News @ M-Media
Tag: HjWinAung
  • မူစလင် မဂ္ဂဇင်း ခေတ်ကြေးမုံနှင့် စဉ်းစားစရာများ
    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media
    ရေးသားသူ-ဟာဂျီဝင်းအောင်
    မကြုံစဖူးအေးလွန်း၍ အထပ်ထပ်ပိတ်ထားတဲ့ အိမ်တွင်းသို့ အမေရိကန်ဒေါ်လာတရာတန် တရွက်လွင့်ဝင်လာ စားပွဲပေါ်ကျလာရင်တော့ ချက်ချင်းနီးရာ တယ်လီဖုန်းကောက်ကိုင်ပြီး ဆရာတက္ကသိုလ်မြင့်ဝေထံ ဆက်သွယ်လို့ ရနိုင်မယ့် နံပါတ်တွေ ကျနော်ဆက်တိုက်ရှာနေမိပါလိမ့်မယ်။ ဒါမှမဟုတ် ဆရာ့ Gmail account သိရရင်လည်း စာရှည်ကြီးရေးပြီး internet ကနေပို့လိုက်မိမှာ။  ဆရာပြုစုတဲ့ ရန်ကုန် တက္ကသိုလ် မွတ်စလင်မဂ္ဂဇင်း သမိုင်း အတွက်ကျေးဇူးတင်လို့ပါ။
    HistoryofRangoonUniversitiesMuslimMagazines
    ခုတော့ ဆောင်းပါးရေးရပြီ။”  ဆရာ တက္ကသိုလ်မြင့်ဝေသို့ ကျေးဇူးစကား “ လို့ ခေါင်းစဉ်တပ်ဖို့ မူလက စိတ်ကူး ထားပေမယ့် တခြားလူတွေလည်း ဖတ်ကြမှာမို့၊ ပြီးတော့ ဖတ်သူများ စဉ်းစားစရာများလည်း ထည့်သွင်းချင်လို့ ခေါင်းစဉ် ပြောင်းလိုက်ရတယ်။ ရရချင်း ခပ်မြန်မြန်ဖတ်လိုက်တယ်။ ဒုတိယအကြိမ်ကျတော့ ခပ်မှန်မှန်နဲ့အသေးစိတ်၊ ခုတကြိမ်မှာ လိုအပ်တဲ့အချက်အလက်တွေ ရွေးထုတ်ရတာကတော့ ကလောင်ရှင်တွေ လုပ်နေကျဆိုတာ အယ်ဒီတာချုပ်လုပ်နေသူမို့ ဆရာပိုသိပါလိမ့်မယ်။
    သတိရ ကျေးဇူးတင်စရာတွေ
    ကျနော့အား ဘွားကနဲလူလားမြောက်စေတဲ့ နတ်ရေကန်လို့ တင်စားရမယ့် ရန်ကုန်တက္ကသိုလ်၊ မိသားစုမေတ္တာနဲ့ နွေးနွေးထွေးထွေးရှိတဲ့ မွတ်စလင်အသင်း၊ စာရေးဆရာ အဖြစ် သတင်းသမားအဖြစ် ရပ်တည်သွားဖို့ ကလောင်တချောင်း အပ်နှင်းပေးလိုက်တဲ့ မိခင် မူစလင်မဂ္ဂဇင်း၊ အကျိုးအမြတ် ရဖို့ဆို တာဝန်ယူရမယ်၊ Unwritten Law လို့တင်စားတဲ့ လိုက်နာ စောင့်ထိန်းစရာတွေ စသဖြင့်  လေ့ကျင့် တတ်မြောက်ခဲ့ရတာတွေ၊ တွဲခဲ့ပြီးနောက်ခွဲခဲ့ရသူတွေကိုလည်း သတိရမိပါရဲ့။
    ဥပမာ၊ ၁၉၅၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ရောက်လာတော့ ရန်ကင်းကောလိပ်တို့၊ ထီးတန်းကော်ကောလိပ်တို့ မရှိသေးလို့ တက္ကသိုလ်ရဲ့ သူငယ်တန်းကျောင်းသား အဖြစ် နောင်တော်ကြီးများအား အတုယူကာ လေ့လာရတယ်။ ဒီလိုပဲ ၁၉၅၄-၅၅ ခုနှစ်  ရန်ကုန်တက္ကသိုလ် မူစလင်ကျောင်းသူ ကျောင်းသားများ အသင်းမှာ အမှုဆောင်အဖြစ် အရွေးခံရတယ်။  လက်ထောက် စာကြည့်တိုက်မှူးဆိုတာ ပမွှားလေးပါ။ ဒါပေမယ်လို့ အိပ်ငိုက်နောက်လိုက် လုပ်မနေလို့ နောက်နှစ်ကျတော့ တွဲဘက်အတွင်းရေးမှူး၊ အဲဒီကအတွေ့အကြုံနဲ့ ၁၉၅၇-၅၈ ရန်ကုန်တက္ကသိုလ် ပဲခူးခရိုင်ကျောင်းသူ ကျောင်းသားအသင်း အထွေထွေ အတွင်းရေးမှူး၊ ရောက်လေရာမှာ နောက်ဆုံး VOA  ကမွတ်စလင်တွေစုပြီး ၀တ်ပြုနိုင်ရေးမှာတောင် ပါဝင်ဖို့ရာ အထိဖြစ်လာစေခဲ့ပါတယ်။
    ပဲခူးမဂ္ဂဇင်း
    ၁၉၅၇-၅၈ ရန်ကုန်တက္ကသိုလ် ပဲခူးခရိုင်ကျောင်းသူ ကျောင်းသားအသင်း ဥက္ကဌကလည်း တကျောင်းထဲနေခဲ့တဲ့ ငယ်သူငယ်ချင်း၊ စာရေးဆရာ သိပ်ဖြစ်နေတဲ့ ကိုကျော်စိန်ကလည်း စိတ်အားထက်သန်ဆိုတော့” ပဲခူးမဂ္ဂဇင်း” ထုတ်ဖြစ် သွားတယ်။ ပဲခူးဆောင် အဆောင်မှူး မြန်မာစာ ကထိက ဦးကျော်ရင်က ပဲခူးရွာစား ကလောင်နာမည်နဲ့ ဆောင်းပါးရေးသလို မြန်မာစာပါမောက္ခ ဦးအေးမောင်က Burma Research Journal မှာသူ အင်္ဂလိပ်လိုရေးတဲ့ Pegu ကိုပြန်ထည့်ခွင့်ပေးရာက ခင်မင်သွားလိုက်တာ ကျနော့အား တခန်းရပ်ပြဇာတ် ( One Act Plays) တွေရေးဖို့ တွေ့တိုင်း တိုက်တွန်းတယ်။
    ဆရာဦးသိန်းဖေမြင့်ထံ စာမူသွားတောင်းရာ၊ ကိုင်ရိုမှာကျင်းပတဲ့ အာရှအာဖရိက စာရေးဆရာများ ကွန်ဖရင့်သို့ တင်သွင်းတဲ့ အစီရင်ခံစာပေးလိုက်လို့ အင်္ဂလိပ်ကဏ္ဍအတွက် ရှားပါး အဖိုးတန်အဖြစ် ရခဲ့တယ်။ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဌအနေနဲ့လည်း သ၀ဏ်လွှာပေး လိုက်သေးတယ်။ ရန်ကုန်တက္ကသိုလ် နယ်မြေထုတ် စာစောင်များကို အားပေး လေ့ရှိတဲ့ ပါမောက္ခချုပ် ဒေါက်တာထင်အောင်ထံ အမှာစာသွားတောင်းရင် ဆရာကရေးပေး ပါတယ်။ ပဲခူးမဂ္ဂဇင်း” အတွက် သ၀ဏ်လွှာထဲမှာ “ To my fellow Peguans” အင်္ဂလိပ်လိုရေးပေးရင်း ပဲခူးသားတယောက်အနေနဲ့ ဂုဏ်ယူအကြောင်း ပါမောက္ခချုပ် ဒေါက်တာထင်အောင်က ထည့်ရေးတယ်။ အတိုင်ပင်ခံ အင်္ဂလိပ်စာတည်းကလည်း ပဲခူးသူ ဒေါက်တာ ကေ မြရီ၊  ပဲခူးဆိုတဲ့အမှတ်အသား Identity  ပေါ်အောင်လို့ပါ။ အဲဒါ အရေးအကြီးဆုံးနဲ့အဓိက လိုအပ်ချက်မဟုတ်ပါလား?
