News @ M-Media
Tag: Islam in Indonesia
  • အာဇန်သံဝေဖန်သူကို ထောင်ချမှု အင်ဒိုရှိ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ ကန့်ကွက်
    အာဇန်သံဝေဖန်သူကို ထောင်ချမှု အင်ဒိုရှိ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ ကန့်ကွက်
    သြဂုတ် ၂၅၊ ၂၀၁၈
    M-Media
    အင်ဒိုနီးရှားနိုင်ငံမှ ဗလီဝတ်ကျောင်းတော်တစ်လုံး
    – ဗလီက ၀တ်ပြုဖို့ဖိတ်ခေါ်တဲ့ အာဇန်နှိုးဆော်သံဟာ ကျယ်လွန်းတယ်လို့ ဝေဖန်တဲ့ အမျိုးသမီးကို ထောင်ချမှုနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ ‘နဒ်လာသွလ် အိုလမာ (NU)’ က ဝေဖန်လိုက်ပြီး တိုင်းပြည်အတွင်း သည်းခံနိုင်စွမ်း ပိုမိုမြင့်မားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
    အခုသီတင်းပတ်အစောပိုင်းမှာ ဆူမားတြားကျွန်းက မီဒန်မြို့ တရားရုံးတစ်ခုဟာ အသက် ၄၄ နှစ်အရွယ် ဗုဒ္ဓဘာသာဝင် တရုတ်အမျိုးသမီး မီလီယာနာကို သာသနာညှိုးနွမ်းစေမှုနဲ့ ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ပါတယ်။
    သူမဟာ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဗလီက အာဇန်နှိုးဆော်သံဟာ ကျယ်လွန်းတယ်လို့ ဝေဖန်ခဲ့ပြီးတဲ့နောက် အဖမ်းခံခဲ့ရတာပါ။
    အဖွဲ့ဝင် သန်း ၄၀ ရှိတဲ့ NU က ဒီလိုပြောဆိုမှုဟာ ရာဇ၀တ်မှုမဟုတ်ဘူးလို့ ဆိုပါတယ်။
    “၀တ်ပြုဖို့နှိုးဆော်သံဟာ ကျယ်လွန်းတယ်လို့ ယူဆပြီး ပြောတာဟာ ဘာသာသာသနာ ညှိုးနွမ်းစေမှု မဟုတ်ပါဘူး။ ကျွန်တော်တို့လို ဘာသာစုံလူမျိုးစုံတဲ့ လူ့အဖွဲ့အစည်းမှာ မွတ်စလင်တွေအနေနဲ့ ဒီလိုဝေဖန်မှုကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုအဖြစ် မှတ်ယူသင့်ပါတယ်” လို့ NU ရဲ့ ဥပဒေဆိုင်ရာဌာန အကြီးအကဲ ရော်ဘီကင် အမ်ဟက်ဆ်က ပြောပါတယ်။
    လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amensty International က ဒီအမျိုးသမီးကို ထောင်ချမှုဟာ ရယ်စရာကောင်းတဲ့အဖြစ်အပျက် ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ မီလီယာနာလွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့စာကို အွန်လိုင်း လက်မှတ်ကောက်ယူမှုမှာ မနေ့ကအထိ လက်မှတ် တစ်သိန်းနီးပါး ရရှိနေပြီ ဖြစ်ပါတယ်။
