News @ M-Media
Tag: indonesia muslim
  • အင်ဒိုတွင် လူတစ်ဦး ဟဂ်ျပြုခွင့်ရရန် ၃၇ နှစ် စောင့်ရမည်
    အင်ဒိုတွင် လူတစ်ဦး ဟဂ်ျပြုခွင့်ရရန် ၃၇ နှစ် စောင့်ရမည်
    ဇွန် ၂၅၊ ၂၀၁၆
    M-Media
    haj
    – အင်ဒိုနီးရှားနိုင်ငံက ဟဂ်ျဘုရားဖူးခရီးသွားဖို့ စောင့်ဆိုင်းနေရတဲ့စာရင်းမှာ လူပေါင်း ၂.၃ သန်းလောက်ရှိနေပြီး လူတစ်ယောက် ဟဂ်ျဘုရားဖူးခရီးသွားနိုင်ဖို့အတွက် ၃၇ နှစ်လောက် စောင့်ရဖို့ရှိနေတယ်လို့ အင်ဒိုနီးရှား ဟဂ်ျနဲ့ အွမ္မရာဆိုင်ရာ ဥက္ကဌ အက်စ်မိုရိုက ပြောကြားလိုက်ပါတယ်။
    အစ္စလာမ်ဘာသာဝင် သန်း ၂၂၀ ရှိတဲ့ အင်ဒိုနီးရှားဟာ ကမ္ဘာ့မွတ်စလင်အများဆုံးရှိတဲ့ တိုင်းပြည်ဖြစ်တာနဲ့အညီ ဟဂ်ျပြု လုပ်လိုတဲ့ ပမာဏ ကြီးမားမှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။ အက်စမိုရိုကတော့ ဟဂ်ျပြုလိုသူတွေအနေနဲ့ အစိုးရရဲ့ ဟဂ်ျပြုခွင့်ရသူစာရင်းထဲမှာ ပါဝင်ဖို့ သူတို့ရဲ့ အမည်တွေကို စာရင်းသွင်းထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
    “ဟဂ်ျပြုခွင့်ရဖို့စောင့်ရတဲ့ ပျှမ်းမျှကြာချိန်ဟာ ၃၇ နှစ်လောက်ရှိပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်နည်းပြီး သိပ်စောင့်စရာမလိုတဲ့ အွမ္မရာကို လျှောက်ထားသူ ပိုများလာပါတယ်”
    အင်ဒိုနီးရှားမှာ ခရီးသွားအေဂျင်စီပေါင်း ၃၅၀၀ လောက်ရှိပေမယ့် အဲဒီအထဲကမှ ၆၆၈ ခုသာ အွမ္မရာခရီးစဉ် ၀န်ဆောင်မှုပေးဖို့အတွက် ခွင့်ပြုချက်ရထားတယ်လို့ အက်စ်မိုရိုက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဟဂ်ျခရီးစဉ်ဝန်ဆောင်မှုပေးဖို့ ဆော်ဒီ ဟဂ်ျနဲ့ အွမ္မရာဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ခရီးသွားအေဂျင်စီတွေကတော့ ၂၀၀ လောက်သာရှိပါတယ်။
    Ref: IINA
  • ကုရ်အာန်တစ်ခန်း ရွတ်ဖတ်ပါက ဓာတ်ဆီ ၂ လီတာ ချီးမြှင့်သည့် လှုပ်ရှားမှု အင်ဒိုနီးရှား စတင်
    ကုရ်အာန်တစ်ခန်း ရွတ်ဖတ်ပါက ဓာတ်ဆီ ၂ လီတာ ချီးမြှင့်သည့် လှုပ်ရှားမှု အင်ဒိုနီးရှား စတင်
    ဇွန် ၂၀၊ ၂၀၁၆
    M-Media
    – ရမ်ဇာန်ဥပုသ်အတွင်းမှာ ကောင်းမှုကုသိုလ်တွေ ဆောင်ရွက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကုရ်အာန်ကျမ်းတော်မြတ် တစ်ခန်းရွတ်ဖတ်သူတိုင်းကို ဓာတ်ဆီ ၂ လီတာ အခမဲ့ပေးအပ်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံတော်ပိုင် လောင်စာကုမ္ပဏီ Pertamina က ကြေငြာထားပါတယ်။
