News @ M-Media

Tag: famous muslim leader

  • ရေကြောင်းစွန့်စားမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၅)

    ရေကြောင်းစွန့်စားမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၅)

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    ကျန်းဟီ၏ ရေကြောင်းခရီးသွား သရုပ်ဖော်ပန်းချီ

    – လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်က ရေကြောင်းသွားလာရေးနယ်ပယ်ကို တစ်ခေတ်ဆန်းစေတဲ့ လူတစ်ယောက် တရုတ်နိုင်ငံမှာ မွေးဖွားခဲ့ပြီး သူ့ရဲ့အမည်က ကျန်းဟီ (Zheng He) ဖြစ်ပါတယ်။ သူဟာ တရုပ်ရေတပ်ဗိုလ်ချုပ်တစ်ယောက်လည်း ဖြစ်ပါတယ်။ 1421 | The Lost Empire of Atlantis စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ ဂါဗင် မန်ဇီ (Gavin Menzies) ရဲ့ ကျန်းဟီအကြောင်းစာအုပ်မှာ ကျန်းဟီဟာ အိန္ဒိယသမုဒ္ဒရာတစ်ခွင်လုံးကို ရွက်လွှင့်သွားလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မက္ကာ၊ ပါရှန်ပင်လယ်ကွေ့၊ အရှေ့အာဖရိက၊ သီရိလင်္ကာနဲ့ အာရေဗျတို့ကိုလည်း ရောက်ခဲ့ပြီး ခရစ္စတိုဖာကိုလံဘတ်နဲ့ ဗာစကိုဒဂါးမားတို့ ဒီဒေသတွေကိုမရောက်ခင် ဆယ်စုနှစ်တော်တော်ကြာကြာအရင်ကတည်းက ကျန်းဟီတစ်ယောက် ခြေချနိုင်ခဲ့တာဖြစ်ပါတယ်။ သူ ရွက်လွှင့်ခဲ့တဲ့ သင်္ဘောဟာဆိုရင် ကိုလံဘတ်နဲ့ ဗာစကိုဒဂါးမားတို့ရဲ့ သင်္ဘောထက် ၄ ပုံ ၃ ပုံလောက်ကို ပိုကြီးပါတယ်။

    ကျန်းဟီဟာ ကမ္ဘာကြီးကို တရုတ်နိုင်ငံနဲ့မိတ်ဆက်ပေးခဲ့တဲ့ မွတ်စလင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဧရာမသင်္ဘောကြီးနဲ့ ၂၈ နှစ်တာ ရေကြောင်းခရီးသွားသက်တမ်းမှာ နိုင်ငံပေါင်း ၃၇ နိုင်ငံကို ရောက်ရှိခဲ့ပြီး ကုန်သွယ်ရေးနဲ့ သံခင်တမန်ခင်းအတွက် အရေးပါတဲ့ ရေကြောင်းခရီး ၇ ခုကို သွားခဲ့ပါတယ်။ သူသွားခဲ့တဲ့ ခရီးတွေရဲ့ စုစုပေါင်း အကွာအဝေးဟာ ကီလိုမီတာ ၅၀,၀၀၀ (မိုင်ပေါင်း ၃၁,၀၀၀) ရှိခဲ့ပြီး သူ့ရဲ့ ပထမဆုံး ရေယာဉ်စုမှာ သင်္ဘော ၃၁၇ စီး၊ လူ ၂၇,၈၇၀ ဦး ပါဝင်ခဲ့ပါတယ်။ ဒါဟာ မြို့ငယ်လေးတစ်ခု ဒါမှမဟုတ် ဘောလုံးကွင်းကြီးတစ်ခု ရေထဲမြောနေသလိုပါပဲ။ လူသူရောက်ပေါက်ခြင်းမရှိတဲ့ ရေကြောင်းခရီးလမ်းတွေကို ဒီလောက်လူအုပ်ကြီးနဲ့ ရွက်လွှင့်ဖို့ဆိုတာ ကျွမ်းကျင်မှုကောင်း၊ စီမံခန့်ခွဲမှုကောင်းတွေ လိုအပ်ပါတယ်။ ခရီးဟာ အမှားမခံသလို၊ သူ့ခေတ်သူ့အခါက သူ့ရဲ့ အောင်မြင်မှုကလည်း ယနေ့ခေတ် လပေါ်သွားနိုင်တဲ့ အောင်မြင်မှုလောက်ကို ရှိပါတယ်။

    ကျန်းဟီရဲ့ ငယ်နာမည်ဟာ “မဟီ” ဖြစ်ပြီး ဖခင်၊ အဖိုးတို့နဲ့အတူ မက္ကာကို ဟဂ်ျဘုရားဖူးခရီးစဉ်မှာ လိုက်သွားတာကြောင့် တရုတ်အပြင် အာရဘီ ဘာသာစကားကိုပါ တက်ကျွမ်းပါတယ်။ တရုတ် ‘မင်’ မင်းဆက်ရဲ့ တိုက်ခိုက်မှုအတွင်း ကျန်းဟီဟာ သူ့ရဲ့ မွေးရပ် မွန်ဂိုးလီးယားဒေသ ကူမင်းမြို့ကနေ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ သင်းကွပ်ခံခဲ့ရပြီး မိန်းမစိုးအဖြစ် မြို့စား ကျူးဒီ  (Zhu Di) ထံမှာ အလုပ်အကျွေးပြုခဲ့ရပါတယ်။ ကျူးဒီဟာ နောက်ပိုင်းမှာ တရုတ်ထီးနန်းကို ဆက်ခံခဲ့ပြီး ယုံလီ (Yong Le) အမည်နဲ့ အင်ပါယာရှင် ဖြစ်လာခဲ့ပါတယ်။

    ဂါဗင်မန်ဇီက “ကျန်းဟီဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ မွတ်စလင်တစ်ယောက်ဖြစ်သလို ရဲစွမ်းသတ္တိရှိတဲ့ စစ်သားတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ကျူးဒီရဲ့ အနီးကပ်အကြံပေးအဖြစ် နန်းတွင်းမှာ သြဇာကြီးထွားလာခဲ့ပါတယ်။ ၂ မီတာကျော်မြင့်ပြီး ကိုယ်အလေးအချိန် ၁၀၀ ကီလိုဂရမ်ကျော်လောက်ရှိတဲ့ ကျန်းဟီဟာ လမ်းလျှောက်ရာမှာ ကျားတစ်ကောင်လို ခြေလှမ်းကြဲကြဲနဲ့ လျှောက်တတ်တယ်” လို့ ရေးသားခဲ့ပါတယ်။

    မြို့စားဘ၀ ကျူးဒီရဲ့ စစ်ရေးလှုပ်ရှားမှု တော်တော်များများမှာ ထဲထဲဝင်ဝင်ပါဝင် ဆောင်ရွက်ပေးခဲ့တာကြောင့် အင်ပါယာရှင်ဖြစ်လာတဲ့အခါ ကျူးဒီဟာ မဟီကို နန်းတွင်းရေးရာ စီမံခန့်ခွဲရေးမှူးချုပ်အဖြစ် တာဝန်ပေးခဲ့ပြီး ကျန်းဟီဆိုတဲ့ နာမည်ကိုလည်း ပေးခဲ့ပါတယ်။

    ကျန်းဟီတစ်ယောက် ‘ရတနာသင်္ဘော’ နဲ့ ရေကြောင်းခရီး ၇ ခု သွားရောက်ရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ သိပ္ပံဆိုင်ရာ စူးစမ်းမှုပြုလုပ်ဖို့ ပါသလို၊ ကျောက်မြတ်၊ တွင်းထွက်သတ္တု၊ အပင်၊ တိရစ္ဆာန်၊ ဆေးဝါးတွေ ရှာဖွေဖို့လည်း ပါဝင်ပြီး ဒီလိုရည်ရွယ်ချက်တွေက သူ့ရဲ့ ရေကြောင်းခရီး အရေးပါမှုကို မြင့်တက်စေခဲ့ပါတယ်။ တရုတ်အင်ပါယာရှင်က ကမ္ဘာ့ရေကြောင်းသွားလာရေးနဲ့ မြေပုံပညာရပ်တွေကို ပိုမို နားလည်သဘောပေါက်ချင်ပြီး တရုတ်နိုင်ငံဟာ ယဉ်ကျေးမှုနဲ့ စီးပွားရေးမှာ ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်တယ်ဆိုတာကိုလည်း နိုင်ငံခြားတိုင်းပြည်တွေသိအောင် ပြချင်တဲ့ဆန္ဒ ရှိပါတယ်။

    ဒါ့ကြောင့် နိုင်ငံရပ်ခြားကုန်သွယ်ရေးချဲ့ထွင်မှုကို အားပေးခဲ့ပြီး နိုင်ငံခြားတိုင်းပြည်တွေက တရုတ်နိုင်ငံရဲ့ သင်္ဘောအုပ်စုကြီးတွေကို မြင်တဲ့အခါ နိုင်ငံ့သြဇာအရှိန်အ၀ါ ပိုမိုမြင့်တက်လာဖို့လည်း မျှော်လင့်ခဲ့ပါတယ်။ ကျန်းဟီရဲ့ ဒီခရီးစဉ်တွေကြောင့် အခြားတိုင်းပြည်တွေဟာ တရုတ်နိုင်ငံအပေါ် သံတမန်ရေးအရ သစ္စာခံခဲ့ပြီး၊ ဒေသတွင်းခေါင်းဆောင်တွေကလည်း အင်ပါယာရှင်အဖြစ် အသိအမှတ်ပြုလာခဲ့ပါတယ်။

    ကျန်းဟီဟာ ၁၄၀၅ ခုနှစ်နဲ့ ၁၄၃၃ ခုနှစ်အကြားမှာ အခြား မိန်းမစိုးခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဟိုရှင် (Hou Hsien)၊ ၀မ်ချင်ဟုန် (Wang Ching-Hung) တို့နဲ့ ပူးပေါင်းကာ သွားရောက်ခဲ့တာဖြစ်ပါတယ်။

