News @ M-Media

Tag: Interfaith

  • တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေး အတွက် အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲကျင်းပ

    မတ်လ ၃၀၊ ၂၀၁၃
    M-Media

    မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေး အတွက် အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲကျင်းပ

    Community Dialogue for Social Harmony & Stability in Myanmar
    Photo-DVB

    ရန်ကုန် ။      ။   မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ Myanmar Peace Center ၌ ယနေ့ မတ်လ ၃၀-ရက်၊ နေ့လည်(၂)နာရီတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

    ထိုဆွေးနွေးပွဲ၌ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် မငြိမ်သက်မှုများအား အေးချမ်းစွာ အဖြေရှာနိုင်ရန် ၀ိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

    မိတ္ထီလာအရေးကိစ္စအပါအ၀င် အခြားသောနေရာများ၌ ဖြစ်ပွားခဲ့သော မငြိမ်သက်မှုများနှင့်ပတ်သက်၍ တက်ရောက်လာသော အဖွဲ့များအားလုံးမှ ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ကြောင်းလည်း သိရသည်။

    “မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲ”မှ ကြေညာချက် –

    ၂၀၁၃-ခုနှစ်၊ မတ်လ (၂၈)ရက်နေ့က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပြောကြားခဲ့သည့် မိန့်ခွန်းကို လေးလေးနက်နက် ထောက်ခံအပ်ပါသည်။

    အထူးသဖြင့် နိုင်ငံတော်သမ္မတကြီး ပြောကြားသည့် “မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှု ကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီးအစွန်း ရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုး စီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင် လာမှုတွေကို ပပျောက်အောင် ကျွန်တော်တို့ အစိုးရအနေနဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပေဒများနှင့် အညီ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်” ဟူသည့် အဆိုအမိန့်ကို ထောက်ခံ ကြိုဆိုပါသည်။

    (၁)  ကျွန်ုပ်တို့မြန်မာနိုင်ငံအား“မတူကွဲပြားသည့်လူမျိုးဘာသာအမျိုးမျိုးတို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်သော ဒီမိုကရေစီအခြေခံသည့် ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီး” ဖြစ်အောင် ဆောင်ရွက်သွားရမည်မှာ နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ပါသည်။

    (၂) မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားပေါင်းစုံ၊ ကိုးကွယ်သည့် ဘာသာပေါင်းစုံတို့ သဟဇာတဖြစ်ဖြစ် အတူယှဉ်တွဲနေထိုင်သည့် သမိုင်းအစဉ်အလာကြီးသည့် နိုင်ငံတော်ဖြစ်ပါသည်။မြန်မာနိုင်ငံအတွင်းတွင်လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိသကဲ့သို့အယူဝါဒကွဲပြားသည့် ဘာသာဝင်များသည်လည်းအချင်းချင်းစာနာထောက်ထားလေးစားရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိပါသည်။

    (၃) ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေချိန်တွင် မိတ္ထီလာအပါအဝင် မြန်မာနိုင်ငံရှိ အခြားနေရာများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ၊ နိုင်ငံသားတို့၏ အသက် အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက် ရန်ရှာမှုများ၊ လူမျိုးဘာသာအပေါ်အခြေခံ၍ နိုင်ငံသားအချင်းချင်း ခွဲခြားဆက်ဆံမှုများ အားလုံးကိုဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏  အတားအဆီးများ အဖြစ်ကန့်ကွက် ဆန့်ကျင်သည်။

    (၄) လက်ရှိဖြစ်ပွားနေသောအဓိကရုဏ်းများပျံ့ပွားခြင်းကိုဟန့်တားနိုင်ရန်အတွက် နိုင်ငံတော် အစိုးရနှင့် အာဏာပိုင်များသာမက ဘာသာရေး ခေါင်းဆောင်များ၊ လူထု အဖွဲ့အစည်းများ၊ ဒေသခံလူထုများပါ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တာဝန်ရှိပါသည်။ ယခုတက်ရောက်လာသော ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ ထိုသို့ပူးပေါင်းဆောင်ရွက်ရန် ကတိပြုပါသည်။

    (၅) နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်ဖြစ်သည့် “ဥပဒေမဲ့ အကြမ်းဖက်ဆူပူမှုများကို နိုင်ငံတော်အစိုးရမှ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမည်” ဟူသည့်ကတိ ကို အပြည့်အဝ တာဝန်ယူ အကောင်အထည်ဖော်ရန် တိုက်တွန်းပါသည်။

    (၆) ယခုလက်ရှိအခြေအနေတွင် အဓိကရုဏ်းများမပျံ့နှံ့အောင် ချက်ချင်းလက်ငင်းလုပ်ဆောင်နိုင်ရန် အလွန် အရေးကြီးပါသည်။ သို့အတွက် ယနေ့တက်ရောက်လာကြသည့် ပုဂ္ဂိုလ်အသီးသီးနှင့် အဖွဲ့အစည်း များက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုပါသည်။

    (၇) ဖြစ်ပွားခဲ့သောအကြမ်းဖက်အဓိကရုဏ်းများကြောင့် အသက်အိုးအိမ် ဆုံးရှုံးမှုများ၊ ထိခိုက် နစ်နာမှုများ ရှိခဲ့ပြီးယင်းတို့မှတဆင့် ပေါ်ပေါက်လာခဲ့သော သံသယများ၊ မယုံကြည်မှုများနှင့် စိတ်ပိုင်းဆိုင်ရာနာကျင်မှုများကိုပြန်လည်ကုစားနိုင်ရန်အတွက်“မတူညီသော အသိုက်အဝန်းများ အကြား ယုံကြည်မှုပြန်လည်တည်ဆောက်ခြင်း နှင့် ပြန်လည်သင့်မြတ်ရေး” တို့ကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

    (၈) မတူညီသော လူမှုအသိုက်အဝန်းများအကြား သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်ရေးအတွက် ရေရှည်တည်တံ့မည့် အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်နိုင်ရေး တို့ကို အကောင်အထည် ဖော်ရာတွင် လူမှုလူတန်းစားအလွှာပေါင်းစုံအကြားပွင့်လင်းမြင်သာသည့် ဆွေးနွေး မှုများ (Community Dialogue) ဖြစ်ပေါ်လာရေးကို ယနေ့တက်ရောက်လာသော ပုဂ္ဂိုလ်အသီးသီးနှင့် အဖွဲ့အစည်း အားလုံးမှ ပူးပေါင်း လုပ်ဆောင်သွားမည်။

    (၉) ပူးတွဲကြေညာချက်တွင် ပါဝင်လက်မှတ်ရေးထိုးကြသူများသည် ပြည်သူလူထုအကြား ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးမူကို ပျံ့နှံ့လက်ခံအောင် စည်းရုံး လုပ်ဆောင်သွားရန် သဘောတူသည်။

    (၁၀) ဘာသာပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးနှင့် ပတ်သက်သည့် ပညာပေး ဆွေးနွေးမှုများနှင့်ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန် သဘောတူသည်။

    ကိုးကား – နိုင်ငံသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ် ( FB မှ)