    အဲဒီလှုပ်ရှားမှုကို အကောင်အထည်ဖော်ဖို့အတွက် Pertamina က ဖွင့်လှစ်ထားတဲ့ ဓာတ်ဆီဆိုင် ငါးခုမှာ ၀တ်ပြုခန်းများကို ဖန်တီးပေးထားပြီး၊ လှုပ်ရှားမှုကို စီစဉ်သူများကတော့ လူ့အဖွဲ့အစည်းအတွင်း အစ္စလာမ့်ရေးရာများကို မြှင့်တင်လိုတဲ့ ရည်မှန်းချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။
    ပါဝင်လိုသူများအနေနဲ့ စာရင်းသွင်းဖောင်တစ်ခုကို ဖြည့်စွက်ရပြီး၊ ၀တ်ပြုခန်းအတွင်းက ကုရ်အာန်ကျမ်းတော်မြတ်ကိုယူကာ မည်သည့်အခန်းကဏ္ဍတစ်ခုကိုမဆို ဖတ်ရွတ်ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ရိုသားမှုကိုသာ အခြေခံတာဖြစ်ပြီး စီစဉ်သူများက ကုရ်အာန်ဖတ်ရွတ်နေစဉ်အတွင်း ယင်းပုဂ္ဂိုလ်ကို လုံးဝ စောင့်ကြည့်နေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
    ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်မှာ အဓိက သယ်ယူပို့ဆောင်ရေးယာဉ်ဟာ မော်တော်ဆိုင်ကယ်ဖြစ်ပြီး ဓာတ်ဆီ ၂ လီတာကတော့ ဆိုင်ကယ်ဆီတိုင်ကီတစ်ဝက်လောက်ကို ပြည့်စေမှာဖြစ်ပါတယ်။
    Ref : IINA
  • ISIS အယူဝါဒကိုတွန်းလှန်မည့် အင်ဒိုအစ္စလာမ်အဖွဲ့အစည်း
    ISIS အယူဝါဒကိုတွန်းလှန်မည့် အင်ဒိုအစ္စလာမ်အဖွဲ့အစည်း
    ဒီဇင်ဘာ ၄၊ ၂၀၁၅
    M-Media
    ၂၀၁၁ ခုနှစ် ဇူလိုင် ၁၇ ရက် ဂျကာတာမြို့ နဒ်လသုလ် အိုလမာ အဖွဲ့ကြီး၏ ၈၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် အဖွဲ့ဝင်များမှ အင်ဒိုနီးရှားရိုးရာ ကိုယ်ခံပညာသရုပ်ပြနေပုံ။ နဒ်လသုလ် အိုလမာအဖွဲ့ကြီးသည် အင်ဒိုနီးရှား၏အကြီးမားဆုံး မွတ်စ်လင်မ်အဖွဲ့အစည်းဖြစ်သလို ကမ္ဘာ့အင်အားအကြီးဆုံး လွတ်လပ်သော အစ္စလာမ့်အဖွဲ့အစည်းလည်းဖြစ်ပြီး အဖွဲ့ဝင်အင်အား သန်း ၅၀ ထိ ရှိသည်။
    – အင်ဒိုနီးရှားမှ အင်အား သန်း ၅၀ ရှိ ကမ္ဘာ့အကြီးဆုံး စွန္နီအုပ်စုကြီးသည် ကမ္ဘာလုံးဆိုင်ရာ အစွန်းရောက်ဝါဒ ဆန့်ကျင်ရေးလှုပ်ရှားမှုကို စတင်လိုက်ပြီဖြစ်သည်။
    IS ဖြစ်စေ၊ အလ်ကိုင်ဒါဖြစ်စေ၊ အခြားအကြမ်းဖက်အုပ်စုဖြစ်စေ အစ္စလာမ်၏အမည်နာမကို သုံး၍ အကြမ်းဖက်လုပ်ရပ် ကျူးလွန်လာသည့်အခါတိုင်း “မွတ်စ်လင်မ်ကမ္ဘာက ဘာလုပ်နေကြသလဲ” ဟူသော မေးခွန်းမျိုး ထွက်ပေါ်လာလေ့ရှိ၏။
    စင်စစ်မှာမူ ကမ္ဘာ့မွတ်စ်လင်မ်အသိုင်းအ၀ိုင်း၌ အစွန်းရောက်ဆန့်ကျင်ရေး ကြိုးပမ်းအားထုတ်မှုများ အလျှံပယ် ရှိနေကြပါသည်။ မွတ်စ်လင်မ်ခေါင်းဆောင်များ၊ ပညာရှင်များက IS အဖွဲ့အား ၀ိုင်းဝန်းရှုတ်ချခဲ့ကြသည်၊ ဗြိတိန် မွတ်စ်လင်မ်လူငယ်များအဖွဲ့ချုပ်ကလည်း အစွန်းရောက်ဝါဒအား မူဝါဒအရ စစ်ဆင်နွှဲရန် ကြေငြာထားသည်။ YouTube ၌လည်း အစွန်းရောက်အကြောင်းခြင်းရာများအား တန်ပြန်တုန့်ပြန်ရေးအတွက် အမေရိကန်မွတ်စ်လင်မ်များကို အင်အားဖြည့်ထားသည်။
