News @ M-Media

Tag: HtetMyat

  • ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ မဲရုံကိုခြေလှမ်းကြစို့

    ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ မဲရုံကိုခြေလှမ်းကြစို့

    နိုဝင်ဘာ ၃ ၊ ၂၀၁၅
    M-Media
    ထက်မြက်ရေးသည်။

    myanmar-election-826x448
    Photo-Reuters

    မကြာမီကျရောက်တော့မည့် ရက်ပိုင်းအနည်းငယ်သာ လိုတော့တဲ့ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် သမိုင်းဝင် အထွေထွေရွေးကောက်ပွဲကြီးဟာ ရောက်ရှိလို့ လာပါတော့မယ်။ နိုင်ငံတကာမီဒီယာတွေနဲ့ ကမ္ဘာကစောင့်ကြည့်နေတဲ့ ဒီရွေးကောက်ပွဲဟာ စိတ်ဝင်စားစရာ အလွန်ကောင်းတဲ့ ရွေးကောက်ပွဲလို့ ပြောရရင်လည်း မှားမည်မဟုတ်ပါ။

    တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေတဲ့ ရွေးကောက်ပွဲကြီးကို မြန်မာနိုင်ငံကလူတွေက စိတ်မဝင်စားဘူးဆိုရင်တော့ အလွန်ကို ရီစရာကောင်းတဲ့ ဟာသတစ်ခုများ ဖြစ်နေမလားဆိုတာ မေးခွန်းထုတ်စရာပါ။ စစ်အစိုးရအောက်မှာ နှစ်ပေါင်းများစွာနေထိုင် ခဲ့ရတဲ့ ပြည်သူအများစုဟာ နိုင်ငံရေးဆိုတာနဲ့ တစ်ပြိုင်နက် ငါတို့နဲ့မဆိုင်ဘူး။ နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေနဲ့ အစိုးရပဲဆိုင်တယ်လို့ မြန်မာနိုင်ငံက အောက်ခြေပြည်သူအများစုရဲ့ စိတ်ထဲမှာ သံမှိုလိုစွဲနေကြတာပါ။

    ပွင့်လင်းမြင်သာမှုရှိလာတဲ့ ယနေ့ခေတ်မှာတောင်မှ ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး။ မြို့နေ လူတန်းစားလောက်သာ ရွေးကောက်ပွဲကို စိတ်ဝင်စားကြပေမယ့် ကျေးလက်နေပြည်သူတွေ၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေကတော့ သူတို့စားဝတ်နေရေးထက် ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်ကြပါ။ လူသူအရောက် အပေါက်နည်းသောနေရာများဆိုလျှင်ပင် ရွေးကောက်ပွဲကို စိတ်ဝင်စားနေကြမှာ မဟုတ်ဆိုတာ သေချာပါတယ်။

    ဒီထဲကမှ ဘယ်သူသမ္မတဖြစ်ဖြစ် ငါတို့ထမင်းငါတို့ ရှာစားရမှာပဲဆိုတဲ့ သူတွေကလည်း တစ်ပုံတစ်ပင်။ ကိုယ့်ထမင်းကိုယ်ရှာစားရတာ ဖြစ်ပေမယ့်လည်း တရားမျှတတဲ့ အုပ်ချုပ်မှု၊ စစ်မှန်တဲ့ ဒီမိုကရေစီတိုင်းပြည်ဆိုရင် ပိုမကောင်းဘူးလားဆိုတာ ကိုယ့်လူတို့ကို မေးချင်လိုက်တာ။ အတွေးဟောင်းတွေကို ထားခဲ့ပြီး ပြောင်းလဲချိန်တန်ပြီဆိုတာကို လူတိုင်း သိသင့်ဖို့ကောင်းနေပြီလို့ ထင်မြင်မိပါတယ်။ အဟောင်းတွေနဲ့ပဲ နေနေမယ်ဆိုရင်တော့ ရှေးယခင်ကလို မြန်မာက ကမ္ဘာမှာ ခေါင်းထောင်နိုင်မှာ မဟုတ်သေးပါဘူး။ စစ်မှန်တဲ့အပြောင်းအလဲလုပ်ဖို့ လိုအပ်နေတာ အသေအချာပါ။

    ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ဆိုရင် တစ်နာရီထက်ပိုကြာမယ်လို့ မထင်ပါဘူး။ မိမိနေထိုင်သည့်ရပ်ကွက်နှင့် မဲရုံဟာ အနီးဆုံးမှာသာ ရှိနေနိုင်ပါတယ်။ မဲရုံကိုသွားမဲပေးပြီး အိမ်ပြန်အလာထိ အလွန်ဆုံးကြာ တစ်နာရီပါ။ ဒီတစ်နာရီလေးကို ပေးဆပ်လိုက်ခြင်းအားဖြင့် တိုင်းပြည်ရဲ့အနာဂတ် အများကြီးပြောင်းလဲသွားနိုင်ပါတယ်။ နှစ်ပေါင်းများစွာကြာမှ ပထမဆုံးကျင်းပမယ့် သမိုင်းဝင်ရွေးကောက်ပွဲမှာ အချိန်တစ်နာရီလောက်တော့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပေးဆပ်သင့်တယ်လို့ မြင်မိပါတယ်။

    မဲပေးလို့မရတဲ့ဒေသတွေ၊ တိုင်းတစ်ပါးကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ၊ မဲပေးခွင့်မရတဲ့ ပြည်သူတွေ၊ ကျေးလက်တောရွာက အသိပညာ မကြွယ်ဝတဲ့ ပြည်သူတွေက မဲတွေကို ဆုံးရှုံးခဲ့ရပါပြီ။ မဲပေးဖို့အခွင့်အရေးရှိတဲ့ ပြည်သူတွေအနေနဲ့ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့၊ အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့်မရှိတဲ့ ပြည်သူတွေအတွက် ကိုယ့်ရဲ့မဲတစ်ပြားကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးခံလို့ မဖြစ်ဘူးဆိုတာကို ပြည်သူတွေသိကြဖို့ လိုအပ်ပါတယ်။

    မြန်မာနိုင်ငံကလူတွေဟာ အမှောင်လောကထဲမှာလည်း အကြာကြီးနေခဲ့ဖူးပြီးပါပြီ။ နိုင်ငံသားအခွင့်အရေးဆိုတာကိုလည်း အပြည့်အဝမခံစားခဲ့ရတာ နှစ်ရှည်လများပါ။ လူ့အခွင့်အရေးဆိုတောလည်း ဘာမှန်းမသိတာ နှစ်တွေမနည်းတော့ပါဘူး။ ပြည်သူတွေ ဆာလောင်တောင့်တငတ်မွတ်နေတာတွေက အများကြီးပါ။ ပြောလို့ကို မကုန်နိုင်ပါဘူး။

