News @ M-Media

Tag: History

  • သမိုင်းဟူသည် ဤသို့တည်-၅ [အိန္ဒိယ နှင့် ထေရဝါဒ- တန္တရ မန္တရ အယူဝါဒ]

    သမိုင်းဟူသည် ဤသို့တည်-၅ [အိန္ဒိယ နှင့် ထေရဝါဒ- တန္တရ မန္တရ အယူဝါဒ]

    M-Media
    ရဲရင့်သစ္စာ

    ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်။

    တဆက်ထဲမှာ ယခု ရက်ပိုင်းအတွင်း News Watch ဂျာနယ်တွင် သမိုင်းဆိုင်ရာ အချက်အလက် အမှားများစွာနှင့် အစ္စလာမ်သာသနာအား တဖက်သက်တိုက်ခိုက် ရေးသားထားသည့် ရေးသားသူ သရ၀ဏ် (ပြည်) ဆိုသူရဲ့ အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း –  ပါ အကြောင်းအရာများကို ယှဉ်တွဲဖတ်ရှု့ကြပါရန်။

     

    အိန္ဒိယ နှင့် ထေရဝါဒ

    ကုသိနာရုံမှာ ဗုဒ္ဓဘာသာရဟန်းတော်တွေကို မွတ်စ်လင်မ်တွေက ဂူပေါက် ပိတ်မီးပူဇော်ခဲ့တယ်လို့  ဘယ်ကမ္ဘာကျော် သမိုင်းကျမ်းမှာ ပါရှိသလဲ ဆိုတာကိုတော့ မသိပါ။ တစ်ကယ်လို့ အဲဒီလိုဖြစ်ရိုး မှန်ခဲ့ရင်လည်း အဲဒီရဟန်းတွေ ဟာထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေ လုံးဝမဖြစ်နိုင်ပါဘူး။ကုသိနာရုံ (Kushinagar) ဟာ အိန္ဒိယရဲ့ မြောက်ပိုင်းပြည်နယ်ဥတ္တရပရာဒေ့ရှ်မှာတည်ရှိပါတယ်။ အိန္ဒိယပြည် မြောက်ပိုင်းနဲ့ နောက် မြောက်ပိုင်းတွေမှာထေရဝါဒဗုဒ္ဓဘာသာဟာ (သာသနာနှစ် ၆၀၀၊ အေဒီ ၁၀၀ခန့်) က တည်းကိုက ကွယ်ပခဲ့ပြီ ဖြစ်ကြောင်း၊ အဓမ္မဝါဒီ ဂိုဏ်းကွဲတွေဖြစ် ကြတဲ့မဟာသံဃိကဂိုဏ်း နဲ့သဗ္ဗတ္ထိဂိုဏ်းဝါဒ တွေသာလွှမ်းမိုးခဲ့ကြောင်း မောင်အံ့ မဟာ ဝိဇ္ဇာ (ဘုံဘေ) က သူ့ရဲ့ ဗုဒ္ဓ သာသနာတော် ၂၅၀၀ ခရီး စာမျက်နှာ ၈၂၊ ၈၃ မှာ ရေးသားထားပါတယ်။

    ထေရဝါဒဗုဒ္ဓသာသနာပြု အသောကမင်းကြီးရဲ့ မောရိယမင်းဆက် နောက် ပိုင်းမှာသုင်္ဂမင်း (သုင်္ဂပုရှာမိတြ)ဟာမဂဓအင်ပါယာကို စိုးစံခဲ့ပါတယ်။ အဲဒီမင်းဟာ ဗုဒ္ဓဘာသာဂိုဏ်းကွဲတိုင်း ကိုပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့တဲ့ဗြာဟ္မဏ(ဟိန္ဒူဘာသာဝင်) မင်းဖြစ်ပါတယ်။ ဘုန်းကြီးခေါင်း တစ်လုံးဖြတ်ဆက်သလျှင် ဆုငွေ (၁၀၀၀) ပေးမည် လို့ ကြေညာပြီး  နှိပ်ကွပ်ခဲ့တဲ့ဘုရင်ပါ။ ထေရဝါဒ ဗုဒ္ဓဘာသာ နဲ့ ထေရဝါဒ ရဟန်း တော်တွေဟာ ဗြာဟ္မဏဘာသာဝင် သုင်္ဂပုရှာမိတြ ရဲ့ သုင်္ဂမင်းဆက် လက်ထက် မှာတင် အိန္ဒိယ မှာ ကွယ်ပခဲ့ပြီဖြစ်ကြောင်း၊ အေဒီ ၁ ရာစု အတွင်း မှာ ထေရဝါဒ ဗုဒ္ဓဘာသာဟာ အိန္ဒိယမှာ လုံးဝမရှိတော့ဘဲ သီဟိုဠှ် နဲ့ သုဝဏ္ဏဘူမိ သထုံပြည် တို့မှာ သာ ကျန်ရှိတော့ကြောင်း၊ ဟိန္ဒူဗြာဟ္မဏ ဘာသာဝင် ဘုရင်တွေ ဟာ ဗုဒ္ဓ ဂယာ က မဟာဗောဓိ ပင်ကို အကြိမ်ကြိမ် ခုတ်ထစ်တူးဖော် မီးရှို့ခဲ့ကြကြောင်း ဦးစိန် ထွန်း (မာမက-သုတေသီ) က သူ့ရဲ့ ကမ္ဘာပတ်၍ ဘုရားရှာခြင်းစာအုပ်၊စာမျက်နှာ (၂၄၂၊ ၂၄၃) မှာ အခိုင်အမာရေးပြထားပါတယ်။

    အေဒီ ၃ ရာစု မှ ၄ ရာစုအတွင်း ပေါ်ပေါက်လာခဲ့တဲ့ မဟာယနဂိုဏ်းဟာ အိန္ဒိယမြောက်ပိုင်းဒေသတွေမှာ ထွန်းကားနေခဲ့ပြီး ပင်မထေရဝါဒဟာတော့ သီဟိုဠှ် နဲ့ မြန်မာပြည်ဘက်မှာ ထွန်းကားနေခဲ့ တယ်လို့ရေစကြိုအရှင်ဧသိက က သူ့ရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာစာအုပ် စာမျက်နှာ (၃၁) မှာ အခိုင်အမာ ရေးသားထား ပါတယ်။ ဒီလောက်ဆို သမိုင်း အထောက်အထားတွေနဲ့ သေသေချာချာ သိရတာက အာဖဂန် ဘုရင် စူလ်တန်မဟ်မူဒ် အိန္ဒိယ ကို ဝင်ရောက် တိုက်ခိုက်တဲ့အချိန်၊ အိန္ဒိယမြောက်ပိုင်းနဲ့အနောက်မြောက်ပိုင်းတွေမှာ ထေရဝါဒ ဗုဒ္ဓသာသနာဟာ ကွယ်ပနေခဲ့ပြီးဖြစ်ကြောင်းနဲ့ မဟာသံဃိက အစရှိတဲ့ အဓမ္မ ဝါဒီဂိုဏ်းကွဲတွေ နဲ့ မဟာ ယန အယူအဆတွေသာကြီးစိုးနေခဲ့တယ်ဆိုတာပါ။

    မဟာယန အယူအဆ တွေကြီး စိုးနေတယ်လို့ ဆိုရာမှာလည်း အဓိက ကြီးစိုးနေခဲ့တာက မဟာယနအသွင်ကို ဆောင်ထားတဲ့ တန္တရ မန္တရ အယူဝါဒသာဖြစ်ပါတယ်။ အဲဒီ တန္တရ မန္တရအယူကို ဝဇီရယာနလို့လည်း ခေါ်ပါတယ်။

    တန္တရ မန္တရ အယူဝါဒ

    ဒီနေရာမှာ အလျဉ်းသင့်တဲ့ အတွက် တန္တရ မန္တရ အယူဝါဒ ဘာလဲ ဆိုတာ ကို အကျဉ်းတင်ပြလိုပါတယ်။ တန္တရ မန္တရ အယူဝါဒ ဆိုတာကို ပညာရှင်အချို့က ဗုဒ္ဓဘာသာနဲ့ပတ်သက်ဆက်နွှယ် ရေးသား ကြပေမဲ့၊ တစ်ကယ်တော့အဲဒီအယူဝါဒ ကျင့်စဉ် ယုံကြည်ချက်တွေဟာ ဂေါတမ ဗုဒ္ဓရဲ့ အဆုံးအမ တွေနဲ့ ဖီလာဆန့်ကျင် လျှက်ရှိပါတယ်။ တန္တရ မန္တရအယူဝါဒ ရဲ့ အဓိကကျင့်စဉ် တွေက မန္တန်၊ အင်းအိုင် ခါးလှဲ့လက်ဖွဲ့ အစီအရင် တွေ အပေါ်အခြေခံပြီး၊ အဲဒီလိုကျင့်စဉ် တွေကျင့်ခြင်း အားဖြင့် နိဗ္ဗာန်ကိုရောက်တယ်လို့ အယူရှိကြသူတွေဖြစ်ပါတယ်။ ဒီ တန္တရ မန္တရ အယူဝါဒရှင်တွေဟာ အိန္ဒိယပြည် ဂုပ္ပတမင်းဆက် အစပိုင်း (အေဒီ ၃၂၀)မှ ဟဿဝဒ္ဓနမင်း လက်ထက် (အေဒီ ၆၀၆) အထိ ကာလအတွင်း မန္တရားကျမ်း အတော်များများကိုရေးသားပြုစုခဲ့ကြပါတယ်။ အဲဒီကျမ်းတွေ ထဲမှာ  မန္တရား၊ အင်း အိုင်၊ လက်ဖွဲ့အစီအရင်တွေ အကြောင်း၊ အရက်သောက်ခြင်း၊ မေထုန်မှီဝဲခြင်း စသည့်အကြောင်း တွေကို ဖော်ပြထားတဲ့အပြင်၊ လုယက်ခြင်း၊ လိမ်လည်ခြင်း၊ ခိုးခြင်း၊သူတစ်ပါးမယား ကြာခိုခြင်း စတဲ့ ယုတ်ညံ့တဲ့လုပ်ရပ်တွေကိုပါ ထောက်ခံ အားပေးထားတယ်လို့ဆိုကြပါတယ်။