    ရန်ကုန်တက္ကသိုလ် မွတ်စလင် မဂ္ဂဇင်းသမိုင်း
    ဆရာပြုစုတဲ့ ရန်ကုန်တက္ကသိုလ် မွတ်စလင်မဂ္ဂဇင်းသမိုင်းကို ဖတ်လိုက်ရတဲ့အတွက် အလွန်သိချင်တာတွေသိရ၊ မထင်မှတ်ပဲ သိသင့်တာတွေလည်း သိလိုက်ရပါတယ်။ မှတ်တမ်းမှတ်ရာတွေ ထိန်းသိမ်းမှု အားနည်းတာရယ်၊ လူတွေရဲ့ အသိဥာဏ်ကမောက်ကမ ဖြစ်အောင်၊ သတင်း အချက်လက်တွေ မမှန်မကန်ဖြစ်အောင် သမိုင်းဆိုပြီးဖြစ်စေချင် သလိုရေးဖို့ မှတ်တမ်းမှတ်ရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ဖျောက်ဖျက်ပစ်တဲ့ ခေတ်ကာလမှာ ဆရာ တက္ကသိုလ်မြင့်ဝေက ရှာဖွေစုစောင်း ပြုစုနိုင် စွမ်းရှိတာကိုတော့ ကျေးဇူးတင်ချီးကျူးလို့ ကုန်ဆုံး နိုင်မယ်မဟုတ်ပါ။
    တဆက်တည်း ရန်ကုန်တက္ကသိုလ် မွတ်စလင်အသင်းကိုလည်း ပြန်လည် တမ်းတမိပါတယ်။ ကျနော်တို့ခေတ်နဲ့ ဆယ်နှစ်နီးပါး ကွာခြားသွားပြီး ကာလ ဆောင်ရွက်ကြသူတွေ အနက် ဆုံမိသိလိုက်သူတွေလည်းရှိပါတယ်။ ကိုချစ်မောင်ကို သူ့အိမ်မှာ သွားတွေ့ဖူးတယ်၊ ကျနော်တို့ ညီအကို (၇)ယောက်ထဲက နံပါတ် (၆) မျိုးအောင်နဲ့ ရုပ်ချင်းတူတဲ့ ကိုအောင်ဇော်၊ ကိုဘငြိမ်းကိုလည်း မှတ်မိတယ်၊ အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဌဖြစ်လာသူ ကိုညွန့်မောင်သျှိန်ကိုလည်း နာမည် စလုံးပေါင်းပုံစိတ်ဝင်စား၊ တယ်လီဖုန်း Interview သာလုပ်ဖူးတယ်၊ ကိုမြင့်ဝေကိုတော့ မှန်းကြည့်လို့မရဘူး။ ခုတော့သိပြီ၊ ကလောင်မိတ်ဆွေဖြစ်ကြပြီ။ ကျနော်အင်မတန်လိုချင်နေတဲ့ပစ္စည်း လက်ဝယ်ရှိသူမို့လည်း ကျနော့ဘက်က ပိုပြီးရင်းနှီးပစ် လိုက်တယ်။ ဆရာ အယ်ဒီတာချုပ်လုပ်တဲ့ လပြည့်ဝန်း အစ္စလာမ်မဂ္ဂဇင်းလည်း လှမ်းမှာလိုက်ပြီ။ဘယ်လောက်ကြာတော့မှ ရောက်လာမယ် မသိ။
    ဖတ်စရာမှတ်စရာ
    ရန်ကုန်တက္ကသိုလ် မွတ်စလင်ကျောင်းသူ ကျောင်းသားတွေဟာ (၁၇)နှစ်တာကာလအတွင်း မဂ္ဂဇင်း (၈)စောင် ထုတ်နိုင်ခဲ့ကြောင်း သိလိုက်ရတယ်။ အဲဒီထဲက ကောင်းနိုးရာရာတွေ ကောက်နှုတ်ပြလို့ ဆရာကြီး စီအေဦးဗလွင်တို့လည်း ၀င်ရေးပေးပါလားလို့ ၀မ်းသာအားတက်ရ၊ ဗိုလ်မှူးဘရှင် နာမည်တွေ့လိုက်ပြန်တော့လည်း စစ်ကြိုခေတ်က အသင်းဥက္ကဌ အဖြစ်ခေါင်းပေါင်းနဲ့ သူ့ဓာတ်ပုံကိုမြင်ယောင်လာကာ၊ သူငယ်ချင်း ကိုတင်ထွန်းရဲ့ အသင်းသမိုင်းကိုဖတ်မိ၊ ဂုဏ်ယူစရာ ပါဠိပါမောက္ခ ဦးအေကာဆင်ဟာ သူ့ဘကြီးအရင်း တအိမ်ထဲနေကြပုံလည်း ရေးချင်စိတ်ပေါ်လာတယ်။ ရန်ကုန်တက္ကသိုလ် မွတ်စလင်လူငယ်တွေကို စုစည်းဦးဆောင်ခဲ့သူ အောင်ခင် M.Sc ဆိုတာ နောက်ပိုင်း ဓာတုဗေဒ ပါမောက္ခဖြစ်လာ သူလား? ပြောပြနိုင်သူများအား ရှာဖွေကြပါစို့။
    “ ယနေ့မွတ်စလင်လောကတွင် ဘာသာရေးကို အကြောင်းပြုပြီး နိုင်ငံရေး အမြတ်ထုတ်နေကြခြင်းကြောင့် မွတ်စလင်တွေ တဦးမျက်နှာတဦး မကြည့်နိုင်ဖြစ် မုန်းတည်းနေကြပေသည်၊ တစားပွဲတည်း မျက်နှာချင်းမဆိုင်နိုင်သော ခေါင်းဆောင်ကြီးများ၊ မွတ်စလင်လောကသည် ဘာသာရေးနှင့် လုံးဝမသက်ဆိုင်သော နိုင်ငံရေး အကွဲအပြဲတွင် မဆီမဆိုင် ရစရာမရှိအောင် လိုက်ပြီးကွဲပြဲနေကြသည်”   ရာဇ၀င်ကွင်းဆက် မပြတ်စေနှင့်၊ တင်မောင် ။
    အဖိုးတန်လိုက်တာဗျာ။ တင်မောင်ဆိုတာ ဘယ်သူမှန်းမသိ လေးစားမိပါတယ်။ ဘာသာရေး အခြေခံလို့ဆိုကာ ဗ-မ-က ကို အတင်းဖျက်ခိုင်းတဲ့  ဦးနု၊ ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် ရွေးကောက်ပွဲမှာ မွတ်စလင် မဲတွေရဖို့ BMO ဆိုတာ ဖွဲ့ခိုင်းတော့ လိုက်ပါဆောင်ရွက်သူ ဘာရလိုက်သလဲ? ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပယ်ချထားတဲ့  နိုင်ငံတော် ဘာသာ ရလိုက်တယ် မဟုတ်လား?  အဲဒီနေ့က ပါလီမန်ထဲမှာ တာဝန်ကျလို့ အစအဆုံး မြင်တွေ့ခဲ့ရပုံတွေ ပြန်လည် သတိရစေလို့ တက္ကသိုလ်မြင့်ဝေကို ကျေးဇူးတင်ဖို့ဖြစ်လာပြန်ပြီ။
