News @ M-Media

Tag: INGO_In_Myanmar

  • စစ်တွေ ထောက်ပံ့ကူညီရေးရုံးများ တိုက်ခိုက်မှုအတွက် လူ ၁၂ ဦးကို ဖမ်းဆီးထား

    ဧပြီ ၂ ၊ ၂၀၁၄
    M-Media

    ပြီးခဲ့သည့် သီတင်းပတ်က ကုလသမဂ္ဂနှင့်နိုင်ငံတကာထောက်ပံ့ကူညီရေးအဖွဲ့ရုံးများကို တိုက်ခိုက်မှုနှင့်ဆက်နွှယ်နေသော သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးထားကြောင်း စစ်တွေမြို့ရဲဌာနမှ  ပြောကြားသည်။

    10154253_440532849426467_1958875672_n
    Photo: Facebook/Myanmar Police Force

    ယမန်နေ့က လူ ၁၂ ဦးကို ဖမ်းဆီးပြီး စေ့စပ်စွာ စစ်ဆေးမေးမြန်းနေကြောင်း၊ အကြမ်းဖက်မှုများအပေါ် ဆက်လက်စုံစမ်းထောက်လှမ်း၍ ထပ်မံဖမ်းဆီးရန်ရှိကြောင်း စစ်တွေရဲဌာနအုပ် ဦးထွန်းဦးက ဆိုသည်။

    “ သူတို့ကို စစ်ဆေးမေးမြန်းမှု၊ သူတို့ရဲ့ထွက်ဆိုမှုပေါ်မူတည်ပြီး ထပ်မံဖမ်းဆီးရမယ့်လူတွေ ရှိပါသေးတယ်။ ထွက်ဆိုဝန်ခံလိုက်တဲ့သူအချို့ကိုလည်း ချုပ်နှောင်ထားပါပြီ။ ဥပဒေချိုးဖောက်သူ မည်သူ့ကိုမဆို အရေးယူသွားမှာ ဖြစ်ပါတယ် ”။

    မတ်လ ၂၆ နှင့် ၂၇ ရက်က စစ်တွေမြို့တွင် ဗုဒ္ဓဘာသာဝင်ရခိုင်လူအုပ်များက ကုလသမဂ္ဂနှင့်နိုင်ငံတကာ NGO ရုံးများကို ဦးတည်တိုက်ခိုက်ခဲ့ကြရာ တစ်ဒါဇင်မကသော ရုံးအဆောက်အဦများ ပျက်စီးခဲ့သည်။ ထောက်ပံ့ရေးသိုလှောင်ရုံမှ ပစ္စည်းပစ္စယများ၊ လှေနှင့် သယ်ယူပို့ဆောင်ရေး ယာဉ်များကို အပြင်ထုတ်ဖျက်ဆီးပြီး ဒေသခံကူညီ ကယ်ဆယ်ရေး လုပ်သားအချို့ကိုလည်း ဆွဲထုတ်ခဲ့ကြသည်။

    နိုင်ငံခြားနှင့် မြန်မာလုပ်သား ၁၃၀ ခန့်ကို ရဲတပ်ဖွဲ့၏ အကာအကွယ်ပေး၍ စစ်တွေမှ လေယာဉ်ဖြင့် ထွက်ခွာစေခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာများ၌ တင်ပြသည်။ အဆိုပါ သောင်းကျန်း ဖျက်ဆီးမှုအတွင်း ရာနှင့်ချီသောလူများ ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင်များက တည်ငြိမ်မှု ထိန်းသိမ်းရန် အချက်ပေါင်း ၁၂၀ ကျော် သေနတ်ပစ်ဖောက်ခြောက်လှန့်ခဲ့ကြောင်း၊ ထိုသို့ ထိန်းသိမ်းနေစဉ် အခန့်မသင့်စွာဖြင့် ရခိုင် မိန်းမငယ်တစ်ဦး ကျည်သင့်သေဆုံးကြောင်း ဆိုထားသည်။ ထိုအချိန်မှစပြီး ရခိုင်အာဏာပိုင်များနှင့် သမ္မတဦးသိန်းစိန်တို့သည် ယင်းအရေးအား စုံစမ်းစစ်ဆေးရန် ကြေငြာလိုက်သည်။

    မတ်လ ၂၆ ရက်တွင် Malteser International ရုံးဝန်ထမ်းတစ်ဦးက သူမ၏အဖွဲ့ငှားရမ်း လုပ်ကိုင်နေသော အဆောက်အဦပေါ်မှ ဗုဒ္ဓဘာသာ သာသနာ့အလံအား ဖြုတ်ချပြီးနောက် ယင်းသို့ဖြစ်ပွားခဲ့သည်။ သူမသည် အလံအား မဖွယ်မရာပြုလုပ်သည် ဟူသော ကောလဟလမှာ တမဟုတ်ချင်း စစ်တွေတစ်မြို့လုံး ပျံ့နှံ့သွားသည်။ သူမသည် ထိုသို့မပြုမူခဲ့ကြောင်း Malteser International မှ ငြင်းဆိုလိုက်သည်။

    ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင် အုပ်စုများသည် ဒုက္ခသည် ရိုဟင်ဂျာ မွတ်စ်လင်မ်တို့ အတွက် နိုင်ငံတကာ ကယ်ဆယ်ထောက်ပံ့နေမှုများ အပေါ် အချိန်ကြာမြင့်စွာ အမျက်ထွက်လျက် ရှိနေခဲ့ကြသည်။ ကုလကျောထောက်နောက်ခံပြု  သန်းခေါင်စာရင်းကောက်ယူမှု၌ ရိုဟင်ဂျာများအား ၎င်းတို့လူမျိုးအမည် ရေးသွင်းခွင့်ပေးထားခြင်းက ထိုသူတို့၏ဒေါသအား ပိုမို ကြီးမားသွားစေ၏။ မွတ်စ်လင်မ်တို့သည် ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းလာကြသည့် ဘင်္ဂလီများဖြစ်သည်ဟု ရခိုင်လူမျိုးတို့က အချေအတင်ဆိုနေကြ၏။

    ရိုဟင်ဂျာ တစ်သိန်းလေးသောင်းခန့်အပေါ် စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဉ်များ ပြတ်တောက်သွားစေသော အဆိုပါ သောင်းကျန်းမှု၏နောက်တွင် မြန်မာအစိုးရသည် သန်းခေါင်စာရင်းကောက်ခံခြင်း နည်းစဉ်ကို အပြောင်းအလဲလုပ်ကာ ရိုဟင်ဂျာအမည်ဖြင့် စာရင်းသွင်းခြင်းကို လျစ်လျူရှုရန် ဆုံးဖြတ်ခဲ့သည်။

    မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၊ အမေရိကန် နှင့် ဥရောပသမဂ္ဂရုံးများက အဆိုပါ တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချလိုက်ပြီး သန်းခေါင်စာရင်းကောက်ခံပုံ အပြောင်းအလဲလုပ်သည့် အပေါ် စိုးရိမ်မကင်းရှိကြောင်း ဆိုထားသည်။

    By LAWI WENG
    The Irrawaddy

  • စစ်တွေ မငြိမ်သက်မှု လူစုခွဲရာ တစ်ယောက် သေဆုံး

    မတ် ၂၇ ၊ ၂၀၁၄
    BBC (မြန်မာပိုင်း)
    10153755_729383977081864_905730691_n
    စစ်တွေမြို့မှာ ဖြစ်ခဲ့တဲ့ မငြိမ်မသက် ဖြစ်မှုကြောင့် ရဲတွေက ခြောက်လှန့် ပစ်ခတ် လူစုခွဲရာမှာ အသက် ၁၁ နှစ်အရွယ် ကလေးမ တစ်ယောက် သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။

    စစ်တွေမြို့က အန်ဂျီအို ဝန်ထမ်း နိုင်ငံခြားသူ အမျိုးသမီးက သာသနာ့ အလံကို မဖွယ်မရာ ပြုလုပ်တယ် ဆိုပြီး အန်ဂျီအို ရုံးတွေကို စစ်တွေ ဒေသခံတွေက ခဲတွေ တုတ်တွေနဲ့ ဝိုင်းဝန်း ဖြိုဖျက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ထား ပါတယ်။

    တိုက်ခိုက်သူတွေဟာ အုပ်စုလိုက် အဖွဲ့တွေ ခွဲပြီး တိုက်ခိုက်ခဲ့တာကို ထိန်းသိမ်းဖို့ ခက်ခဲတဲ့အတွက် ညမထွက်ရအမိန့် ထုတ်ပြန်ရတာ ဖြစ်တယ်လို့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက ဘီဘီစီကို ပြောပါတယ်။

    မတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့က စတင် ဖြစ်ခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုဟာ ည ၁၂ နာရီ အကျော်ထိ ထိန်းမနိုင် သိမ်းမရ ဖြစ်လာတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်တွေ မိုးပေါ်ထောင် ပစ်ပြီး လူစုခွဲခဲ့ရပါတယ်။

    နောက်တစ်နေ့ ကြာသပတေးနေ့မှာလည်း မကျေနပ်တဲ့ သူတွေက မနက်ပိုင်းကနေ ညနေပိုင်းအထိ အန်ဂျီအိုတွေရဲ့ နေအိမ်တွေကို တိုက်ခိုက် ခဲ့ကြတဲ့အတွက် အန်ဂျီအိုရုံး အတော်များများ ပျက်စီးသွားခဲ့ရပါတယ်။

