News @ M-Media

Tag: irrawaddy

  • မြန်အောင်တွင် နှစ်စဉ် ပြုလုပ်နေကြ ဘာသာရေး သင်တန်းဆင်း ဆုပေးပွဲ ခြိမ်းခြောက်မှုများကြောင့် ပျက်

    မြန်အောင်တွင် နှစ်စဉ် ပြုလုပ်နေကြ ဘာသာရေး သင်တန်းဆင်း ဆုပေးပွဲ ခြိမ်းခြောက်မှုများကြောင့် ပျက်

    မေ ၂၈၊ ၂၀၁၅
    M-Media
    မိုးစက်
    Myan Aung
    မြန်အောင်။        ။ မေလ ၂၈ ရက်နေ့တွင် မြန်အောင်မြို့၌ ကျင်းပရန်ပြုလုပ်ထားသော  အစ္စလာမ်ဘာသာဝင် ကလေးသူငယ်များအတွက် ဘာသာရေး သင်တန်းဆင်းပွဲ ဆုပေးပွဲအခမ်းအနားအား သံဃာအချို့နှင့် လူတစ်စုတို့၏ ခြိမ်းခြောက်မှုများကြောင့် မကျင်းပခဲ့ရကြောင်း သိရသည်။

    ဟသာင်္တ၊ သလုပ်ထော်၊ အင်္ဂပူ၊ ထူးကြီး၊ မယ်ဇလီကုန်း၊ အင်ပင်၊ ထုံးဘို၊ ဘက်ရဲ၊ ကွင်းကောက် အစရှိသည့်ရွာများမှ တစ်ရွာချင်းအလိုက် ဘာသာရေး ပညာများနှင့် ပတ်သက်သည့်စာမေးပွဲများ ကျင်းပခဲ့ပြီး ယင်းရွာများမှ ထူးချွန်သည့် ကလေးများအနေဖြင့် မြန်အောင်မြို့ အရှေ့ဗလီတွင် ပြန်လည် ယှဉ်ပြိုင်ပြီး ဆုပေးပွဲကို ကျင်းပပြုမည်ဖြစ်ကြောင်း သိရသည်။

    ယင်းနှစ်တွင်လည်း ယခင်နှစ်များအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ မေလ ၂၇ ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ကျောင်းသား/သူ များနှင့် ကျောင်းသား/သူ မိဘများ မြန်အောင်မြို့ အရှေ့ဗလီသို့ ရောက်ရှိလာခဲ့သည်။ ဤအရာကိုအကြောင်းပြု၍ မေလ ၂၇ ရက်နေ့ည (၁၁) နာရီကျော်အချိန်တွင် မြန်အောင်မြို့ အရှေ့ဗလီသို့ ဘုန်းကြီး (၇) ပါးနှင့် တုတ်၊ လက်နက်များကို ကိုင်ဆောင်ထားသော လူ (၅၀) ကျော်မှ ဗလီကိုဝိုင်းထားပြီး ဗလီထဲမှာလူတွေ အများကြီးစုဝေးပြီး တစ်ခုခုကြံစည်ပြီး လူစုလူဝေးနှင့်မနေရန် ပြောဆိုလာကြောင်း ဒေသခံများက ဆိုသည်။

    “သူတို့ကရောက်လာပြီး ဗလီထဲမှာ လူ (၃၀၀) ကျော်လောက်ရှိတယ်ပြောတယ်။ ခုချက်ချင်းထွက်ခိုင်းတယ်။ တကယ်တော့ ဗလီထဲမှာ ကျောင်းသားတွေနဲ့ ဆရာတွေပါအိပ်တာပါ။ အလွန်ဆုံးရှိ အယောက် (၈၀) လောက်ပဲရှိမယ်။ကျောင်းသားမိဘတွေက အိမ်တွေမှာတည်းကြတာ” ဟု ဒေသခံတစ်ဦးက M-Media ကိုပြောသည်။

    ထိုသို့ဖြစ်နေသည့်အခြေအနေတွင် သက်ဆိုင်ရာ ရဲများ၊ အာဏာပိုင်များရောက်ရှိလာပြီး ဗလီထဲမှာအိပ်နေတဲ့သူတွေကို ခုချက်ချင်းထွက်ပေးခိုင်းကြောင်း သိရသည်။ “ရဲစခန်းကိုဗလီက တာဝန်ရှိသူတွေက ဖုန်းဆက်ခေါ်တော့ ရောက်လာပါတယ်။ သူတို့ကပါ ခုချက်ချင်း အိမ်ပြန်ဆိုပြီးပြောတယ်။ ကျောင်းသားတွေနဲ့ မိဘတွေလည်း ညတွင်းချင်းပဲ အိမ်ပြန်ခဲ့ရတယ်။ လမ်းကြိုလမ်းကြားတွေမှာလည်း တုတ်တွေ လက်နက်တွေကိုင်ပြီး စောင့်နေတယ်။ ကျွန်တော်ဘက်ကသာ တစ်ခုခုပြောခဲ့ရင် သူတို့က ပြန်လုပ်မဲ့အနေအထားမျိုးပါ။ အိမ်သာပြန်ရတယ် လမ်းမှာလည်း လုံခြုံမှုမရှိဘူး။ အန္တရယ်တွေကြားထဲက ညတွင်းချင်း ဆုယူရမဲ့ကလေးတွေက အိမ်ပြန်ခဲ့ရတာပါ” ဟု ညတွင်းချင်းအိမ်ပြန်ခဲ့ရသည့်အကြောင်းကို ဟသာင်္တမှ မျက်မြင်တွေ့ကြုံခဲ့သူ တစ်ဦးက M-Media သို့ပြောသည်။

