News @ M-Media

Tag: Gorgia

  • မြို့တော်အတွင်း လူတစ်ဦး ကျားကိုက်ခံရမှုကြောင့် ဂျော်ဂျီယာအစိုးရ ဝေဖန်ခံနေရ

    မြို့တော်အတွင်း လူတစ်ဦး ကျားကိုက်ခံရမှုကြောင့် ဂျော်ဂျီယာအစိုးရ ဝေဖန်ခံနေရ

    ဇွန် ၁၈၊ ၂၀၁၅
    M-Media

    tiger

    – ဂျော်ဂျီယာမြို့တော် တီဘီလီစီရေကြီးမှုတွင် တိရိစ္ဆာန်ရုံမှ လွတ်မြောက်သွားသည့် ကျားတစ်ကောင်မှာ လူတစ်ဦးအား ကိုက်သတ်ခဲ့ပြီးနောက်ပိုင်း မြို့အတွင်း အန္တရာယ်ကင်းရှင်းသွားပြီဟု ကြောညာခဲ့သည့် ဂျော်ဂျီယာအစိုးရအား ပြည်သူများက ဝေဖန်မှုမျာ ပြုလုပ်ခဲ့ကြသည်။

    ကျားကိုက်မှုမှာ ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဂိုဒေါင်တစ်ခုသို့ ၀င်ရောက်သွားခဲ့သူ အလုပ်သမားအုပ်စုမှ တစ်ဦးကို ကျားက ခုန်ထွက် ကိုက်သတ်ခဲ့ခြင်းဖြစ်ကာ ထိုကျားအား ရဲတပ်ဖွဲ့ ကွန်မန်ဒိုများက ပစ်သတ်ခဲ့သည်။ အဆိုပါအဖြစ်အပျက်မှာ အစိုးရက မြို့တွင်း သားရဲများ၏အန္တရာယ် ကင်းစင်သွားပြီဟု ကြေညာခဲ့ပြီး ၂ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်တို့ ဂိုဒေါင်ထဲ ၀င်သွားခဲ့ပြီး ရုတ်တရက်ဆိုသလိုပဲ ကျားဖြူတစ်ကောင်က ကပ်လျက်အခန်းထဲကနေ ထွက်လာကာ အလုပ်သမားတွေထဲက တစ်ယောက်ကို တိုက်ခိုက်ခဲ့တာပါ။ သူ့လည်ပင်းကို ခုန်အုပ် ကိုက်ဖြတ်ခဲ့ပါတယ်” ဟု သေဆုံးသွားသော အသက် ၄၀ အရွယ် အမျိုးသား၏ လုပ်ဖောင်ကိုင်ဖက်တစ်ဦးက ပြောကြားခဲ့သည်။

    တီဘီလီစီမြို့တွင် ပြီးခဲ့သည့် စနေနေ့ညပိုင်းနှင့် တနင်္ဂနွေနေ့ မနက်ပိုင်းတို့တွင် မိုးသက်မုန်တိုင်းများ ကျရောက်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့အတွင်း ရေကြီးရေလျှံခဲ့ပြီး တိရိစ္ဆာန်ရုံမှ အန္တရာယ်ရှိသားကောင်များ လွတ်မြောက်ခဲ့သည်။ သို့သော်လည်း အဆိုပါသားကောင်များမှ အချို့မှာ နေနစ်သေဆုံးခဲ့ပြီး အချို့ကို စနိုက်ပါဖြင့် သတ်ဖြတ်ခဲ့ပြီးဖြစ်ကာ မြို့မှာ အန္တရာယ်ကင်းသွားပြီဟု ဂျော်ဂျီယာဝန်ကြီးချုပ် အီရက်လီ ဂါရီဘက်ရှ်ဗီလီက တနင်္လာနေ့တွင် ကြေညာခဲ့သည်။

