News @ M-Media

Tag: Human trafficking in Myanmar

  • စစ်ကိုင်းပြည်သူတွေကြုံရတဲ့ တရုတ်နိုင်ငံက အိပ်မက်ဆိုး

    စစ်ကိုင်းပြည်သူတွေကြုံရတဲ့ တရုတ်နိုင်ငံက အိပ်မက်ဆိုး

    နိုဝင်ဘာ ၁၆၊ ၂၀၁၉
    M-Media

    တရုတ်-မြန်မာ နယ်စပ်တစ်နေရာ

    – လူကုန်ကူးသူတွေရဲ့ မစားရ၀ခမန်း ကတိကဝတ်တွေကို ယုံပြီး တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်ကြတဲ့ ဆင်းရဲသူဆင်းရဲသားတွေကို စစ်ကိုင်းတိုင်းဒေသကြီးက လူငယ်အဖွဲ့အစည်းတစ်ခုက ကယ်တင်ပေးနေပါတယ်။

    ဒေါ်မိမော်တစ်ယောက် တရုတ်ပြည်ကိုရောက်ဖို့ ၁၀ ရက်တာ ကြာမြင့်ခဲ့ပါတယ်။ လူကုန်ကူးသူတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်က သူမနေထိုင်တဲ့ရွာကနေ တရုတ်နိုင်ငံကို တစ်ကွေ့တစ်ပတ်ကြီး ခေါ်သွားခဲ့တာပါ။ အနောက်မြောက်ဖက် ကလေးမြို့ကနေတစ်ဆင့်၊ အနောက်ဖက် မန္တလေး၊ အဲဒီကမှ အရှေ့မြောက်ဖက်ကိုဆက်သွားကာ လာရှိုးရောက်ခဲ့ပြီး လူမသိသူမသိ လမ်းကြောင်းကနေ တရုတ်နိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

    အသက် ၄၆ နှစ်အရွယ် ကလေး ၂ ယောက်မိခင် မုဆိုးမ ဒေါ်မိမော်ဟာ တစ်လကို မြန်မာငွေ ၆ သိန်းနဲ့ညီတဲ့ငွေ‌ကြေး ရမယ်ဆိုတဲ့ ကတိကြောင့် ဖြစ်လာသမျှ ကြံကြံခံမယ်ဆိုတဲ့စိတ်မွေးကာ သွားရောက်ခဲ့တာပါ။ ဒီငွေကြေးဟာ သူမ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးတဲ့ လခမျိုးဖြစ်ကာ အိမ်မှာကျန်ခဲ့တဲ့ ညီမနဲ့ သားသမီးနှစ်ယောက်ကို ကောင်းကောင်းထောက်ပံ့နိုင်တဲ့ ပမာဏဖြစ်ပါတယ်။ သူမရဲ့ သားတစ်ဦးဟာ ကျောက်တွင်းတွေမှာ ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်နေရပြီး အခြားတစ်ဦးကတော့ အသက် ၅ နှစ်အရွယ်သာ ရှိပါတယ်။

    အထုတ်အပိုးတွေ သယ်ဆောင်ကာ ကျဉ်းမြောင်းတဲ့ တောင်ကြားလမ်းတစ်လျှောက် ဖြတ်ကျော်စဉ်တုန်းကဆိုရင် သူမဟာ သားတွေအကြောင်းကိုသာ တစ်ချိန်လုံး တွေးနေခဲ့တာပါ။ တရုတ်နိုင်ငံထဲ ရောက်ရှိလာတဲ့ အချိန်မှာတော့ သူမနဲ့ အခြား ၁၁ ဦးကို ခြင်ပေါတဲ့ ဂိုထောင်ထဲမှာ ၂ ရက်လောက် လှောင်ပိတ်ထားခဲ့ပါတယ်။ အခြား ၁၁ ဦးထဲမှာ ၆ ဦးက သူမနေထိုင်ရာ လောင်းကျီရွာက ဖြစ်ပါတယ်။

    နောက်ဆုံးမှာတော့ သူတို့ခရီးစဉ်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒုန်ပြည်နယ်က ဝေဟိုင်းဆိပ်ကမ်းမြို့ရဲ့ ငါးစက်ရုံမှာ အဆုံးသတ်ပါတယ်။ ဒီအလုပ်ဟာ ဒေါ်မိမော် အိပ်မက်ထဲကအလုပ် မဟုတ်ဘဲ အိပ်မက်ဆိုးသာ ဖြစ်ခဲ့ပါတယ်။