    လောလောဆယ် နိုင်ငံခြားသားတွေ အပါအဝင် အန်ဂျီအို ဝန်ထမ်းတွေကို အာဏာပိုင်တွေက မနက်ပိုင်းအထိ ရဲစခန်းမှာ ခေါ်ယူ ထားတယ်လို့ ရဲစခန်းကို ရောက်ရှိတုန်း အန်ဂျီအို မြန်မာဝန်ထမ်း တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ရုန်းရင်း ဆန်ခတ်မူတွေ ဖြစ်ပွားခဲ့တဲ့အတွက် စစ်တွေမှာ ဈေးတွေနဲ့ ဆိုင်ခန်းတွေကို ပိတ်ထားခဲ့ရပါတယ်။

    ဒါပေမယ့် ကုလသမဂ္ဂ ဘက်ကတော့ သာသနာ့အလံကို အန်ဂျီအို ဝန်ထမ်းက မဖွယ်မရာ ပြုလုပ်တယ် ဆိုတာဟာ မှန်ကန်မှု မရှိဘူး၊ ကောလဟာလ ပြောကြတာလို့ ဘီဘီစီကို ပြောပါတယ်။

    ရန်ကုန်မှာ ရှိတဲ့ အမေရိကန် သံရုံးက အခု လတ်တလော ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

    Photo Credit- Pho Zaw (ရဲအရာရှိ) FB မှ ကူးယူဖော်ပြပါသည်။

    http://www.bbc.co.uk/burmese/burma/2014/03/140327_sittwe_ngo_144.shtml

     

  • စစ်တွေက NGO ရုံးရှေ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်၊ အခြေအနေ မထိန်းနိုင်၍ သေနတ်ဖောက်ပြီး လူစုခွဲရ

    မတ် ၂၇ ၊ ၂၀၁၄

    1524590_762253577127552_865112570_n
    ဓါတ်ပုံ-Coral Arakan News

    စစ်တွေမြို့မှာ မာတေဇာ အန်ဂျီအိုရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာ အလံကို နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးက မဖွယ်မရာ ပြုလုပ်တယ်ဆိုတဲ့ သတင်းထွက် လာပြီးနောက် ရာနဲ့ချီ ရှိတဲ့ ဒေသခံတွေက ရုံးကို မနေ့ညနေက သွားဝိုင်းရာကနေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့ သေနတ် အချက်ပေါင်း အများအပြား ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။

    ထိခိုက်ဒဏ်ရတဲ့ သတင်းကိုတော့ မရရှိသေးပါဘူး။

    အခင်း ဖြစ်ပွားပုံ ကတော့ မာတေဇာလို့ ခေါ်တဲ့ နိုင်ငံတကာ အန်ဂျီအို တစ်ခုက အမေရိကန်သူ တစ်ဦးဟာ သူတို့ရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာအလံကို မဖွယ်မရာ ပြုလုပ်တယ်ဆိုပြီး သတင်း ထွက်လာရာကနေ ရာနဲ့ချီရှိတဲ့ ဒေသခံတွေဟာ မာတေဇာ ရုံးကို သွားဝိုင်းပြီး အဲဒီအမျိုးသမီးကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

    ညဉ့် ၁၁ နာရီကျော်ခန့်မှာ အခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။

    သေနတ်ပစ်ခတ်ပြီးတဲ့ နောက်ပိုင်းမှာ လူစုကွဲသွားခဲ့ပြီး အခြေအနေဟာ ငြိမ်သက် သွားခဲ့တယ်လို့ သိရပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ရွှေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခြေအနေတွေ မတည်မငြိမ် ဖြစ်နေချိန်မှာ ခုလို ရုန်းရင်းဆန်ခတ်မူ ဖြစ်ပွားပြီး သေနတ် ပစ်ခတ်ရတဲ့ အခြေအနေထိ ဖြစ်ခဲ့ရတဲ့ အတွက် အများပြည်သူတွေကတော့ အထူး ထိတ်လန့် စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်

    မွတ်စလင်ဆန့်ကျင်ရေး ဆိုရှယ်မီဒီယာ အကောင့်တွေနဲ့ စာမျက်နှာတွေမှာတော့ အဆိုနိုင်ငံခြားသူဟာ တူရကီနိုင်ငံသူ ဖြစ်တယ်ဆိုတဲ့ သွေးထိုးလှုံဆော်တဲ့ အရေးအသားတွေ ပြန့်နှံ့နေတာကို တွေ့ရပါတယ်။

