News @ M-Media
Tag: Islam in China
  • ဘေဂျင်းရှိ ဟာလာလ်ဆိုင်များတွင် အစ္စလာမ့်အမှတ်သညာများ ဖယ်ရှားရန် တရုတ်အစိုးရ အမိန့်ထုတ်
    ဘေဂျင်းရှိ ဟာလာလ်ဆိုင်များတွင် အစ္စလာမ့်အမှတ်သညာများ ဖယ်ရှားရန် တရုတ်အစိုးရ အမိန့်ထုတ်
    သြဂုတ် ၂၊ ၂၀၁၉
    M-Media
    အာရဘီစာတန်းကို ဘုပ်ထားသည့် ဟာလာလ်ဆိုင်တစ်ခု
    -ဘေဂျင်းမြို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ ဈေးဆိုင်တွေ၊ ဟာလာလ် စားသောက်ဆိုင်တွေမှာ
    အစ္စလာမ်နဲ့သက်ဆိုင်တဲ့ အမှတ်သညာတွေ၊ အာရဘီဆိုင်းဘုတ်တွေကို တရုတ်အာဏာပိုင်တွက ဖယ်ရှားခိုင်းခဲ့ပြီး လူနည်းစုတွေကို တရုတ်ဇာတ်သွင်းရေးစီမံကိန်းမှာ နောက်တစ်ဆင့် ထပ်တိုးလာတာလည်း ဖြစ်ပါတယ်။
    ရိုက်တာသတင်းဌာနက ဘေဂျင်းမြို့မှာရှိတဲ့ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သွားရောက်စုံစမ်းပြီး ဒီကိစ္စကို ဖော်ထုတ်တင်ပြခဲ့တာပါ။
    ဟာလာလ်စားသောက်ဆိုင်နဲ့ ဈေးဆိုင် ၁၁ ခုရဲ့ ၀န်ထမ်းတွေက တရုတ်အာဏာပိုင်တွေဟာ
    လနဲ့ကြယ်လို အစ္စလာမ့်အမှတ်သညာတွေ၊ ကိုရန်ကျမ်းက စာကြောင်းတွေ၊ အာရဘီဘာသာစကားနဲ့ ရေးသားထားတဲ့ ‘ဟာလာလ်’ ဆိုင်းဘုတ်တွေကို ဖယ်ရှားခိုင်းခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    ခေါက်ဆွဲဆိုင်တစ်ဆိုင်မှာဆိုရင် ဟာလာလ်ဆိုင်းဘုတ်ကို မျက်စိရှေ့မှာတင် ဖြုတ်ချဖို့ အာဏာပိုင်တွေက ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။
    “ဒါတွေဟာ နိုင်ငံခြားယဉ်ကျေးမှုဖြစ်ပြီး တရုတ်ယဉ်ကျေးမှုကို ပိုအသုံးပြုသင့်တယ်လို့ သူတို့က ပြောပါတယ်” လို့ လုံခြုံရေးစိုးရိမ်ရမှုကြောင့် အမည်မဖော်လိုတဲ့ ခေါက်ဆွဲဆိုင်မန်နေဂျာက ပြောပါတယ်။
    နိုင်ငံအတွင်းက ဘာသာရေးအမှတ်သညာတွေအပေါ် ပစ်မှတ်ထားဖိနှိပ်တဲ့လုပ်ငန်းကို တရုတ်အစိုးရက ၂၀၁၆ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အစ္စလာမ် အမှတ်သညာတွေနဲ့ အာရဘီစာပန်းချီတွေကို ပစ်မှတ်ထားလာတာဟာ ဒီလုပ်ငန်းရဲ့ နောက်ဆင့် ဖြစ်ပါတယ်။
    အရင်ကလည်း တရုတ်အစိုးရဟာ နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေရဲ့ အမိုးခုံးတွေကို ဖျက်ဆီးခဲ့ပြီး ဒါတွေဟာ အရှေ့အလယ်ပိုင်းစတိုင် ဖြစ်တဲ့အတွက် ဒီလို ဆောင်ရွက်ရတာလို့ ပြောကြားခဲ့ပါတယ်။
    တရားဝင်ကိန်းဂဏန်း ထုတ်ပြန်ချက်တွေအရ တရုတ်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင် သန်း ၂၀
    လောက်ရှိပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း တရုတ်ဇာတ်သွင်းမှု၊ ကွန်မြူနစ်အတွေးအခေါ် သွတ်သွင်းမှုတွေကို ပိုမို ခံစားလာရပါတယ်။
    ခရစ်ယာန်များကိုလည်း ပစ်မှတ်ထား
    တရုတ်အစိုးရက Golden Lampstand ခရစ်ယာန်ဘုရားကျောင်းကို ဖောက်ခွဲဖျက်ဆီးနေစဉ်
    တရုတ်အစိုးရက ဘာသာရေးအဆောက်အဦးတွေ၊ အမှတ်သညာတွေအပေါ် ပစ်မှတ်ထား ဖျက်ဆီးနေမှုကို နိုင်ငံအတွင်းက လူနည်းစု ခရစ်ယာန်တွေလည်း ခံစားနေရပါတယ်။
    အခုနှစ် ဇန်နဝါရီလက နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ်မှာရှိတဲ့ Golden Lampstand ခရစ်ယာန် ဘုရားကျောင်းကို တရုတ်အစိုးရက စက်ယန္တရားကြီးတွေ၊ ဒိုင်းနမိုက်တွေ အသုံးပြုပြီး
    ဖေါက်ခွဲဖျက်ဆီးခဲ့ပါတယ်။
    Golden Lampstand ဘုရားကျောင်းက တရုတ်နိုင်ငံမှာရှိတဲ့ အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းနဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွေမှာ ခရစ်ယာန်ဘုရားကျောင်းကြီး ၂ ခုကို ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