    “ဂေါ်ဖီပြုတ်တွေ၊ မုန့်ညှင်းပြုတ်တွေကို ကျွန်မတို့ စားခဲ့ရတယ်။ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ အလုပ်လုပ်ရတယ်။ ကျွန်မတို့ကို ထိုင်ဖို့တောင် မပေးပါဘူး” လို့ ဒေါ်မိမော်က Frontier သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဒေါ်မိမော်အပါအဝင် မင်းကင်းမြို့နယ်က လူကုန်ကူးခံရသူတွေဟာ ငါးတွေ သန့်ရှင်းတဲ့အလုပ်ကို တစ်နေ့ ၁၂ နာရီလောက် လုပ်ဆောင်ခဲ့ရတာပါ။ တရုတ်အလုပ်သမားခေါင်းက သူတို့အလုပ်လုပ်တာ သိပ်နှေးတယ်လို့ထင်ရင် ဒါမှမဟုတ် နားချိန်တောင်းရင် ဆူပူကြိမ်းမောင်းတာ၊ ကန်ကျောက်တာ နားရွက်ဆွဲတာတွေ လုပ်ဆောင်ပါတယ်။ ဒီအခြေအနေကို ၅ ရက်တာ ခံစားခဲ့ရပြီးတဲ့နောက်မှာ ဒေါ်မိမော်တစ်ယောက် ဖျားနားလာပြီး အိမ်ပြန်ဖို့ တောင်းပန်ခဲ့ရပါတယ်။

    “ကုမ္ပဏီက ကားတစ်စီးက ကျွန်မကို ကွင်းပြင်တစ်ခုထဲ‌ခေါ်သွားပြီး ပစ်ချခဲ့တယ်။ တရုတ်စကားမတတ်တော့ ကျွန်မကို ဘယ်သူမှ မကူညီကြဘူး။ စက်ရုံကဖိုမင်ကို ဖုန်းဆက်တဲ့အခါ ခရီးစားရိတ်ပေးရင် နယ်စပ်ပို့ပေးမယ်လို့ပြောတယ်။ အိမ်ပြန်ရောက်ရင် ပိုက်ဆံ ပြန်ပေးမယ်လို့ ကျွန်မ ကတိပေးခဲ့ရတယ်”

    ဒေါ်မိမော် အိမ်ပြန်ဖို့လိုအပ်တဲ့ ငွေကျပ် ၁၂ သိန်းကို ညီမဖြစ်သူက ရွှေတွေရောင်းပြီး ပေးခဲ့ရတာပါ။ ဒေါ်မိမော်ဟာ ကုန်တင်ကားတစ်စီးရဲ့ အိမ်သာထဲမှာပုန်းပြီး နယ်စပ်ကို လိုက်ခဲ့ရပါတယ်။

    “၄ ရက်လုံးလုံး အိမ်သာထဲကနေ ကျွန်မကို ထွက်ခွင့်မပေးဘဲ ဘာမှလည်း မစားရပါဘူး”

    နောက်ဆုံး ဒေါ်မိမော် အိမ်ပြန်ရောက်တဲ့အခါ သူမရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ပြောပြကာ အခြား လူကုန်ကူးခံရသူတွေကို ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ(SRYAC ) ရဲ့ အကူအညီနဲ့ လူကုန်ကူးခံရသူ ၁၁ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီလူတွေဟာ အလုပ်မတရားအခိုင်းခံရတဲ့အတွက် မောပမ်း ဖျားနာနေကြပြီး တစ်ဦးမှ လုပ်ခလစာ မရကြပါဘူး။

    လွတ်မြောက်လာသူ အင်းဒေါင်ရွာသား အသက် ၂၉ နှစ်အရွယ် ဦးဇော်ဝင်းအေးက ဘာသာစကား အခက်အခဲကြောင့် အလုပ်သမားတွေဟာ အလုပ်သမားခေါင်းပြောတဲ့စကားကို နားမလည်ကြဘူးလို့ ပြောပါတယ်။ ဒါ့ကြောင့် ပြောတဲ့အတိုင်း လိုက်မလုပ်နိုင်တဲ့အခါ အလုပ်သမားခေါင်းတွေက စိတ်ဆိုးလာကြပါတယ်။