    သို့သော်လည်း အခုအဖြစ်အပျက်အတွက် ပြည်သူများက ဂျော်ဂျီယာအစိုးရကို အပြစ်တင်ခဲ့ကြသည်။

    “အသုံးမကျမှုနဲ့ တာဝန်မခံမှုအတွက် ဘာ့ကြောင့် ကျွန်တော်တို့က နောက်ထပ်လူတစ်ယောက် ဆုံးရှုံးခဲ့ရတာလဲ။ တိရစ္ဆာန်တွေကို သေသေချာချာ မရေတွက်ခဲ့ဘူးဆိုတာကို ဘာ့ကြောင့် သူတို့ မပြောခဲ့တာလဲ” ဟု အစိုးရကို ရည်ညွှန်း၍ တီဘီလီစီမြို့တွင် နေထိုင်သူ နီနို ဒန်နီယဲလ်လာက ပြောကြားခဲ့သည်။

    အခြားပြည်သူတစ်ဦးဖြစ်သူ ဆိုဖို ဒါတူအက်ရှ်ဗီလီကလည်း အစိုးရ၏ အမှုမဲ့အမှတ်မဲ့နေမှုက လူသတ်ခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့မှာ စွမ်းဆောင်ရည်မရှိတဲ့၊ လိမ်တတ်ပြီး လူသတ်တဲ့အစိုးရပဲ ရှိပါတယ်” ဟု အသက် ၃၂ နှစ်အရွယ် ၎င်းက ပြောကြားခဲ့သည်။

    အာဏာပိုင်များကမူ တိကျသည့် သတင်းပေးပို့မှု ပြုလုပ်ရန် ပျက်ကွက်ခဲ့သည့်အတွက် တိရစ္ဆာန်ရုံ တာဝန်ရှိသူများကို အပြစ်တင်ခဲ့သည်။

    “တိရစ္ဆာန်တွေကို ရေတွက်ရမယ့်တာဝန်ဟာ တကယ်တော့ တိရစ္ဆာန်ရုံ အုပ်ချုပ်သူတွေရဲ့ တာဝန်ပါပဲ” ဟု တီဘီလီစီမြို့ အုပ်ချုပ်ရေးမှူး ဒါဗစ် နာမာနီယာက ပြောကြားခဲ့သည်။

    တိရစ္ဆာန်ရုံ၏ ဒါရိုက်တာဖြစ်သူက လမ်းပေါ်တွင် တိရစ္ဆာန်တစ်ကောင်မှ မရှိတော့ဟု မီဒီယာများအား ပြောကြားခဲ့သော်လည်း အင်္ဂါနေ့တွင် တိရစ္ဆာန်ရုံ ပြန်ကြားရေးဌာက ကျားတစ်ကောင်၊ ခွေးအတစ်ကောင်နှင့် ၀က်ဝံတစ်ကောင်တို့ကို ထည့်တွက်ရခြင်း မရှိသေးဟု သတင်းထုတ်ပြန်ခဲ့သည်။

    ယခုအအဖြစ်အပျက်ကြောင့် ကျားတစ်ကောင် သေသွားသော်လည်း ခွေးအနှင့် ၀က်ဝံတို့မှာ ပြည်သူများအား အန္တရာယ်ပေးနိုင်သည့် အခြေအနေတွင် ရှိနေသေးသည်။

    Ref: Aljazeera

  • ဂျော်ဂျီယာရေကြီးမှု လူသေဆုံးပြီး တိရစ္ဆာန်ရုံမှ အန္တရာယ်ရှိ သားကောင်များ လွတ်မြောက်

    ဂျော်ဂျီယာရေကြီးမှု လူသေဆုံးပြီး တိရစ္ဆာန်ရုံမှ အန္တရာယ်ရှိ သားကောင်များ လွတ်မြောက်

