News @ M-Media

Tag: Hajj

  • ဟာ့ဂ်ျသွားသူများ အာမခံချက် အပြည့်အ၀ရှိစေမည့် ဥပဒေပြဋ္ဌာန်းရန် ကြိုးပမ်းမည်


    မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ အထွတ်အမြတ်ထားရာ ခရီးစဉ်တစ်ခုဖြစ်သည့် ဟာ့ဂ်ျခရီးစဉ် သွားရောက်မည့် ခရီးသည်များအတွက် အာမခံချက် အပြည့်အ၀ ရှိစေမည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၁၉၉၈ ခုနှစ်က မြန်မာနိုင်ငံ အစိုးရမှ တရားဝင် စေလွှတ်သော ဟာ့ဂ်ျအဖွဲ့ခေါင်းဆောင် ဦးအေးလွင်ကပြောသည်။

    “အိန္ဒိယနိုင်ငံမှာဆိုရင် ဟာ့ဂ်ျကော်မတီ အက်ဥပဒေဆိုပြီး ပြဋ္ဌာန်းထားတာရှိတယ်။ အဲဒီ ဥပဒေကို ၂၀၀၂ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတာ၊ တော်တော်ပြည့်စုံတယ်။ အဲဒီလို ဥပဒေကို မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းနိုင်ရင် အစ္စလာမ် ဘာသာဝင်တွေရဲ့ ဟာ့ဂ်ျခရီးစဉ်အတွက် တိကျသေချာတဲ့ အာမခံချက်ရရှိမှာပါ” ဟု ၄င်းကပြောသည်။

    ထိုကဲ့သို့ ဥပဒေကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းနိုင်ရန် ဥပဒေရေးရာ ပညာရှင်များနှင့် ဆွေးနွေးလျက်ရှိကြောင်း ၊ အသေးစိတ် အချက်အလက်အျားညှိနှိုင်းဆောင်ရွက်ပြီးပါက လွှတ်တော်တွင် အဆိုတင်သွင်းပြီး ဥပဒေ တစ်ရပ်ဖြစ်ပေါ်လာရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

    ဟာ့ဂ်ျခရီးစဉ် သွားရောက်မည့် အစ္စလာမ်ဘာသာဝင်များသည် လေယာဉ်လက်မှတ် အခက်အခဲ ၊ ဗီဇာအခက်အခဲများကြောင့် လေယာဉ်ကွက်းရောက်မှ ခရီးစဉ်ပျက်ပြယ်သွားခဲ့ရခြင်းများရှိပြီး၊ ထိုကဲ့သို့သော ဖြစ်ရပ်များအတွက် လျော်ကြေးသို့မဟုတ် ကုန်ကျငွေများကို ပြန်လည်မရရှိခြင်းများမှာ ခိုင်မာသော ဥပဒေတစ်ရပ် မရှိခြင်းကြောင့်ဖြစ်ကြောင်း အစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်သူ ဦးဝင်းမောင်က သုံးသပ်သည်။

    “အစ္စလာမ် ဘာသာဝင်တွေရဲ့ ဘ၀တစ်လျှောက်လုံးမှာ ငွေကြေးပြည့်စုံရင် ဆော်ဒီအာရေဗျာနိုင်ငံ မက္ကာမြို့ကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ရောက်အောင် သွားပြီး သတ်မှတ်ထားတဲ့ ဘာသာရေးဆိုင်ရာ လုပ်ငန်းကျင့်စဉ်တွေကို ဆောင်ရွက်ရမယ်ဆိုတဲ့ ဘာသာရေး ယုံကြည်ချက်ကို ခုတုံးလုပ်ပြီးတော့ တစ်ချို့ ဟာ့ဂ်ျခရီးသွား အေဂျင်စီတွေက ကိုယ်ကျိုးရှာ အမြတ်ထုတ်နေကြတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။

    ယခုနှစ်တွင် ဟာ့ဂ်ျခရီးစဉ် သွားရောက်မည့် အစ္စလာမ် ဘာသာဝင်ခရီးသည် ၁၂၀၀ခန့်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သောင်တင်ခဲ့ကြပြီး ခရီးစဉ်ပျက်ပြယ်ကာ ငွေကြေး မြောက်မြားစွာ ဆုံးရှုံး နစ်နာခဲ့ရသည်။ ယင်းကဲ့သို့ ဖြစ်စဉ်များ လာမည့်နှစ်တွင် ထပ်မံ မဖြစ်ပွားစေရေးအတွက် စောင့်ကြည့်အဖွဲ့များကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း အဆိုပါ စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဌ ဟာဂျီဦးမောင်မောင်က ပြောသည်။