    အဲဒီ တန္တရ မန္တရ အယူဝါဒရှင်တွေ ရဲ့ ဂိုဏ်း ဟာ ဝဇီရယာန ဂိုဏ်းလို့ကျော်ကြားပါတယ်။ သူတို့ ဟာမဟာယန ရဟန်း အသွင်ကို ဆောင်ထားပြီး အယုတ်ညံ့ဆုံး လုပ်ရပ်တွေကို လုပ်တဲ့လူတွေ ဖြစ်ပါ တယ်။သူတို့ရဲ့ အယူဝါဒဟာ တစ်ဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီး အဲဒီခေတ်က ဘုရင်တွေတောင် စစ်ထွက် စစ်ချီတဲ့ အခါ တန္တရ မန္တရမန်းမှုတ်တတ်သူတွေကို ခေါ် ပြီး စစ်ချီလေ့ရှိပါတယ်။ တန္တရ မန္တရ အယူဆရာကြီးတွေဟာ ဘုရင့်သမီးထံက ကာမ အလှုခံတဲ့အထိ ခေတ်စားလာခဲ့ပါတယ်။

    အေဒီ (၈၀၀) ခန့်မှာ အိန္ဒိယမှာရှိတဲ့ မဟာယန တွေဟာ တန္တရ မန္တရ အယူဝင် မဟာယနတွေသာ ဖြစ်တယ် လို့ ဦးစိန်ထွန်း (မာမက-သုတေသီ) က သူ့ရဲ့ကမ္ဘာပတ်၍ဘုရားရှာခြင်းစာအုပ်၊ စာမျက်နှာ(၂၆၈) မှာရေးသားထားပါတယ်။ ဒီ တန္တရ မန္တရ ဝဇီရယာန အယူဝါဒ ဟာ ဂေါတမဗုဒ္ဓကိုယ်တော်ရဲ့ တရားတော် အဆုံးအမတွေနဲ့ဖီလာဆန့်ကျင်နေရုံမက၊ ဂေါတမဗုဒ္ဓကိုယ်တော်ရဲ့ သာသနာကို အလွန်ဆိုးဆိုးရွားရွားဖျက်ဆီးတဲ့ အယူဝါဒသာဖြစ်ပါတယ်။ တန္တရမန္တရဝဇီရယာန အယူဝါဒကို မြန်မာနိုင်ငံ ပုဂံသမိုင်း မှာ အရည်းကြီးဝါဒ လို့လူသိများပါတယ်။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် [နာလန္ဒ နှင့် တက္ကသိုလ်ကြီးများ ထေရဝါဒလား?-နာလန္ဒ နှင့်တူရကီ]

  • သမိုင်းဟူသည် ဤသို့တည်-အပိုင်း-၃ (ခလီဖွာ (Caliph) နှင့် သာသနာပြန့်ပွါးခြင်း)

    သမိုင်းဟူသည် ဤသို့တည်-အပိုင်း-၃ (ခလီဖွာ (Caliph) နှင့် သာသနာပြန့်ပွါးခြင်း)

    ရဲရင့်သစ္စာ

    စာမျက်နှာ (၄၃) မှာရေးသားထားတာက-
    “မိုဟာမက်ကွယ်လွန်သောအခါတပည့်ဖြစ်သူ အဘူဘေကာရ်ကသူ၏ အရိုက် အရာကိုဆက်ခံ၏။ သူ့လက်ထက်တွင် ဆော်ဒီအာရေးဗီးယား၏ မြောက် ဘက်တွင် ရှိသော နိုင်ငံများကိုတိုက်ခိုက် သိမ်းယူပြီး အစ္စလမ်ထီးရိပ်အောက်သို့ထပ်မံသွတ်သွင်း နိုင်ခဲ့ပြန်သည်။”

    တမန်တော်မုဟမ္မဒ်ဟာ အေဒီ (၆၃၂) မှာ ကွယ်လွန်ခဲ့ကြောင်း အထက် မှာရေးသားခဲ့ပါတယ်။ တမန်တော်မုဟမ္မဒ် ကွယ်လွန်ပြီးနောက် အဗူဗကရ် အဆွ် ဆွိဒ်ဒီးက် ဟာတမန်တော်မုဟမ္မဒ် ရဲ့ အရိုက် အရာကို ဆက်ခံတဲ့ ပထမဆုံး ခလီဖွာ (Caliph) အဖြစ်ကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ Caliph သက်တမ်း ဟာ ၂၇ လခန့်ဘဲ ရှိ ခဲ့ပါတယ်။ သူ့သက်တမ်းမှာ တမန်တော်မုဟမ္မဒ် လက်ထက်က စာချုပ်ချုပ်ဆိုခဲ့တဲ့ အချို့ အာရပ်မျိုးနွယ်စုတွေ ဟာ ပုန်ကန်ခြားနားလာခဲ့ပြီး အစ္စလာမ်ဘာသာနဲ့ မဒီနာ အုပ်ချုပ်ရေး ကို ထိပါး စော်ကားလာခဲ့ပါတယ်။ အချို့ မျိုးနွယ် စုတွေဟာ အစ္စလာမ် ဘာသာဝင် အဖြစ် ခံယူလင့်ကစား၊ အစ္စလာမ်သာသနာရဲ့ ပညတ်ချက် တွေကိုတရား ဝင်ငြင်းဆန်ချိုးဖောက်ပြီး သာသနာကိုဖျက်ဆီးလာကြပြန်ပါတယ်။ ဒါကြောင့် Caliph ဟာ မဒီနာစစ်တပ်ကို အသင့်ပြင်၊ ခါလိဒ်ဘင်န် ဝလိဒ် မည်တဲ့ ဗိုလ်ချုပ်ကိုအလံနှင်းပြီး မဒီနာမြောက်ပိုင်း ပုန်ကန်ခြားနားမှုတွေကို နှိမ်နင်းခဲ့ရပါတယ်။ မဒီနာစစ်တပ်ဟာ သာသ နာ ကို ပုံဖျက်တဲ့ ပုန်ကန်သူတွေ နဲ့မဒီနာမြို့ကို လုပ်ကြံမည့် ညွန့်ပေါင်းအင်အား စု တွေကို နှိမ်နင်း ပြီးနောက်မှာတော့ အာရေဗျ ကျွန်းဆွယ်တစ်ခုလုံးမှာ မဒီနာအုပ်ချုပ်မှု အခြေခိုင်သွား ပါတော့တယ်။

    တမန်တော်မုဟမ္မဒ် ရဲ့ အရိုက်အရာကို ဆက်ခံတဲ့ ပထမဆုံး (Caliph) အဗူ ဗကရ်ရဲ့လက်ထက်မှာ အာရေဗျတစ်ခွင်ကို မွတ်စ်လင်မ်အုပ်ချုပ်ရေး သက်ရောက် ခဲ့ပေမဲ့၊ခရစ်ယျာန်ဘာသာဝင်တွေနဲ့ဂျူးဘာသာဝင်တွေကို၎င်းတို့ဘာသာ အလျောက် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုခဲ့ကြောင်း University of Chicago က အရှေ့တိုင်း သမိုင်းပါမောက္ခကြီး Fred M. Donner က သူ့ရဲ့ Muhammed and the Believers စာအုပ် စာမျက်နှာ (၁၀၁) မှာ ဆိုထားပါတယ်။

