News @ M-Media
Tag: featured
  • မြိတ်မြို့ တည်ငြိမ်အေးချမ်းရေးအတွက် ဘာသာရေးအဖွဲ့၊ နိုင်ငံရေးပါတီများ၊ သက်ဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်မည်။
    မတ်လ ၂၇ ၊ ၂၀၁၃
    1
    မြိတ်မြိုတွင် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာဖြင့် အားလုံးလက်တွဲ ဆောင်ရွက်သွားကြရန် မြိတ်မြိုနယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ အစ္စလာမ်ဘာသာရေး ဆရာများ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊၈၈မျိုးဆက် ကျောင်းသားများနှင့်၂၇.၃.၂၀၁၃ ရက်နေ နေလည် ၁နာရီခွဲ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
    အဆိုပါတွေ့ဆုံပွဲအား မြိတ်မြိုပုလဲလမ်းရှိ အိုလမာအစ္စလာမ်သာသနာ ပညာရှင်များ အဖွဲ့ရုံးခန်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး လတ်တလောမြန်မာနိုင်ငံ အတွင်းဖြစ်ပေါ်နေသော အခြေအနေများနှင့်မြိတ်မြိုပေါ်တွင် ဖြစ်ပေါ်နေသည့် ကောလဟာလများကို အတူ ယှဉ်တွဲကာ ငြိမ်းချမ်းစွာဖြင့် အားလုံးပူးပေါင်းဆောင်ရွက်သွားမည်ကိုဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ အစ္စလာမ်ဘာသာရေးဆရာများ အပါအ၀င်၊မြိတ်မြို့ပေါ်မှ ဗလီဂေါပကများ၊ အိုလမာသာသနာ ပညာရှင်များအဖွဲ့၊အစ္စလာမ်သာသနာရေးရာကောင်စီ ၊မြန်မာမွတ်ဆလင်အမျိုးသားရေးရာအဖွဲ့ချုပ် ၊မြိတ်ခရိုင် ၈၈မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ရဲတပ်ဖွဲ့၊ စရဖ၊ရဲသတင်းတပ်ဖွဲ့ တက်ရောက်ခဲ့ကြပါသည်။
    မြိတ်မြို့တွင်ပြီးခဲ့တဲ့ ညက ဖြစ်ပေါ်ခဲ့သော ကောလဟာလသတင်းများကြောင့် မြို့နေလူထုများ အထိတ်တလန့်ဖြစ်ခဲ့ရပြီး ရပ်ကွက်အလိုက်နေရာတော်များများမှ စုရုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ် စိုးရိမ်သောကဖြစ်တာတွေ သံသယလွန်ကဲမှုတွင်ဖြစ်ခဲ့ပြီး NLD ပါတီဝင်များ၊၈၈မျိုးဆက်ကျောင်းသားတွေနဲ့ ရပ်မိရပ်ဖလူကြီးတွေ အတော်လေးကို လိုက်လံရှင်းပြခဲ့ရပါတယ်။
    လက်ရှိဖြစ်ပေါ်နေမှုများအပေါ် NLD ပါတီရဲ့ သဘောထားများကို မြို့နယ် အတွင်းရေးမှူး ကိုအောင်အောင်မိုး မှ ၄င်းတို့ အနေဖြင့် သက်ဆိုင်ရာပါတီ ရပ်ကျေးရုံးများနှင့် လက်လှမ်းသော ပါတီဝင်များအပေါ်လက်ရှိ ဖြစ်ပွားမှု များ ပါဝင်ပါတ်သက်မှု မပြုလုပ်ရန်၊တိကျသေချာတဲ့ သတင်းများအား စုစည်း ပြီး မြို့နယ်ရုံးနှင့် ဆက်သွယ်မှုပြုလုပ်ပြီးမှသာ ဆက်လက် ပါဝင်ကူညီပေးရန် နှင့် ညွန်ကြားချက်များအတိုင်းသာ ဆောင်ရွက်ပေးရန်ကို ဖုန်းအဆက်သွယ်ဖြင့် ပြောပြထားပြီး ဖြစ်ကြောင်း၊ လာမည့်နေ့တွင်လည်း ပါတီရဲ့ သဘောထားထုတ်များနှင့် ညွန်ကြားချက်များကို ဆက်လက်ထုတ်ဝေပြီး အဓိကရုဏ်းမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ အဖွဲ့အစည်း အသီးသီး ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပါသည်။
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြိတ်မြို့ FB စာမျက်နှာ သတင်းထုတ်ပြန်ချက်ဖြစ်သည်။
  • မငိုပါနဲ့ တိတ်ပါတော့ သျှိသျှားရယ်
    မတ်လ ၂၈ ၊၂၀၁၃
    ရေးသူ- ကိုလေး
    maite lar
    အဲ့ဒီကန်ကြီးကို
    ကလိယုတ်သက္ကရာဇ် ၃ ခုနှစ်က
    အာကာရဋ္ဌမင်းကြီးနဲ့နောက်ပါဗိုလ်ခြေလေးသိန်းကျော်က
    စတင်ဖန်ဆင်းတည်ထောင်ခဲ့တယ်။
    ကန်ပတ်လည်သျှိသျှားပင်တွေနဲ့
    မြတ်စွာဘုရားရဲ့သားတော်
    အရိယာဝိဇ္ဇာ၊ ရဟန္တာမထေရ်မြတ်ကြီးတွေ
    သျှိသျှားသီးသုံးဆောင်ပြီး အဲ့ဒီကန်ကရေကိုသောက်ခဲ့လို့
    သျှိသျှားကန်လို့ ခေါ်ခဲ့တယ်။
    သျှီသျှားကန်ကြီးကို
    မင်းပေါင်း ၁၇မင်း ခေတ်အဆက်ဆက် ပြုပြင်ဆည်ဖို့ခဲ့တယ်။
    ကန်ပတ်လည် သမိုင်းဝင် စေတီ ၃၂ ဆူ၊
    သိမ် ၉သိမ်၊ ဂူ ၉လုံး၊ ကုန်း ၉ကုန်း၊ အင်း ၉အင်း၊ အိုင် ၉အိုင်
    ၉ပါးမကတဲ့ အံ့ဖွယ်ရာများလည်းရှိသေးတယ်။
    ရာဇာဘိသိက်၊ မုဒ္ဓါဘိသိက် ဘိသိက်ငါးပါးခံယူလိုတိုင်း
    အဲ့ဒီသျှိသျှားကန်တော်ရေကို ဘိသိက်တော်ရေစင်အဖြစ် သုံးစွဲခဲ့ကြတယ်။
    ကျုပ်မသိတာတွေလည်း ရှိဦးမယ်။
    ကာဠာဝကကန်၊ သျှိသျှားကန်၊ မင်္ဂလာကန်၊ မေတ္တာကန်၊ ကန်တော်မင်္ဂလာ
    နာမည်အမျိုးမျိုးနဲ့ကျော်ကြားခဲ့တဲ့ အဲ့ဒီကန်ကြီးကို
    အနော်ရထာမင်းကြီးက
    ပုပ္ပါးတောင်ခြေနဲ့ ထိခြင်း၊ စပ်ခြင်းရှိမရှိ
    ကြည့်ခိုင်းတဲ့ မြင်းသည်တော်တင်လျှောက်တဲ့
    မထိလာပါ ဆိုတဲ့စကားကိုကိုအစွဲပြုပြီး
    မထိလာကန် လို့ ပြောင်းလဲသမုတ်တော်မူခဲ့ရာက
    ကာလရွေ့လျားပြီး မိတ္ထီလာကန်တော် လို့ ဖြစ်လာသတဲ့။
    ဟုတ်တယ် အဲ့ဒီကန်တော်ရှိနေရာတ၀ိုက်က မိတ္တီလာမြို့လို့ခေါ်တယ်။
    အထက်တန်းကျောင်း၊ တက္ကသိုလ်
    ပြည်သူ့ဆေးရုံ၊ စစ်တပ်
    စစ်ဆေးရုံ၊ လေတပ်ပညာသင်ကျောင်း
    စက်မှုဇုန်တွေရှိတယ်။
    ဆက်သွယ်ရေး၊ စီးပွားရေးအချက်အချာကျလို့
    နယ်ပေါင်းစုံက၀င်ထွက်သွားလာနေတဲ့
    မတစ်ထောင်သားတွေကို
    နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ
    လက်ခံဆက်ဆံလာတဲ့ မိတ္ထီလာသားတွေ
    ဆက်ဆံရေးမညံ့ဖျင်းဘူး။
    လူရိပ်လူကဲမခတ်တတ်လောက်အောင် မတုံးကြဘူး။
    မိတ္ထီလာသားဆိုရင် ကန်ရေသောက်မြက်ခြောက်စားလို့
    နင့်နင့်သီးသီး ကျီစယ်တာတောင်
    အမူအယာမပျက်၊ စေတနာမပျက်၊ အခင်မင်မပျက်
    အိမ်ပေါ်တင်ထမင်းကျွေးမပျက်ဘဲ
    လည်ပင်းဖက်ပေါင်းခဲ့ကြသူတွေပါ။