    မြန်မာ့အနာဂတ်သူရဲကောင်းလေးတွေဖြစ်တဲ့ ကလေးငယ်တွေရဲ့ အနာဂတ်သာယာလှပဖို့ကို ယခုလက်ရှိ (၁၈) နှစ်ပြည့်ပြီးသူများက ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ကိုယ်တွေခံခဲ့ရသလို၊ ဖြစ်ခဲ့ရသလို ကိုယ့်မျိုးဆက်ကို ခံစားစေမှာလားဆိုတာတော့ စဉ်းစားစရာပါ။ မျိုးဆက်တွေ အနာဂတ်လှဖို့အတွက်ဆိုရင်တော့ တိုင်းပြည်ကိုအကောင်းဆုံးပြောင်းလဲဖြစ်မှ ဖြစ်မှာပါ။ တစ်ချိန်မှာ တိုင်းပြည်ကိုဦးဆောင်မယ့် ကလေးတွေအတွက် မကောင်းတာတွေထားခဲ့လို့တော့ မရတာ အသေအချာပါ။

    အဲဒါတွေအကုန်လုံးကိုရဖို့ရဲ့ ပထမဆုံးခြေလှမ်းက မဲရုံဆီကိုသွားတာပါပဲ။ အမိနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပြီး စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ကြဖို့ကို မိမိကိုယ်တိုင် အုတ်တစ်ချက် သဲတစ်ပွင့်အနေနဲ့ ပါဝင်ရမှာဖြစ်ပါတယ်။ နှောင့်နှေး နောက်ကျကျန်ခဲ့လို့ကို မရပါဘူး။ မိမိရဲ့ မဲတစ်ပြားက တိုင်းပြည်ကို အကောင်းဆုံးဖြစ်သွားစေနိုင်ပါတယ်။

    ပြည်သူတွေ စစ်မှန်တဲ့လူနေမှုဘဝကိုရရှိနိုင်ဖို့အတွက် အပြောင်းအလဲတစ်ခုကိုတော့ လုပ်ပေးရမှာ အသေအချာပင်။ အဲ့ဒီအပြောင်းအလဲကို ဖော်ဆောင်ဖို့လိုအပ်နေပြီလားဆိုတော့ ၁၀၀ ရာခိုင်နှုန်းထက်ကို သေချာနေပါပြီ။

    ရွေးကောက်ပွဲကြီးနီးလာတဲ့နဲ့အမျှ ပါတီစုံကလည်း မဲဆွယ်စည်းရုံးမှုတွေကို လုပ်ဆောင်လျှက်ရှိနေကြပါတယ်။ မဲဆန္ဒရှင်ပြည်သူများအနေနှင့်လည်း ဒီမိုကရေစီကို အကောင်းဆုံးဖော်ဆောင်နိုင်မယ့် ပါတီကို မဲထည့်ခြင်းဖြင့် နိုင်ငံရဲ့အကူးအပြောင်းမှာ ပါဝင်လိုက်ကြရအောင်ပါ။

    မြန်မာ့မြေမှာမွေး မြန်မာ့မြေမှာဖွားတဲ့ ပြည်ထောင်စုတိုင်းရင်းသားအပေါင်း သွေးအေးလို့မနေဘဲ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ရွေးကောက်ပွဲကြီးမှာ ပါဝင်ပေးကြပါ။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်နိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်တဲ့ အသဲကြားက မဲတစ်ပြားကို ပေးကြဖို့အတွက် နိုင်ဝင်ဘာလ ၈ ရက်နေ့မှာ နံနက်(၆) နာရီကနေ ညနေ (၄) နာရီအတွင်း မိမိတို့သက်ဆိုင်ရာ မြို့နယ် နယ်မြေအလိုက် မဲရုံများဆီကို သွားရောက်မဲပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

    ထက်မြက်

  • ကလေးငယ်တွေ ကျောင်းနေပျော်ကြရဲ့လား

    ကလေးငယ်တွေ ကျောင်းနေပျော်ကြရဲ့လား

    ဇွန် ၃၀ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- ထက်မြတ်
    KhitPhoneThit
    ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကာလကို ရောက်ရှိလာသည်မှာ တစ်လထဲသို့ ရောက်ရှိလာခဲ့ပြီ။ ထို တစ်လ အတွင်း အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အစရှိသည့် ပညာများကို ဆည်းပူးနေသော ကလေးငယ်များ ကျောင်းနေပျော်ကြရဲ့လား။ မိဘများကရော ကလေးတွေကျောင်းနေပျော်အောင် ဘယ်လိုအရာတွေကို လုပ်ဆောင်ပေးနေကြသလဲ။ စဉ်းစားကြည့်ရအောင်။

    ယနေ့ခေတ် ကျောင်းသား/ ကျောင်းသူတစ်ဦးဆီကိုကြည့်လိုက်လျှင် မနက် အိပ်ယာနိုး ကျောင်းသွား၊ ကျောင်းမှာ တစ်နေ့ကို ၄၅မိနစ်ဆီ (၆) ကြိမ် (သို့မဟုတ်) (၇) ကြိမ် အတန်းချိန်ရှိသည်။ အတန်းချိန်အားလုံး စာသင်ကြားပြီးနောက် အိမ်သို့ပြန်ရောက်လာသည့် အခါတွင်လည်း ကျူရှင်ဆက်တက်၊ ကျူရှင်ကပြန်လာ Guide ဆရာ/ဆရာမနှင့် စာဆက်သင်၊ ပြီးတော့ ညအိပ်ချိန်ရောက်ရော။ ကလေးတစ်ယောက်ရဲ့  (၂၄) နာရီအချိန်က အိပ်ချိန်ကလွဲပြီး ကျန်သည့်အချိန်များက စာလုပ်ချိန်များနှင့် ကုန်ဆုံးနေသည်။

    ကျောင်းသား/ ကျောင်းသူမှန်လျှင် စာကျက်ရမည်၊ စာဖတ်ရမည်ဖြစ်သည်ကို မငြင်းပါ။ ဟုတ်ပါသည် ကျောင်းသားအရွယ်မှာတော့ စာကျက်မှတ်ရမှာပေါ့။ ဒါမှကြီးလာရင် ပညာတတ်မှာလေ။ သို့သော် တစ်နေ့လုံးကြီး ကလေးတွေက စာနဲ့ထိတွေ့နေဖို့မှ မလိုတာ။ နားချိန်၊ ဆော့ချိန် ဆိုတာတွေတော့ သီးသန့်ရှိရဦးမှပေါ့လေ။ ယနေ့ခေတ်ကျောင်းသား/ ကျောင်းသူများကို ပန်းခြံများတွင် ပိတ်ရက်များတွင်သာ ဆော့ကစားခြင်းကို တွေ့ရတတ်တော့သည်။