    မူစလင် မဂ္ဂဇင်းမှ ခေတ်ကြေးမုံသို့
    ရန်ကုန်တက္ကသိုလ် မွတ်စလင်အသင်းက ၁၉၅၇-၅၈ နှစ်မဂ္ဂဇင်းကို ခေတ်ကြေးမြင်လို့ နာမည်ပြောင်းလိုက်တယ်။ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းသမိုင်းမှာ မိမိတို့အသင်း၏ သင်္ကေတ အမှတ်အသားမပါတဲ့ အတွက်ကြောင့် အံ့သြစရာဖြစ်ရ၊ တနှစ်မှတကြိမ် အနိုင်နိုင်ထုတ်ရတဲ့ မဂ္ဂဇင်းကို ရှုမ၀၊ပဒေသာ၊သွေးသောက်တို့လို စီးပွါးရေး ဆန်ဆန်နာမည် ပေးရမလား၊ စသဖြင့် မကြိုက်သူ တချို့ရှိကြတယ်။ မူစလင်ဆိုတဲ့ နာမည်က ခေတ်နောက်ကျလို့ ကျဉ်းမြောင်းလို့ ခေတ် ဆန်ဆန်လေး ရွေးပေးဖို့ သွားတောင်းပန်တာနဲ့ ပါမောက္ခ ဦးအေးမောင်ကပေးတာ ဆိုတဲ့ သတင်းလည်းကြားလိုက်မိတယ်။
    မည်သို့ပင်ဆိုစေ၊ မွတ်စလင်ကျောင်းသားထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမှုဆောင်အဖွဲ့မှာ လုပ်ပိုင်ခွင့် ရှိတယ်၊ စိတ်ကူးရသလို လုပ်ကြမှာပဲလို့ နားလည်လိုက်ပါတယ်။ ကျနော်အဖို့တော့ မူစလင်မဂ္ဂဇင်းကိုသာလျှင် မွေးမိခင်လို့ စွဲလန်းနေသမို့ ခေတ်ကြေးမြင်ကို မကြည့်ဖြစ်။ ၅၅ နှစ်ကျော်ကြာတော့မှ ဆရာတက္ကသိုလ်မြင့်ဝေရဲ့စာအုပ်မှာ ပထမဆုံး မြင်ဖူးလိုက်ရတယ်။ ၁၉၅၅-၅၆ မူစလင်မဂ္ဂဇင်း မျက်နှာဖုံးကိုလ ည်း ပြန်မြင်လိုက်ရတယ်။
    မိခင်ပျောက်သားလို
    ကလေးဘ၀က မုန့်ဖိုး၂၅ ပြားရတာကို မုန့်ဝယ်မစားပဲ စုထားပြီးစာအုပ်ဝယ်လေ့ရှိသူမို့ ခုချိန်ထိ စာအုပ်ကောင်းဆို ပိုင်ချင်တယ်။ အိမ်မရှိပဲ ခွေးမွေးဆိုသလို စာအုပ်တွေပေါ် Win Aung Home Library  လို့ တံဆိပ်ရိုက်ကာ စုထားတာတွေ မီးလောင်လိုက်၊ ပြန်စုလိုက်၊ မီးထပ်လောင် ထပ်စုနဲ့ နောက်ဆုံး မိခင်မူစလင် မဂ္ဂဇင်း ကိုဘယ်မှာမှ ရှာမတွေ့နိုင်တော့ဘူး။  ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာ ရှိနိုင်ကောင်းပါရဲ့။ သို့သော် ကျနော်ကအဝေးကို ရောက်နေပြီ။
    အတူပါဝင်ရေးခဲ့သူတွေလည်း သိပ်မကျန်တော့၊ အသက်ရှင်နေသူများအနက် ဆက်သွယ်လို့ရပြန်တော့လည်း လက်ဝယ်မရှိ။ တ-က-သ ရွေးကောက်ပွဲမှာ အသိဖြစ်ခဲ့ရာကနေ ရင်းနှီးသူ ဦးသန်းတင် အမေရိကန်သို့ လာစဉ်မှာ၊ ကျနော် ရန်ကုန်သို့ ပထမအကြိမ်ရောက်သွားစဉ်မှာ၊ အကြိမ်ပေါင်းများစွာ တယ်လီဖုန်းနဲ့ စကားပြောတိုင်း မိခင် မူစလင်မဂ္ဂဇင်းကို ရှာပေးဖို့  မိခင်ပျောက်သားလို တောင်းပန်ခဲ့တယ်။ ခုတော့ ဆရာတက္ကသိုလ်မြင့်ဝေ ကတော်ထံမှာ ရှိနေကြောင်းသိရပြီမို့ အသက် ၉၀ ကျော် ၀တ်လုံကြီးအား နားပူနားဆာ ဆက်လုပ်ဖို့ မလိုတော့။
    ခေတ်ကြေးမြင်ဆရာကြီး
    ခေတ်ကြေးမြင်ဆရာကြီး ဦးဘငြိမ်းရဲ့အမှာစာကို ဖတ်လိုက်ရတော့လည်း ငယ်စဉ်ကသိပ်သိချင်နေတာ သိရပြီ၊ စကားပြောတိုင်း ရယ်နေပြုံးနေ တတ်သူကြီး မျက်စေ့ထဲပေါ်လာတယ်။ အသက် ၈၀ နီးပါး ဟာဂျီတွေကိုယ်စီဖြစ်နေကြပြီ။ အချိန်ကုန် မြန်လိုက်တာ။ ၁၉၆၂ ခု၊ မေလ (၉)ရက်နေ့ ကျနော်မြန်မာ့အသံတွင်တွင် တာဝန်ကျစဉ်၊ ပုံ ဗိုလ်နေ၀င်း ဆိုတဲ့ တော်လှန်ရေးကောင်စီ ကြေညာချက်တိုလေးနဲ့ ရန်ကုန်တက္ကသိုလ် ဇီဝိန် ချုပ်သွားမှတော့ ဘာကျန်တော့မှာလဲ? မူစလင် မဂ္ဂဇင်းရော၊ ခေတ်ကြေးမြင်ကော ပါသွားပြီပေါ့။
    ဆရာတက္ကသိုလ်မြင့်ဝေ အစဖော်ပေးလိုက်လို့ ရန်ကုန်တက္ကသိုလ် မွတ်စလင်အသင်းကို ပြန်လည် တမ်းတမိသလို သူ့နှစ်နဲ့သူ လုပ်ဆောင်ခဲ့ကြတာတွေ သတိရမိတယ်။ ယနေ့ လူငယ် မွတ်စလင်လေးတွေ ဘယ်လိုနားလည်ကြမလဲ?  ကျနော့အဖို့တော့ စဉ်းစားစရာတွေ ရလိုက်တာကြောင့် ဆောင်းပါး စရေးလိုက်ပါပြီ။ ရှင်ကျန်နေသေးသူတွေ အနေနဲ့လည်း ရေးကြပါလို့ တိုက်တွန်းပါရစေ။ သူ့အမြင်ကိုယ့်အမြင် ဖလှယ်နိုင်ကြဖို့ အတွေ့အကြုံချင်း ဝေငှကြဖို့ ဆက်သွယကြပါစို့။