    အလားတူပင် ကမ္ဘာ့မွတ်စ်လင်မ်လူဦးရေအများဆုံးဖြစ်သော အင်ဒိုနီးရှားတွင်လည်း အစွန်းရောက်ဆန့်ကျင်ရေးလှုပ်ရှားမှုကို တအုံတကျင်း ဆောင်ရွက်နေလျက်ရှိကြောင်း တွေ့ရပေမည်။
    ၁၉၂၆ ခုနှစ်က စတင်တည်ထောင်ခဲ့သော နဒ်လသုလ် အိုလမာ NU သည် အဖွဲ့ဝင်အင်အား သန်း ၅၀ ရှိ ကမ္ဘာ့အကြီးမားဆုံး စွန္နီမွတ်စ်လင်မ်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဘာသာရေးအရလည်းကောင်း နိုင်ငံရေးအရလည်းကောင်း လူမှုရေးအရလည်းကောင်း အခြားစွန္နီလှုပ်ရှားမှုဖြစ်သည့် ၀ဟာဘီဝါဒအား တုန့်ပြန်ရေးအတွက် ဤအဖွဲ့အစည်း ပေါ်ပေါက်လာသည်မှာ နှစ်ပေါင်း ၉၀ နီးပါး ရှိနေလေပြီ။
    NU ၏ ရည်မှန်းချက်ပန်းတိုင်မှာ တစ်ယူသန်ဝါဒ၊ အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒတို့အား ဟန့်တားနိုင်ရန် အစ္စလာမ်၏ ငြိမ်းချမ်းတည်ကြည်မှု သတင်းစကားကို ဖြန့်ချိပေးရေးဖြစ်သည်။ အဆိုပါအယူဝါဒများသည် အစ္စလာမ့်သွန်သင်ချက်တို့ကို တလွဲတချော်ဖွင့်ဆိုမှုများမှ စီးဆင်းလာသည်ဟု ယင်းအဖွဲ့က ဆိုသည်။ NU အဖွဲ့က ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အစွန်းရောက်ဆန့်ကျင်ရေးလှုပ်ရှားမှုခြေလှမ်းကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည်။
    ထိုအဖွဲ့၏လှုပ်ရှားမှုကို မကြာသေးမီကဖြစ်ပွားခဲ့သော ပဲရစ်တိုက်ခိုက်မှုအားဖြင့် အရှိန်မြှင့်တင်လိုက်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အင်ဒိုနီးရှားနိုင်ငံ မာလန်မြို့တွင် ကျင်းပသော သုံးရက်တာကွန်ဖရင့်၌ NU ဒုဥက္ကဋ္ဌ Jusuf Kalla က အဆိုပါအကြမ်းဖက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချခဲ့သည်။
    ၉/၁၁ တိုက်ခိုက်မှုဂယက်ဖြင့် ၂၀၀၂ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ ဦးစီးဆောင်ရွက်သော တစ်ယူသန်ဝါဒ ဆန့်ကျင်ရေးပရောဂျက်နောက်တစ်မျိုးဖြစ်သည့် “အပြည်ပြည်ဆိုင်ရာအစ္စလာမ့်ပညာရှင်များကွန်ဖရင့်” မှ အဆိုပါ သုံးရက်တာကွန်ဖရင့်အား ကျင်းပခဲ့ခြင်းဖြစ်သည်။ “အဲ့ဒီ အကြမ်းဖက်တိုက်ခိုက်မှုမျိုးဟာ ဘာသာရေးနဲ့ အလျဉ်း မသက်ဆိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလုပ်ဆောင်ချက်တွေက အစ္စလာမ်သာသနာ(လမ်းစဉ်)နဲ့ မကိုက်ညီလို့ဖြစ်ပါတယ်” ဟု Kalla က ပြောကြားသည်။