    နိုင်ငံတစ်ဝှမ်းမှာ စိုက်ထူထားတဲ့ လက်ဝါးကပ်တိုင်တွေကို ဖြိုချတာ၊ ခရစ်ယာန်ဘာသာဝင်တွေရဲ့
    ဘာသာရေး စာအုပ်စာပေတွေကို သိမ်းဆည်းတာ၊ ဘုရားကျောင်းတွေကို ၀င်ရောက်စီးနင်းပြီး
    တရုတ်နိုင်ငံမှာ ခရစ်ယာန်ဘာသာဝင် သန်း ၆၀ လောက် ရှိနေပြီး တရုတ်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုကြောင့် ထက်ဝက်လောက်က ဘာသာရေးကို လျှို့ဝှက်စွာ ကျင့်သုံးနေရပါတယ်။
    စိုးရိမ်
    ဘေဂျင်းမြို့မှ ဟာလာလ်ဆိုင်
    ဘာသာရေးအသင်းအဖွဲ့တွေကတစ်ဆင့် နိုင်ငံခြားသြဇာလွှမ်းမိုးကာ ထိန်းချုပ်ရခက်မှာကို တရုတ်အာဏာပိုင်တွေက စိုးရိမ်တဲ့အတွက် ဘာသာရေးအသင်းအဖွဲ့တွေကို ဒီလို ပစ်မှတ်ထား နှိမ်နှင်းတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုကြပါတယ်။
    “အာရဘီကို နိုင်ငံခြား ဘာသာစကားတစ်ခုအဖြစ် ရှုမြင်ပြီး၊ ဒီဘာသာစကားနဲ့ ဆက်နွယ်တဲ့ အ အသိပညာတွေဟာ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘူးလို့ ယူဆနေတာပါ။ အာရဘီဟာ တစ်ကမ္ဘ္ဘာလုံးက ကျင့်သုံးနေတဲ့ ဘာသာရေးပုံစံနဲ့ ဆက်နွယ်နေပြီး တရုတ်အာဏာပိုင်တွေက အစွန်းရောက်ဝါဒနဲ့ ဆက်နွယ်နေတယ်လို့ မှတ်ယူထားပါတယ်။ တရုတ်နိုင်ငံက အစ္စလာမ်ဘာသာကို တရုတ်ဘာသာစကားနဲ့ပဲ သူတို့က ကျင့်သုံးချင်ကြတာပါ” လို့ ဝါရှင်တန်တက္ကသိုလ်က မနုဿဗေဒ ပညာရှင်ဖြစ်ပြီး တရုတ်နိုင်ငံအနောက်ပိုင်းက ရှင်ကျန်းပြည်နယ်အကြောင်း လေ့လာနေသူ ဒါရန်ဘိုင်လာက ပြောကြားခဲ့ပါတယ်။
    အစားအသောက်တွေကို လိုက်လံပို့ဆောင်ပေးနေတဲ့ Meituan Dianping အက်ပလီကေးရှင်းအရ ဘေဂျင်းမြို့မှာ ဟာလာလ် စားသောက်ဆိုင်နဲ့ ဈေးဆိုင်ပေါင်း အနည်းဆုံး တစ်ထောင်လောက်ရှိပြီး အများစုက ဘေဂျင်းရဲ့ သမိုင်းဝင် မွတ်စလင်ရပ်ကွက်က ဖြစ်ပါတယ်။
    ဟာလာလ်အမှတ်သညာတွေ၊ အာရဘီစာပန်းချီနဲ့ ရေးသားထာားတဲ့ ကိုရန်ကျမ်းက စာတန်းတွေ ဖယ်ရှားဖို့ မြို့တွင်းက ဟာလာလ်ဆိုင်တွေအားလုံးကို တရုတ်အာဏာပိုင်တွေက အမိန့်ပေးထားလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
    မိမိတို့ သတင်းထောက်တွေရဲ့ လေ့လာမှုအရ ဆိုင်ကြီးတော်တော်များများမှာ အာရဘီနဲ့ ရေးသားထားတဲ့ ဟာလာလ်ဆိုင်းဘုတ်အစား တရုတ်ဘာသာစကားနဲ့ ရေးသားထားတဲ့ ဟာလာလ်ဆိုင်းဘုတ်တွေကို တပ်ဆင်ထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
    ဘေဂျင်းအစိုးရရဲ့ တိုင်းရင်းသားနဲ့ ဘာသာရေးဆိုင်ရာ ကော်မတီကတော့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားဖို့ ငြင်းဆိုခဲ့ပြီး၊ ဟာလာလ်ဆိုင်တွေကို ဒီလိုအမိန့်ပေးတာဟာ ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်အတိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဗဟိုအစိုးရရဲ့ တိုင်းရင်းသားရေးရာကော်မရှင်အကြီးအကဲ ကျားရှီက တရုတ်နိုင်ငံရဲ့ အခြေခံဥပဒေမှာ လူနည်းစုတွေ အားလုံးရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ပေးထားတယ်လို့ ပြောကြားခဲ့ပေမယ့်၊ ဘေဂျင်းက ကိစ္စအတွက် ဗဟိုက ဘယ်လိုညွှန်ကြားထားသလဲဆိုတာကို ရှင်းပြခဲ့ခြင်း မရှိပါဘူး။
    ရိုက်တာသတင်းဌာနက မေးမြန်းခဲ့တဲ့ ဆိုင်ရှင်အများစုက ဟာလာလ်ဆိုင်းဘုတ်တွေ အစားထိုးရတာနဲ့ပတ်သက်လို့ သူတို့မှာ ဘာပြဿနာမှ မရှိကြောင်း ပြောကြားခဲ့ကြပြီး၊ တစ်ချို့တွေကတော့
    ဒါဟာ စားသုံးသူတွေအတွက် ရှုတ်ထွေးမှု ဖြစ်စေလိမ့်မယ်လို့ ဖြေခဲ့ကြပါတယ်။ တစ်ချို့တွေက တရုတ်အစိုးရဟာ အစ္စလာမ်ဘာသာရဲ့ အမှတ်သညာတွေ၊ ဓလေ့ထုံးတမ်းတွေကို ဖယ်ရှားဖို့ ဆောင်ရွက်နေတာလို့ ဝေဖန်ခဲ့ပါတယ်။
    “နိုင်ငံတော်ညီညွတ်ရေး၊ နိုင်ငံတကာမှာဝင်ဆံ့ရေးလို့ သူတို့ တစ်ချိန်လုံး ပြောနေကြတယ်။ နိုင်ငံတော် ညီညွတ်ရေးဆိုတာ ဒါမျိုးလား”
