments, Chicago, America.

    – McMath–Pierce solar telescope, Arizona, America.

    Ref: Express

  • ၂၀၁၆ ခုနှစ်အတွင်း ဘင်္ဂါလီတို့၏ ကမ္ဘာကျော်အောင်မြင်မှု ၆ ခု

    ၂၀၁၆ ခုနှစ်အတွင်း ဘင်္ဂါလီတို့၏ ကမ္ဘာကျော်အောင်မြင်မှု ၆ ခု

    ဇန်န၀ါရီ ၂၊ ၂၀၁၇
    M-Media

    – ၂၀၁၆ ခုနှစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ် သိပ္ပံပညာရှင်တွေရဲ့ တီထွင်ဆန်းသစ်မှု အသစ်တွေ၊ ရှာဖွေတွေ့ရှိမှုအသစ်တွေဟာ ကမ္ဘာက လေးစားချီးကျူးရတဲ့ အဆင့်အထိရောက်ခဲ့ပြီး တိုင်းပြည်အတွက် ဂုဏ်တက်စေခဲ့ပါတယ်။

    အဲဒီ အောင်မြင်မှုထဲတွေထဲကမှ နက္ခရူပဗေဒ၊ လျှပ်စစ်အင်ဂျင်နီယာ၊ ရူပဗေဒ၊ ဆေးပညာနယ်ပယ်တွေမှာ ကမ္ဘာအဆင့် ရှာဖွေတွေ့ရှိမှုအသစ်တွေ ၆ ခုအကြောင်းကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။

    ၁။ ကြယ်ကြီး ၅ လုံး (ရူဘဘ်ခန်း)

    bangali-1
    နက္ခတ္တဗေဒနယ်ပယ်မှာ အဓိကအောင်မြင်မှုကြီးတစ်ခုကို ရယူခဲ့သူ ရူဘဘ်ခန်း

    ဘင်္ဂလားဒေ့ရှ်သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ရူဘဘ်ခန်းဟာ နက္ခတ္တဗေဒနယ်ပယ်မှာ အဓိကအောင်မြင်မှုကြီးတစ်ခုကို ရရှိခဲ့သူပါ။

    နာဆာရဲ့ Goddard Space Flight Centre မှာ အလုပ်လုပ်နေတဲ့ ရူဘဘ်နဲ့ သူ့အဖွဲ့ဟာ Milky Way ထဲက ကြယ်စနစ်ကြီးတစ်ခုနဲ့ သွားတူပြီး Eta twins လို့ခေါ်တဲ့ ဧရာမကြယ်ကြီး ၅ လုံးကို တွေ့ရှိခဲ့ပါတယ်။

    အမေရိကန် နက္ခတ္တဗေဒအသင်းရဲ့ ၂၀၁၆ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ရူဘဘ်ဟာ သူတို့ရဲ့တွေ့ရှိမှုကို တင်ပြခဲ့ပါတယ်။ အဲဒီ ကြယ်ကြီး ၅ လုံကို ရူဘဘ်ဟာ Hubble Space နက္ခတ်တာယာကြည့်မှန်ပြောင်း၊ နာဆာက Spitzer Space မှန်ပြောင်းတွေရဲ့ အကူအညီနဲ့ တွေ့ခဲ့တာ ဖြစ်ပါတယ်။

    bangali-2

    အိုဟိုင်းယိုးက ပညာရှင်တွေဖြစ်တဲ့ စကော့ အဒမ်၊ ခရစ္စတိုဖာ ကိုချာနက်၊ Goddard စင်တာက ဂျော့ဂ်ျ ဆန်နီဘွန်းတို့နဲ့ ပူးပေါင်းပြီး Eta tiwns ဖြစ်နိုင်တဲ့ အရာတွေကို ဖော်ထုတ်ဖို့အတွက် အလင်းနဲ့ အနီအောက်ရောင်ခြည်သုံး လက်ဗွေရာစနစ်ကိုလည်း တီထွင်ဖန်တီးခဲ့ပါတယ်။ နာဆာရဲ့အဆိုအရ ရူဘဘ်နဲ့အဖွဲ့ဟာ ၂၀၁၂ ခုနှစ်ကန ၂၀၁၄ ခုနှစ်အတွင်းမှာ Eta twins တွေကိုရှာရင်း ဂလက်ဆီ ၇ ခုကို တွေ့ရှိတယ်လို့ သိရပါတယ်။