    အစ္စလာမ်ဘာသာဝင်အများစုရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဘာသာစုံ၊ လူမျိုးစုံ အတူယှဉ်တွဲကာ ငြိမ်းချမ်းစွာနေထိုင်မှုသမိုင်း ရှည်ကြာစွာရှိနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
    ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ဖို့ အချိန်ကျပြီဆိုတဲ့ ၀ါဒဖြန့်မှုတွေနဲ့အတူ သဘောထားတင်းမာတဲ့ မွတ်စလင်အဖွဲ့အစည်းတွေ ပေါ်ထွက်လာမှုကြောင့် နိုင်ငံရဲ့ သဟဇတဖြစ်မှု ပျက်ပြားတော့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
    မီလီယာနာရဲ့ ရှေ့နေအဖွဲ့က သူတို့ရဲ့အမှုသည်ဟာ ၂၀၁၆ ခုနှစ်က အွန်လိုင်းဆွေးနွေးမှုတစ်ခုမှာ အာဇန်နှိုးဆော်သံတွေ ကျယ်လောင်မှုနဲ့ပတ်သက်လို့ ရေးသားခဲ့တာဖြစ်ပြီး ဒါကို ဆန့်ကျင်တာမဟုတ်ကြောင်း၊ နောက်ပိုင်းမှာ သူမရဲ့ ရေးသားမှုကို ဆိုရှယ်မီဒီယာတွေမှာ အကြိမ်ကြိမ် ချဲ့ကားမျှဝေခဲ့ကြတာဖြစ်ကြောင်း၊ ပြစ်ဒဏ်အတွက် အယူခံဝင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: CNA
  • ရမ်ဇာန်ဥပုသ်လ နိဗ္ဗာန်ဆော်တာဝန်ကို ကျေပွန်စွာထမ်းရွက်နေတဲ့ ဂျကာတာက လူငယ်များ
    ရမ်ဇာန်ဥပုသ်လ နိဗ္ဗာန်ဆော်တာဝန်ကို ကျေပွန်စွာထမ်းရွက်နေတဲ့ ဂျကာတာက လူငယ်များ
    ဇွန် ၁၂၊ ၂၀၁၈
    M-Media
    – မနက် ၂ နာရီ ဂျကာတာမြို့က လူအများစုဟာ အိပ်မောကျနေတဲ့အချိန် လူငယ်တစ်စုကတော့ ဖဂျရ် အာရုဏ်တက်ဝတ်ပြုဖို့နဲ့ ရမ်ဇာန်လ ဥပုသ်သီလဆောက်တည်ရေး နိဗ္ဗာန်ဆော်ဖို့ ပြင်ဆင်နေကြပါတယ်။
    အရွယ်စုံပါတဲ့ အဲဒီကလေးတစ်အုပ်ဟာ ဗုံငယ်လေးတွေနဲ့ ဒရမ်တွေကို တီးခတ်ကာ တိတ်ဆိတ်နေတဲ့ လမ်းတွေမှာ တစ်လမ်းဝင်တစ်လမ်းထွက် သွားရောက်ပြီး အိမ်ပျော်နေတဲ့သူတွေ ဆဲဟ်ရီဝါထမင်းစားဖို့တွက် နှိုးကြပါတော့တယ်။
    ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံမှာ သန်းနဲ့ချီတဲ့ သူတွေဟာ ရမ်ဇာန်ဥပုသ်လရောက်တိုင်း အစားအသောက်ရှောင်ကျဉ်ကာ ဥပုသ်သီလ ဆောက်တည်ကြတာပါ။
    ဆဲဟ်ရီလို့ခေါ်တဲ့ မနက်အာရုံတက် ၀ါထမင်းစားတာဟာ တစ်နေ့ကုန် သီလဆောက်တည်ဖို့အတွက် အခရာကျတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။
    “ဆဲဟ်ရီအချိန်ရောက်ပါပြီ၊ ဆဲဟ်ရီချိန်ရောက်ပါပြီ။ ထတော်မူပါ အကိုတို့၊ အမတို့” ဆိုတဲ့ အသက် ၇ နှစ်ကနေ ၁၅ နှစ်အရွယ် လူ ၂၀ လောက်ရဲ့ အသံဟာ မြည်ဟိန်းပြီး ထွက်လာပါတယ်။