    “လက်သီးတွေနဲ့ထိုးတယ်၊ ခြေထောက်နဲ့ကန်တယ်။ နားရွက်တွေကိုလည်း ဆွဲပါတယ်”

    SRYAC က အခုနှစ်အတွင်း တရုတ်နိုင်ငံကနေ အိမ်ပြန်လာနိုင်သူဟာ ဦးဇော်ဝင်းအေးတို့အုပ်စု အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၀၀ ကျော်လောက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၊ တိုင်းဒေသကြီးအစိုးရတို့ရဲ့ အကူအညီနဲ့အတူ SRYAC ဟာ တရုတ်နိုင်ငံမှာ လူကုန်ကူးခံရသူတွေကို ရှာဖွေကယ်တင်နေပါတယ်။

    SRYAC ရဲ့ ယင်းမာပင်ခရိုင်အဖွဲ့ဝင် ဦးဝင်းဇော်ခိုင်က မစားရ၀ခမန်း အလုပ်အကိုင် မက်လုံးတွေကို တိုင်းဒေသကြီးတစ်ဝှမ်းက လူတွေ စိတ်ဝင်စားကြတဲ့အတွက် လူကုန်ကူးမခံရဖို့ တားဆီးရတာ ခက်ခဲလာတယ်လို့ ပြောကြားခဲ့ပါတယ်။

    “တရုတ်နိုင်ငံကိုမသွားဖို့ ကျွန်တော်တို့ကပြောရင် အခွင့်အလမ်းပိတ်တယ်လို့ သူတို့က ထင်ကြတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ အကောင်းဆုံး လုပ်ပေးနိုင်တာက ပွဲစားတွေထံ ချဉ်းကပ်ပြီး ဒီလူတွေအတွက် တာဝန်အပြည့်အ၀ယူဖို့ ပြောရတာပါ”

    လူကုန်ကူးခံရမှုကနေ လွတ်မြောက်ပြီး အိမ်ပြန်ရောက်လာသူအချို့ဟာ လူကုန်ကူးသူတွေအပေါ် တရားစွဲဆိုခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးက တရားရုံးတွေမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှု ၅ ခု ကိုင်တွယ်စစ်ဆေးခဲ့ရပြီး လူကုန်ကူးခံရသူ ၈ ဦး၊ လူကုန်ကူးသူ ၉ ဦး ပါဝင်ပါတယ်။ နိုင်ငံခြားအလုပ်အကိုင်ဆိုင်ရာဥပဒေနဲ့ ကိုင်တွယ်ရတဲ့အမှုက ၁၃ ခုရှိခဲ့ပြီး ပွဲစား ၂၆ ဦး၊ လူကုန်ကူးခံရသူ ၁၄၂ ဦး ပါဝင်ပါတယ်။ တစ်ချို့အမှုတွေက ပြီးဆုံးသွားပြီး တစ်ချို့ကတော့ ဆက်လက်ကြားနာနေဆဲပါ။

    မင်းကင်းမြို့နယ်က ဒေါ်မိမော်တို့အုပ်စုက ပွဲစား ၂ ဦးကို လိုင်စင်မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ ဝင်ငွေနည်းပြီး ဆင်းရဲတဲ့ တောသူတောင်သားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။

    လူကုန်ကူးခံရသူတွေထဲကတစ်ဦးကတော့ ဖက်ထုတ်ကျေးရွာက ဒေါ်အေးဝင်းဖြစ်ပါတယ်။ မိသားစုဟာ ပဲစိုက်ပေမယ့် စားဝတ်နေရေးအတွက် မလောက်ငှဘူးလို့ သူမက ပြောပါတယ်။

    “အမေအိုကို ကျွန်မ ထောက်ပံ့ပေးချင်တယ်။ မိသားစုဝင်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့အတွက် ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်”

    အိပ်မက်ဆိုးကနေ လွတ်မြောက်လာတဲ့အတွက် ဒေါ်အေးဝင်းတစ်ယောက် ပျော်ရွှင် ချမ်းမြေ့နေပြီး နောက်တစ်ခါ နိုင်ငံရပ်ခြားကို ဘယ်တော့မှ အလုပ်သွားမလုပ်တော့ဘူးလို့လည်း သူမက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ဆိုးဝါးတဲ့ လုပ်ငန်းခွင်တွေမှာ ကံမကောင်း အကြောင်းမလှဘဲ ဆက်လက်ပိတ်မိနေတဲ့ သူတွေလည်း ရှိနေပါတယ်။