    မိုးလင်းကမိုးချုပ် စာတောထဲမှာ စိတ်ဖိစီးမှုအပြည့်နှင့် နေနေရသည်မှာ မလွဲပါ။ အစိုးရကျောင်းများမှာလည်း စာသင်ချိန်များတွင် ကာယချိန်၊ သက်မွေးချိန်၊ စာရိတ္တချိန်များ ပါဝင်သော်လည်း ယင်းအချိန်များတွင်လည်း သက်ဆိုင်ရာ ဆရာ/ဆရာမများက ဘာသာရပ်ပညာများကိုသာ သင်ကြားနေကြသည်။ ကျောင်းတွင်လည်း ကလေးတွေမှာ အနားယူချိန်မရ၊ မဆော့ရ။ အိမ်ရောက်တော့လည်း ကျူရှင်နဲ့ Guide က ဆက်နေတော့ ဆော့ချိန်၊ ကစားချိန်၊ တီဗီကြည့်ချိန်များက အဘယ်မှာနည်း။ ဒီလိုစာတွေပဲ အချိန်တိုင်း ဆက်တိုက် သင်နေရတဲ့ ကလေးတွေကရော ကျောင်းစာတွေမှာ ပျော်ရွှင်စွာ သင်ကြားနိုင်ပါ့မလား မေးခွန်းထုတ်စရာပင်။

    အိမ်နားက ကလေးက ဗိုလ်တထောင်ကျောင်း တစ်ကျောင်းမှာ Grade (9) ကို တက်ရောက်နေတယ်။ ဟိုနေ့ကသူနဲ့တွေ့လို့ သူကို့မေးကြည့်တယ်။ “သား ကျောင်းတက် ရတာပျော်လားလို့” ဆိုတော့ “အရမ်းတော့ မပျော်ပါဘူးဗျာ၊ သားတို့ကို ရှစ်တန်းက အစိုးရစစ် အရေးကြီးတယ်ဆိုပြီး ကျောင်းမှာ စာတွေပဲဆက်တိုက်သင်နေတာ၊ အရင်က ကာယချိန်ဆို သားတို့လေ့ကျင့်ခန်း လုပ်ရတာ၊ ဒီနှစ်တော့ ခုထိတစ်ချိန်မှ မလုပ်ရသေးဘူး၊ ကျောင်းကပြန်တော့လည်း ရေချိုးပြီး ကျူရှင်တန်းသွား၊ ကျူရှင်တွေကလည်း တစ်ခုနဲ့တစ်ခုဆက်နေတာ အိမ်ပြန်ရောက်တော့ အိပ်ရရော။ သား ညီမလေးနဲ့တောင် တစ်ပတ်တစ်ခါလောက်ပဲ ဆော့ရတာ” ဟုစိတ်ညစ်နေတဲ့ မျက်နှာဖြင့် ဖိုးသားလေးကပြောဆိုခဲ့သည်။

    ဖိုးသားလေးလိုကလေးတွေ မြန်မာနိုင်ငံမှာ ဘယ်လောက် များပြားနေပြီလဲ။ ကျောင်းတွေမှာလည်း ဆောင်ပုဒ်တွေတွေ့ရတတ်ပါတယ်။ “ကျောင်းနေပျော်၍ စာတော်ရမည်တဲ့”။ ဆောင်ပုဒ်ကတော့ အလွန်ကောင်းပါတယ်။ ဆောင်ပုဒ်အတိုင်း လက်တွေ့ကျင့်သုံးဖို့တော့ လိုအပ်နေပါပြီ။

    ကလေးငယ်တွေဆိုတာ ဦးနှောက်ကလည်း သိပ်မတွေး တတ်သေးဘူး။ နှလုံးသားတွေကလည်း နုနယ်သေးပါတယ်။ ဒီအရွယ်မှာ သူတို့ကို စိတ်ဒဏ်ရာတွေ ပေးလို့မရသေးပါဘူး။ စာတွေကိုတက်မြောက်စေချင်တဲ့ မိဘတွေရဲ့ဆန္ဒ၊ ထူးချွန်စေချင်တဲ့ ဆရာ/ဆရာမတွေရဲ့ စေတနာ များကို ကိုယ်ချင်းစာမိပါတယ်။ သို့သော် ကလေးတွေအတွက်ကို ကြည့်ပေးစေလိုသည်။ မိမိရင်သွေးက ကျောင်းမှာပျော်ရဲ့လား။ ဘာတွေလိုအပ်နေသလဲကို ကြည့်စေချင်သည်။

    တချို့ (၁၀) တန်းကျောင်းသားမိဘများဆိုရင်လည်း (၁၀) တန်းပဲ အရေးကြီးတယ်ဆိုပြီး စာတွေကိုပဲ နင်းကန် လုပ်ခိုင်းတာတွေ့ရတတ်တယ်။ (၁၀) တန်းမှာလည်း ကိုယ်ပိုင် အချိန်ရှိရပါ့မယ်။ ကျောင်းစာများ ကျက်မှတ်ပြီးတစ်ခဏတွင် အနားယူ၊ အပန်းဖြေ အစရှိသည့် အလုပ်များကိုပေါ့ပါးစွာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ သို့မှသာ စိတ်အပြောင်းအလဲဖြစ်ပြီး တစ်ဖန်ပြန်လည်လန်းဆန်းစွာ စာကိုပြန်လည် ကျက်မှတ်နိုင်မှာဖြစ်ပါတယ်။ စာမေးပွဲနီးရင် တစ်အိမ်လုံး တီဗီမကြည့်ရဘူး။ ဖုန်းတွေသိမ်း အစရှိသည့်လုပ်ရပ်များသည် လွန်စွာမှားယွင်းနေသည်။ အပန်းဖြေချိန်၊ အနားယူချိန်ဆိုတာ အမြဲတမ်းရှိရမည်ဖြစ်သည်။

    တချို့အနည်းငယ်မိဘများကိုတော့ တွေ့ရတတ်ပါသည်။ ကလေးတွေကို စနစ်တကျ ကိုင်တွယ်ထိန်းကြောင်းနေတာကို တွေ့ရတယ်။ ကလေးတွေကို စာသင်ချိန်ဆိုသင်၊ ဆော့ချိန်ဆိုဆော့ မရရတဲ့အချိန်ထဲက သေချာကိုဖယ်ထုတ်ပြီး ကလေးတွေအတွက် အနားယူချိန်ကို သီးသန့်ထားပေးတာမျိုးလည်း ရှိပါတယ်။