    ဒီအသံကိုကြားတဲ့ အခြားကလေးတွေကလည်း ဆေးဗုံးအလွတ်တွေ၊ ရေကရားအလွတ်တွေကို စည်းချက်ညီညီတီးကာ ဒီအဖွဲ့နဲ့အတူ သွားရောက်ပူးပေါင်းကြပါတယ်။
    “ဒါဟာ အချိန်အတော်ကြာကတည်းက ရှိခဲ့တဲ့ ဓလေ့ထုံးတမ်းတစ်ခုပါ။ ကလေးတိုင်းက ဒါမျိုးလုပ်ရတာကို နှစ်သက်ကြပါတယ်။ လူတွေကို ဖျော်ဖြေမှုပေးတာသာမက ၀ါထမင်းစားဖို့ နိဗ္ဗာန်ဆော်တာလည်း ဖြစ်တဲ့အတွက် ဒီလို လိုက်နှိုးရတာကို ကျွန်တော် ကြိုက်ပါတယ်” လို့ အသက် ၁၃ နှစ်အရွယ် ရာမာဒင်က ပြောကြားခဲ့ပါတယ်။
    ဒါပေမယ့် ဒီလို နိဗ္ဗာန်ဆော်မှုအတွက် ငြင်းခုံမှုတွေတော့ ရှိပါတယ်။
    ဒီအထဲမှာပါဝင်တဲ့ ကလေးငယ်တွေ တော်တော်များများဟာ ဒေသတွင်း ဗလီဝတ်ကျောင်းတော်က ဖွင့်လှစ်ထားတဲ့ ကုရ်အာန်ကျမ်းစာ လေ့လာရေးသင်တန်းက ကျောင်းသားတွေ ဖြစ်ပါတယ်။
    “ဒီလိုနှိုးတာမျိုးဟာ တကယ်တော့ ဆူညံတာပေါ့။ ဒါပေမယ့် ကျွန်မတို့ကို အချိန်မီနိုးစေပါတယ်။ နှစ်တိုင်းကြုံတွေ့နေရတော့ အကျင့်ဖြစ်နေပါပြီ” လို့ ဂျာကတာသူ ရိုဆီမာက ပြောကြားခဲ့ပါတယ်။
    စမတ်ဖုန်းနဲ့ ဒစ်ဂျစ်တယ်နာရီတွေက နှိုးစက်တွေကြောင့် ဒီဓလေ့ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ တစ်ဖြည်းဖြည်းချင်း လျော့ပါးလာပါတယ်။
    ဒါပေမယ့် အင်ဒိုနီးရှား ကျွန်းဆွယ်တစ်ခုလုံး အထူးသဖြင့် လူမျိုးစုငယ်လေးတွေမှာ တွေ့နေရတုန်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ စုစုပေါင်း လူဦးရေ သန်း ၂၆၀ လောက်မှာ ၉၀ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပါတယ်။
    အစ္စလာမ်ဘာသာဝင်အများစုရှိရာ အခြားနိုင်ငံတွေမှာလည်း ရမ်ဇာန်မှာ ဒီလို ဆဲဟ်ရီစားဖိုးနှိုးတဲ့ ဓလေ့တွေ ရှိနေပါတယ်။
    ဂျကာတာမှာ ဒီလို လိုက်နှိုးတဲ့ အဖွဲ့က ကလေးအများစုဟာ လမ်းပေါ်မှာ ကြီးပြင်းရသူတွေ ဖြစ်တာကြောင့် သူတို့ကို သာသနာရေးတာဝန်တွေ ပေးလိုက်တာက ပတ်ဝန်းကျင်အတွက်ရော ဗလီအတွက်ပါ အကျိုးရှိစေပါတယ်။
    “ဒီကလေးငယ်တွေ တော်တော်များများဟာ ကျောင်းထွက်ထားသူတွေပါ။ တစ်ချို့ဆိုရင် ကျောင်းမတက်ဖူးပါဘူး။ အလုပ်မရှိ၊ အကိုင်မရှိနဲ့ လမ်းပေါ်မှာ လပ်လျားလပ်လျားဖြစ်နေသူတွေပါ” လို့ အစ္စလာမ့်ဓမ္မဆရာတစ်ဦးဖြစ်ပြီး နိဗ္ဗာန်ဆော်အဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ အလ်ဗာနာလီ ပန်ဂျီ ပရာဆက်ယိုက ပြောကြားခဲ့ပါတယ်။