    Ref: Reuters, NY Times
  • ရှင်ကျန်းအကျဉ်းစခန်းမှ ၀ီဂါအများစုကို ပြန်လွှတ်ပေးလိုက်ပြီဟု တရုတ်ပြော
    ရှင်ကျန်းအကျဉ်းစခန်းမှ ၀ီဂါအများစုကို ပြန်လွှတ်ပေးလိုက်ပြီဟု တရုတ်ပြော
    ဇူလိုင် ၃၀၊ ၂၀၁၉
    M-Media
    -ရှင်ကျန်းပြည်နယ်က အသက်မွေးဝမ်းကြောင်း စင်တာတွေမှာ တက်ရောက်ခဲ့ကြသူ အများစုဟာ လူ့အဖွဲ့အစည်းအတွင်းကို ပြန်လည်ရောက်ရှိသွားပြီး အလုပ်အကိုင်တွေ ရနေကြပြီလို့ တရုတ်နိုင်ငံက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
    တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်က အစ္စလာမ်ဘာသာဝင် ၀ီဂါလူမျိုးတွေနဲ့ တစ်ခြား လူမျိုးစု
    ငယ်တွေအပေါ် ဖိနှိပ်ကာ လူတစ်သန်းလောက်ကိုလည်း အကျဉ်းစခန်းတွေထဲမှာ ထည့်ထားတယ်လို့ ကမ္ဘာ့မီဒီယာတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက ဖော်ထုတ်ခဲ့ကြပါတယ်။
    တရုတ်ကတော့ ဒါတွေဟာ အကျဉ်းစခန်းတွေမဟုတ်ဘဲ အသက်မွေးဝမ်းကြောင်းပညာရပ်တွေ
    သင်ကြားပေးတဲ့ စင်တာတွေ ဖြစ်ကြောင်း၊ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်တာသာဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ပြောကြားခဲ့ပါတယ်။
    မနေ့က ဘေဂျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်ကျန်းပြည်နယ် အုပ်ချုပ်ရေးမှူး ၀ီဂါလူမျိုး ရှိုရတ် ဇာကီရ်က သင်တန်းကျောင်းတွေမှာ ရှိနေသူ တော်တော်များများဟာ ဒေသတွင်း ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ကာ အလုပ်လုပ်နေကြပြီလို့ ပြောကြားခဲ့ပါတယ်။
    “အသက်မွေးဝမ်းကြောင်း စင်တာတွေကနေ ဘွဲ့ရသွားသူ တော်တော်များများဟာ လူ့အဖွဲ့အစည်းထဲ ပြန်ရောက်နေပါပြီ။ ဘွဲ့ရသူ ၉၀ ရာခိုင်နှုန်း ကျော်ကျော်ဟာ လခကောင်းကောင်းနဲ့ အဆင်ပြေတဲ့ အလုပ်တွေလည်း ရနေပါတယ်”
    အဲဒီစင်တာတွေမှာ လူဘယ်လောက်ကို ထိန်းသိမ်းထားလဲဆိုတာနဲ့ ဘယ်လောက်ကို ပြန်လွှတ်ပေးခဲ့တယ် ဆိုတာတွေကိုတော့ ဇာကီရ်က ထည့်သွင်းပြောကြားခြင်း မရှိပါဘူး။
    ရှင်ကျန်းပြည်နယ်ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူး အဲလ်ကန် တူနီယက်ဇ်က စင်တာတွေမှာ ညှင်းပမ်းနှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့သတင်းဟာ နိုင်ငံအနည်းငယ်နဲ့ သတင်းဌာန အနည်းငယ်က လုပ်ကြံဖော်ပြချက်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    သင်တန်းကျောင်းမှာ တက်ရောက်နေသူတွေကို ပုံမှန် အိမ်ပြန်ခွင့်ပြုကြောင်း၊ သင်တန်းကျောင်းမှာ ဘာသာရေးလုပ်တာကို ခွင့်မပြုပေမယ့် အိမ်ပြန်ရောက်ရင် လုပ်ဆာင်နိုင်ကြောင်း တူနီယက်ဇ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    စခန်းတွေကနေ ထွက်ပြေးလွတ်မြောက်လာသူတွေက စခန်းတွေဟာ ထောင်သဘောမျိုးဖြစ်ပြီး
    ညှင်းပမ်းနှိပ်စက်တာတွေ၊ ကွန်မြူနစ်ဝါဒ သွတ်သွင်းတာတွေ ရှိတယ်လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • အကျဉ်းစခန်းကလွတ်ပေမယ့် ဆင်းရဲဒုက္ခ ဆက်ရှိနေဆဲ တရုတ်မွတ်စလင်များ
    အကျဉ်းစခန်းကလွတ်ပေမယ့် ဆင်းရဲဒုက္ခ ဆက်ရှိနေဆဲ တရုတ်မွတ်စလင်များ
    ဇူလိုင် ၂၅၊ ၂၀၁၉
    M-Media
    ရှင်ကျန်းပြည်နယ်မှ မြင်ကွင်း တစ်ခု
    -လူနည်းစုတွေအတွက် အသက်မွေးဝမ်းကြောင်းသင်တန်းလို့ ခေါ်တဲ့ နေရာမှာ အလုပ်လုပ်ခဲ့ပြီးတဲ့နောက် မနှစ်က တရုတ်နိုင်ငံကနေ ထွက်ပြေးလာတဲ့ ကာဇက်လူမျိုး Sairagul Sauytbai တစ်ယောက် သင်တန်းကျောင်းမှာ သူမြင်ခဲ့ရတဲ့ ရိုက်နှက်မှု၊ ညှင်းပမ်းနှိပ်စက်မှုတွေကို တစ်ခြားသူတွေသိအောင် ပြောပြချင်နေပါတယ်။