    ၂၀၁၂ ခုနှစ် ဇွန်လ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်မြို့နယ် တော်တော်များများမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပေမယ့် ယခုလို လူစုလူဝေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်ခဲ့ပြီး အာဏာပိုင်တွေဘက်က သတိပေး အရေးယူမှု တစုံတရာ ပြုလုပ်တယ်ဆိုတာ သတင်းတွေမှာ မတွေ့ရပါဘူး။

    ကိုးကား BBC (မြန်မာပိုင်း)

  • BBC: အစိုးရရဲ့ ပိတ်ပင်မှုကို MSF ထိတ်လန့်အံ့သြ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄
    BBC (မြန်မာပိုင်း)

    140228163234_msf_myanmar_304x171_msf
    နိုင်ငံတကာ ကျန်းမာရေး စောင့်ရှောက်မှု ပရဟိတ အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF က မြန်မာပြည်ထဲက သူတို့ရဲ့ လုပ်ငန်းတွေ ဆက်လုပ်ကိုင်ခွင့် ရပ်နားထားဖို့ အစိုးရက ညွှန်ကြားခဲ့တာနဲ့ ပတ်သက်ပြီး အံ့အားသင့် တုန်လှုပ်မိတယ်လို့ ပြောလိုက်ပါတယ်။

    သူတို့ လုပ်ငန်းတွေ ရပ်လိုက်ဖို့ ရခိုင်ပြည်နယ် အစိုးရက ဗုဒ္ဓဟူးနေ့က အကြောင်းကြားခဲ့ပါတယ်။

    MSF ရဲ့ ရခိုင်ပြည်နယ်ထဲမှာ ပေးနေတဲ့ အကူအညီတွေဟာ ဘက်လိုက်မှု ရှိတယ်၊ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ သမ္မတရဲ့ ပြောခွင့်ရ ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

    မကြာခင်သေးခင် လပိုင်းတွေက စလို့ စစ်တွေနဲ့ တချို့ မြို့တွေမှာ ဒေသခံတွေက MSF နဲ့ နိုင်ငံတကာ အန်ဂျီအိုတွေ ရခိုင်ပြည်နယ်ထဲက ထွက်သွားဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်လာခဲ့ပါတယ်။

    MSF ကတော့ သူတို့ ပေးနေတဲ့ အကူအညီတွေဟာ နိုင်ငံတကာ စံနှုန်းတွေ၊ ဆေးကုသမှု ဆိုင်ရာ ကျင့်ဝတ်တွေ အတိုင်းပဲ လူမျိုး၊ ဘာသာ၊ ကျားမ ခွဲခြားမှု မရှိဘဲ ပေးနေတာ ဖြစ်ပြီး ရခိုင်ပြည်နယ်ထဲမှာ ဆိုရင် ငှက်ဖျားရောဂါ ခံစားနေရသူပေါင်း တစ်သန်းကျော်ကို ဆေးဝါး ကုသပေးခဲ့ပြီးပြီလို့ ဆိုပါတယ်။

    အစိုးရရဲ့ အမိန့်ကြောင့် သူတို့လုပ်ငန်းတွေ ရပ်ထားလိုက်ရတဲ့အတွက် MSF ဆေးခန်းတွေက ဆေးဝါး ရယူနေသူတွေ၊ ဆေးကုသမှု ခံယူနေသူတွေ သောင်းချီပြီး ကျန်းမာရေး စောင့်ရှောက်မှု မရတော့မှာ ကိုလည်း စိုးရိမ်ပါတယ်လို့ MSF ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    အခုလောလောဆယ်တော့ သူတို့ လုပ်ငန်းတွေ ပြန်လုပ်ခွင့်ပြုဖို့ MSF က အစိုးရနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။

    အခုလို နိုင်ငံတကာ အန်ဂျီအို တစ်ခုကို အရေးယူလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ ဖိအားပေးချင်တဲ့ လုပ်ရပ်အဖြစ် ဝေဖန်ခံရနိုင်ကြောင်း ဗဟုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ သုတေသီ ဦးအောင်သူငြိမ်းက ပြောပါတယ်။ တဖက်မှာလည်း အန်ဂျီအိုတွေ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူ တာဝန်ခံမှုနဲ့ အလုပ်လုပ်ကိုင်သင့်ပါတယ်လို့ သူက ပြောသွားပါတယ်။

    ဓါတ်ပုံအညွှန်း – ရခိုင်ပြည်နယ်ထဲက MSF ဆေးခန်းတခု (ဓာတ်ပုံ MSF Myanmar)

    Link =>http://www.bbc.co.uk/burmese/burma/2014/02/140228_msf_suspension.shtml