    လူဖြစ်စကတည်းက
    ခင်ဗျားနာမည် နားမှာ ရင်းနှီးခဲ့တယ်။
    ကျနော်တို့ကမသိသေးဘူး
    ခင်ဗျားက သိနေခဲ့တယ်။
    ကျနော်တို့မလာခင်ထဲက ခင်ဗျားကကြိုနေခဲ့တယ်။
    ခင်ဗျားနာမည်ကို ချိုမြိန်သာယာတဲ့အသံလေးနဲ့ မိတ်ဆက်ပေးသူတွေက
    ဘုရားနဲ့တဂိုဏ်းထဲထား ၉လလွယ် ၁၀လွယ်ဖွား
    မာတာမိခင်ကျေးဇူးရှင်တွေပါ
    အသက်နဲ့ရင်းပြီးချစ်တဲ့ သူ့သားသမီးလေးတွေရဲ့ငိုသံကိုမခံနိုင်ရှာလွန်းလို့
    (စိတ်မကြည်သာ ငိုကြွေးသံတော်ပျောက်မည်ပ မိထ္ထီလာ အိုလေး ကန်တော်အောက်ဆီက ဖားကောက်လို့ မြန်မြန်လာ ဟေ့) ဆိုပြီး သံချိုအေးအေးလေးနဲ့ ငိုသံတွေတိတ်
    မျက်လုံးကိုပိတ် နှစ်နှစ်ခြိုက်ခြိုက်အိပ်စေခဲ့တယ်လေ။
    အမေ့ဝမ်းကကျွတ်လို့
    မိတ္ထီလာဆိုတာ ဘာမှန်းမသိခင်ကတည်းက
    ခင်ဗျားက ကျုပ်တို့ဆီအရောက်
    လာရောက်နှုတ်ဆက်ခဲ့တာလေ။
    မိတ္ထီလာရေ အို……. မိတ္ထီလာ
    မိခင်တွေရဲ့သံချိုအေးနဲ့ မေတ္တာတရားတွေထုံလွှမ်းနေတဲ့
    ခင်ဗျားနာမည်ဟာ လာခြင်းကောင်းတဲ့နာမည်ပါ။
    ခင်ဗျားနာမည်ဟာ မျက်ရည်တွေကိုပဲ သုတ်ပေးခဲ့တာပါ။
    ခင်ဗျားနာမည်မှာ ရာဇ၀င်၊ သမိုင်းတွေစီးဝင်နေတယ်
    ခင်ဗျားနာမည်မှာ ယဉ်ကျေးမှုတွေစီးဝင်နေတယ်
    ခင်ဗျားနာမည်မှာ မေတ္တာတရားတွေစီးဝင်နေတယ်
    ခင်ဗျားနာမည်မှာ ချစ်ခြင်းတရားတွေသာစီးဝင်လို့
    ခင်ဗျားကိုသိသိ မသိသိ
    ခင်ဗျားရင်ခွင်ထဲကို ရောက်ရောက်မရောက်ရောက်
    မွေးမိခင်ကိုသတိရမိသူတိုင်း
    ခင်ဗျားနဲ့ တနည်းတဖုံတော့ ပါတ်သက်သွားတာပဲ မိတ္ထီလာ။
    မွေးမိခင်လိုပဲ နွေးထွေးစေခဲ့တာပါ မိတ္ထီလာ။
    မိတ္ထိလာရေ…… မိတ္ထီလာ
    ခုတော့ ခင်ဗျားသိပ်ရှက်သွားပြီလား
    ခုတော့ ခင်ဗျား ခေါင်းမဖော်ဝံ့တဲ့ဘ၀ရောက်သွားပြီလား
    အယုတ်၊အလတ်၊အမြတ်မရွေး ပွေ့ဖက်ထားတဲ့
    ခင်ဗျားရဲ့ရင်ခွင်ထဲက
    မိတ္ထီလာမြို့သား အပြစ်မဲ့မွတ်စလင်တွေကို
    ရက်ရက်စက်စက်သတ်တဲ့ပွဲ
    မျက်စိနဲ့တပ်အပ်မြင်လိုက်ရတဲ့
    မိတ္ထီလာမြို့သား၊ စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်
    ကိုကျော်ကျော်ရဲ့ ယောကျာ်းကြီးတန်မဲ့
    ငိုကြီးချက်မနဲ့ ရင်ဘတ်စည်တီးတဘုန်းဘုန်းထုပြီး
    ဘာသာမတူတဲ့ မိတ္ထီလာမြို့သား
    အပြစ်မဲ့မွတ်စလင်များကို သူ့မျက်စေ့အောက်တင်
    ခွေးလိုဝက်လိုသတ်သွားတယ်လို့
    ခင်ဗျားရဲ့ဝိဥာဉ်တွေပူးကပ်ပြီး
    နာနာကျည်းကျည်းနဲ့
    အမှန်တရားကိုရင်ဖွင့်သွားတာလား မိတ္ထီလာ။
    ၈လေးလုံး၊ တရုတ်အရေးအခင်းထက် အဆပေါင်းများစွာဆိုးရွား
    လူလယ်ခေါင်မှာပိုးစိုးပက်စက်သတ်သွားကြလို့
    ခင်ဗျားရဲ့ကန်တော်စောင့်နတ်ကောင်းနတ်မြတ်တွေ
    ကြက်သေသေပြီး ကြည့်နေခဲ့တာလား မိတ္ထီလာ။
    ဆုတောင်းသံတွေဆူညံနေသလောက်
    ရှိသမျှဘုရားသခင်အပေါင်း
    ငဲ့စောင်းမကြည့်နိုင်လောက်အောင် ခရီးလွန်နေလို့
    ကန်တော်သမိုင်းအဆက်ဆက်ဆက်က
    သူတော်စင်သူတော်ကောင်းတွေကိုတိုင်တည်ပြီး
    ခင်ဗျားဝိဥာဉ်တွေဝင်စီး ငိုကြီးချက်မနဲ့
    ရင်ဖွင့်ပြသွားတာလား မိတ္ထီလာ။
    ခင်ဗျားရင်ခွင်ထဲက သားသမီးတွေရဲ့
    အသက်တွေကို မကယ်လိုက်နိုင်လို့
    ကြေကြေကွဲကွဲ ငိုညည်းနေပြီလား မိတ္ထီလာ။
    အပြစ်မဲ့ အစ္စလာမ်ဘာသာရေးကျောင်းသားလေးတွေ
    အပြစ်မဲ့ အစ္စလာမ်ဘာသာကိုးကွယ်သူတွေကို
    လမ်းလည်ခေါင်မှာ အစုလိုက်အပြုံလိုက်သတ်
    သေပြီးတာတောင် ပိုးစိုးပက်စက် မီးရှို့ခံလိုက်ရတာ
    ခင်ဗျား ရင်နာနာနဲ့ တောက်ခတ်ပြီးကြည့်နေရတာလား မိတ္ထီလာ။
    လင်သေ၊ သားသေ၊ မိဘသေ၊ ဘိုးဘွားတွေသေတဲ့
    အပူသည်တွေရဲ့မျက်ရည်ကိုသုတ်မပေးနိုင်လို့
    သုသာန်တစပြင်လို့ဖြစ်သွားတဲ့ကြားက
    ခင်ဗျား ရင်ကွဲနာကျနေပြီလား မိတ္ထီလာ။
    ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ
    အကြမ်းဖက်ဗုဒ္ဓဘာသာဂိုဏ်းသစ် ၉၆၉ကြောင့်
    စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင် မိတ္ထီလာသားတွေကို
    လူသတ်ကောင်နာဇီတွေအဖြစ်
    လူယုတ်မာအစွန်းရောက်တွေအဖြစ်ဖော်ပြခံနေရလို့
    အစွန်းရောက်အကြမ်းဖက်ဗုဒ္ဓဘာသာဝင်တွေအဖြစ်
    ကမ္ဘာ့တံတွေးခွက်မှာပက်လက်မျောနေလို့
    ခင်ဗျားအရှက်ကြီးရှက်ဖြေမဆည်နိုင် ဆို့နင့်နေပြီလား မိတ္ထီလာ။
    တချိန်ကဂူးဂဲလ်မှာ မိတ္ထီလာလို့ရိုက်လိုက်တာနဲ့
    ခင်ဗျားဂုဏ်ကိုဆောင်ခဲ့တဲ့ မိတ္ထီလာကန်
    ခင်ဗျားဂုဏ်ကိုဆောင်ခဲ့တဲ့ သားချော့တေး
    ခင်ဗျားဂုဏ်ကိုဆောင်ခဲ့တဲ့ ၀န်ဇင်းမင်းရာဇာ
    ခင်ဗျားဂုဏ်ကိုဆောင်ခဲ့တဲ့ ဦးရာဇတ်
    ခင်ဗျားဂုဏ်ကိုဆောင်ခဲ့တဲ့ ထီလာစစ်သူ
    အံ့မခန်းတဲ့သမိုင်းကောင်းတွေ အပြိုင်းအရိုင်းတက်လာခဲ့တာပါမိတ္ထီလာ။
    သဒ္ဒါမှာ ရှင်မဟာကစ္စည်း၊ ကဗျာမှာ ရှင်မဟာသီလ၀ံသတည်း လို့ကျော်ကြားခဲ့တဲ့
    ပေလေးပင်ရှင်လေးပါး အကျော်အမော်တပါးဖြစ်တဲ့
    ရှင်မဟာသီလ၀ံသရဲ့ သျှိသျှားကန်တော်ဘွဲ့ဆိုတာ
    ဂူးဂဲလ်ကျေးဇူးနဲ့ ကျုပ်သိခဲ့ရတာပါ မိတ္ထီလာ။
    ကျုပ်တို့မသိသေးတဲ့ ခင်ဗျားရဲ့ ရာဇ၀င်သမိုင်းအချက်အလက်တွေကို
    ခေါင်းမော့ဂုဏ်ယူဖွယ်ရာစာမျက်နှာတွေပဲထုတ်ပေးခဲ့တယ် မိတ္ထီလာ။
    သိပ်ဂုဏ်ပြောင်လွန်းတဲ့ မိတ္ထီလာပေါ့။
    အခုတော့ ဂူးဂဲလ်မှာ မိတ္ထီလာလို့ရိုက်လိုက်ရင်
    အဓိကရုဏ်း၊ မီးလောင်၊ လူသတ်မှု၊ အရေးပေါ်အခြေအနေ၊
    အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်မှု၊ သေဆုံး၊ ပဋိပက္ခတွေနဲ့
    လက်နက်ကိုင်စွဲထားတဲ့ အရည်ကြီးရှင်ယောင်တွေ
    မီးလောင်နေတဲ့ဗလီတွေ၊ နာဇီလူသတ်ခန်းတွေကိုအပို့ခံရတဲ့ဂျူးတွေလို
    လက်မြှောက်ပြီးထွက်လာတဲ့ အပြစ်မဲ့အမျိုးသမီးနဲ့ကလေးသူငယ်တွေကို
    ရဲတွေကြားကနေ လူမဆန်အောင်ခဲနဲ့ပေါက်နေတဲ့ ဗွီဒီယိုတွေနဲ့
    သျှိသျှားရာဇ၀င်တလှည့် အပြစ်မဲ့အသတ်ခံရသူတွေတလှည့်
    ဦးရာဇတ်တလှည့် သူလိုဘာသာဝင် ကုလားအလောင်းတွေတလှည့်
    ထီလာစစ်သူတလှည့် အရည်းကြီးရှင်ယောင်ပုံတွေတလှည့်နဲ့
    ရှက်ရွံ့ဖွယ်စာမျက်နှာတွေထုတ်ပေးနေတော့
    ကမ္ဘာ့အလယ်မှာ ခင်ဗျားအရှက်သည်း ကြေကွဲနေပြီလား မိတ္ထီလာရယ်။
    လွတ်လိုလွတ်ငြား အားကိုးအားထားနဲ့
    ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တင်မကဘူး
    ဘုရားရှင်ပုံတော်လေးကပ်ပြီး
    သာသနာ့အလံလေးကိုင်လို့ ထိတ်လန့်နေရှာတဲ့
    အမယ်အိုရဲ့ဆိုင်ကို
    အနော်ရထာမင်းလက်ထက်က
    မာရ်နတ်ထက်ယုတ်တဲ့ အရည်းကြီးရှင်ယောင်တွေနဲ့
    ၉၆၉ ခွေးကောင်တွေက
    လက်ခမောင်းခတ် လုယက်ဖျက်စီးခံလိုက်ရတာ
    မျက်ရည်ပိုးပိုးပေါက်ပေါက်ကျအောင်
    ခင်ဗျားမယုံနိုင်အောင်ရင်နာသွားလား မိတ္ထီလာ။
    သားရဲမရဲစီးနေတဲ့ မိစ္ဆာကောင်တွေကြားမှာ
    ကြမ္မာဆိုးမ၀င်ဘူးထင်နေရှာတဲ့
    ၁၃နှစ်သား ကျောင်းသားလေးက
    အမေသားဘာမှမဖြစ်ဘူး စိတ်မပူနဲ့နော်ဆိုတဲ့
    ဖုန်းသံလေးအဆုံး ပိုးစိုးပက်စက်
    အပိုင်းပိုင်း အသတ်ခံလိုက်ရတာ
    ကြားရတဲ့လူတွေတောင် ဆို့နင့်ကုန်တယ် မိတ္ထီလာရယ်။
    လက်နက်ကိုင်ရဲတွေကို လက်နက်ကိုင်ပြီးလက်ညှိုးထိုးနေတဲ့
    အကြမ်းဖက်အစွန်းရောက်ဗုဒ္ဓဘာသာအရေခြုံ
    လူယုတ်မာ ၉၆၉ ရှင်ယောင်တွေကြောင့်
    ကမ္ဘာ့အလည်မှာ စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်တွေ
    မျက်နှာမဖော်ရဲတဲ့ဘ၀ရောက်ကုန်တာ
    ခင်ဗျားမှာ ဖြေစရာရှိရဲ့လား မိတ္ထီလာ။
    အဲ့ဒီ ၉၆၉ ကောင်တွေဟာ အာဖဂန်က ဗုဒ္ဓရုပ်ပွားတော်ကြီးကို
    ဒိုင်းနမိုက်နဲ့ဖြိုခွဲဖျက်ဆီးလိုက်တဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေနဲ့
    တစ်ဂိုဏ်းတည်းပဲ မိတ္ထီလာ။
    ခင်ဗျားရဲ့ ဖြတ်သန်းခဲ့တဲ့ ရာဇ၀င်အဆက်ဆက်၊ သမိုင်းအဆက်ဆက်
    ခေတ်အဆက်ဆက်က ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ အရိပ်အောက်မှာ
    ငြိမ်းချမ်းထည်ဝါစွာတည်ဆောက်ခဲ့တဲ့
    ခင်ဗျားရဲ့အစဉ်အလာဂုဏ်သိက္ခာတွေကို
    ၂၀.၃.၂၀၁၃ ဆိုတဲ့ သက္ကရာဇ်တစ်ရက်မှာ
    ထမိန်ခြုံပြီး ချီးစားနေတဲ့ အောက်လမ်းခွေးငမိုက်
    ဗုဒ္ဓဘာသာအကြမ်းဖက်အစွန်းရောက်တသိုက်
    နာဇီလက်သစ် ၉၆၉ ဂိုဏ်းသားငမိုက်တွေက
    ၁၁မီး စုံမြှိုက် ၃ရက်အတွင်း ချေမွဖျက်ဆီးပစ်လိုက်တာ
    နောင်ခေတ်အဆက်ဆက်၊ ရာဇ၀င်အဆက်ဆက် လက်ညှိုးထိုးခံဘဝ
    မရှုမလှရှုံ့ချခံဘ၀ကို ရောက်သွားတာ
    ခင်ဗျားဘယ်လိုများ ပြန်တည်ဆောက်မှာလဲ မိတ္ထီလာရေ………………………………….။
    မိတ္ထီလာရေ မငိုပါနဲ့မိတ္ထီလာရေ
    လူမမယ်လေးတွေကို ချော့မြှူလို့ မျက်ရည်တိတ်စေတဲ့ မိတ္ထီလာရေ……..
    လူမမယ်လေးတွေခင်ဗျားမသိခင်ကတည်းက ခင်ဗျားကအရင်
    ကြိုတင်နှုတ်ဆက်ခဲ့ပြီး ဖော်ရွေလှတဲ့မိတ္ထီလာ
    သားချော့တေးမှာ သွေးစက်လက်စွန်းခဲ့ရတဲ့ မိတ္ထီလာရေ
    ခင်ဗျားမျက်ရည်တွေကိုသုတ်ပေးဖို့
    နာကျည်းငိုရှိုက်သံတွေနဲ့မောပန်းနွမ်းနယ်နေတဲ့ခင်ဗျားကိုနှစ်သိမ့်ဖို့
    မိတ္ထီလာချော့တေးဆိုတာ မရှိဖူးပေမဲ့
    ဗုဒ္ဓဘာသာစစ်စစ် လူပီသတဲ့လူတွေ
    လူကိုလူလို့မြင်တဲ့ ခင်ဗျားရင်သွေး မိတ္ထီလာသားရဲ့လုပ်ရပ်က
    ခင်ဗျားဖြေသာစရာ ကျန်ပါသေးတယ်။
    သူတို့ကခင်ဗျားအရိပ်ကိုခိုနေတဲ့ ခင်ဗျားရင်သွေး
    တမြေတည်းတရေတည်းကဘာသာမတူတဲ့မွတ်စလင်တွေကို
    လူသားအသိစိတ်၊ လူသားစိတ်ဓာတ်
    လူပီသစွာ အကြင်နာတရားတွေနဲ့ ကယ်တင်ပေးခဲ့သေးတယ် မိတ္ထီလာ
    အသက်နဲ့ရင်းပြီးကာကွယ်ပေးခဲ့ပါတယ်မိတ္ထီလာ။
    လက်မြှောက်ပြီးထွက်လာတဲ့ အစ္စလာမ်ဘာသာဝင်လူအုပ်စုကြီးကို
    တမြို့တည်းသား ဗုဒ္ဓဘာသာဝင်စစ်စစ် ကိုမင်းသန့်အောင် က
    မခံစားနိုင်တော့လို့ လက်ထဲက တုတ်ကိုပစ်ချပြီး
    ရေတွေတိုက်ကျွေးနှစ်သိမ့်ခဲ့တယ်ကြားရတာ
    ကျုပ် မျက်ရည်ပေါက်ပေါက်ကျမိတယ် မိတ္ထီလာ။
    ကြည့်စမ်း မိတ္ထီလာ
    သူတို့လုပ်ရပ်က ခင်ဗျားရဲ့သားသမီးစစ်စစ်
    ဗုဒ္ဓဘာသာဝင်စစ်တွေဖြစ်ကြောင်း သက်သေပြခဲ့တာပါ မိတ္ထီလာ။
    အဲ့ဒီပုဂ္ဂိုလ်တွေကိုလည်း ဘယ်တော့မှ မမေ့ဘူးမိတ္ထီလာ။
    အကြမ်းဖက်အစွန်းရောက် ၉၆၉ ဗုဒ္ဓဘာသာဂိုဏ်းသစ်ရဲ့
    ရက်စက်ယုတ်မာမှုတဲ့လုပ်ရပ်တွေကိုပြောတိုင်း
    မွန်မြတ်တဲ့ဗုဒ္ဓဘာသာဝင်စစ်စစ်တွေရဲ့ လုပ်ရပ်တွေကိုပြောဖို့လည်း
    ကျုပ်တို့မမေ့ဘူး မိတ္ထီလာ။
    ကမ္ဘာကလည်း မမေ့ဘူး မိတ္ထီလာ။
    ခင်ဗျားမှာ လူစိတ်ရှိတဲ့ ဂုဏ်ယူစရာ ရင်သွေးတွေ
    အသက်အန္တရာယ်နဲ့ရင်းပြီး ခင်ဗျားဂုဏ်သိက္ခာကိုကယ်တင်ခဲ့တဲ့
    ခင်ဗျားရဲ့ရင်သွေးတွေ အများကြီးကျန်ပါသးတယ် မိတ္ထီလာ။
    ဗုဒ္ဓဘာသာအကြမ်းဖက်အစွန်းရောက်လို့ အပြောခံလိုက်ရလို့
    အသဲတဆတ်ဆတ်ခါသွားတဲ့
    ဗုဒ္ဓဘာသာဝင်စစ်စစ်တိုင်း
    ၉၆၉ ဆိုတဲ့ အကြမ်းဖက်အစွန်းရောက်
    လူမဆန်တဲ့ဗုဒ္ဓဘာသာဂိုဏ်းသစ်ကို
    ဆန့်ကျင်ကန့်ကွက်ကုန်တာ ခင်ဗျားသိမှာပါ မိတ္ထီလာ။
