News @ M-Media

Tag: football

  • ဘောလုံးခေါင်းတိုက်မှုကို ကန့်သတ်ပိတ်ပင်ရန် ဦးနှောက်ရောဂါပညာရှင် တိုက်တွန်း

    ဘောလုံးခေါင်းတိုက်မှုကို ကန့်သတ်ပိတ်ပင်ရန် ဦးနှောက်ရောဂါပညာရှင် တိုက်တွန်း

    သြဂုတ် ၉၊ ၂၀၁၈
    M-Media

    – ဘောလုံးပြိုင်ပွဲတွေမှာ ခေါင်းတိုက်တာကို ကန့်သတ်သင့်ပြီး လူငယ်ပွဲတွေမှာ ပိတ်သင့်တယ်လို့ ကမ္ဘာ့ထိပ်တန်း ဦးနှောက်ရောဂါဆိုင်ရာပညာရှင် ဒေါက်တာ ဘန်းနက် အိုမာလူက ပြောကြားလိုက်ပါတယ်။

    ဒေါက်တာအိုမာလူဟာ အားကစားသမားတွေမှာ တွေ့ရလေ့ရှိတဲ့ ဦးနှောက်ပျက်စီးမှုရောဂါ Chronic Traumatic Encephalopathy (CTE) ကို ရှာဖွေတွေ့ရှိခဲ့သူလည်းဖြစ်ပါတယ်။ CTE ဟာ ဦးခေါင်းကို အကြိမ်ပေါင်းများစွာ ထိခိုက်မှုကြောင့် ဖြစ်ပွားတဲ့ရောဂါဖြစ်ပြီး နှစ်ပေါင်းများစွာကြာမှ ပေါ်ပေါက်လာတတ်တာမျိုး ဖြစ်ပါတယ်။

    “အရှိန်ပြင်းပြင်းနဲ့လာတဲ့ အရာဝတ္တုတစ်ခုကို ခေါင်းနဲ့ ထိန်းရတာမျိုးဆိုတာ အဓိပ္ပါယ်ကို မရှိပါဘူး။ ပရော်ဖက်ရှင်နယ်အဆင့်မှာ ခေါင်းတိုက်တာကို ကန့်သတ်ဖို့လိုတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါဟာ အန္တရာယ်များပါတယ်” လို့ ဒေါက်တာက ပြောပါတယ်။

    အသက် ၁၈ နှစ်အောက် ပြိုင်ပွဲတွေမှာဆိုရင် ခေါင်းတိုက်တာကို လုံးဝ ပိတ်ပင်ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

    “အသက် ၁၂ နှစ်ကနေ ၁၄ နှစ်အတွင်း ကလေးတွေကို ဘောလုံးနဲ့ ထိတွေ့မှုနည်းအောင် ကျွန်တော်တို့လုပ်သင့်တယ်။ ၁၂ နှစ်ကနေ ၁၈ နှစ် လူငယ်တွေက ဘောလုံးကစားလို့ရပေမယ့် ခေါင်းတော့ မတိုက်သင့်ပါဘူး။ ဒါဟာ လူတော်တော်များများအတွက် ခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သိပ္ပံက ပြောနေတာပါ။ အချိန်ကိုလိုက်ပြီး လူ့အဖွဲ့အစည်းက ပြောင်းလဲရတယ်။ ကျွန်တော်တို့ရဲ့ နေထိုင်မှုတစ်ချို့ကို ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ”

    အင်္ဂလန်အသင်းနဲ့ ၀က်စ်ဘရွန်းကစားသမားဟောင်း ဂျက်ဖ် အက်စ်လီ သေဆုံးမှုကို စစ်ဆေးမှုအရ အက်စ်လီဟာ ဘောလုံးခါင်းတိုက်မှုကြောင့် ဖြစ်တဲ့ ဦးနှောက်ဒဏ်ရာကြောင့် အသက်ဆုံးရတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