    “သူတို့အဓိကရည်ရွယ်ချက်က ဒီဆုပေးပွဲပျက်ဖို့ပဲ။ အဲဒါကြောင့် သူတို့မဖြစ်ဖြစ်အောင် လုပ်သွားတာ။ ဒီမြန်မာနိုင်ငံမှာက ဘာသာရေး လွတ်လပ်ခွင့်လည်း မရှိတော့ဘူး။ လူ့အခွင့်အရေးဆိုတာလည်း အဝေးကြီးမှာ။ အစိုးရကလည်း ဒီလူတွေကိုတားလို့ရရဲ့သားနဲ့ မတားဘူး။ နိုင်အောင်မထိန်းဘူး။ မထိန်းတဲ့အပြင် သူတို့ကပါ ဝင်ပါနေတယ်။ ညကြီးမိုးချုပ် ကြောက်ကြောက်လန့်လန့်နဲ့ ပြန်သွားရတဲ့ ကလေးငယ်တွေနဲ့ မိဘတွေ သနားဖို့ကောင်းပါတယ်” ဟု ယင်းကဆက်လက်ပြောဆိုခဲ့သည်။

    မြန်အောင်မြို့အနေနှင့် ယခုကဲ့သို့ ကျေးရွာမြို့နယ်အသီးသီးမှ ကလေးများ၏ ဘာသာရေးဆုပေးပွဲကိုကျင်းပပြုလုပ်လာသည်မှာ (၉) နှစ်တိုင်ရှိပြီဖြစ်ပြီး ယခုနှစ်မှ ကျင်းပပြုလုပ်ခွင့် မရကြောင်း သိရသည်။

    လက်ရှိမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချူပ်ပုံ အခန်း(၈) ပုဒ်မ (၃၅၄) တွင်  နိုင်ငံသားတိုင်းသည် တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း အတိအလင်းပြဌာန်းထားသည်။

  • ပန်းတနော်နှင့် အိမ်မဲမြို့များတွင် အေးဆေး တည်ငြိမ်လျက်ရှိ

    ပန်းတနော်နှင့် အိမ်မဲမြို့များတွင် အေးဆေး တည်ငြိမ်လျက်ရှိ

    မတ်လ ၁၉ ၊ ၂၀၁၅
    M-Media
    သီဟ

    Pantanaw_
    ယနေ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းအချိန်တွင် ဆိုရှယ်မိဒီယာတွင် ပြန့်နှံ့လျက်ရှိသည့် အိမ်မဲမြို့နှင့် ပန်းတနော်မြို့တွင် မတည်ငြိမ်မှု သတင်းများမှာ မှန်ကန်ခြင်း မရှိကြောင်း စုံစမ်း သိရှိရပါတယ်။

    ဖြစ်စဉ်မှာ ယမန်နေ့က လိုင်စင်မဲ့ အမဲပေါ် သည်ဟုဆိုကာ ဝင်ရောက် ဖမ်းဆီးခဲ့သည့် သူများကို အမည်မသိ လူအုပ်စုမှ ရိုက်နှက်ခဲ့သည့် ဖြစ်စဉ် တခုဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

    အဆိုပါဖြစ်စဉ် နောက်ဆက်တွဲအနေဖြင့် အရိုက်ခံရသည့် အုပ်စုများမှ မကျေနပ်သဖြင့် အိမ်မဲ ကျွန်းကလေးရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများအား ဝင်ရောက်ဖျက်ဆီးမည်ဟူသော သတင်းများ ဆိုရှယ်မီဒီယာမှာ ပြန့်နှံခဲ့ပါတယ်။ လက်ရှိ မြန်မာ စံတော်ချိန် ည ၁၀ နာရိ ဆက်သွယ်ချက်အရ အိမ်မဲမြို့ ဝန်းကျင်မှာ အေးချမ်းလျက်၇ှိပြီး မည်သည့် ပြသနာမှ ဖြစ်ပွားခြင်း မ၇ှိကြောင်း သိရှိရပါတယ်။

    အဆိုပါသတင်းနှင့် တပြိုင်နက် ပန်းတနော်ရှိ မွတ်စလင်ကလေးငယ်များ ဘာသာေ၇းစာသင်ကျောင်းကို ၉၆၉အဖွဲ့ဝင်များ နှင့် ဘုန်းကြီးအချို့ ဝိုင်းထားကြောင်း ၊ရဲတပ်ဖွဲ့မှ  မွတ်စလင် ကလေးငယ်စာသင်သား ၄ ဥိးကို ဖမ်းဆီးသွားကြောင်း စသည့် သတင်းများမှာလဲ မှန်ကန်မှု မရှိကြောင်း ပန်းတနော်မြို့မှာလဲ အေးချမ်းလျက်၇ှိကြောင်း စုံစမ်းသိရှိရပါတယ်။

    ဧရာဝတီတိုင်း တွင် အမဲသား ရိက္ခာအတွက် အမဲပေါ် ခွင့် လိုင်စင် (စီ)အား ဧရာဝတီတိုင်း အစိုးရမှ ပိတ်ပင်ထားပြီးနောက်ပိုင်း တရားမဝင် အမဲပေါ် သည့် ဖြစ်ရပ်များကို အခြေခံပြီး ပြသနာများ မကြာခဏဆိုသလို ဖြစ်လျက်ရှိပါတယ်။