    ကူမင်းမြို့ရှိ ကျန်းဟီပန်းခြံမှ အမှတ်တရ ရုပ်ထု

    ဒီခရီးစဉ်တွေဟာ အလွန်ရှည်လျားတဲ့ ခရီးစဉ်တွေဖြစ်ပေမယ့် တော်တော်လေး စနစ်တကျဖြစ်ခဲ့တာက အံ့သြစရာ ကောင်းပါတယ်။ ကျန်းဟီက “သင်္ဘောပေါင်း ၆၂ စီးမှာ အကြီးဆုံးသင်္ဘောက အလျား ပေ ၄၄၀ ရှိပြီး ဗျက်အကျယ်ဆုံးအပိုင်းက ပေ ၁၈၀ ရှိပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ဒီအတိုင်းအတာဟာ ‘မင်’ မင်းဆက်လက်ထက်က အတိုင်းအတာဖြစ်ပြီး လက်ရှိ ကျွန်တော်တို့သုံးနေတဲ့ အတိုင်းအတာဆိုရင် အလျား ၄၄၉ ပေ၊ ဗျက် ၁၈၄ ပေ ရှိပါတယ်။ သင်္ဘောတစ်စီးတိုင်းမှာ လူ ၄၅၀ ကနေ ၅၀၀ အထိ ပါတယ်လို့ ကျန်းဟီက မှတ်တမ်းတင်ခဲ့ပြီး သင်္ဘောသား၊ စာရေး၊ စကားပြန်၊ စစ်သား၊ အနုပညာရှင်၊ ဆရာဝန်နဲ့ ဇလဗေဒပညာရှင် စသဖြင့် လူစုံတက်စုံ ပါဝင်ပါတယ်။ စတုတ္ထမြောက်ခရီးစဉ်မှာတော့ လူပေါင်း သုံးသောင်းလောက်ပါခဲ့ပြီး အာရေဗျနဲ့ ပင်လယ်နီအ၀အထိ ရောက်ခဲ့ပါတယ်။

    သင်္ဘောအရွယ်စား အလွန်အမင်းကြီးမားတာကြောင့် ထိန်းသိမ်းရခက်ခဲမယ်ဆိုတာ တရုတ် သင်္ဘောတည်ဆောက်သူတွေက သိရှိခဲ့ပြီး သင်္ဘောကို ပိုမိုတည်ငြိမ်အောင် ထိန်းနိုင်ဖို့အတွက် တင်လို့ချလို့ရမယ့် ‘ဟန်ချက်ထိန်းတက်မ’ အရှင်တစ်ခုကို သင်္ဘောမှာ တပ်ဆင်ခဲ့ပါတယ်။ ပေပေါင်း ၄၀၀ လောက်ရှိတဲ့ သင်္ဘောကိုယ်ထည်အတွက် သံမပါဘဲ သစ်သားနဲ့ ဘယ်လို ဖရိန်ချလဲဆိုတာကို ဒီနေ့ခေတ် သင်္ဘောတည်ဆောက်သူတွေက နားမလည်ကြပါဘူး။ တစ်ချို့ကလည်း ဒီလိုသင်္ဘောတွေ ရှိမှရှိပါ့မလားဆိုပြီး သံသယဖြစ်ကြပါတယ်။

    ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ နန်ဂျင်းပြည်နယ်က  ‘မင်’ မင်းဆက်လက်ထက် သင်္ဘောကျင်းအပျက်တစ်ခုမှာ ၃၆ ပေရှည်တဲ့ တက်မဟောင်းတစ်ခုကို တွေ့ရှိခဲ့ပြီး တရုတ်သင်္ဘောတွေမှာ အသုံးပြုတဲ့တက်မတွေရဲ့ အရွယ်အစားနဲ့ တွက်ချက်လိုက်တဲ့အခါမှာ ဒီတက်မဟာ အလျား ပေ ၅၀၀ လောက်ရှည်တဲ့ သင်္ဘောကြီးက တက်မဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    ဒီဧရာမသင်္ဘောကြီးတွေမှာ ပိုးထည်၊ ကြွေထည်၊ ရွှေထည်၊ ငွေထည်၊ ကြေးအိုးခွက်ပန်းကန်၊ သံထည်ပစ္စည်တွေနဲ့ ချည်ထည်တွေလို ကုန်ပစ္စည်းပေါင်းစုံ ပါဝင်ပါတယ်။ သစ်ကုလားအုပ်၊ မြင်းကြား၊ အာဖရိကသမင်၊ ငှက်ကုလားအုပ်တွေလို တိရစ္ဆာန်တွေအရှင်တွေကိုလည်း သင်္ဘောထဲမှာ ထည့်သွင်း သယ်ဆောင်ခဲ့ကြပါတယ်။ ငါးအရှင်တွေထည့်ဖို့နဲ့ ရေချိုးဖို့အတွက် သင်္ဘောအတွင်းမှာ ရေလုံအခန်းတွေ ဖန်တီးထားပါတယ်။ သင်္ဘောနဲ့တွဲထားပြီး ရေပေါ်ပေါ်နေတဲ့ ရေတိုင်ကီကြီးတွေက ရေတွေကို သင်္ဘောထဲ သွယ်ယူနိုင်အောင်လည်း ပြုလုပ်ထားပါတယ်။ သင်္ဘောအချင်းချင်း အချက်ပြရာမှာတော့ အလံ၊ မီးအိမ်၊ ခေါင်းလောင်း၊ စာပို့ခို၊ မောင်းတွေကို အသုံးပြုကြပါတယ်။

    ဒီသင်္ဘောခရီးစဉ်နဲ့ပတ်သက်ပြီး ‘မင်’ မင်းဆက်လက်ထက်က မှတ်တမ်းတစ်ခုမှာ “တောင်ပင်လယ်မှာ ရွက်လွှင့်နေတဲ့ ဒီသင်္ဘောတွေဟာ အိမ်တွေ ရွေ့လျားနေသလို ဖြစ်ပြီး၊  သင်္ဘောတွေ ဖြန့်လိုက်တဲ့အခါမှာတော့ ကောင်းကင်က တိမ်တိုက်တွေနဲ့ တူပါတယ်” လို့ ရေးသားထားပါတယ်။ သင်္ဘောဦးမှာ နဂါးမျက်လုံးတွေ တပ်ဆင်ထားတာကြောင့် ‘ရေကူးနေသောနဂါးများ’ ဆိုပြီးတော့လည်း တင်စားခေါ်ဝေါ်ပါတယ်။

    ကျန်းဟီရဲ့ ရေကြောင်းခရီးစဉ် ၇ ခုအပြီးမှာ တရုတ်နိုင်ငံဟာ ရေကြောင်းနည်းပညာမှာ ပြိုင်ဘက်ကင်းနိုင်ငံ ဖြစ်လာခဲ့ပြီး အာဖရိကရဲ့ ပထမဆုံးသစ်ကုလားအုပ်လို တိုင်းတစ်ပါးက ထူးထူးဆန်းဆန်းအရာတွေကိုလည်း ရရှိခဲ့ပါတယ်။ ဒီကုလားအုတ်ကို တရုတ်ဒဏ္ဍာရီမှာ အရေးပါတဲ့ ရေနဂါးနဲ့ မှားယွင်းဖော်ပြလေ့ရှိပါတယ်။ ကွန်ဖြူရှပ်အယူဝါဒအရ ရေနဂါးဟာ ပညာဉာဏ်အပေါင်းရဲ့ သုခမိန်ဖြစ်ပြီး ဒီအရုပ်မျိုးထားရှိခြင်းဟာ ကံကောင်းတယ်လို့ မှတ်ယူပါတယ်။

    ကျန်းဟီဟာ ၁၄၃၃ ခုနှစ်မှာ တရုတ်နိုင်ငံကို ပြန်လာနေတဲ့အချိန် အိန္ဒိယမှာ ကွယ်လွန်သွားခဲ့တယ်လို့ အဆိုရှိပါတယ်။ သူ့ရဲ့သေဆုံးမှု၊ ကွန်ဖြူရှပ်ဝါဒ ပြန်လည်ရှင်သန်လာမှုနဲ့အတူ တရုတ်အင်ပါယာဟာ တံခါးပိတ်ဝါဒကို ကျင့်သုံးတဲ့တိုင်းပြည် ဖြစ်လာခဲ့ပြီး နောက်ဆုံးမှာ ရေကြောင်းကုန်သွယ်မှုကို လုံးဝ ပိတ်ပင်လိုက်ပါတယ်။ နှစ် ၁၀၀ ပျော့ပျော့အတွင်းမှာ ရေကြောင်းခရီးသွားလာမှုကို တရုတ်နိုင်ငံက ကြီးလေးတဲ့ ပြစ်ဒဏ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၅၂၅ ခုနျစ်မှာတော့ တရုတ်အင်ပါယာဟာ သူတို့ပိုင်ဆိုင်တဲ့ ရွက်တပ်သင်္ဘောအားလုံးကို ဖျက်ဆီးခဲ့ပြီး၊ တစ်ချိန်မှာ သင်္ဘောပေါင်း ၃၅၀၀ လောက်ရှိတဲ့ တရုတ်ရဲ့ ကြီးကျယ်တဲ့ ရေတပ်သမိုင်းကြောင်းကလည်း နိတ္ထိတံသွားခဲ့ရပါတော့တယ်။

    နင်ဂျန်းရှိ အုတ်ဂူ

    ကျန်းဟီရဲ့ ရေကြောင်းသွားလာမှု နှစ် ၅၈၀ ပြည့်မြောက်တဲ့ ၁၉၈၅ ခုနှစ်မှာ နန်ဂျင်းမှာရှိနေတဲ့ သူ့ရဲ့ အုတ်ဂူကို ပြန်လည်ပြင်ဆင်ခဲ့ပြီး မူလ အုတ်ဂူနားမှာ အစ္စလာမ့်အငွေ့အသက် လွှမ်းခြုံတဲ့  အုတ်ဂူသစ်တစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။ ဂူဗိမာန်ရဲ့ အ၀င်အ၀င်မှာ ‘မင်’ မင်းဆက်လက်ရာ မုခ်ဦးတစ်ခု တည်ဆေက်ထားပြီး၊ ကျန်းဟီရဲ့ ပုံတွေနဲ့ သူ့ရဲ့ရေကြောင်းခရီးစဉ်ကို ပြသထားတဲ့ အမှတ်တရ ခန်းမတစ်ခုလည်း ဂူဗိန်မှာ ရှိပါတယ်။

    ဂူဗိမာန်ကို ရောက်ရှိဖို့အတွက် လှေခါး ၂၈ ထစ်ကို တက်ရပြီး၊ ၄ ထစ်တစ်ကန့်စီ ၇ ကန့်ခွဲထားတဲ့ ဒီလှေခါးတွေဟာ ကျန်းဟီရဲ့ ရေကြောင်းခရီးစဉ် ၇ ခုကို ဖော်ညွှန်းနေတာဖြစ်ပါတယ်။ အုတ်ဂူရဲ့ ထိပ်ဆုံးမှာ ‘ဘုရားသခင်သည် ကြီးမြတ်တော်မူသည်’ လို့ အဓိပ္ပါယ်ရတဲ့ အာရဘီစကားလုံးကို ထွင်းထားပါတယ်။