    တမန်တော်မုဟမ္မဒ် နဲ့ Caliph တွေရဲ့နိုင်ငံရေး၊ အုပ်ချုပ်ရေး သမိုင်းတွေကို လေ့လာမယ်ဆိုရင်အဲဒီခေတ် အဲဒီအချိန်က အာရေဗျ ပတ်ဝန်းကျင်မှာ ရှိတဲ့အင်ပါ ယာကြီးတွေ (Empires) နဲ့နိုင်ငံရေးခြိမ်းချောက်မှု (political threat)၊ စစ်ရေးခြိမ်း ချောက်မှု (military threat) တွေ ကို မျက်ကွယ်ပြုထားလို့မရပါဘူး။ အဲဒီအချိန် မှာ မဒီနာ အုပ်ချုပ်ရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့ အင်အားကြီး အင်ပါ ယာကြီး (၂)ခု ရှိခဲ့ပါတယ်။ အာရေဗျ အရှေ့မြောက်ဖက်မှာ Sassanian/ Sassanid လို့ခေါ်တဲ့ ပါရှန်းအင်ပါယာနဲ့မြောက်ဖက်မှာ Byzantine လို့ခေါ်တဲ့ အရှေ့ရောမ အင်ပါယာတွေပါ။ အဲဒီအင်ပါယာကြီးတွေရဲ့  ခြိမ်းခြောက်မှုကြောင့် အာရပ်မွတ်စ်လင်မ်တွေ ဟာ အရဲစွန့်ပြီး အဲဒီအင်ပါယာကြီးတွေနဲ့ ရင်ဆိုင်ရင်း တစ်ဖြည်းဖြည်းနဲ့အောင်မြင် လာတာဖြစ်ပါတယ်။ ကျမ်း အလွန်လေးသွားမှာစိုးလို့ အဲဒီ သမိုင်းတွေကို အသေးစိတ် ဒီမှာရေးမပြတော့ပါဘူး။ တကယ်သိချင်ရင်၊ တကယ် မ “အ” ချင်ရင် ကိုယ်တိုင် ကိုယ်ကျသာ လေ့လာကြည့် ပါတော့လို့ ရိုသေ စွာ အားပေးတိုက်တွန်းအပ်ပါတယ်။

    ဘိုင်ဇန်တင်း (Byzantine) အင်ပါယာရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ဆီးရီးယားနဲ့အီဂျစ်မှာရှိတဲ့ ခရစ်ယျာန်ဘာသာဝင်တွေ ၊ စတ်စနီယန်း ပါရှန်း အင်ပါယာ မှာရှိတဲ့ဇိုရိုအက်စတာ ဘာသာဝင်တွေဟာအစ္စလာမ်ဘာသာဝင်တွေ အဖြစ်ကို ၎င်း တို့ဆန္ဒအလျောက်ရောက်ရှိခဲ့ တာဖြစ်ကြောင်း၊အဓမ္မသွတ်သွင်းခြင်းခံရတာ မဟုတ် ကြောင်း University of Cambridge မှ ကထိက တစ်ဦးဖြစ်သူ Reynold A. Nicholson က သူ့ရဲ့ “A Literary History of the Arabs” စာအုပ် စာမျက်နှာ (၁၈၄) မှာ အခိုင်အမာကို ရေးသားထားပါတယ်။

    Caliph တွေဟာအခြားဘာသာဝင်တွေကိုအတင်းအဓမ္မအစ္စလာမ် ဘာသာ ထဲသွတ်သွင်းခဲ့ခြင်းမရှိရုံမက၊အခြားဘာသာသာသနာရဲ့ဘာသာရေး အဆောက်အဦး တွေကိုပါ ထိန်းသိမ်း စောင့်ရှောက်ပေးဖို့ သောကကြီးခဲ့ပါ သေးတယ်။ ဥပမာအနေ နဲ့- ဒုတိယ Caliph ကြီး အုမရ်အိဗ်နုအလ်ခသ်သားဗ် ဟာ ဂျေရုစလင်မ် မြို့ကို ရောက် တော့ မွန်းလွဲဝတ်ပြုချိန်ကျ ရောက်နေပါတယ်။ ဂျေရုစလင်မ်မြို့ရဲ့ သာသနာ ပိုင် Patriarch ခရစ်ယျာန်ဘုန်းတော်ကြီးဟာ Caliph အနေနဲ့ရှင်ပြန်ထမြောက်ခြင်း ဘုရားကျောင်း (Church of the Resurrection) / (Church of the Holy Sepulchre) မှာ မွန်းလွဲဝတ်ပြုနိုင်ကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ သို့သော် Caliph ဟာ ဘယ်လောက်သောကကြီးခဲ့သလဲ ဆိုရင်၊ အကယ်၍သာ အဲဒီ ခရစ်ယျာန် ဘုရားကျောင်း မှာသူဝတ်ပြုလိုက်ရင် နောင်လာနောက်သား အချို့က ဒီနေရာဟာ တို့Caliph အလ္လာဟ်ကိုဦးချခဲ့ တဲ့နေရာဘဲလို့ အမြတ်တနိုးမှတ်ယူပြီး ခရစ်ယျာန် တွေရဲ့ ဘုရားကျောင်း နေရာ မှာ ဗလီဆောက် လိုက်ကြရင် ခက်ရချေရဲ့ လို့တွေးပူခဲ့ ပြီး ခရစ်ယျာန် ဘုန်းတော်ကြီး ရဲ့ ကမ်းလှမ်းဖိတ်ကြားချက်ကို လက်မခံခဲ့ပါဘူး။ သူ ဟာ ဘုရားကျောင်း အပြင်ဖက် အနီးအနား မှာဘဲ ဝတ်ပြုခဲ့ပါတယ်။ ဒီ အကြောင်း ကို အင်္ဂလိပ် လူမျိုးသမိုင်း ဆရာ နဲ့ လွှတ်တော်အမတ် Edward Gibbon ကသူ့ရဲ့ The Decline and Fall of the Roman Empire အတွဲ ၉၊ စာမျက်နှာ (၁၆၂) မှာ မှတ်တမ်းတင်ထားပါတယ်။ Caliph အုမရ် ဝတ်ပြုခဲ့တဲ့နေရာဟာ Mosque of Umar အမည်နဲ့ ယနေ့တိုင် Jerusalem မြို့ Holy Sepulchre ဘုရားကျောင်း တောင်ဖက်အနီးမှာတည်ရှိနေပါတယ်။ တမန်တော်မုဟမ္မဒ် လက်ထက်မှာ မက္ကဟ် မြို့ကို သွေးမြေတစ်စက် မကျဘဲ မွတ်စ်လင်မ်တွေ အုပ်ချုပ်ခွင့်ရခဲ့သလို၊ Great Prophet တစ်ပါးဖြစ်တဲ့ ခရစ်တော် ဂျီးစတ်စ် ခရိုက်စ် (Jesus Christ) သာသနာပြုခဲ့ရာ ဂျေရုစလင်မ် မြို့ကိုလည်း တမန်တော် မုဟမ္မဒ် ရဲ့ ဒုတိယ Caliph လက်ထက်မှာ သွေးမြေတစ်စက်မကျဘဲ မွတ်စ်လင်မ်တို့အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။

    အထက်မှာ စတိသဘောတင်ပြခဲ့တဲ့ သမိုင်းအစစ်အမှန်တွေက ဘယ်အချက်ကိုရောင်ပြန်ဟပ်ပြနေသလဲ ဆိုရင် တမန်တော်မုဟမ္မဒ်ရဲ့ အရိုက်အရာ ကိုဆက်ခံခဲ့ တဲ့ အစ္စလာမ် ဘာသာရဲ့ Caliphတွေဟာ အခြားတိုင်းနိုင်ငံတွေကို ထီးအောက် သွင်းရေးဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့တိုက်ခိုက်သိမ်း ပိုက်ပြီးအစ္စလာမ်ထီးရိပ်အောက် ကိုသွင်းခဲ့တာမဟုတ်ဘူး ဆိုတာ။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် [မင်းကြီးအသောက နှင့် ယောနက-အာဖဂန် နှင့် အစ္စလာမ်-အာဖဂန်မင်းနှင့် ဗုဒ္ဓဘာသာ]

    အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့

    ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့်

  • သမိုင်းဟူသည် ဤသို့တည်- အပိုင်း-၂ (အစ္စလာမ် က နယ်ချဲ့ဝါဒ လား? တမန်တော် မုဟမ္မဒ် နှင့် အစ္စလာမ်သာသနာ)

    သမိုင်းဟူသည် ဤသို့တည်- အပိုင်း-၂ (အစ္စလာမ် က နယ်ချဲ့ဝါဒ လား? တမန်တော် မုဟမ္မဒ် နှင့် အစ္စလာမ်သာသနာ)

    ရဲရင့်သစ္စာ

    အစ္စလာမ် က နယ်ချဲ့ဝါဒ လား?