    “ကျွန်မတို့ ပြန်လာနိုင်ပေမယ့် တရုတ်နိုင်ငံမှာ မြန်မာတွေ အများကြီးကျန်နေပါသေးတယ်။ သူတို့တွေလည်း အိမ်ကို ပြန်လာချင်ကြတယ်” လို့ ဒေါ်အေးဝင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Frontier Myanmar

    (Frontier Myanmar မှ Promises, lies and living nightmares for Sagaing villagers lured to China ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • လူကုန်ကူးခံရသူ ၅၅ ဦးကို ထိုင်းက မြန်မာထံ လွှဲပြောင်းပေးအပ်

    လူကုန်ကူးခံရသူ ၅၅ ဦးကို ထိုင်းက မြန်မာထံ လွှဲပြောင်းပေးအပ်

    အောက်တိုဘာ ၂၀၊ ၂၀၁၉
    M-Media

    Photo credit – ပြည်ထဲရေးဝန်ကြီးဌာန ဝဘ်ဆိုက်

    -လူကုန်ကူးခံရသူများ ပြန်လည်လွှဲပြောင်း‌ရေး နှစ်နိုင်ငံ သဘောတူညီချက်အရ ထိုင်းနိုင်ငံဟာ လူကုန်ကူးခံရသူ ၅၅ ဦးကို သောကြာနေ့က မြန်မာနိုင်ဖက်ကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

    ၅၃ ဦးကို မဲဆောက်-မြ၀တီ နယ်စပ်ကနေ လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ၂ ယောက်ကိုတော့ ရှမ်းပြည်နယ် တာချီလိတ်နယ်စပ်ကနေ လွဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ဩဂုတ်လက ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၃ ကြိမမြောက် မြန်မာ-ထိုင်း Return and Reintegration of Trafficking Victim အစည်းအဝေးမှာ မြန်မာနိုင်ငံက လူကုန်ကူးခံရသူ ၆၀၀ လောက် ပြန်လည်လွှဲပြောင်းဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်က ပြန်လည်ထူထောင်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး မခိုင်စုလွင်က ပြန်ရောက်လာတဲ့ သူတွေဟာ ထိုင်းနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေ၊ ပြန်လည်ထူထောင်ရေးစခန်းတွေ‌မှာ ၈ လလောက် နေထိုင်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ထိုင်းနိုင်ငံဟာ ပွဲစားတွေကနေတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့သူတွေကို ဖမ်းဆီးပြီးတဲ့နောက် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားပြီး လူကုန်ကူးခံရတယ်ဆိုတာ သေချာရင် ပြန်လည်ထူထောင်ရေးစခန်းတွေကို ပို့ဆောင်တာ ဖြစ်ပါတယ်။

    မခိုင်စုလွင်က ထိုင်းနိုင်ငံ ပြန်လည်ထူထောင်ရေးစင်တာတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား လူကုန်ကူးခံရသူအရေအတွက်ဟာ ၅၅၀ လောက်ရှိကြောင်း၊ အဲဒီအထဲက ၁၀၀ လောက်ကို မြန်မာနိုင်ငံသားအဖြစ် အတည်ပြုနိုင်ခဲ့ပြီး လူကုန်ကူးခံရတယ်ဆိုတဲ့ လူသက်သေ လိုအပ်တဲ့အတွက် စခန်းမှာ ဆက်လက်ရှိနေရတာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    လူကုန်ကူးခံရသူတွေ လွှဲပြောင်းပေးရေးကိစ္စအတွက် မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ ၆ လတစ်ကြိမ် ဆွေးနွေးမှုတွေ လုပ်ဆောင်လေ့ရှိပါတယ်။ အလုပ်သမားစေလွှတ်ရေးအတွက် နားလည်မှု စာချွန်လွှာတစ်ခုကိုလည်း လက်မှတ်ရေးထိုးထားပြီး အဲဒီသဘောတူညီချက်အရ တစ်လကို မြန်မာနိုင်ငံသား ၂ သောင်းလောက် တရားဝင် သွားရောက်နေပါတယ်။

    Ref: Irrawaddy

    (ဧရာ၀တီသတင်းဌာန အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)

  • ယခုနှစ်အတွင်း လူကုန်ကူးမှု ၁၉၁ မှုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ပြော