    ကျန်းဟီအသုံးပြုခဲ့တဲ့ ရွက်တပ်သင်္ဘောလို ကြီးမားတဲ့သင်္ဘောမျိုး ကမ္ဘာပေါ်မှာ မရှိခဲ့ပါဘူး။ သူ့ရဲ့ သင်္ဘောအုပ်စုဟာ ရေပ်ါမှာမျောနေတဲ့ မြို့ကြီးတစ်ခုနဲ့တူပြီး ဒီသင်္ဘောအများစုကို နန်ဂျင်းပြည်နယ်အနီးက ‘နဂါးသင်္ဘောကျင်း’ မှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီသင်္ဘောကျင်းရဲ့ အကြွင်းအကျန်တွေကို ဒီနေ့အချိန်အထိ တွေ့မြင်နိုင်ပါသေးတယ်။

    ကျန်းဟီ ကျော်ကြားသည့် ရေကြောင်းခရီးစဉ် ၇ ခု

    ကျန်းဟီသွားခဲ့သည့် ရေကြောင်းခရီးပြ မြေပုံ

    ၁။ ၁၄၀၅-၁၄၀၇

    အင်ဒိုချိုင်းနား၊ ဂျာဗားနှင့် ဆူမားတြားကျွန်း၊ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံ ကလ်ကတားသို့ ရောက်ရှိခဲ့

    ၂။ ၁၄၀၇-၁၄၀၉

    ထိုင်းနှင့် အိန္ဒိယတို့ကို ရွက်လွှင်ခဲ့ပြီး အိန္ဒိယနိုင်ငံ ကိုချင်မြို့တွင် ရပ်နားခဲ့

    ၃။ ၁၄၀၉-၁၄၁၁

    မလာကာကို အခြေစိုက်ပြီး အိန္ဒိယသမုဒ္ဒရာ အရှေ့ခြမ်းကို ရွက်လွှင့်ခဲ့။ အိန္ဒိယမှ ကွီလုံမြို့ကို ပထမဆုံး ရောက်ရှိ

    ၄။ ၁၄၁၃-၁၄၁၅

    ကျန်းဟီ၏ သင်္ဘောအုပ်စုမှာ နှစ်စုခွဲပြီး တစ်စုက အိန္ဒိယသမုဒ္ဒရာအရှေ့ခြမ်းကို ပြန်သွား။ နောက်တစ်စုက သီရိလင်္ကာ အခြေစိုက်ကာ ဘန်ဂေါလ်၊ မော်လ်ဒိုက်နဲ့ အော်ရ်မုဇ်ပါရှန်တိုင်းပြည်များသို့ ရောက်ရှိ။ ယခုခရီးစဉ်မှ တရုတ်နိုင်ငံ၏ သြဇာအရှိန်အ၀ါကို ကြီးထွားစေခဲ့ပြီး ၁၄၁၆ ခုနှစ်တွင် နန်ဂျင်းသို့ နိုင်ငံအများအပြားမှာ သံတမန်များ ရောက်ရှိလာ။ ၁၄၁၇ ခုနှစ်တွင် ကျန်းဟီ၏ သင်္ဘောအုပ်စု တရုတ်နိုင်ငံသို့ ပြန်ရောက်။

    ၅။ ၁၄၁၆-၁၄၁၉

    ပစိဖိတ်သင်္ဘောအစုက ဂျာဗား၊ ရူကျူဘုရင့်နိုင်ငံငယ် (ယခုဂျပန်ပိုင်နက်တွင်ပါဝင်) နှင့် ဘရူးနိုင်းသို့ သွားရောက်။ အိန္ဒိယကိုအခြေစိုက်သည့် အုပ်စုမှာ အော်ရ်မုဇ်၊ အေဒင်၊ မိုဂါဒစ်ရှူး၊ မွမ်ဘာဆာနှင့် အရှေ့အာဖရိကမှ အခြေားသော ဆိပ်ကိမ်းများကို ရောက်ရှိ။ ယခုခရီးစဉ်မှ အာဖရိက ကုလားအုတ်ကို ယူဆောင်လာခဲ့။

    ၆။ ၁၄၂၁-၁၄၂၂

    ယခင်ရေလမ်းကြောင်းများအတိုင်း ရွက်လွှင့်ခဲ့ပြီး အာရေဗျတောင်ပိုင်းနှင့် အရှေ့အာဖရိကမှ တစ်ခြားဆိပ်ကမ်းများသို့ ရောက်ရှိ။ ၂ နှစ်အတွင်း ကျန်းဟီ၏ သင်္ဘောအုပ်စုမှာ အရှေ့ဖက် ဘော်နီယိုမှ၊ အနောက်ဖက် ဇန်ဇီဘာရ် (ယခုတန်ဇန်းနီးယားပိုင်နက်တွင်ရှိ) အထိ နိုင်ငံပေါင်း ၃၆ နိုင်ငံကို ရောက်ရှိခဲ့။ ဤခရီးစဉ်တွင် သင်္ဘောများမှာ အုပ်စုခွဲခဲ့ပြီး မလာကာကို စုံရပ်အဖြစ်သတ်မှတ်ကာ ရွက်လွှင့်ခဲ့။ ရေဒီယို မတီထွင်နိုင်ခင် ထိုကဲ့သို့ အချိန်းအချက်လုပ်နိုင်မှုမှာ ထူးခြားသည့် အောင်မြင်မှုလည်းဖြစ်။

    ၇။ ၁၄၃၁-၁၄၃၃

    အသက် ၆၀ ရှိလာပြီဖြစ်သည့် ကျန်းဟီ၏ နောက်ဆုံး ခရီးစဉ်ဖြစ်ပြီး ဂျာဗား၊ မက္ကာနှင့် အရှေ့အာဖရိကမှ ဘုရင့်နိုင်ငံငယ် ၂၀ ကျော်နှင့် ဆက်ဆံရေးတည်ဆောက်ခဲ့။ အရှေ့အာဖရိကတွင် ကျန်းဟီဦဆောင်သည့် တရုတ်သင်္ဘောအုပ်စုမှာ မည်မျှဝေးဝေး ရောက်ခဲ့သည်ကို အတိအကျမသိရှိရဘဲ အာဖရိကအငူကို ပတ်သွားနိုင်ခဲ့သည်ဟုသာ သိရ။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • အမေရိကန် မွတ်စလင် ညီအမနှစ်ဦးကို ခြိမ်းခြောက်ခဲ့သည့်ကိစ္စအား စုံစမ်းပေးရန် CAIR တောင်းဆို

    အမေရိကန် မွတ်စလင် ညီအမနှစ်ဦးကို ခြိမ်းခြောက်ခဲ့သည့်ကိစ္စအား စုံစမ်းပေးရန် CAIR တောင်းဆို

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media
    cair
    အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR ၏ နယူးယောက်ဌာနခွဲသည် နယူးယောက်မြို့တော် ရဲတပ်ဖွဲ့နှင့်
    အက်ဖ်ဘီအိုင်တို့ကို မွတ်ဆလင်အမျိုးသမီးနှစ်ဦးအား အမေရိကန် စာပို့ဝန်ထမ်းဝတ်စုံဝတ်ဆင်ထားပြီး စာပို့ရုံးဝန်ထမ်းဟုဆိုသူ လူတစ်ဦးက အမုန်းရာဇ၀တ်မှု ကျူးလွန်ခဲ့မှုကို ရှာဖွေဖော်ထုတ်ပေးရန် တောင်းဆိုလိုက်သည်။
    ဘရွတ်ကလင်းမြို့ ဘက်ဒ်ဖို့ဒ်စတူဗီဆန့်၌ သောကြာနေ့ညနေပိုင်းတွင် ညီအမနှစ်ဦးနှင့် ရင်ခွင်ပိုက်ကလေးငယ်တစ်ဦးကို စာပို့ဝန်ထမ်းတစ်ဦး မသင်္ကာဖြစ်စရာလောက်အောင် ချဉ်းကပ်လာပြီး “မင်းတို့ဘုရားကျောင်းကို မီးရှို့ပစ်မယ်” ဟု ပြောဆိုခဲ့သည်။
    ၎င်းသည် လမ်းဖြတ်ကူးနေစဉ် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးကို တံတောင်ဖြင့်တိုက်သွားပြီး မျက်နှာကို တံတွေးဖြင့် ထွေးသွားခဲ့သည်။
    အမျိုးသမီးနှစ်ဦးသည် စတိုးဆိုင်ထောင့်တစ်နေရာကို လျှောက်သွားခဲ့သော်လည်း ထိုအမျိုးသားမှာ ၎င်းတို့နှစ်ဦးအနောက်သို့ ဆက်လက်လိုက်ပါခဲ့သည်။
    စတိုးဆိုင်ထဲသို့အရောက်တွင် “မင်းတို့ဘုရားကျောင်းကို မီးရှို့ပစ်မယ်” ဟု ဆက်လက်ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ကလေးငယ်ကိုပင် အော်ဟစ်ခဲ့သည်။
    အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သော ဖော်ပြချက်တွင် CAIR မှ ဒါရိုက်တာ ဖြစ်သူ ဆာဒီယာခါလစ်က်က “ကျွန်တော်တို့ဒီလိုခြိမ်းခြောက်မှုမျိုးကို အမုန်းရာဇ၀တ်မှုအဖြစ် စုံစမ်းဖော်ထုတ်ပေးဖို့ အမေရိကန် စာပို့လုပ်ငန်း စုံစမ်းစစ်ဆေးသူများ၊ နယူးယောက်ရဲတပ်ဖွဲ့နဲ့ ပြည်နယ်ရဲအရာရှိတွေကို တောင်းဆိုလိုက်ပါတယ်။ ပြီးတော့ ဒါကို အရေးကြီး မှတ်တမ်းအဖြစ် မှတ်တမ်းတင်ထားဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။

    မကြာသေးမီက ပြင်သစ်အကြမ်းဖက်မှုများအပြီးတွင် နိုင်ငံတစ်ဝှမ်းရှိ မွတ်စလင် ၀တ်ပြုဆောင်များကို တိုက်ရိုက်တိုက်ခိုက်ရန် ဦးတည်လာမှုများ၊ မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကား ဖြန့်ဝေမှုများလည်း တဟုန်ထိုး မြင့်တက်လာသောကြောင့် ယနေ့တွင်လည်း ကောင်စီ၏ မက်ဆာချူးဆက်ဌာနခွဲက ပြည်တွင်း ဗလီဝတ်ကျောင်းတော်များကို ရဲအစောင့်အရှောက် တိုးမြှင့်ပေးရန်အတွက်လည်း မက်ဆာချူးဆက် CAIR က တောင်းဆိုခဲ့သည်။