    မိတ္ထီလာရေ မိတ္ထီလာ
    ခင်ဗျားကိုတိုင်တည်လို့မှမဆုံးခင်
    တစ်မြို့ပြီးတစ်မြို့၊ တနယ်ပြီးတနယ်မှာ
    ဗလီဝတ်ကျောင်းတော်တွေ တလုံးပြီးတလုံး ဖျက်ဆီးခံနေပြီ မိတ္ထီလာ။
    ခင်ဗျားရင်သွေးတွေလိုပဲ ကံဆိုးမိုးမှောင်ကျတဲ့အပြစ်မဲ့နယ်သူနယ်သားတွေ
    ဘာသာတရားကွဲပြားတာနဲ့ပဲ ခွေးလိုဝက်လို အသတ်မခံရအောင်
    အသက်လုပြေးနေရပြီ မိတ္ထီလာရေ။
    ဝေဒနာတွေထပ် သန်းခေါင်ထက်နက်နေကြပြီ မိတ္ထီလာရေ။
    ဟေ့ကောင်ကလေး ကမ္ဘာပေါ်မှာ မြန်မာပြည်ဟာ
    အယဉ်ကျေးဆုံးတိုင်းပြည်တစ်ခုပါ တဲ့
    အဲ့ဒါ စာထဲမှာဘဲ လူကြားကောင်းရုံရှိတော့တယ် မိတ္ထီလာ။
    အို့… အေ့.. အေးးး အေးးး အို
    မိတ္ထီလာရေ ……………. မိတ္ထီလာ
    မိငိုပါနဲ့ တိတ်ပါတော့ မိတ္ထီလာရေ
    ကျနော်ကဗျာသမားစာသမားမဟုတ်ဘူး မိတ္ထီလာ
    ဒါပေမဲ့ မိတ္ထီလာရေ
    အို အို အေ အေ မိတ္ထီလာသားချော့တေးနဲ့
    ကြီးပြင်းခဲ့ရတဲ့ကောင်ပါ မိတ္ထီလာ။
    အခုမရေးတတ်ရေးတတ်နဲ့
    ပိုးစိုးပက်စက်အသတ်ခံရတဲ့သတင်းဓာတ်ပုံတွေနဲ့
    ခင်ဗျားအတွက် ဆို့နင်နေတဲ့ခံစားချက်တွေကို လက်ထိုးအန်ချလိုက်တာပါ မိတ္ထီလာ
    ခင်ဗျားရင်သွေးသားသမီးတပြုံတမကြီးရှေ့မှာ
    ထမိန်ခြုံကြောင်သူတော်တသိုက်ရဲ့ ပိုးစိုးပက်စက်မုဒိမ်းကျင့်မီးမြှိုက်လိုက်ကြတဲ့
    ကိုယ်မေကိုယ်ရိုး ၉၆၉ ခွေးဆိုးတွေအတွက်တော့
    ဟော့ဒီစကားတစ်လုံးတလုံးတိုင်းက
    အောင်ဝေး တခွန်းအဖြစ် ကျုပ်ရည်စူးတယ် မိတ္ထီလာ။
    အဲ့ဒီကောင်တွေ အသက်ရှည်ဖို့ ကျုပ် ဆုတောင်းလိုက်တယ် မိတ္ထီလာ။
    စစ်မှန်ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာရဲ့ ကောင်းခြင်းအဖြာဖြာကို တိုင်တည်ပြီး
    လူမျိုးဘာသာမရွေး၊ အယုတ်အလတ်အမြတ်မရွေးအပေါ်မှာ
    အကြင်နာတရားကြီးမားလှတဲ့ ခင်ဗျားရဲ့ဂုဏ်သိက္ခာတွေကိုတိုင်တည်ပြီး
    သျှိသျှားကန်တော်ကြီးရဲ့ရာဇ၀င်အဆက်ဆက်
    သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက်က
    နတ်ကောင်းနတ်မြတ်တွေ၊ မင်းကောင်းမင်းမြတ်တွေကိုတိုင်တည်ပြီး
    ခင်ဗျားရင်ခွင်ထဲမှာ ခွေးလိုဝက်လိုပိုးစိုးပက်စက်အသတ်ခံလိုက်ရတဲ့
    ခင်ဗျားရဲ့ရင်သွေးတွေကိုတိုင်တည်ပြီး
    ဒုက္ခသောကမီးပူပေါင်းများစွာနဲ့ ကျန်ရစ်ခဲ့တဲ့ ဘာသာပေါင်းစုံက
    လင်သေသားသေမိဘသားသမီးအပေါင်းရဲ့ ကြေကွဲဝမ်းနည်းမှုတွေကို တိုင်တည်ပြီး
    လူသားအားလုံးရဲ့ ပူပန်သောကဝေဒနာတွေကိုတိုင်တည်ပြီး
    ကျုပ် ကျိန်စာတိုက်လိုက်တယ်မိတ္ထီလာ
    ခင်ဗျားနဲ့ခင်ဗျားရင်သွေးတွေခံစားရသလို
    သူတို့ပြန်ခံစားရပါစေ မိတ္ထီလာ။
    အစွန်းရောက်အကြမ်းဖက်သမားတိုင်းရဲ့ ၀ါဒ ကျဆုံးပါစေ
    အစွန်းရောက်အကြမ်းဖက်သမားတိုင်းရဲ့ လူ့အဖွဲ့အစည်း ကျဆုံးပါစေ
    အစွန်းရောက်အကြမ်းဖက်သမားတိုင်းရဲ့ ဘာသာရေး ကျဆုံးပါစေ ပေါ့ မိတ္ထီလာ။
    ဟောဒီစာတွေမှာ ကျုပ်မုသားတွေပါခဲ့ရင်
    အဲ့ဒီကျိန်စာ ကျုပ်ကို ပြန်စူးပါစေ မိတ္ထီလာ။
    ကျုပ်ရင်ထဲမှာ မွန်းကြပ်ဆို့နင့်လွန်းလို့
    လက်ထိုးအန်လိုက်တဲ့ ဟော့ဒီခံစားချက်တွေကို
    မုသားစကားတွေနဲ့ပုံတူပွား
    ခင်ဗျားနဲ့ ခင်ဗျားသားသမီးတွေအပေါ်မှာ
    ကာယကံ၊ ၀စီကံ၊ မနောကံနဲ့
    ပြောင်လှောင်စော်ကားခဲ့ကြရင်
    အဲ့ဒီကောင်တွေလည်း ကျိန်စာစူးပါစေ မိတ္ထီလာ။
    မျက်ရည်စက်လက် သွေးစက်လက်နဲ့ မိတ္ထီလာရေ
    စိတ်မလျှော့လိုက်ပါနဲ့ ပြန်ထခဲ့ပါ မိတ္ထီလာ
    ခင်ဗျားရင်သွေးရတနာ ထီလာစစ်သူရဲ့
    လောကဓံဖွဲ့ သတ္တိအရှိဆုံးအချိန်ဆိုတဲ့ ကဗျာတစ်ပုဒ်မှာ
    ဟောသလို သီကုံးခဲ့တာ ခင်ဗျားအတွက်များ ဖြစ်နေရော့လား မိတ္ထီလာ…
    (အပျက်တရား
    ဘွားကနဲတွေ့ တစ်ကွေ့ဆိုင်စဉ်
    အနိုင်မခံ ကြံ့ကြံ့ခံလျက်
    မာန်ဖြင့်ရုန်းထ ထိုကာလသာ
    ဘ၀သတ္တိအရှိဆုံးတကား။
    ထီလာစစ်သူ)
    မငိုပါနဲ့ မိတ္ထီလာ
    အဲ့ဒီကဗျာလေးအတိုင်း အခက်ခဲဆုံးအချိန်တွေကို
    အားတင်းရင်ဆိုင်ပြီးတော့ ခင်ဗျားရင်သွေးတွေအတွက်
    ခင်ဗျားအနာဂါတ်အတွက် ခင်ဗျားကိုယ်တိုင်အတွက်
    တကမ္ဘာလုံး ဂရုဏာသက်နေတဲ့ မျက်လုံးတွေအောက်မှာ
    အကြင်နာအကြည့်တွေအောက်မှာ
    ကူညီဖေးမမှုတွေရဲ့အောက်မှာ
    အားမာန်အပြည့်အ၀နဲ့ ပြန်ထခဲ့ပါ
    ပြန်ထခဲ့ပါ မိတ္ထီလာ။
    (ကိုလေး)
    Original Link=>http://goo.gl/ld5CN
  • လှည့်ကွက်ထဲ မျောနေတဲ့ မြန်မာပြည်သူ
    မတ်လ ၂၇ ၂၀၁၃
    မင်းသိက္ခာ(ပြည်မြန်မာ)
    wolf-sheep2
    မြန်မာပြည်သူပြည်သား အထူးသဖြင့် ဗမာလူမျိုးရဲ့ ဓလေ့စရိုက်မှာ အားနာတတ်တယ်ဆိုတာရှိပါတယ်။ ဒါဟာ ဘယ်နိုင်ငံဘယ်လူမျိုးမှာမှ မရှိကြပါဘူး။ တကယ့်ကို ချစ်စရာကောင်းတဲ့ဓလေ့ပါ။ မြန်မာနိုင်ငံ နယ်ဖက် ကျေးလက်ဒေသမှာနေထိုင်တဲ့လူတွေဆိုရင် အားနာတတ်ရုံမျှမက ပွင့်လင်းစွာ စကားပြောဆိုတတ်ပြီး အင်မတန်ကိုရိုးသားကြတဲ့ တောသူတောင်သားတွေများပါတယ်။ ဘယ်လောက်ထိ ရိုးကြ အ ကြလဲဆိုရင် ဒီနေ့ခေတ်လို အချိန်ရောက်တဲ့အထိ လေမုန်တိုင်းတိုက်တာတောင် အိမ်ရှေ့ထွက်ပြီး ဓါးမနဲ့ခုတ်နေတဲ့ လူမျိုးတွေ အခုထက်ထိရှိနေတုန်းပါ။ ဒီလိုအားနာတတ်ပြီး ရိုးသားတဲ့တောသူတောင်သားတွေကို ယုတ်မာပက်စက်တဲ့ အုပ်စုတစ်စုနဲ့ ခရိုနီအချို့ဟာ သူတို့ရဲ့ လိုဘတွေအတွက် နည်းလမ်းပေါင်းစုံသုံးပြီး အရောင်ဆိုးခဲ့ပါတော့တယ်။