  • ကျောင်းကုန်းမှ လူငယ်ချင်း ရန်ပွဲအား လူမျိုးရေး/ဘာသာရေး လှုံဆော်မှုများ ပြုလုပ်နေ

    ကျောင်းကုန်းမှ လူငယ်ချင်း ရန်ပွဲအား လူမျိုးရေး/ဘာသာရေး လှုံဆော်မှုများ ပြုလုပ်နေ

    အောက်တိုဘာ ၁၇၊ ၂၀၁၄
    M-Media
    ဇာဏီ

    (2)_ParLa_ParLa_ParLa_-_2014-10-17_12.26.42
    လှုံဆော်ရေးသားမှု ထပ်ဆင့်မျှဝေမှု ပေါင်း ၁၃၀ နီးပါးရှိပြီဖြစ်သည်။ ၉ နာရိ ကြာသည့် အထိ သက်ဆိုင်ရာမှ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါ။

     

    ကျောင်းကုန်း၊ အမှတ်(၂)ရပ်ကွက်တွင် ဘာသာမတူသူ လူငယ်ချင်း စကားများရာမှ ရန်ပွဲဖြစ်ပွားမှုကို ဆိုရှယ်မီဒီယာတွင် လူမျိုးရေး/ဘာသာရေး အသွင်ဖြင့် သွေးထိုးလှုံဆော်မှုများ ပြုလုပ်နေတာကို တွေ့ရပါတယ်။

    ဖြစ်စဉ်မှာ အစ္စလာမ်ဘာသာဝင် ရာဇာကို နဲ့  ဗုဒ္ဓဘာသာဝင် ကျော်ဇေယျာတို့ ညီအစ်ကို ၂-ယောက် စကားများရာ ကျော်ဇေယျာတို့ ညီအစ်ကိုမှ စတင်ရိုက်နှက်ခဲ့ပြီး ရာဇာကိုမှ ဓါးဖြင့်ပြန်ထိုးခဲ့ကြောင်း ၊ သို့သော် ဓါးထိုးခံရသည့် ကျော်ဇေယျာမှာ ပြင်းထန်တဲ့ ဒဏ်ရာ မရရှိဘဲ ရိုက်ခံရတဲ့ ရာဇာကိုမှာ  ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

    ဓါးထိုးခံရတဲ့ ကျော်ဇေယျာတို့ ညီအစ်ကိုကတော့ ကျောင်းကုန်းမှာပဲ ရှိနေကြပြီး ရိုက်ခံရတဲ့ ရာဇာကိုအား ပုသိမ်ရဲစခန်းတွင် ဖမ်းဆီးထားပြီး ရာဇာကို၏ ဖခင်ဖြစ်သူအားလည်း ပုသိမ်ရဲစခန်းတွင်ပင် ခေါ်ယူထိန်းသိမ်းထားကြောင်း သိရပါတယ်။

    လူငယ်ချင်း သာမန်ရန်ပွဲဖြစ်ပွားမှုကို အကြောင်းပြုပြီး ဘာသာရေး ပဋိပက္ခဖြစ်စေရန်ရည်ရွယ်ကာ ဖြစ်စဉ်ကို ပြောင်းလဲရေးသား၍ ဆိုရှယ်မီဒီယာများတွင် ရေးသားဖြန့်ဝေမှုများ တွေ့ရတဲ့အတွက် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း ကျောင်းကုန်းဒေသခံတချို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ် ၂၀၁၃ ခုနှစ်အောက်တိုဘာ ၆ ရက်နေ့မှာလည်း  မိန်ကလေးတယောက်အား မတော်တရား ပြုကျင့်ခဲ့တယ် စွပ်စွဲချက်သတင်းတွေ ကြောင့် ကျောင်းကုန်းမြို့က မွတ်ဆလင်တွေရဲ့ အိမ်နှစ်လုံးနဲ့ တဲတစ်လုံးကို  မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။

    သာမန် ဖြစ်ရိုးကျ ရာဇဝတ်မှုများကို အကြောင်းပြုပြီး လူမျိုးရေး၊ ဘာသာရေး ပြသနာဖြစ်စေနိုင်သည့် အမုန်းတရားစကားများနှင့် လှုံဆော်ရေးသားမှုများကို ၉၆၉(မ.ဘ.သ) ဦးဆောင်ဆရာတော် ဦးဝီရသူ၊ မ.ဘ.သ အမည်ဖြင့် Facebook စာမျက်နှာများ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဌ ဦးနေမျိုးဝေ အပါအဝင် ရာပေါင်း များစွာသော အကောင့်များဖြင့် နှစ်နဲ့ချီ ပြုလုပ်နေသော်လည်း ပြည်ထဲရေး ဝန်ကြီးဌာနမှ တစုံတရာ အရေးယူခြင်း မရှိသေးတာကို တွေ့ရပါတယ်။

  • ဧရာဝတီတိုင်း ဒေသအချို့တွင် ကုရ်ဘာနီ အီးဒ်နေ့ သားကောင် ကိစ္စ နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ် တားမြစ်ခံရ

    ဧရာဝတီတိုင်း ဒေသအချို့တွင် ကုရ်ဘာနီ အီးဒ်နေ့ သားကောင် ကိစ္စ နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ် တားမြစ်ခံရ