    Ref: IINA News

  • စုလ်သွာန် ဆွလာဟုဒ္ဒီးန် အိုင်ယူဘီ (သို့) သင်းကွဲ မွတ်စလင်တွေကို စုစည်းပေးခဲ့သူ

    စုလ်သွာန် ဆွလာဟုဒ္ဒီးန် အိုင်ယူဘီ (သို့) သင်းကွဲ မွတ်စလင်တွေကို စုစည်းပေးခဲ့သူ

    ဧပြီ ၈ ၊ ၂၀၁၅
    M-Media
    ကိုလေး ရှာဖွေတင်ဆက်သည်။
    Statue_of_Saladin_Damascus
    ၁၂ ရာစုဟာ မွတ်စလင်သမိုင်းမှာ အခက်ခဲဆုံးနဲ့ ပရမ်းပတာအဖြစ်ဆုံး ကာလတွေထဲက တစ်ခုဖြစ်ပါတယ်။ အဆက်မပြတ်ဖြစ်နေတဲ့ နိုင်ငံရေးပြိုင်ဆိုင်မှုတွေ၊ ပြည်တွင်းပဋိပက္ခတွေကြောင့် မွတ်စလင်အွမ္မသ်အတွင်း စည်းလုံးညီညွတ်မှုဟာလည်း ပျက်သုဉ်းနေခဲ့ပါတယ်။ အရှေ့ပိုင်း အစ္စလာမ်ကမ္ဘာမှာဆိုရင် တစ်ချိန်က ခန့်ညားထည်ဝါခဲ့တဲ့ အဘ္ဘာစစ်ခလီဖာအုပ်ချုပ်ရေးစနစ်နဲ့ ဆဲလ်ဂျုက်မင်းဆက်တိုရဲ့ နိုင်ငံရေးသြဇာအရှိန်အ၀ါဟာလည်း ကျဆင်းနေပြီး နာမည်သာ ကျန်ပါတော့တယ်။ နောက်ပြီး တစ်ခေတ်တစ်ခါက အာဏာစက်ပြင်းခဲ့တဲ့ အီဂျစ်က ဖာသွီမိုက် ဘုရင့်နိုင်ငံတော်ကလည်း အလားတူအခြေအနေမျိုးပါပဲ။ အစ္စလာမ့်လခြမ်းအင်ပါယာ (အရှေ့အလယ်ပိုင်းဒေသ) နယ်မြေတွေကတော့ ပဒေသရာဇ်နိုင်ငံငယ်လေးတွေအဖြစ် အစိတ်စိတ်အပိုင်းအပိုင်းဖြစ်နေပြီး ဒီနိုင်ငံငယ်လေးတွေက ခေါင်းဆောင်တွေဟာလည်း သူတို့ရဲ့ နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ သြဇာကြီးမားလိုမှုအတွက် မကြာခဏ တိုက်ခိုက်နေကြပါတယ်။

    ခရူးဆိတ်ဒါတွေရဲ့ ခြိမ်းခြောက်မှု
    ————————————-
    ပိုပြီး ဆိုးရွားသွားစေတာက အရှေ့တိုင်း အစ္စလာမ်ကမ္ဘာကို လက်အောက်ခံအဖြစ် သိမ်းသွင်းဖို့ ဥရောပကနေ စစ်ချီလာတဲ့ “ခရူဆိတ်ဒါ” အမည်ရ သြဇာကြီးမားတဲ့ တိုင်းတစ်ပါးရန်သူတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတာပဲ ဖြစ်ပါတယ်။ ဘာမှပြင်ဆင်ထားခြင်းမရှိတဲ့ မွတ်စလင်တွေဟာ ခရူးဆိတ်စစ်သည်တွေရဲ့ အငိုက်ဖမ်းမှုကို ခံလိုက်ရပြီး မြေထဲပင်လယ် ကမ်းရိုးတမ်းတစ်လျှောက် မွတ်စလင်ပိုင် နယ်မြေတစ်ကျောကိုလည်း ပေးအပ်လိုက်ရပါတယ်။ အဲဒီလိုသိမ်းပိုက်ပြီး နောက်ပိုင်းမှာတော့ ခရူဆိတ်ဒါတွေဟာ သူတို့ရဲ့ အကြီးဆုံးဆုလာဘ်အဖြစ် အစ္စလာမ်ရဲ့ တတိယမြောက် အမြင့်မြတ်ဆုံးမြို့တော် အလ်-ကွဒ်စ်(ဂျေရုစလင်) ကို သိမ်းပိုက်ဖို့ ချီတက်လာကြပါတော့တယ်။ တကယ်တော့ ခရူဆိတ်ဒါတွေရဲ့ စုပေါင်းအင်အားနဲ့ တိုက်ရည်ခိုက်ရည်တွေကို ပြန်လည်တုံ့ပြန်ဖို့ ပဒေသရာဇ် နိုင်ငံငယ်လေးများက မွတ်စလင်ခေါင်းဆောင်တွေဟာ အဖြေရှာမတွေခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ သူတို့ဟာ ချေမှုန်းခြင်းခံခဲ့ရပြီး ဂျေရုစလင်ဟာလည်း ခရူးဆိတ်စစ်သည်တွေရဲ့ လက်ထဲကို ကျရောက် သွားခဲ့ပြန်ပါတယ်။ ဂျေရုစလင်မြို့သားတွေ ကတော့ ခရူဆိတ်ဒါတွေရဲ့လက်အောက်မှာ အစုလိုက်အပြုံလိုက် မရှုမလှ အသက်ပျောက်ခဲ့ရပါတယ်။ ခရူဆိတ်ဒါတွေရဲ့ ကျူးကျော်မှု၊ နှိပ်ကွပ်မှုကို မျှော်လင့်ချက်မဲ့စွာ  မွတ်စလင်တွေ ခံစားနေရတဲ့ အဲဒီလိုအချိန်မျိုးမှာ ချွတ်ခြုံကျနေတဲ့ မွတ်စလင်တွေရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးတွေကို ပြန်လည်အဖတ်ဆည်ရေးအတွက် စုလ်သွာန် ဆွလာဟုဒ္ဒီးန် အိုင်ယူဘီ ဆိုတဲ့ သမိုင်းတွင်မယ့် ခေါင်းဆောင်တစ်ဦး ပေါ်ထွက်လာပါတော့တယ်။

    ငယ်စဉ်ဘဝ
    ————
    အနောက်နိုင်ငံများက ဆာလာဒင် လို့သိကြတဲ့ “ဆွလာဟုဒ္ဒီးန် ယူစွပ်ဖ် အစ်ဗနိ အိုင်ယူးဘ်” ကို ခရစ်သက္ကရာဇ် ၁၁၃၇ ခုနှစ်၊ ယခုခေတ် အီရတ်နိုင်ငံ တစ်ကရစ်မြို့မှာ ကာဒ့်နွယ်ဖွားတွေထဲမှ မွေးဖွားခဲ့ပါတယ်။  အိုင်ယူဘီမိသားစုရဲ့ မူလဘူတဟာ ဗဟိုအာရှနိုင်ငံ အာမေးနီးယားက ဖြစ်ပါတယ်။ လက်ရှိ အီရတ်နိုင်ငံမြောက်ပိုင်းနဲ့ တူရကီနယ်မြေဒေသတွေမှာ အခြေချနေထိုင်လာပြီးတဲ့နောက်ပိုင်း အိုင်ယူဘ်မိသားစုဝင်များဟာ ဒေသတွင်းမှာ ထင်ရှားလာကြပါတယ်။ ဆွလာဟုဒ္ဒီးန်ရဲ့ ဖခင်နဲ့ ဦးလေးတို့ ၂ ဦးစလုံးဟာ စူလ်သွာန် အီမုဒ္ဒီးန် ဇန်ဂီရဲ့ နိုင်ငံရေးနဲ့လူမှုရေးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှာ အောင်မြင်တဲ့အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဆွလာဟုဒ္ဒီးန် မွေးဖွားတဲ့နှစ်မှာ ဖခင်ဖြစ်သူ နဂ်ျမုဒ္ဒီးန် အိုင်ယူးဘ်ဟာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်တဲ့ ဟီလီယိုပိုလစ်မြို့ (နောက်ပိုင်းတွင် `ဘာ အာလာဘက်´ဟု အမည်ပြောင်းခဲ့ပြီး ယခုလက်ဘနွန်ပိုင်နက်အတွင်း တည်ရှိသည်) ရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် ဆွလာဟုဒ္ဒီးန် ဟာ လူငယ်ဘ၀ နှစ်တော်တော်များများကို အဲဒီမြို့မှာပဲ ကုန်ဆုံးခဲ့ပါတယ်။ ဖခင်ဖြစ်သူက ဆူဖီဇင်(အစ္စလာမ့် ၀ိပဿနာ)ကို သင်ယူလေ့လာသူတစ်ဦး ဖြစ်တာကြောင့် နာမ်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုရှိကြသော သူ့ရဲ့သူငယ်ချင်း၊ မိတ်ဆွေတွေအတွက် ဆူဖီဝါဒကျင့်ကြံရာ နေရာတစ်ခု (ဇာဝိယဟ်)ကို ဖန်တီးခဲ့ပါတယ်။ အစောပိုင်းနှစ်တွေမှာ ဆွလာဟုဒ္ဒီးန် ဟာ ကုရ်အာန်ကျမ်းတော်မြတ်ကို သင်ယူတတ်မြောက်ခဲ့ပြီး အစ္စလာမ့်သိပ္ပံဆိုင်ရာကိုလည်း စေ့စေ့ငှငှ လေ့ကျင့်သင်ကြားခွင့် ရခဲ့ပါတယ်။ အဲဒီလိုပဲ အရဘီ၊ သဒ္ဒါ၊ စာပေနဲ့ ကဗျာလင်္ကာသီကုံးခြင်းအတတ်ကိုလည်း တတ်မြောက်ခဲ့ပါတယ်။