    ဒါပေမယ့် ဒုက္ခသည်အဖြစ် ခံယူဖို့ ရောက်ရှိလာတဲ့ အိမ်နီးချင်း ကာဇက်စတန်နိုင်ငံကတော့ သူမကို တရားမ၀င် ၀င်ရောက်လာတယ်လို့ စွပ်စွဲတာ၊ ကိုယ်လုံးတီးချွတ်ပြီးစစ်တာ၊ တရုတ်အစိုးရရဲ့ ‘အစွန်းရောက်တိုက်ဖျက်ရေး ဆောင်ရွက်မှု’ အကြောင်း ထုတ်မပြောဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတိပေးတာတွေ ရှိနေပါတယ်။ တရုတ်အစိုးရဟာ အစွန်းရောက်တိုက်ဖျက်ရေး ခေါင်းစဉ်တပ်ပြီး သိန်းနဲ့ချီတဲ့သူတွေကို ထောင်တွေနဲ့တူတဲ့ စခန်းထဲမှာ ပိတ်လှောင်ထားတယ်လို့
    Sairagulနဲ့ သူမရဲ့ ရှေ့နေတို့က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    အကျဉ်းစခန်းတွေကြောင့် တရုတ်နိုင်ငံအနောက်ပိုင်း ရှင်းကျန်းပြည်နယ်ကနေ ထွက်ပြေးလာရတဲ့ Sairagul နဲ့ အခြားသူတွေရဲ့ အဖြစ်အပျက်တွေဟာ တရုတ်နဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့ အိမ်နီးချင်း ကာဇက်စတန်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ သူတို့ရဲ့ ဒုက္ခဆင်းရဲတွေကို မီးမောင်းထိုးပြနေသလို၊ ဒီလို အဖြစ်ဆိုးတွေ ကြုံတွေ့နေရပေမယ့် ဘာ့ကြောင့် သူတို့ အသံတိတ်နေရလဲဆိုတာကိုပါ ဖော်ပြနပါတယ်။
    ရှင်ကျန်းပြည်နယ်တစ်ဝှမ်းမှာ တည်ဆောက်ထားတဲ့ အကျဉ်းစခန်းတွေအတွင်း တရုတ်အစိုးရဟာ လူတစ်သန်းလောက်ကို ထိန်းသိမ်းထားတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြားထားပါတယ်။ ရှင်ကျန်းမှာ အစ္စလာမ်ဘာသာဝင် ဝီဂါလူမျိုးတွေ အများဆုံးနေထိုင်ပြီး အရင်က လူမျိုးစု အကြမ်းဖက်မှုတွေလည်း ရှိခဲ့ဖူးပါတယ်။
    စခန်းမှာနေခဲ့ဖူးသူတွေကတော့ ဒီနေရာတွေဟာ ထောင်တွေသာဖြစ်ပြီး လူတွေကို လချီထိန်းသိမ်းကာ ကွန်မြူနစ်အတွေးအခေါ်တွေ ရိုက်သွင်းပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။ တရုတ်အစိုးရက စခန်းတွေဟာ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒတွေကို တားဆီးဟန့်တားဖို့ ရည်ရွယ်တဲ့ ‘အသက်မွေးဝမ်းကြောင်း လေ့ကျင်ရေးစင်တာတွေ’ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
    အ၀တ်ချွတ်၊ ခြိမ်းခြောက်
    အသက် ၄၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Sauytbai ဟာ ရှင်ကျန်းပြည်နယ် ကာဇက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မူကြိုကျောင်းအုပ်အဖြစ် အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာတော့ စခန်းတစ်ခုမှာ တရုတ်ဘာသာနဲ့ ယဉ်ကျေးမှု၊ ကွန်မြူနစ် အတွေးအခေါ်တွေကို သင်ကြားဖို့အတွက် ရုတ်တရက် လာရောက်ခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။
    သူမရဲ့ ခင်ပွန်းနဲ့ ကလေး ၂ ဦးဟာ ကာဇက်စတန်ကို ပြောင်းရွှေ့သွားပေမယ့် သူမ မလိုက်နိုင်အောင် တရုတ်အာဏာပိုင်တွေက နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းခဲ့ပါတယ်။ စခန်းမှာ လူတွေအပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံမှုတွေ၊ ညှင်းပမ်းမှုတွေ၊ ရိုက်နှက်မှုတွေကို Sauytbai တစ်ယောက် ကြုံတွေ့ခဲ့ရပါတယ်။
    “အဲဒီကလူ တော်တော်များများကို ကျွန်မသိတယ်။ သာမန် မွေးမြူရေးလုပ်သူတွေ၊ စာရေးဆရာတွေ၊ တက်ကြွလှုပ်ရှားသူတွေ အစုံပါပဲ။ ဘာရာဇ၀တ်မှုမှ မကျူးလွန်ထားကြသူတွေပါ” လို့ သူမက ပြောကြားခဲ့ပါတယ်။
    ၄ လအကြာမှာတော့ အာဏာပိုင်တွေက Sauytbai ကို အိမ်ပြန်လွှတ်လိုက်ပြီး မူကြိုကျောင်းအုပ်အလုပ်ကလည်း ပြုတ်သွားပါတယ်။ အကျဉ်းစခန်းကို အကျဉ်းသားတစ်ယောက်အဖြစ် ပြန်ရောက်မှာ စိုးရိမ်လာတဲ့အတွက် သူမဟာ Khorgos နယ်ခြားဂိတ်ကနေတစ်ဆင့် ကာဇက်စတန်နိုင်ငံကို တရားမ၀င် ၀င်ရောက်သွားခဲ့ပါတယ်။