    သူတို့တွေ့ခဲ့တဲ့ ကြယ်ကြီး ၅ လုံးကို ကမ္ဘာမြေကနေ အလင်းနှစ် ၁၅ သန်းမှာ ရှိတဲ့ M83 ဂလက်ဆီမှာ ၂ ခု၊ အလင်းနှစ် ၁၈ သန်းနဲ့ ၂၆ သန်းစီဝေးတဲ့ NGC 6946၊ M101 နဲ့ M51 ဂလက်ဆီတို့မှာ တစ်ခုစီ တွေ့ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းလေ့လာမှုတွေအရ နက္ခတ္တဗေဒပညာရှင်တွေဟာ ဒီကြယ်ကြီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိတွေကို ပိုမို တိတိကျကျနဲ့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီတွေ့ရှိမှုကြီးကိုတော့ ဒီဇင်ဘာလုထုတ် အကြိမ် ၂၀ မြောက် The Astrophysical Journal Letters မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။

    ၂။ ဆွဲအားလှိုင်းများ (စလင်း ရှာရီယာ)

    bangali-3
    အမေရိကန်အခြေစိုက် ဘင်္ဂလားဒေ့ရှ်ပါမောက္ခဖြစ်တဲ့ စလင်း ရှာရီယာ

    အမေရိကန်အခြေစိုက် ဘင်္ဂလားဒေ့ရှ်ပါမောက္ခဖြစ်တဲ့ စလင်း ရှာရီယာဟာ ဆွဲအားလှိုင်း (gravitational wave) တွေကို တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့ပြီး ဒါဟာ အိုင်းစတိုင်းရဲ့ နာမည်ကျော် နှိုင်းရသီအိုရီ (Relativity Theory) ကို အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

    Northwestern တက္ကသိုလ်က စလင်းဦးဆောင်တဲ့ သိပ္ပံပညာရှင်တွေဟာ စကြာဝဠာကြီးထဲက တွင်းနက်ကြီး (Black Hole) နှစ်ခု တိုက်မိမှုကြောင့် ပေါ်ထွက်လာတဲ့ ဆွဲအားလှိုင်းတွေရှိကြောင်း သက်သေပြခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်မိမှုဟာ ကမ္ဘာမြေကြီးကနေ အလင်းနှစ်ပေါင်း ၁.၃ ဘီလီယံ အကွာအဝေးမှာ ဖြစ်ပေါ်တာပါ။ (အလင်းနှစ်တစ်နှစ်ဟာ မိုင်ပေါင်း ၅.၈၈ ထရီလီယံနဲ့ ညီမျှပါတယ်)

    စလင်းဟာ ဆွဲအားတိုင်းတာရေးကိယာတစ်ခုဖြစ်တဲ့ LIGO Detector ရဲ့ အာရုံခံနိုင်စွမ်း တိုးတက်အောင်နဲ့ လေဆာရောင်ခြည် ကျယ်ကျယ်ပြန့်ပြန့် ဖြာထွက်နိုင်ရေး လွန်ခဲ့တဲ့ ၁၀ နှစ်လုံးလုံး ကြိုးပမ်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုင်းတာရေးကိရိယာအတွက် L ပုံစံ အန်တာနာကိုတော့ အမေရိကန်အနောက်ပိုင်း ၀ါရှင်တန်ပြည်နယ်နဲ့ အရှေ့ပိုင်း ကမ်းရိုးတန်းမှာ ထားရှိထားတာပါ။ အဲဒီတိုင်းတာရေးကိရိယာ တပ်ဆင်ပြီးတဲ့ နေ့မှာပဲ စလင်းဟာ ဒိုင်ခွက်မှာ ပရိုတွန်ရဲ့ အကြိမ် ၁၀၀၀ ပုံတစ်ပုံလောက်အထိ သေးငယ်တဲ့ အစက်အပျောက်လေးတစ်ခု ၀.၂ စက္ကန့် ကြာ ပေါ်လာတာကို တွေ့ရှိပါတယ်။ ဒီစက်အပျောက်လေးကပဲ စကြာဝဠာကြီး မွေးဖွားလာမှု၊ သဘာဝတို့နဲ့ပတ်သက်ပြီး သိပ္ပံပညာတွေရှင်တွေကို သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန် ပေးလိုက်တာဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ စကြာဝဠာကြီးအတွင်းမှာ ဆွဲအားလှိုင်း (gravitational wave) တွေရှိတယ်ဆိုတဲ့ အိုင်းစတိုင်းရဲ့ အယူအဆကို အတည်ပြုလိုက်တာလည်းဖြစ်ပါတယ်။

    ၃။ ဆွဲအားလှိုင်းနှင့် အာကာသလှိုင်းဂယက် (ဒီပန်ကာရ် တာလွက်ဒါရ်)

    bangali-4

    အသက် ၃၉ နှစ်အရွယ်ရှိပြီး ဒါကာတက္ကသိုလ်က ရူပဗေဒဌာန ကျောင်းသားဟောင်း သိပ္ပံပညာရှင် ဒီပန်ကာရ်ဟာ စလင်းလိုပဲ သူ့အဖွဲ့နဲ့အတူ ဆွဲအားလှိုင်း (gravitational wave) နဲ့ အာကာသလှိုင်းဂယက် (ripple) တွေကို ရှာဖွေဖော်ထုတ်ခဲ့သူပါ။