    အောက်တိုဘာ ၄၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    ဧရာဝတီတိုင်း မြို့နယ်အတွင်းရှိ တလုတ်တော်၊ အပါအ၀င် ဒေသအချို့မှာ အစ္စလာမ်သာသနာဝင်များ အီးဒ်နေ့ သားကောင်ပြုလုပ်ရန် အတွက် ဒေသအာဏာပိုင်များမှ ပထမပိုင်းတွင် ခွင့်ပြုခဲ့သော်လည်း ယခုအခါ အီးဒ်နေ့ နီးကပ်လာသည့် အချိန်တွင် ဘုန်းတော်ကြီးများနှင့် ဇီဝိတဒါနအသင်းများမှ ကန့်ကွက်သည့် အတွက် သားကောင်ပြောင်းလဲပြုလုပ်ရန် ဖိအားပေးခံရကြောင်း သိရပါတယ်။

    အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦးကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ရာ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

    “ကုရ်ဘာနီအီးဒ်နေ့ သားကောင်အတွက် ဧရာဝတီတိုင်းဒေသကြီး အာဏာပိုင်က ပထမပိုင်းက ခိုင်းနွား မဟုတ်ရင်ပြီးရော၊ အသက်အရွယ် စည်းကမ်းနဲ့ ကိုက်ညီနဲ့ နွားတွေကို ခွင့်ပြုမယ်လို့ အစည်းအဝေးမှာ ပြောတယ်။ သယ်ဆောင်ရေးမှာလည်း တစ်ခြားအဖွဲ့အစည်းတွေက မနှောက်ယှက်အောင် သူတို့တားဆီးပေးမယ်ဆိုပြီး စာလည်း ထုတ်ပေးခဲ့တယ်။ အဲ့လို အဆင်ပြေခဲ့ပြီးတော့ မနေ့က ညနေ ၅-နာရီလောက်မှ အရေးပေါ် အစည်းအဝေးရှိတယ်ဆိုပြီး ဟင်္သာတမြို့ပေါ် ဗလီ ၅-လုံး၊ တလုတ်တော်၊ ကန်နီက ဗလီဂေါပကအဖွဲ့တွေကို အစည်းအဝေးခေါ်တယ်။ အစည်းအဝေးမှာ မွတ်စလင်ဘက်က ဗလီဂေါပကတွေ ၁၀-ယောက်လောက်တက်ပါတယ်။ နောက် ခယက၊ မယက ပါတယ်။ ဇီဝိတဒါန ဦးဆောင်တဲ့ သံဃာ ၄၅ နဲ့ ၅၀ လောက်နဲ့ လူ ၁၅-ယောက်လောက်ပါတယ်။

    ဧရာဝတီတိုင်း ၀န်ကြီးချုပ်ကလည်း တည်ငြိမ်အေးချမ်းရေးကို ရှေ့ရှုပြီးတော့ လုပ်ကြပါဆိုပြီး ခယက နဲ့ မယက ကို ညွှန်ကြားစာ ထုတ်ထားတယ်ဆိုတာလည်း ကျွန်တော်တို့ကို ပြောပြတယ်။ ဟုတ်ကဲ့ ခယက နဲ့ မယက က မှတ်ချက်ပေးတာကတော့ သံဃာတော်တွေကလည်း အခုလိုလာပြီး မေတ္တာရပ်ခံတယ်။ ခင်ဗျားတို့ဘက်ကလည်း တည်ငြိမ်အေးချမ်းရေး ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ဒီဟာကို လုပ်ပေးနိုင်ရင် လုပ်ပေးပါလို့ဆိုပြီး ပြောတယ်။ ပထမပိုင်းကတော့ သူတို့က လုံခြုံရေး ကိစ္စလုပ်ပေးမယ် ဘာညာ ပြောထားပြီးသားပါ။ အခုကျတော့ သံဃာတော်တွေက မေတ္တာရပ်ခံတဲ့အတွက် သံဃာတော်တွေ ဘက်ကိုလိုက်ပြီး နွား မလုပ်ကျပါနဲ့တော့ဆိုတဲ့ ပုံစံမျိုး မေတ္တာရပ်ခံတယ်။ ဖိအားပေးတာ မဟုတ်ပါဘူးလို့လည်း ပြောပါတယ်။

    အစည်းအဝေးမှာ သူတို့အားလုံးက ၀ိုင်းပြီး တောင်းဆိုတယ်။ မေတ္တာရပ်ခံတယ်ပေါ့ဗျာ။ နွားမလုပ်ပါနဲ့ တခြားဟာလုပ်ပါဆိုပြီး ဇီဝိတဒါနအဖွဲ့က လူတွေက ပြောတယ်။ နောက်ဆုံး အစည်းအဝေးအပြီးမှာတော့ ကျွန်တော်တို့တွေ ကိုယ်တိုင်ပဲ နွားမလုပ်တော့ပါဘူးလို့ ပြောပစ်ခဲ့တယ်။

    မွတ်စလင်တွေက စည်းကမ်းသတ်မှတ်ချက်အတိုင်း နွားတွေကို ၀ယ်ထားပြီးဆိုတော့ အခုက အခက်အခဲ တွေ့နေပါတယ်။ နွားမလုပ်ဘဲ ဆိတ်ကို ပြောင်းလုပ်မယ်ဆိုပြန်တော့ ဆိတ်တစ်ကောင်ဈေးနှုန်းက နွားတစ်ကောင် ဈေးနှုန်းလောက် ဈေးခေါ်နေကြတယ်။ ဟုတ်ကဲ့ ကျွန်တော်တို့ ဒီဘက်တွေမှာ ၀ယ်ရတာက တစ်ခြားဘာသာဝင်တွေဆီကပါ။ ဒီဘက်မှာက နွားရော ဆိတ်ရော မွတ်စလင်တွေ ရောင်းတာ နည်းပါတယ်။ ဆိတ်တစ်ကောင်ကို နွားတစ်ကောင်လောက် ဈေးခေါ်နေကြတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ၀ယ်ထားပြီးသား နွားတွေလည်း ပြန်ရောင်းဖို့ ခက်ခဲနေကြတယ်။