    ရောက်ပြီး သိပ်မကြာခင်မှာ Sauytbai ကို ကာဇက်အာဏာပိုင်တွေက ဖမ်းဆီး တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးက သူမကို တရုတ်ပြည်ပြန်မပို့ဖို့ ဆုံးဖြတ်ခဲ့ပြီး၊ ဆိုင်းငံ့ပြစ်ဒဏ်သာ ပေးခဲ့ပါတယ်။
    အဲဒီနောက်မှာ ခိုလှုံခွင့်လျှောက်ထားပေမယ့် ဖိနှိပ်ချုပ်ချယ်မှု ခံရတယ်ဆိုတဲ့ သက်သေအထောက်အထား လုံလုံလောက်လောက် မတွေ့ရတာကြောင့် အာဏာပိုင်တွေက လက်မခံခဲ့ပါဘူး။ ပြီးခဲ့တဲ့လမှာတော့ သူမနဲ့ သူမရဲ့ မိသားစုဟာ ဆွီဒင်ကို ပြောင်းကာ နေထိုင်ခွင့် လျှောက်ထားခဲ့ပါတယ်။
    ဆွီဒင်နိုင်ငံTrelleborg မြို့မှာ နေထိုင်နေတဲ့ Sauytbai ကို ရိုက်တာသတင်းဌာနက မေးမြန်းရာမှာ တရုတ်အစိုးရကို မဝေဖန်ဖို့အတွက် ကာဇက်ရဲတပ်ဖွဲ့က သတိပေးခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။
    “အားလုံး မျက်မြင်တွေ့ခဲ့ရတာကြောင့် ကာဇက်စတန်ရောက်တဲ့အခါ ဒီအကြောင်းတွေကို ကျွန်မ ကမ္ဘ္ဘာကြီးကို ပြောပြချင်ခဲ့ပါတယ်။ ဒါပမယ့် ကာဇက်စတန် လုံခြုံရေး ကော်မတီနဲ့ ကျွန်မရှေ့နေ အဘ်ဇဲလ် ကူစ်ပန်တို့က မပြောဖို့ တားခဲ့ပါတယ်”
    ကူစ်ပန်က သူ ဒီလိုပိတ်ပင်ခဲ့ကြောင်း ၀န်ခံခဲ့ပြီး၊ တရုတ်က အကျဉ်းစခန်းတွေအကြောင်း ပြောရင် Sauytbai ရင်ဆိုင်နေရတဲ့ အမှုနဲ့ လျှောက်ထားမယ့် ခိုလှုံခွင့်ကိစ္စတွေကို ထိခိုက်မှာစိုးတဲ့အတွက် တားရတာလို့ ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ ပထမဆုံးလုပ်ရမယ့်အချက်က သူမကို တရုတ်ပြည် ပြန်မလွှဲပေးအောင်ပါ”
    ကာဇက်စတန်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ချက်ခြင်းဆိုသလိုပဲ Sauytbai တစ်ယောက် ဖိအားအောက် နေခဲ့ရတယ်ဆိုတာ သူသိတယ်လို့လည်း ကူစ်ပန်က ပြောပါတယ်။
    “ကိုယ်တုံးလုံးချွတ်ပြီး အဆောက်အဦးတစ်ခုမှာ သူ့ကို ထိန်းသိမ်းထားတာပါ”
    ကာဇက်စတန် နိုင်ငံတော်လုံခြုံရေးကော်မတီက Sauytbai ရဲ့ ပြောကြားမှုနဲ့ပတ်သက်ပြီး
    ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားခြင်း မရှိပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီဌာနက ‘Sairagul Sauytbai ရဲ့ ခရစ်ဒစ်ကတ် လိမ်လည်မှု၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုတွေဟာ ထင်ရှားတာကြောင့် ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်’ လို့ ပြောကြားခဲ့ပါတယ်။
    Sauytbai မိသားစုကတော့ တရုတ်ပြည်မှာ ဘဏ်ချေးငွေတွေ ပိတဲ့အတွက် အိမ်ရောင်းပြီး ဆပ်ခဲ့ရတယ်လို့ ကာဇက် မီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။
    လေ့ကျင့်ရေးစင်တာတွေမှာ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ထားပြီး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ ကာကွယ်ဖို့လည်း သတ်မှတ်ထားသလို၊ သင်တန်းသားတွေရဲ့ လူ့ဂုဏ်သိက္ခာကို ချိုးဖောက်မှု မရှိအောင် အသေအချာ ဆောင်ရွက်ထားတယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ရှင်ကျန်းပြည်နယ် အစိုးရကတော့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
    တရုတ်ပြည်ပြန်ပို့
    ရှင်ကျန်းပြည်နယ်က ကာဂျစ်လူမျိုး အသက် ၅၅ နှစ်အရွယ် ကုန်သည် Aishan Memetrasul က နေမကောင်းတဲ့ အမျိုးတစ်ယောက်ကို သွားကြည့်ဖို့အတွက် အကျဉ်းစခန်းကနေ ထွက်လာခဲ့တဲ့အချိန်တုန်းက ဘေးကင်းပြီလို့ တွေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
    တရုတ်ရဲ့ နောက်ထပ် အိမ်နီးချင်း ကာဂျစ်စတန်နိုင်ငံကို Aishan တစ်ယောက် ပြေးလာပြီး ကာဂျစ်လူမျိုးတွေကို နိုင်ငံသားပေးတဲ့ ဥပဒေကြောင့် သူဟာ နိုင်ငံသား လျှောက်ထားခဲ့ပါတယ်။