    ယခုနှစ်အတွင်း လူကုန်ကူးမှု ၁၉၁ မှုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ပြော

    အောက်တိုဘာ ၅၊ ၂၀၁၉
    M-Media

    -အခုနှစ်အတွင်း လူကုန်ကူးမှု စုစုပေါင်း ၁၉၁ ခုကို ကိုင်တွယ်စစ်ဆေးခဲ့ပြီး လူကုန်ကူးသူ ၅၅၆ ဦးကို တရားစွဲဆိုနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အခုနှစ် ၉ လအတွင်း လူကုန်ကူးမှု ၁၉၁ ခုမှာ လူကုန်ကူးခံရသူ ၂၇၉ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    စက်တင်ဘာလအတွင်း စုံစမ်းစစ်ဆေးခဲ့တဲ့ လူကုန်ကူးမှုအရေအတွက်က ၁၅ ခုရှိပြီး ကလေးငယ် ၇ ဦးအပါအ၀င် ၂၅ ဦး လူကုန်ကူးခံရကာ အယောက် ၅၀ လောက် တရားစွဲခံခဲ့ရပါတယ်။

    ဒုတိယသမ္မတ ဟင်နရီ ဗန်ထီးယူက မြန်မာနိုင်ငံမှာ လူကုန်ကူးမှု အရေအတွက် သိသိသာသာ ကျဆင်းသွားပေမယ့်၊ လူကုန်ကူးဂိုဏ်းတွေဟာ ဖမ်းဆီးမှုကို ရှောင်ရှားဖို့ ကြိုးပမ်းလာကြတယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။

    ကုလက ထုတ်ပြန်တဲ့ ကမ္ဘ္ဘာ့လူကုန်ကူးမှု အစီရင်ခံစာ Trafficking in Persons 2018 မှာ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုကို ခံစားရသူ အများစုဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    လူကုန်ကူးခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကို သွားရောက်ကြတာဖြစ်ပြီး ၁၅ ရာခိုင်နှုန်းက နိုင်ငံအတွင်း လူကုန်ကူးခံရတာ ဖြစ်တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံကို လူကုန်ကူးခံရသူ အရေအတွက်ကတော့ ၁ ရာခိုင်နှုန်း ရှိပါတယ်။

    လူကုန်ကူးမှုရဲ့ ၇၅ ရာခိုင်နှုန်းဟာ အဓမ္မ လက်ထပ်ခိုင်းမှုဖြစ်ပြီး ၁၃.၅ ရာခိုင်နှုန်းက ပြည့်တန်ဆာလုပ်ငန်း၊ ၉ ရာခိုင်နှုန်းက အဓမ္မလုပ်အားခိုင်းစေမှု၊ ၂ ရာခိုင်နှုန်းက အငှားကိုယ်ဝန်ဆောင်ခိုင်းမှုနဲ့ ၀.၅ ရာခိုင်နှုန်းက ကလေးမွေးစားမှု ဖြစ်ပါတယ်။

    ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က ထောင်နဲ့ချီတဲ့အမျိုးသမီးတွေဟာ တရုတ်မယားအဖြစ် လိမ်လည် ရောင်းစားမှုကို ခံနေရတယ်လို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ Johns Hopkins Bloomberg School of Public Health အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ၂၀၀၅ ခုနှစ် ဥပဒေအရ လူကုန်ကူးမှုအတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ ဒဏ်နှစ်မျိုးစလုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • တရုတ်နိုင်ငံရဲ့ အမျိုးသမီးလိုအပ်ချက်က မြန်မာမိန်းကလေးတွေကို ဘယ်လောက်ထိ ရိုက်ခတ်နေလဲ

    တရုတ်နိုင်ငံရဲ့ အမျိုးသမီးလိုအပ်ချက်က မြန်မာမိန်းကလေးတွေကို ဘယ်လောက်ထိ ရိုက်ခတ်နေလဲ

    သြဂုတ် ၂၆၊ ၂၀၁၇
    M-Media

    တရုတ်ပြည်သို့ လူကုန်ကူးခံရပြီး ၁၃ နှစ်တိုင်တိုင် တရုတ်ဇနီးအဖြစ် နေခဲ့ရသည့် မေခိုင်ဦး

    – မေခိုင်ဦးဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ရဲ့ အိပ်မက်ဆိုးကြီးဟာ အဘွားအိမ်ကနေ အိမ်ပြန်လာတဲ့အချိန်မှာ စတင်ခဲ့ပြီး ၁၃ နှစ်နီးပါး ကြာမြင့်ခဲ့ပါတယ်။