    Ref: BBC

  • ချန်ပီယံလိဂ် သတင်းတိုများ

    ချန်ပီယံလိဂ် သတင်းတိုများ

    ဧပြီ ၁၃၊ ၂၀၁၈
    M-Media

    – ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်အတွက် ဒီကနေ့မှာ မဲခွဲခဲ့ပြီး စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်က ဂျာမနီက ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်ကတော့ ရိုးမားနဲ့ တွေ့ဆုံရမှာပါ။ လက်ရှိမှာ ရီးယဲလ်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေကာ လီဗာပူးလ်၊ ဘိုင်ယန်နဲ့ ရိုးမားတို့က သူ့နောက်မှာ အစဉ်အတိုင်း ရှိနေပါတယ်။ ဆီးမီးဖိုင်နယ်ပွဲတွေကို ဧပြီ ၂၄၊ ၂၅ နဲ့ မေ ၁၊ ၂ တွေမှာ ကစားမှာ ဖြစ်ပါတယ်။

    – လီဗာပူးလ်ဂိုးသွင်းစက် မိုဟာမက် ဆာလာဟ်ဟာ အသင်းဟောင်းရိုးမားကို ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး ဘယ်လိုပဲအဖြေထွက်ထွက် မိတ်ဆွေအဖြစ် ဆက်ရှိနေမယ်လို့ ရိုးမားက သူတို့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဆာလာဟ်ကလည်း ၁၀၀ ရာခိုင်နှုန်း သေချာတာပေါ့လို့ ရေးသားကာ ဒီပို့စ်ကို ပြန်လည် မျှဝေခဲ့ပါတယ်။

    – မဲခွဲမှုမှာ လီဗာပူးလ် ကံကောင်းခဲ့တယ်ဆိုတဲ့ ပြောကြားမှုတွေကို နည်းပြ ယာဂန်ကလော့ပ်က ပယ်ချလိုက်ပြီး ဘာစီလိုနာလိုအသင်းမျိုးကို ပထမအကျော့ ၄ ဂိုး ၁ ဂိုးအရှုံးကနေ ဒုတိယအကျော့မှာ ၃ ဂိုးပြတ်နဲ့ အနိုင်ကစားနိုင်တဲ့ ရိုးမားဟာ လွယ်ကူမယ့်အသင်းမျိုး မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    – ဘိုင်ယန်နည်းပြက ရီးယဲလ်နဲ့ပွဲဟာ ပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်ပြီး ဖလား ၃ လုံးရတဲ့ ၂၀၁၂-၁၃ ဘောလုံးရာသီက ဘိုင်ယန်ဟာ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်စ်၊ ဘာစီလိုနာတို့ကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် ဒါဟာ နမိတ်ကောင်းဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Goal, UEFA

  • ဘောလုံးစည်းမျဉ်း ပြုပြင်ပြောင်းလဲရေးတွင် ၄၅ မိနစ် နှစ်ပိုင်းကစားမှုကို ဖျက်သိမ်းရန် ပါဝင်လာ

    ဘောလုံးစည်းမျဉ်း ပြုပြင်ပြောင်းလဲရေးတွင် ၄၅ မိနစ် နှစ်ပိုင်းကစားမှုကို ဖျက်သိမ်းရန် ပါဝင်လာ

    ဇွန် ၁၈၊ ၂၀၁၇
    M-Media

    ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဇာဗီ အလွန်ဆို ပင်နယ်တီ ပြန်ထွက်လာသည့် ဘောလုံမှ သွင်းယူခဲ့သည့်ဂိုးကို ခွင့်မပြုခဲ့ချေ

    – ဘောလုံးပွဲတစ်ပွဲမှာ ၄၅ မိနစ် နှစ်ပိုင်းခွဲကစားတဲ့ စနစ်ကို မိနစ် ၃၀ နှစ်ပိုင်းခွဲကစားတဲ့စနစ် ပြောင်းလဲဖို့အတွက် ဘောလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်နေတဲ့ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များ ဘုတ်အဖွဲ့ (Ifab) က အဆိုပြုလိုက်ပါတယ်။