    ဒါပေမယ့် ကာဂျစ်စတန် အာဏာပိုင်တွေက တရုတ်ပြည်ကနေ သွားယူရမယ့် စာရွက်စာတမ်းတစ်ခု လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက် Aishan ကို တရုတ်ပြည် ပြန်ပို့ခဲ့ပြီး အကျဉ်းစခန်းထဲမှာ နောက်ထပ် ၆ ပတ် ထပ်နေခဲ့ရပါတယ်။
    အသက်ကြီးနေတဲ့အမေကို ပြုစုစောင့်ရှောက်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ Aishan ဒုတိယအကြိမ် အကျဉ်းစခန်းကထွက်ပြီး ကာဂျစ်စတန်ကို ပြန်ဝင်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ ရှင်ကျန်းမှာကျန်ခဲ့တဲ့ သူ့အမျိုးတွေဆီကနေ စာရွက်စာတမ်းတွေတောင်းဖို့ အစိုးရထံမှာ အကူအညီ တောင်းခံထားပါတယ်။
    “ကာဂျစ်အစိုးရဆီကနေ ဘာအဖြေမှ မလာသေးဘူးဗျ”
    တရုတ်ပြည်က အကျဉ်းစခန်းတွေအကြောင်း ကာဂျစ်စတန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ရိုက်တာက မေးမြန်းရာမှာ လက်ရှိ အခြေအနေတွေကို စောင့်ကြည့်နေကြောင်း တရုတ်နဲ့ ပြဿနာရှိလာရင် သံတမန်နည်းလမ်းအရ ဖြေရှင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
    Ref: Reuters
    (Reuters သတင်းဌာနတွင် ဖော်ပြထားသည့် For some Chinese Muslims, fleeing doesn’t end trouble ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
  • ဝီဂါများ၏ အမှတ်သညာကို တရုတ်ငြင်းဆန်၊ ရှင်ကျန်းပြည်နယ်ကို ၃ ရာစုကတည်းက မိမိတို့ပိုင်ဆိုင်ခဲ့ဟု ပြော
    ဝီဂါများ၏ အမှတ်သညာကို တရုတ်ငြင်းဆန်၊ ရှင်ကျန်းပြည်နယ်ကို ၃ ရာစုကတည်းက မိမိတို့ပိုင်ဆိုင်ခဲ့ဟု ပြော
    ဇူလိုင် ၂၂၊ ၂၀၁၉
    M-Media
    -နိုင်ငံအနောက်မြောက်ပိုင်းက ရှင်ကျန်းပြည်နယ်ဟာ ၃ ရာစုကတည်းက တရုတ်ပြည်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး တူရကီနဲ့ အစ္စလာမ့်မစ်အုပ်စုတွေက ဒေသရဲ့သမိုင်းကို ပုံဖျက်ပြောဆိုနေတယ်လို့ တရုတ်အစိုးရရဲ့ မနေ့က စက္ကူဖြူစာတမ်းမှာ ဖော်ပြထားပါတယ်။
    ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေနဲ့ တစ်ခြားလူနည်းစုတွေအပေါ်မှာ ကွန်မြူနစ်အစိုးရက ဖိနှိပ်ညှင်းပမ်းမှုတွေ လုပ်နေပြီး၊ ဝီဂါတစ်သန်းလောက်ကိုလည်း အကျဉ်းစခန်းတွေထဲမှာ ထည့်ထားတယ်လို့ နိုင်ငံတကာ မီဒီယာတွေက စုံစမ်းဖော်ထုတ် တင်ပြခဲ့ပါတယ်။
    တရုတ်အစိုးရကတော့ ဒီသတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။ ဝီဂါတွေဟာ တူရကီစကားပြောတဲ့ တာ့ခ်မျိုးနွယ်ဝင်တွေဖြစ်ပြီး၊ အစ္စလာမ်ဘာသာ ကိုးကွယ်ကြပါတယ်။
    တရုတ်အစိုးရရဲ့ သတင်းအချက်အလက်ကောင်စီက မနေ့မှာထုတ်ပြန်ခဲ့တဲ့ စာတမ်းမှာတော့ ဝီဂါတွေ တာ့ခ်မျိုးနွယ်က ဆင်းသက်လာတယ်ဆိုတာ တူရကီနဲ့ အစ္စလာမ့်မစ်အဖွဲ့တွေရဲ့ ပုံဖျက်ထားတဲ့ မှားယွင်းတဲ့ ပြောဆိုချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
    ဒါအပြင် “တရုတ်နိုင်ငံအပြင်ဘက်က ရန်လိုတဲ့အဖွဲ့တွေ – အထူးသဖြင့် ခွဲထွက်ရေးသမား၊ ဘာသာရေးအစွန်းရောက်နဲ့ အကြမ်းဖက်အဖွဲ့တွေဟာ ပုံဖျက်ထားတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ တရုတ်နိုင်ငံကို ဖြိုခွဲဖို့ ကြိုးစားနေတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဝီဂါတွေအပေါ် တရုတ်ရဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေဟာ ‘ရာစုနှစ်ရဲ့ အစွန်းအထင်းတစ်ခု’ လို့ ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