    စောလင်းထက်
    True New True New Journal ၊ အတွဲ ၄ ၊ အမှတ်၁၄ ၊ ၂၇ ဒီဇင်ဘာ

    ကိုခင်မောင်ထွေး ပြန်လည်မျှဝေချက်ဖြစ်ပါသည်။

    2-12-2011(ဗုဒ္ဓဟူးနေ့)က ရန်ကုန်မြို့ စီတီးစတားဟော်တယ် တွင်  ဟာဂ်ျခရီးစဉ်စောင့်ကြည့် ကူညီရေးအဖွဲ့တာဝန်ရှိသူများ မှ စာနယ်ဇင်း၊သတင်းထောက်များနှင့် တွေ့ဆုံ၍ ယခုနှစ် ဟာဂ်ျခရီးသွားရာသီတွင် ဖြစ်ပေါ်ခဲ့သော မြန်မာမွတ်စလင်မ် လူထု အတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်များကို ဟာဂ်ျပြုလုပ်ရန်သွားရောက်ကြမည့် ဟာဂျီလောင်းများအပေါ် ပြုမူဆောင်ခဲ့ကြသောသူများနှင့် ပါတ်သက်သော အကြောင်းအရာများ၊ဟာဂ်ျလေ့လာစောင့်ကြည့်ရေးအဖွဲ့  ဖွဲ့စည်းရခြင်းရည်ရွယ်ချက်များ ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြခဲ့ပါတယ်။
    ယင်းအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဟာဂျီဦးခင်မောင်သန်း မှ ဆောင်ရွက်ပြီး ဆရာဦးဝင်းငြိမ်းမှ အမှာစကားပြောကြားပေးခဲ့ပါတယ် ၊ ဒီနောက် အလ်ဟာဂ်ျ ဆရာဦးအေးလွင်မှာ ၄င်းအား သက်ဆိုင်ရာမှ မြန်မာဟာဂ်ျအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့စဉ်က ဆောင်ရွက်ခဲ့စဉ်က အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး ၊ ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့မှ ဥက္ကဌဖြစ်သူ ဟာဂျီဦးမောင်မောင်မှ ယခုနှစ် ဖြစ်ပေါ်ခဲ့အဖြစ်အပျက်များနှင့် ပါတ်သက်သည်များ ယခုနှစ် ဟာဂ်ျပြုလုပ်ရန် မသွားဖြစ်လိုက်ရသောသူများ၏ စိတ်ပိုင်းဆိုင်နှစ်နာဆုံးရှုံးမှုများ ၊ ငွေကြေးဆုံးရှုံးများနှင့် ပါတ်သက်၍ ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြခဲ့သည့်အပေါ် သိလိုသည်များကို တက်ရောက်လာကြသော စာနယ်ဇင်းမှာ ပုဂ္ဂိုလ်များက သေးစိတ် မေးမြန်းခဲ့ကြရာ ဥက္ကဌ ဟာဂျီဦးမောင်မောင် နှင့် အလ်ဟာဂ်ျ ဦးအေးလွင်တို့ မှ ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြပါသည်။

  • ဟဂ်ျ ခရီးစဉ် စောင့်ကြည့် ကူညီရေးအဖွဲ့ နစ်နာသူများ အတွက် ခြေလှမ်းစ

    ရန်ကုန်၊ နိုဝင်ဘာ ၂၅

     မက္ကာရွှေမြို့တော်သို့ ဟဂ်ျ လုပ်ရန် သွားရောက်ကြမည့် ဟာဂျီလောင်းများ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်တွင် မျှော်လင့်ချက်ကြီးစွာ စောင့်ဆိုင်းနေကြစဉ်