    (ဂ)     အစ္စလာမ်ဘာသာဟာ စစ်တိုက်နယ်ချဲ့ပြီးသာသနာပြုဖို့သင်ပေး ထားတဲ့ဘာသာ လုံးဝ မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာဟာလူသားတွေကို ဘာသာ တရားဘက် ဖိတ်ခေါ်သာသနာပြုဖို့သင်ပေးထားတာ အမှန်ပါဘဲ။ ဒါပေမဲ့ဘယ်လို နည်းနဲ့ သာသနာပြုဖို့ သင်ပေးထားသလဲ? အစ္စလာမ် ဘာသာရဲ့ ကျမ်းစာ ဖြစ်တဲ့ ကုရ်အာန်ကျမ်းကို လေ့လာကြည့်ရအောင်။

    (အို-နဗီတမန်တော်) အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ လမ်းတော်သို့ (လူတို့အား) ဥာဏ်ပညာနှင့်လည်းကောင်း၊ ကောင်း မြတ်သော ဆုံးမသြ၀ါဒနှင့်လည်း ကောင်း၊ ဖိတ် ခ်ါပါလေ။ ထိုမှတစ်ပါး အသင် သည်၎င်းတို့အား အကောင်းဆုံးနည်းဖြင့်အချေအတင်ပြောဆိုပါလေ။”  

    [ကုရ်အာန်ကျမ်း၊ ပျားကောင်ကဏ္ဍ (၁၆)း ၁၂၅]

    ဒါ့အပြင် ဘာသာရေးမှာ အတင်းအဓမ္မစနစ် မရှိရလို့ ကုရ်အာန်ကျမ်း၊ ဂါဝီကဏ္ဍ (၂)း ၂၅၆ မှာပြဌာန်းထားပါတယ်။

      “(မည်သူတစ်ဦး တစ်ယောက်ကိုမျှ အစ္စလာမ်)သာသနာတော်တွင်း၌ (ဝင်ရောက်ရန်အတွက်) အတင်းအဓမ္မအနိုင်အထက် အလျင်းမပြုရ။”

    အစ္စလာမ်ဘာသာကခွင့်ပြုထားတဲ့စစ်ဟာခုခံစစ်သာဖြစ်ကြောင်းကုရ်အာန်ကျမ်း၊ ဂါဝီကဏ္ဍ (၂)း ၁၉၀ အရ သိရပါတယ်။

     “ထို့ပြင်တ၀ အသင်တို့သည်  အလ္လာဟ်အရှင်မြတ် ၏ လမ်းတော်၌ အသင် တို့ကို (စတင်) စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ကြကုန် လော့။ သို့ရာတွင် (ဤသို့ တိုက်ခိုက် ရာ၌) အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူးလွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။”

     အခြားသော ဘာသာတရားများကိုကျူးကျော်စစ်မဆင်နွှဲဖို့တားမြစ်ထား ရုံ မကနှုတ်နဲ့တောင်မကျူး ကျော်ဖို့ကုရ်အာန်ကျမ်း၊သားကောင်များကဏ္ဍ (၆)း ၁၀၈ မှာ-

     “၎င်းပြင် အသင်တို့သည် အကြင် (မှားယွင်းသော) ကိုးကွယ်ရာများ ကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြလင့်။ ထို(မုရှ်ရစ်က်)များသည် အလ္လာဟ်အရှင်မြတ် အား စွန့်ပယ်၍ကိုးကွယ်ကြ၏။ အဘယ်ကြောင့် ဆိုသော် (အသင်တို့ဤသို့ ပြုလုပ် ကြလျှင်) ထိုသူများသည်လည်း အသိတရား မရှိသဖြင့် စည်းကမ်း ကျူးလွန်ကာ အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချခြင်း ပြုကြပေမည်။”

     

    ဘာသာတရားကို စစ်ပြုတိုက်ခိုက်ခြင်းမရှိဘဲ ငြိမ်းအေးစွာ နေထိုင်သူ ဘာ သာခြားတွေကို ကျေးဇူးပြုဖို့၊ တရားမျှတစွာဆက်ဆံဖို့ကုရ်အာန်ကျမ်းစစ်ဆေး ခြင်းကဏ္ဍ (၆၀)း ၈ မှာ-

     “အလ္လာဟ်အရှင်မြတ်သည်အသင်တို့အားအကြင်သူတို့ကိုကျေးဇူးပြုခြင်း မှလည်းကောင်း၊ တရား မျှတစွာဆက်ဆံခြင်းမှလည်းကောင်း၊ တားမြစ်တော်မူသည် မဟုတ်ပေ။ထိုသူတို့သည်အသင်တို့အား ဒီန်သာသနာနှင့်စပ်လျဉ်း၍တိုက်ခိုက်ခဲ့ကြသည်လည်းမဟုတ်ပေ။ အသင်တို့အား အသင်တို့၏နေအိမ်များမှ နှင်ထုတ်ခဲ့ကြ သည်လည်းမဟုတ်ပေ။ ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် တရားမျှတသော သူတို့အားနှစ်သက်ချစ်တော်မူ၏။”

    ဒါကြောင့်အစ္စလာမ်ဘာသာဟာ “ကမ္ဘာကြီးတစ်ခုလုံးကိုအစ္စလာမ် ဘာသာ ထီးရိပ်အောက်သွတ်သွင်းရေးဟူသောရည်ရွယ်ချက်ဖြင့်အင်အားသုံး၍ စစ်ပွဲဆင်နွှဲ” ဖို့စေခိုင်းထားတယ်ဆိုတဲ့ ကောက်ချက်ကို ဖြစ်စေတဲ့ အရေးအသားဟာ လုံးဝကို မှားယွင်းနေကြောင်းထောက်ပြလိုက်ရပါတယ်။

    တမန်တော် မုဟမ္မဒ် နှင့် အစ္စလာမ်သာသနာ

    စာမျက်နှာ (၄၃) မှာရေးသားထားတာက- “မကြာမီတွင်နောက်လိုက်အင်အားတောင့်တင်းလာခဲ့သဖြင့် တမန်တော် မိုဟာမက်သည်အာရေဗျ ကျွန်းဆွယ်တစ်ခုလုံးကို တိုက်ခိုက်သိမ်းယူလေသည်။ ထို ကဲ့သို့သိမ်းယူထားသောနိုင်ငံအားလုံးကို အစ္စလာမ်ထီးရိပ်အောက်သို့သွတ်သွင်း လိုက်သည်။”

    အထက်မှာရေးသားထားတာတွေ မှန်မမှန် ဆန်းစစ်ကြည့်ရအောင်ခင်ဗျာ။ တမန်တော်မုဟမ္မဒ် နဲ့ ပတ်သက်ပြီး ကိုးကားတင်ပြရာမှာ အောက်စ်ဖုဒ် တက္ကသိုလ် ပုံနှိပ်၊ Oxford History of Islam (၁၉၉၉ ထုတ်) နဲ့ ကင်းမ်ဘရစ်ဂ်ျ တက္ကသိုလ် ပုံနှိပ်၊ The Cambridge History of Islam (၂၀၀၅ ထုတ်) တို့ကနေ ကောက် နှုတ်တင်ပြပေးသွားပါ့မယ်။

    တမန်တော်မုဟမ္မဒ်ဟာမိမိကိုယ်ကို တမန်တော်အဖြစ်ကြေညာပြီးမက္ကဟ် မြို့မှာတရားဟောပို့ချတဲ့ ကာလအတွင်း သူနဲ့ရာဂဏန်းမျှသော သူ့နောက်လိုက် တွေဟာ မက္ကဟ်မြို့သား ကုရိုက်ရှ် အနွယ်ဝင်တွေရဲ့ အလွန်အမင်း ညှဉ်းပန်းနှိပ် စက်ဖိနှိပ်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီလို နှိပ်စက်ညှဉ်းပန်းခြင်းကို မခံနိုင်ကြတော့တဲ့ အဆုံးမှာ တမန်တော်မုဟမ္မဒ် ရဲ့ နောက်လိုက်အချို့ဟာ အဘီစီနီယား (ယနေ့ခေတ် အီသီယိုပီးယား) ဘုရင် နီဂတ်စ် (Negus) ထံ ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

    အဘီစီနီယားဘုရင်နီဂတ်စ် ဟာ တမန်တော်မုဟမ္မဒ်ရဲ့ နောက်လိုက်မွတ်စ် လင်မ်တွေကို နွေးထွေးစွာလက်ခံခဲ့ရုံမက ရန်ပြုဖို့လိုက်လာတဲ့ မက္ကဟ်သား Non Muslim တွေရဲ့ ရန်ကနေလည်း အကာအကွယ်ပေးခဲ့ပါတယ်။ မက္ကဟ်မြို့သား ကုရိုက်ရှ်တွေဟာ တမန်တော်မုဟမ္မဒ် ရဲ့ အသက်ကိုပါ ရန်ရှာလာခဲ့တဲ့ အတွက် တမန်တော် မုဟမ္မဒ် ကိုယ်တိုင်လည်း မက္ကဟ်မြို့မှာ စတင်တရားဟော ပို့ချပြီး ၁၃ နှစ်ခန့်အကြာ အေဒီ (၆၂၂) မှာ မက္ကဟ်မြို့မြောက်ဖက် ကီလိုမီတာ ၄၀၀ အကွာ အဝေးရှိ  ယသ်ရိဗ် (ခ) မဒီနာမြို့ကို တိမ်းရှောင် ခဲ့ရပါတယ်။