    ဟုတ်ကဲ့ ကျွန်တော်တို့တွေကို တစ်ခြား ဖိအားပေးတာတော့ မရှိပါဘူး။ မေတ္တာရပ်ခံတယ်ဆိုတဲ့ စကားလုံးသုံးပြီး အနုနည်းနဲ့ တားလိုက်တာပဲလေ။ ပထမတုန်းကလည်း ၀န်ကြီးချုပ်က မေတ္တာရပ်ခံတယ်ဆိုတဲ့စကားလုံး သုံးပြီးပြောခဲ့တယ်။ အုပ်ချုပ်မှုအပိုင်းအနေနဲ့ တားမြစ်တယ်ဆိုတဲ့စကားလုံး သုံးလို့မရဘူးလို့လည်း ပြောတယ်လေ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့က နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို အနှောက်အယှက်ဖြစ်သွားမယ်ဆိုရင် မလုပ်တော့ပါဘူးလို့ ပြောခဲ့လိုက်ပါတယ်။”

  • Irrawaddy: စာပေဟောပြောပွဲ တားမြစ်ခံရမှုကို ဘယ်လို မြင်ကြသလဲ

    ဖေဖော်ဝါရီ ၁၈ ။၂၀၁၄
    ဧရာဝတီ

    1899929_721191117925043_840459439_n
    ၂၀၁၅ ရွေးကာက်ပွဲ နီးကပ်လာချိန်တွင် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်သူတချို့က စာပေဟောပြောပွဲများ ပြုလုပ်ခြင်းကို ဘာသာရေး အကြောင်းပြချက်ဖြင့် တားဆီးပိတ်ပင်မှုများ ပြုလုပ်လာကြောင်း တွေ့ရသည်။

    ပြည်ထောင်စုနေ့ အထမ်းအမှတ်အဖြစ် မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်မိသားစုများ ပူးပေါင်းကျင်းပသော စာပေဟောပြောပွဲတွင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ကိုမြအေးတို့ ပါဝင်သည့်အတွက် မျိုးချစ်သံဃာတော်များ သမဂ္ဂအဖွဲ့က ကန့်ကွက်ခဲ့သောကြောင့် ပွဲဖျက်သိမ်းပေးခဲ့ရသည်။ အကြောင်းပြချက်မှာ ဟောပြောမည့်သူများသည် အစ္စလာမ်ဘာသာဝင်ဖြစ်သောကြောင့်ဟူ၍ ဖြစ်သည်။

    ထို့အပြင် စာရေးဆရာမ တဦးဖြစ်သူ မသီတာ (စမ်းချောင်း) သည် ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တွင် စာပေဟောပြောပွဲတခု ပြုလုပ်ရန် စီစဉ်ထားရာ ၄င်းမှာ ရန်ကုန်မြို့ ဘားလမ်းရှိ မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံတွင် စေတနာ့ ၀န်ထမ်းအဖြစ် လုပ်အားပေးလျက် ရှိသောကြောင့် မြို့ခံ ဘုန်းကြီးတချို့က ၄င်းဟောပြောမည့် စာပေဟောပြောပွဲကို လက်မခံဘဲ လူစားလဲပေးရန် တောင်းဆိုသည့်အတွက် ယင်းစာပေ ဟောပြောပွဲသို့ မသွားရောက်ဖြစ်ခဲ့ကြောင်း သိရသည်။

    ယင်းသို့ တားမြစ်ကန့်သတ်မှုများနှင့် ပတ်သက်ပြီး ကာယကံရှင်များဖြစ်သည့် ကိုမြအေး၊ မသီတာ (စမ်းချောင်း) နှင့် ရှေ့နေ ဦးကိုနီတို့ကို ဧရာဝတီ အကြီးတန်းသတင်းထောက် ထက်နိုင်ဇော်က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ၄င်းတို့၏ ထင်မြင်ယူဆချက်များကို ဖော်ပြလိုက်ပါသည်။

    ကိုမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
    ———————————————————
    5.-Mya-Ayeအခုလို လုပ်နေတဲ့ပုံစံက တိုင်းပြည်အနာဂတ် မကောင်းနိုင်ဘူးလို့ ကျနော် မြင်တယ်။ ၂၀၁၄ ခုနှစ်ထဲကို စဝင်လာပြီဆိုမှ ဒီကိစ္စတွေက ပေါ်လာတာ။ ၂၀၁၅ ရွေးကာက်ပွဲနီးလို့ ဆိုတာ ကျနော်တို့ ယူဆလို့ ရတယ်။ နောက်တခုက
    နိုင်ငံသားတိုင်းမှာ သူ့ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ တာဝန်များဆိုတာ ရှိပြီးသားလေ။ ဖွဲ့စည်းပုံမှာလည်း ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်။ သို့သော်လည်းပဲ အဲဒါတွေကို အကောင်အထည်ဖော်လို့ မရအောင် ဥပဒေဘောင်အတွင်းက မဟုတ်ဘဲနဲ့ ဥပဒေမဲ့ လုပ်ကိုင်ဆောင်ရွက်လာတဲ့ ကိစ္စတွေကတော့ အလားအလာ မကောင်းဘူးလို့ မြင်တယ်။ ကျနော်တို့ နိုင်ငံမှာ နိုင်ငံသားလို့ ပြောရင် ဘာသာလူမျိုးပေါင်းစုံ ရှိကြတာပဲလေ။ အားလုံးဟာ တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင်နဲ့ပဲ မြန်မာဆိုတဲ့ စိတ်ဓါတ်နဲ့ အတူတကွ ပေါင်းစည်းသွားချင်တာ။ ဒါပေမယ့် အခုပြဿနာတွေကြောင့် မြန်မာနိုင်ငံ အနာဂတ်နဲ့ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကျနော်လည်း စိတ်ပူနေတယ်။