    ယခုနှစ် ဟတ်(ဂ်ျ)ခရီးစဉ် သွားရောက်ခွင့် မရဘဲ ဆုံးရှုံး နစ်နာခဲ့ရသူများကို ချိတ်ဆက် ကူညီ ဆောင်ရွက်ပေးနိုင်ရန် ဟတ်(ဂ်ျ)ခရီးစဉ် စောင့်ကြည့် ကူညီရေး အဖွဲ့ခွဲများ အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း မန္တလေး အဖွဲ့ ဥက္ကဋ္ဌ ဟာဂျီ ဦးမောင်မောင်က နိုဝင်ဘာ ၂၄ ရက်တွင် ပြောသည်။
    ”မန္တလေးနဲ့ ရန်ကုန်က ဖွဲ့ပြီးပြီ။ တခြားဒေသတွေက ဒီလို ဟတ်(ဂ်ျ) ခရီးစဉ်သွားခွင့် မရလိုက်ဘဲ နစ်နာသူတွေကို ကူညီနိုင်အောင် ဧရာဝတီတို့၊ တနင်္သာရီတို့ မှာလို အဖွဲ့ခွဲတွေ ဖွဲ့နိုင်အောင် လုပ်သွားပါမယ်” ဟု ၄င်းက ပြောသည်။
    ၂ဝ၁၁ ခုနှစ် ဟတ်(ဂ်ျ)ရာသီတွင် မြန်မာနိုင်ငံမှ လူ ၂ဝဝဝ ခန့် ဟတ်(ဂ်ျ)ခရီးစဉ် သွားရောက်ခွင့် မရခဲ့ဘဲ လူ ၁၂ဝဝ မှာ ဗီဇာရပြီး ဖြစ်သော်လည်း လေယာဉ်မလာသည့် အတွက် သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
    ”ဟတ်(ဂ်ျ)ခရီးသွားတွေကို အေဂျင်စီတွေ နိုင့်ထက်စီးနင်း ပြုနေတာ ကြာပါပြီ။ နိုင်ငံတော်ကသွားဖို့ ခွင့်ပြု ပေးထားတဲ့ကြားက ကျွန်တော်တို့က ပြဿနာ တွေနဲ့ဆိုတာ မျိုး ဖြစ်မှာစိုးလို့ ကြိတ်ခံနေကြရတာပါ။ အခုလို ပွင့်လင်းလာတဲ့ နိုင်ငံရေး အခင်းအကျင်း ဖြစ်လာချိန်မှာတော့ ဒီလိုနေလို့ မဖြစ်တဲ့အတွက် အဖွဲ့ဖွဲ့ခဲ့တာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းဆိုသည်။
    အဖွဲ့အနေဖြင့် မည်သည့်အဖွဲ့အစည်း လက်အောက်ခံမှ မဟုတ်ဘဲ နစ်နာ သူများဘက်မှ ကူညီသွားရန် ရည်ရွယ်၍ ပေါင်းစုထားသော အဖွဲ့ဖြစ်သောကြောင့် ငွေကြေး တစ်စုံတစ်ရာ ပေးဆောင်ရန် မလိုဘဲ အဖွဲ့ဝင်များ၏ စုပေါင်း စိုက်ထုတ်ငွေဖြင့်သာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၄င်းကပြောသည်။
    ”အခုက နစ်နာသူတွေရဲ့ ကိုယ်ရေး အချက်အလက်နဲ့ ကုန်ကျခဲ့ တာတွေကို တင်ပြဖို့အတွက် ဖောင်တွေ ဝေနေပါတယ်။ ၅ဝဝ ကျော်ပါပြီ။ ကျွန်တော်တို့ဆီတော့ ဖောင် ၂ဝ လောက် ပြန်ရောက်နေပါပြီ” ဟု ၄င်းက ပြောသည်။