    မွန်ပြည်နယ်တောင်ပိုင်းက အဖွားဖြစ်သူအိမ်ကို သွားရောက်လည်ပတ်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် သူမဟာ မိဘများရှိရာ မုဒုံကို ပြန်ဖို့အတွက် ပြည်နယ်မြို့တော် မော်လမြိုင်ကနေ ရထားစီးခဲ့ပါတယ်။

    ရထားပေါ်က စုံတွဲတစ်တွဲက သူမကို အလုပ်တစ်ခု ကမ်းလှမ်းခဲ့ပြီး သူမက ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပေးတဲ့ ရေတစ်ခွက်ကို သောက်ပြီးနောက်ပိုင်း အိပ်ချင်လာတာကြောင့် အိပ်ပျော်သွားခဲ့ပြီး ဆင်းမယ့် ဘူတာကို ကျော်သွားခဲ့ပါတယ်။ ပြန်ဖို့အတွက် သူမမှာ စားရိတ်မရှိတော့ပါဘူး။

    အဲဒီစုံတွဲက သူမလိုအပ်နေတဲ့ ရထားလက်မှတ်ဝယ်မယ့် ငွေရဖို့ အလုပ်တစ်ခု ရှာပေးမယ်လို့ ဆိုပါတယ်။

    “အိမ်ပြန်ဖို့ငွေလိုတာကြောင့် ကျွန်မ သူတို့ရဲ့အလုပ်ကို လက်ခံခဲ့ပါတယ်” လို့ မေခိုင်ဦးက ပြောခဲ့ပြီး သူမသောက်ခဲ့တဲ့ ရေထဲမှာ ဆေးခပ်ခံလိုက်ရတယ်ဆိုတာလည်း သူမ သိခဲ့ပါတယ်။

    အဲဒီစုံတွဲက သူမကို စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်သွင်းပေးခဲ့ပြီး ၃ လတာ ကြာမြင့်ခဲ့ပေမယ့် မိဘအိမ်ကို ပြန်မပို့ပေးဘဲ ပွဲစားတစ်ဦးလက်ကိုအပ်ကာ သူမဟာ တရုတ်ပြည်ကို ပို့ဆောင်ခြင်း ခံလိုက်ရပါတယ်။

    နောက်ထပ် ၁၃ နှစ်အတွင်းမှာ သူမဟာ နှစ်ကြိမ်တိုင်တိုင် အတင်းအဓမ္မ လက်ထပ်ခြင်းခံခဲ့ရတယ်လို့ မေခိုင်ဦးက ပြောကြားခဲ့ပါတယ်။ ပထမခင်ပွန်းနဲ့ ကလေးနှစ်ယောက် ရခဲ့ပြီး၊ ဒုတိယ အိမ်ထောင်နဲ့ ကိုယ်ဝန်ရှိနေတဲ့အချိန် WeChat ကနေတစ်ဆင့် ကျောင်းသားအဖွဲ့တစ်ခုနဲ့ ဆက်သွယ်မိပြီး ထွက်ပြေးလွတ်မြောက်လာတာပါ။

    “ထွက်ပြေးဖို့ ကြိုးစားတာ အကြိမ်ကြိမ်အခါခါပါပဲ။ ဒါပေမယ့် တရုတ်လူ့အဖွဲ့အစည်းမှာ တစ်စိမ်းတစ်ယောက်လို ဖြစ်နေတာကြောင့် ထွက်ပြေးဖို့ မလွယ်ကူပါဘူး။ ကျွန်မအခြေအနေဟာ ဒီ့ထက် ပိုဆိုးသွားမလားဆိုတဲ့ စိုးရိမ်စိတ်ကလည်း ရှိနေပါတယ်” လို့ သူမက ဆိုပါတယ်။

    မေခိုင်ဦးရဲ့ ဒုက္ခသုက္ခတွေဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေ ပုံမှန်လိုလို ခံစားနေရတာမျိုးဖြစ်ပြီး၊ အခြား အမျိုးသမီးငယ်လေးတွေ ဒီလိုထောင်ချောက်ထဲ မ၀င်မိစေဖို့အတွက် သူမရဲ့ ဇာတ်ကြောင်းကို လူအများသိအောင် ဖွင့်ချတာက မေခိုင်ဦးရဲ့ ထူးခြားချက်ပါပဲ။

