News @ M-Media

Tag: Germany

  • ဂျာမနီတွင် ခပတ်(Kebab)ဟင်းလျာ စျေးတက်မှု အစိုးရက ဖြေရှင်းပေးမလား

    ဂျာမနီတွင် ခပတ်(Kebab)ဟင်းလျာ စျေးတက်မှု အစိုးရက ဖြေရှင်းပေးမလား

    မေ ၁၂၊ ၂၀၂၄

    M-Media 


    -ဂျာမနီမှာ လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်တဲ့ Kebab ဟင်းလျာ စျေးတက်မှုကို အစိုးရက ၀င်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။ 

    လက်ရှိ ဂျာမနီမှာ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာနဲ့အတူ Kebab စျေးနှုန်းဟာ ၁၀ ယူရိုကျော်လာတော့မယ့် အန္တရာယ် ရှိနေတာပါ။ Kebab ဟင်းလျာ စျေးတက်မှုနဲ့ ပတ်သက်ပြီး ဂျာမနီ နိုင်ငံရေးသမားတွေကြား ပြောကြားမှုတွေလည်း ရှိလာပါတယ်။

    ဂျာမနီအဓိပတိ အိုလက်ဖ်စကော့ဇ်က သူသွားတဲ့နေရာတိုင်းမှာ Kebab စျေးနှုန်းတက်လာမှုကို ဖြေရှင်းပေးဖို့ တောင်းဆိုမှု ရှိနေတယ်လို့ ပြောပါတယ်။ 

    ဂျာမန်လက်၀ဲပါတီ Left Party က Kebab စျေးကျရေး အစိုးရရန်ပုံငွေနဲ့ ထောက်ပံ့ကူညီပေးဖို့ လူသိရှင်ကြား တောင်းဆိုခဲ့ပါတယ်။  

    Kebab တစ်ပွဲကို ပုံမှန် ၄ ဒဿမ ၉၀ ယူရို၊ ကျောင်းသားတွေအတွက် ၂ ဒဿမ ၅၀ ယူရိုနဲ့ ရောင်းချပေးနိုင်ရေး အစိုးရက ကြား၀င်ဆောင်ရွက်ဖို့ လက်၀ဲပါတီက အကြံပြုပါတယ်။ 

    “လူငယ်တွေက ဒီကိစ္စအကြောင်း ပြောလာပြီဆိုရင် အိုလက်ဖ် အနေနဲ့ Kebab စျေးကျအောင် ဆောင်ရွက်ပေးရပါမယ်။ ဒီကိစ္စဟာ အွန်လိုင်းပေါ်က ရယ်စရာမျိုး မဟုတ်တော့ပါဘူး။ အကူအညီပေးဖို့ တောင်းဆိုနေတာပါ။ Kebab ဟင်းလျာ လူတိုင်းစားနိုင်တဲ့ အစားအစာမျိုးဖြစ်အောင် အစိုးရက ကြား၀င် ဆောင်ရွက်ပေးရပါမယ်” လို့ လက်၀ဲပါတီ အမှုဆောင်ကော်မတီအဖွဲ့၀င် ကာသီ ဂယ်ဘဲလ်က ပြောပါတယ်။ 

    ဂျာမနီမှာ တစ်နှစ်ကို Kebab ဟင်းပွဲ သန်းပေါင်း ၁၃၀၀ ကျော် စားသုံးနေကြပါတယ်။ 

    Ref: Sky News 

  • အစ္စရေးထံမှ ဒုံးခွင်းစနစ်၀ယ်မယ့် ဂျာမနီ

    အစ္စရေးထံမှ ဒုံးခွင်းစနစ်၀ယ်မယ့် ဂျာမနီ

    ဇွန် ၁၅၊ ၂၀၂၃

    M-Media 


    -အစ္စရေးထုတ် အဆင့်မြင့် Arrow-3 ဒုံးခွင်းစနစ်ကို ၀ယ်ယူဖို့အတွက် ဂျာမနီလွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။ 

    ၀ယ်ယူမယ့်တန်ဖိုးဟာ ကန်ဒေါ်လာ ၄ ဒဿမ ၃ ဘီလီယံ ရှိမှာဖြစ်ပြီး ဂျာမနီဖက်က ကြိုငွေ သန်း ၅၆၀ အရင်ပေးရမှာ ဖြစ်ပါတယ်။ 

    Arrow-3 ဟာ တာ၀ေး ဒုံးခွင်းစနစ်ဖြစ်ပြီး ကမ္ဘာ့လေထုအပြင်ဖက်က ပစ်မှတ်တွေကိုပါ ဖျက်ဆီးနိုင်တဲ့အထိ အစွမ်းထက်ပါတယ်။ ဂျာမနီနဲ့ ပတ်၀န်းကျင် အိမ်နီးချင်းနိုင်ငံတွေကိုပါ ကာကွယ်ပေးနိုင်မှာပါ။ 

    ရုရှားက ယူကိန်းကို ကျူးကျော်မှုအတွင်း ဥရောပရဲ့ လေကြောင်းရန် ကာကွယ်ရေး အားနည်းချက်ကို ခေါင်းဆောင်တွေက သတိပြုမိလာကြပါတယ်။ 