  • လူငယ်တွေ ဦးဆောင်စီစဉ်တဲ့ “Pray For Myanmar”ဆုတောင်းပွဲ မှ အသံများ

    မတ်လ ၂၉၊ ၂၀၁၃
    M-Media
    သတင်း- ပသီဆောင်းနှင်းမှုံ

    ဘာသာပေါင်းစုံ လူငယ်များ ပူးပေါင်း၍ Pray For Myanmar ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကို မတ်လ ၂၈ နေ့က  ရန်ကုန်မြို့ YCDC ခန်းမ၌  နေ့လည်၂း၀၀ မှ ၅း၀၀ ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    P6250038
    အဆိုပါ အခမ်းအနားကို စတင်ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် နိုင်ငံတော် အလံအား အလေးပြုခြင်း၊ Pray For Myanmar ပွဲစီစဉ် ရသည့် အကြောင်း အကျဉ်းချုပ် ကိုဦးသက်ဆွေဝင်းမှ ရှင်းလင်း တင်ပြခြင်း ဘာသာကြီးလေးဘာသာမှ ငြိမ်းချမ်းရေးတရား ဒေသနာများ ပြောကြားခြင်းနှင့် ငြိမ်းချမ်းရေး အတွက် ဆုတောင်းခြင်း၊ ဘာသာကြီးလေးဘာသာမှ လူငယ်များမှ ငြိမ်းချမ်းရေး စကားပြောကြားခြင်း၊ ငြိမ်းချမ်းရေး  ကဗျာများ ရွတ်ဖတ်ခြင်း၊၈၈ကျောင်းသား များမှ ငြိမ်းချမ်းရေး စကားပြောကြားခြင်း၊များ ပြုလုပ်ခဲ့သည်။

    အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ကိုဦးသက်ဆွေဝင်းမှ “ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကို အထိခိုက် အပျက်အဆီး မခံချင်ကြပါဘူး။ ပဋိပက္ခတွေ ဖန်းတီးပြုလုပ်နေသူတွေရဲ့ သွေးထိုးလှုံဆော်မူတွေကို ကျွန်တော်တို့ အားလုံး  လက်မခံဘဲ တိုက်ဖျက်ဖို့ လိုပါတယ်။ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့  မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေအောက်မှာ တပြေးညီဖြစ်နေဖို့ လိုပါတယ်။ အခြေခံဥပဒေမှာ ပြဌါန်းထားတဲ့ နိုင်ငံသား အခွင့်အရေးနှင့် အညီ ဘာသာပေါင်းစုံ လူငယ်တွေ ဘာသာပေါင်းစုံကို သက်ဝင်ယုံကြည် ကြတဲ့ ပြည်သူတွေ အားလုံးက အကာအကွယ်ရထားဖို့လည်း လိုအပ်ပါတယ်။ကျွန်တော်တို့ ဒီပွဲကို ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းပြပါရစေ။ ကျွန်တော်တို့ရဲ့ နောက်ခံမှာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းမှ မရှိပါဘူး။

    ကျွန်တော်တို့ လူငယ်တွေ ကိုယ်ဟာကိုယ် တွေးကြတယ်၊ စုစည်းကြတယ်၊ ကျွန်တော်တို့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာပြည်အတွက် ဘာတွေလုပ်ပေးနိုင်လဲ ဆိုပြီးတော့ ကျွန်တော်တို့ မုန့်ဖိုးတွေ စုပြီး ဒီပွဲကို စီစဉ်ရခြင်း ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ဗုဒ္ဒဘာသာမှ ငြိမ်းချမ်းရေး တရားကို ဆရာတော် ဦးကောဏိည မှ ဟောကြားရာတွင်-

    “ညီညာစုပေါင်း
    အောင်ကြောင်း မှတ်ပါ။
    ဒေါသတရား ရှောင်ရှား သူဌါ
    မေတ္တာတရား ပွားများ သူဌါ
    တစ်ယောက်နဲ့ တစ်ယောက် မေတ္တာထားရင် အခုလို ဖြစ်ပါ့မလား
    အချင်းချင်း ညီညီညာညာ နေကြပါ ခုနေချိန်ခါမှာ အိမ်တစ်လုံး ဖြစ်ဖို့ လွယ်ပါ့မလား ”

    ဟုထည့်သွင်းပြောကြားခဲ့သည်။

    အစ္စလာမ်ဘာသာမှ အာလ်ဟဂ်ျ ခလီဖာ ဦးအေးလွင်မှ ငြိမ်းချမ်းရေးတရားဟောကြားရာတွင် “ဒီအခမ်းအနားလေးကို ဘာသာပေါင်းစုံက လူငယ်လေးများက ဘယ်သူရဲ့ စေ့ဆော်မှုမှ မပါဘဲနဲ့ လူသားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ပေါ်လွင်စွာဖြင့် ဒီလိုကိစ္စရပ်တွေ မဖြစ်သင့် မဖြစ်အပ်ဘူးဆိုပြီးတော့ ကိုယ့်အသိ ကိုယ့်ဆန္ဒတွေနဲ့ လူငယ်တွေက ဒီအဖျက်လုပ်ငန်းကိုတော့ဖြင့် လက်ရည်တပြင်တည်း အတွဲညီညာစွာဖြင့် တိုက်ဖျက်မယ်ဆိုတာဟာ အကြမ်းဖက် သမားတွေအတွက် အမင်္ဂလာနဲ့ ပြည့်စုံတဲ့ မြင်ကွင်းကြီး တစ်ခု ဖြစ်မှာ ဖြစ်ပါတယ်။ဒါတွေကို အဖျက်အင်အားစုတွေ သဘောပေါက်အောင် မီဒီယာများက မီးမှောင်ထိုးပြပေးပါလို့ မေတ္တာရပ်ခံပါတယ် ”ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။