    ဒီနေ့ဖြစ်ပျက်နေတဲ့ မြန်မာပြည်ရဲ့ဖြစ်စဉ်တွေကို  လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် စီးပွားရေးမှာ အုပ်စိုးခြယ်လှယ်နေခဲ့တဲ့ ခရိုနီတွေနဲ့ အာဏာရူးတချို့ဟာ သူတို့ရဲ့ အကျိုးစီးပွား အတွက် ဘာမဆို လုပ်ဆောင်နေတာကို ဝမ်းနည်းစွာတွေ့မြင်နေရပါတယ်။ ဒီလိုလုပ်နေခြင်းဆိုတာကို မသိဘဲ ရိုးသားတဲ့တောသူတောင်သားတွေဟာ သူတို့ရဲ့ လှည့်ကွက်ထဲမျောပါသွားပါတော့တယ်။
    သူတို့တွေဟာ ဘယ်လောက်ထိရက်စက် ယုတ်မာကောက်ကျစ်လဲဆိုရင် သူတို့ရဲ့ လိုဘတွေကို အနှောက်အယှက်ဖြစ်လာမယ့် အချိန်တိုင်းမှာ ဘာသာရေး လူမျိုးရေး ပဋိပက္ခဖြစ်အောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြံဆောင်ခဲ့ကြပါတယ်။ လက်ရှိ 969 ဆိုတာဟာ အဲဒီလုပ်ရပ်တွေထဲက တစ်ခုပါပဲ။ 969 လှိုင်းရိုက်ခတ်မှုကြောင့် ဧရာဝတီမြစ်ဆုံ စီမံကိန်း၊ လက်ပံတောင်းတောင်ကိစ္စ၊ မလက်တို လယ်ယာမြေသိမ်းဆည်းရေး အရေးတော်ပုံတွေဟာ အလိုလိုမှေးမှိန် သွားတာကိုတွေ့ရပါလိမ့်မယ်။ ဆက်လက်ပြီးလည်း လုပ်ဆောင်နေတဲ့ အနေအထားတွေတွေ့နေရပါတယ်။ တချို့က နောက်ပြန်လှည့်မယ်တို့ အာဏာပြန်သိမ်းမယ်လို့  မှတ်ချက်တွေပြုကြတာ ကြားသိရပါတယ်။ ဒါလည်း ဖြစ်နိုင်ချေရှိတဲ့ မှတ်ချက်တစ်ခုပါ။ သို့ပေမဲ့ သေချာတာကတော့ အားလုံးနီးပါး သူတို့တွေရဲ့ လှည့်ကွက်တွေထဲမှာ နစ်မျောနေကြပြီဆိုတာပါပဲ။
    လက်ရှိအစိုးရဟာ တစ်ချိန်က စီးပွားရေးအင်အားကြီးတဲ့ အာဏာရှိခဲ့တဲ့ လူတွေနဲ့ ခရိုနီတစ်စုကို လှန်နိုင်တဲ့အနေအထားမရှိပါဘူး။ ခရိုနီတွေပါတာ ဘယ်လောက်ထိ သိသာလဲဆိုရင် ဒီရက်ပိုင်း ဆက်လက်ဖြစ်ပွားခဲ့တဲ့ ကြို့ပင်ကောက်မြို့ရှိ မွတ်စလင်မ်တွေရဲ့ ဗလီ၊ စာသင်ကျောင်းနဲ့ အိုးအိမ်တွေကို ဖျက်ဆီးတဲ့နေရာမှာ ဘူဒိုဇာပါ အသုံးပြုလာတယ်လို့ သိရပါတယ်။ မြန်မာပြည်က သာမန်လုပ်ငန်းရှင် ဘယ်သူ့ဆီမှာမှ ဒီလို ဘူဒိုဇာမျိုး မရှိပါဘူး။ ဒါမျိုးတွေဟာ လုပ်ငန်းစီမံကိန်းတွေ အကြီးကြီးတွေလုပ်တဲ့ ခရိုနီတွေရဲ့လက်ထဲမှာပဲရှိပါတယ်။ အဖျက်ဆီးခံရတဲ့ မြို့တွေမှာရှိတဲ့ မြို့ခံသိက္ခာတော်ရ ဆရာတော်တွေနဲ့ အာဏာပိုင်တွေဟာ မီးမရှို့ဖို့နဲ့ လူမသတ်ဖို့လောက်ပဲ တားဆီးနိုင်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေကို မတားဆီးနိုင်တာကိုကြည့်ရင် နောက်ကွယ်က အမိန့်ပေးခိုင်းစေနေတဲ့ အင်အားစုဟာ အစိုးရကိုပါ အာဏာသက်ရောက်တယ်လို့ မှတ်ချက်ပြုလို့ရပါတယ်။ ဒီယုတ်မာ ရိုင်းစိုင်းတဲ့ အကြမ်းဖက်တွေရဲ့နောက်ကွယ်က အုပ်စုတွေဟာ ဘာကိုမှ ဂရုမစိုက်ပါဘူး။
    လက်ပံတောင်းတောင်ကိစ္စမှာ အကြမ်းဖက်မှုမပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ သံဃာတော်တွေကို အချိန်မဆိုင်းဘဲ မီးလောင်ဗုံးပစ်သွင်းခဲ့တဲ့ လုံခြုံရေးဝန်ထမ်းတွေဟာ အခုမိတ္ထီလာကိစ္စမှာ ဘာမှထိထိရောက်ရောက်အရေးယူမှုမရှိဘဲ တစ်မြို့ပြီးတစ်မြို့အကြမ်းဖက်ခံနေတာကိုကြည့်ရင် သူတို့အကျိုးစီးပွားအတွက်သက်သက် လုပ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဘာသာရေးပဋိပက္ခလို့ဆိုရလောက်အောင်လည်း ဘယ်မြို့ခံအချင်းချင်းမှ ဒုက္ခမပေးကြသလို ဒုက္ခရောက်နေတဲ့ မွတ်စလင်မ်တွေကို ကယ်ယူစောင့်ရှောက်နေတာကိုလည်း ကြားသိနေရပါတယ်။ ဒါဟာ အင်မတန်မွန်မြတ်ပြီး သဒ္ဓါတရားပြည့်ဝတဲ့ ငြိမ်းချမ်းရေးဝါဒီ ဗုဒ္ဓဘာသာဝင်အစစ်တွေရဲ့ လုပ်ရပ်တွေလို့လည်းဆိုချင်ပါတယ်။ ဒီအကြမ်းဖက်တွေရဲ့ ဘာသာရေးပဋိပက္ခအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေဟာ
    (၁) မြစ်ဆုံကို မေ့လျော့သွားစေပါတယ်။
    (၂) လက်ပံတောင်းတောင်ကိစ္စရဲ့ တင်းအားတွေ လျော့ပါးသွားစေပါတယ်။
    (၃)ဒီမိုကရေစီရေးလမ်းကြောင်းဆိုတာ ပြောစမှတ်ပြုရမလိုလိုဖြစ်နေပြီး
    (၄) မလက်တိုအရေးအခင်းပါ ကွယ်ပျောက်သလိုဖြစ်နေပြီ ဆိုတာကို သတိပေးပါရစေဗျာ။
    အထက်ကသုံးသပ်ပြခဲ့တဲ့အချက်အလက်တွေကို သေချာလေ့လာပြီး စဉ်းစားသုံးသပ်နိုင်ကြဖို့လည်းတိုက်တွန်းလိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ လှည့်ကွက်ထဲမှာ နစ်မျောပြီး ပြည်သူက ၉၆၉ ထိုင်လုပ်နေ၊ အစိုးရက အကြမ်းဖက်လုပ်ရပ်တွေကို မသိချင်ယောင်ဆောင် ခွင့်ပြုနေဆိုရင်တော့ မကြာခင် ချောက်ကမ်းပါးထဲ လက်တစ်လုံးအလိုကို ကျတော့မယ့် မြန်မာနိုင်ငံကို ကယ်တင်မယ့်သူတွေ အသင့်စောင့်နေပြီလို့ ကိုမင်းကိုနိုင်(၈၈) ရဲ့စကားလေးနဲ့ သတိပေးလိုက်ရကြောင်းပါခင်ဗျာ။
    ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။
  • Rule Of Law (တရားဥပဒေ စိုးမိုးရေး)
    မတ်လ၊ ၂၇ ၊ ၂၀၁၃
    M-Media
    ရေးသူ- ဥပဒေပညာရှင်တစ်ဥိး
    law-and-justice-image1
    ကမ္ဘာပေါ်တွင်မည်သည့်တိုင်းပြည်၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာမဆို  အေးချမ်းစွာနေထိုင်  ပြီး ကောင်းမွန်သော စီးပွားရေးကို ရှာဖွေ စားသောက်ကာ နေထိုင်သော  လူကောင်းများရှိသကဲ့သို့  ပြစ်မှုများကို ကျူးလွန်သော လူဆိုးသူခိုးများလည်း ရှိပါသည်။ထိုလူဆိုး  သူခိုး ပြစ်မှုကျူးလွန်သူ  များကို သက်ဆိုင်ရာပြစ်မှုဆိုင်ရာဥပဒေများနှင့်အညီ  ပြစ်ဒဏ်ပေးခြင်းပြုလုပ်ရပါသည်။ ထိုပြစ်ဒဏ်  များထဲတွင် သေဒဏ်၊ ထောင်ဒဏ်၊ ငွေဒဏ် စသဖြင့် ကျူးလွန်သော   ပစ်မှုကိုလိုက်ပြီး အပြစ်ပေး  အရေးယူရပါသည်။ သို့မှသာ တရားဥပဒေစိုးမိုးမှု(Rule of Law) ကို ဖြစ်စေပါသည်။ မည်သည့်ဘာသာဝင် တစ်ဦးတစ်ယောက်(သို့)လူတစ်စုက  ပြစ်မှုများ (မုဒိန်းမှု၊ ခိုးမှု၊ ရိုက်နှက်မှု) စသည့်  တို့ကျူးလွန်သဖြင့် ထိုသူတို့နှင့်ဘာသာတူသည့် သူများ၏  အသက်၊အိုးအိမ်၊စည်းစိမ်၊ဘာသာသာသနာ အဆောက်အဦးတို့ကို ဖျက်ဆီးခြင်းမပြု  လုပ်ရပါ။ ထို သို့ ပြုလုပ်သူများသည်ပင်လျှင် ပြစ်မှုများကျူးလွန်သူများဖြစ်ပြီး  ဥပဒေပါအတိုင်း အရေယူဆောင်ရွက်မှသာ တိုင်းပြည်၏ တရားဥပဒေစိုးမိုးမှု (Rule  of Law) ဖြစ်ပေါ်လာမည်သာဖြစ်ပါသည်။