    သူတို့စိတ်ကလေးတွေလည်း အပြောင်းအလဲဖြစ်အောင်၊ လန်းဆန်းမှု၊ တက်ကြွမှုများလည်းရရှိအောင် ခန္ဓာကိုယ်အနားပေးမှုများ၊ စိတ်အပန်းဖြေစေမည့် အရာများကို လုပ်ဆောင်ပေးသင့်ပါသည်။ စိတ်အပြောင်းအလဲလေး အနည်းငယ်ဖြစ်သွားသည့်အခါတွင် စာကိုယခင်ကထက်ပိုမိုပြီး လေ့လာ ကျက်မှတ်နိုင်သည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ စာထဲမှာပဲ တစ်နေ့လုံး မနစ်မွန်းနေအောင် အထူးဂရုစိုက်သင့်ပါသည်။ လိုအပ်တာထက်ပိုပြီး ကျူရှင်တွေထားမှုကိုလည်း လျော့ရပါက လျော့သင့်ပါသည်။ ကလေးတွေအတွက် ကိုယ်ပိုင်အချိန်တွေလည်း ထွက်လာတာပေါ့။ သူတို့ကိုယ်ပိုင် အချိန်တွေကိုတော့ လွတ်လပ်ခွင့်များကို ပေးသင့်ပါတယ်။ ဒါမှသူတို့လည်း ပျော်ပြီး ကျောင်းမှာပျော်ပျော်ရွှင်ရွှင် စာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။

    ကျောင်းနေပျော်သည့်ကလေးများဖြစ်မှသာ ဆောင်ပုဒ်နှင့်အညီ ကျောင်းနေပျော်ပြီးစာတော်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ရင်သွေးငယ်များ ပညာများတိုးပွားလာစေရန် ကျောင်းနေပျော်အောင် အရင်ဆုံးလုပ်ဆောင်ရမည်ဖြစ်ပါသည်ကြောင်း သုံးသပ်ပြောကြားလိုပါတယ်။