    ဒုံးကျည်တွေ၊ ဒရုန်းတွေကို ထိထိရောက်ရောက်တားဆီးနိုင်မယ့် မြေပြင်ဒုံးခွင်းစနစ်မျိုး ဥရောပမှာ လုံလုံလောက်လောက် ရှိမနေပါဘူး။ 

    ယူကရိန်းစစ်ပွဲကြောင့် ဂျာမနီက ကာကွယ်ရေးကို ပိုမိုတောင့်တင်းအောင်လုပ်ဆောင်ဖို့ ကြိုးပမ်းလာပြီး ကန်ဒေါ်လာ ၁၀၈ ဘီလီယံ သုံးစွဲမယ့် ကာကွယ်ရေးအစီအစဥ်တစ်ခုကို ဂျာမနီ၀န်ကြီးချုပ်က မကြာသေးခင်ကပဲ ပြည်သူကို ချပြခဲ့ပါတယ်။ 

    Arrow-3 ၀ယ်ယူရေးလုပ်ငန်းစဥ်ကို အခုနှစ်ကုန်ပိုင်းမှာ အစ္စရေးအစိုးရနဲ့ ဂျာမနီက ဆွေးနွေးမှာ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • နာဇီကို ကူညီမှုဖြင့် ၉၇ နှစ်အရွယ် အမျိုးသမီးကို ဂျာမနီက အပြစ်ပေး

    နာဇီကို ကူညီမှုဖြင့် ၉၇ နှစ်အရွယ် အမျိုးသမီးကို ဂျာမနီက အပြစ်ပေး

    ဒီဇင်ဘာ ၂၀၊ ၂၀၂၂

    M-Media 


    -ဒုတိကမ္ဘာစစ်က နာဇီအကျဥ်းစခန်းမှာ လက်နှိပ်စက်သမအဖြစ် အမှုထမ်းခဲ့တဲ့ အသက် ၉၇ နှစ်အရွယ် အဖွားအိုကို လူသတ်မှု ကြံရာပါနဲ့ ဂျာမနီတရားရုံးတစ်ခုက ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။ 

    Irmgard Furchner ဆိုတဲ့ အမျိုးသမီးဟာ ၁၉၄၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ပိုလန်က Stutthof အကျဥ်းစခန်း အုပ်ချုပ်ရေးရုံးမှာ အလုပ်လုပ်ခဲ့တာပါ။ 

    အဲဒီအချိန်က သူမအသက် ၁၈ နှစ် မပြည့်သေးတဲ့အတွက် ကလေးသူငယ်ဥပဒေအရ တရားရုံးက အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

    Stutthof အကျဥ်းစခန်းမှာ ဂျူး၊ ပိုလန်နဲ့ ရုရှားလူမျိုး၊ လိင်တူချစ်သူတွေ၊ ခရစ်ယာန်ယေဟော၀ါအသင်း၀င်တွေ အပါအ၀င် စုစုပေါင်း ၆ သောင်းကျော်ကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

    Irmgard Furchner ဟာ လူပေါင်း ၁၀၅၀၀ သေဆုံးမှုမှာ ကြံရာပါဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ 

    သူမဟာ ၁၉၅၀ ပြည့်နှစ်တွေတုန်းကလည်း တရားစွဲဆိုခံခဲ့ရပြီး အကျဥ်းစခန်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြံအစည်ကို ဆန့်ကျင်ခဲ့တဲ့အတွက် လူတွေအသတ်ခံရမှုမှာ တိုက်ရိုက် တာ၀န်မရှိဘူးဆိုတဲ့ ထုချေချက်နဲ့ ထောင်ဒဏ် ၉ နှစ် အပြစ်ပေးခံခဲ့ရပါတယ်။

    အခုတစ်ခေါက်စစ်ဆေးမှုမှာတော့ နာဇီတွေရဲ့ အစီအစဥ်အားလုံးမှာ သူမ လိုလိုလားလား ပါ၀င်ဆောင်ရွက်ခဲ့တယ်ဆိုတာကို တရားရုံးက ထင်ထင်ရှားရှား ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 

    အစိုးရရှေ့နေ Maxi Wantzen က ဒီတရားစွဲဆိုမှုဟာ သမိုင်းကြောင်းဆိုင်ရာအတွက် အလွန်အရေးပါခဲ့ပြီး နာဇီကိစ္စနဲ့ပတ်သက်လို့ နောက်ဆုံး အရေးယူတာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters

  • အာဏာသိမ်းရန်ကြံစည်နေသည့် လက်ယာစွန်းရောက်များကို ဂျာမနီ ဖမ်းဆီး

    အာဏာသိမ်းရန်ကြံစည်နေသည့် လက်ယာစွန်းရောက်များကို ဂျာမနီ ဖမ်းဆီး

    ဒီဇင်ဘာ ၇၊ ၂၀၂၂

    M-Media 


    -လက်နက်ကိုင်ပြီး လက်ရှိအစိုးရကို ဖြုတ်ချအာဏာသိမ်းဖို့ ကြံစည်နေတဲ့ လက်ယာစွန်းရောက်အဖွဲ့၀င် ၂၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဂျာမနီရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