    မိမိတို့ နိုင်ငံသည်ဒီမိုကရေစီ ခေတ်သို့ ဦးတည်လျှောက်လှမ်းနေသော  နိုင်ငံဖြစ်ပါသည်။(ဒီမိုကရေစီဆိုသည်မှာ အခွင့်အရေးရှိသလို  တာဝန်များလည်းရှိသည်။)  မည်သည့် ဥပဒေတွင်ဖြစ်စေ အခွင့်အရေးနှင့်တာဝန် ၂ ရပ် ပူးတွဲ  တည်ရှိနေပါသည်။ နိုင်ငံသားတိုင်း    အခွင့်အရေးရှိသလို  လိုက်နာရမည့် တာဝန်ဝတ္တရားများလည်းရှိသည်။  ၂၀၀၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ  ၆ (င) တွင် “နိုင်ငံတော်သည် …. နိုင်ငံတော်၌ တရားမျှတခြင်း၊  လွတ်လပ်ခြင်း နှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ  ပိုမိုထွန်းကားရေး…..တို့ ကို အစဉ်တစိုက်ဦးတည်သည် ” ဟု ပြဌာန်း  ထားပါသည်။
    ပုဒ်မ ၃၆ဝ (က) တွင် “ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဆောက်တည်မှု သည်စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ အခြားလောကီရေးရာ ဆောင်ရွကမှုတစ်ခုခုနှင့်ဆက်စပ်နေပါက ပုဒ်မ ၃၄ ပါ ဘာသာ သာသနာရေးဆိုင်ရာ  လွတ်လပ်ခွင့်များတွင် မပါဝင်စေရ၊”
    ပုဒ်မ ၃၆ဝ (ခ)တွင် “ ထို့ သို့ ဘာသာသာသနာရေးနှင့် စပ်လျဉ်း၍ လွတ်လပ်သော  အခွင့်အရေးများကို ပေးထားသော်လည်း အများပြည်သူအကျိုးကိစ္စနှင့်  ပြုပြင်ရေးကိစ္စတို့ အတွက် နိုင်ငံတော်၏ ဥပဒေပြု ခြင်း ကို မတားမြစ်ရ။”
    ပုဒ်မ ၃၆၁ တွင် “ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏  ဂုဏ်ထူးဝိသေသနနှင့်ပြည့်စုံသည့်ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က  အသိအမှတ်ပြုသည်။”
    ပုဒ်မ ၃၆၃ တွင် “နိုင်ငံတော်သည် အသိအမှတ်ပြု ထားသော ဘာသာသာသနာများကို  တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။”
    ရာဇသတ်ကြီး ပုဒ်မ ၂၉၅ အရ ။  ။- လူတစားကိုးကွယ်သည့်ဘာသာသာသနာကို  စော်ကားရန် အကြံဖြင့်ဖြစ်စေ၊ကိုးကွယ်ဝတ်ပြုသော နေရာကိုသော်၎င်း၊  အထွဋ်အမြတ်ထားသော အရာဝတ္ထုကိုသော်၎င်း၊ ဖျက်ဆီးခြင်းသည်၊ သို့ တည်းမဟုတ်  ပျက်စီးနစ်နာစေခြင်းသည်၊သို့ တည်းမဟုတ် ယုတ်ညံ့စေခြင်းသည်၊ ထို  ဘာသာသာသနာကို စော်ကားသည်ဟု လူတစားက ယူဆတန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ  မည်သူမဆို၊ ထိုလူတစားက ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြု သော  နေရာကိုသော်၎င်း၊ အထွဋ်အမြတ်ထားသောအရာဝတ္ထု ကို သော်၎င်း၊ ဖျက်ဆီးလျှင်၊  သို့ တည်းမဟုတ် ပျက်စီးနစ်နာစေ လျှင်၊သို့ တည်းမဟုတ် ယုတ်ညံ့စေလျှင်၊   ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
    ရာဇသတ်ကြီးပုဒ်မ ၂၉၅ (က) ။  ။ ပြည်ထောင်စု နိုင်ငံတော်တွင် နေထိုင်သော  လူတစား၏ဘာသာရေးစိတ် ကို နာကြည်းစေရန် တမင်မသမာသော အကြံဖြင့် မည်သူမဆို၊  စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ထို  လူတစားကိုးကွယ်သည့် ဘာသာသာသနာကို သော်၎င်း၊ ဘာသာသာသနာရေးယုံကြညမှုကိုသော်၎င်း၊ စော်ကားလျှင်၊သို့ တည်းမဟုတ် စော်ကားရန်အားထုတ်လျှင်၊  ထိုသုကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
    ရာဇသတ်ကြီး ပုဒ်မ ၂၉၆။  ။ ဥပဒေနှင့်အညီ ဘာသာသာသနာရေးဆိုင်၇ာ  ကိုးကွယ်ဝတ်ပြုခြင်းပြုနေသော၊ သို့ တည်းမဟုတ် ဘာသာသာသနာရေးဆိုင်ရာ  အခမ်းအနားကို ကျင်းပနေသော အစုအဝေး တခုခုအား မည်သူမဆို၊ မိမိအလိုအလျောက်  အနှောင့်အယှက်ဖြစ်စေလျှင်၊ ထိုသူကို တနှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊  ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
    အခြေခံဥပဒေ ၂၁ (က)   ။နိုင်ငံသားတိုင်းသည် ဤဖွဲ့ စည်းပုံ  အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှ အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှုအခွင့်အရေး တို့ ခံစားခွင့်ရှိသည်။
    ၂၁(ဂ) ။  ပြည်သူတို့ ၏အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ သည်  နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်သည်။
    ဘာသာသာသနာတစ် ရပ်ရပ်အား ထိခိုက်ပုတ်ခတ်စော်ကားသော ဟောပြောမှု  ထိုဟောပြောသော တရားခွေ VCD / DVD ခွေများကို တရားမဝင် လွတ်လပ်စွာ  ရောင်းချဖြန့် ဖြူး နေမှု များသည် နိုင်ငံတော်အားဆူ ပူအုံကြွမှုဖြစ်ပေါ်စေရန် အဓိကလှုံ ဆော်ဆောင်ရွက်မှု အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။  ထို ဆောင်ရွက်ဖြန့် ဖြူး ချက် များကို နိုင်ငံတော်အစိုးရ ( ပြည်ထဲရေး  နှင့် ဘာသာရေးဝန်ကြီး ဌာန ရဲ အရာရှိများ၊ တရားစီရင်ရေးဆိုင်ရာ  တရားရုံးများ)နှင့် တကွ တာဝန်သိ ပြည်သူတစ်ရပ်လုံးမှ ဝိုင်းဝန်းဖော်ထုတ်ဟန့် တား အရေးယူ  ဆောင်ရွက်ပေးမှသာလျှင်  နိုင်ငံသားတို့ ၏ အသက် အိုးအိမ်စည်းစိမ်၊  ဘာသာသာသနာ အ ဆောက်အဦးတို့ အား ကာကွယ်စောင့် ရှောက်နိုင်မည်ဖြစ်ကြောင်း  နှင့် ကမ္ဘာအလယ်တွင် လူ့ အခွင့်အရေး ကို လေးစားလိုက်နာသော  နိုင်ငံတစ်ခုအဖြစ် သိက္ခာရှိစွာ ရပ်တည်နိုင်မည်ဖြစ်ပါသည်။