    ဟတ်(ဂ်ျ)ခရီး သွားလို သူများနေဖြင့် ရာသီမတိုင်မီ ငါးလခန့် ကြို၍ သက်ဆိုင်ရာ အေဂျင်စီများထံ ငွေကြိုသွင်းကာ စောင့်ဆိုင်းခဲ့ ရကြောင်း တစ်ဦးလျှင် ဒေါ်လာ ၃၂ဝဝ မှ ၁၂ဝဝဝ အထိ သွင်းထားရ သူများလည်း ရှိသောကြောင့် သွားလာခွင့် မရခြင်းအတွက် ဆုံးရှုံးမှုများကြောင်း သိရသည်။
    ”အေဂျင်စီတချို့က ငွေပြန်မအမ်းဘူး။ ရှောင်နေကြတယ်။ တချို့ က အရစ်ကျ ခွဲပေးတယ်။ တချို့ကတော့ ငွေလျှော့ပေးတယ်။ အမှန်ဆို ဆော်ဒီက ဟတ်(ဂ်ျ)ဗီဇာကို အခမဲ့ ပေးတာပါ။ ဒီမှာတော့ဒေါ်လာ ၁၂ဝဝ၊ ၁၄ဝဝ လောက် ဈေးပေါက်နေတယ်။ ဘာပဲဖြစ်ဖြစ် အဖွဲ့ကို ဆက်သွယ်ကြပါ။ မဆက်သွယ်ရင်တော့ ကျွန်တော်တို့ ဘာမှ လုပ်ပေးလို့ရမှာ မဟုတ်ပါဘူး” ဟု ၄င်းက ထပ်မံပြောသည်။
    အဆိုပါ အဖွဲ့တွင် အငြိမ်းစားအရာရှိကြီးများ၊ ဥပဒေ ပညာရှင်များလည်း ပါဝင်ဖွဲ့စည်းထားသောကြောင့် ပြဿနာများကို စနစ်တကျ စီမံခန့်ခွဲ သွားမည် ဖြစ်ပြီး နစ်နာ သူများ အနေဖြင့် မန္တလေး ဖုန်း ဝ၉-၉၁၃၉ဝ၅၅၊ ဝ၉-၉၁ဝဝဝ၇၂၃ နှင့် ရန်ကုန် ဖုန်း ဝ၉-၇၃၁၁၁၂၁၁ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။
    ဟတ်(ဂ်ျ)ခရီးစဉ်မှာ အစ္စလာမ် ဘာသာဝင်များ၏ အလေးအမြတ်ပြုရာ ခရီးတစ်ခုဖြစ်ပြီး ဆော်ဒီနိုင်ငံ အနေဖြင့် နှစ်စဉ်ကမ္ဘာ့ နိုင်ငံအလိုက် ဟတ်(ဂ်ျ) ဗီဇာများကို ခွဲတမ်း သတ်မှတ်ပေးခြင်း ဖြစ်သည်။ ယခုနှစ် မြန်မာနိုင်ငံအတွက် ဗီဇာ ၈ဝဝဝ ရရှိခဲ့သော်လည်း ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူမှာ ၅ဝဝဝ သာ ရယူခဲ့ခြင်း ဖြစ်ကြောင်း လည်း ဥက္ကဋ္ဌက ဆက်လက်ပြောသည်။
    ”ဒီမှာသွားချင်တာ လူ ၇ဝဝဝ လောက်ရှိမယ်။ ဒါပေမဲ့ ဗီဇာက ၅ဝဝဝ ပဲရတော့ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှဘူး။ အဲဒီတော့ ဈေးကို လိုသလို ရောင်းနေကြတာပေါ့” ဟု ၄င်းက ပြောသည်။
    အဖွဲ့အနေဖြင့် မြန်မာနိုင်ငံမှ အစ္စလာမ် ဘာသာဝင်များ၏ ဟတ်(ဂ်ျ) ခရီးစဉ် ဆုံးရှုံးရမှုများကို ဆော်ဒီမှ တာဝန်ရှိသူများထံ တင်ပြနိုင်ရန်လည်း ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