    သူတို့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု လူဝီစီယားနားနဲ့ ၀ါရှင်တန်တို့မှာရှိတဲ့ ဆွဲအားတိုင်းတာရေး လေဆာကိရိယာကြီးကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ လေဆာနည်းပညာအသုံးပြု ဆွဲအားတိုင်းတာရေး (LIGO) စခန်းကို အသုံးပြု ခဲ့တဲ့ သူတို့အုပ်စုဟာ သိပ္ပံပညာရှင်တွေအတွက် အသစ်အဆန်းဖြစ်တဲ့ လှိုင်းသင်္ကေတတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ မိမိတို့ကမ္ဘာက အလင်းနှစ် ၁.၃ ဘီလီယံမှာရှိပြီး နေထက် အဆ ၃၀လောက်ပိုကြီးတဲ့ တွင်းနက်ကြီး (Black hole) နှစ်ခုအကြား တိုက်မိမှုကြောင့် ပေါ်ထွက်လာတဲ့ ဆွဲအားလှိုင်း (gravitational wave) နဲ့ အာကာသလှိုင်းဂယက် (ripple) တွေပဲ ဖြစ်ပါတယ်။

    ၄။ နာနိုအရွယ်အစား အီလက်ထရောနစ်နှင့် စပင်ထရောနစ် ကိရိယာများ (ဆယက်ဖ် ဆာလာဟွဒ်ဒင်)

    bangali-5
    ဆယက်ဖ် ဆာလာဟွဒ်ဒင် (ယာအစွန်) နှင့် ၎င်း၏အဖွဲ့

    ဘင်္ဂလားဒေ့ရှ် သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ ဆယက်ဖ် ဆာလာဟွဒ်ဒင်ဟာ ပါဝါအစားသက်သာစေတဲ့ နည်းလမ်းနဲ့ အချက်အလက်သိုလှောင်ရေး နည်းလမ်းတွေမှာ အသုံးပြုဖို့အတွက် နာနိုအရွယ်အစား အီလက်ထရောနစ်နဲ့ စပင်ထရောနစ် ကိရိယာ (Nano-scale electronic and spintronic device) တွေကို တီထွင်ခဲ့သူပါ။

    အဲဒီ ကိရိယာတွေဟာ အချက်အလက်တွေ သိုလှောင်ဖို့၊ ဖြန့်ဝေဖို့အတွက် အီလက်ထရွန်ရဲ့ ဂုဏ်သတ္တိကို အသုံးပြုပါတယ်။ အီလက်ထရောနစ် ကိရိယာတွေဟာ များသောအားဖြင့် အချက်အလက်တွေကို သိမ်းဆည်းဖို့ အီလက်ထရွန်ရဲ့ လျှပ်စစ်ဂုဏ်သတ္တိကို အသုံးပြုတာပါ။ စပင်ထရောနစ်ကိရိယာတွေကတော့ အီလက်ထရွန်ရဲ့ လည်ပတ်မှုအဟုန်ကို အခြေခံကာ ဖန်တီးထားတာ ဖြစ်ပါတယ်။

    ဆာလာဟွဒ်ဒင်ဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်က လျှပ်စစ်အင်ဂျင်နီယာနဲ့ ကွန်ပျူတာသိပ္ပံ လက်ထောက်ပါမောက္ခတစ်ဦးဖြစ်ပြီး သိပ္ပံနဲ့ အင်ဂျင်နီယာနယ်ပယ်တွေမှာ သူ့ရဲ့ စွမ်းဆောင်နိုင်မှုတွေအတွက် ဖေဖော်ဝါရီလက အမေရိကန်အစိုးရရဲ့ Presidential Early Career Awards ဂုဏ်ပြုဆုကို ရရှိခဲ့ပါတယ်။ အဲဒီဆုဟာ အစောပိုင်း သုတေသနလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တဲ့ သိပ္ပံပညာရှင်တွေအတွက် အမေရိကန်အစိုးရက ပေးအပ်ချီးမြှင့်တဲ့ အမြင့်ဆုံးဆုတံဆိပ်လည်း ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် အင်ဂျင်နီယာနှင့် နည်းပညာတက္ကသိုလ် (BUET) က ချီးမြှင့်တဲ့ လျှပ်စစ်နဲ့ အီလက်ထရောနစ် အင်ဂျင်နီယာဘွဲ့၊ ဒေါက်တာဘွဲ့တွေကို ဆာလာဟွဒ်ဒင်က ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေမှာ ရရှိထားပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ သူဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်နဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တာပါ။