  • ကမ္ဘာ့မီဒီယာမှန်ချပ်ပေါ်က ၉၆၉ ပုံလွှာ (ပရိတ်သတ်တစ်ဦး၏ ရင်ကွဲသံ)
    မတ်လ-၂၆ ၊ ၂၀၁၃
    ရေးသားသူ  –  သာကီ ထက်ကောင်း
    ကျွန်တော် မြန်မာသတင်းဆိုဒ်တွေ သိပ်မဖတ်ဖြစ်တော့ပါဘူး။ ဖွတာတွေ အရိုးအရွက်ဖုံးတာတွေ မုန့်ကြိုးလိမ် သတင်းဖော်ပြချက်တွေ ကျင့်ဝတ်မညီတဲ့အရေးအသားတွေက သတင်းအမှန်ငတ်မွတ်နေသူတွေအတွက် အလွန်အင်မတန် စိတ်ပျက်သွားစေပါတယ်။ နှလုံးသား နဲ့ အတွေးအခေါ်တွေကို တမင် အရောင်လိုက်ဆိုးနေသလားလို့ ထင်ရတယ်။ နိုင်ငံခြားကိုမှအထင်ကြီးတာမျိုး မဟုတ်ပေမယ့် နိုင်ငံတကာ သတင်းဆိုဒ်တွေကို မြှားဦးလှည့်ဖြစ်တာ ကြာသွားပါပြီ။ သူတို့ဆီမှာက မီဒီယာကျင့်ဝတ်ကို အလေးထားကြတော့ အချက်အလက်အကြောင်းအရာပိုင်းမှာ (အားလုံးမဟုတ်ပေမယ့် အများစုက) ခိုင်မာမှု ရှိကြတယ်။ ကျွန်တော်တို့ဆီမှာလည်း ခိုင်မာမှန်ကန်တဲ့သတင်းများကို အချိန်နဲ့တစ်ပြေးညီ တင်ဆက်ပေးတဲ့ဆိုဒ်တွေလည်း လက်တစ်ဆုပ်စာ ရှိနေပါရဲ့။ ဒါပေမယ့် ညစ်ပတ်ရိုင်းစိုင်းလွန်းစွာ ၀င်ပေးနေကြတဲ့ ကွန့်မန့်တွေမြင်ရတာ စိတ်မချမ်းသာစရာကောင်းချက်ကတော့ ကမ်းကုန်ဘဲဗျာ။ လက်ရှိပြင်ပမှာ ဖြစ်ပျက်နေတာတွေက စိတ်ချမ်းသာစရာ တစ်ကွက်မှ မရှိသေးတာလည်း အားလုံးက သိကြမှာပါ။
    ဒီနေ့ ၂၆.၃.၂၀၁၃ အင်္ဂါနေ့၊ The Straits Times ရဲ့ Asia reports မှာ ဖတ်ကြည့်တော့ ထုံးစံအတိုင်း မြန်မာသတင်းက ဦးစားပေးဖော်ပြချက်မှာပါနေတယ်။ 18,000 displaced’ in Myanmar riots ခေါင်းစဉ်နဲ့ပါ။ NLD က လွှတ်တော်အမတ် ဦးဝင်းထိန်ရဲ့ မျက်မြင် ကိုယ်တွေ့ ပြောကြားချက်၊ ဒေသခံတို့ရဲ့ပြောကြားချက်နဲ့တစ်ကွ မိတ္ထီလာပြဿနာ အကြောင်း၊ ပြီးခဲ့တဲ့နှစ် ရခိုင်က ရိုဟင်ဂျာတွေကို ဘင်္ဂလားကခိုးဝင်လာသူလို့စွပ်စွဲပြီး အစွန်းရောက်ဗုဒ္ဓ၀ါဒီတွေရဲ့ တစ်ဖက်သတ်နှိပ်စက်တဲ့အကြောင်း၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က လာရောက်ကြည့်ရှုသုံးသပ်မှုအကြောင်း – ဒီသတင်းတွေက သိရှိထားပြီးသားမို့ သိပ်မထူးလှပါဘူး။ အဲ့ – နောက်ဆက်တွဲ ရေးသားဖော်ပြမှုတွေမှာတော့ ၉၆၉ အကြောင်းပါလာတာတွေ့ရတယ်။
    '18,000 displaced' in Myanmar riots
    မူဆလင်တွေရဲ့ ၇၈၆ ကိုဆန့်ကျင်ဖို့ ဗုဒ္ဓဘာသာတရားသဘောတွေထည့်သွင်းထားတဲ့ ၉၆၉ နံပါတ်ကိုအသုံးပြု၊ သြဇာကြီးမားတဲ့ အင်အားစုများကို ကျောထောက်နောက်ခံပြုထားပုံရတဲ့ ဗုဒ္ဓဘာသာဝင်အုပ်စု တစ်စုဟာ မကြာသေးခင် လများအတွင်း ပေါ်ထွန်းလာပါတယ်တဲ့။ သဘောထားပြင်းထန်တဲ့ မန္တလေးမြို့က ဦးဝီရသူဟာ မွတ်စ်လင်မ်ဆန့်ကျင်မှု မုန်းတီးရေးတရားတွေကို ဟောပြောနေတုန်းပါဘဲတဲ့။ အင်္ဂလိပ်လို တိုက်ရိုက်ဖတ်ချင်ယင်တော့ ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။
    Burmese Bin Laden
    တစ်ခါ International Bussiness Time ကို ၀င်ကြည့်ပြန်တော့ ဒီစာမျက်နှာ မှာ မြန်မာပြည်က အကြမ်းဖက်မှု နောက်ကွယ်က ကြိုးကိုင်သူဟာ ဦးဝီရသူလား လို့ခေါင်းစဉ်တပ် သတင်းဆောင်းပါးကို တွေ့ရပြန်ရော။ အဲ့ဒီမှာ ဦးဝီရသူကို ကြံကြံဖန်ဖန် “ မြန်မာဘင်လာဒင် ” ဆိုတဲ့ tittle တပ်ထားတာ ကျွန်တော့်မှာ ရယ်ရအခက် ငိုရအခက် ဖြစ်သွားတယ်။ ဘင်လာဒင်ကို အကောင်းမြင်တဲ့ မူဆလင်အုပ်စု တစ်ချို့ကတော့ နှိုင်းရကောင်းလားဆိုပြီး ထအော်ဦးမှာ သေချာသဗျို့။ ဓါးတရမ်းရမ်းနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဂျာနယ်လစ်တွေရဲ့ကင်မရာမင်မိုရီကဒ်တွေကို ခြိမ်းချောက်တောင်းယူတာ၊ Burma Campaign UK’s director Mark Farmaner က “ ရိုဟင်ဂျာဆန့်ကျင်ရေး ဖြစ်မလာခင်ကတည်းက မူဆလင်ဆန့်ကျင်ရေးအုပ်စုဖွဲ့ခဲ့တဲ့ အဖွဲ့အစည်းတွေရှိနေခဲ့ကြတယ် ” လို့ IBTimes UK ကို ပြောတာ၊ ဦးဝီရသူဦးဆာင်တဲ့ မြန်မာပြည်တစ်ခွင် မူဆလင်ဆန့်ကျင်ရေးတရားပွဲတွေ လုပ်ပြီးသွားတဲ့ ဒေသတိုင်း ဒီလိုအဓိကရုဏ်းတွေ မီးခိုးကြွက်လျှောက် ဆက်တိုက်ဖြစ်ပေါ်လာတာ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေကလည်း မူဆလင်တွေအပေါ် ရမယ်မျိုးစုံရှာပြီး ဝေဖန်ရှုတ်ချတဲ့ စာရွက်စာတမ်း လက်ကမ်းစာစောင်တွေကို လပေါင်းများစွာ ဒိုင်ခံဖြန့်ချိနေတာ စသဖြင့် လိုတိုရှင်းဖော်ပြထားတာ တွေ့လိုက်ရတယ်။ ဒါက နာမည်ကြီးမီဒီယာ အချို့သာရှိပါသေးတယ်။ အတိုချုပ်ဆိုရယင် ကမ္ဘာ့မီဒီယာမှန်ချပ်ထဲက ဘယ်နေရာကြည့်ကြည့် 969 group/gang တို့၊ Extremist Buddhist Nationalism တို့၊ Neo-NarzI Buddhism တို့၊ Burmese Buddhist monks တို့ စတင် ပလူပျံနေပါပြီ။ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုအပေါ် တစ်ကမ္ဘာလုံးစောင့်ကြည့်နေချိန်ကျမှ နိုင်ငံတကာမီဒီယာနံရံထဲ ဒီသံတစ်ချောင်း ရိုက်သွင်းလိုက်သလိုဖြစ်ကုန်ပါပြီ။  ဒီပုံရိပ်တွေ ဒီအက်ကြောင်းတွေကို ဘယ်လိုပယ်ဖျက်လို့ရနိုင်တော့မလဲ။ The Golden Land လို့ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံဟာ မကြာခင် The Bloody Land & Hands အဖြစ် အမည်တွင်တော့မှာလား။ ဘာသာရေး၊ လူမျိုးရေး ဆိုတာတွေကို ဘေးဖယ်ချထားပြီး မြန်မာပြည်သားတစ်ယောက် လူသားတစ်ယောက် အနေနဲ့ကြည့်မြင်ရင်တောင်မှ ရှက်စရာကောင်းလွန်းနေပါပြီ။