    စုလ်သွာန် အီမုဒ္ဒီးန် ထီးနန်းစိုးစံနေချိန် အိုင်ယူးဘ်ရဲ့ ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ကြောင့် စုလ်သွာန်ကြီးရဲ့ ချီးမြှင့်မြှောက်စားမှုကို ခံခဲ့ရပါတယ်။ ဒါပေမယ့် စုလ်သွာန်ကြီး ရုတ်တရတ် နတ်ရွာစံပြီးတဲ့နောက်မှာတော့ အိုင်ယူးဘ်တို့ မိသားစုဟာ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာဒုက္ခတွေကို ခါးစည်းခံခဲ့ရတာဟာ – ညီဖြစ်သူ အစဒုဒ္ဒီးန် ရှရ်ခူးဟ် (ထိုစဉ်က ဇင်ဂစ်ထီးနန်းကို ဆက်ခံခဲ့သူ အီမုဒ္ဒီးန်ရဲ့သား နူရုဒ္ဒီးန် မဟ်မူးဒ်၏ လက်အောက်တွင် အမှုထမ်းနေသူ) က ဇင်ဂစ်မင်းဆက် စိုးစံသူအသစ်လက်အောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခံရချိန်အထိပါပဲ။ အမှုထမ်းဖို့ အိုင်ယူးဘ်ရဲ့ သဘောတူညီမှုက နူရုဒ္ဒီးန်ရဲ့ သြဇာလွှမ်းမိုးမှုကို ခိုင်မာတောင့်တင်းစေခဲ့ပြီး အပြန်အလှန်အားဖြင့် နူရုဒ္ဒီးန်ကလည်း နဂ်ျမုဒ္ဒီးန် အိုင်ယူးဘ်ကို သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ဆုလာဘ်အဖြစ် ဒမတ်စကတ်မြို့ အုပ်ချုပ်ရေးမှူးရာထူးကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီအချိန်က ဆွလာဟုဒ္ဒီးန် ဟာ ဆယ်ကျော်သက်အရွယ်ဖြစ်ပြီး နောက်ထပ် ဆယ်စုနှစ်တစ်ခု (၁၁၅၄ မှ ၁၁၆၄ ခုနှစ် အထိ)ကို ဖခင်ဖြစ်သူ တာဝန်ထမ်းဆောင်ရာ ဒမတ်စကတ်မှာ ကုန်ဆုံးခဲ့ရပါတယ်။

    အုပ်ချုပ်ရေးမှူးရဲ့ သားတစ်ယောက်ဖြစ်တာကြောင့် ဆွလာဟုဒ္ဒီးန်ကို လူတိုင်းက အထင်ကြီးလေးစားမှု အပြည့်အ၀ ရှိပါတယ်။ ဒမတ်စကတ်မှာနေထိုင်တဲ့ကာလအတွင်း ဘုရင် နူရုဒ္ဒီးန်ရဲ့ ဘာသာတရားကိုင်းရှိုင်းမှု၊ စံထားလောက်တဲ့ အပြုအမူ၊ အမူအကျင့်တွေကြောင့် ဆွလာဟုဒ္ဒီးန် ဟာ ဘုရင်ကြီးနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ လူတွေရဲ့ အထင်ကြီးလေးစားမှုက အဲဒီဆက်ဆံရေးနဲ့လည်း သက်ဆိုင်နေပါတယ်။

    အစ္စလာမ့်သွန်သင်မှုများနဲ့ လက်တွေ့ကျင့်ကြံမှုအပေါ် နူရုဒ္ဒီးန်ရဲ့ မတွန့်မဆုတ် ယုံကြည်လိုက်နာမှုတွေကို လေးစားအားကျတာကြောင့် ဆွလာဟုဒ္ဒီးန် ဟာလည်း သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို အစ္စလာမ့်အဆုံးအမတွေနဲ့ ကိုက်ညီအောင် ထုဆစ်ပုံဖော်ခဲ့ပါတော့တယ်။ တကယ်တော့ အစ္စလာမ့်စည်းမျဉ်းစည်းကမ်းတွေကို အလေးထားလိုက်နာမှု၊ သူ့ရဲ့စေ့စပ်သေချာတဲ့ အလေ့အကျင့်၊ အံ့မခန်းအရည်သွေးတွေနဲ့ ပေါင်းစပ်လိုက်ရာက နောက်ပိုင်းမှာ အရှေ့တိုင်းရော အနောက်တိုင်းကပါ ချီးကျူးထောပနာပြုခြင်းခံရသူဘ၀ကို ရရှိခဲ့ပါတယ်။ သူ့ကို ဝေဖန်ကြသူတွေတောင်မှ သူရဲ့သူမတူတဲ့ ကြင်နာမှု၊ သဘောထားကြီးမှု၊ သည်းခံခွင့်လွှတ်မှုတွေနဲ့ပတ်သက်ပြီး လေးစားအားကျခဲ့ရပါတယ်။

    ဆွလာဟုဒ္ဒီးန် ဟာ ထည်ဝါခမ်းနားမှုကို မကြိုက်နှစ်သက်ဘဲ  နေ့စဉ်ဝတ်ပြုမှုနဲ့ အခြားသော အိဗာဒဟ် (သာသနာ့ကောင်းမှုဆောက်တည်ခြင်း)တွေ ပြုလုပ်ရင်းနဲ့သာ သူ့ရဲ့အချိန်အများစုကို ကုန်ဆုံးစေခဲ့ပါတယ်။ စုလ်သွာန် နူရုဒ္ဒီးန်လိုပဲ ဆွလာဟုဒ္ဒီးန်ဟာ စည်းစိမ်ယစ်မူးခြင်းတွေ၊ အပျော်အပါးတွေကို ကျောခိုင်းထားပြီး ရိုးရိုးကျင့်၊ မြင်မြင့်ကြံတဲ့ သာမန်ဘ၀တစ်ခုကိုသာ တည်ဆောက်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်အထိ ဆွလာဟုဒ္ဒီးန်ဟာ လာလတ္တံ့သော ကြီးမြတ်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ လက္ခဏာမျိုး ပြသခြင်းမရှိခဲ့ဘဲ သာမန်လူကဲ့သို့ ရှင်သန်ရပ်တည်ခဲ့ပါတယ်။ ဆွလာဟုဒ္ဒီးန်ဟာ သူ့ရဲ့ ကလေးဘ၀နဲ့လူလတ်ပိုင်းဘ၀ အစောပိုင်းကာလတွေမှာ ထူးခြားချက်မရှိတဲ့၊ လုံးဝငြိမ်းချမ်းတဲ့ ဘ၀မျိုးမှာ ရှင်သန်လာရတာကြောင့် အသက်အရွယ်ရင့်ကျက်တဲ့အချိန်ကိုလည်း အေးအေးလူလူဖြတ်သန်းဖို့ သူက မျှော်လင်ခဲ့ပါတယ်။ ဒါပေမယ့် မှောင်အတိဖုံးပြီး အန္တရာယ်များလှတဲ့ ကမ္ဘာ့နိုင်ငံရေးလောကထဲ သူ့အဖို့ ခြေစုံပစ်ဝင်ရောက်ရမယ့်အရေးကို ရုတ်တရက် တွေ့လိုက်ရပါတော့တယ်။

    စင်တော်က ကောက်ပြီ
    ————————-
    ကျန်းမာရေး ချူချာလာတဲ့ ဘုရင်ကြီး နူရုဒ္ဒီးန်ဟာ အိပ်ရာထဲမှာ ဘုန်းဘုန်းလဲခဲ့တယ်။ အဲဒီအချိန်မှာပဲ အဖျက်အမှောင့်တွေလုပ်နေတဲ့ အီဂျစ် ဖာသွိမိုက်ဘုရင့်နိုင်ငံကို စစ်ရေးအရ အရေးယူနိုင်အောင် အခွင့်ပေးဖို့ ဘုရင်ကြီးနူရုဒ္ဒီးန်ကို သူ့စစ်တပ်ရဲ့စစ်ဦးစီးချုပ် ဆွလာဟုဒ္ဒီးန်ရဲ့ဦးလေးဖြစ်သူ ရှရ်ခူးဟ် က ချဉ်းကပ်တောင်းဆိုလာပါတယ်။ အဲဒီအခါမှာ ဘုရင်ကြီးဟာ အနည်းငယ်တွေဝေခဲ့ပေမယ့် အဲ့ဒီအရေးမှာဦးဆောင်ဖို့ စစ်ဦးစီးချုပ် ရှရ်ခူးဟ် ကို ခွင့်ပြုခဲ့ပါတယ်။ ဆွလာဟုဒ္ဒီးန် လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်တဲ့ ရှရ်ခူးဟ်ရဲ့ တပ်တွေက ရန်သူတွေကို ပရိယာယ်ကောင်းကောင်းနဲ့ အနိုင်ယူခဲ့ပြီး ဖာသွိမိုက်တို့ရဲ့ အီဂျစ်ကိုလည်း အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အီဂျစ်ကို သိမ်းပိုက်ပြီး တိုင်းပြည်ကို မစုစည်းနိုင်ခင် ၁၁၆၀ ခုနှစ်မှာ စစ်ဦးစီးချုပ် ရှရ်ခူးဟ် ကွယ်လွန်ခဲ့ပါတယ်။

    ဆွလာဟုဒ္ဒီးန်ဟာ စစ်ပွဲမှာ စိတ်လိုလက်ရလိုက်ပါခြင်းမဟုတ်ပေမယ့် တိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့ ဦးလေးဖြစ်သူက အဓိက ဆုံးဖြတ်ချက်တွေချမှတ်ဖို့ သူ့ကိုအခွင့်ပေးတဲ့အခါမှာတော့ ပီတိဖြစ်ခဲ့ပါတယ်။ ဦးလေးဖြစ်သူကွယ်လွန်တဲ့အခါ  ဒီအရေးကိစ္စတွေကို ကိုယ်တိုင် ကိုယ်တွယ်ဖြေရှင်းဖို့ကလွဲလို့ သူ့မှာ ရွေးစရာမရှိတော့ပါဘူး။ ဒီလိုတာဝန်ယူဆောင်ရွက်ရင်းနဲ့ပဲ ဆွလာဟုဒ္ဒီးန်ဟာ သမိုင်းမှတ်တမ်းမှာ ထူးခြားတဲ့ နေရာတစ်နေရာကို ရယူနိုင်ခဲ့ပါတယ်။ စစ်ဦးစီးချုပ် ရှရ်ခူးဟ် ကွယ်လွန်ပြီး ၃ ရက်မြောက်တဲ့နေမှာပဲ ဖာသွိမိုက်ခလီဖဟ် အလ် အဇစ်က ဦးလေးဖြစ်သူရဲ့နေရာကို ဆက်ခံဖို့ ဆွလာဟုဒ္ဒီးန်ကို ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆွလာဟုဒ္ဒီးန်ကို အလ်-မာလစ်က် အန်-အန်ဆွာရ် ဆိုတဲ့ဘွဲ့ကို အပ်နှင်းပေးခဲ့ပြီး အီဂျစ်ထီးနန်းကို စိုးစံစေခဲ့ပါတယ်။