    အချိန်အလဟသဖြစ်မှုကို တားဆီးတဲ့အနေနဲ့ ဒီလိုဆောင်ရွက်ဖို့လိုတယ်လို့ ဘောလုံးပွဲရဲ့ ဆိုးကျိုးတွေကို ဖြေရှင်းဖို့ရည်ရွယ်ကာ Ifab ကထုတ်ပြန်တဲ့ ဗျူဟာစာတမ်းမှာ ဖော်ပြထားထားတာဖြစ်ပြီး မိနစ် ၃၀ နှစ်ပိုင်းကစားတဲ့ စနစ်မှာ ဘောလုံး စည်းပြင်ထွက်သွားတိုင်း အချိန်ရပ်တန့်ထားရမယ်လို့ ဆိုပါတယ်။

    ဒီစာတမ်းမှာ အခြားသော ဘောလုံးစည်းမျဉ်း ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်တွေလည်း ပါဝင်ပြီး အဲဒါတွေကတော့ ပင်နယ်တီကန်သွင်းမှုက ပြန်ထွက်လာတဲ့ဘောလုံးကို ထပ်ကန်လို့ မရဘဲ ဂိုးလွန်ဘောအဖြစ် သတ်မှတ်ရေး၊ ကွင်းအတွင်းနာရီကို ဒိုင်လူကြီးရဲ့နာရီနဲ့ ချိတ်ဆက်ရေး၊ ပြစ်ဒဏ်ဘောကန်ရာမှာ အသင်းဖော်တွေကို ပိုမို ထိရောက်တဲ့ပေးပိုးမှု၊ ဒါမှမဟုတ် ဘောလုံးဆွဲကာ လိမ်ခေါက်မှု ပြုလုပ်ခွင့်ပေးရေးတွေလည်း ပါဝင်ပါတယ်။

    အဲဒီလို ပြုပြင်ပြောင်းလဲမှုတွေထဲက တစ်ချို့ဟာ လက်ရှိဥပဒေတွေကို မပြင်ဘဲ ချက်ခြင်း အကောင်အထည်ဖော်လို့ရတယ်လို့လည်း Ifab က ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ဒိုင်လူကြီးကို အသင်းခေါင်းဆောင်တစ်ယောက်တည်းကသာ စကားပြောခွင့်ပြုတဲ့ စည်းမျဉ်းကို စနေနေ့က စတင်ကစားခဲ့တဲ့ ကွန်ဖက်ဒရေးရှင်းဖလား ဘောလုံးပြိုင်ပွဲမှာ စမ်းသပ်မှာဖြစ်ပါတယ်။

    ဘောလုံးပွဲစည်းမျဉ်းတွေကို ပြောင်းလဲမယ့်အစီအစဉ်မှာ ပါဝင်တဲ့ နောက်ထပ်ကိစ္စတစ်ခုကတော့ သရေကျနေလို့ ပင်နယ်တီ ကန်သွင်းတဲ့အခါမှာ ABBA စနစ်ကို ကျင့်သုံးရေး၊ လူစားလဲတဲ့အခါ ကစားသမားတွေ ကွင်းလယ်စည်းကနေ ၀င်ရတဲ့အစား ဘောလုံးနဲ့အနီးဆုံး နေရာကနေ ၀င်ခွင့်ပြုရေးတွေလည်း ပါဝင်ပါတယ်။

    အခုထုတ်ပြန်လိုက်တဲ့ ဗျူဟာစာတမ်းကို အစည်းအဝေးပေါင်းမြောက်များစွာမှာ ဆွေးနွေးရအုံးမှာဖြစ်ပြီး ပြောင်းလဲသင့်လား၊ မပြောင်းလဲသင့်ဘူးလားဆိုတာကို နောက်ဆုံးမှ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

    Ref: BBC

     

  • ဘောလုံးပွဲတွင် နှစ်ဖက်ပရိတ်သတ်များ တိုက်ခိုက်ပွဲ ဖန်တီးပေးရန် ရုရှားအမတ်တစ်ဦး အဆိုပြု