    အဓမ္မလက်ထပ်ခံရ

    မြန်မာနိုင်ငံဟာ လူကုန်ကူးမှုခံရတဲ့ ရင်းမြစ်နိုင်ငံတစ်ခု ဖြစ်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပြီး ရဲတပ်ဖွဲ့ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ လူကုန်ကူးခံရသူပေါင်း ၃၄၈၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ အများစုက အဓမ္မလက်ထပ်ဖို့အတွက် ကုန်ကူးခံရသူတွေပါ။

    လိင်ကျွန်အဖြစ် အသုံးချခံရမှုကတော့ လူကုန်ကူးမှုမှာ ဒုတိယလိုက်နေပြီး အဲဒီနောက်မှာ အဓမ္မ လုပ်အားခိုင်းစေခံရမှု ရှိနေပါတယ်။

    ရဲတပ်ဖွဲ့မှတ်တမ်းတွေမှာ မြန်မာနိုင်ငံက လူကုန်ကူးခံရသူတွေ အများဆုံး ရောက်ရှိတဲ့ နိုင်ငံဟာ တရုတ်နိုင်ငံဖြစ်ပြီး ထိုင်း၊ မလေးရှားတွေလို အခြား အရှေ့တောင်အာရှ နိုင်ငံတွေကိုလည်း ရောက်ရှိကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း လူကုန်ကူးမှုတွေ ဖြစ်နေပါတယ်။

    ဇွန်လမှာ အမေရိကန်အစိုးရကနေ ထုတ်ပြန်တဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ဦးစားပေးအဆင့် ၂ စောင့်ကြည့်ရမယ့် စာရင်းမှာ ပါဝင်လာပြီး ဒါဟာ အမြန်မာနိုင်ငံအနေနဲ့ လူကုန်ကူးမှုကို တိုက်ဖျက်ဖို့ အမေရိကန်က ချမှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ကြိုးပမ်းရတော့မယ့် သဘောပါပဲ။

    ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှုတွေကို ရပ်တန့်ဖို့ လုံလောက်အောင် ဆောင်ရွက်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    Yangon Justice Center ရဲ့ စီမံကိန်းမန်နေဂျာ ကိုထွန်းလှိုင်က အလုပ်အကိုင်အခွင့်အလမ်း တိုးတက်အောင် ဆောင်ရွက်ပေးတာ၊ နယ်စပ် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးကို တိုးမြှင့်ပေးတာ၊ ဆင်းရဲမွဲတွေတဲ့သူတွေဟာ ပိုကောင်းတဲ့ဘ၀တစ်ခု ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အမြတ်ထုတ်ခံနေရတာကြောင့် အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးပြေလည်စေမယ့် အစီအစဉ် လုပ်ဆောင်တာ စတာတွေဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အဓိကအချက်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “လူးတစ်ဦးချင်း လူကုန်ကူးမှုကို တားဆီးတဲ့ ဆောင်ရွက်ချက်တွေ စနစ်တကျ လုပ်ကိုလုပ်ရပါမယ်။ ဒီရာဇ၀တ်မှုဟာ နိုင်ငံအတွင်းမှာ ပြန့်နှံ့ဖြစ်ပွားနေပြီး ဆိုးဆိုးဝါးဝါးကိစ္စတွေသာ လူတွေက သိကြတာပါ” လို့ ကိုထွန်းလှိုင်က ဆိုပါတယ်။

    မြန်မာအစိုးရဟာ ၂၀၀၅ ခုနှစ်မှာ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေကို ပြဌာန်းခဲ့ပြီး ကျူးလွန်သူတွေအတွက် ကြီးလေးတဲ့ပစ်မှုတွေကို သတ်မှတ်ထားပါတယ်။ တရားရုံးကိုရောက်လာတဲ့ အမှုကတော့ နည်းနေပါသေးတယ်။

    အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာနက အမြဲတန်းအတွင်းဝင် ဦးမျိုးအောင်က သူတို့ရဲ့ ဆောင်ရွက်မှုမှာ အဓိက စိန်ခေါ်မှုတစ်ခုက ပွဲစားတွေပေးတဲ့ မက်လုံးတွေဖြစ်တယ်လို့ ဆိုပါတယ်။