    ထက်မြတ်

    Credit- သရုပ်ဖော်ပုံ ကာတွန်းအာကာ

  • မှားယွင်းနေသော ပညာရေးစနစ်၏ ဆိုးကျိုးများ

    မှားယွင်းနေသော ပညာရေးစနစ်၏ ဆိုးကျိုးများ

    မေ ၂၁ ၊ ၂၀၁၅
    M-Media
    ထက်မြတ်ရေးသည်။

    Our Education System
    Image- Internet

    .
    ယနေ့ခေတ် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ရန် အလို့ငှာ ပညာရှိ၊ ပညာတတ် ဆိုသူများသည် မရှိမဖြစ် လိုအပ်လှသော လူပုဂ္ဂိုလ်များ ဖြစ်ပါသည်။ ထိုကဲ့သို့ ပညာရှိ ၊ ပညာတတ်များ ထွက်ပေါ်လာစေရန် ကောင်းမွန်သောပညာရေးစနစ်၊ စနစ်ကျသော ပညာသင်ကြားမှုများရှိရန် လိုအပ်လှပါပေသည်။ ယနေ့ခေတ် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ကျွန်တော်မြင်သလောက် သုံးသပ်ပြပါမည်။
    .
    မြန်မာနိုင်ငံပညာရေးစနစ်သည် Teacher Center (ဆရာဗဟိုပြု သင်ကြားရေး) စနစ်ဖြစ်နေတယ် ဆိုတာကို ပြည်သူအားလုံး သိကြမှာပါ။ ကျောင်းသား ကျောင်းသူအများစုက ဆရာထုတ်ပေးတဲ့ မှတ်စုလောက်ကိုပဲ အလွတ်ကျက်ပြီး စာမေးပွဲအောင်ကြတာ များနေကြပါတယ်။ စာမေးပွဲနီးမှ စာကပ်လုပ်မယ်။ စာမေးပွဲနီးလို့ မေးခွန်းလိုက်ရင် အောင်မှတ် ဖိုးလောက် မေးခွန်းရမယ်။ မေးခွန်းနှစ်စုံ ထဲက တစ်စုံမေးမယ်ဆိုတာ မြန်မာနိုင်ငံထဲက အစိုးရကျောင်းတွေရဲ့ ထုံးစံဖြစ်နေတယ်။
    .
    ကလေးတွေကို ငယ်ငယ်ကတည်းက သီအိုရီတွေပဲ သင်ပေးတယ်။ Critical Thinking လို့ခေါ်တဲ့ ဖြန့်ကျက်တွေးခေါ်နည်းစနစ်တွေကို ကလေးတွေခေါင်းထဲကို သွင်းမပေးဘူး။ ပုံနှိပ်စာအုပ်ထဲမှာ ပြဌာန်းထားတဲ့စာတွေကိုပဲ အမှား တစ်ပြားဖိုးမှ မပါတဲ့ အမှန်တွေလို့ မှတ်ယူခိုင်းတယ်။ ဒါတွေကိုပဲ အလွတ်ကျက်ခိုင်းတယ်။ ပြဌာန်းစာအုပ်ထဲက အကြောင်းအရာတွေက မှန်မမှန်ဆိုတာကို စာအုပ်တွေထဲမှာ ရှာဖွေဖတ်ရှုဖို့လည်း မသင်ပေးကြဘူး။ အဲတော့ ကလေးတွေကလည်း ရှာဖွေ ဖတ်ရှုရကောင်းမှန်း မသိတော့ဘူး။
    .
    ပြဌာန်းစာအုပ်နဲ့ အပြင်က သုတ၊ ရသ စာအုပ်တွေနဲ့ နှိုင်းယှဉ်တတ်အောင် ကလေးတွေကို လေ့ကျင့် သင်ကြားပေး သင့်တယ်။ လေ့လာပြီး သင်ခန်းစာတွေကို ကလေးတွေကိုယ်တိုင် သေချာစိစစ်၊ စိတ်ဖြာလေ့လာပိုင်းခြားပြီး ဒီသင်ခန်းစာက အမှန်လား အမှားလား ငါတို့ကို လိမ်ထားတာတွေများ ရှိလားဆိုတာ အပြစ်ရှာတတ်အောင် စနစ်တကျ လေ့ကျင့်သင်ကြားပေး ရမယ်။ နိုင်ငံတကာက ကျောင်းတွေမှာလည်း ပညာရေးကို ဒီနည်းလမ်းအတိုင်းပဲ သွားနေကြပါတယ်။ မြန်မာနိုင်ငံရဲ့ အစိုးရကျောင်းတွေမှာတော့  ဒီလိုသင်ပြတာတွေက မရှိသလောက်ကို ရှားနေပါတယ်။
    .
    မူလတန်းကျောင်းတွေကအစ တက္ကသိုလ်တွေအဆုံး ကျောင်းစာကြည့်တိုက်တွေ ရှိရဲ့သားနဲ့ ကလေးတွေကို စာကြည့်တိုက်သွားဖို့ စာတွေရှာဖတ်ဖို့ တိုက်တွန်းတဲ့ ဆရာ/ဆရာမတွေ မရှိသလောက်ပါပဲ။ တချို့လည်း တိုက်တွန်းကောင်း တိုက်တွန်းမှာပါ။ ကလေးတွေက ဖတ်ချင်စိတ်ရှိရင်တောင် စာကြည့်တိုက်ထဲမှာ စာအုပ်မစုံရတာနဲ့ စာကြည့်တိုက်ကို အချိန်နဲ့ဖွင့်ရတာနဲ့။ ကျောင်းသားတွေ အားနေတဲ့အချိန်ကျတော့ စာကြည့်တိုက်က ပိတ်သွားပြီ။ ကြာလာတော့ ကျောင်းသားတွေလည်း စာကြည့်တိုက်ဘက်ကို ဦးမတည်တော့ဘူး။ အဲလိုနဲ့ပဲ ကျောင်းသားတွေ စာဖတ်တဲ့အလေ့အထ၊ စာရှာတဲ့အလေ့အထ နည်းသွားတယ်။ ယနေ့ခေတ်ကျောင်းသားတွေတော့ အဆင်ပြေမယ်ထင်ပါတယ်။ ကိုယ်လိုချင်တဲ့ စာအုပ်ကို အင်တာနက်မှာ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မှာပါ။
    .
    စာမဖတ် ဗဟုသုတွေ မရှိလာတာနဲ့အမျှ တဖြည်းဖြည်း ကျောင်းသားတွေရဲ့ ခေါင်းထဲမှာ ဒီစာအုပ်ထဲကဟာ အမှန်ပဲ။ ငါဒါကိုသေချာကျက်နိုင်ရင်၊ တစ်လုံးမှ မလွဲအောင်ကျက်နိုင်ရင် ငါစာမေးပွဲအောင်မယ်။ အမှတ်တွေ အများကြီးရမယ်။ ဒီလိုပဲထင်နေကြတော့တယ်။ သူတို့ပညာသင်တဲ့ ရည်ရွယ်ချက်ကလည်း စာမေးပွဲအောင်ဖို့လောက်ပဲ ရှိကြတယ်။ ဒီထက်မပိုပါဘူး။ တကယ်က ပညာသင်တယ်ဆိုတာ ပိုက်ဆံရှာဖို့လောက်မဟုတ်ပါဘူး။ သိဖို့ဖြစ်တယ်။ ကိုယ်သင်ခဲ့တဲ့ ပညာရပ်တွေကို သိဖို့၊ လောကိုသိဖို့၊ လူတွေကို သိဖို့ ဖြစ်ပါတယ်။
    .
    သိပြီးရင် ဘာလုပ်မှာလဲ။ ဟုတ်ပြီ။ ပညာရပ်၊ လောက ၊ လူတွေအကြောင်းကိုသိမှ လူ့လောကမှာ စိတ်နှလုံး ချမ်းမြေ့စွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ လူ့လောကမှာနေထိုင်ပြီး ဒုက္ခ သုခတွေနဲ့ချည်း နပန်းလုံးနေရပြီး ကိုယ်စိတ်နှလုံးအမြဲတမ်း ပူပန်ညှိုးချုံးနေရရင် ဘယ်မှာလာ လူဖြစ်ရကျိုးနပ်တော့မှာလဲ။ ပညာသင်တယ်ဆိုတာ လူဖြစ်ရကျိုးနပ်အောင် နေတယ်လို့လည်း မှတ်ယူနိုင်ပါတယ်။ ခေတ်မီတဲ့ ပညာရပ်တွေ၊ ပျိုမျစ်နုနယ်တဲ့ ပညာရပ်၊ အတွေးအခေါ်တွေကို တတ်သိနေဖို့ လိုအပ်တယ်။ အမြဲလည်း စူးစမ်းရှာဖွေနေသင့်တယ်။
    .
    ပျိုမျစ်နုနယ်တဲ့ခန္ဓာကိုယ်မှာ ကျောက်ခတ်ကခေါင်းတပ်ထားတဲ့ လူငယ်တွေရှိသလို အိုမင်းရင့်ရော်တဲ့ ခန္ဓာကိုယ်မှာ နုပျိုတဲ့ ခေါင်းတပ် ထားတဲ့ လူငယ်များလည်း ရှိတယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။ အဲ့စကားလေးက အရမ်းကိုမှန်ပါတယ်။ တချို့ လူကြီးတွေက အသက်တွေကြီးနေပေမယ့်လည်း တချို့အတွေးအခေါ်တွေက လူငယ်တွေထက် လတ်ဆတ်နေတုန်းပါပဲ။ အမြင်တွေ ပြတ်သား စူးရှနေတုန်းကို တွေ့နေရပါတယ်။
    .
    ယနေ့ခေတ်လူငယ်တော်တော်များများကလည်း မြန်မာနိုင်ငံ၏ ပညာရေး ကောင်းသလား မကောင်းသလား ဆိုတာကို သိသင့်သလောက် သိနေကြပါပြီ။ ဒါကြောင့် လူငယ်တွေ ကိုယ့်စွမ်းရည်မြင့်တက်လာအောင် မိမိဘာသာလုပ်ဆောင်သင့်ပါပြီ။ အဆုံးအဖြတ် မမှားစေဖို့ လေ့လာမှုတွေ များများလုပ်ရပါမယ်။ စာများများဖတ်ရမယ်။ ယနေ့လို အင်တာနက်ခေတ်ကြီးမှာ ပိုတောင်လွယ်ကူနေပါပြီ။ သူများနိုင်ငံတွေရဲ့ ပညာရေးစနစ်တွေကိုလေ့လာ သုံးသပ်ပြီး အတုယူသင့်တာတွေ ယူသင့်ပါတယ်။ အင်တာနက်ပေါ်မှာလည်း ကိုယ်လေ့လာချင်တဲ့ ပညာရပ် ပညာတွေကို အချိန်မရွေးလေ့လာနိုင်နေပါပြီ။ မိမိတို့ တွေ့ကြုံလာတဲ့ အတွေ့အကြုံတွေအရ ပြောင်းလဲပစ်သင့်တာတွေ ပြောင်းလဲပစ်ရပါမယ်။
    .
    မြန်မာနိုင်ငံရဲ့ မှားယွင်းနေတဲ့ ပညာရေးစနစ်ကြီးကို နောင်လာမယ့် ကလေးငယ်တွေကို ဆက်လက်မခံစားစေလိုပါ။ ကလေးငယ်များ အတွက် ယနေ့ခေတ်နဲ့လျော်ညီတဲ့ အတွေးအခေါ်တွေ ပညာရပ်တွေ မရရှိခဲ့လျှင် တိုင်းပြည်ပဲ နစ်နာမှာဖြစ်သည်။ မြန်မာနိုင်ငံ ကို နိုင်ငံခြားသား ပညာရှိများကသာ စိုးမိုးသွားနိုင်ဖွယ်ရှိသည်။ ကလေးငယ်များကို မှားယွင်းပျက်ဆီးနေတဲ့ ပညာရေးစနစ်ကြီးထဲမှာ ဆက်လက်မရှင်သန်စေလိုတော့ပါ။
    .
    ယနေ့ ကျောင်းသားများတောင်းဆိုနေတဲ့ အမျိုးသားရေး ဥပဒေမူကြမ်းကိုသာ အတည်ပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ကောင်းသထက်ကောင်း၊ နိုင်ငံမှာလည်း ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ ပညာရှိများ ပေါ်ထွန်းလာမည်မှာ အသေအချာပင်။ အရင်ကလူတွေအပေါ်မှာ လုပ်ချင်သလိုလုပ်ခဲ့ပြီးပီပဲ နောင်ပွင့်လာမယ့်အသီးအပွင့် မျိုးဆက်လေးတွေကို ကောင်းမွန်စွာ ရှင်သန်ခွင့်ပေးသင့်ပါတယ် ဟုထင်မြင်သုံးသပ်လိုက်ပါရစေ။
    .
    ထက်မြတ်