    အဲဒီအချိန်မှာ ဆွလာဟုဒ္ဒီးန်ဟာ အသက် ၃၀ မျှသာရှိသေးပြီး အီဂျစ်မှာ အာဏာရလိုက်ခြင်းက သူ့ကို ပိုပြီးအားဖြည့်လိုက်သလိုဖြစ်တာမို့ ဆုံးဖြတ်ချက်ခိုင်မာတဲ့၊ အမျှော်အမြင်ရှိတဲ့ နိုင်ငံရေးရာ စီမံခန့်ခွဲသူတစ်ဦး ဖြစ်လာစေခဲ့ပါတယ်။ ဒါပေမယ့် ဆွလာဟုဒ္ဒီးန်ဟာ သူ့ရဲ့ သာမန်ဘ၀ ပုံစံအတိုင်းသာ ဆက်လက်ရှင်သန်နေထိုင်ပြီး အထက်တန်းလွှာဘ၀ရဲ့ အပျော်အပါးတွေကို ရှောင်ဖယ်လို့ သာ နေခဲ့ပါတယ်။ ခေတ်ပြိုင်တွေရဲ့အဆိုအရ ဆွလာဟုဒ္ဒီးန်ရဲ့ ကိုယ်ပိုင်ဘ၀ဟာ အရင်လို သာမန်ပုံစံအတိုင်းရှိခဲ့ပြီး၊ အချိန်ကြာကြာ ၀တ်ပြုမှုနဲ့ တရားဘာဝနာစီးဖြန်းမှုတွေကိုလည်း မပြတ်တမ်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘာသာတရားကိုင်းရှိုင်းပြီး ဥာဏ်အမျှော်အမြင်ကြီးမားတဲ့ ဆွလာဟုဒ္ဒီးန်ဟာ အစ္စလာမ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မွတ်စလင်ကမ္ဘာကို စုစည်းနိုင်ဖို့ မနားမနေ ကြိုးစားခဲ့ပါတယ်။ အဲဒီကြိုးစားမှုကပဲ ခရူဆိတ်ဒါတွေရဲ့ ထိန်းချုပ်မှုအောက်ရောက်နေတဲ့ မြင့်မြတ်တဲ့ ဂျေရူစလင်မြို့ လွတ်မြောက်စေရေး ရည်ရွယ်ချက်နဲ့အတူ သြဇာကြီးမားတဲ့ အရှေ့တိုင်း အစ္စလာမ်အင်ပါယာကို ထူထောင်နိုင်စေခဲ့ပါတယ်။

    “မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က အီဂျစ်ပြည်ကြီးကို ကျွန်တော့်ဆီ ချီးမြှင့်လိုက်တဲ့ အခါ ပါလက်စတိုင်းက ကျွန်တော့်ရဲ့အုပ်ချုပ်မှုအောက် ရောက်လာလိ့မ်မယ်ဆိုတာ သေချာသိခဲ့ပါတယ်´ လို့ ဆွလာဟုဒ္ဒီးန်က နောက်ပိုင်းမှာ ဖွင့်ဟခဲ့ပါတယ်။

    မင်းကောင်းကျင့်ဝတ်နဲ့အညီ
    —————————–
    ဂျေရုစလင်ကို ခရူဆိတ်ဒါတွေရဲ့ လက်အောက်နေ လွတ်မြောက်ရေး စီစဉ်မှုတွေနဲ့ ဆွလာဟုဒ္ဒီးန်က အလုပ်ရှုပ်နေချိန်မှာ အခြားမွတ်စလင်ဘုရင်တွေကတော့ သူတို့ရဲ့ တစ်ကိုယ်ရည်အာဏာအတွက်၊ ပစ္စည်းဥစ္စာအတွက် အချင်းချင်း တိုက်ခိုက်နေကြပါတယ်။ လောကလက်ဆောင်ဖြစ်တဲ့ ဆွလာဟုဒ္ဒီးန်လို ပုဂ္ဂိုလ်မျိုးဟာ အမြဲတစေ ထွက်ပေါ်မလာတတ်ပါဘူး။ လူ့သမိုင်းရဲ့ အရေးပါတဲ့အချိန်မှသာ ပေါ်ပေါက်လာပြီး သူတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ ထင်သာမြင်သာအားအင်ရဲ့ သွင်ပြင်လက္ခဏာတွေက ကမ္ဘာ့သမိုင်းရဲ့လားရာကို ဦးတည်ပြောင်းလဲသွားစေလေ့ရှိပါတယ်။

    အီဂျစ်နိုင်ငံရဲ့ အုပ်ချုပ်သူဖြစ်ပြီးတဲ့နောက် ခရူဆိတ်ဒါတွေကို ဂျေရုစလင်ကနေ နှင်ထုတ်ပြီး အစ္စလာမ့်ဂုဏ်သိက္ခာကို ပြန်လည် ရယူဖို့ဆိုတာဟာ ဆွလာဟုဒ္ဒီးန်ရဲ့  အဓိက နိုင်ငံရေး ရည်ရွယ်ချက် ဖြစ်လာခဲ့ပါတယ်။ မျှော်လင့် မထားကြတဲ့ ခရူဆိတ်ဒါအတွေအပေါ် သူရဲ့အောင်ပွဲက အစ္စလာမ်ကို ရပ်တည်ကာကွယ်ပေးသူပုဂ္ဂိုလ်တစ်ယောက်အဖြစ် သူ့ဂုဏ်သိက္ခာကို ခိုင်မြဲစေခဲ့သလို သူဟာ ကမ္ဘာ့သမိုင်းမှတ်တမ်းမှာ အအောင်မြင်ဆုံး သူရဲကောင်းဘုရင်များအကြား အပါအ၀င် ဖြစ်လာခဲ့ပါတော့တယ်။

    အလ်-မာလစ်က် အန်-အန်ဆွာရ် ဘွဲ့အမည်ရ ဆွလာဟုဒ္ဒီးန်ဟာ အီဂျစ်က အာဏာအမြင့်ဆုံး ရာထူးအလွှာများ အတွင်း ပြုပြင်ပြောင်းလဲမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် စတင်လုပ်ဆောင်ခဲ့ပါတယ်။ သူ့အစိုးရရဲ့ ပြည်သူ့ရေးရာနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ဆောက်ပုံတွေကို ပြန်လည်ဖွဲ့စည်းမွမ်းမံခဲ့ပြီး၊ အုပ်ချုပ်ရေးပိုင်းခြစားသူတွေ၊ လျှို့ဝှက်ကြံစည်နေသူတွေ၊ သစ္စာဖောက်မယ့်သူတွေ အားလုံးကိုလည်း ဖယ်ရှားခဲ့ပါတယ်။ ပြီးတဲ့အခါ သန့်ရှင်းရိုးသားပြီး ဖြောင့်မတ်သူတွေနဲ့ အစားထိုးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဆွလာဟုဒ္ဒီးန်ဟာ ဒမတ်စကတ်မှာရှိနေတဲ့ ဖခင် အိုင်ယူးဘ်ကို အီဂျစ်နဲ့ လာရောက်ပေါင်းစည်းဖို့အတွက် ဖိတ်ခေါ်ခဲ့တယ်။ ဒါ့ကြောင့် အိုင်ယူးဘ်ဟာ အရင်းအချာမဟုတ်တဲ့ သားချင်းတွေ၊ အသိအကျွမ်းတွေ အပါအ၀င် မိသားစုအားလုံးနဲ့အတူ အီဂျစ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။

    နီးစပ်တဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ပထမဆုံးအကြိမ် ၀ိုင်းဝန်းလိုက်တဲ့ ဆွလာဟုဒ္ဒီးန်ဟာ နောက်ဆုံးမှာတော့ အီဂျစ်ရဲ့ အငြင်းပွားဖွယ်မရှိတဲ့ အုပ်ချုပ်သူ ဖြစ်လာပါတော့တယ်။ အီဂျစ်က သူရဲ့သြဇာအာဏာ ခိုင်မာတောင့်တင်းမှုဟာ ပြောစရာမလိုတော့ဘဲ အကျင့်စာရိတ္တပျက်ပြားနေတဲ့ ဖာသွိမိုက်မင်းဆက်ကို ဖျက်သိမ်းခြင်းအပါအ၀င် နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ အကူအညီဖြစ်စေခဲ့ပါတယ်။ (နောက်ဆုံးဘုရင် အလ်-အဇစ် ကွယ်လွန်ပြီးတဲ့နောက်ပိုင်း ဖာသွိမိုက်မင်းဆက် ပျက်သုဉ်းသွားပါတယ်) ပြီးတော့ ဆွလာဟုဒ္ဒီးန်ဟာ ဖာသွိမိုက်မင်းဆက်တွေ သိမ်းပိုက်ထားတဲ့ ဓနဥစ္စာပိုင်ဆိုင်မှုအားလုံးကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် အသုံးပြုခဲ့ပါတယ်။

    ဒါ့အပြင် သူ့ရဲ့ ကြွယ်ဝမှုကို သုံးပုံပုံခဲ့ပြီး ဘဂ္ဂဒတ်က အဘ္ဘာစစ် ခလီဖာနဲ့ ဒမတ်စကတ်က ဘုရင် နူရုဒ္ဒီးန်ကို တစ်ပုံစီပေးပို့ခဲ့တယ်။ ကျန်တဲ့တစ်ပုံကိုတော့ အီဂျစ်ပြည်သူတွေရဲ့ လူမှုဖူလုံရေးအတွက် ပြည်သူ့ဘဏ္ဍာတိုက်ထဲ ထားရှိခဲ့ပါတယ်။ ဆွလာဟုဒ္ဒီးန်ဟာ သူနဲ့ သူ့မိသားစုတွေခံစားဖို့အတွက် မည်သည့်စည်းစိမ်ဥစ္စာကိုမျှ လက်မခံခဲ့ပါဘူး။ သူ့ရဲ့ ကြင်နာမှုနဲ့ ရက်ရောမှုတွေကြောင့် မကြာခင်မှာပဲ ပြည်သူတွေရဲ့မေတ္တာကို ရရှိခဲ့ပါတယ်။ ခြိုးခြံချွေတာတဲ့ သာမန်ဘ၀မှာ နေထိုင်ရတာကို ဆွလာဟုဒ္ဒီးန်က ပိုနှစ်သက်ပြီး ပြည်သူတွေကိုတော့ ဆုလာဘ် များစွာ ချီးမြှင့်သူ ဖြစ်ပါတယ်။ သူကိုယ်တိုင်က ဖာသွိမိုက်ဘုရင်တွေ ငွေကြေးအမြောက် အများ အကုန်ကျခံ တည်ဆောက်သွားခဲ့တဲ့ ခမ်းခမ်းနားနား နန်းတော်တွေမှာနေဖို့ ငြင်းဆန်ခဲ့ပြီး ကိုင်ရိုက သာမန် အိမ်အိုအိမ်ဟောင်းလေးမှာပဲ နေထိုင်သွားခဲ့ပါတယ်။ ဒီအိမ်လေးဟာ အီဂျစ်အုပ်စိုးသူတစ်ဦးရဲ့နေအိမ်ဟာ အလွန်သေးငယ်နေတာကို သူ့အစိုးရအဖွဲ့က တွေ့ရှိသွားတဲ့အခါမှသာ ထိရောက်ချောမွေ့တဲ့ အုပ်ချုပ်ရေးတာဝန်တွေကို ဆောင်ရွက်နိုင်ဖို့အတွက် ရိုးရှင်းခမ်းနားတဲ့အဆောက်အဦးတစ်ခုကို ကိုင်ရိုမှာ ဆောက်လုပ်ခဲ့ကြပါတယ်။