    တမန်တော်မုဟမ္မဒ်မဒီနာကို ရောက်လာခြင်းဟာမဒီနာမြို့သားတွေရဲ့ ဖိတ် ခေါ်မှုကြောင့်သာဖြစ်ပါတယ်။ တမန်တော်မုဟမ္မဒ် ဟာ မဒီနာမြို့မှာ ဘာသာတရား ကိုဟောပြောပို့ချရင်းဘာသာဝင်ဦးရေအတော်အတန်များလာပါတယ်။ တစ်ဖြည်း ဖြည်းနဲ့မဒီနာမြို့သားအာရပ်အားလုံးနီးပါးဟာ မွတ်စ်လင်မ် တွေဖြစ်ခဲ့ပါတယ်။ မဒီ နာမြို့သားတွေမွတ်စ်လင်မ်ဖြစ်တာဟာတမန်တော်မုဟမ္မဒ် ကတိုက်ခိုက်သိမ်းပိုက်လို့မဟုတ်ပါဘူး။ ဟောပြောပို့ချ သာသနာပြုမှုကြောင့်ဘဲ ဖြစ်ပါတယ်။

    တမန်တော်မုဟမ္မဒ်မဒီနာရောက်ပြီးနောက်မှာမွတ်စ်လင်မ်တွေနဲ့ မက္ကဟ် မြို့သား မယုံကြည်သူ ကုရိုက်ရှ်တွေ အကြား စစ်ပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။ အေဒီ (၆၂၄) မှာ “ဗဒရ်” စစ်ပွဲ၊ အေဒီ (၆၂၅) မှာ “အုဟွဒ်” စစ်ပွဲ၊ အေဒီ (၆၂၇) မှာ “ခန်ဒတ်က်” စစ်ပွဲ။ အဲဒီစစ်ပွဲသုံးခုစလုံးဟာ မွတ်စ်လင်မ်  တွေက မက္ကဟ်မြို့ကို သွားရောက်တိုက်ခိုက်လို့ ဖြစ်ပွါးခဲ့တာ တစ်ခုမှမဟုတ်ပါဘူး။ စစ်ပွဲ (၃) ခုစလုံး မှာ မွတ်စ်လင်မ် တွေဟာ တစ်ဖက်နဲ့ယှဉ်ရင် လူအင်အား၊ လက်နက်အင်အားနည်းပါး ခဲ့တာပါ။ စစ်ပွဲ (၃) ခုစလုံး မှာ မွတ်စ်လင်မ် တွေဟာ တစ်ဖက်စစ်တပ် အရေ အတွက်ရဲ့ သုံးချိုးတစ်ချိုးသာ ရှိခဲ့ပါတယ်။

    ပထမစစ်ပွဲ (၂) ခု ဟာ မဒီနာမြို့အနီး အရပ်ဒေသတွေမှာဖြစ်ပွါးခဲ့ပြီး၊ အေဒီ (၆၂၇) မှာ ဖြစ်ပွါးခဲ့တဲ့ “ခန်ဒတ်က်” စစ်ပွဲ (သို့) အဟ်ဇားဗ် စစ်ပွဲ (သို့) (Battle of Trench) က တော့ မက္ကဟ်သား ကုရိုက်ရှ် တွေနဲ့ဂျူးမျိုးနွယ်စုအချို့မဟာမိတ်ပြုပြီး မဒီနာမြို့ကို အလုံးအရင်းနဲ့ပိတ်ဆို့လုပ်ကြံတဲ့ စစ်ပွဲပါဘဲ။ မဒီနာမြို့ကို ကာကွယ်သူလူအင်အား လက်နက်အင်အားနည်း ပါးတဲ့ မွတ်စလင်မ်တွေဟာ ရန်သူတပ် တွေရဲ့ ပိတ်ဆို့လုပ် ကြံမှုကြောင့် အစာ ရေစာ ဒုက္ခအတော်ရောက်ခဲ့ပေမဲ့၊ အဆုံးမှာတော့ မယုံကြည်သူ တွေ ရဲ့ မဟာမိတ် စစ်တပ်ကြီးဟာ အရှုံးနဲ့ဆုတ်ခွါခဲ့ရပါတယ်။

    အဲဒီနောက်ပိုင်း အေဒီ (၆၂၈) မှာတော့ တမန်တော်မုဟမ္မဒ်ဟာ မက္ကဟ် သားတွေနဲ့သမိုင်းမှာ “ဟုဒိုင်ဗီယာ” လို့အမည်တွင်ခဲ့တဲ့စာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်။ အေဒီ (၆၂၉) မှာတော့ ကုရိုက်ရှ်တို့ရဲ့ မဟာမိတ်အာရပ်မျိုးနွယ်စုတစ်စုဟာ မွတ်စ် လင်မ်တွေရဲ့ မဟာမိတ် အာရပ်မျိုးနွယ်စုတစ်စုကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ အတွက် အထက်ပါ စာချုပ်ဟာ ပျက်ပြယ်သွားခဲ့ပါတယ်။

    ဒါကြောင့် တမန်တော် မုဟမ္မဒ် ဟာ သစ္စာမတည်သူ ကုရိုက်ရှ်တွေရဲ့မြို့လည်းဖြစ်၊ သူရဲ့ဇာတိချက်ကြွေ မွေးရပ်မြေလည်းဖြစ်တဲ့ မက္ကဟ်မြို့ကို သိမ်းပိုက်ဖို့ ပြင်ဆင်ပါတော့တယ်။ အေဒီ (၆၃၀) မှာတော့ တမန်တော်မုဟမ္မဒ် ဟာ မက္ကဟ်မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီလိုသိမ်းပိုက်တယ် ဆိုရာမှာ မြို့ကို ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာလုံးဝ မဟုတ် ဘဲ၊ သွေးတစ်စက်မြေ မကျ စေဘဲမက္ကဟ်မြို့ကို ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မက္ကဟ်မြို့ကို သိမ်းပိုက်ပြီးရာမှာလည်း အလွန်ဆိုးသွမ်းတဲ့ ၁၂ ဦး သော ရာဇဝတ်သားများမှ အပမြို့ သူမြို့သား တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေး ခဲ့တဲ့အပြင် သူတို့ရဲ့ အိုးအိမ် စည်းစိမ်တွေကိုပါ ထိပါးခြင်းလုံးဝမပြုခဲ့ပါဘူး။ တမန်တော်မုဟမ္မဒ် ရဲ့ သဘောထားကြီးမှု၊ ခွင့်လွှတ်မှုတွေကိုမြင် ရတဲ့ မက္ကဟ်သား တွေ ဟာ တစ်ဖွဲဖွဲနဲ့သူတို့ဆန္ဒအလျောက် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တွေ အဖြစ်ကိုခံယူလာခဲ့ပါတယ်။

    တမန်တော်မုဟမ္မဒ်ဟာ အေဒီ (၆၃၂) မှာ ကွယ်လွန်ခဲ့ပါတယ်။ သူကွယ် လွန်တဲ့ အချိန် မှာ အစ္စလာမ်ဘာသာဟာ အာရေဗျတစ်ခွင် ပြန့်နှံ့နေခဲ့ပြီး၊ အဲဒီလို ပြန့်နှံ့ခဲ့ခြင်းဟာ အင်အားသုံး တိုက်ခိုက်လို့မဟုတ်ဘဲ တရားဟောပြောသာသနာ ပြုခြင်းနဲ့နိုင်ငံရေးအရ မဟာမိတ်ဖွဲ့မှုတွေကြောင့်သာဖြစ်ကြောင်းကမ္ဘာကျော်သမိုင်း ပညာရှင် ၁၆ ဦးပူးပေါင်းရေးသားပြီး၊ ဂျော့ဂ်ျတောင်းန် တက္ကသိုလ် က ပါမောက္ခ ပညာရှင်ကြီး John L. Esposito တည်း ဖြတ် တဲ့ အောက်စ်ဖုဒ် တက္ကသိုလ် ပုံနှိပ်၊ Oxford History of Islam (၁၉၉၉ ထုတ်)၊ စာမျက်နှာ (၁၀) မှာ ရေးသားထားပါတယ်။