  • အချိန်အဖြုန်းခံရသူများ

    အချိန်အဖြုန်းခံရသူများ

    ဧပြီ ၁ ၊ ၂၀၁၅
    M-Media
    ထက်မြတ်ရေးသည်။
    traffic
    ယနေ့ခေတ် ၂၁-ရာစုကြီးထဲတွင် လူကြီး၊ လူလတ်၊ လူငယ်မရွေး အရွယ်သုံးပါးစလုံး အမျိုးသား အမျိုးသမီးများအားလုံး တန်းတူ နေ့စဉ်နှင့်အမျှ စားဝတ်နေရေးအတွက် ရုန်းကန်နေကြသည်။ နေထွက်ချိန်မှ နေဝင်ချိန်ထိ တစ်နေ့တာ ဘဝကို ပုံစံမျိုးစုံဖြင့် ဖြတ်သန်းနေကြသည်။ ယင်းကဲ့သို့ ဖြတ်သန်းရာတွင် အဓိက ပေးဆပ်ရသည့်အရာမှာ “အချိန်” ပင်ဖြစ်ပါသည်။ လူတိုင်းသည် အချိန်ကိုရင်းပြီး သက်ဆိုင်ရာအလုပ်များကို လုပ်ကိုင်နေရခြင်း ဖြစ်သည်။

    ရန်ကုန်မြို့အတိုင်းအတာနှင့် ပြောရရင် ယနေ့ခေတ် သွားချင်တဲ့နေရာသို့ရောက်ရန် အိမ်မှ ယခင်ကထက် ပို၍ စောစွာထွက်ခွာရသည်။ အဘယ်ကြောင့်ဆိုသော် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသောကြောင့်ဖြစ်သည်။ ရန်ကုန်မြို့ ယာဉ်ပိတ်ဆို့မှု အဘယ်သူမှာ တာဝန်ရှိသနည်း။ မည်သူဖြေရှင်းပေးမည်နည်း။

    လမ်းတွေပြင်သည်၊ ခုံးကျော်တံတားတွေ ဆောက်လုပ်သည်။ ထိုအရာများသည် ပြီးစီးသွားလျှင်တော့ ပြည်သူများအတွက် အလွန်အသုံးဝင်နိုင်မည့်အရာတစ်ခုပါ။ သို့သော် မပြီးစီးခင်အချိန် အတိုင်းအတာတစ်ခုအတွက် ပြည်သူများအနေနှင့် အလွန်ဒုက္ခရောက်ရသည်။

    ကားအသစ်တွေတော့ များစွာတင်သွင်းလျက် ရှိနေပါတယ်။ လမ်းတွေကိုတော့ ကားတွေမတင်သွင်းမီ အရင်ကတည်းက လမ်းချဲ့တာ ဂုံးကျော်တံတားဆောက်တာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဤကဲ့သို့သာ ပြုလုပ်ထားမည်ဆိုလျှင် ပြည်သူများအနေဖြင့် လွန်စွာလွယ်ကူချောမောပြီး စိတ်ချမ်းချမ်းသာသာနှင့် သွားလာနိုင်မည် ဖြစ်ပါသည်။

    ယခုတော့ လမ်းပြင်၊ ခုံးကျော်တံတားဆောက်နေစဉ် နှစ်လမ်းသွားကို တစ်လမ်းပဲပေးသွား၊ အခြားလမ်းများက ပတ်သွား အစရှိတဲ့ဖြစ်ရပ်တွေကြောင့် ကားတွေက မကျပ်သင့်ဘဲနှင့်ကြပ်၊ လိုရာခရီးကို ယခင်သွားနေကြ အချိန်တိုင်းမရောက်တော့၊ ယခင်ထက်အချိန်က နှစ်ဆလောက်ပေးရ စသည့် အခက်အခဲများကြောင့် နေ့စဉ်အချိန်များမှာ လမ်းပေါ်များတွင် ကုန်ဆုံးလျက် ရှိနေတော့သည်။ နွေရာသီဥတု ရာသီဥတုကလည်း အလွန်ပူ၊ ကားကလည်းပိတ်သောကြောင့် ခရီးသွားပြည်သူများမှာ နေ့စဉ်နဲ့အမျှ စိတ်မချမ်းသာမှုများနှင့် ရင်ဆိုင်နေရပါသည်။

    အခုတော့ နေ့စဉ်နဲ့အမျှအကျိုးမဲ့ အချည်းအနှီး ဖြုန်းတီးပစ်လိုက်ရတဲ့ အချိန်တွေ တစ်နေ့တစ်ခြား များသထက်များလာတာကို တွေ့နေရပါတယ်။ ရုံးသမား၊ ကျောင်းသား၊ အလုပ်သမား အစရှိသူများဟာ အလုပ်ချိန်ရဲ့ တစ်ဝက်လောက်ကို ဘတ်စ်ကားပေါ်မှာ အချိန်ကုန်နေရပါတယ်။ ဘတ်စ်ကားစောင့်ရင်း၊ ဘတ်စ်ကားပေါ်မှာ ကားလမ်းတွေပိတ်နေလို့ အချိန်ကုန်သွားခြင်းတို့ဖြင့် မိမိတို့၏ အဖိုးတန်အချိန်တွေကို ဖြုန်းတီးပစ်လိုက်ရတာ အင်မတန်ကို နှမြောစရာကောင်းလှပါတယ်။