    ခရစ်ယာန်ဘာသာမှ ကျောင်းထိုင်ဆရာတော်ကြီး သိက္ခာတော်ရ ရယ်လ်ဂျီနယ်လ် ဘန်နတ်သ် ကလည်း ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ အားလုံး တပြေးညီတည်း တစ်ပုံစံတည်း ဖြစ်ရေးကို လုံးဝလက်မခံပါဘူး။မတူညီတဲ့ အရောင်တွေ၊ ကွဲပြားမူတွေ ထဲက ရတဲ့စည်းလုံး ညီညွှတ်မူတွေက ပိုပြီး အားဖြစ်စေပါတယ်။တခါတုန်းက အရမ်းအေးတဲ့ ရွာကြီး တစ်ရွာမှာ ကလေးလေးတွေဟာ ဆောကစားနေကြတယ်။ မှောင်သွားတဲ့ အချိန်မှာ ကလေးလေးတွေဟာ အိမ်ပြန်သွားကြတယ်။ အဲဒီမှာ ကလေးမလေး တစ်ယောက် ကျန်ခဲ့တယ်။ဒါနဲ့ ဘယ်သူ ဘယ်ပါရဲ့ သားသမီးကတော့ဖြင့် ပျောက်နေတယ် ဆိုပြီး ရွာသားတွေဟာ မီးတုတ်တွေနဲ့ လယ်ကွင်းထဲ ၀ိုင်းရှာကြတယ်။ တစ်နာရီလောက် ကြာသွားတယ် မတွေ့ဘူး။အဲဒီမှာ လူတစ်ယောက်က ဖြတ်သွားရင်းနဲ့ဘာဖြစ်လို့လဲ လို့မေးတယ်။ကလေး တစ်ယောက် ပျောက်နေလို့ရှာနေတာ ဆိုတော့ ဒီလို မရှာကြပါနဲ့။အားလုံး အတူ လက်တွဲပြီး ရှာကြပါလို့လှမ်းအော်ပြောတယ်။ ဒါနဲ့ အားလုံး စုစုစည်းစည်းနဲ့ တပြေးညီ လျှောက်ကာ လက်တွဲပြီး ရှာလိုက် ကြတာ  ငါးမိနစ်မကြာဘူး ကလေးလေးကို ယာထဲမှာ ခွေခွေလေး အသက်မရှိတော့ဘူး တွေ့သွားကြတယ်။ငါတို့တွေသာ တစ်နာရီလောက် စောပြီး ခုလို လက်တွေတွဲပြီး ရှာခဲ့ကြမယ်ဆိုရင် ဒီကလေးလေး သေမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ဒီပုံပြင်လေးဟာ ဘာကိုပြသလဲ ဆိုရင် လက်တွဲခြင်း၊ စည်းလုံးခြင်း၊ ညီညွှတ်ခြင်းက အောင်မြင်ခြင်း အသက်ရှင်ခြင်း ကိုပေးပါတယ် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဟိန္ဒူဘာသာမှ ဆရာကြီးဦးအောင်နိုင်မှ ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ လူဆိုတာ စဉ်းစာဆင်ခြင် ဥာဏ်ရှိပါတယ်။ ဒီကိစ္စတွေ ဖြစ်နေတာဟာ သွေးထိုး လှုံဆော်မူတွေ ရှိနေပါတယ်။တမင် ဖန်တီးနေတာပါ။ ကျွန်တော်တို့တွေ ဆုတောင်းနေရုံနဲ့မလုံလောက်တော့ပါဘူး။ အထူးပြောချင်တာက အခု ကိစ္စသည် ပယောဂါကြောင့် မလိုလားအပ်သော ဘယ်ကမှန်း မသိသော ပုဂ္ဂိုလ်ရဲ့ လှုံဆော်မူကြောင့် ဖြစ်ပါတယ်။ဒါကို ကျွန်တော်တို့တွေက အားလုံး သဘောပေါက်ပြီး ရင်ဝယ်ပိုက်ထားပြီ ညီညီညွှတ်ညွှတ်နေကြဖို့ လိုပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ၈၈ကျောင်းသား အဖွဲ့ မှ ငြိမ်းချမ်းရေး စကားပြောကြားရာတွင် “ အသွင် ကူးပြောင်းရေး ကာလမှာ ဖျက်လို့ ဖျက်ဆီး လုပ်ချင်နေတဲ့ လူတစ်စု (သို့) အင်အားတစ်စုက စနစ်တကျ နိုင်ငံရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးနေတယ်ဆိုတာလည်း ကြွရောက်လာတဲ့ သူတွေလည်း အားလုံးသိပြီး ဖြစ်မှာပါ။ အခု နိုင်ငံတစ်ဝှမ်း ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဦးဆောင်ပြီး လှုပ်ရှားနေတဲ့ သူတွေကို ဒီနေရာကနေ ထပ်မံပြောချင်တာက ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်၊ ပြင်းပြင်းထန်ထန် ရူံ့ချပါတယ် ”ဟုထည့်သွင်းပြောကြားခဲ့သည်။

    ကဗျာဆရာ မင်းထင်ကိုကိုကြီးမှလည်း “မိထ္တီလာ အရေးခင်းကြီး မဖြစ်ခင်တုန်းက ဘယ်သူမှ မျှော်လင့်မထားတဲ့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်လာတယ်။တဖြည်းဖြည်း တစ်နိုင်ငံလုံးက မြို့တွေမှာ အခုလို ဖြစ်တယ်။ထိထိရောက်ရောက် ကာကွယ်တားဆီး တာမျိုး မရှိဘဲ ပြီးသွားရင် အဲဒီမြို့ ကို ၁၄၄ ထုတ်တယ်။လူသား တစ်ယောက် အနေနဲ့ လူတွေ အချင်းချင်း သတ်ဖြတ်ကုန်အောင်၊ ဘာသာရေး ဆိုင်ရာ အဆောက်အဦးတွေ ပျက်ဆီး ကုန်အောင် ဘယ်လိုများ လုပ်နေကြလဲ ဆိုတာ ကျွန်တော်တို့ နှလုံးသားနဲ့ စဉ်းစားလို့တောင် မရဘူး။လူမျိုး တိုင်းရင်းသား အားဖြင့် ၁၃၅ မျိုး ကွဲပြားနေလိမ့်မယ်၊ ဘာသာအားဖြင့် လေးမျိုး ကွဲပြားနေလိမ့်မယ်၊ ဒါပေမယ့် နိုင်ငံသား အဖြစ်ကတော့ အမြဲတမ်း တစ်ပဲ ဖြစ်နေဖို့ လိုပါတယ် ” ဟု ထည့်သွင်း ပြောကြားပြီး “ရယ်သံ မောသံမပါတဲ့ အခါ အသက်ရူရတာ မ၀တော့ဘူး”ဆိုသည့် ကဗျာ ရွတ်ဆို ခဲ့ကြောင်း သိရသည်။

    ခရစ်ယာန်ဘာသာ လူငယ်များ ကိုယ်စား ကိုစည်သူမောင်မှ  ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ကျွန်တော်ကတော့ လူမျိုးရေး ဘာသာရေး အထိကရုဏ်း မဖြစ်စေရ”ဆိုတဲ့ ဆောင်ပုဒ်လေးကိုပဲ ပြန်ညွှန်းချင်ပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဟိန္ဒူဘာသာ လူငယ်များ ကိုယ်စား ကိုဘော်ဘီမှ  ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “မိမိတို့ ဘာသာတိုင်း ဘာသာတိုင်းမှာ ဆိုဆုံးမ ထားတဲ့ အတိုင်း မိမိတို့ အားလုံးဟာ အဲဒီဆိုဆုံးမ မူကို နှလုံးသွင်း နာယူနိုင်ပြီးတော့ ကျင့်ကြံနိုင်ကြမယ် ဆိုရင် အားလုံးဟာ ငြိမ်းချမ်းသာယာတဲ့ ပြည်မြန်မာသစ်ဆီကို လျှောက်လှမ်းနိုင်ပါလိမ့်မယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စလာမ်ဘာသာ လူငယ်များ ကိုယ်စား ကိုဇော်မင်းလတ်မှ  ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ဗုဒ္ဓဘာသာမှ ညီနောင်များ၊ ခရစ်ယာန်ဘာသာမှ ညီနောင်များ၊ ဟိန္ဒူဘာသာမှ ညီနောင်များမှ ဦးစီး၍ အခုလို အခမ်းအနားကို ကျင်းပ ပေးတဲ့ အတွက် အစ္စလာမ် ဘာသာဝင်အားလုံး ကိုယ်စား ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ တွေဟာ ဘိုးစဉ်ဘောင်ဆက် မြန်မာပြည်မှာ နေခဲ့တာပါ။ဒီမြေမှာ မွေး၊ဒီမြေမှာ ကြီးပြီး၊ ဒီမြေမှာပဲ သေကြမယ့် သူတွေပါ ”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