    ဟာဂျီ-၀င်းအောင်
    Alexandria, VA 22309
    [email protected]
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]
  • တိုင်းရင်း မွတ်စလင် ကလောင်ရှင် အသင်းအား ကြိုဆိုခြင်း
    ဖေဖော်ဝါရီ ၃၊ ၂၀၁၄
    M-Media
    ရေးသူ-  ဟာဂျီ-၀င်းအောင်
    NMWA
    ကျနော်မွေးဖွါး ကြီးပြင်းနေထိုင်ခဲ့တဲ့ မြန်မာပြည်က မွတ်စလင်တွေရဲ့ အဖြစ်ကို စဉ်းစားလိုက်တိုင်း စိတ်မချမ်းသာ ဖြစ်ရတယ်။ နေ့စဉ်ကြားနေရ ဖတ်နေရ TV တွေထဲမြင်နေရရုံမက မနှစ်ကမြန်မာပြည်ကို အလည်ပြန်သွားတော့လည်း မျက်မြင်ကိုယ်တွေ့။ မြန်မာ့အသံမှာ အနှစ်(၂၀) VOA မှာ (၁၅)နှစ် ရေဒီယိုမော်စကိုမှာ (၃)နှစ် အသံလွှင့်ခဲ့ပြီး မြန်မာပြည်မှာ နိုင်ငံခြား သတင်းထောက်၊ ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် သတင်းထောက် လုပ်ခဲ့တော့ သတင်းနဲ့ ဘယ်လိုများ ကင်းလို့ ရနိုင်ပါ့မလဲ?
    ၂၁-၁၂- ၂၀၁၃ နေ့က ၀ါသနာတူ စိတ်တူသူများက တိုင်းရင်း မွတ်စလင် ကလောင်ရှင်အသင်း ( Native Muslim Writers’ Association)  ဖွဲ့စည်းလိုက်ကြောင်း သတင်းကတော့ တကယ်ဝမ်းသာ အားတက်ဖွယ်ရာမို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ ရစေ။ အထူးသဖြင့် ကလောင်ရှင်ဆိုတဲ့ နာမည်ရွေးပုံပါ။  ဥက္ကဌ ပသီဦးကျော်ဦးက Interview မှာ ရှင်းပြထားသလိုပါပဲ ကလောင်ဆိုတဲ့ စကားလုံးဟာ အနက်အဓိပ္ပါယ်လေးနက် ကျယ်ဝန်းပါတယ်။ တချိန်ကရှိခဲ့တဲ့ မြန်မာနိုင်ငံ စာရေးဆရာများ အသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံ သတင်းထောက်များ အသင်းတို့က အသင်းဝင်တွေ အားလုံး ကလောင်ရှင်များဖြစ်ကြပါတယ်။
    တေးဂီတမှာလည်း သီချင်း စာသားကို ကလောင်နဲ့ရေးရသလို အသံလွှင့်စာမူ၊ ရုပ်ရှင်ဇာတ်ညွှန်း၊ TV မှတ်တမ်းတို့ အားလုံး ကလောင်နဲ့ကင်းလို့လား? Media ခေါ်လူထု ဆက်သွယ်ရေး လုပ်ငန်းမှာခေတ်မီ နည်းပညာသစ်တွေ ဘယ်လောက် တည်ထွင်လာကြလာကြ ကလောင်ကတော့ ပါရစမြဲပါ။ ကျနော်ဒီဆောင်းပါးကို ကွန်ပျူတာမှာ keyboard နဲ့ရေးလို့ မေးစရာ ရှိလာပြီ၊ ကလောင်ကိုင်သလားလို့? စာစရေးတော့ငှက်တောင်မွေးနဲ့ရေးရာက မင်တံ၊ကျောက်တံ၊ ခဲတံ၊ ကလောင်တံ၊ဖောင်တိန်၊ဘောပင် ရယ်လို့ပြောင်းလဲလာသလို keyboard  သည်လည်း ကလောင် စာရင်းဝင်တယ်လို့ ကျနော်ပြောရဲပါတယ်။
    ရန်ကုန်တက္ကသိုလ်
              မြန်မာပြည်ခေတ်မီ တိုးတက်ရေးမှာ ရန်ကုန်တက္ကသိုလ်ဟာ အရေးပါတဲ့အခန်းက ပါဝင်ခဲ့တယ်။ ကလောင်ရှင် လေးတွေ မွေးဖွား လေ့ကျင်ဖို့နေရာကောင်းဖြစ်ပါတယ်။ ကမ္ဘာ့စာပေလောကနဲ့ ဆက်စပ်ပေးလို့လည်း အောင်မြင်တဲ့ သတင်းစာဆရာ၊ စာရေးဆရာ အများစုကိုကြည့်လိုက်ရင် ရန်ကုန် တက္ကသိုလ်မှာ နေဖူးသူများဆိုတာ တွေ့ရပါလိမ့်မယ်။ ပြင်ပမဂ္ဂဇင်းကြီးတွေမှာ ပါဝင်မရေးသားနိုင်သေးမီ စာပေ၀ါသနာရှင်တွေ ကလောင်သွေးဖို့ မဂ္ဂဇင်း စာစောင်တွေကနေပြီး ကလောင်သွေး အားယူခဲ့ကြရတယ်။
    တက္ကသိုလ် အာဏာပိုင်များရဲ့ ငွေကြေးအထောက်အပံ့နဲ့ ထုတ်ဝေတဲ့ ရန်ကုန်တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းကတော့ အကြီးမားဆုံးပါ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တ-က-သ ထုတ်ဝေတဲ့ အိုးဝေ မဂ္ဂဇင်း၊ ခွပ်ဒေါင်းရဲ့အသံပါ။ ရန်ကုန်တက္ကသိုလ်မှာ လာဆုံကြတဲ့ကျောင်းသူကျောင်းသားတွေ တူညီမှုပေါ် အခြေခံကာ အသင်းအဖွဲ့ကြတယ်။ ရှမ်းပြည် ကျောင်းသူကျောင်းသားများအသင်း၊ ပဲခူးခရိုင်ကျောင်းသူကျောင်းသားများ အသင်း၊ သမိုင်းကျောင်းသားများအသင်း တို့ထဲ ရန်ကုန်တက္ကသိုလ် မူစလင်ကျောင်းသူကျောင်းသားများအသင်း  Rangoon University Muslim Students’ Association  လည်းကနဦး ကတည်းကပါခဲ့တယ်။