    အောင်ခွန်းဆက်

    Credit to  http://popularmyanmar.com/mpaper/archives/32149

  • ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့

    “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့”

    ၂၀၁၁ ခုနှစ် ဟာဂ်ျရာသီတွင် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်သည် ယခင့် ယခင်နှစ်များထက် ယခုနှစ်ဟာဂ်ျခရီးစဉ်တွင် ဟာဂ်ျခရီးစဉ်အကျိုးဆောင်များ၏ အဆင်မပြေမှု့များရှိခဲ့ပါသဖြင့် ဗီဇာ မရရှိလိုက်၍ သွားခွင့်မရရှိသူများ ၊ ဗီဇာရရှိထားသော်လည်း လေယာဉ်ပျံ အခက်အခဲကြောင့် လိုက်ပါခွင့် မရရှိသူများ၏ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုများနှင့် ရုပ်ပိုင်း(ငွေကြေး)ဆိုင်ရာ နစ်နာဆုံးရှုံးမှုများကို ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ “ဟာဂ်ျ ခရီးစဉ်စောင့် ကြည့်ကူညီရေးအဖွဲ့” ကို စုစည်းဖွဲ့စည်းပြီးဖြစ်ကြောင်းသိရပါသည်။
    အဆိုပါအဖွဲ့တွင် အငြိမ်းစားအရာရှိကြီးများ ဥပဒေပညာရှင်များ ဆေးပညာရှင်များ သာသနာ့ပညာရှင်များနှင့် တတ်သိပညာရှင်များဖြင့် စုပေါင်း ဖွဲ့စည်းထားကြောင်းနှင့် ယခုနှစ် ဟာဂ်ျ ခရီးစဉ်အတွင်း နစ်နာခဲ့ကြသောသူများအတွက် စုစည်းထားပါသည်။ ဟာဂ်ျခရီးစဉ်နှင့်ပါတ်သက်သော အရေးကိစ္စများကို တတ်စွမ်းသရွေ့ ကူညီပေးသွားမည်ကြောင်းနှင့် အကျိုးအမြတ်ကို မမျှော်ကိုးပဲ မိမိရပ်ရွာ ဒေသရှိ ယခုနှစ် ဟာဂ်ျခရီးစဉ်အတွင်း နှစ်နာဆုံးရှုံးသည့်သူများကို ကူညီပေးလိုသူများအနေဖြင့် ပူးပေါင်း၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဖွဲ့ခွဲများ ဖွဲ့စည်းသွားရန်လည်း စီစဉ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

    နောက်လာမည့် ဟာဂ်ျခရီးစဉ်များတွင် ယခုနှစ်လိုအဖြစ်မျိုး ထပ်မံကြုံတွေ့မှု မရှိစေရန် ပြဿနာအရင်းအမြစ်ကို ရှာဖွေ၍ စနစ်ကျသော စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးပေါင်းပါဝင်လိုသူများအနေဖြင့် လည်းကောင်း ၊ အကူအညီရယူလိုသူများအနေဖြင့် လည်းကောင်း

    “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့” ဖုန်း 09-91039055 ၊ 09-91000723 ၊ 09-2009110 ၊ 09-73192119 ၊ Email: myanmarmuslim.ecs@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

    ယနေ့ 12-11-2011 စနေနေ့ နံနက် ၉း၃၀ နာရီ တွင် Tiptop Intenartonal Education Service Provider ကျင်းပပြုလုပ်သော
    “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့”၏ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် ယခုနှစ် ဟာဂ်ျခရီးစဉ်အတွင်း နစ်နာသူများအတွက် အကူအညီပေးနိုင်ရန်နှင့် လုပ်ငန်းကော်မတီအဖွဲ့ငယ်များ ဖွဲ့စည်းပြီးသည့်နောက်တွင် သောကြာနေ့က မန္တလေးမြို့ဗလီကြီးများတွင်၏ ကြော်ငြာသင်ပုန်းများတွင် “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့” ဖွဲ့စည်းပြီးစီးကြောင်း ကြေငြာခဲ့ရမှာ ယခုနှစ် ဟာဂ်ျခရီးစဉ်အတွင်း နှစ်နာခဲ့ကြသူများ တစ်ဖွဲဖွဲ လာရောက်၍ မိမိတို့၏ နစ်နာမှုများကို ထုတ်ဖော်ပြောပြကြပါသည်။ “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့” မှ တာဝန်ရှိသူများမှလည်း မိမိတို့ အကောင်းဆုံးဖြစ်စေရန် နစ်နာသူများကိုယ်စား စဉ်းစားလုပ်ကိုင်သွားမှာဖြစ်ကြောင်း အားပေးနှစ်သိမ့်ပြီး မည်သို့မည်ပုံလုပ်ကိုင်ဆောင်ရွက်သွားမည်ကို ဥပဒေ အကြံပေးအဖွဲ့အနေဖြင့် စီစဉ်နေပါကြောင်းပြောကြားပြီး လာရောက် တိုင်တန်းကြသောသူများအားလည်း အချက်အလက်ဖြည့်ပေးရမည့်ပုံစံဖေါင်များ မနက်ဖြန်တွင် လာရောက်ထုတ်ယူပေးကြရန် ပြောကြားပြီး အကောင်းဆုံးဖြစ်စေရေးအတွက် အားလုံး ညီညီညွတ်ညွတ်ပူးပေါင်း လုပ်ဆောင်သွားကြဖို့လိုအပ်ကြောင်း ပြောခဲ့သည်ဟု သတင်းရရှိပါသည်။