    ဆရာနေဘုန်းလတ်မှ “အခုလို ဒီပွဲကို ပြုလုပ်တဲ့ လူငယ်တွေ၊ဒီပွဲကို တက်ရောက်လာတဲ့ သူတွေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်မူကို ရွံ့မုန်းပြီး အေးအေးချမ်းချမ်း နေချင်ကြတယ် ဆိုတာ ပေါ်ပေါ်လွင်လွင် ဖြစ်တဲ့ သဘောပါပဲ။ လူတစ်ယောက်က ပြစ်မူ ကျူးလွန်ရင် ဒီလူဟာ ဗုဒ္ဓဘာသာပဲ၊ ဒီလူက အစ္စလာမ်ပဲ ဆိုတဲ့ သဘောတရားကို ထည့်စဉ်းစား စရာမလိုပါဘူး။ မကောင်းမူ ကျူးလွန်ရင် ဒီလူက မကောင်းမူ ကျူးလွန်တဲ့ သူပဲပေါ့။ ဒီလူက ဘာ ဘာသာလဲဆိုတာကို နောက်ထပ်မေးခွန်း တစ်ခုဆီရောက်သွားတဲ့ အခါကြတော့ မလိုလားအပ်တဲ့ ဒီဘာသာက ကျူးလွန်တယ် ဆိုတာ မျိုးထိ ရောက်သွားတယ်။ဒီဘာသာတွေက အမှန်တော့ ကျူးလွန်နေတာ မဟုတ်ဘူး။ အဲဒီ လူတွေက ကျူးလွန်နေတာပါ။ အမုန်းတရားကိုလည်း အမုန်းနဲ့ ပြန်တုံ့ပြန်မယ် ဆိုရင် ဒီအမုန်း သံသရာကြီး ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး။

    သေချာ လေ့လာပါ ဗုဒ္ဓဘာသာဟာ မေတ္တာတရားကို ဦးစားပေးတဲ့ သာသနာဖြစ်တယ်။အမျိုး ဘာသာ သာသနာကို တကယ် ချစ်မြတ်နိုးတယ် ဆိုရင်  ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားခဲ့တဲ့ အနိမ့်ဆုံး ငါးပါး သီလကို လုံ့အောင် ထိန်းကြပါ။ ပါဏာတိ ပါတာကံ ဆိုတာ ဘယ်လို အကြောင်းပြချက်မျိုးနဲ့ မဆို ကျူးလွန် ကျူးလွန်  ပါဏာတိ ပါတာကံထိုက်တာပါပဲ။ ချွင်းချက် ဆိုတာ မရှိပါဘူး။ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မယ် ဆိုတဲ့ စိတ်နဲ့ လူသတ်လည်း အဲဒီလူက လူ့သတ်သမားပဲ။ အဲဒါ မျိုးတွေ မလုပ်ပါနဲ့။

    လူငယ်တွေ အနေနဲ့  ဗုဒ္ဓဘာသာကို မိရိုးဖလာ ကိုးကွယ် ယုံကြည်တာမျိုး မဟုတ်ဘဲ ဘာသာရေးရဲ့ တကယ့် အနှစ်သာရကို လေ့လာစေချင်တယ်။လေ့လာပြီး နှလုံးသွင်းနိုင်မယ် ဆိုရင် ဗုဒ္ဓဘာသာ ကောင်းတစ်ယောက်ပါ။တကယ့် ဗုဒ္ဓဘာသာ အစစ်တစ်ယောက်ဆိုရင် အဲလို အကြမ်းဖက်မူတွေကို ဘယ်တော့မှ မကျူးလွန်ဘူး ”ဟု M-Media သို့ပြောကြားခဲ့သည်။

    တက်ရောက် လာသူများထဲက ဒေါပုံမြို့နယ်တွင် နေထိုင်သူ ကိုသက်ပိုင် မှ“ကျွန်တော်တို့ ဗုဒ္ဒဘာသာကပဲ မေတ္တာတရားကို ပြောထားတာ မဟုတ်ပါဘူး၊ ဘာသာတရားတိုင်းက မေတ္တာတရားကို ညွှန်ပြထားတာပါ။ အခုလို မဖြစ်သင့်တာတွေ ဖြစ်ပွားခဲ့တာကြောင့် လူမူရေးရော၊ စီးပွားရေးရော အကုန်လုံး ထိခိုက်တဲ့ အတွက် ၀မ်းနည်းကြေကွဲ ရပါတယ်။ကျွန်တော်နေတဲ့ ရပ်ကွက်မှာ ဆိုရင် အစ္စလာမ်ဘာသာဝင် အများစု နေထိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တစ်ရပ်ကွက်တည်း အတူနေကြတယ်၊ စာသင်ကျောင်း တစ်ကျောင်းထဲမှာ အတူစာသင်ခဲ့ကြတယ် ဆိုတော့ ညီအကိုလို ဖြစ်နေကြပါတယ်။ကျွန်တော်တို့ ရပ်ကွက်ထဲကိုလည်း ဒီအကြမ်းဖက်တွေ ၀င်မလာနိုင်အောင် ဘာသာပေါင်းစုံ လူငယ်တွေ တိုင်တိုင်ပင်ပင်ကြိုးစား နေကြရပါတယ်။ ဒီအကြမ်းဖက်မူတွေကြောင့် လတ်တလော ဘာဆိုကျိုးတွေ ရသလဲဆိုရင် ဈေးဆိုင်တွေ၊ ညဘက် တက္ကဆီမောင်းပြီး ၀မ်းဆာရှာရသူတွေ အတွက် သူတို့ရဲ့ စီးပွားရေးတွေ ထိခိုက်မူတွေ ရှိတဲ့ အတွက် စိတ်ထဲ မကောင်းဘူး” ဟု M-Media သို့ပြောကြားခဲ့သည်။

  • ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဟောပြောပွဲ မန္တလေးမြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ

    မတ်လ ၁၉၊ ၂၀၁၃
    M-Media
    သတင်း- ပသီဆောင်းနှင်းမှုံ

    မန္တလေး ။       ။  ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဟောပြောပွဲ အခမ်းအနားကို  မတ်လ ၁၉-ရက်နေ့က မန္တလေးမြို့ Oriental House ခန်းမ၌ နံနက်(၈)နာရီတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
    Mdy Peace

        အဆိုပါအခမ်းအနားသို့  ဘာသာပေါင်းစုံ ကိုယ်စားပြု ဆရာတော်များ၊ ပညာရှင်များ၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ကျောက်ဆည်၊ စစ်ကိုင်း အစရှိသည့် အနယ်နယ် အရပ်ရပ်မှ ဧည်သည်တော်များတက်ရောက်ခဲ့ကြပြီး၊ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူ လည်း တက်ရောက်သူများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