    မူစလင်မဂ္ဂဇင်း
              အသင်းအဖွဲ့တွေထဲက နှစ်လည်မဂ္ဂဇင်းစာစောင်ထုတ်ကြတဲ့အခါ ဆောင်းပါး၊ ၀တ္ထု၊ကဗျာ စတဲ့ရသစာပေများနဲ့ အတူသက်ဆိုင်ရာ အသင်းရဲ့လုပ်ငန်းဆောင်တာများကိုလည်း အထူးနေရာပေးဖော်ပြကြတယ်။ မဂ္ဂဇင်းထုတ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်မို့ပါ။ အဲဒါကြောင့်လည်း မဂ္ဂဇင်းနာမည်ပေးတဲ့အခါ မိမိတို့အသင်းမှန်းသိအောင် ပေါ်လွင်စေရတယ်။ အဲဒါကြောင့်လည်း ရန်ကုန်တက္ကသိုလ် မူစလင်ကျောင်းသူကျောင်းသားများ အသင်း  Rangoon University Muslim Students’ Association  ကထုတ်ဝေတဲ့ နှစ်လည်စာစောင်ကို မူစလင် မဂ္ဂဇင်းလို့ ခေါ်တွင်စေတာဖြစ်ပေလိမ့်မယ်။
    မူစလင်ကျောင်းသူကျောင်းသားများက အသင်းဖွဲ့ကြတယ်၊ အဲဒီအသင်းက စာစောင်ထုတ်တယ်၊ ဘယ်သူတွေ ထုတ်တာလဲ? ဘယ်သူတွေလုပ်တာလဲ? မူစလင်တွေထုတ်တာ၊ မူစလင်တွေလုပ်တာ၊ အဲဒါကိုပေါ်လွင်စေဖို့ အဓိကပါ။  အဲဒါကြောင့် မူစလင်မဂ္ဂဇင်းလို့ နာမည်ပေးတာပါ။ မူစလင်ဆိုတဲ့ အမှတ်အသား၊ သင်္ကေတ၊ Identity မမေ့ဖို့ အင်မတန်မှ အရေးကြီးတယ်လို့ ကျနော်ပြောပါရစေ။
    ဓါတ်ပုံ- ရန်ကုန်တက္ကသလို မွတ်စလင်မဂ္ဂဇင်း စာအုပ်မှ
    ဓါတ်ပုံ- ရန်ကုန်တက္ကသလို မွတ်စလင်မဂ္ဂဇင်း စာအုပ်မှ
    စာဖတ်သူနဲ့စာရေးသူ
              စာရေးသူတယောက်ရဲ့ ရေးသားချက်ထဲမှာ ပါဝင်တဲ့ အမြင်သဘောထားကို စာဖတ်သူတို့ စဉ်းစားသုံးသပ်တဲ့အခါ စာရေးသူ ဘယ်သူဘယ်ဝါဆိုတာ သိထားရင် ပိုကောင်းပါလိမ့်မယ်။ အမြင်ချင်းတူတာ မတူတာ အပထား။ လက်ခံချင်တာ လက်မခံနိုင်တာက စာဖတ်သူရဲ့ကိုယ်ပိုင် လွတ်လပ်ခွင့်ပါ။ ကျနော်ဟာ အနှစ်(၅၀) ကျော် ကလောင်ကိုင်လာတဲ့ အသက် (၇၈)နှစ်ပြည့်သူ၊ နေရာဒေသ နိုင်ငံများ ကိုရောက် ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ရလို့  ဆုံခဲ့ရတဲ့အတွေ့အကြုံတွေကို တိုင်းရင်းမွတ်စလင် ကလောင်ရှင်အသင်း ( Native Muslim Writers’ Association)  က အလိုရှိပါလျှင် ဝေငှလိုတဲ့စိတ် ရင်ထဲမှာ ပေါ်လာတဲ့အတွက်ကြောင့် ဒီဆောင်းပါးကိုရေးတာပါ။
    လူတယောက် ကလောင်ကိုင်လို့ ကလောင်ရှင်အဖြစ်ခံယူလိုက်ကတည်းက တာဝန်ကြီးလာပြီ၊ ဆောင်ရန်တို့ ရှောင်ရန်တို့ ရှိလာပါပြီ။ အဲဒီထဲမှာ ကလောင် ကျင့်ဝတ်ဆိုတာ အင်မတန်အရေးကြီးလို့ မပျက်မကွက်စောင့်ထိန်းရတယ်။ The Ethics of Professional Writers ဆိုတာပါ။ အဒီထဲက တချက်ကတော့ အရင်က ရှိခဲ့တဲ့ရေးသားချက်ကို ကိုးကားတဲ့ အခါမှာ မူလအတိုင်း မပြင်မဆင်ပဲ ရေးရမယ်လို့ အတိအလင်း ဆိုထားပါတယ်။ အဲဒါကြောင့် ထိုခေတ်ထိုအခါက သုံးစွဲခဲ့တဲ့ မူစလင်လို့ရေးရခြင်းဖြစ်ပါတယ်။ ဒီကနေ့ မွတ်စလင်လို့ရေးနေကြလို့ ကျနော်လည်း မွတ်စလင်လို့လိုက်ပြီးရေးနေပါပြီ။ တိုင်းရင်းမွတ်စလင် ကလောင်ရှင် အသင်းကလည်း မွတ်စလင်လို့ သုံးတဲ့အတွက် ကြိုဆိုပါတယ်။ ခိုင်ခိုင်မာမာ ဆုပ်ကိုင် ထားပါလို့ တိုက်တွန်းပါရစေ။ ကျနော်ကတော့ သေခါနီးပြီမို့ ငြင်းဖို့ခုံဖို့ ခွန်အားမရှိတော့ပါ၊ သန်စွမ်းနေကြသေးသူများ အနေနဲ့လည်း ယနေ့မွတ်စလင်တွေရဲ့ အခြေအနေကို သတိရကာ မွတ်စလင်ဆိုတဲ့ စကားလုံးကို သဘောတူ လက်ခံကြ စေလိုပါတယ်။
    မူစလင်မဂ္ဂဇင်းကမွေးပေးလိုက်သူပါ
