ဇူလိုင် ၂၈၊ ၂၀၁၅
M-Media
– အင်တာမီလန်အသင်း၏ ရာသီကြိုခြေစမ်းပွဲများတွင် အခြေအနေဆိုးရွားမှုနှင့်ပတ်သက်၍ နည်းပြ ရော်ဘတ်တို မန်စီနီက စိတ်မပူဟုဆိုပြီး မိမိတို့မှာ ယခုရာသီ စီးရီးအေဖလားအတွက် ဂျူဗင်တပ်စ်အသင်းအား စိန်ခေါ်သွားမည်ဟု ပြောကြားခဲ့သည်။
စနေနေ့က ကစားခဲ့သည့် မြို့ခံပြိုင်ဘက် အေစီမီလန်နှင့်ပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်အင်တာမှာ ယမန်နေ့က ရီးယဲလ်နှင့်ပွဲတွင်လည်း ၃ ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်။
သို့သော်လည်း မန်စီနီကမူ ပြီးခဲ့သည့်နှစ်က အဆင့် ၈ ဖြင့် ရာသီသိမ်းခဲ့သော အင်တာမီလန်မှာ တိုးတက်လာနေပြီး စကူဒက်တိုဖလားကိုပင် အရယူနိုင်စွမ်းရှိသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
“ရလဒ်တွေကို ပုံမှန် သဘောမကျတာကလွဲလို့ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အတောင့်အတင်းဆုံး အသင်းတွေထဲက တစ်သင်းနဲ့ ကစားခဲ့တယ်ဆိုတာ စဉ်းစားပြီး ပထမပိုင်းက စွမ်းဆောင်ရည်ကို ကျွန်တော် ကျေနပ်ပါတယ်။ အခုအချိန်မှာ ရလဒ်တွေဟာ အပြုသဘောမဆောင်ဘူးဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့အရာက စွမ်းဆောင်ရည်တွေကို ကြည့်ရတာပါပဲ။ ပြီးတော့
ပွဲတိုင်းမှာ ကျွန်တော်တို့ဟာ အသင်းလိုက် တိုးတက်ခဲ့ပါတယ်” ဟု ရီးယဲလ်နှင့်ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် စီးရီးအေဖလားအတွက် ဂျူဗင်တပ်စ်အသင်းသာ ရေပန်းစားနေသည်ဟု မန်စီနီက ၀န်ခံခဲ့သော်လည်း မိမိတို့အသင်း၌ ကစားသမားအားလုံး ကစားနိုင်ပါက မိမိတို့မှာလည်း ကောင်းမွန်စွာ ကစားနိုင်မည်ဟု ဆိုသည်။
“ကျွန်တော်တို့ရဲ့အနာဂတ်နဲ့ ကျွန်တော်တို့ရဲ့ ချန်ပီယံရှစ်အတွက် ကျွန်တော် ယုံကြည်နေပါတယ်။ ဆုဖလားအတွက် စိန်ခေါ်နိုင်တဲ့ ကစားသမားတွေ ကျွန်တော်တို့မှာ ရှိနေပါတယ်”
Ref: Goal