    အဆိုပါအခမ်းအနားတွင် တောင်ထီးလင်းတိုက် ဆရာတော်ဘုရားကြီး၊ မဟာမြိုင် ဆရာတော်ဘုရားကြီးနှင့် ရွှေကိန္နရီ ဆရာတော်ဘုရားကြီးမှ သြ၀ါဒ ကထာချီးမြှင့်ခြင်း၊ အလ်ဟာဂ်ျ ခလီဖွှာဟ် ဦးအေးလွင် – ကာဒရီယာ အာလီယာ (အစ္စလာမ်ဓမ္မဗိမာန်)မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အလ်ဟာဂ်ျ ခလီဖွှာဟ် ဦးသိန်းဝင်းအောင် (ဦးစီးရှေ့ဆောင် – KAFTG ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထ မိသားစု အဖွဲ့ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ခရစ်ယာန်သာသနာ ဂိုဏ်းပေါင်းစုံ ဥက္ကဌ သိက္ခာတော်ရ ဆရာ ဦးကျော်ရွှေ မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဘဟာအီ သာသနာမှ ဦးမြင့်ဆွေ မှ နှုတ်ခွန်းဆက်စကားပြောကြားကြပြီး သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းမှ ပေးပို့သော သ၀ဏ်လွှာကို Myanmar Peace Centre ဥက္ကဌ ဦးနေမျိုးမောင်မောင်မှ ဖတ်ကြားခဲ့ကြောင်း၊ မလေးရှား ၀န်ကြီးချုပ်ရုံးမှ ပေးပို့သော သ၀ဏ်လွှာကို Malaysian Relief Agency မှ မြန်မာပြည် ဌာနေကိုယ်စားလှယ် ဦးရှိုင်းဝင်းမှ ဖတ်ကြားခြင်း၊ အလ်ဟာဂ်ျ မွဖ်သီ ဒေါက်တာ ဦးမြင့်သိန်းမှ နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ မြ၀တီ ဆရာတော်ဘုရားကြီးမှ သြ၀ါဒ ကထာချီးမြှင့်ပြီးနောက် အခမ်းအနား ပြီးဆုံးကြောင်း ကြေငြာခဲ့ကြောင်း သိရသည်။

    သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်း ပေးပို့သော သ၀ဏ်လွှာကို Myanmar Peace Centre ဥက္ကဌ ဦးနေမျိုးမောင်မောင်မှ ဖတ်ကြားရာတွင် “လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ဖော်ဆောင်ခြင်းနှင့် တပြိုင်နက်ထဲမှာပဲ ဘာသာရေးကိုးကွယ်ယုံကြည်မှု နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့အကြား တည်ရှိနေတဲ့ နက်နဲသိမ်မွေ့တဲ့ ဆက်သွယ်ပတ်သက်မှုတွေကို အခွင့်ကောင်းယူပြီး  ယခုလို ထိလွယ် ရှလွယ် နုနယ်သေးတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလမှာ ဘာသာရေးကို လက်နက်တစ်ခုသဖွယ် နိုင်ငံရေးမှာ အသုံးချခြင်းကို ဘာသာပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံက အတူတကွ လက်တွဲကာ အထူးသတိပြုပြီး အစွန်းမရောက်စေဖို့ အားလုံးက ထိန်းသိမ်းကာကွယ်ရမှာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ မြို့တိုင်း နယ်တိုင်းမှာ ဗုဒ္ဓဘာသာဝင်များရဲ့ ကျောင်းကန်၊ စေတီ၊ ပုထိုးတွေ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေနဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီတွေ၊ သဟာအီသာသနာ့ရိပ်သာတွေ နှစ်ပေါင်းများစွာ အတူ ယှဉ်တွဲ တည်ရှိနေတာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်ယူစရာ ၀ိသေသတစ်ခု ဖြစ်တဲ့အပြင် ဒီမိုကရေစီ စံနှုန်းတစ်ခုဖြစ်တဲ့ မတူညီမှုတွေကို နားလည် လက်ခံပြီး အတူယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းကို သက်သေထူနိုင်တဲ့ ပြယုဂ် တစ်ခုလည်းဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း တစ်လျောက်ကို ပြန်ပြောင်းကြည့်မယ်ဆိုရင်လည်း အမျိုးသားရေးအတွက် အရေးကြီးတဲ့ အချိန်တိုင်းမှာ လူမျိုးစွဲ၊ ဘာသာစွဲတွေကို ကျော်လွန်ပြီး နိုင်ငံအကျိုး ပြည်သူလူထုအကျိုးကို ရှေ့တန်းတင်ပြီး လက်တွဲဆောင်ရွက်ခဲ့တဲ့ သာဓကတွေ အများအပြားရှိခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာလဲ သဘာဝဘေးအန္တရာယ်တွေ တွေ့ကြုံတဲ့အခါမှာ သာမက ကျန်းမာရေး၊ လူမျိုးရေး နှင့် ပညာရေး အဖွဲ့အစည်းတွေဟာ ဆင်းရဲဒုက္ခရောက်နေတဲ့၊ အကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေကို စွမ်းစွမ်းတမံ ကူညီစောင့်ရှောက်ကြတာ ကျွန်တော်တို့ မျက်မြင် ကိုယ်တွေ့ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ငြိမ်းချမ်းရေး သ၀ဏ်လွှာအား ဖတ်ကြားခဲ့ပြီးနောက် ဘာသာပေါင်းစုံမှ အကြီးအကဲများမှ ညီညွှတ်ရေး ငြိမ်းချမ်းရေး တရားတော်များ ဟောကြားခြင်း၊အစ္စလာမ် ဘာသာမှ အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင်၊ ဒေါက်တာ ဦးမြင့်သိန်း၊ ဂရာနာ မိသားစုမှ ခလီဖွာ ဦးသိန်းဝင်းအောင်တို့မှ အစ္စလာမ်အပေါ် အမြင်စောင်းနေသော ဂျေဟာဒ် အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြ၀တီ မင်းကြီးကျောင်းတိုက်မှ ဆရာတော် ဘုရားကြီးမှလည်း တစ်ဘက်နဲ့ တစ်ဘက် အမြင်မှားနေသည့် ကိစ္စရပ်များအား ယခုလို ရှင်းလင်း ပြောကြားခဲ့ခြင်းအား ကြိုဆိုကြောင်း၊ အများ အမြင်မှားနေသည့် ဂျိဟာဒ် အကြောင်းကို သိရတဲ့အတွက် ၀မ်းသာကြောင်း မိန့်ကြားပြီးနောက်  အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

    မန္တလေးမှ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအခမ်းအနား ကျင်းပရေးတွင် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမောင်မောင်(ရွှေကရ၀ိတ်)ထံ ဆက်သွယ်စုံစမ်းရာ“အခမ်းအနားပြီးရင် ပထမ အစီအစဉ်က သံဃာတော်တွေကို ဗလီတွေကို လိုက်လံပြသဖို့ပါ။ဒါပေမယ့် ဆရာတော်ကြီးတွေလည်း  သွားစရာတွေ ရှိနေတာကြောင့်ရော၊ ဆရာတော်ဝီရသူ ကလည်း သွေးလှူပွဲရှိတာကြောင့် လိုက်မကြည့်ဖြစ်ကြတော့ဘူး။ ဆရာတော်ဝီရသူကိုတော့ ဆရာတော်အနေနဲ့ အချိန်မရွေး ဗလီထဲဝင်ကြည့်ချင်တယ်လို့မိန့်ကြားနိုင်ကြောင်း လိုက်လံပြသပေးမည်ဖြစ်ကြောင်း လျှောက်ထားလိုက်ပါတယ်။ အခြားသော သံဃာတော်တွေက မန္တလေးမှာဆရာတော်တွေနေတာ ဗလီထဲမှာ ဘာတွေရှိတယ်ဆိုတာကို အကုန်သိတယ် လိုက်ကြည့်နေစရာမလိုဘူးဟု ပြန်လည်မိန့်ကြားခဲ့ပါတယ်။ အခမ်းအနားကျင်းပနေတုန်းမှာ ၉၆၉ စတေကာကပ် သံဃာတော် ၃-ပါး ၄-ပါး ခန်းမထဲကိုဝင်ကြည့်တယ်။ ထိုသံဃာတော်တွေကို ကျွန်တော်တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ် သူတို့ကိုစင်မြင့်ပေါ်မှာ အခြားဆရာတော်တွေနဲ့အတူ နေရာပေးတယ်။ ပြီးနောက် တက်ရောက်လာသော သံဃာတော်နှင့်အတူ ဆွမ်းစားပြီးပြန်သွားပါတယ်။ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ အနေနဲ့လည်း အခမ်းအနားကို ပြသနာ တစ်စုံတရာ မရှိ အောင်မြင်စွာ ကျင်းပနိုင်တဲ့အပေါ် သူတို့တွေကလည်း ကျွန်တော်တို့ကို ယုံကြည်သွားတယ်။ ရန်ကုန်ကနေ တက်ရောက်လာတဲ့ သူတွေကလည်း ကျွန်တော်တို့ မန္တလေးမှာ ရဟာန်းသံဃာတော်တွေနဲ့ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေနဲ့ ချစ်ချစ်ခင်ခင် နေထိုင်ကြတာကို အခုလိုပွဲမျိုး ကျင်းပနိုင်တာကို ၀မ်းသာကြောင်း” M-Media ကို ပြောပြလာပါတယ်။