    ရှင်ကျန်းပြည်နယ်ဟာ ဟန်မင်းဆက်လက်ထက် ၃ ရာစုကတည်းက တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး၊ အချိန်ကြာမြင့်စွာရှိတဲ့ခဲ့ ပြောင်းရွှေ့အခြေချမှု၊ ပေါင်းစပ်ဖြစ်တည်မှုတွေကြောင့် ရှင်ကျန်းပြည်သူတွေနဲ့ ယဉ်ကျေးမှုတွေဟာ ယနေ့လိုအနေအထားမျိုးကို ရောက်ရှိခဲ့တာဖြစ်ကြောင်း၊ အစ္စလာမ်သာသနာဟာ ဝီဂါတွေရဲ့ ဌာနေဝါဒ၊ တစ်ခုတည်းသောဝါဒမဟုတ်ဘဲ ကျယ်ပြန့်လာတဲ့ အာရပ်အင်ပါယာက သွတ်သွင်းပေးခဲ့တာဖြစ်ကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ဒါ့အပြင် ဘာသာရေးအခြေခံ အုပ်ချုပ်မှုနဲ့ ဘာသာရေး အစွန်းရောက်မှုတွေဟာ ဆန့်ကျင်တိုက်ဖျက်ဖို့ လိုအပ်တဲ့ သစ္စာဖောက်မှုဖြစ်တယ်လို့လည်း စက္ကူဖြူစာတမ်းက ဆိုပါတယ်။
    “သမိုင်းကို ပုံဖျက်ရာမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ နိုင်ငံခြားက အဖွဲ့တွေ၊ ခွဲထွက်ရေးသမားတွေနဲ့ ဘာသာရေး အစွန်းရောက်တွေကို သမိုင်းကြောင်းနဲ့ ပြည်သူလူထုက ဘေးဖယ်ထုတ်သွားပါလိမ့်မယ်”
    Ref: CNA
  • ဝီဂါများအပေါ် တရုတ်ကဖိနှိပ်မှုကို မွတ်စလင်နိုင်ငံများမှလွဲ၍ နိုင်ငံ ၂၀ ကျော်က ကန့်ကွက်ရှုတ်ချ
    ဝီဂါများအပေါ် တရုတ်ကဖိနှိပ်မှုကို မွတ်စလင်နိုင်ငံများမှလွဲ၍ နိုင်ငံ ၂၀ ကျော်က ကန့်ကွက်ရှုတ်ချ
    ဇူလိုင် ၁၃၊ ၂၀၁၉
    M-Media
    ကုလသမဂ္ဂ အထွေထွေညီလာခံမြင်ကွင်း
    -နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေအပေါ် တရုတ်အစိုးရက နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ဆန့်ကျင် ရှုတ်ချတဲ့ ကြေငြာချက်တစ်ခုကို ကမ္ဘ္ဘာ့နိုင်ငံပေါင်း ၂၂ နိုင်ငံက လက်မှတ်ရေးထိုးကာ ကုလလူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့ပြီး လက်မှတ်ထိုးတဲ့နိုင်ငံတွေထဲမှာ မွတ်စလင်အများစုရှိရာ နိုင်ငံတွေ တစ်နိုင်ငံမှ ပါဝင်ခြင်း မရှိပါဘူး။
    ရှင်ကျန်းက ဝီဂါတွေနဲ့ အခြားလူနည်းစုတွေကို တရုတ်အစိုးရက တရားလက်လွတ် ဖမ်းဆီးမှုတွေ၊ သွားလာလှုပ်ရှားမှုကို ကန့်သတ်တာတွေကို ဆက်လက်မလုပ်ဆောင်ဖို့ ကြေငြာချက်မှာ တိုက်တွန်းဆော်သြထားပါတယ်။
    ကြေငြာချက်ကို လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတွေက သြစတေးလျ၊ သြစတြီးယား၊ ဘယ်ဂျီယံ၊ ကနေဒါ၊ ဒိန်းမတ်၊ အက်စတိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အိုက်စလန်၊ ဂျပန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊
    ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ ယူကေတို့ ဖြစ်ပါတယ်။
    တရုတ်အစိုးရဟာ ဝီဂါမွတ်စလင် တစ်သန်းခွဲလောက်ကို အကျဉ်းစခန်းတွေထဲမှာ ထိန်းသိမ်းထားပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ကမ္ဘ္ဘာ့မီဒီယာတွေက ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ စုံစမ်းဖော်ထုတ်ခဲ့ကြပါတယ်။ တရုတ်အစိုးရက ဒီသတင်းကို အစောပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ၀န်ခံခဲ့ပြီး ဒါဟာ အစွန်းရောက်တိုက်ဖျက်ရေး ဆောင်ရွက်မှုတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    တရုတ်ဟာ အရွယ်ရောက်ပြီးသူတွေသာမကဘဲ ဝီဂါကလေးငယ်တွေကိုလည်း မိဘတွေမသိအောင် ပေါ်တာဆွဲကာ ဦးနှောက်ကျင်းမှု လုပ်ဆောင်နေတယ်လို့ အခုလအစောပိုင်းမှာ BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တရုတ်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဝီဂါတွေအပေါ် လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
    ဗုဒ္ဓဟူးနေ့က တင်သွင်းတဲ့ အဲဒီကြေငြာချက်ကြောင့် လူ့အခွင့်အရေးကောင်စီကနေ တရားဝင်ကြေငြာချက် ထွက်လာမှာမဟုတ်ပေမယ့် ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေကိစ္စအတွက် ကမ္ဘ္ဘာ့နိုင်ငံတွေရဲ့ ပထမဆုံး စုပေါင်းတုန့်ပြန်မှု ဖြစ်ပါတယ်။