    ၅။ ရေညှိပင်ကို ဇီဝလောင်စာ ပြောင်းလဲမှု (ဒေါက်တာ တမ်ဂျီဒွလ် ဟက်)

    bangali-6
    တမ်ဂျီဒွလ် ဟက် (အလယ်)

    ကွန်ပျူတာသိပ္ပံပညာဌာနရဲ့ လက်ထောက် ပါမောက္ခဖြစ်တဲ့ တမ်ဂျီဒွလ် ဟက်ဟာ ရေညှိပင်ကနေ ဇီဝလောင်စာ ထုတ်လုပ်ဖို့အတွက် ဆော့ဖ်ဝဲနဲ့ အခြေခံ သီအိုရီတွေကို ဖော်ထုတ်တင်ပြခဲ့သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ဒီအောင်မြင်မှြုေ ကာင့်ပဲ အမေရိကန် သုတေသနအဖွဲ့Louisiana Board of Regents Industrial Ties Research Subprogram ရဲ့ ကန်ဒေါ်လာ တစ်သိန်းငါးသောင်းနီးပါး ဂုဏ်ပြုမှုကို ရရှိခဲ့ပါတယ်။ နောက်ပြီး ၃ နှစ်စာ သုတေသနထောက်ပံ့ကြေး ဒေါ်လာ ၃၆၇၂၀ ကိုလည်း ရရှိခဲ့ပါတယ်။

    “ရေညှိဟာ ဘယ်လိုအပင်မျိုးထက်မဆို ဇီဝလောင်စာထုတ်လုပ်ဖို့ အလားအလာအကောင်းဆုံး ဆိုတာကို တွေ့ခဲ့ရပါတယ်။ ပြီးတာ့ နေစွမ်းအင်ကို အသုံးပြုနိုင်ပြီး လေထဲက ကာဘွန်ဒိုင်အောက်ဆိုက်ကို အသုံးဝင်တဲ့ လောင်စာအဖြစ် ပြောင်းပေးနိုင်တဲ့ microbial cell factory တွေကိုလည်း ရေညှိက ကောင်းကောင်း ဖွံ့ဖြိုးနိုင်ပါတယ်။ ဒီလို ဆောင်ရွက်မှုက လောင်စာသံသရာမှာ ပျောက်ဆုံးနေတဲ့ အချိတ်အဆက်တစ်ခုကို တည်ဆောက်လိုက်နိုင်တာလည်း ဖြစ်ပါတယ်” လို့ ဟက်က ပြောကြားခဲ့ပါတယ်။

    ဟက်ရဲ့ ဒီစီမံကိန်းကို UNO၊ BHO Technology နဲ့ Louisiana Emerging Technology Centre တို့လို အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။

    ၆။ ပါကင်ဆန်ရောဂါ ဗီဇပြောင်းလဲခြင်း (ဒေါက်တာ မီရာသွလ် မိုဟာမစ် ခန်း မူကစ်)

    bangali-7
    ဒါက်တာ မီရာသွလ် မိုဟာမစ် ခန်း မူကစ်

    Dundee တက္ကသိုလ်မှာအခြေစိုက် လုပ်ကိုင်နေတဲ့ ထိပ်တန်းသိပ္ပံပညာရှင် မူကစ်ဟာ ဗြိတိန်-ဘင်္ဂလားဒေ့ရှ် သိပ္ပံပညာရှင်တစ်ဦဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွက် နာမည်ကျော် European Molecular Biology Organisation Young Investigator Programme (EMBO YIP) အဖွဲ့က ရွေးချယ်ချယ်တဲ့ လူငယ်သိပ္ပံပညာရှင်စာရင်းထဲမှာ ထည့်သွင်းခံရသူ ဖြစ်ပါတယ်။

    သူ့ရဲ့ သုတေသနပြုမှုဟာ ပါကင်ဆန်ရောဂါနဲ့ သက်ဆိုင်တဲ့ ဗီဇပြောင်းလဲမှုမှာ အရေးပါတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တယ်လို့ Dundee တက္ကသိုလ်ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    တက္ကသိုလ်ရဲ့ School of Life Sciences ကျောင်းက MRC Protein Phosphorylation and Ubiquitylation ဌာန တာဝန်ရှိသူတစ်ဦးလည်းဖြစ်တဲ့ မူကစ်ဟာ ပါကင်ဆန်ရောဂါရဲ့ အကြောင်းအရင်းကို ပိုမိုနားလည်ဖို့အတွက် အင်မတန် အားကောင်းတဲ့ သုတေသနပြုမှုကို ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

    သူဟာ Ninewells ဆေးရုံမှာ မသန်စွမ်းသူတွေကို ကုသပေးနေသူပါ။

    Ref: The Daily Star