    သက်ဆိုင်ရာဌာနများအနေနှင့်လည်း ထိုအရာများကို အလေးထား၍ ဆောင်ရွက်စေလိုသည်။ ထိုဖြစ်ရပ်များကို အထူး သတိချပ်စေချင်လိုသည်။ ယခုလို ပြည်သူတွေဆီက အချိန်ခိုးယူမှုတွေ တစ်နေ့ တစ်နေ့ ဘယ်လောက်တောင် များနေပြီလဲ။ အဲဒီလိုဖြစ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေ ဘယ်လောက်တောင် များနေပြီလဲ။ အလေးအနက်စဉ်းစားကြရန်လိုအပ်နေပါပြီ။

    ယနေ့ခေတ်လို အချိန်တွေရှားပါးလာတဲ့ ခေတ်မှာ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချနိုင်ကြဖို့ လိုအပ်နေပါပြီ။ ဒီကိစ္စတွေကို စဉ်းစားကြဖို့ကောင်းပါပြီ။ ဘတ်စ်ကားအပြင် တခြားဖြစ်ရပ်များဖြစ်သော ဘူတာရုံမှာ နှစ်နာရီ သုံးနာရီလောက် မီးရထားကိုစောင့်ပြီး နောက်ကျ လို့ဆိုပြီး စောင့်နေရတဲ့ အချိန်တွေ၊ ရုံးတွေ ဌာနတွေမှာ မိမိတွေ့ချင်သည့် ပုဂ္ဂိုလ်များကို တွေ့ရန် ဘုမသိ ဘမသိနဲ့ထိုင်စောင့်ခိုင်းထားလို့ အလဟာသဖြစ်သွားတဲ့အချိန်တွေ စသည်ဖြင့် တွက်ကြည့်လိုက်လျှင် တစ်နေ့တစ်နေ့ အကျိုးမဲ့ကုန်ဆုံးသွားသည့် အချိန်များမှာ မနည်းလှပါဘူး။

    လူတစ်ယောက်အတွက် တစ်နေ့ အကျိုးမဲ့ အချည်းအနှီး ဖြုန်းပစ်လိုက်ရတဲ့အချိန်ကို ပျှမ်းမျှ တွက်ကြည့်လိုက်လျှင် တစ်နေ့ကို (၄) နာရီပဲထား (၄) နာရီမှာ လူ (၁) သိန်းဆိုရင် ဘယ်လောက်ရှိမလဲ။ လူ (၁) သန်းဆိုဘယ်လောက်ရှိမလဲ။ တွက်ကြည့်ကြပါ။ ဒါကတစ်နေ့တာ အတွက်ပဲနော်။ တစ်လစာ တစ်နှစ်စာ သာဆိုလျှင် အကျိုးမဲ့ အချည်းအနှီး ဖြုန်းပစ်လိုက်ရတဲ့အချိန်တွေ ဘယ်လောက်တောင်များနေပြီလဲ။ ပြည်သူများမှာ အချိန်ဖြုန်းခံနေရသူများသာ ဖြစ်နေပါတော့သည်။ ထိုအချိန်များကို အကျိုးရှိမည့်နေရာများတွင်သာ အသုံးချမည်ဆိုပါက မည်ကဲ့သို့ တန်ဖိုးရှိနိုင်ကြောင်း သုံးသပ်ရန်လိုအပ်နေပါကြောင်း။

    ထက်မြတ်

  • အမျိုးသမီးများနှင့် စွမ်းဆောင်ရည်ကဏ္ဍ

    အမျိုးသမီးများနှင့် စွမ်းဆောင်ရည်ကဏ္ဍ

    မတ် ၂၈ ၊ ၂၀၁၅
    M-Media
    ထက်မြတ် ရေးသည်။

    women

    ယနေ့ ၂၁ ရာစု ဒီမိုကရေစီကာလကို ကူးပြောင်းနေတဲ့ခေတ်ကြီးမှာ ယောက်ျားလေးများ (အမျိုးသားများ)နှင့်တန်းတူ ရင်ဘောင်တန်း လုပ်ဆောင်လာကြသည်မှာ မိန်းကလေးများ (အမျိုးသမီးများ) ပင်ဖြစ်ကြပါသည်။ အခုခေတ် မိန်းကလေးများ ကို ရှေးယခင်က ခေါ်ဆိုခဲ့ကြသည့်အတိုင်း အားနွဲ့သည့် သူများဟု ဆိုလျှင် မှားမည်ဟုထင်မိပါသည်။

    မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးရှိ လူဦးရေထက်ဝက်ကျော်ကျော်က အမျိုးသမီးများပင်ဖြစ်ကြသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ထို့ကြောင့် မိမိအမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးများတွင်လည်း တာဝန်ရှိပါသည်။ နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေအားလုံး ဆရာမတွေ၊ ဆရာဝန်တွေ၊ အရောင်းစာရေးတွေချည်း လုပ်နေလို့မရပါဘူး။ အမျိုးသမီး အင်ဂျင်နီယာတွေ၊ အမျိုးသမီး လေယာဉ်ပိုင်းလော့တွေနှင့် အမျိုးသမီးဘတ်စ်ကားမောင်းတဲ့ သူတွေလည်း လိုအပ်လှပါတယ်။

    နိုင်ငံတကာမှာဆိုလျှင် မီးရထား၊ ဘတ်စ်ကားမှအစ အာကာသယာဉ်မောင်းတာအထိ အမျိုးသမီးများ ဝင်ရောက်မောင်းနှင်နေ တာမျိုးကို တွေ့ရမှာပါ။ တရုတ်နိုင်ငံမှာဆိုလျှင် သဘောင်္မောင်းတဲ့ အမျိုးသမီးတွေတောင် ရှိနေပြီဖြစ်ကြောင်း သိရှိမှာပါ။ အမျိုးသမီးများကိုယ်တိုင်ဦးစီးလုပ်ကိုင်နေသော ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများစွာကိုလည်း ယနေ့ရှိနေပါပြီ။ အမျိုးသမီးများမှာ ယနေ့ခေတ်အမျိုးသားများတန်းတူ မည်သည့်အလုပ်မဆို တန်းတူလုပ်ကိုင်လျှက်ရှိကြောင်းကို တွေ့ရှိရမှာဖြစ်ပါတယ်။