    ဘောလုံးပွဲတွင် နှစ်ဖက်ပရိတ်သတ်များ တိုက်ခိုက်ပွဲ ဖန်တီးပေးရန် ရုရှားအမတ်တစ်ဦး အဆိုပြု

    မတ် ၇၊ ၂၀၁၇
    M-Media

    ယူရို ၂၀၁၆ ပြိုင်ပွဲမှ ပရိသတ်များ ခိုက်ရန်ဖြစ်ပွားမှု ပုံရိပ်တစ်ခု

    – ဘောလုံးပြိုင်ပွဲများတွင် ရုရှားပရိတ်သတ်များ၏ ဆိုးသွမ်းမှုပြဿနာကို ဖြေရှင်းရန်အတွက် နှစ်ဖက်ပရိတ်သတ်များအားအုပ်စုဖွဲ့၍ ကွင်းအတွင်း ထိုးနှက်စေသည့် နည်းလမ်းကို အသုံးပြုရန် ရုရှား အမတ်တစ်ဦးက အဆိုပြုခဲ့သည်ဟု သိရသည်။

    ရုရှား ပရိတ်သတ်များမှာ ကွင်းအတွင်း တစ်ဖက်ပရိတ်သတ်များကို တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့သည့်နှစ် ဥရောပဖလား ဘောလုံးပြိုင်ပွဲတွင် ကိုယ်ခံပညာ တတ်ထားသူအများစုပါဝင်သည့် ရုရှား ဘောလုံးပရိတ်သတ်အုပ်စုမှာ မာဆေးလ်မြို့တွင် အင်္ဂလိပ်ပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားမှုက နည်ကျော်သော အဖြစ်အပျက်ဖြစ်ခဲ့သည်။

    ရုရှား အမတ်တစ်ဦးဖြစ်သူ အီဂေါရ် လီဘီဒက်ဗ်က ထိုပြဿနာကို ဖြေရှင်းရန်အတွက် တစ်ဖက် လူ ၂၀ ပါသည့် နှစ်ဖက်ပရိတ်သတ် အုပ်စုနှစ်ခုကို ကွင်းအတွင်း လက်နက်မဲ့ တိုက်ခိုက်ပွဲ ဖန်တီးပေးရေး ဥပဒေများ ရေးဆွဲရန် အဆိုပြုခဲ့သည်။ အဆိုပါ တိုက်ခိုက်ပွဲကို ‘draka’ ဟု ခေါ်ဆိုပြီး ‘တိုက်ခိုက်မှု’ ဟု အဓိပ္ပါယ်ရသည်။

    ၎င်း၏ပါတီ LDPR ၏ ၀ဘ်ဆိုက်တွင် ထိုကိစ္စနှင့်ပတ်သက်၍ လွှင့်တင်ထားသော ကြေငြာချက်၌ လီဘီဒက်ဗ်က ယခုကဲ့သို့ တိုက်ခိုက်ပွဲများ ဖန်တီးပေးခြင်းဖြင့် ပရိတ်သတ်များ၏ ရန်လိုမှုကို ငြိမ်းချမ်းသည့်ဘက်သို့ ပြောင်းလဲသွားစေနိုင်ကြောင်း၊ မယဉ်ကျေးသော၊ မတိုက်ခိုက်တတ်သော အင်္ဂလိပ်ပရိတ်သတ်များအတွက် နမူနာယူစရာတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    “ရုရှားဟာ အားကစားနည်းသစ်တစ်ခုမှာ ရှေ့ဆောင်လမ်းပြနိုင်ငံတစ်ခု ဖြစ်လာမှာပါ။ ဥပမာအားဖြင့် အင်္ဂလိပ်ပရိတ်သတ်တွေ ရောက်လာမယ်၊ စပြီး ချကြမယ်။ ဒါဆိုရင် သူတို့ရဲ့ စိန်ခေါ်မှုကို လက်ခံတယ်ဆိုတဲ့အဖြေ ရမှာပါ။ ပွဲကိုတော့ ကွင်းထဲ သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ လုပ်မှာပါ” ဟု လီဘီဒက်ဗ်က ဆိုပြီး ထိုသို့ ဆောင်ရွက်ခြင်းက လူထောင်နှင့်ချီကို စွဲဆာင်နိုင်မည်ဟုလည်း ဆိုသည်။