    ပြည်နယ် ၁၁ ခုက နေရာပေါင်း ၁၃၀ မှာ ရဲတပ်ဖွဲ့၀င် ၃၀၀ လောက်က ဒီကနေ့မနက်အစောပိုင်းမှာ စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ လက်ယာစွန်းရောက်အဖွဲ့ Reichsbuerger က အဖွဲ့၀င်တွေပါ။ 

    ဒီအဖွဲ့ဟာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဂျာမနီ အခြေခံဥပဒေကို လက်မခံပါဘူး။ လက်နက်ကိုင်ပြီး လွှတ်တော်ကို၀င်စီးကာ အစိုးရကိုဖြုတ်ချဖို့ ကြံစည်နေတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ 

    အကြမ်းဖက်အဖွဲ့အစည်းက အဖွဲ့၀င်ဖြစ်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခဲ့တဲ့ ၂၅ ဦးထဲမှာ ရုရှားနိုင်ငံသားတစ်ဦး ပါ၀င်ပါတယ်။

    ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဒီကိစ္စဟာ ဂျာမနီရဲ့ ပြည်တွင်းရေးပြဿနာဖြစ်ပြီး ရုရှားက ပါ၀င်ပတ်သက်မှုရှိလားဆိုတာကို မေးခွန်းထုတ်စရာမလိုဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ 

    Ref: Reuters

  • ကိုဗစ်မြင့်တက်မှုကြောင့် ဥရောပနိုင်ငံတစ်ချို့ လော့ဒေါင်းချရန် စဉ်စားနေ

    ကိုဗစ်မြင့်တက်မှုကြောင့် ဥရောပနိုင်ငံတစ်ချို့ လော့ဒေါင်းချရန် စဉ်စားနေ

    နိုဝင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    -အိမ်နီးချင်း ဩစတြီးယားနိုင်ငံလိုပဲ မိမိတို့လည်း ကိုဗစ်ကူးစက်မှု ထပ်မံမြင့်တက်လာရင် လော့ဒေါင်းလုပ်သွားမယ်လို့ ဂျာမနီကျန်းမာရေးဝန်ကြီးက မနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    ဂျာမနီမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှု ​ပြန်လည်မြင့်တက်လာတဲ့အတွက် ကာကွယ်ဆေးမထိုးရသေးသူတွေအပေါ် ကန့်သတ်မှုတွေ လုပ်ဆောင်လာပါတယ်။ ကာကွယ်ဆေးမထိုးထားသူတွေဟာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အသုံးပြုတာ၊ စား​သောက်ဆိုင် ထိုင်တာတွေလုပ်ရင် ကိုဗစ်မရှိကြောင်း စစ်ဆေးထားတဲ့ရလဒ် ပြမှ ဝင်ခွင့်ပေးဖို့ လွှတ်တော်က ကြာသာပတေးနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

    ဂျာမနီမှာ အရွယ်ရောက်ပြီးသားသူတွေ ကိုဗစ်ကာကွယ်ဆေးထိုးထားမှုနှုန်းဟာ ၇၉ ရာခိုင်နှုန်း ရှိပါတယ်။

    သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက ဂျာမနီကျန်းမာရေးဝန်ကြီး ဂျန်စဖန်ကို တစ်နိုင်ငံလုံး လော့ဒေါင်းချဖို့ အစီအစဉ် ရှိ၊ မရှိမေးမြန်းရာမှာ လုပ်ဖို့လိုရင် လုပ်သွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    “ဘယ်ဟာကိုတော့ လုပ်ဖို့မလိုသေးဘူးဆိုပြီး ထားလို့မရတဲ့ အနေအထားမျိုးကို ရောက်နေတာပါ”

    ဂျာမနီ အရှေ့တောင်ပိုင်းက အိမ်နီးချင်း ဩစတြီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာတာကြောင့် တနင်္လာနေ့ကစတင်ပြီး တစ်နိုင်ငံလုံးကို လော့ဒေါင်းချတော့မယ်လို့ သောကြာနေ့မှာ အစိုးရက ကြေငြာခဲ့ပါတယ်။ ဩစတြီးယားဟာ ဥရောပမှာ ကာကွယ်ဆေးထိုးထားမှုနှုန်း အနိမ့်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

    ​ဩစတြီးယားနဲ့ ကပ်နေတဲ့ ဂျာမန် ဘာဗာရီယာဒေသမှာ ပြည်နယ်အစိုးရက ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ခရစ္စမတ်စျေးတွေ၊ ဖျော်ဖြေရေးနေရာတွေ အကုန်ပိတ်ဖို့ မနေ့က အမိန့်ထုတ်ခဲ့ပါတယ်။ ဘာဗာရီယာဒေသဟာ ဂျာမနီမှာ ကိုဗစ်ကူးစက်မှု အများဆုံးဒေသလည်း ဖြစ်ပါတယ်။

    ဥရောပနိုင်ငံတစ်ချို့မှာ ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာတာကြောင့် စိုးရိမ်မှုတွေ ရှိနေပါတယ်။

    Ref: New York Times