    ကျနော်ကတော့ ဒီကိစ္စတွေကို ရိုးရိုးသားသား ဖြစ်လာတယ်လို့တော့ မမြင်ဘူးဗျ။ အထူးသဖြင့် ကျနော်တို့နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးတွဲကြေညာချက် ထုတ်ပြီးမှ ဒီကိစ္စတွေက ဒီရေအလား တက်လာတာ တွေ့ရတယ်။ ဒါကတော့ ရိုးသားမှု တခုမဟုတ်ဘူးလို့ မြင်တယ်ဗျာ။ နောက်တခုက ၂၀၁၅ ရွေးကာက်ပွဲနီးလာပြီဆိုတော့ ပြိုင်ဆိုင်မှုက ပြင်းထန်လာတယ်။ လွယ်လွယ်ကူကူနဲ့ အာဏာကို ဖြတ်လမ်းက လိုချင်တဲ့သူတွေ အတွက်ကတော့ ဘာသာရေး လူမျိုးရေးကို အသုံးချပြီး လုပ်မှာပဲလေ။ ဒါတွေကို စုပြီးလိုက်လုပ်နေတာ။ ဒါကြောင့် ဒီကိစ္စက ရိုးသားတယ်လို့ လုံးဝ ပြောလို့မရဘူး။

    ကျနော်မြင်တာကတော့ ဘယ်ဘာသာတရားပဲ ဖြစ်ဖြစ် ကိုယ့်အမျိုးဘာသာ သာသနာကို စောင့်ရှောက်အောင်၊ ထိန်းသိမ်းအောင် ဆိုတာ လုပ်ရမယ့် ကိစ္စပါ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ရှည်သည်းခံနိုင်မှု စွမ်းအားဟာ ကျနော် အစ္စလာမ်ဘာသာဝင်တွေ အတွက် အများကြီး အတုယူစရာပါ။ ကျနော်တို့ ဖြစ်ချင်တာက အေးချမ်းစွာ နေထိုင်လိုတဲ့ မည်သည့်ဘာသာဝင်မဆို ဒီနိုင်ငံရဲ့ သစ္စာကို စောင့်သိရိုသေမယ်။ ဒီတိုင်းပြည်ရဲ့ အကျိုးကိုလည်း ဦးလည်မသုန် ထမ်းရွက်မယ်ဆိုရင် မြန်မာဆိုတဲ့ စိတ်ရှိရင် အဆင်ပြေစွာ နေထိုင်နိုင်ရမယ်။ မြန်မာနိုင်ငံဟာ အေးချမ်းတဲ့ နိုင်ငံဖြစ်တယ် ဆိုတဲ့ ပြယုပ်ကို တလျှောက်လုံး ပြလာခဲ့ပြီးတော့ ဆက်လက်ပြီး ထိန်းသိမ်းသွားနိုင်ဖို့ လိုပါတယ်။

    မသီတာ (စမ်းချောင်း)
    ————————–
    IMG_4022ဟောပြောပွဲ ကိစ္စက ကျမတို့ဘက်က ဖျက်လိုက်တာ။ ဆရာသင်းရီပဲ သိတယ်။ ကျမတောင် မသိလိုက်ဘူး။ ဆရာသင်းရီကို အဲဒီမြို့က ဘုန်းကြီးက ပြောတယ်တဲ့။ လူလဲပေးပါ ဆိုပြီးတော့တဲ့။ အဲလိုဆိုရင်တော့ လဲမပေးနိုင်ဘူး။ ဘယ်သူမှ
    လာမဟောတော့ဘူးဆိုပြီးတော့ ဖျက်လိုက်တာ။ ပေါင်းတည်နဲ့ ပေါက်ခေါင်း ၂ ရက်ဆက်တိုက်လုပ်ဖို့ လုပ်တဲ့ အစီအစဉ်က ပေါင်းတည်မှာ ပျက်သွားတယ်။ ပေါက်ခေါင်းမှာ ဟောဖြစ်တယ်။ နောက်ပိုင်းမှာတော့ ဘုန်းကြီးနဲ့ ပွဲစီစဉ်တဲ့
    ကလေးတွေနဲ့ ပြဿနာ တော်တော်တက်တယ်လို့ ကြားတယ်။ အဲဒီက ကလေးတွေက ပေါက်ခေါင်းကို လာပြီးတော့ နားထောင်တော့ သူတို့က ဖိတ်ချင်တယ်။ နောက်ပိုင်းတော့ ပြန်လုပ်မယ်။ ပြန်ခေါ်ပေးပါလို့ ပြောတယ်။ ဒါပေမယ့်
    ဆရာသင်းရီက စိုးရိမ်လို့ မလုပ်တော့တာပါ။

    အခုဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောရရင် တစုတဖွဲ့က ရည်ရွယ်ချက်ရှိရှိနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိအောင် လုပ်နေတာလို့ ပြောရမှာပဲ။ နောက်တပိုင်းက ပညာရည် နိမ့်ကျမှုပေါ့။ တသက်လုံး Isolate (အထီးကျန်) ဖြစ်နေတာကနေ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေတယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို မျက်ခြေပြတ်နေရတဲ့ လူထုက ပညာရည်နိမ့်ကျမှုကြောင့် တခုခုဆိုလို့ရှိရင် ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဦးစားပေးတယ်။ ပြောင်းလဲ ပြုပြင်လို့ မရတဲ့အရာတွေကို ပိုပြီးတော့ တန်ဖိုးထားနေကြတယ်။ အဲဒီပြဿနာတွေက အရင်းခံတယ်ပေါ့။ အပေါ်ယံကြည့်လိုက်ရင်တော့ ဘာသာရေးအရ သဘောထားကွဲလွဲတယ်လို့ ထင်ရပေမယ့် တကယ်တမ်းက နိုင်ငံရေး ပြဿနာပါ။

    နိုင်ငံတခုက သူ့ရဲ့ လူထုကို အခြေခံအခွင့်အရေးတွေရယ်၊ ဒီမိုကရေစီ သဘောတရားတွေရယ်ကို လုံလုံလောက်လောက် အသိမပေးနိုင်ခင်မှာ အဲဒီလို အသိပေးဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့ Failed State တခုရဲ့ လက္ခဏာတွေပေါ့။ ဒါဟာ ကျဆုံးသွားတဲ့ နိုင်ငံတခုရဲ့ လက္ခဏာတွေပါပဲ။ လူမျိုးနဲ့ ဘာသာဆိုတာကို တခုတည်း၊ တထပ်တည်း ဆွဲသွင်းထားလို့ မရဘူးလေ။
    ဆိုပါတော့ ဗမာလူမျိုးမှာ ဆိုရင်လည်း ဗမာတိုင်းက ဗုဒ္ဓဘာသာမှ မဟုတ်တာ။ ကျမတို့ တိုင်းရင်းသားထဲမှာလည်း ကရင်လူမျိုးဆိုရင် ဗုဒ္ဓဘာသာကရင် ရှိတယ်။ ခရစ်ယာန် ကရင်ရှိတယ်။ ကိုးကွယ် ယုံကြည်မှုဆိုတာက လူတယောက်ချင်းစီပဲလေ။
    မိသားစုတခုထဲမှာတောင် အဖေကတမျိုး သမီးကတမျိုး ဖြစ်နိုင်တာပဲ။ ကိုးကွယ်ယုံကြည်မှုက အင်မတန်မှ ပုဂ္ဂလိကဆန်ပါတယ်။ လူမျိုးဆိုတဲ့ အရာမှာလည်း ပြောင်းလဲလို့မရဘူးလေ။ မွေးကတည်းက ဗမာဆိုရင် ဗမာပဲလေ။ အဲဒီလို ပြုပြင်ပြောင်းလဲလို့ မရတဲ့ အရာတွေအပေါ်မှာ လိုက်ပြီးတော့ ခွဲခြားကန့်သတ်တယ်ဆိုရင် ဒီမိုကရေစီလူ့ဘောင်နဲ့ လုံးဝ မလျော်ညီတဲ့ကိစ္စပါ။ တသွေး၊ တသံ၊တမိန့်ဆိုတဲ့ အာဏာရှင်လူ့အဖွဲ့အစည်းကို ပြန်သွားချင်နေကြတာလား။ ဒီမိုကရေစီလို့ ပြောရင် မတူခြားနားမှုတွေကို လက်ခံနိုင်ဖို့။ လက်ခံပြီးတော့မှ အကောင်းဆုံး ဆုံးဖြတ်သင့်တာပေါ့။ အဓိကကတော့ ပညာပေးဖို့လိုတာပါ။ အကုန်လုံး ဝိုင်းအားထုတ်မှ ရမှာ။

    ဦးကိုနီ (တရားလွှတ်တော် ရှေ့နေ)
    ——————————————
    DSC_6447အခုဖြစ်နေတဲ့ ကိစ္စတွေက လုံးဝ ရိုးသားမှု မရှိဘူး။ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာက တည်ရှိနေတာ ကြာပြီ။ မြန်မာမင်းများ လက်ထက်၊ တတိယ မြန်မာနိုင်ငံတည်ထောင်ခဲ့တဲ့ အလောင်းဘုရား လက်ထက်ကတည်းက ရှိခဲ့တာ။ သမိုင်း အထောက်အထားတွေ ရှိပါတယ်။ အစၥလာမ္ဘာသာ ကိုးကြယ္တာ ဘာအျပစ္ရွိလဲ။ ဒါကသူ့ရဲ့ လွတ်လပ်ခွင့်ပဲ။ အစ္စလာမ်ဘာသာ ကိုးကွယ်တာကို အင်မတန်ကြီးမားတဲ့ ပြစ်မှုတခု ကျူးလွန်ထားသလို ဆက်ဆံနေကြတယ်။ ဒါအင်မတန်မှ ရုပ်ဆိုးတဲ့ ကိစ္စပဲ။