    လက်ရှိတွင် ရဲတပ်ဖွဲ့ အလှမ်းမမီသော ရုရှား၏ ကျေးလက်ဒေသများ၌ ရုရှားဘောလုံးပရိသတ်များမှာ နှစ်ဖက် ထိုကဲ့သို့တိုက်ခိုက်မှုများကို တရားမ၀င် ပြုလုပ်နေကြသည်။

    Ref: NY Post

  • သားဖြစ်သူနှင့် တွဲကစားရသည့်အချိန်မှာ အထူးစပါယ်ရှယ်အချိန် ဖြစ်သည်ဟု ဘက်ခမ်းပြော

    သားဖြစ်သူနှင့် တွဲကစားရသည့်အချိန်မှာ အထူးစပါယ်ရှယ်အချိန် ဖြစ်သည်ဟု ဘက်ခမ်းပြော

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    back

    – အိုထရဒ်ဖို့ဒ်ကွင်းကြီးတွင် မိမိ၏သား ဘရွတ်ကလင်း၊ ဘရာဇီးလ် ဂန္တ၀င်ကစားသမား ရော်နယ်ဒင်ဟိုတို့နှင့် တွဲ၍ ကစားရသည့် အချိန်မှာ မိမိအတွက် ထူးခြားသည့် အချိန်ကာလ ဖြစ်သည်ဟု အင်္ဂလန်ဂန္တ၀င်ကစားသမား ဒေးဗစ် ဘက်ခမ်းက ပြောကြားလိုက်သည်။

    မန်ယူနည်းပြဟောင်း ဖာဂူဆန်ကိုင်တွယ်ကာ ဘက်ခမ်းဦးဆောင်သည့် ဂရိတ်ဗြိတိန်အသင်းနှင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဟောင်းများ ပါဝင်သော All Star အသင်းတို့မှာ ယူနီဆက်ဖ်၏ ကလေးများရန်ပုံငွေပွဲအဖြစ် ယမန်နေ့က ကစားခဲ့ပြီး ဂရိတ်ဗြိတိန်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရိခဲ့သည်။

    ဘက်ခမ်း၏ အကြီးဆုံးသားဖြစ်သူ ဘရွတ်ကလင်းမှာ ၇၆ မိနစ်တွင် ဖခင်ဖြစ်သူ၏ အစား ၀င်ရောက်ကစားခဲ့ပြီး နောက်ပိုင်းတွင် ဘရွတ်ကလင်းနှင့် တွဲကစားရန် ဘက်ခမ်းက ပြန်လည်ဝင်ရောက်လာခဲ့သည်။

    “ဒီနေရာမှာ ကစားခဲ့တဲ့အထဲမှာ တစ်သက်လုံး မှတ်မိနေမယ့် အချိန်တစ်ခုက ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တာနဲ့ ၈ လအရွယ် ဘရွတ်ကလင်းကိုချီပြီး ဒီကွင်းထဲမှာ လမ်းလျှောက်ရတာပါပဲ။ သူ့ကို ဒီကိုခေါ်လာတဲ့ ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်တော် အလွန် ဂုဏ်ယူရပါတယ်။ အခုတော့ သူက ၁၆ နှစ်ရှိနေပြီး သူ့ကို ကျွန်တော် ကုန်းမပိုးနိုင်တော့ပါဘူး။ သူနဲ့ကစားရတဲ့အချိန်ဟာ အထူးစပါယ်ရှယ် အချိန်ပါပဲ။ ကံကောင်းထောက်မစွာနဲ့ နည်းပြ (ဖာဂူဆန်) က ကျွန်တော်တို့ လုပ်သင့်တာတစ်ခုကို လုပ်ဖို့ သဘောတူညီခဲ့ပါတယ်” ဟု ဘက်ခမ်းက ပြောကြားခဲ့သည်။

    Ref: Goal