    “လူကုန်ကူးခံရသူတွေဟာ လူကုန်ကူးမှုဆိုင်ရာ ပညာပေးအစီအစဉ်တွေကို မရရှိထားဘူး။ တရားမ၀င် လူကုန်ကူးသူတွေရဲ့ ဖြားယောင်းသွေးဆောင်မှုကို သူတို့ ယုံကြည်ကြတယ်။ ရလဒ်အနေနဲ့ သူတို့ ပြဿနာတက်လာရင် အကူအညီတွေ မရတော့ဘူး”

    သင်ခန်းစာယူစရာ အဖြစ်အပျက်

    အောက်ခြေလူတန်းစားအဆင့်မှာ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အဓိကထားလုပ်ရတာဟာ အသိပညာပေးမှု ဖြစ်ပါတယ်။

    ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရဲစခန်းက ဗိုလ်မှူး ခင်မောင်လတ်က သတင်းအချက်အလက်ရယူမှုမှာ ပိုပြီး အားကောင်းတဲ့ နည်းလမ်းတွေ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ အသိပညာပေး လက်ကမ်းစာစောင်တွေကို အိမ်တိုင်ရာရောက် လိုက်လံ ဖြန့်ဖြူးပေးနေတယ်လို့ ဆိုပါတယ်။

    “ပုံမှန် အသိပညာပေးဆွေးနွေးတာထက် ဒီနည်းလမ်းက ပိုပြီး ထိရောက်ပါတယ်။ ဒါဟာ လိမ်ညာသူတွေရှိတယ်ဆိုတာ ကြိုတင်တားဆီးသတိပေးတာလည်း ဖြစ်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းတက် ပိုထိရောက်ပါတယ်” လို့ ဗိုလ်မှူးကဆိုပြီး ပွဲစားတွေ ချဉ်းကပ်လာရင် ရဲတပ်ဖွဲ့ကို အကြောင်းကြားသင့်တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    မေခိုင်ဦးရဲ့သတင်း ထွက်လာခဲ့ပြီးတဲ့နောက်မှာတော့ တရုတ်အာဏာပိုင်တွေဟာ သူမရှိတဲ့နေရာကို ရှာဖွေနိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဖွင့်လှစ်ထားတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။

    အဲဒီနောက်မှာ မေခိုင်ဦးဟာ မုဒုံက မိဘတွေရှိရာကို ပြန်ရောက်သွားခဲ့ပြီး ကလေးနှစ်ဦးကိုတော့ တရုတ်နိုင်ငံမှာ ထားခဲ့ကာ ဘ၀သစ်ကို ပြန်လည် စတင်ခဲ့ပါတယ်။ သူမကို လူမှုဝန်ထမ်းဦးစီးဌာနက ကုန်စုံဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ ထောက်ပံ့ပေးခဲ့ပါတယ်။

    ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ International Rescue Committee က နေထိုင်စားသောက်ရိတ်အတွက် နေ့စဉ်ထောက်ပံ့ကြေးပေးပြီး ကျေးရွာဆေးပေးခန်းကလည်း ကိုယ်ဝန်အတွက် အခမဲ့ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    သူမကို ရထားပေါ်မှာ သွေးဆောင်ဖျားယောင်းခဲ့တဲ့ စုံတွဲကို ဖမ်းဆီးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူမဟာ ရဲစခန်းမှာလည်း အမှုဖွင့်ခဲ့ပါတယ်။ သူမရဲ့ အကြောင်းကတာ့ ဒေသတွင်းမှာ သတိပြုစရာ သင်ခန်းစာအဖြစ် ပြန့်နှံ့နေပါတော့တယ်။

    “မိသားစုအရင်းအချာထဲက လောက်လောက်လားလားလူတစ်ယောက် မပါဘဲနဲ့ ကလေးတွေကို ခရီးမလွှတ်ပါနဲ့လို့ မိဘအားလုံးကို ကျွန်မ အကြံပြုပါတယ်။ ကျွန်မရဲ့ အဖြစ်အပျက်ကို သင်ခန်းယူပါ။ မိန်းကလေးတွေအနေနဲ့ တစ်ခြားသူတွေကို မျက်လုံးစုံပိတ်ပြီး မယုံကြည်လိုက်ပါနဲ့”

    Ref: Reuters

    (Reuters သတင်းဌာနတွင် ဖော်ပြထားသည့် Trafficked to China to marry, a Myanmar woman hopes to save others from same fate ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)