    မြန်မာနိုင်ငံတွင် မိန်းကလေးအများစုဟာ ရှေးယခင်ကအယူအဆတွေအတိုင်း မိန်းကလေးတွေရဲ့ နေရာဟာ မီးဖိုချောင်သာ ဖြစ်တယ် ဆိုတဲ့ အယူအလွဲကြီးကို ကျင့်သုံးနေကြတုန်း ဖြစ်တယ်။ မိန်းကလေးများဟာ ယောင်္ကျာလေးများကို အလုပ်အကျွေးပြုသည့် အနေအထားတွင်သာ ရှိနေရင် လုံလောက်ပြီဟု ထင်နေကြသည်။ မိန်းကလေးများကို နေရာမပေးဘဲ အိမ်ထဲတွင်သာ ထားချင်ကြသည်။ မိန်းကလေးများတွင်လည်း မွေးရာပါ ပါရမီများရှိနိုင်ပါသည်။ သူမတို့ ကျွမ်းကျင်ရာသည် အိမ်အလုပ် လုပ်ရခြင်းဖြစ်ချင်မှ ဖြစ်လိမ့်မည်။ အင်ဂျင်နီယာဝါသနာပါသူလည်း ဖြစ်နိုင်သည်။ ကားမောင်းကျွမ်းကျင်သူလည်း ဖြစ်နိုင်သည်။ သူမတို့ ဝါသနာပါရာကို လုပ်ကိုင်ခွင့်ပေးမည်ဆိုပါက ယင်းပညာရပ်တွင် ထူးချွန်သူတစ်ယောက်ဖြစ်လာနိုင်မည်မှာ ငြင်းပယ်၍မရပါ။

    မိန်းကလေးများထက် “ဗလ” တစ်မျိုးတည်းသာ သာတဲ့ ယောက်ျားလေးများကို “အိမ်ဦးနတ်” နေရာမှာထားပြီး ရိုသေလေးစားကျွေးမွေးနေဖို့ မလိုအပ်လှပါဘူး။ မိန်းကလေးများ အချက်အပြုတ်၊ အချုပ်အလုပ်တွေနဲ့ပဲ အချိန်ဖြုန်းနေဖို့ မသင့်တော်တော့ပါဘူး။ ယနေ့ခေတ် နာမည်ကြီး စာဖိုမှူး၊ ဒီဇိုင်နာတွေကို ကြည့်လိုက်ပါ။ အမျိုးသမီးများထက် အမျိုးသားများကို တွေ့နိုင်မှာပါ။ ထမင်းဟင်းချက်တာကို “အလုပ်” တစ်ခုလို သတ်မှတ်ပြီး လုပ်စားနေတဲ့သူတွေ ယနေ့ခေတ်မှာအများကြီးရှိပါတယ်။ ပိုက်ဆံပေးနိုင်ရင် အချိန်မရွေး ငှားရမ်းနိုင်ပါတယ်။

    မိန်းကလေးများမှာလည်း ပညာနဲ့ အသိဥာဏ်ရှိဖို့ လိုအပ်ပါတယ်။ ရုပ်မလှရင်နေရပါ ပညာလှဖို့တော့ လိုအပ်လှပါသည်။ ပညာလှပြီး ထူးချွန်ထက်မြက်လှတဲ့အမျိုးသမီးတွေ၊ နိုင်ငံတော်ကို အမျိုးသားများနည်းတူ အလုပ်ကျွေးပြုနေကြတဲ့ အမျိုးသမီးတွေ နိုင်ငံတကာမှာ ရှိပါတယ်။ သူမတို့၏ ဘဝများကို လေ့လာကြည့်လျှင် သိနိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံမှာလည်း ထူးချွန်ထက်မြက်တဲ့ နိုပယ်ဆုပိုင်ရှင် အမျိုးသမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လူတိုင်းသိကြမယ် ထင်ပါတယ်။ သူမက နိုင်ငံတကာ အမျိုးသမီးစွမ်းဆောင်ရှင်တွေထဲက တစ်ဦးဆိုလျှင်လည်း မမှားပါဘူး။

    မကြာသေးမီအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပေးအပ်သည့် အမျိုးသတ္တိရှင် (၁၀) ဦးတွင် မြန်မာနိုင်ငံမှ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်တွင် ဦးဆောင်လှုပ်ရှားနေသူ ဒေါ်မေစံပယ်ဖြူ သည် ရွေးချယ်ခြင်းခံခဲ့ရသည်။ သူမသည် အမျိုးသမီးများအား အကြမ်းဖက်မှုကနေ တားဆးမှုဥပဒေမူကြမ်းကို ရေးဆွဲနိုင်ရန်အတွက် ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့အတွက်ကြောင့် ယခုလိုရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ အမျိုးသမီး မြောက်များစွာ လိုအပ်နေပါသည်။

    မြန်မာအမျိုးသမီးများအနေနှင့် အိမ်ထဲမှာပဲ ဟင်းချက် ထမင်းချက်မနေသင့်တော့ဘဲ ကဏ္ဍပေါင်းစုံတွင် အမျိုးသမီးများပါဝင်ခွင့်ရနေပါပြီ။ အမျိုးသားများချည်း အရာရာကို ဦးဆောင်နိုင်သည့်ခေတ် မဟုတ်တော့ပါ။ လွှတ်တော်ထဲတွင်လည်း အမျိုးသမီးများ ဝင်ရောက်နေကြပြီး တိုင်းပြည်အတွက် ကူညီပံ့ပိုးနေကြပါပြီ။ လွှတ်တော်ထဲတွင် အမျိုးသမီးအရေအတွက်မှာ အမျိုးသားများထက် နည်းပါးနေခြင်းကြောင့် ကြိုးစားရန်လိုနေသေးသည်။ အမျိုးသမီးများအနေနှင့် အိမ်ပြင်ကိုထွက်ပြီး လောကကြီးကို မျက်စိဖွင့်ကြည့်ရန် လိုအပ်နေချိန်ဖြစ်ပါသည်။ စွမ်းဆောင်နိုင်သည့် ကဏ္ဍများမှပါဝင်စွမ်းဆောင်ပြီး နိုင်ငံတော်ကြီးကို ဦးဆောင်နိုင်တဲ့ အမျိုးသမီးများဖြစ်လာနိုင်ရန် လိုအပ်လှပါသည်။ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်နိုင်အောင် လုပ်ပေးနိုင်ရန် အမျိုးသားများတန်းတူ အမျိုးသမီးများမှလည်း ဝိုင်းဝန်းကြိုးပမ်းသွားရမည် မဟုတ်ပါလား။

    ထက်မြတ်

    ဓါတ်ပုံ အညွှန်း-အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာကျင်းပတဲ့ ၂၀၁၅ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင် ဆုပေးပွဲ အခမ်းအနားမှာ ကချင်တိုင်းရင်းသူ မမေစပယ်ဖြူ တက်ရောက်ပြီး ဆုကို လက်ခံရယူ။ သတင်းဓာတ်ပုံ- ရေဗက္ကဝင်း