    အင်မတန် သဘောကောင်း၊ စိတ်ရင်းစေတနာ ကောင်းပြီးတော့ နိုင်ငံတကာက အသိအမှတ်ပြုခံရတဲ့ ဗုဒ္ဓဘာသာ ဗမာလူမျိုးတွေကို အထင်သေးစေတဲ့ လုပ်ရပ်ဖြစ်တယ်။ အန်ကယ်ကိုလည်း မွတ်စလင်မိုလို့ တရားမဟောရဘူးတဲ့။ ကျနော်ကလည်း တိုင်းပြည်ကောင်းကျိုး ဖြစ်စေမယ့် တရားကို ဟောမှာ။ မွတ်စလင်ဖြစ်လို့ ဟောခွင့်မရှိဘူးဆိုတော့ ကျနော့်ရဲ့ နိုင်ငံသား Status က ဘယ်ရောက်သွားပြီလဲ။ အလားတူပဲ တခြား အစ္စလာမ်ဘာသာဝင်တွေရဲ့ နိုင်ငံသား အခွင့်အရေးက ဘယ်ရောက်သွားပြီလဲ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားတဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးက ဘယ်ရောက်သွားပြီလဲ။ အဲဒီလောက်ထိအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြီးတော့ လုပ်နေတာဟာ ဒါတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ၊ သမ္မတကြီး အပါအဝင် ပြည်ထဲရေး ဝန်ကြီးအပါအဝင် အုပ်ချုပ်ရေးဌာနမှာ တာဝန်ရှိသူများက နည်းနည်းတော့ ဂရုစိုက်ပေးဖို့ ကောင်းပြီ။ ဒီအပေါ်မှာ အာရုံထားပြီးတော့ စောစောစီးစီး တားမြစ်သင့်တယ်။

    အခုမြင်ရတာက အစ္စလာမ်ဘာသာကို တိုက်ခိုက်ချင်တဲ့ သဘောထက် နိုင်ငံရေး သဘောတွေ ပါနေတယ်လို့ ဆရာထင်တယ်။ ဒါမျိုးကို လွှတ်ထားပေးမယ်ဆိုရင် ဒီထက် ရှေ့ဆက်ပြီးတော့ ဒီတရားမဟောရ၊ ဟိုတရား မဟောရဆိုတဲ့ ချုပ်ချယ် ကန့်သတ်မှုတွေက ဆင့်ကဲဆင့်ကဲ ပေါ်လာနိုင်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ တခုပြီးတခု ပေါ်လာနိုင်တယ်။ အခုဖြစ်ရပ်ဟာ တရားမျှတမှုကို လိုလားတဲ့ တကယ့်ဗုဒ္ဓဘာသာနဲ့ မတရားသဖြင့် သူများရဲ့အခွင့်အရေးကို လိုက်ပြီးတော့ တာဆီးပိတ်ပင်နေတဲ့ လူနည်းစု ဘုန်းကြီးတချို့ကြားမှာ ပြဿနာ ဖြစ်လာရင် ဒါဟာ မကောင်းဘူး။ ဘုရား သာသနာတော်ကို အများကြီး ထိခိုက်တယ်။ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကိုလည်း အများကြီး ထိခိုက်စေတယ်။ ဒီလိုလုပ်ရဲတယ်ဆိုတော့ သူတို့မှာ ဘာ Background ရှိတယ်ဆိုတာ သေချာစူးစမ်း လေ့လာသင့်တယ်။

    ကျနော်တို့ လုပ်ခဲ့တဲ့ မြောက်ဥက္ကလာ ပွဲဟာ တရားဝင်ခွင့်ပြုချက်နဲ့ လုပ်တာ။ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေး အဖွဲ့ကလည်း တရားဝင်ခွင့်ပြုပြီးသား။ အဲဒီတုန်းက တရားဝင် ဟောပြောပွဲတခုကို တရားဝင်လုပ်တယ်။ အဲဒီလို တရားဝင်လုပ်နေတဲ့ ဟောပြောပွဲတခုကို တရားမ၀င်အဖွဲ့တခုက ခြိမ်းခြောက်ပြီးတော့ တရားမ၀င်လုပ်ရပ်တွေ လုပ်နေတာကို အစိုးရက တာဝန်ခံရမယ်။ ဒါတွေကို တားဆီးပေးဖို့ တာဝန်က အစိုးရရဲ့ တာဝန်ပဲ။

    ဒီပုံစံတိုင်းသွားမယ်ဆိုရင် ဆရာတို့ရဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ အခက်အခဲတွေ အများကြီးကြုံရလိမ့်မယ်။ ဒါ မြန်မာနိုင်ငံအတွက် မကောင်းတဲ့ လက္ခဏာပဲ။ ဒီမိုကရေစီ နိုင်ငံရေး စနစ်ကို သွားချင်တယ်ဆိုရင် Discrimination လို့ခေါ်တဲ့ ခွဲခြားဆက်ဆံမှုတွေ၊ တရားဥပဒေကို ဆန့်ကျင်ပြီး လုပ်ဆောင်နေတဲ့ ကိစ္စတွေ ချုပ်ငြိမ်းသွားဖို့လိုပြီ။

    ကျနော်တို့ ပွဲကို နိုင်ငံတော် သံဃာမဟာနယက ဆရာတော်တပါး ကြွလာပြီးတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကြိုးစားခဲ့တယ်။ အဲဒီ တရားဝင် ဖွဲ့စည်းထားတဲ့ သံဃာ့အဖွဲ့အစည်းက ကိုယ်တော်၊ ဘုန်းတော်ကြီး ကိုယ်တိုင် မတတ်နိုင်ဘူး ဖြစ်သွားတယ်။ ဆိုတော့ ဘုန်းကြီးတွေနဲ့ မဆိုင်တဲ့ ကိစ္စတခုမှာ ဘုန်းကြီးတွေ ဝင်ပါနေခြင်းဟာ အမျိုးသားရေး အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး အဟန့်အတား ဖြစ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေကြတာလို့ပဲ ပြောချင်တယ်။

    ဧရာဝတီ ဆိုဒ်တွင် ဖတ်ရန်=>http://burma.irrawaddy.org/interview/2014/02/18/55106.html