    အဆိုပါအခမ်းအနားသို့ သံဃာတော် အပါး၄၀ ၊ လူအင်အား စုစုပေါင်း ၃၅၀ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

  • ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား(မန်း) ကျင်းပရန် ခွင့်ပြုမိန့် မရသေး

    ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား(မန်း) ကျင်းပရန် ခွင့်ပြုမိန့် မရသေး

    မတ်လ ၅၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    မန္တလေး ။       ။       ဘာသာပေါင်းစုံမှ ပါဝင်သော ဘာသာပေါင်းစုံ ချစ်ကြည်ရေးအခမ်းအနားကို လာမယ့် ၂၀၁၃-ခု မတ်လ (၁၉)ရက်နေ့တွင် မန္တလေးမြို့ Oriental House ခန်းမ၌ ကျင်းပပြုလုပ်မည်ဟု သတင်းရရှိပါသည်။

    ယင်း အခမ်းအနားကျင်းပပြုလုပ်မည့်အကြောင်းအား ဘာသာပေါင်းစုံချစ်ကြည်ရေးအခမ်းအနားကျင်းပရေးတွင် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမောင်မောင်(ရွှေကရ၀ိတ်)ထံ ဆက်သွယ်စုံစမ်းရာ “ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားကို မန္တလေးမြို့ Oriental House ခန်းမမှာ ၂၀၁၃-ခု မတ်လ (၁၉)ရက်နေ့ မနက် (၈)နာရီကနေ နေ့လည် (၁၂)နာရီထိကျင်းပဖို့ စီစဉ်ထားပါတယ်။ Oriental House ခန်းမကလည်း အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်။ ဒါပေမယ့် အခမ်းအနားကျင်းပတဲ့အခါ ခွင့်ပြုမိန့်တောင်းဖို့ လိုတာကြောင့် ပွဲကျင်းပမယ့်နေရာရဲ့ ရပ်ကွက်ဖြစ်တဲ့ ပြည်ကြီးမျက်မှန် ရပ်ကွက်ရဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပထမဆုံးအနေနဲ့ စာတင်ပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။ ခန်းမမှာ မဟုတ်ဘဲ ဘုန်းကြီးကျောင်းတို့ ဓမ္မာရုံတစ်ခုခုတို့မှာ ပြုလုပ်ဖို့ ပြောပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုရင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးလည်း ခွင့်ပြုပါမယ် ဆိုတာကြောင့် မနက်ဖြန်မှာ မြို့နယ်အဆင့်ကို သွားရောက်ရပါမယ်။

    ဒီအခမ်းအနားကို သံဃာတော်တွေလည်း တက်ရောက်မယ်၊ Peace Centre က ၀န်ကြီးဦးအောင်မင်းလည်း တက်ရောက်မယ်လို့ ဆိုတာကြောင့် ဘာသာပေါင်းစုံပါဝင်နိုင်အောင် အားလုံးအတွက် လုံခြုံရေးကိုလည်း ကျွန်တော်တို့ စီစဉ်ထားပါတယ်။

    ဒီအခမ်းအနားကို အစ္စလာမ်ဘာသာရေးအဖွဲ့(မန္တလေးတိုင်း၊ မန္တလေးမြို့)က လုပ်ငန်းကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဦးဆောင်ပြုလုပ်တာပါ။

    ဟုတ်ကဲ့ ကျွန်တော်တို့သေချာစီစဉ်ပြီး ဖိတ်စာနဲ့တကွ ဖိတ်မှာပါ။ တက်ရောက်လာသူအားလုံးကိုလည်း ထိုင်ခုံနေရာကအစ သေချာစီစဉ်ပေးထားမှာပါ။

    ဟုတ်ပါတယ် ဘာသာပေါင်းစုံက ပါဝင်မှာပါ။ အစ္စလာမ်ကဆို ဗလီဂေါပကတွေ၊ ဘာသာရေးဆရာတွေလည်းပါမယ်၊ ဗုဒ္ဓဘာသာကလည်း ဘုန်းတော်ကြီးတွေ၊ လူမှုရေးလုပ်ငန်းလုပ်နေတဲ့ အဖွဲ့အစည်းတွေလည်းပါမယ်။ ခရစ်ယာန်ဘာသာကလည်း ဂိုဏ်းကွဲတွေအလိုက် ဆရာတော်တွေ ပါမယ်၊ ဟိန္ဒူဘာသာကလည်း ဂိုဏ်းဂဏအလိုက် ဆရာတော် တွေပါမယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ ဘဟာအီ သာသနာကိုလည်း ဖိတ်ပါမယ်။ တရုတ်ဘုံကျောင်းတွေကိုလည်း ဖိတ်ပါမယ်။ အဓိကကတော့ ဘာသာပေါင်းစုံ အဖွဲ့ပေါင်းစုံ ပါဝင်အောင် ဖိတ်မှာပါ။

    ကျွန်တော်တစ်ခု အံ့သြတာက ဘုန်းကြီးဦးဝီရသူကတောင် ဒီလိုအခမ်းအနားကို ကြိုဆိုပါတယ်လို့ပြောထားတာကို အာဏာပိုင်လို့တော့ ကျွန်တော်မသုံးချင်လို့ တာဝန်ရှိသူလို့ပဲ ပြောချင်တယ်။ တာဝန်ရှိသူတွေက အခမ်းအနားဖြစ်မြောက်ဖို့ကို ဘာကြောင့် ပိတ်ပင်ချင်နေလဲဆိုတာကိုပါပဲ” လို့ M-Media ကို ပြောပြလာပါတယ်။

    ယမန်နှစ် ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ဘာသာပေါင်းစုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် ၊ ၈၄လမ်း ၊ ၂၇လမ်းနှင့် ၂၈လမ်းကြားတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သော ပွဲပါမစ် အတုဟူသော အကြောင်းပြချက်ဖြင့် ကျင်းပခွင့် မရရှိခဲ့ပေ။

  • လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွါးစေရန် လုပ်ကြံမှုများ ဖန်တီးခွင့် မပြုသင့်

    ဖေဖော်ဝါရီ ၂၇ ၊ ၂၀၁၃
    M-Media

    Amb. Ufuk Gokcen နှင့် ဘန်ကီမွန်း
    Amb. Ufuk Gokcen နှင့် ဘန်ကီမွန်း

    အစ္စလာမ့်ရေးရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ Organization of Islamic Cooperation – OIC ရဲ့ ကမ္ဘာ့ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်နဲ့သံအမတ်ဖြစ်သူ Amb. Ufuk Gokcen က ဒီလိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

    “  ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခ လုပ်ရပ်တွေဟာ လူများစု ဗုဒ္ဓဘာသာဝင်နဲ့လူနည်းစု မွတ်စ်လင်မ်တွေအကြား ဘာသာရေးထိပ်တိုက်တွေ့မှု မဟုတ်ဘ၊ဲ ရိုဟင်ဂျာ လူနည်းစုဆီကိုသာရှေ့ရှုနေတဲ့ မကျေနပ်ချက်၊ အငြိုးအာဃာတ အကျိုးဆက်လို့ဆိုပြီး ကျွန်တော့် အမြင်ဖြစ်သွားခဲ့ရတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ကမန် မွတ်စ်လင်မ် အိမ်ခြေများကို ဦးတည်ဖျက်ဆီးမှု၊ ကရင်ပြည်နယ် အတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရဲ့ မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုံ့ဆော်ချက်တွေကို ကြားလိုက်ရချိန်မှာ အရေးပေါ်အခြေအနေရောက် လာတော့မလားဆိုပြီး ကျွန်တော် စိုးရိမ် ပူပန်သွားခဲ့တယ်။ အဲ့ဒီနောက် ရန်ကုန်မြို့ရဲ့ မွတ်စ်လင်မ် ဘာသာရေး ကျောင်းငယ်တစ်ခုကို ဗုဒ္ဓဘာသာဝင် အယောက် ၃၀၀ က တိုက်ခိုက်ဖျက်ဆီးတဲ့သတင်း၊ အပတ်စဉ်ထုတ်ဂျာနယ် တစ်စောင်ကနေ ဘုန်းကြီးတစ်ပါးရဲ့ မီးလောင်ရာလေပင့် ကြုံးဝါးချက် သတင်းတွေ ထပ်မံ ရရှိလိုက်တဲ့အခါမှာတော့ ကျွန်တော့်ရဲ့ ကနဦးကောက်ချက် အပေါ် ပြန်လည် သုံးသပ်ဖို့ ဖြစ်လာရပါပြီ  ”

    ဒီလိုဖြစ်ရပ်မျိုးက မြန်မာတစ်နိုင်ငံတည်း ဖြစ်နေတာ မဟုတ်ပါဘူး။ လတ်တစ်လောကာလ သီရိလင်္ကာမှာလည်း အစွန်းရောက် ဗုဒ္ဓဘာသာဝင်တို့ရဲ့ Bodu Bala Sena ပါတီက မွတ်စ်လင်မ်ဆန့်ကျင်ရေးဖြစ်လာအောင် စည်းရုံး လှုံ့ဆော်ဆန္ဒပြနေကြတယ်။ အဲ့ဒီဆန္ဒပြသူတွေ ကိုင်စွဲထားတဲ့ ဆောင်ပုဒ်နဲ့ကြွေးကြော်သံတွေက အစွန်းရောက် ရခိုင်ဗုဒ္ဓဘာသာဝင်တွေအသုံးပြုခဲ့ကြတဲ့ အသုံးအနှုန်းနဲ့ တစ်ထပ်တည်းဖြစ်နေပါတယ်။ “ မွတ်စ်လင်မ် အကြမ်းဖက်သမားတွေက ဗုဒ္ဓဘာသာဝင် လူမျိုးတွေအပေါ် ခြိမ်းချောက်မှုတွေ လုပ်နေကြလို့ ဘုန်းကြီးတွေအနေနဲ့လည်း တိုက်ခိုက်ဖို့ အသင့် ရှိနေကြပြီ  ” ဆိုတဲ့ အဓိပ္ပါယ်လမ်းကြောင်းပါဘဲ။

    ”  Buddhist Fury: Religion and Violence in Southern Thailand.  – ဆိုတဲ့အမည်နဲ့ Michael K. Jerryson ရေးခဲ့တဲ့ စာအုပ်က ကျွန်တော့်ကို တော်တော် စိတ်ဝင်တစားဖြစ်စေခဲ့တယ်။ အဲ့ဒါက ထိုင်းနိုင်ငံတောင်ပိုင်း ဘာသာရေး-နိုင်ငံရေး ရောထွေး ပဋိပက္ခထဲ ပါဝင်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများရဲ့ အခန်းကဏ္ဍအကြောင်း ဖြစ်ပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်က ကမ္ဘာ့တစ်ဝှန်းမှာရှိတဲ့ ဗုဒ္ဓဘာသာ ထိပ်တန်းခေါင်းဆောင်တစ်ချို့ဆီကို အိတ်ဖွင့်ပေးစာတစ်စောင်ရေးပို့ပြီး၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စ်လင်မ်တွေအပေါ် ဆန့်ကျင် အကြမ်းဖက်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ မေတ္တာတရားရှေ့ထားစေလိုကြောင်း နဲ့သူတို့သဘောထား အမြင်တွေ ဖော်ပြပေးဖို့ တိုက်တွန်းခဲ့ပါတယ်။  အခြေအနေ ရှုပ်ထွေးလာတာနဲ့အမျှ အဲ့ဒီ ဗုဒ္ဓဘာသာ ခေါင်းဆောင်များက ငြိမ်းချမ်းရေးနဲ့စာနာရေး ဖိတ်ခေါ်သံတွေကို အဲ့ဒီနိုင်ငံတွေထဲက ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းတွေဆီ ဆက်လက် ပို့ဆောင်သွားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ ” လို့ သူက ပြောပြပါတယ်။

    မွတ်စ်လင်မ်တွေဟာ လူနည်းစုသာဖြစ်နေလင့်ကစား မြန်မာ၊ ထိုင်း နဲ့ သီရိလင်္ကာမှာရှိတဲ့ ဗုဒ္ဓအစွန်းရောက်အားလုံးက မွတ်စ်လင်မ်တွေကို မိမိတို့နိုင်ငံသား အစိတ်အပိုင်း တစ်ရပ်အဖြစ် မပါဝင်အောင် ဆန့်ကျင်ပယ်ချသွားဖို့ အတွေးအခေါ် ၀င်နေကြပါတယ်။ လူနည်းစု မွတ်စ်လင်မ်တွေကို ၀ိုင်းကြဉ်ဖို့ကြိုးစားနေကြတဲ့  လူငယ်ပိုင်းတွေလည်း ပါဝင်နေတဲ့ အဲ့ဒီ ဖယ်ထုတ်ရေး ၀ါဒီတွေကြောင့် အစွန်းရောက် အင်အားစုကို တန်ပြန်ဆန့်ကျင်ဖို့လို မလိုဆိုတာ စဉ်းစားကြဖို့ အချိန်တန်ပါပြီ။ အနောက်အာဖရိက ကနေ အရှေ့တောင်အာရှအထိ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းများအပေါ် ခြိမ်းချောက်မှုတွေ ကြီးထွားနေရတဲ့အဓိကအချက်ကို သုံးသပ်ကြဖို့ အရေးကြီးနေပါပြီ။