    748px-Saladin_in_Egypt_Conquest

    အင်ပါယာရှင်ဖြစ်ပြီ
    ——————–
    အီဂျစ်ရဲ့သြဇာကို ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ပြီး မကြာခင် ၁၁၇၄ ခုနှစ်မှာ ဘုရင်ကြီး နူရုဒ္ဒီးန် ကွယ်လွန်တဲ့သတင်းကို ဆွလာဟုဒ္ဒီးန်က ရရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆွလာဟုဒ္ဒီးန်က အခြေအနေအချိန်အခါရဲ့လေးနက်မှုကို နားလည်သဘောပေါက်ခဲ့ပြီး ဆီးရီးယားပြည်တွင်း ပဋိပက္ခဖြစ်မှုကို ရှောင်လွှဲဖို့ ဆောင်ရွက်နိုင်ခဲ့တာကြောင့် မဟာဗျူဟာအရ အရေးပါတဲ့ ဆီးရီးယားကိုလည်း အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တူဖြစ်သူ ဖာရူးက် ရှားဟ်ကို ဆီးရီးယားအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့တယ်။ အသက် ၃၆ နှစ်သာရှိသေးတဲ့ ဆွလာဟုဒ္ဒီးန်ဟာ အဲ့ဒီချိန်ကစလို့ ၀န်းကျင်တစ်ခွင်က ဖွတ်ဖွတ်ညက်ကြေနေတဲ့ မွတ်စလင်တိုင်းပြည်တွေကို စုစည်းလဖို့နဲ့ အင်အားတောင့်တင်းလာဖို့အတွက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို စတင်ပါတော့တယ်။ ဆီးရီးယား၊ မက်ဆိုပိုတေးမီးယားဒေသ၊ တူနီးရှား၊ လစ်ဗျား တို့အပါအ၀င် အာဖရိကမြောက်ပိုင်းနဲ့ အာရေဗျကျွန်းဆွယ်အစိတ်အပိုင်းအများစုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး ယီမင်ကိုပါ ရရှိခဲ့ပါတယ်။

    မကြာခင်မှာပဲ ဆွလာဟုဒ္ဒီးန်ဟာ အင်ပါယာကြီးတစ်ခုကို လက်ဝယ်ပိုင်ဆိုင်လာခဲ့ပြီး အဲဒီရဲ့ ရလဒ်ကတော့ အဲဒီခေတ်ကာလမွတ်စလင်ကမ္ဘာရဲ့ အငြင်းပွားဖွယ်မရှိ ခေါင်းဆောင်တစ်ဦး ဖြစ်လာတာပါပဲ။

    မေတ္တာအောင်ပွဲ
    —————-
    သူ့ခေတ်သူ့အခါမှာ သြဇာအကြီးဆုံး မွတ်စလင်ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဆွလာဟုဒ္ဒီးန်ဟာ တကယ်လို့များ ဆန္ဒရှိမယ်ဆိုရင် သူ့ရဲ့ ကျန်ရှိနေတဲ့ဘ၀ကို မပူမပင် မကြောင့်မကြနဲ့ ကုန်ဆုံးဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် ပါလက်စတိုင်းဒေသအပေါ် အဲဒီအခါက တင်းကြပ်စွာအုပ်စိုးထားတဲ့ ခရူဆိတ်ဒါတွေရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေအပေါ် အာရုံစိုက်ခဲ့ပါတယ်။ ပါလက်စတိုင်းဒေသမှာ အခြေခိုင်ပြီးတဲ့နောက် ဒေသတစ်ခုလုံးကို ပျက်စီးအောင် ခရူဆိတ်ဒါတွေ စတင်လုပ်ဆောင်လာခဲ့ပါတယ်။ တစ်ချိန်မှာ ခရူဆိတ်ဒါတွေဟာ မုဟမ္မဒ်သခင်(ငြိမ်းချမ်းပါစေ)ရဲ့ မြို့တော်ဖြစ်တဲ့ မဒီနဟ်ပရ၀ုဏ်နဲ့ အရမ်းနီးကပ်တဲ့နေရာအထိ ချီတက်ခဲ့ကြပြီး စီးနင်းဖို့အထိ ခြိမ်းခြောက်ခဲ့ကြပါတယ်။ မဒီနဟ်ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ခရူဆိတ်ဒါတွေရဲ့ ရိုင်းစိုင်းတဲ့အပြုအမူတွေအကြောင်းကို ကြားသိတဲ့အခါမှာတော့ ဆွလာဟုဒ္ဒီးန်က ဒီတရားမဲ့သူတွေကို သူ့ရဲ့လက်နဲ့ အပြစ်ပေးဆုံးမဖို့ သန္နိဌာန် ချလိုက်ပါတော့တယ်။

    ခရူဆိတ်ဒါတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့အတွက် ဆွလာဟုဒ္ဒီးန်ဟာ အီဂျစ်ကနေ ပါလက်စတိုင်းဒေသကို စစ်ဦးစီးချုပ်အဖြစ်နဲ့ ကိုယ်တိုင်စစ်ချီခဲ့ပါတယ်။ သက္ကရာဇ် ၁၁၈၇ ခုနှစ်၊ ဂယ်လီလေးပင်လယ်အနီး တိုင်ဘာရီယက်စ် လို့ခေါ်တဲ့နေရာမှာ ရန်သူတွေနဲ့ မျက်နှာချင်းဆိုင်မိပြီး ကြောက်မက်ဖွယ်တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပါတယ်။ ဆွလာဟုဒ္ဒီးန်ရဲ့တပ်တွေဟာ ပြင်သစ်စစ်သည်တွေကို ဟာကွက်မရှိ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တယ်။ အချိန်တိုအတွင်း ပြင်သစ်စစ်သည်တွေရဲ့စိတ်ဓာတ်တွေ ချည့်နဲ့သွားကြတယ်။ ကြံရာမရဖြစ်ကြတဲ့ ပြင်သစ်ဗိုလ်ချုပ်အချို့ဟာလည်း သူတို့ရဲ့တပ်တွေကို စွန့်ခွာကြပြီးတဲ့နောက် ပြစ်ဒဏ်ကင်းလွတ်သက်သာအောင် ဆွလာဟုဒ္ဒီးန်ဆီကို တိုက်ရိုက်လာရောက် အသနားခံခဲ့ကြတယ်။ ဒါဟာ ဆွလာဟုဒ္ဒီးန်ရဲ့ အောင်မြင်မှုတွေ တိုးပွားဖို့အတွက် ဖြစ်သွားပါတယ်။

    `ဟစ်တင်´ လို့ခေါ်တဲ့ အဲဒီသမိုင်းဝင်တိုက်ပွဲမှာ ဆွလာဟုဒ္ဒီးန်က ပြင်သစ်ခရူးဆိတ်စစ်သည်တွေကို ကြင်နာမှု၊ သဘောထားကြီးမှု၊ မေတ္တာ ကရုဏာတွေ ပြသခြင်းနဲ့တစ်ကွ သင်ခန်းစာပေးခဲ့ပါသေးတယ်။ အဲဒီကစလို့ ဆွလာဟုဒ္ဒီးန်ရဲ့ အမည်နာမဟာ ရဲရင့်ပြတ်သားခြင်းနဲ့ သူရဲကောင်းဝါဒများရဲ့ ၀ိသေသတစ်ခုအဖြစ် အရှေ့တိုင်းနဲ့ အနောက်တိုင်းတို့မှာ ဟိုးလေးတကျော် ဖြစ်သွားပါတော့တယ်။

    တိုင်ဘာရီယက်စ် အောင်မြင်မှုဟာ ပါလက်စတိုင်းရဲ့ ကျန်ရှိအစိတ်အပိုင်းတွေကို အောင်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ပြင်သစ်တွေ စစ်တပ်ကို ပြန်မစုစည်းနိုင်ခင်မှာပဲ ဆွလာဟုဒ္ဒီးန်ဟာ လျင်လျင်မြန်မြန်နဲ့ လှုပ်ရှားလိုက်တဲ့အခါ – သူခြေမချနိုင်မီ မျိုးဆက် ၃ ဆက်အလျင်က  ခရစ်ယာန်ဘုရားကျောင်းအဖြစ် ခရူးဆိတ်စစ်သည်တွေ အသွင်ပြောင်းခဲ့တဲ့ ဂျေရုစလင် ဗလီဝတ်ကျောင်းတော် အတွင်းမှာ သောကြာနေ့ စုပေါင်းဝတ်ပြုမှုကို ပြန်လည်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဂျေရုဆလင်ကျဆုံးခန်းက ဥရောပတစ်ခွင်ကို တုန်လှုပ်သွားစေတယ်။ မွတ်စလင်တို့လက်က ပြန်သိမ်းဖို့ ဂျာမဏီ၊ ပြင်သစ်နဲ့ အင်္ဂလန် အင်ပါယာပြည့်ရှင်များက စုပေါင်းအင်အားအလုံးအရင်းနဲ့ တက်သုတ်ရိုက်ချီတက်လာတယ်။ ဆွလာဟုဒ္ဒီးန် တစ်ဦးတည်းက ဥရောပရဲ့စုပေါင်းအင်အားကြီးကို တွန်းလှန်ခဲ့ပြီး၊ အစိတ်စိတ်အမွှာအမွှာ ကွဲကြေစေခဲ့ပါတယ်။ ဂျေရုစလင်အပါအ၀င် ပါလက်စတိုင်းရဲ့ ကျန်အစိတ်အပိုင်းတွေကို သိမ်းယူဖို့အတွက် အချိန် သိပ်မကြာခဲ့ပါဘူး။ ပြီးတော့ အဲဒီလို သိမ်းယူမှုကိုလည်း အပြစ်မဲ့သွေးတွေ မြေမကျစေဘဲ ဆွလာဟုဒ္ဒီးန်က ဆောင်ရွက်ခဲ့ပါတယ်။