              ၁၉၅၃ ခုနှစ်မှာ ကျနော် ရန်ကုန်တက္ကသိုလ်ကိုရောက်ပါတယ်။ နောက်နှစ်ကျတော့ ကိုလှမောင် ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ ရန်ကုန်တက္ကသိုလ် မူစလင်ကျောင်းသူကျောင်းသားများအသင်း  Rangoon University Muslim Students’ Association  အမှုဆောင်အဖွဲ့မှာ လက်ထောက် စာကြည့်တိုက်မှူးအဖြစ် ရွေးကာက်ခံရလို့ စာပေ၀ါသနာ ကြီးထွားရင့်သန်ဖို့ အခွင့်အလမ်းသာစေခဲ့တယ်။ မဂ္ဂဇင်းတာဝန်ခံ ကိုလှတင်(ကလောင်ရှင် ကေတု ၀င်းတင့်) နဲ့လည်း အသိဖြစ်လိုက်တယ်။
    ၁၉၅၅-၅၆ ခုနှစ် အမှုဆောင်အဖွဲ့မှာ ကျနော်တွဲဘက်အတွင်းရေးမှူး ဖြစ်လာပြီး၊ မဂ္ဂဇင်းတာဝန်ခံ ဆက်ဖြစ်တဲ့ ကိုလှတင် တက်နေတဲ့ အင်ဂျင်နီယာ မဟာဌာန Faculty Engineering  ကိုလည်း ရောက်သွားတော့ ပိုမို ရင်းနှီးလာကာ စာပေ ပိုးဝင်လာတယ်။ မူစလင် မဟုတ်တဲ့ တခြားစာပေ ၀ါသနာရှင်များနဲ့လည်း တွဲမိကြတယ်။ တဘက်သပ် ချစ်နေသူအား စောင်းရေးထားသည့် “ သိင်္ဂီရယ်မေ့ပါနိုင်” ၀တ္ထု  ကျနော်တို့ မူစလင် မဂ္ဂဇင်းမှာပါလာတယ်။ ၀င်းအောင် မပေးရဲတဲ့ ရည်းစားစာကို ကိုလှတင်က ထည့်ပေးတာလို့  ကျနော်တို့ကြား ရင်းနှီးစွာ ပြောစမတ်ဖြစ်ခဲ့ရတဲ့ “ သိင်္ဂီရယ်မေ့ပါနိုင်” ဟာ  ၁၉၆၆ ခုနှစ် ရှုမ၀တိုက်ထုတ် ပင်ကိုယ်ရေး ၀တ္ထုတိုများစာအုပ်ထဲမှာလည်းပါ၊ မြန်မာ့အသံကလည်း ဇာတ်လမ်းအဖြစ် အသံလွှင့်ခဲ့တာမို့ ကိုလှတင် ဘက်လိုက်ခြင်းကင်းပါတယ်။ မူစလင်မဂ္ဂဇင်းက မွေးဖွားလိုက်တဲ့ ကလောင်ကို ၁၉၆၆ ခုနှစ် ကစပြီး ကျနော်ကိုင်လာခဲ့တာ ခုဆောင်းပါးရေးချိန်အထိပါ။
    ဆရာဇော်ဂျီနဲ့တွေ့
              ရန်ကုန်တက္ကသိုလ် နယ်မြေထုတ် စာစောင်တွေမှာ ကျနော့ ၀တ္ထုလေးတွေပါလာတော့ ဆရာဇော်ဂျီက “ မင်းရေးပုံ လူပြောသူပြောများလို့ ဖတ်ကြည့်ချင်တယ်၊ လာပြစမ်း” လို့ဆိုတယ်။ ရန်ကုန် တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းထဲက “ တ၀က် တပျက်”  ထဲက အမှားတွေကို ခဲတံနဲ့ပြင်ပေးရင်း “ မင်းနဲ့ စကားပြောတဲ့ အခါ စာတော်တော် ဖတ်တယ်ဆိုတာ သိသာတယ်၊ မြန်မာစာ အရေးအသားနဲ့ ပတ်သက်တဲ့ စာအုပ်ဘယ်နှစ်အုပ် ဖတ်ဖူးသလဲ? “ လို့မေးတော့ ခေါင်းခါရတယ်။ မြန်မာလိုရေး မြန်မာလိုပြောတဲ့ အခါ မှန်ကန်ဖို့ အရေးကြီးကြောင်း စိတ်ရှည်လက်ရှည်ရှင်းပြ ဖတ်သင့်တဲ့ စာအုပ်တွေညွှန်ပြလိုက်တယ်။
    အပြင်မဂ္ဂဇင်းတွေမှာ ဘာဖြစ်လို့ မရေးသလဲလို့ မေးတဲ့အခါ၊ မှားမှာကြောက်လို့ပါဆိုတော့ ဆရာဇော်ဂျီက “ခဲတံနဲ့ ရေးလို့မှားရင် ခဲဖျက်နဲ့ပြင်၊ မင်တံနဲ့ရေးလို့မှားရင် မင်ဖျက်နဲ့ပြင်၊ ပုံနှိပ်လို့မှားရင် ပုံနှိပ်ပြီး၊ ကုန်ုကုန်ပြောမယ်ကွာ ကျောက်စာနဲ့ မှားသွားရင်တောင် ကျောက်စာထွင်းပြီးပြင်လို့ ရတယ်ကွ။ အေး စရေးကတည်းက အမှားမပါရင်တော့ ဘာနဲ့ရေးရေး ပြင်ဖို့ မလိုတော့ဘူးကွာ။ အဲဒီတော့ အမှားမပါအောင်ရေး၊ မင်းစာရေးဆရာဖြစ်နေပြီ အပြင် မဂ္ဂဇင်းတွေကို ၀င်တော့” လို့ဆိုကာ သွန်သင် အားပေးလိုက်တဲ့ ကျေးဇူးကို ဘယ်တော့မှမမေ့နိုင်ပါ။
    မူစလင် မဂ္ဂဇင်းကမွေးပေးလိုက်တဲ့ ကလောင်ဟာ ဆရာဇော်ဂျီက ပဲ့ကိုင်ပေးလို့ မြန်မာစာပေစင်မြင့်မှာ နေရာရခဲ့ မျက်နှာပွင့်ခဲ့ပါတယ်။ ကျနော့စာပေ ဘ၀ထက် မြန်မာစာ အရေးအသားမှာ အမှားကင်းစင်ကြောင်း အသိအမှတ်ပြုခံရတာကို တိုင်းရင်းမွတ်စလင် ကလောင်ရှင် အသင်းဝင်များ အတုယူကြဖို့ ရေးသားရခြင်းမျှသာဖြစ်ပါတယ်။
    တက္ကသိုလ်ကလောင်အသင်း