    မြန်မာနိုင်ငံကပြဿနာကိုကြည့်ယင် ရခိုင်ပြည်နယ်အတွင်း အစုလိုက်အပြုံလိုက် ဖျက်ဆီးသောင်းကျန်းမှုကြောင့် မွတ်စ်လင် ဒုက္ခသည်ပေါင်း တစ်သိန်းနှစ်သောင်းအထိ ကြောက်ခမန်းလိလိ ထွက်ပေါ်ခဲ့ရတယ်။ သို့တိုင်အောင် မြန်မာအစိုးရကတော့ မဆိုစလောက် လုံခြုံရေးကိုသာ ပေးခဲ့ပြီး၊ ယခုအချိန်အထိ ပြဿနာရဲ့မူလဇစ်မြစ်ကို မထုတ်ဖော်သေးပါဘူး။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းအနေနဲ့လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ အချင်းချင်းပြန်လည် သင့်မြတ်ရေးဖော်ဆောင်ပေးမှုတွေကို ပြည့်ပြည့်၀၀ လုပ်ခွင့် မပေးခဲ့ကြပါဘူး။

    ကမ္ဘာ့ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomás Ojea Quintana က မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၁၆ ရက်မှာ ရောက်ရှိခဲ့တယ်။  ရခိုင်ပြည်နယ် ပဋိပက္ခပြဿနာ မီးတောက်ဟာ မြန်မာနိုင်ငံရဲ့အခြားသော ဒေသတွေဆီကိုလည်း ကူးစက်တောက်လောင်နေပြီ။  မြန်မာနိုင်ငံထဲက လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်ကို အမြစ်လှန်ပြီးပြုပြင်ပြောင်းလဲဖို့ မဖြစ်မနေ လိုအပ်နေပြီလို့ နောက်ဆုံး အနေအထားကို သူက လေ့လာသုံးသပ်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းဝင်တွေထဲမှာ ဒေါသ၊ အာဃာတ၊ အယုံအကြည် ကင်းမဲ့မှု၊ စိုးရိမ်ပူပန်မှု အစရှိတဲ့ ခံစားချက်တွေကို  တွေ့မြင်ရကြောင်း သတိပေးခဲ့ပါတယ်။ ဒီအခြေအနေပေါ်မူတည်ပြီး လူ့အဖွဲ့အစည်းခေါင်းဆောင်များ အကြား အပြန်အလှန်လေးလေးစားစား ဆွေးနွေးအဖြေရှာရေး၊ ပညာရေး နဲ့ ပြည်တွင်း မီဒီယာတွေရဲ့ကျင့်ဝတ်သိက္ခာ ကဏ္ဍများအပေါ် အထူးအလေးထားဖို့လိုတယ်လို့လည်း ပြောဆို လိုက်ပါတယ်။ မွတ်စ်လင်မ် ဒုက္ခသည်စခန်းတွေဆီ လူသားချင်းစာနာမှု အထောက်အပံ့ ပြည့်ပြည့်၀၀ရောက်ရှိရေး ပြဿနာ ရှိနေကြောင်း၊   မွတ်စ်လင်မ် ဒုက္ခသည် စခန်းတစ်ချို့မှာ ဆေးဝါးကုသထောက်ပံ့ရေး မဆောင်ရွက်နိုင်အောင် ဗုဒ္ဓဘာသာဝင် ရခိုင်အသိုင်းအ၀ိုင်းများက  ခြိမ်းချောက်တာ အနှောင့်အယှက်ပေးတာကိုလည်း နိုင်ငံတကာနဲ့ပြည်တွင်း ကျန်းမာရေး ၀န်ဆောင်ပေးသူများက ရင်ဆိုင်နေရကြောင်း  ထောက်ပြပြောဆိုလိုက်ပါတယ်။

    မြန်မာအစိုးရက ပြည်တွင်းအစွန်းရောက်သမားတွေရဲ့အသံကိုနားယောင်ပြီးတော့ OIC ရဲ့ကြားဝင်ကူညီမှုကို လက်မခံလိုက်တာဟာ – ရိုဟင်ဂျာမွတ်စလင်မ်နဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး နှစ်ဖက်စလုံး ရရှိခံစားကြရမယ့်   –  OIC အဖွဲ့ဝင်နိုင်ငံတွေ၊ NGO အဖွဲ့တွေရဲ့ လူသားချင်းစာနာ ထောက်ပံ့မှုများကို ပစ်ပယ်ရာရောက်သွားခဲ့ပါတယ်။

    မစ္စတာ ကင်တာနား၊  HRW လို လူ့အခွင့်အရေးအဖွဲ့တို့ရဲ့အရေးပေါ်အစီရင်ခံစာများ ထွက်နေခဲ့တဲ့တိုင် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက E.U., U.S. နဲ့ ASEAN အဖွဲ့ဝင်တွေအတိုင်း မြန်မာပြည်အပေါ်ပိတ်ဆို့ရေးလျှော့ချဖို့ကိုသာ ဆန္ဒရှိနေကြတယ်။ ဒါဟာ ရိုဟင်ဂျာနဲ့အခြား လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေက မြန်မာနိုင်ငံတွင်း ဒီမိုကရေစီဖော်ဆောင်ရေးအတွက် မိမိတို့ရဲ့တိုက်တွန်းကြိုးပမ်းနေမှု ၊ ပြီးတော့ မိမိတို့ရဲ့စီးပွားရေးဈေးကွက်ချဲ့ထွင်ခြေကုပ်ယူမှု ကို ပျက်ပြားသွားစေနိုင်တယ် လို့ အချို့က တွက်ဆထားကြလို့ဖြစ်ပါတယ်။

    ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရမယ့် ထိပ်ဆုံးနိုင်ငံအဖြစ် စုံညီစွာ ဆုံးဖြတ်ခဲ့တယ်။ ဒါ့အပြင် ညီလာခံထုတ်ပြန်ချက် ၂၂ ပိုဒ်မှာ ၃ ပိုဒ်က ကုလသမဂ္ဂရဲ့စိုးရိမ်မကင်းမှုကို ဖော်ပြထားခဲ့ပါတယ်။

    မြန်မာနိုင်ငံထဲမှာ မကြုံစဖူးအပြောင်းအလဲတွေကတော့ အချိန်တိုအတွင်း မြေကြီးလက်ခတ်မလွဲ ဖြစ်ပေါ်လာမှာပါ။ ဒါပေမယ့် ရိုဟင်ဂျာလူမျိုးစုရဲ့ ကိစ္စအပါအ၀င် လူအခွင့်အရေးစိန်ခေါ်ချက်အများအပြားအတွက် အဖြေမထွက်သေးတာ အမှန်ပါဘဲ။ မြန်မာနိုင်ငံပေါ်ထားရှိတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ကြိုးရှည်ရှည်လှန်ဝါဒ ဘယ်လိုလဲဆိုတာ အချိန်က အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။

    Ref:http://www.huffingtonpost.com/amb-ufuk-gokcen/formation-of-buddhist-muslim-fault-line-should-not-be-allowed_b_2774240.html