    ခုတစ်လော နိုင်ငံရပ်ခြားမှာရှိနေတဲ့ဗုဒ္ဓဘာသာဝင်အချို့ကို Are you traditional Buddhist or 969 Myanmar Buddhist ? လို့ မေးတဲ့အဆင့်ထိရောက်နေပြီလို့ သိရတယ်။ ပြည်တွင်းနေသူများအဖို့ သိပ်မသိသာသေးပေမယ့် နိုင်ငံရပ်ခြားက မြန်မာအလုပ်သမားတွေ တဖြည်းဖြည်းခေါင်း မဖော်နိုင်တဲ့ဘ၀ကို ရောက်ဖို့အလွန်နီးစပ်နေပါပြီ။ တကယ့်လက်တွေ့အခြေအနေကို ကြည့်ယင်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း/စာသင်ကျောင်းတွေကို မူဆလင်တွေ လိုက်ဖျက်ဆီးတာ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့အိုးအိမ်လုပ်ငန်းတွေကို မူဆလင်တွေက အုပ်စုဖွဲ့ ရန်စမီးရှို့လုယက်တာ ဘာတစ်ခုမှ မတွေ့ရသေးပါဘူး။ မူဆလင်တွေက ၇၈၆ ဂိုဏ်းအမည်နဲ့ သောင်းကျန်းတာ အစုလိုက်အပြုံလိုက် ရမ်းကားသတ်ဖြတ်တာလည်း မကြားဖူးပါဘူး။ မူဆလင်တွေက ဗုဒ္ဓဘာသာဝင်တွေကိုစော်ကားနေတယ်ဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်း မမြင်ဖူးပါဘူး။ အဲ့ဒါနဲ့ဆန့်ကျင်ဖက်တွေကိုဘဲ တွေ့မြင်ကြားသိနေရတယ်။
    ဒီနေရာမှာ အလွန်ထူးခြားတဲ့အချက် ၂ ချက် သတိထားမိတယ်။ (အစစ်လား အတုလား မသိတဲ့) သံဃာတော်အချို့နဲ့အတူ အကြမ်းဖက်သမားများဟာ မိမိကိုယ်ကို ၉၆၉ အဖွဲ့သားလို့ တရားဝင်ကြွေးကြော်နေသော်လည်း – (ဦးဝီရသူ အပါအ၀င်) ၉၆၉ ဦးသျှောင်သံဃာတော်များက လက်ရှိအကြမ်းဖက်မှုများဟာ မိမိတို့နဲ့မပတ်သက်ကြောင်း ငြင်းဆိုမှုလုံးဝမရှိယုံမက မုန်းတီးရေးတရားပွဲတွေ ပိုလို့အရှိန်မြှင့်လာတာက တစ်ချက်။ နောက်တစ်ချက်က ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တိုင်း၊ ဘုန်းတော်ကြီးတိုင်းက ဒီအယူအဆနဲ့ဂိုဏ်းဂဏကို လိုလားမှုရှိမနေတာက တစ်ချက်။
    ဆိုတော့ကာ ……  ၉၆၉ ဆိုတာ မူလဗုဒ္ဓဘာသာ လမ်းကြောင်းကနေ ထပ်မံ လမ်းခွဲထွက်ပေါ်လာသော ၂၁ရာစုရဲ့ဗုဒ္ဓဂိုဏ်းကွဲတစ်ခုအဖြစ် သတ်မှတ်ရမလို ဖြစ်လာပါပြီ။
    ဘာကြောင့်လဲဆိုယင် တခြားဗုဒ္ဓဂိုဏ်းကွဲတွေ အားလုံးက မေတ္တာ၊ ခွင့်လွှတ်မှု၊ ငြိမ်းချမ်းရေး စတဲ့ တန်ဖိုးများနဲ့တည်ဆောက်ထားပေမယ့် ၉၆၉ မှာ အာဃာတ၊ နိုင့်ထက်စီးနင်းအမူအကျင့်၊ ပျက်လိုဖျက်ဆီး စတဲ့ ပူလောင်ခြင်းအချက်တွေပေါ် အခြေခံထားလို့ပါဘဲ။
    ပေါ်ထွန်းလာသမျှသော ဘာသာတရားအသစ်၊ ဂိုဏ်းဂဏအသစ်တွေဟာ မိမိတို့ရဲ့ ကျင့်ရပ်၊လမ်းစဉ်တွေ မတူကွဲပြားကြောင်း ချပြနိုင်ကြတယ်။ ဒါပေမယ့် လက်ရှိ ၉၆၉ ကျတော့ ဘုရားရှင်လက်ထက် ဒေ၀ဒတ္တဂိုဏ်းသားတွေလို ရောထွေးရပ်တည်နေတော့ ခက်တယ်။ ကျွန်တော်အဖြေရှာကြည့်မိတယ်။ ဘယ်လိုခွဲခြားသတ်မှတ်ရမလဲပေါ့။ အဲ့ဒီအဖြေကလည်း ဘုရားရှင်လက်ထက်ကအဖြစ်အပျက်တွေထဲမှာဘဲ ပြန်တွေ့လိုက်ရတယ်။ မာရ်နတ်ရဲ့ဘက်တော်သား ဒေ၀ဒတ္တဂိုဏ်းသားတွေဟာ သူတို့ရဲ့လုပ်ရပ်၊ အပြုအမူတွေကြောင့်သာ အလဇ္ဖီရဟန်းတုများဖြစ်ကြောင်း ကွဲပြားသွားခဲ့ရတယ်။ ရဟန်းတု ရဟန်းယောင်တွေရဲ့ ဦးဆောင်မှုက ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ ရာဇ၀င်မှာ အထင်အရှားပါ။ ကွဲကွဲပြားပြားဖြစ်အောင် အလျဉ်မီ မရှင်းနိုင်ယင်တော့ သမိုင်းနဲ့ချီပြီး ကောင်းရနံ့သင်းပျံ့ခဲ့တဲ့ ကျွန်တော်တို့မြန်မာပြည်က ဗုဒ္ဓသာသနာ့ဂုဏ်ရောင်ကြီး ရေစုန်မျောရတော့မှာလားလို့ ကျွန်တော် ၀မ်းနည်းသွားရပါတယ်။ ကမ္ဘာ့ဗုဒ္ဓသမိုင်းစဉ်တစ်လျှောက်မှာလည်း ဤမျှလောက်ရက်စက်ကြမ်းကြုတ်တဲ့ အယူအဆနဲ့လုပ်ရပ်တွေ မဖြစ်ပေါ်ခဲ့ဖူးဘူး။ အစွန်းရောက်အကြမ်းဖက်ဗုဒ္ဓဘာသာဝင်တွေလို့လည်း တစ်ကြိမ်တစ်ခါမျှ ခေါင်းစဉ်အတပ်မခံခဲ့ဖူးပါဘူး။ ဘာသာတရားတစ်ခုထဲ – မသိနားမလည်တဲ့လူကြားထဲ နိုင်ငံရေးလှည့်ကွက်တွေ မုသားမှိုင်းလုံးတွေ အတင်းအဓမ္မအင်အားသုံးသွတ်သွင်းလို့ အကြမ်းဖက် အကောင်အထည်ဖော်နေမှုတွေကို ကျွန်တော်တို့ ကန့်ကွက်တားဆီးရမယ့်အချိန်တန်ပြီဖြစ်ပါတယ်။ မူဆလင်တွေ ခရစ်ယျာန်တွေဖက်ကို အမြဲမပြတ် မျက်စေ့ဒေါက်ထောက်ကြည့်ပြီး အ၀ိဇ္ဖာပွားနေမယ့် အစား မိမိရဲ့အမျိုးဘာသာသာသနာကို နည်းမှန်လမ်းမှန်ထိန်းသိမ်းစောင့်ရှောက်မှသာ ဗုဒ္ဓတရားတော်နဲ့ ညီညွတ်တင့်တယ်မှာမို့လို့ သံဃာ့အကြီးအကဲများ၊ သာသနာ့ဒါယကာနိုင်ငံခေါင်းဆောင်များ အထူးသတိထားရတော့မယ့်ကာလရောက်သွားပြီလို့ ကျွန်တော် မြင်မိပါတယ်။ ဒီပြဿနာကို အမြစ်လှန်ပြီး အမှန်တကယ် ထိထိရောက်ရောက် ဖော်ထုတ်အရေးယူခြင်း ရှိရပါတော့မယ်။ အကြမ်းဖက်မှု/မတရားမှုကို မတားဆီးသူဟာ မတရားမှုကို အသံတိတ် အကာအကွယ်ပေးမြှောက်စားသူ ဖြစ်တယ်လို့ ပညာရှိစကားတွေမှာ ကြားဖူးပါတယ်။ အာဏာရူးမျက်ကန်းတစ်စုရဲ့ပုံဖော်မှုကြောင့် မတော်တဆ နိုင်ငံတော်ရဲ့ဦးတည်လမ်းကြောင်း နောက်ပြန်လှည့်သွားယင်တော့ မြန်မာ့သမိုင်းမှာ ရုပ်အဆိုးဆုံးကိစ္စအဖြစ် တကယ်ကို အစိပ်စိပ်အမြွာမြွာ ကွဲထွက်ကုန်မယ့်အနေအထားအထိ ရောက်သွားနိုင်ပါတယ်။
    ဘာသာရေး၊ လူမျိုးရေးကိုခုတုံးလုပ်မိတဲ့ နိုင်ငံတိုင်း၊ ပုဂ္ဂိုလ်ကျော်တိုင်း ကမ္ဘာ့ပုံရိပ်မှာ ဦးကျိုးအမြီးပြတ်လို့ အမည်းစက်စွန်းထင်း ပေကျံခဲ့ရစမြဲ ………
    တစ်လွဲအသုံးချမီဒီယာတိုင်းကလည်း ကမ္ဘာ့မီဒီယာစင်မြင့်ထက်က ကြိုးစင်ကိုတက်သွားရစမြဲ ……………..
    အမှန်တရားဆိုတဲ့မှတ်ကျောက်ရှေ့မှာ အတုအယောင်များ ပြယ်လွင့်ပျောက်ကွယ်ရစမြဲပါ။
    ကျွန်တော်တို့အမိမြန်မာပြည်ကြီး ဒီသံသရာစက်ဝိုင်းထဲက မလွတ်ကျွတ်နိုင်တော့ဘူးလား လို့ အားပျော့ပျော့တွေးမိယင်း …
    အချိန်ရှိပါသေးတယ် – အချိန်မှီဖို့ဘဲ လိုအပ်ပါတယ် လို့ ငြီးတွားယင်း …
    ရင်ဖွင့်ခံစားရေးသားမိပါတယ်ခင်ဗျား။
    (စာရေးသူရဲ့ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။)