              ရန်ကုန်တက္ကသိုလ် ကလောင်အသင်းဖွဲ့စည်းကြသောအခါ ကျနော်မပါနိုင်တော့ပါ။ မြန်မာ့အသံကိုရောက်နေပြီ။  ကမာရွတ် အာတီးယားလမ်း ဘော်ဒါဆောင်တွင်နေလို့၊ အဘဦးသန်းမြင့် စာရေးဆရာသန်းဆွေ၊ စာရေးဆရာမင်းရှင်တို့နဲ့ တ-က-သ စားသောက်ဆိုင်သို့ မကြာခဏရောက်လို့၊ ကလောင်အသင်း အမှုဆောင်တွေကလည်း ရင်းနှီးသူများဖြစ်ကြလို့ အဆက်အသွယ် မပြတ်ပါ။စာပေအကြောင်းပြောကြဆိုကြ၊ အတွေ့အကြုံချင်းဖလှယ်ကြနဲ့ အတော်ပျော်စရာကောင်းတယ်။ကလော င်တချောင်းချင်း ရုန်းကန်နေရခြင်းထက် အသင်းရယ်လို့ဖြစ်လာတော့ ဘယ်လောက် အကျိုးကျေးဇူး ကြီးမားသလဲ ဆိုတာ ဘေးလူကျနော်တောင် အထင်အရှားမြင်မိတယ်။
    အဲဒိအချိန်က ပြင်ပ မဂ္ဂဇင်းတွေထဲမှာ ရှုမ၀က အင်မတန် အရှိန်အ၀ါကြီးမားတယ်။ တော်တော်နဲ့ ၀င်တိုးလို့မရလို့ “ရှုမ၀မှာ တပုဒ်လောက် ပါရင် သေပျော်ပါပြီ” လို့တောင် စာရေးဆရာတွေပြောကြတယ်။ အယ်ဒီတာချုပ်က ဦးကျော်၊ တွဲဘက်က ဆရာ တင့်တယ်ပါ။ ကေတု-၀င်းတင့်ရဲ့ “ မက်ထရစ် သခင်မလေး” ၀တ္ထု ရှုမ၀မ၈္ဂဇင်းထဲမှာ ပါလာတော့  ရန်ကုန်တက္ကသိုလ်နယ်မြေမှာ အတော်လေး ဂယက်ရိုက်သွားတယ်။ ချက်ချင်း မျက်နှာပွင့်သွားတယ်။ ကျနော်တို့လည်း ၀မ်းသာလိုက်တာ။ ကျနော့မိခင် မူစလင်မဂ္ဂဇင်း တာဝန်ခံအဖြစ် မွေးထုတ်ပေးလိုက်သူ ကျေးဇူးရှင် ကိုလှတင်လည်း ရန်ကုန်တက္ကသိုလ် ကလောင်အသင်းမှာ ဥက္ကဌဖြစ်လိုက်ချိန်၊ မူစလင်မဂ္ဂဇင်းကတော့ ခေတ်ကြေးမြင်ဖြစ်သွားပြီ။
    ကလောင်အသင်း စာတမ်းဖတ်ပွဲ
              ဘယ်နှစ်မှာလည်းတော့ မမှတ်မိ၊ ရန်ကုန်တက္ကသိုလ် ကလောင်အသင်းမှာ စာတမ်းဖတ်ပွဲပြုလုပ်လို့ ကျနော်လည်း သွားနားထောင်တယ်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာမောင်ထင်၊ ဦးတင်အေး(ရှမ်းပြည်) စသဖြင့် တနေ့တဦးဖတ် အသင်းဝင်တွေက ပြန်မေးကြဆွေးနွေးကြနဲ့ အကျိုးရှိတဲ့ လုပ်ရပ်မို့ တိုင်းရင်းမွတ်စလင် ကလောင်ရှင်အသင်း အတုယူနိုင်ဖို့ သတိတရရေးလိုက်ရတာပါ။ ပွင့်လင်းလွတ်လပ်တဲ့ ပွဲမျိုးမို့မေးရဲပြောရဲကြတယ်။
    ဆရာမင်းသုဝဏ်ရဲ့ “ မြန်မာစာသည်လို မရေးသင့် “ဆိုတဲ့စာတမ်းမှာ ပေးတဲ့ဥပမာနှစ်ခုကို ဘယ်သူမှမေ့လို့မရလို့ ပြောရဲပါတယ်။ “ဆေးလိပ်သောက်ခြင်း သည်းခံပါ၊ ဆိုတာဟာ ဆေးလိပ်သောက်နေတာကို သွားမတားနဲ့၊ သည်းခံနေပြီး လွှတ်ထားပါလို့ အဓိပ္ပါယ်ရောက်တယ်။ ဆေးလိပ်မသောက်ရလို့ ရှင်းရှင်းရေးလိုက်ပေါ့”
    “ စစ်တပ်က လက်နက်နဲ့ အာဏာသိမ်းခြင်းကို ကာကွယ်ကြ ဆိုတဲ့ပိုစတာတွေလေ။ အဓိပ္ပါယ်က စစ်တပ်က လက်နက်နဲ့အာဏာသိမ်းခြင်းကို ဆန့်ကျင်သူတွေ အနားမကပ်နိုင်အောင် အကာအကွယ်ပေးကြလို့ဆိုတာ။ ရေးရမှာက စစ်တပ်က လက်နက်နဲ့ အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြ၊ ကန့်ကွက်ကြ စသဖြင့်ပေါ့”
    ပွဲအပြီး ဆရာနဲ့ ခင်မင်သွားလိုက်တာ ကျနော်စာရေးသားရာမှာ၊ အသံလွှင့်ရာမှာ အမှားပါရင်ပြင်ပေးရုံမက ပိုမို ကောင်းမွန်အဆင်ပြေအောင် သင်ပေးတယ်။ ၁၉၉၂ ခု။ မေလမှာ ကျနော်မြန်မာပြည်က ထွက်ခွါခါနီး ဆရာမင်းသုဝဏ်ကို သွားနှုတ်ဆက်တော့ ပြန်မတွေ့ကြတော့ဘူးဆိုတာ သိထားပုံရလို့ မျက်ရည်ဝဲ၀ဲနဲ့ ထောက်ခံစာတောင်ရေးပေးလိုက်တယ်။
    ဓမ္မဗိမာန်မှဟောပြောပွဲ
              ဟံသာဝတီဗလီမှာ ၀တ်ပြုကြအပြီး ပုံမှန်လိုစကားလက်ဆုံကျရင်း မြန်မာစာကထိက ဦးတင်မောင်ဌေး၊ ဓမ္မဗိမာန် ဦးအေးလွင်တို့နဲ့ ရင်းနှီးခွင့်ရလိုက်တယ်။ နိုင်ငံခြားမှာ အလုပ်လုပ်လိုပါက အစိုးရရာထူးက နှုတ်ထွက်ရမယ်ဆိုလို့ ကျနော် မြန်မာ့အသံ အပြင်ဘက်ရောက်၊ စာပိုရေးဖြစ်၊ ကုလသမဂ္ဂ ပြန်ကြားရေးဌာန (UNIC) UNICEF, USIS  တို့မှာ ဘာသာပြန်၊ နိုင်ငံခြား သတင်းထောက်လည်း ခဏဖြစ်လိုက်သေးစသဖြင့် လူလေးယောက်ပါတဲ့ မိသားစု ထမင်းနပ်မှန်ရေး ရုန်းကန်နေရ၊ အဲဒီကာလ အဲဒီအခြေအနေမှာ ဦးအေးလွင်က ဓမ္မဗိမာန်မှာဟောပြောခိုင်းတယ်။ သဘာပတိ မိတ်ဆက်စ ကားပြောရာမှာ အပြည်ပြည်ဆိုင်ရာ ကလေးများနှစ်အတွက် တာဝန်ပေးခံရလို့ ကျနော်ရေးတဲ့ “ ကလေးချစ်သူများသို့” (၁၉၈၂၊ စာပေ ဗိမာန်ထုတ်) ကို အဓိကထားကာ ပြောကြားသွားတယ်။