    ခရူးဆိတ်စစ်သည်တွေ ဂျေရုစလင်ကို ၀င်ရောက်လာစဉ်တုန်းက ရှိသမျှလူတွေအပေါ် ဓားမိုးဆက်ဆံခဲ့လို့ မြို့တစ်ခုလုံး သွေးချင်းချင်းနီခဲ့ရပါတယ်။ ဒါနဲ့ခြားနားစွာ ဆွလာဟုဒ္ဒီးန်ရဲ့ ကြင်နာမှု၊ သဘောထားကြီးမှုနဲ့ စေတနာသဒ္ဓါတရားတို့က ပါလက်စတိုင်း ပြည်သူအားလုံးရဲ့ စိတ်နှလုံးသားတွေကို ညှို့ယူဖမ်းစားနိုင်ခဲ့ပါတယ်။ ခရူးဆိတ် သမိုင်းမှတ်တမ်းပြုစုသူတွေပင်လျှင် ဂျေရုစလင်ပြည်သူတွေပေါ် ပြုမူခဲ့တဲ့ ဆွလာဟုဒ္ဒီးန်ရဲ့ စံထားလောက်တဲ့ အပြုအမူ၊ အမူအကျင့်တွေအတွက် ချီးကျူးဖို့ကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

    ရိုးရှင်းတဲ့ ဘ၀နိဂုံး
    ——————
    ဆွလာဟုဒ္ဒီးန်ရဲ့ ကျေးဇူးကြောင့်ပဲ အစ္စလာမ့်တတိယမြောက် အမြင့်မြတ်ဆုံးမြို့ အလ်-ကွဒ်စ် (ဂျေရုစလင်)ဟာ အစ္စလာမ့်အုပ်ချုပ်မှုအောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့တာဝန်ပြီးတာနဲ့ ဆွလာဟုဒ္ဒီးန်ဟာ ဒမတ်စကတ်ကို ပြန်သွားခဲ့တယ်။ အဲဒီမှာ စာသင်ကျောင်းတွေ၊ ဗလီဝတ်ကျောင်းတော်တွေ၊ ဆေးရုံတွေ အများအပြားကို တည်ဆောက်ခြင်းနဲ့တစ်ကွ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီး အသက် ၅၅ နှစ်မှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါတယ်။ သူ့ရဲ့ ရုပ်ကလာပ်ကိုတော့ ဒမတ်စကတ်က သမိုင်းဝင် အုမိုင်ယဒ် ဗလီဝတ်ကျောင်းတော်ရဲ့ ပရ၀ုဏ်အတွင်း မြှုပ်နှံခဲ့ပါတယ်။ သူစိုက်ပျိုးခဲ့တဲ့ ငြိမ်းချမ်းရေးအသီးအပွင့်ကို ရေရှည်မခံစားခဲ့ရပေမယ့် သူ့ရဲ့ နာမည်နဲ့ ဂုဏ်သတင်း ကျော်စောမှုဟာ မွတ်စလင်ကမ္ဘာနဲ့ အနောက်တိုင်းလောကမှာပါ ယနေ့ထက်တိုင် ပဲ့တင်ထပ်နေဆဲပါ။

    ဒီလို အလွန်ထူးခြားပြောင်မြောက်တဲ့ ကိုယ်ကျင့်တရား၊ အံ့မခန်းအရည်အသွေးရှင် ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဆွလာဟုဒ္ဒီးန်ကို အကျော်ကြားဆုံးနဲ့ သြဇာအလွှမ်းမိုးဆုံး မွတ်စလင်တွေအနက် တစ်ယောက်အပါအ၀င်အဖြစ် သတ်မှတ်တာကတော့ အံ့သြစရာမဟုတ်ကြောင်းပါ…….

    ကိုးကား – ”The Muslim 100” by  Kh. Jamil Ahmad

  • စင်ကာပူနိုင်ငံ၏ ပထမဆုံး သမ္မတ ယူစွတ်ဖ်ဘင်အစ္စဟက် Yusof Bin Ishak

    မေ ၂ ၊ ၂၀၁၄
    M-Media
    ရှာဖွေတင်ပြသူ- ကိုလတ်(တောင်ကြီး)

    singapore

    Yusof Bin Ishak သည်စင်ကာပူနိုင်ငံ၏ ပထမဆုံးသမ္မတတာဝန်ကို 1965 မှ 1970 အထိ ထမ်းဆောင်ခဲ့သည်။ 12 August, 1910 တွင် မလေးရှားနိုင်ငံ Taiping Perak နယ်တွင်မွေးဖွားခဲ့သည်။ မိသားစုဝင် ၉ ဦးအနက်အကြီးဆုံးသားဖြစ်သည်။ ဖခင်မှာ Encik Ishak Bin Ahmad ဖြစ်သည်။ ဖခင်ဖြစ်သူသည် မလေးရှားနိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန်းတွင် ခေတ္တ ဒါရိုက်တာအဖြစ်တာဝန်ယူ လုပ်ဆောင်ပေးခဲ့သည်။

    1923 တွင်ဖခင်တာဝန်ကျသည့်စင်ကာပူတွင် အတူလိုက်ပါနေထိုင်ခဲ့ပြီး Victoria Bridge School တွင် 1923 ဒီဇင်ဘာလအထိပညာသင်ကြားခဲ့သည်။ 1924 တွင် Raffles Institution သို့ဝင်ခွင့်ရခဲ့ပြီး Cambridge School Certificate ကိုဂုဏ်ထူး များစွာဖြင့်အောင်မြင်ခဲ့သည်။ Yusof သည်ကျောင်းသား ဘဝကပင် တက်တက်ကြွကြွနေလေ့ရှိပြီး အားကစားဘက်ကိုလည်း အထူး လိုက်စားခဲ့သည်။ 1933 အငယ်တန်းအလေးမ ပြိုင်ပွဲ၏ ချန်ပီယံဖြစ်သည်။

    10170824_10202422926509842_7375961033095362524_nကျောင်းပြီးခဲ့ပြီးနောက် 1929 တွင်သူငယ်ချင်းနှစ်ယောက်နှင့်အတူ အားကစား မဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။1932 တွင် မလေးရှားနိုင်ငံ၏ ထိပ်သီး သတင်းစာ Warta Malaya တွင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ လုပ်ရည်ကိုင်ရည်နှင့် ပင်ကိုယ် အစွမ်းအစကောင်းမွန်မှုကြောင့် အချိန်တိုအတွင်းမှာပင် လက်ထောက်မန်နေဂျာ အဖြစ်လည်းကောင်း ယာယီအယ်ဒီတာ အဖြစ်လည်းကောင်း ရာထူးတိုးမြှင့်ပေး အပ်ခြင်းခံရသည်။

    1938 တွင်းရာထူးမှနုတ်ထွက်ပြီး သူငယ်ချင်းများနှင့်အတူ Utusan Melayu Press ltd ကိုတည်ထောင်ပြီး Managing Director အဖြစ် တာဝန်ယူခဲ့သည်။ 1942 မှ 1945 အထိ ဂျပန်တို့စင်ကာပူကိုသိမ်းပိုက်ထားစဉ် အတွင်း Malaya သို့တိမ်းရှောင်ခဲ့သည်။ ဂျပန်တို့ လက်နက်ချ ဆုတ်ခွာပြီးမှသာ ပြန်လည်ရောက်ရှိလာပြီး ယင်းကုမ္ပဏီ၏ Managing Director အဖြစ်ပြန်လည် ဦးဆောင်ခဲ့သည်။

    Yusof သည် ပုံနှိပ်မီဒီယာတစ်ခု၏ MD တစ်ယောက်ပင်ဖြစ်နေလင့်ကစား အစိုးရ အဖွဲ့၏ အရေးပါသော အစည်းအဝေးပွဲများကိုလည်း တက်ရောက်ခဲ့ရသည်။ 1948 မှ 1950 အထိ Film Appeal Committee ဝင်ဖြစ်ခဲ့ပြီး Nature Reserve Committee ၏အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်သည်။ 1948 တွင်ဗြိတိန်သို့ First Press Delegation Member တစ်ဦးအနေဖြင့်သွားရောက်ခဲ့သည်။ အစိုးရအစီအစဉ်ဖြင့် ဇနီးသည် Puan Noor Aishah နှင့်အတူ 1963 ဧပြီလတွင် ကမ္ဘောဒီးယားသို့ သွားရောက်လည်ပတ်ခဲ့ပြီး ယင်းလမှာပင် ဆော်ဒီအာရေးဗျ နိုင်ငံ၏ နိုင်ငံတော်ဧည့်သည် အဖြစ်သွားရောက်ကာ ဟာဂ်ျပြုခဲ့သည်။
    images
    1965 July လတွင် စင်ကာပူ တက္ကသိုလ်၏အဓိပတိဖြစ်ခဲ့သည်။ ဘရူနိုင်းဆူလတန် ၏ The Most Esteemed Royal Family Order of Brunei ဂုဏ်ထူးဆောင် ဘွဲ့ကို 1960 November လတွင် ချီးမြှင့်ခြင်းခံခဲ့ရသည်။ 9th August 1965 တွင် စင်ကာပူနိုင်ငံ လွတ်လပ်ရေးရသောအခါ ပထမဆုံးသမ္မတ အဖြစ်ရွေးချယ်ခြင်း ခံခဲ့ရသည်။ 1967 ဒီဇင်ဘာလ တွင်ဒုတိယ သက်တမ်း ၄ နှစ်အတွက်ထပ်မံရွေးချယ်ခံရသည်။

    Yusof Bin Ishak သည် ဇနီးသည် Puan Noor Aishah နှင့် သားတစ်ဦး သမီး နှစ်ဦး ထွန်းကားခဲ့ပြီး 23 November 1970 တွင်ကွယ်လွန်ခဲ့သည်။ စင်ကာပူနိုင်ငံ တွင်ယနေ့သုံးစွဲလျက်ရှိသော ငွေကြေးများ တံဆိပ်ခေါင်းများတွင် Yusof Bin Ishak ၏ရုပ်ပုံကို ဂုဏ်ပြုထည့်သွင်းရိုက်နှိပ်ကာ သုံးစွဲလျက်ရှိကြသည်။