    အောက်က Attach ဖိုင်ကို  ဆွဲပြီး Print ထုတ်ပြီးဝေဌနိုင်ပါတယ်။ ဖိုင်ကတော့ ဒီနှစ်ဟဂ်ျသွားရာမှာ အကြောင်းကြောင်းအမျိုးမျိုးကြောင့်ကျန်ခဲ့သူများ ဖြည့်ရန်ဖြစ်ပါတယ်။

    Download လုပ်ရန်

     form.pdf

  • မက္ကာ ဘုရားဖူး ၁၀၀၀ ခန့် လေကြောင်းလိုင်းကြောင့် ခရီးစဉ်ပျက်

    ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့သို့ ဘုရားဖူးသွားရောက်မည့် မြန်မာနိုင်ငံရှိ အစ္စလမ် ဘာသာဝင် ၁၀၀၀ နီးပါး လေကြောင်းလိုင်း အခက်အခဲကြောင့်ရန်ကုန်လေဆိပ်တွင် တရက်တာ နေထိုင်ခဲ့ရပြီးနောက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း သတင်းရသည်။


    ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့ ဟာ့ဂ်ျ ဘုရားဖူးများ(ဓာတ်ပုံ – khaledsafi.com)

    အဆိုပါ ဘုရားဖူး ၉၉၈ ဦးသည် ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့ နံနက်မှစတင်ကာ ကြာသပတေးနေ့ နံနက်တိုင် လေယာဉ်ကွင်း အတွင်း စားသောက်၊ နေထိုင်မှု အခက်အခဲများဖြင့် ညအိပ်စောင့်ခဲ့ကြောင်း၊ သို့သော် လေယာဉ်မလာရောက်သည့်အတွက် ခရီးစဉ် ကို ဖျက်သိမ်းခဲ့ရကြောင်း ဘုရားဖူးများက ဧရာဝတီသို့ ပြောသည်။

    Gulf လေကြောင်းလိုင်းနှင့် Mansik လေကြောင်းလိုင်းတို့ကို ခရီးသွားကုမ္ပဏီများက စုပေါင်း ငှားရမ်းထားသော်လည်း ငှားရမ်းခနှုန်း ညှိနှိုင်းမရသောကြောင့် လေယာဉ်မလာခြင်း ဖြစ်ကြောင်း သိရသည်။

    ဘုရားဖူးအဖွဲ့ဝင် ပြည်မြို့မှ ဦးတင်ဝင်းက“လေဆိပ်မှာ တနေ့နဲ့တည အစားအသောက်၊ သောက်ရေအထိ အားလုံးအခက်အခဲ ဖြစ် ခဲ့ရတယ်၊ ဘယ် အစ္စလမ်ဘာသာရေး အဖွဲ့ကမှ လာပြီးမကူညီဘူး၊ ခရီးသွား ကုမ္ပဏီတွေကလည်း ရှောင်နေတယ်၊ ရန်ကုန်က လူတွေ ကူညီလို့သာ စားရသောက်ရတာ”ဟု ပြောသည်။

    မြန်မာနိုင်ငံမှ တနှစ်လျှင် အစ္စလမ်ဘာသာဝင် ဦးရေ ၅၀၀၀ ခန့် နှစ်စဉ်သွားရောက် ဘုရားဖူးခွင့် ပြုထားရာ မြန်မာနိုင်ငံ ဟာဂျီ ကိုယ်စားလှယ် အဖွဲ့မှ ဦးစီးကာ City World ၊ ချို ဘရားသား၊ ရှား ဘရားသား၊ သားသား၊ နာနီပါး၊ မဟာရွှေ၊ ဟာဂျီဝလီ စသည့်  ခရီးသွားကုမ္ပဏီ ၂၂ ခုက လူတဦးလျှင် ကျပ် သိန်း ၃၀ မှ ကျပ်သိန်း ၅၀ အတွင်း အခကြေးငွေယူကာ ပို့ဆောင် ပေးနေခြင်းဖြစ် သည်။