    ဇွန် ၁၄၊ ၂၀၁၅
    M-Media

    jj 1

    – ၁ ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးသက်မုန်တိုင်းများ တိုက်ခတ်ခဲ့သောကြောင့် ဂျော်ဂျီယာနိုင်ငံ မြို့တော် တီဘီလီစီမြို့တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး တိရစ္ဆာန်ရုံမှ တိရစ္ဆာန်များ လွတ်မြောက်သွားကာ သေဆုံးသူ အရေအတွက်မှာလည်း မြင့်တက်လာသည်ဟု သိရသည်။

    စနေနေ့ညပိုင်းမှ စတင်ကာ တနင်္ဂနွေမနက်အထိ ရာသီဥတုဆိုးရွားမှုကြောင့် ကော့ကေးရှပ်တောင်တန်း၏ အခြေတွင် တည်ရှိသည့် တီဘီလီစီမြို့မှာ ရေလွှမ်းခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူမှာ ၁၂ ဦးရှိလာခဲ့ပြီဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
    ထို့ပြင် သေဆုံးသူများလည်း ဆက်လက်မြင့်တက်လာနိုင်သည်ဟု ဆိုသည်။

    ပျောက်ဆုံးနေသူများမှာ ၂၄ ဦးရှိပြီး မြို့၏ ဆင်ခြေဖုံးရပ်ကွက်များတွင် မြေပြိုမှုများလည်း ရှိခဲ့သည်။ ဂျော်ဂျီယာဝန်ကြီးချုပ်ကမူ ဇွန်လ ၁၅ ရက်နေ့ကို ရေလွှမ်းမှုကြောင့် ထိခိုက်ခဲ့ရသူများအတွက် နိုင်ငံတော် ၀မ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။

    မြို့ကိုဖြတ်သွားသည့် ကူရာမြစ်၏ ကမ်းပါးများမှာလည်း ရေကြီးမှုကြောင့် ပြိုကျခဲ့ပြီး တီဘီလီစီတိရစ္ဆာန်ရုံမှာလည်း ရေလွှမ်းခဲ့ကာ သားရိုင်းတိရစ္ဆာန် ၃၀ ကျော် လွတ်မြောက်ခဲ့သည်။ လွတ်မြောက်သည့်အထဲတွင် ရေမြင်းတစ်ကောင်၊ ၀က်ဝံ ၇ ကောင်၊ ခြင်္သေ့ ၆ ကောင်၊ ကျား ၆ ကောင်၊ ဂျာဂွာကျားသစ်၊ ၀ံပုလွေ ၁၃ ကောင်တို့ ပါဝင်သည်။

    တိရစ္ဆာန်များကို လိုက်ဖမ်းသည့် တိရစ္ဆာန်ရုံ ၀န်ထမ်းဖြစ်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ဂူလီကို ချီတက်ဒ်ဇီမှာ ကျားကိုက်ခံရမှုကြောင့် လက်တစ်ဖက် ပြတ်တောက်ခဲ့ရသည်။ တိရစ္ဆာန်ရုံ၏ အပေါ်ပိုင်းမှာလည်း အနည်းငယ် ပျက်ဆီးခဲ့ပြီး ထိုနေရာတွင်ရှိသည့် ဆင်များ၊ မြင်းကြား၊ မြင်းအမျိုးမျိုး၊ မြင်းပုများနှင့် မွေများမှာလည်း လွတ်မြောက်သွားကြသည်။

    အဆိုပါ တိရိစ္ဆာန်များကို ကွန်မန်ဒိုအဖွဲ့များက လိုက်လံဖမ်းဆီးနေပြီး ခြင်္သေ့နှစ်ကောင်နှင့် ကျားတစ်ကောင်တို့အား ပစ်သတ်ခဲ့သည်ဟု ဆိုသည်။ အစိုးရကမူ ဒေသခံများအား မိမိတို့ အိမ်တွင်းသာ နေထိုင်ကြပြီး အိမ်ပြင်မထွက်ကြရန် အမိန့်ထုတ်ထားသည်။

    Ref: RT