    NU ကို ကမ္ဘာ့အမြင်ဖြင့် ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။ ၎င်း၏ နိုင်ငံတကာလှုပ်ရှားမှုများဆိုင်ရာ ဋ္ဌာနချုပ်တစ်ခုကို “ဘိုင်းသုရ် ရဟ်မဟ်” အမည်ဖြင့် အမေရိကန်၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ Winston-Salem ၌ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း ဖွင့်လှစ်ခဲ့သည်။ ၎င်းက လာမည့် ၂၀၁၆ နွေဦးရာသီ၌ ၀ါရှင်တန်ဒီစီတွင် “ယဉ်ကျေးမှုဆိုင်ရာ နှီးနှောဖလှယ်ရေး အပြည်ပြည်ဆိုင်ရာကွန်ဖရင့်” တစ်ရပ် ကျင်းပနိုင်ရန် စီစဉ်နေကြောင်း NU ၏အတွင်းရေးမှူးချုပ် ယဟ်ယာ ချိုလိလ် စတာကုဖ်က Huffington Post သို့ ပြောကြားသည်။
    အင်ဒိုနီးရှားတွင်လည်း ထိုအဖွဲ့က “ကြိုတင်ပြင်ဆင်ကာကွယ်ရေးစင်တာ” တစ်ခုအား တည်ဆောက်လျက်ရှိသည်။ ၎င်း၌ (တလွဲ)ဂျိဟာ့ဒ်ဝါဒဖြန့်မှုအား ယှဉ်ပြိုင်ရင်ဆိုင်နိုင်ရန် အရဗီစကားပြောကျောင်းသားများကို ကျမ်းဂန်ပညာရှင်များဖြင့် အနီးကပ်သင်တန်းပေးမည်ဖြစ်သည်။ ၎င်းအပြင် သြစတြီးယားမှ ဗီယင်နာတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှု ပရိုဂရမ်ဖြစ်သော VORTEX – The Vienna Observatory for Applied Research on Radicalism and Extremism ကိုလည်း စီမံထားပြီးဖြစ်သည်။
    ပြည်တွင်းလုံခြုံရေး ၀န်ကြီးဋ္ဌာနမှ ရံပုံငွေထူထောင်ပေးထားသည့် အဆိုပါ လုပ်ငန်းစဉ်မှ တစ်ယူသန်အတွေးအမြင်များအပေါ် တန်ပြန်ဟောပြောပို့ချမှုတို့ကို မွေးထုတ်ပေးမည်ဖြစ်ပြီး ကမ္ဘာ့အနှံ့ ဖြန့်ချိရန် ရည်ရွယ်ထားကြောင်း၊ သို့သာမက NU သည် ဆွီဒင်၊ ဗြိတိန်အစိုးရတို့နှင့်အတူ အနာဂတ်စီမံချက်များအတွက် ပူးပေါင်းလုပ်ဆောင်ဦးမည်ဖြစ်ကြောင်း၊ “တစ်ကမ္ဘာလုံးမှာ တစ်ယူသန်အစွန်းရောက်မှု အန္တရာယ်ရှိနေတာကို ကျွန်တော်တို့ သိပြီဆိုရင် တစ်ကမ္ဘာလုံးက ကျွန်တော်တို့နဲ့အတူ စုစည်းညီညွတ်စွာနဲ့ အဲ့ဒါကို ပြောင်းလဲနိုင်ဖို့ လိုအပ်နေပါတယ်” စကားဖြင့် စတာကုဖ်မှ ပြောကြားသည်။
    အင်ဒိုနီးရှားနိုင်ငံထဲမှာပင် အစွန်းရောက်ဝါဒ တန်ပြန်မှုစနစ် လိုအပ်နေရကား NU ၏ ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်အပေါ် ပြည်တွင်းမှ စိုးရိမ်နေမှုများ ရှိနေကြသည်။ မကြာသေးမီနှစ်များအတွင်း အင်ဒိုနီးရှားရှိ ဇိမ်ခံဟော်တယ်များ၊ ကမ်းခြေအပန်းဖြေစခန်းများအပါအ၀င် နေရာအချို့၌ ကြောက်စရာ အကြမ်းဖက်တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရသည်။ သို့သော် မိမိတို့၏ကမ်ပိန်းမှာ ပြည်တွင်း၊ ပြည်ပ တစ်ယူသန်များထံသို့ တန်းတူအကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း NU ကဆိုသည်။
    အရှေ့အလယ်ပိုင်းဒေသသားများထက် သဟဇာတဖြစ်မှု၊ အလယ်အလတ်ဖြစ်မှု၌ သာလွန်သည်ဟု သတ်မှတ်ခြင်းခံထားရသော အင်ဒိုနီးရှားမွတ်စ်လင်မ်တို့၏ တမူထူးခြားချက်များကို ပြည်တွင်း၊ ပြည်ပ နှစ်ရပ်လုံးတွင် ဖြန့်ဖြူးကြဖို့ NU က တိုက်တွန်းထား၏။