    ဒါ့အပြင် တမန်တော်မုဟမ္မဒ်ရဲ့စစ်ပွဲ တွေဟာ ကျူးကျော်စစ်မဟုတ်ဘဲ ခုခံ စစ်တွေသာ ဖြစ်ကြောင်း၊ လန်ဒန်တက္ကသိုလ် (University of London) ၊ အရှေ့ တိုင်းပညာကျောင်း ရဲ့ ပါမောက္ခကြီး ဖြစ်တဲ့  Sir Thomas Walker Arnold က သူ့ ရဲ့ The Preaching of Islam စာအုပ် (၁၈၉၆ ထုတ်) ၊စာမျက် နှာ (၈) မှ (၄၁) အထိ သမိုင်းအချက်အလက်တွေနဲ့အကျယ်တဝင့်ရေးသားထားပါတယ်။ တမန်တော်မုဟမ္မဒ် နဲ့ ပတ်သက်ပြီး အချို့ ခရစ်ယျာန်၊ ဂျူး စာရေးဆရာ တွေဟာ မဟုတ်မတရား ရေးသားဝါဒဖြန့် malign လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူ တို့ရဲ့မတရား ရေးသားချက်တွေကို University of Edinburgh က သမိုင်းပညာရှင် ဂုဏ်ထူးဆောင် ပါမောက္ခကြီး William Montgomery Watt က သူ့ရဲ့ အောက်စ် ဖုဒ်ပုံနှိပ်၊ Muhammad: Prophet and Statesman စာအုပ် (၁၉၆၁) ၊စာမျက်နှာ (၂၃၄) မှာ ဒီလို အပြီးချေပရေးသားထားပါတယ်။

     “In both Meccan and Medinan periods Muhammad’s contemporaries looked on him as a good and upright man, and in the eyes of history he is a moral and social reformer”

    “မက္ကဟ် နဲ့ မဒီနာ ကာလ နှစ်ခုစလုံးမှာ မုဟမ္မဒ်ရဲ့ ခေတ်ပြိုင်တွေဟာ သူ့ ကိုဖြောင့်မတ်တည်ကြည် တဲ့လူမွန်လူမြတ် တစ်ယောက်အဖြစ်ရှုမြင်ခဲ့ကြပြီး၊ သမိုင်း စက္ခုအောက်မှာလည်းသူဟာစာရိတ္တနဲ့လူမှုရေးပြုပြင်တည့်မတ်ပေးသူတစ်ယောက် ဖြစ်ပါတယ်။”

    ဒါကြောင့်ဆရာတော်ရေးသားထားပြီး မြန်မာနိုင်ငံက သမိုင်းပညာရှင် ဆရာ ကြီးဦးထွန်းအောင်ချိန်အပါအဝင်ဆရာကြီးများကဖတ်ရှုတည်းဖြတ်ပေးခဲ့တဲ့- “မကြာမီတွင်နောက်လိုက်အင်အားတောင့်တင်းလာခဲ့သဖြင့်တမန်တော် မိုဟာမက်သည် အာရေဗျကျွန်းဆွယ်တစ်ခုလုံးကို တိုက်ခိုက်သိမ်းယူလေသည်။ ထိုကဲ့သို့ သိမ်းယူထားသောနိုင်ငံအားလုံးကို အစ္စလမ်ထီးရိပ်အောက်သို့သွတ်သွင်းလိုက်သည်။” ဆိုတဲ့အရေးအသားဟာသမိုင်း အမှန်နဲ့ တက်တက်စင်အောင် လွဲနေကြောင်း လေး စားစွာ ထောက်ပြပြင်ဆင်ပေးလိုက်ရပါတယ်ခင်ဗျား။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် အပိုင်း-၃  [ခလီဖွာ (Caliph) နှင့် သာသနာပြန့်ပွါးခြင်း]

     

    အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့

    ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့်

  • သမိုင်းဟူသည် ဤသို့တည် အပိုင်း-၁ (စကားပလ္လင်-အိန္ဒိယ နှင့် အာရပ်မွတ်စ်လင်မ်)

    သမိုင်းဟူသည် ဤသို့တည် အပိုင်း-၁ (စကားပလ္လင်-အိန္ဒိယ နှင့် အာရပ်မွတ်စ်လင်မ်)

    ရဲရင့်သစ္စာ

     

    စကားပလ္လင်

    ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံမှာ“ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်” လို့ အမည်ရတဲ့ စာအုပ်တစ်အုပ်ထွက်ရှိခဲ့ပါပြီ။ အဲဒီစာအုပ်ကိုရေးသားတဲ့ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဆရာတော်ရဲ့ဘွဲ့အမည် ကတော့ ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ပါ။ ဆရာတော် ကတော့ အဲဒီစာအုပ်ကိုသမိုင်း စာအုပ် လို့ဆိုထားပါတယ်။ စာအုပ်မျက်နှာဖုံးမှာကို “သမိုင်းရေးတာ မအအောင် လို့ပါ” လို့ရေးထားပြီး သမိုင်းစာအုပ်ကြီး ဖြစ်ကြောင်းဖော်ကျူးထားပါတယ်။

    အဲဒီစာအုပ်ကိုအစအဆုံးသေချာအနုလုံပဋိလုံဖတ်ကြည့်ပြီး နောက်အလွန် ကိုဝမ်းနည်းခြင်းသာမက၊ အံ့ဩခြင်းကြီးစွာလည်းဖြစ်မိပါတော့တယ်။ ဘာကြောင့် အဲဒီလို ခံစားရလဲ လို့ဝန်ခံရရင်ဖြင့်……. စာရေးသူ ဆရာတော်ဟာ သမိုင်းပညာ ရှင်တစ်ဦး မဟုတ်တဲ့ (သမိုင်းပညာရှင် မဟုတ်ဟုသာ ယူဆမိပါသည်။) အတွက် သမိုင်းကြောင်းတွေကို နားမလည်တာ၊ အလွဲအမှားတွေရေးတာဟာ မထူးဆန်းလှ ပေမဲ့၊ ဆရာတော်ရဲ့စာမူကို တည်းဖြတ်ပေးတဲ့ ပုဂ္ဂိုလ်တွေဟာတော့ဖြင့် ခေတ် ပညာတတ် ပုဂ္ဂိုလ်ကြီးများဖြစ်ကြတဲ့ အပြင်၊ ပုဂ္ဂိုလ်ကြီး တစ်ဦးဟာ ကျွန်တော် အထင်ကြီးလေးစားမိခဲ့တဲ့ သမိုင်းပညာရှင်ကြီး ဆရာကြီး ဦးထွန်းအောင်ချိန် (အငြိမ်းစား သမိုင်းပါမောက္ခ) (စာအုပ်အမှာစာမှာတော့ ဦးအောင်ထွန်းချိန်လို့ မှားရေးထားပါတယ်။)  ဖြစ်နေလို့ပါဘဲ။ အဲဒီ သမိုင်းစာအုပ် ဆိုတဲ့ စာအုပ်အမှာစာ စာမျက်နှာ (ဋ) မှာ စာရေးသူဟာ အဲဒီစာအုပ်စာမူကို ဖတ်ရှုတည်းဖြတ်ပေးခဲ့တဲ့ ဆရာကြီးများ ရဲ့ အမည်တွေကို ဖော်ပြပြီး အထူးကျေးဇူးတင်ကြောင်း မှတ်တမ်း တင်ထားပါတယ်။

    ကျွန်တော့် အနေနဲ့ အဲဒီ အမှာစာပါ ဆရာကြီးများရဲ့ အမည်တွေကို ကူးယူ ဖော်ပြပေးချင်ပါတယ်။

    ၁။ ယုဒဿန်ရိပ်သာ ဒုတိယကျောင်းအုပ် ဦးကျော်ညွန့်

    ၂။ ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation) ဥက္ကဋ္ဌဒေါက်တာ ဇဘွဲဂျွန်

    ၃။ ကရင်ခရစ်ယျာန်နှစ်ခြင်းအသင်းတော်မှ ဒေါက်တာဂေဘယ်လ်

    ၄။ ပညာတန်ဆောင်မဂ္ဂဇင်းအယ်ဒီတာအငြိမ်းစားအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး (မောင်ကျေးဇူး)၊

    ၅။ မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင် (အငြိမ်းစား သမိုင်းပါမောက္ခ)      ဆရာကြီး ဦးထွန်းအောင်ချိန်

    အဲဒီလိုခေတ်ပညာတတ်လူကြီးလူကောင်းဆရာကြီးများနဲ့ခရစ်ယျာန်အဖွဲ့ အစည်းတွေ ကလေးစားအပ်တဲ့ပညာရှင်ကြီးများ ကိုယ်တိုင်စာမူကို ဖတ်ရှုတည်း ဖြတ်ခဲ့ရဲ့သားနဲ့ အဲဒီစာအုပ်ပါ သမိုင်းအကြောင်းအရာ အတော်များများဟာ အလွဲ ကြီးလွဲနေကြောင်းသိလိုက်ရတော့ မယုံနိုင်လောက်အောင်ကို အံ့အားသင့်ဝမ်းနည်း မိပါတော့တယ်။

    ကျွန်တော်ဟာ သမိုင်းပညာရှင်တစ်ဦး လုံးဝမဟုတ်ပါဘူး၊သို့သော် သမိုင်း ပညာရပ်နဲ့ပညာရှင်တွေကို ချစ်ခင်ပါတယ်၊ လေးစားပါတယ်။ ဒါကြောင့် သမိုင်း ပညာရပ် ကို သီးသန့်အချိန်ပေးအလွတ်တမ်း လေ့လာလိုက်စားဖြစ်ပါတယ်။

    ကျွန်တော်လေးစားရတဲ့မြန်မာနိုင်ငံကသမိုင်းပညာရှင်ကြီးတွေထဲက ပညာ ရှင်ကြီးအချို့ရဲ့ အမည်တွေကိုရွတ်ပြရရင်ဖြင့်…..