    ရှုမ၀မှာသာမက မြ၀တီ၊ငွေတာရီ၊ ပေဖူးလွှာစတဲ့မဂ္ဂဇင်းတွေမှာ ၀တ္ထုတို ၀တ္ထုရှည်တွေ ရေးနေသူဆိုတာ ကျနော့ ကလောင်နာမည်ကြားတာနဲ့ သိသူတွေက သိထားကြပါတယ်။ ကြုံလို့ရေးရရင် ၁၉၇၀ ခု၊ နိုင်ငံတကာစာအုပ်နှစ် စာပေ နှီးနှောဖလှယ်ပွဲမှာ” စစ်ပြီးခေတ် မြန်မာဝတ္ထုတိုများ” စာတမ်း ပြုစုဖတ်ကြားဖို့ ကျနော် အရွေးခံရပြီး၊ ” စစ်ကြိုခေတ် မြန်မာ ၀တ္ထုတိုများ” စာတမ်း ပြုစုဖတ်ကြားသူက ဆရာသုခပါ။
              ဓမ္မဗိမာန်မှ ဟောပြောပွဲအပြီး ဆရာ ၀ါးခယ်မမောင်မင်းနိုင်နဲ့ ခင်မင်ရင်းနှီးသွားရာ၊ မွတ်စလင်ကလောင်ရှင်များ စုစည်းရေးကို သူစိတ်အား ထက်သန်ပုံတွေ့ရတယ်။ သူ့ကြိုးပမ်းမှုမှ  ကျနော် ပါဝင်စေချင်ကြောင်းလည်း တိုက်တွန်းတယ်။ ကျနော်ရေးတဲ့စာတွေဟာ အစ္စလာမ်ဘာသာနဲ့ဝေးလို့ မွတ်စလင်တို့ရဲ့ လူမှုဘ၀ကိုတောင် ထင်ဟပ်စေတာ မဟုတ်တာဖြစ်လို့ မပါခဲ့ဘူး။ ကျနော် မွတ်စလင်ဆိုတာ စာပေလောကမှာ အားလုံးလိုလို သိကြပါတယ်။ ဒီကိစ္စ အရေးကြီးလာမယ်လို့လည်း သူ့လိုကြို မမြင်ခဲ့တာကြောင့် ခပ်ပေါ့ပေါ့သဘောထားခဲ့မိတယ်။
    သူ့ကိုတော့ ခင်မင်လေးစားလျက်မို့ ဓမ္မဗိမာန်မှ ဟောပြောပွဲသို့ မွတ်စလင် ကလောင်ရှင် တဦးပို့ပေးဖြစ်ခဲ့ပါတယ်။ ဆရာမြသန်းတင့်၊ ဆရာအောင်းသင်းတို့နဲ့ အတူ သူ့အိမ်မှာမကြာခဏ စကားဝိုင်းဖွဲ့လေ့ရှိသူ စာရေးဆရာမောင်သော်ကပါ။ မြန်မာပြည်မှာ ကဗျာရွတ်ခြင်းကို ကနဦး စနစ်တကျ မိတ်ဆက်ပေးသူဖြစ်ပြီး အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေလိုက်တဲ့ မောင်သော်ကရဲ့ “ နှစ်သစ်ကူး ချစ်ဦးလက်ဆောင် အသံလှိုင်းကဗျာများ “ စအုပ်ကလည်းရေပန်းစားနေချိန်၊ ပါရှန်းစာဆို အိုမာခရမ်းရဲ့ ကဗျာများအကြောင်း ဟောပြောရွတ်ပြတဲ့ပွဲဟာ ယဉ်းကျေးမှုထိန်းသိမ်းတဲ့ နိုင်ငံတွေမှာဆိုရင် နှစ်ရာနဲ့ချီကာ မှတ်တမ်းတင် ကျန်ရစ်နေမှာပါ။
    မူစလင်မဂ္ဂဇင်းကမွေးပေးလိုက်တဲ့ ကလောင်ရှင် တက္ကသိုလ်နန္ဒမိတ်လည်း ဓမ္မဗိမာန်မှာဟောပြောသေးတယ်လို့ သတင်းကြားသော်လည်း ကျနော် အတိအကျမသိပါ။ လွန်ခဲ့တဲ့ သုံးလေးလလောက်က အမေရိကန်ကို ရောက်လာတဲ့ ဦးအေးလွင်မှ တဆင့် ဆရာ ၀ါးခယ်မမောင်မင်းနိုင်အား သတိရကြောင်းမှာလိုက်တာ ပြောဖြစ်မပြောဖြစ် ကျနော်မသိနိုင်ပါ။ အခုလို တိုင်းရင်းမွတ်စလင် ကလောင်ရှင်အသင်း ( Native Muslim Writers’ Association)  ဖွဲ့စည်းလိုက်ပြီမို့ သူသိပ်ကို ကျေနပ်ဝမ်းသာနေမှာကိုတော့ ကျနော် အသေအချာသိပါတယ်။
    M-media သို့ကျေးဇူး
              ကျနော့အကြောင်း များစွာပါနေတယ်လို့ ထင်ရင်တောင်းပန်ပါတယ်။ မွတ်စလင်ကလောင်ရှင်တွေ အတုယူနိုင် အားကျနိုင်ဖို့ ရည်ရွယ်တာပါ။ အခွင့်အလမ်းဆိုတာ ရရင် ယူတတ်ရမယ်၊ မရရင်ရအောင် အခွင့်အလမ်းကို ဖန်တီးယူရမယ်၊ အနည်းဆုံးစိတ်တော့ ၀င်စားကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
    ဆောင်းပါး အဆုံးသပ်တော့မှာမို့ ဘယ်မှာထည့်မလဲလို့ စဉ်းစားတဲ့အခါ M-media အသင့်တော်ဆုံးလို့ထင်တယ်။ မွတ်စလင်ကလောင်ရှင်တွေ ဘယ်လောက် များများဖတ်ကြသလဲဆိုတာတော့ ကျနော်မသိနိုင်။ တယောက်ဖတ်မိရာကနေ တဆင့်စကား တဆင့်ကြားကာ ဆွေးနွေးစရာဖြစ်လာပြီး အလားတူရေးလာကြဖွယ်ရှိတာမို့ ဆောင်းပါးရေး ရကျိုးနပ်ပါ့မယ်။ M-media သို့လည်းကျေးဇူးစကားဆိုပါရစေ။
    ဟာဂျီဝင်းအောင်
    email:    [email protected]
    Alexandria, VA 22309
    February 3, 2014