    အင်ဒိုနီးရှားသည် အစွန်းမရောက် အလယ်အလတ်မွတ်စ်လင်မ်လူဦးရေ အများပြားဆုံး နေထိုင်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။ NU အဖွဲ့ဝင် – နိုင်ငံတွင်း အကြီးမားဆုံး မွတ်စ်လင်မ်ဓမ္မဆရာများအဖွဲ့ဖြစ်သည့် အင်ဒိုနီးရှားပညာရှင်များကောင်စီမှ အင်ဒိုနီးရှားပြည်တွင်းထဲမှာပင် အလယ်အလတ်လမ်းစဉ်တရားများ ဟောပြောပို့ချမည့် ဓမ္မကထိက ငါးသောင်းကို စေလွှတ်သွားမည်ဟု နိုဝင်ဘာ ၁၄ ရက်က ကြေငြာခဲ့သည်။
    ၂၀၁၂ ခုနှစ်ထုတ် Indonesian Policy Journal Strategic Review ဂျာနယ်မှဆောင်းပါးတစ်ရပ်၌ အင်ဒိုနီးရှားမွတ်စ်လင်မ်တို့၏ အများဆိုင်ဝါဒသည် ကမ္ဘာ့ဇာတ်ခုံပေါ်တင်ဆက်နိုင်သော အကြီးစားအတွေးအမြင်ဖြစ်သည်ဟု ညွှန်းပြထားသည်။ အင်ဒိုကျွန်းနိုင်ငံတွင် မွတ်စ်လင်မ်တို့သည် လူများစုဖြစ်သော်လည်း သူတို့ထက်ရှေးကျသော ဟိန္ဒူဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင်များနှင့် အတူယှဉ်တွဲနေထိုင်လျက်ရှိကြသည်။ မွတ်စ်လင်မ်တို့၏ ထုံးတမ်းဓလေ့များကို ဗဟိုပြုထားသော်လည်း အင်ဒိုနီးရှား၏ အမျိုးသားရေးဆောင်ပုဒ်မှာ “မတူကွဲပြားမှုများထဲ၌ စုစည်းညီညွတ်ခြင်း” ဟူ၍ ဖြစ်၏။ နှစ်ပေါင်း ၅၀၀ စွန္နီဝါဒစစ်စစ်ကို အခြေခံထားသော ၎င်းဝါဒက အကြမ်းမဖက်ရေး၊ မေတ္တာထားရှိရေးကဲ့သို့သော ဟိန္ဒူ-ဗုဒ္ဓ၏ ဓမ္မယုံကြည်ချက်များကို အထူးအလေးထားကြ၏။
    NU မှတင်ဆက်သော The Divine Grace of Islam Nusantara အမည်ရှိ မိနစ် ၉၀ စာ ပညာပေးရုပ်သံတွင် ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်(တမန်တော့်သြ၀ါဒတော်များ)အပေါ် IS အဖွဲ့၏ (လိုရာဆွဲ)ဖွင့်ဆိုချက်များကို အင်ဒိုနီးရှား အစ္စလာမ့်ပညာရှင်များက ချက်ကျလက်ကျ ဝေဖန်၍ ရှုတ်ချထားကြသည်။ ၎င်း၌ NU ၏ အကြမ်းဖက်ဆန့်ကျင်ရေးအစီအမံနှင့်ပတ်သက်ပြီး အင်ဒိုနီးရှား အစ္စလာမ်ပညာရှင်များကောင်စီ ICIS အတွင်းရေးမှူးချုပ် မုဇာဒီက “အထက်ပိုင်းအဆင့်မှာ ဓမ္မဆရာများက အကြမ်းဖက်ဝါဒရဲ့သန္ဓေရင်းမြစ်တွေအပေါ် ထိပ်တိုက်ရင်ဆိုင်တွန်းလှန်မယ့်အလုပ်ကို လုပ်ရပါမယ်။ အောက်ခြေအဆင့်မှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းတွေက သက်ဆိုင်ရာအလုပ်ကို လုပ်သွားရပါလိမ့်မယ်” ဟု ပြောကြားသွားသည်။
    (Ref : The Huffington Post Krithika Varagur ရေးသားသော World’s Largest Islamic Organization Tells ISIS To Get Lost ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုသည်။)