    “ဒီအဖွဲ့မှာ ပါဝင်ပြီးတဲ့နောက်ပိုင်း အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်နဲ့ ဒီကလေးတွေရဲ့ အမူအကျင့်တွေ ပြောင်
းလဲလာပါတယ်”
    Ref: Alarabiya
  • အစိမ်းရောင်ဗလီစီမံကိန်းကို အင်ဒိုနီးရှား စတင်မည်
    အစိမ်းရောင်ဗလီစီမံကိန်းကို အင်ဒိုနီးရှား စတင်မည်
    နိုဝင်ဘာ ၁၆၊ ၂၀၁၇
    M-Media
    ဂျကာတာမှာ အစ္စတစ်ကယ် ဗလီကြီး
    – ၂၀၂၀ ခုနှစ်အရောက်မှာ သဘာပတ်ဝန်းကျင်နဲ့ သင့်လျော်မယ့် ဗလီဝတ်ကျောင်းတော်ပေါင်း ၁၀၀၀ အထိရှိရေး စီမံကိန်းကို ကမ္ဘာ့အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်လိုက်ပါတယ်။
    ဒုတိယသမ္မတ ဂျူဆွဖ် ကယ်လာက အခုတစ်ပတ်အတွင်းမှာ စီမံကိန်းကို ကြေငြာလိုက်တာဖြစ်ပြီး ဗလီဝတ်ကျောင်းတော်တွေမှာ ပြည့်ဖြိုးမြဲစွမ်းအင်တွေ အသုံးပြုနိုင်ဖို့၊ ရေနဲ့ အစားအသောက်တွေအတွက် လျှော့ချရေး၊ ပြန်လည်အသုံးချရေး နည်းလမ်းတွေအသုံးပြုဖို့၊ သဘာပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး အစီအစဉ်တွေ
    ဆောင်ရွက်ဖို့ ပြုလုပ်သွားမှာဖြစ်ပါတယ်။
    စီမံကိန်းကို ဘာသာရေးအဖွဲ့ အင်ဒိုနီးရှားအိုလမာကောင်စီ (MUI) က ဦးစီးမှာဖြစ်ပြီး အစိုးရရဲ့ ကျန်းမာရေးနဲ့ စီမံကိန်း ၀န်ကြီးဌာန၊ တက္ကသိုလ်တွေ၊ အခြားဘာသာရေးအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။
    လူဦးရေ သန်းပေါင်း ၂၅၀ လောက်ရှိတဲ့ အင်ဒိုနီးရှားဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမှတ်တမ်းမှာ အကောင်းရော အဆိုးပါ ရောပြွမ်းနေပါတယ်။
    ကမ္ဘာ့ထိပ်တန်း ကျောက်မီးသွေးတင်ပို့တဲ့နိုင်ငံဖြစ်သလို ဆီအုန်းထုတ်လုပ်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကြောင့် နိုင်ငံတစ်ဝှမ်းက သစ်တောတွေ ပြုန်းတီးရပြီး ဒါတွေကို လျှော့ချဖို့အတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုကို ခံနေရပါတယ်။
    ဗလီဝတ်ကျောင်းတော်တွေကို သဘာပတ်ဝန်းကျင်နဲ့ လျော်ညီတဲ့နေရာ ဖြစ်လာရေး အခုစီမံကိန်းမှာ ဗလီဆရာတွေဟာ ၀တ်ပြုသူတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ တရားတွေလည်း ဟောကြားမှာ ဖြစ်ပါတယ်။