    ဘုရားဖူးအဖွဲ့ဝင်တဦးဖြစ်သည့် အသက် ၇၂နှစ် အရွယ် ဦးသန်းရွှေကလည်း“အသက်ကြီးတော့ ဘာသာရေးကျင့်စဉ် တခုကို ပြင်းပြင်းပြပြ လိုချင်တာပါ၊ ဟာ့ဂ်ျ ကိုယ်စားလှယ် ခရီးသွားကုမ္ပဏီတွေက ခပ်လွယ်လွယ်လုပ်လိုက်တော့ ယုံကြည်ချက်ကို ထိခိုက် တယ် လို့ ခံစားရတယ်”ဟု ဆိုသည်။

    လာမည့်နှစ်တွင်လည်း ဆော်ဒီအာရေဗျ နိုင်ငံ ဟာ့ဂ်ျ ခရီးစဉ် သွားလိုသော်လည်း မြန်မာနိုင်ငံရှိ မည်သည့် ဟာ့ဂ်ျ ခရီးသွားကိုယ်စားလှယ်များကို ယုံကြည်၍ လုပ်ကိုင်ရမည်ကို မသိတော့ကြောင်း ဦးသန်းရွှေက ပြောသည်။

    အစ္စလမ် ဘာသာတွင် ဟာဂျီ ဆိုသည်မှာ ဘုရားသခင်၏ အိမ်တော်သို့ သွားရောက်လည်ပတ်သည့် ပုဂ္ဂိုလ်ဟု အဓိပ္ပာယ်ရပြီး ဥပုသ်လ၏ သတ်မှတ်ထားသည့် ၅ ရက်အတွင်း မက္ကာသို့ သွားရောက်ကာ ဟာ့ဂ်ျ ၀တ်ပြုကျင့်စဉ်ကို အောင်မြင်စွာ ပြုလုပ်မှသာ ဟာဂျီ တဦးအဖြစ် ရယူနိုင်သည့်အတွက် ဟာ့ဂ်ျ ခရီးစဉ်သွားရောက်လိုကြကြောင်း သိရသည်။

    အဆိုပါ ဘုရားဖူးခရီးစဉ် ဖျက်သိမ်းခဲ့ရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းရှိ ရှား ဘရားသား ကုမ္ပဏီသို့ ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူတဦးက ဘုရားဖူးခရီးစဉ်ကို ဆော်ဒီအာရေဗျ နိုင်ငံနှင့် ဆက်သွယ် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဟာဂျီ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသော ပုဂ္ဂိုလ်တချို့တွင် တာဝန်ရှိကြောင်း၊ မိမိတို့ ကုမ္ပဏီ အနေဖြင့် ခရီးသွား ၁၀၀ ကျော်ထံမှ လက်ခံထားသည့် ငွေကြေးများကို အမြန်ဆုံးပြန်လည်ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း၊ ယခုအဖြစ်အပျက်နှင့် ပတ်သက် ၍ စိတ်မကောင်းဖြစ်ရကြောင်း ဧရာဝတီသို့ ပြောသည်။

    အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး အစိုးရ အသိအမှတ်ပြုထားသည့် အစ္စလမ် သာသနာရေးကောင်စီသို့ ဆက်သွယ်မေးမြန်းသော် လည်း ဆက်သွယ်၍ မရရှိပေ။

    Source_ ဧရာဝတီ

  • ဟဂ်ျသွားရောက်မည့် မြန်မာမွတ်စလင်မ်များအား သာသနာရေးဝန်ကြီးဌာနမှ ဂုဏ်ပြုပွဲပြုလုပ်

    ၂၀၁၁ ခုနှစ်၊ မက္ကာဟ်ရွှေမြို့တော်နှင့် မဒီနာရွှေမြို့တော်သို့ ဟဂ်ျ၊ အမ္မရဟ်နှင့်ဇေယာရသ် သွားရောက်ပြုလုပ်ကြမည့် မြန်မာ ဟာဂျီလောင်းများအား သာသနာရေးဝန်ကြီးဌာနမှ ဂုဏ်ပြုပွဲကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့ ညနေ (၆း၃၀) နာရီအချိန်တွင် စင်ထရယ် ဟော်တယ်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။