  • အင်ဒိုနီးရှားတွင် ကမ္ဘာ့အကြီးဆုံး အစ္စလာမ်လေ့လာရေးစင်တာကို တည်ဆောက်သွားမည်
    အင်ဒိုနီးရှားတွင် ကမ္ဘာ့အကြီးဆုံး အစ္စလာမ်လေ့လာရေးစင်တာကို တည်ဆောက်သွားမည်
    ဇွန် ၁၀၊ ၂၀၁၅
    M-Media
    indo
    – စစ်မှန်သည့် အစ္စလာမ့်သွန်သင်ချက်များ ကမ္ဘာတစ်ဝှမ်းသို့ ပြန့်နှံ့ရန် ဆောင်ရွက်မှုအဖြစ် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ အစ္စလာမ့်သင်ကြားရေးစင်တာကို တည်ဆောက်သွားမည်ဟု ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံး နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံက ကြေညာလိုက်သည်။
    “အစ္စလာမ့်ရေးရာ လေ့လာမှုအတွက် နိုင်ငံတကာစင်တာတစ်ခု တည်ဆောက်ဖို့ ကျွန်တော်တို့ဟာ မြေဧရိယာ ၂၀၀ ဟက်တာကို စီစဉ်သွားမှာပါ” ဟု ဒုတိယသမ္မတ ဂျူဆက်ဖ် ကာလ်လာက Antara သတင်းအေဂျင်စီသို့ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
    ထို့ပြင် ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ မိမိတို့နိုင်ငံအနေဖြင့် အစ္စလာမ်သာသနာ ပြန့်နှံရေးဆောင်ရွက်ရာတွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်သွားရမည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    “ဒီအတွက် ကျွန်တော် ကျေးဇူးတင်မိပါတယ်။ ကမ္ဘာပေါ်မှာ အစ္စလာမ်သာသနာ တိုးတက်ရာမှာ အင်ဒိုနီးရှားဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ရပါမယ်”
    မွတ်စလင်ကမ္ဘာတွင် ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းရာ၌ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရန်အတွက် မကြာသေးမီက ဘန်ဒေါင်တွင် ကျင်းပပြုလုပ်ခဲ့သော အိုအိုင်စီ၏ ၂၀၁၅ အာရှ-အာဖရိက ညီလာခံတွင် အစိုးရများက
    တိုက်တွန်းပြီးနောက် အင်ဒိုနီးရှားက ယခုအစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
    အဆိုပါ အစ္စလာမ်လေ့လာရေးစင်တာမှာ အီဂျစ်နိုင်ငံမှ နာမည်ကျော် အလ်-အဇ်ဟာရ်တက္ကသိုလ်ကဲ့သို့ အစ္စလာမ် သာသနာ့ရေးရာများကို သင်ကြားပို့ချသွားမည်ဖြစ်သည်။
    “တကယ်လို့ လူတွေဟာ အစ္စလာမ်နဲ့ပတ်သက်လို့ ပိုပြီး နက်နက်ရှိုင်းရှိုင်း သိချင်ရင် သူတို့ အင်ဒိုနီးရှားကို လာရုံပါပဲ” ဟု ဒုတိယသမ္မတက ထပ်လောင်းပြောကြားခဲ့သည်။
    အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံဖြစ်ပြီး လူဦးရေ ၂၃၇ သန်းတွင် ၈၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာာသာဝင်များ ဖြစ်ကြသည်။ ခရစ်ယာန်ဘာသာဝင်များမှာ နိုင်ငံလူဦးရေ၏ ၁၂ ရာခိုင်နှုန်း ရှိလေသည်။
    Ref: Onislam