    အင်ဒိုနီးရှား အိုလမာကောင်စီရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်မှုမှာ အခုစီမံကိန်းက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အရင်ကလည်း တောမီးရှို့တာ၊ သတ္တုတွင်းတူးတာနဲ့ပတ်သက်ပြီး အလွန်အကျွံမဆောင်ရွက်ဖို့ ဓမ္မသတ်ထုတ်ပြန် တားမြစ်ခဲ့တာတွေ ရှိပါတယ်။
    နိုင်ငံတစ်ဝှမ်းမှာ ဗလီဝတ်ကျောင်းတော်ပေါင်း ၈ သိန်းလောက်ရှိပြီး ရှေ့ပြေးအနေနဲ့ ၁၀၀၀ လောက်ကို သဘာဝပတ်ဝန်းကျင်နဲ့ လျော်ညီအောင်ဆောင်ရွက်ပြီးရင် နောက်ထပ်ဗလီတွေလည်း ဒီလို ဆောင်ရွက်မှာ ဖြစ်ပါတယ်။
    ကမ္ဘာတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်တွေကို သဘာဝတ်ပတ်ဝန်းကျင်နဲ့ လျော်ညီအောင် ပြောင်းလဲရာမှာ ဒီလောက် အရေအတွက်များများဆောင်ရွက်မှုဟာ ပထမဆုံးပါ။
    ၂၀၁၄ ခုနှစ် ဒူဘိုင်းမှာဆောက်လုပ်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်တစ်လုံးဟာ အမေရိကန် Green Building Council ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစံတွေနဲ့ ကိုက်ညီကြောင်း အသိအမှတ်ပြု ခံခဲ့ရပါတယ်။ ဗြိတိန်၊ အမေရိကန်၊ မော်ရိုကိုနဲ့ မလေးရှားတို့က ဗလီဝတ်ကျာင်းတော်တွေဟာလည်း ဒီလို စီမံကိန်းမျိုးတွေကို
    ဆောင်ရွက်လာခဲ့ပါတယ်။
    Ref: Reuters
  • တစ်ခုနှင့်တစ်ခု ဖေးမကူညီနေကြသည့် ဂျကာတာမှ ခရစ်ယာန်ဘုရားကျောင်းနှင့် ဗလီ
    တစ်ခုနှင့်တစ်ခု ဖေးမကူညီနေကြသည့် ဂျကာတာမှ ခရစ်ယာန်ဘုရားကျောင်းနှင့် ဗလီ
    အောက်တိုဘာ ၉၊ ၂၀၁၇
    M-Media
    မျက်နှာချင်းဆိုင် ‘စိန့်ပေါလ်’ ဘုရားကျောင်းကို ဒက်ခ်ျကိုလိုနီဘ၀ ၁၉၃၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိ သင်းအုပ်ဆရာက အက်ဒရီယန် ပီတွိုင်း ဖြစ်ပါတယ်။
    – အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာက သစ်ပစ်တွေစီတန်းပေါက်နေတဲ့ လမ်းကလေးပေါ်မှာ ဟောင်းနွမ်းနေတဲ့ ခုံတန်းရှည်တွေ၊ ရှေးဟောင်း ပိုက်အော်ဂန်နဲ့ ရောင်စုံပြတင်းပေါက်တွေရှိတဲ့ ပရိုတက်စတင့် ခရစ်ယာန်ဘုရားကျောင်းတစ်ခု ၀င့်ဝင့်ထည်ထည် ရှိနေပါတယ်။
    လမ်းရဲ့တစ်ဖက်တစ်ချက်မှာတော့ မြင့်စွင့်တဲ့ မုခ်ဦးဝင်ပေါက်တွေ၊ ကော်ဇောအနီခင်းထားပြီး ကျယ်ပြောလှတဲ့ ၀တ်ပြုခန်းနဲ့ စကွဲယားပေပေါင်း ၁ သိန်းလောက် ကျယ်ဝန်းတဲ့ ခေတ်သစ် ဗလီဝတ်ကျောင်းတော်တစ်လုံး ရှိပါတယ်။