    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂန့်ရွှမ်က ကုလမှာတင်သွင်းတဲ့ ဒီကြေငြာချက်ဟာ တရုတ်ရဲ့ပြည်တွင်းရေးကို ဆိုးဆိုးဝါးဝါး ၀င်ရောက်စွက်ဖက်မှု ဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။
    မွတ်စလင်နိုင်ငံတွေ တရုတ်ကို ထောက်ခံ
    ဆော်ဒီအာရေဗျနဲ့ ရုရှားတို့အပါအ၀င် အခြားနိုင်ငံပေါင်း ၃၅ နိုင်ငံကတော့ ရှင်ကျန်းပြည်နယ်မှာ တရုတ်ကဆောင်ရွက်နေတဲ့ ပေါ်လစီတွေကို ထောက်ခံကြောင်း ကုလကို စာတစ်စောင် ရေးသားပေးပို့ခဲ့ပါတယ်။ အဲဒီစာ မိတ္တူကို ရိုက်တာသတင်းဌာနာက သောကြာနေ့မှာ ရရှိခဲ့ပါတယ်။
    တရုတ်ဟာ လူ့အခွင့်အရေးကဏ္ဍမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ အဲဒီစာမှာ ဖော်ပြထားပါတယ်။
    “အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်ဝါဒကို သိသိသာသာ ရင်ဆိုင်လာရတဲ့ တရုတ်ဟာ ရှင်ကျန်းပြည်နယ်မှာ အကြမ်းဖက်တိုက်ဖျက်ရေး၊ အစွန်းရောက်တိုက်ဖျက်ရေးလုပ်ငန်း အများအပြားကို ဆောင်ရွက်နေပြီး အဲဒီအထဲမှာ အသက်မွေးဝမ်းကြောင်း သင်တန်းပေးတာတွေ ပါဝင်ပါတယ်”
    ရှင်ကျန်းဒေသမှာ ပြန်လည် လုံခြုံလာခဲ့ပြီး တိုင်းရင်းသားလူနည်းစုတွေရဲ့ အခြေခံ လူ့အခွင့်အရေးကိုလည်း တရုတ်အစိုးရက ကာကွယ်ပေးထားကြောင်း၊ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အဲဒီဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်တော့ဘဲ ပြည်သူတွေကလည်း ပျော်ရွှင်မှု၊ ပြီးပြည့်စုံမှုတွေကို အပြည့်အ၀ ခံစားနေရကြောင်း ဒီစာမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
    ကုလကို တင်သွင်းခဲ့တဲ့ တရုတ်ထောက်ခံကြောင်းစာကို ဆော်ဒီ၊ ရုရှားနဲ့ အာဖရိကနိုင်ငံတွေ၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ ကျူးဘား၊ ဘီလာရုဇ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဆီးရီးယား၊ ပါကစ္စတန်၊ အိုမန်၊ ကူဝိတ်၊ ကာတာ၊ ယူအေအီးနဲ့ ဘာရိန်းတို့က လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
    ၃ ပတ်တာကြာမြင့်ခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး နောက်ဆုံးနေ့ဖြစ်တဲ့ မနေ့မှာတော့ တရုတ်သံအမတ် ရှူချန်က အခုလို ထောက်ခံမှုရတဲ့အတွက် လက်မှတ်ရေးထိုးတဲ့နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
    တရုတ်ကိုကြောက်ရ
    ဝီဂါတွေအပေါ် တရုတ်က ညှင်းပမ်းမှုတွေကို မွတ်စလင်နိုင်ငံတွေက လူသိရှင်ကြား မဝေဖန်ရဲတာဟာ တရုတ်က စီးပွားရေးနဲ့ ပြန်လည်လက်စားချေမှာကို ကြောက်ရွံ့မှု၊ မွတ်စလင်နိုင်ငံတစ်ချို့မှာ လူ့အခွင့်အရေး မှတ်တမ်းကောင်းတွေ မရှိမှု စတာတွေကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။
    အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ အစ္စလာမ့်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ဟာ တရုတ်က ဝီဂါတွေအပေါ် ညှင်းပမ်းမှုရှိတယ်ဆိုတဲ့ သတင်းတွေအတွက် စိုးရိမ်မိတယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ပြောကြားခဲ့ပေမယ့် အခုနှစ်မတ်လမှာ ဒီစကားကို ပြန်လည် ရုပ်သိမ်းသွားခဲ့ပါတယ်။
    OIC က သူတို့ဟာ ‘အစ္စလာမ်ကမ္ဘ္ဘာရဲ့ အသံ’ ဖြစ်တယ်လို့ ခံယူထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
    တရုတ်ဟာ သူ့နိုင်ငံက နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေအပေါ် စောင့်ရှောက်တဲ့အတွက် ချီးကျူးတယ်လို့ OIC က နောက်ပိုင်းမှာ ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။
    Ref: Reuters, Business Insider