    ၁။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း

    ၂။ သမိုင်းပညာရှင်ကြီး ဗိုလ်မှူးကြီးဘရှင်

    ၃။ သမိုင်းပညာရှင်ကြီး ဦးထွန်းအောင်ချိန်

    ၄။ သမိုင်းပညာရှင်ကြီး ဦးစိုင်းအောင်ထွန်း

    ၅။ သမိုင်းပညာရှင်ကြီး ဒေါက်တာခင်မောင်ညွန့်

    စာရေးသူနဲ့တကွ ဖတ်ရှုတည်းဖြတ်ပေးသော ဆရာကြီးများကို ကျွန်တော် အလွန်လေးစားပါတယ်။ သို့သော်လည်းကျွန်တော်သမိုင်း အပေါ် သစ္စာ တည်ချင် ပါတယ်။ ဒါကြောင့် ကိုယ့်ရှေ့ မှာအလွဲသမိုင်း တင်ပြတာကို ငြိမ်နေဖို့ရာမရဲပါဘူး။ ငြိမ်နေလိုက်ရင်တော့သမိုင်းကိုသစ္စာဖောက်တဲ့၊ မတည်ကြည် မဖြောင့်မတ်တဲ့ လူ သားတစ်ယောက် အဖြစ်ကိုရောက်ရှိသွားမှာဘဲလို့ခံယူထားပါတယ်။

    အဲဒီအဖြစ်မျိုး ရောက်မှာကိုတော့အလွန်ရွံကြောက်ပါတယ်။ လူမျိုးတစ်မျိုး၊ ဒေသ တစ်ခု၊ ဘာသာ အယူဝါဒ တစ်ခု ကိုချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ သမိုင်းကိုတော့ စိတ်ဆောင် ရာလိုက်ပြီးအလွဲအမှားရေးဖို့၊ လက်ခံလိုက်ဖို့ မသင့်တော်ပါဘူး။ တကယ်လို့ အလွဲအမှားတွေကိုသိသိကြီးနဲ့အမှန်ပြင်မပေးမိရင်နောင်လာနောက်သား မျိုးဆက် တွေအပေါ် ကြီးမားစွာလွန်ကျူးခြင်းဘဲဖြစ်မယ်ဆိုတာ ဖြောင့်မတ်တဲ့လူသားတိုင်း သဘောတူမယ်လို့ ယုံကြည်မိပါတယ်။

    တာလီဘန် နှင့် ဗာမီယန်

    လေးစားအပ်တဲ့စာရှုသူတို့ခင်ဗျား- အခုအချိန်ကစလို့ ဆရာတော် ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ရေးသားပြီး ခေတ်ပညာတတ်ဆရာကြီးများကိုယ် တိုင်ဖတ်ရှုတည်းဖြတ် ပေးထားတဲ့ “ဗုဒ္ဓဘာသာမြစ်ဖျားနှင့်သမိုင်းရှုထောင့်”စာအုပ်ပါ သမိုင်းအလွဲအမှားတွေကို ကျွန်တော်အခိုင်အမာသိသလောက် ပြင်ဆင်ပေးမှာဖြစ် သလို စာဖတ် သူတွေအထင်အမြင်လွဲမှားစေမယ့်အရေးအသားတွေ ၊ ကောက် ယူဆင်ခြင်မှုတွေ ကိုလည်း အကိုး အကားအထောက် အထားအတိအကျတွေနဲ့ ထောက်ပြပြင်ဆင် ပေးသွားမှာဖြစ်ပါ တယ်။ စာရှုသူများကို ပထမဆုံးသိစေချင်တဲ့ သမိုင်းအမှန် တစ်ကြောင်း ကတော့…

    အာဖဂန်နစ္စတန်က တာလီဘန်တွေ ဗာမီယန်ဗုဒ္ဓရုပ်ပွါးတော် တွေကို ဖျက် ဆီးမယ်လုပ်တုန်း က OIC (Organization of Islamic Conference) လို့ ခေါ်တဲ့၊ မွတ်စ်လင်မ် member နိုင်ငံပေါင်း ၅၄ နိုင်ငံ နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီးက အစည်းအဝေးခေါ်ပြီး statement ထုတ်ကန့်ကွက်ခဲ့ပါတယ်။ Islamic နိုင်ငံလို့ ကြေညာထားတဲ့ဆော်ဒီအာရေဗျနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့က ရုပ်ပွါးတော် တွေကို မဖျက်ဆီးဖို့တားမြစ်ကန့်ကွက်ခဲ့ပါတယ်။ပါကစ္စတန်သမ္မတပရ်ဝေးဇ်မုရှရ်ရဖ် (ပါဗဇ်မုရှာရတ်) က သူ့ရဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ Lieutenant General မုအီနွတ်ဒီးန် ဟိုင်ဒရ် ကို ကဘူလ်မြို့အထိစေလွှတ်ပြီး၊ ဗာမီယန်ဗုဒ္ဓရုပ်ပွါးတော်တွေ ကိုမဖျက်ဆီးစေဖို့တာလီဘန်တွေနဲ့ ညှိနှိုင်းစေခဲ့ပါတယ်။ (ကိုးကား-ထိုစဉ်ကရုပ်သံသတင်း/ သတင်းစာ/ ဂျာနယ်များ)

    အစ္စလာမ်သာသနာ ရဲ့အဆုံးအမကို မှန်ကန်စွာသိနားလည် ကျင့်သုံးတဲ့ဘယ် အစ္စလာမ်ဘာသာဝင်ကမှ အဲဒီလုပ်ရပ်ကို မထောက်ခံပါဘူး။ ပြင်းပြင်းထန်ထန်ကိုရှုံ့ချ ပါတယ်။ အာဖဂန်မှာကိုးကွယ်သူ မဲ့စံပယ်နေတဲ့ဗုဒ္ဓရုပ်ပွါးတော်တွေကို ဖျက်ဆီးတဲ့လုပ် ရပ်ကိုအပြင်းအထန်ရှုံ့ချသလို၊ ဝတ်ပြုသူ တွေနဲ့ပြည့်နှက်နေတဲ့ ဗလီဝတ်ကျောင်းတွေကို ဝင်ရောက်လုယက် အကြမ်းဖက်ဖျက်ဆီးတဲ့ လုပ်ရပ်ဟာလည်း ပြင်းပြင်းထန်ထန် ရှုံ့ချစရာပါဘဲ။

    အိန္ဒိယ နှင့် အာရပ်မွတ်စ်လင်မ်

    ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်စာမျက်နှာ (၄၂၊၄၃) မှာ ရေးသား ထားတာက- “အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသ၌ ယင်းသို့မတည်မငြိမ်ဖြစ်နေချိန်၌ ထိုဒေသ မြောက်ဖက်နယ်နိမိတ်အနီးတွင်အာရပ်မွတ်ဆလင်စစ်တပ်ကြီးဆိုက်ရောက်နေပေ သည်။ ထိုအာရပ်လူမျိုးတို့သည် နယ်မြေ ချဲ့ထွင်ရုံတစ်ခုတည်းမဟုတ်ပေ။ ကမ္ဘာ ကြီး တစ်ခုလုံးကို အစ္စလမ်ဘာသာ ထီးရိပ်အောက် သွတ်သွင်းရေး ဟူသော ရည် ရွယ်ချက်ဖြင့်အင်အားသုံး၍စစ်ပွဲဆင်နွဲနေသူများ ဖြစ်သည်။”

    အထက်ပါအတိုင်းရေးသားထားတဲ့အတွက်….

    အာရပ်မွတ်စ်လင်မ်တွေဟာ အိန္ဒိယကို စတင်ခြေချရောက်ရှိတာဟာ စစ်ပြု နယ်ချဲ့လိုခြင်းရည်ရွယ်ချက်ကြောင့်ဖြစ်ပြီး၊ အာရပ်မွတ်စ်လင်မ်တွေဟာနယ်ချဲ့ ဝါဒ ကိုကိုင်စွဲသူတွေသာဖြစ်ကြောင်း၊ အင်အား သုံးစစ်ပွဲဆင်နွှဲပြီး လူတွေကို အစ္စလာမ် ဘာသာဝင် ဖြစ်စေဖို့ အစ္စလာမ်ဘာသာ က သင်ကြားထားကြောင်း တည့်တည့် ကြီးဆိုလိုထားသလိုပါဘဲ။ အဲဒီစာပိုဒ်မှာအလွဲကြီး တွေပါရှိပါတယ်။ တစ်ချက်ခြင်းစီ ပြင်ပေးပါ့မယ်။

    (က)    အာရပ်မွတ်စ်လင်မ်တွေ အိန္ဒိယကိုစတင်ခြေချရောက်ရှိခဲ့တာဟာ စစ်တိုက်ဖို့အတွက်မဟုတ်ပါဘူး။ အာရေဗျပင်လယ်ကတစ်ဆင့်အာရပ်ကုန်သည် တွေဟာ ရေကြောင်း ကုန်သွယ်မှုကို အခြေခံပြီး အိန္ဒိယအနောက်တောင် ကမ်းရိုး တန်းမှာ ခရစ် (၇) ရာစုအဆုံးပိုင်းကတည်း ကရောက်ရှိအခြေချ နေထိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကျမှအိန္ဒိယကိုတိုက်ခိုက်ဖို့စရောက်လာတာ လုံးဝ မဟုတ်ပါဘူး။ အာရပ် မွတ်စ်လင်မ်တွေနဲ့အိန္ဒိယဒေသခံဟိန္ဒူဘာသာဝင်၊ဗုဒ္ဓဘာသာဝင်တွေဟာ ကမ်းရိုး တန်းဒေသတစ်လျှောက် မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ပါတယ်။ စီလွန် (သီရိလင်္ကာ) မှာလည်း အာရပ်မွတ်စ်လင်မ် ကုန်သည် တွေဟာအခြေချ နေထိုင်ခဲ့ ပါတယ်။ အဲဒီလိုအတူယှဉ်တွဲနေထိုင်ရင်း အာရပ်မွတ်စ်လင်မ် ကုန်သည် တွေဟာ အစ္စလာမ်ဘာသာကို ဟောပြောပို့ချခဲ့ကြပါတယ်။

    မိမိသဘောဆန္ဒ အလျောက် အစ္စလာမ်ဘာသာကို ကူးပြောင်းသက်ဝင်တဲ့ ဒေသခံတွေအများကြီး ရှိ လာပါတယ်။ ဒီအကြောင်းကို Tara Chand က သူ့ရဲ့ Influence of Islam on Indian Culture စာမျက်နှာ (၃၂) မှာ H G Rawlinson, Francis Day, Sturrock တို့ရဲ့ စာအုပ်တွေ ကိုကိုးကားပြီး အခိုင်အမာကိုရေးသားထားပါတယ်။ မလဘာရ်(Malabar) ခရိုင်ရဲ့ collector တစ်ဦးအဖြစ် တာဝန်ထမ်း ဆောင် ခဲ့တဲ့ စကော့လူမျိုးအရာရှိကြီး William Logan (၁၈၄၁-၁၉၁၄) ရဲ့ Malabar Manual အရဆိုရင် အိန္ဒိယတောင်ပိုင်းချေရာ မင်းဆက် (Chera Dynasty) ရဲ့ ဘုရင် တစ်ပါးဟာ အစ္စလာမ် ဘာသာကိုလက်ခံခဲ့ပြီးနောက် သူ့ရဲ့အထောက်အပံ့နဲ့ မလ ဘာရ်ခရိုင် “ကိုဒွန်ဂုလုရ်” မှာ အေဒီ ၆၂၉က ဗလီဝတ်ကျောင်းတစ်ကျောင်းကို ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီ ဗလီ ကို “ချေရာမန်ဂျုမာ” ဗလီလို့ ခေါ်ပါတယ်။ ယနေ့တိုင်တည်ရှိပါတယ်။ မလဘာရ် ဒေသခံ မွတ်စ်လင်မ် တွေကို မလဘာရီ မွတ်စ်လင်မ် လို့ခေါ်ပါတယ်။ မြန်မာပြည်မှာတော့ သူတို့ဟာ “ကာကာ” အဖြစ် လူသိများပါတယ်။ သူတို့ဟာ အိန္ဒိယတိုက်ငယ်ရဲ့ ပထမဦးဆုံး အစ္စလာမ်ဘာသာ ဝင် လူ့အဖွဲ့အစည်းအဖြစ် ကမ္ဘာ့သမိုင်းမှာ ထင်ရှားပါတယ်။

    (ခ)     သမိုင်းအမှားကြီးနောက်တစ်ခုကတော့ ဆင်းဒ်ပြည်နယ်(ယခုပါ ကစ္စတန်၏ပြည်နယ်) ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အာရပ်မွတ်စ်လင်မ် စစ်တပ် အိန္ဒိယကို စတင်ရောက်ရှိခြေချခဲ့တဲ့ခုနှစ်ပါ။ အေဒီ (၇၂၀) လုံးဝမဟုတ်ပါဘူး။ အေဒီ (၇၁၁-၇၁၂) ပါ။  အဲဒီစစ်တပ်ရဲ့ ရည်ရွယ်ချက်ဟာ အိန္ဒိယ ကို တိုက်ခိုက်နယ်ချဲ့ဖို့မဟုတ်ပါ။ တောင်ပိုင်းဆင်းဒ်ကို အုပ်ချုပ်တဲ့ Rajput ရာဇပုတ္တ စော်ဘွား ရာဂျာဒဟီးရ် ထောက်ပံ့ထားတဲ့ ပင်လယ်ဓားပြတွေ က အာရပ်မွတ်စ်လင်မ်တွေ ရဲ့ ကုန်သင်္ဘော ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရတဲ့အခါ အဲဒီ ပယ်လယ်ဓားပြ တွေကို အရေးယူပေးဖို့ အာရပ်တွေဟာ ရာဂျာဒဟီးရ် ထံ သံအဆက်အသွယ် နဲ့ ငြိမ်းချမ်းစွာကမ်းလှမ်းခဲ့ပါသေးတယ်။ အဲဒီပင်လယ် ဓားပြတွေဟာ သူ့အုပ်ချုပ်မှု အောက်မှာမရှိတဲ့ အတွက်သူအရေးမယူနိုင်ပါလို့ ရာဂျာဒဟီးရ် က ပြန်ကြားခဲ့တဲ့ အတွက် အာရပ်တွေက ရာဂျာဒဟီးရ် ကို ပြန်လည်တိုက်ခိုက်ခြင်းသာဖြစ်ပါတယ်။ ဒါဟာ ဘာသာရေးနယ်ချဲ့တာ မဟုတ်သလို အာရပ်အမျိုးသားရေးစစ်ပွဲ လည်း မဟုတ်ပါဘူး။ နိုင်ငံရေး သက်သက် ကို အခြေခံတဲ့ စစ်သာဖြစ်ပါတယ်။ ဒီသမိုင်း ကြောင်း ဟာ အိန္ဒိယသမိုင်း စာအုပ်တိုင်းလိုလိုမှာ ပါရှိပါတယ်။ နမူနာ အနေနဲ့ C.F De La Fosse ရဲ့ History of India စာမျက်နှာ (၈၆)ကိုရှုပါ။ အာရပ်မွတ်စ်လင်မ် ဗိုလ်ချုပ် မုဟမ္မဒ်ဘင်န်ကာစင်မ် ရဲ့စစ်တပ် ဆင်းဒ်ပြည်နယ်ကို တိုက်ခိုက် သိမ်းပိုက် ခဲ့တဲ့ ခုနှစ်ဟာ အေဒီ ၇၂၀ မဟုတ်ဘဲ၊ အေဒီ (၇၁၁-၇၁၂)သာ ဖြစ်ကြောင်း ကမ္ဘာ့သမိုင်းစာအုပ်တိုင်း မှာ ဖော်ပြ ပါရှိပါတယ်။ သာဓကအနေနဲ့ ဗြိတိသျှစွယ်စုံကျမ်း (Encyclopaedia Britannica) မှာ လေ့လာကြည့်လိုက်ပါ။

    အာရပ်မွတ်စ်လင်မ်စစ်တပ်ဟာ အေဒီ (၇၁၂) မှာ ဆင်းဒ် ပြည်နယ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက် အခြားပြည်နယ်၊ ဒေသတွေကို ဆက်လက်တိုက် ခိုက်ခြင်းမပြုတော့ဘဲ ရပ်တန့်ခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်ဟောင်း ပဏ္ဍိတ် ဂျဝါ ဟရ်လားလ်နေရူး ကိုယ်တိုင်က The Discovery of India စာမျက်နှာ (၂၂၇) မှာ အတိအလင်းရေးသားထားပါတယ်။ဒါ့အပြင် မွတ်စ်လင်မ်တွေ သိမ်းပိုက်ခဲ့တဲ့ဆင်းဒ် ပြည်နယ်နဲ့အိန္ဒိယ ရဲ့ အခြားနယ်ပယ်တွေ အကြား သံတမန်ဆက်ဆံမှုတွေ အပြင်၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဆက်ဆံမှုတွေ ငြိမ်းချမ်းစွာရှိခဲ့တယ် လို့ အဲဒီစာအုပ်စာမျက်နှာ (၂၂၉) မှာရေးထားပါတယ်။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် (အစ္စလာမ် က နယ်ချဲ့ဝါဒ လား?-တမန်တော် မုဟမ္မဒ် နှင့် အစ္စလာမ်သာသနာ)

    အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းရေးသားထားတဲ့

    ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူရင်းစာအုပ်လင်ခ့်