    ဘာသာတရားမတူညီပေမယ့် ဒီ ၀တ်ပြုရာနေရာနှစ်ခုဟာ ရင်းနှီးဖော်ရွေပြီး တစ်ခုနဲ့တစ်ခု ကူညီဖေးမကြတဲ့ အိမ်နီးချင်းကောင်းတွေ ဖြစ်သလို၊ ဘာသာရေး သည်းမခံနိုင်မှုတွေ ကမ္ဘာပ်ါမှာ မြင့်တက်လာတဲ့အချိန် ကမ္ဘာ့ မွတ်စလင်အများဆုံးရှိရာနိုင်ငံက ဗဟုဝါဒရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။
    “ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦး လေးစားပါတယ်။ တစ်ခြားသူတွေကို ကျွန်တော်တို့ သွားပြီး မစော်ကားဘူးဆိုရင် ကျွန်တော်တို့လည်း လေးစားခံရမှာပါ” လို့ ၁၉၇၁ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ‘ဆွန်ဒါ ကလာပါ ဂျာမေဗလီ’ က ရှေ့ဆောင်အီမာမ် နူရ် အလမ်က ပြောကြားခဲ့ပါတယ်။
    မျက်နှာချင်းဆိုင် ‘စိန့်ပေါလ်’ ဘုရားကျောင်းကို ဒက်ခ်ျကိုလိုနီဘ၀ ၁၉၃၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိ သင်းအုပ်ဆရာက အက်ဒရီယန် ပီတွိုင်း ဖြစ်ပါတယ်။
    “ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ကျွန်တော်တို့ လှမ်းခဲ့တဲ့ ခြေလှမ်းတွေထဲက တစ်ခုပါ။ ကျွန်တော်တို့ဟာ အခြား ဗလီတွေကိုသွားပြီး ဘာသာပေါင်းစုံညီညွတ်မှုကို မြှင့်တင်ကြပါတယ်။ ကျွန်တော်တို့နဲ့ ပတ်ဝန်းကျင်က မိတ်ဆွေတွေရဲ့ ဆက်ဆံရေးက သာမန်ပါပဲ” လို့ သင်းအုပ်ဆရာတော် ပီတွိုင်းက ပြောကြားခဲ့ပါတယ်။
    သောကြာနေ့လို မွတ်စလင်တွေရဲ့ အခါကြီးရက်ကြီးမျိုး၊ တနင်္ဂနွေနေ့လို ခရစ်ယာန်တွေရဲ့ အခါကြီးရက်ကြီးမျိုးမှာ ဒီ ၀တ်ပြုရာနေရာနှစ်ခုဟာ ကားပါကင်နေရာအတွက် တစ်ခုနဲ့တစ်ခု မျှဝေသုံးစွဲနေကြပါတယ်။ ဘာသာပေါင်းစုံ ဆွေးနွးပွဲတွေသာမကဘဲ ဘောလီဘောပြိုင်ပွဲတွေကိုတောင်မှ ဒီ ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းမှာ တစ်လှည့်စီ ကျင်းပကြပါတယ်။ မွတ်စလင်တွေရဲ့ ရမ်ဇာန်ဥပုသ်လမှာ စိန့်ပေါလ်ဘုရားကျောင်းက ၀န်ထမ်းအချို့ဟာ မွတ်စလင်တွေ ၀ါဖြေဖို့အတွက် မုန့်တွေကို ဗလီဝတ်ကျောင်းတော်စီ လာရောက်လှူဒါန်းကြပါတယ်။ အဲဒီ ဘုရားကျောင်းက ၀န်ထမ်းအချို့ဟာ မွတ်စလင်တွေ ဖြစ်ပါတယ်။
    ၁၉၇၁ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ‘ဆွန်ဒါ ကလာပါ ဂျာမေဗလီ’
    ဒါပေမယ့် နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ လူမျိုးရေးသည်းမခံနိုင်မှု၊ အစ္စလာမ်မိုက်ဇေးရှင်းကို စိုးရိမ်နေရတယ်ဆိုတဲ့ အရေးအသားတွေကြောင့် ဒီနွေးထွေးတဲ့ဆက်ဆံရေးဟာ ထင်ပေါ်သင့်သလောက် မထင်ပေါ်ပါဘူး။
    ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်အုပ်စုတွေဟာ ခရစ်ယာန်တွေ၊ ရှီယိုက်မွတ်စလင်တွေ၊ အဟ်မဒီယာမွတ်စလင်တွေအပေါ် အရှက်ရအောင်လုပ်တာ၊ တိုက်ခိုက်တာ သတ်ဖြတ်တာတွေအထိ လုပ်လာခဲ့ပြီး နိုင်ငံတစ်ဝှမ်း ရာနဲ့ချီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ၊ အခြားသော ၀တ်ပြုရာ အေ
    ဆာက်အဦးတွေကို အဓမ္မပိတ်ပစ်မှုတွေ ဖြစ်လာခဲ့ပါတယ်။
    ၂၀၀၀ ခုနှစ်နောက်ပိုင်း အင်ဒိုနီးရှားမှာ ပြည်တွင်း အကြမ်းဖက်ဝါဒ ပေါ်ထွက်လာတာကို တွေ့မြင်ရပြီး အလ်-ကိုင်းဒါးနဲ့ IS တို့ကို သစ္စာခံတဲ့ အကြမ်းဖက်အုပ်စုငယ်လေးတွေဟာ ဗုံးခွဲမှု၊ ဂျကာတာနဲ့ အပန်းဖြေကျွန်း ဘာလီတို့မှာ တိုက်ခိုက်မှုတွေကို လုပ်လာကြပါတယ်။
    “ဒီလို သဘောထားတင်းမာတဲ့ အုပ်စုတွေရဲ့ လုပ်ရပ်တွေ၊ IS ရဲ့ ခြိမ်းခြောက်မှု ဒါမှမဟုတ် ဆီးရီးယားက ပြန်လာတဲ့ အင်ဒိုနီးရှား စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုတွေကို ကြည့်မယ်ဆိုရင် ဒါဟာတွေဟာ အင်ဒိုနီးရှားနိုင်ငံက ဘာသာပေါင်းစုံ လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ် ခြိမ်းခြောက်မှုဆိုတာ မြင်ရမှာပါ” လို့ ဂျကာတာ ခ
    ရစ်ယာန် ဆက်ဆံရေးဖိုရမ်ရဲ့ ဥက္ကဌဟောင်း သီယိုဖီလက်စ် ဘဲလာက ဆိုပါတယ်။ ဘဲလာဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေ၊ လူမျိုးရေးခွဲခြားတဲ့ လုပ်ရပ်တွေကို နှစ်ပေါင်းများစွာ မှတ်တမ်းတင်ခဲ့သူပါ။
    ဘာသာရေးသဟဇာတဖြစ်မှုအတွက် လတ်တလောခြိမ်းခြောက်မှုကို စိန့်ပေါလ် ဘုရားကျောင်းနဲ့ ဆွန်ဒါ ကလာပါ ဂျာမေဗလီတို့ရဲ့ တစ်ပြလောက်မှာရှိတဲ့ ဂျကာတာအုပ်ချုပ်ရေးမှူးရဲ့ အစိုးရအိမ်ဂေဟာမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
    ဂျကာတာ အုပ်ချုပ်ရေးမှူးဟောင်း ဘာဆူကီ ဂျာဟာဂျာ ပူရ်နာမာ တစ်ယောက်ဟာ ပုံမှန်ဆိုရင် အဲဒီ အိမ်ဂေဟာမှာ နေထိုင်ရမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သူဟာ အကျဉ်းထောင်ထဲရောက်နေပြီး သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်အုပ်စုတွေ ဂျကာတာမှာ ချီတက်ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့တဲ့ အစ္စလာမ်ဘာသာကို စော
်ကားတယ်ဆိုတဲ့ ပြစ်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရတာကြောင့် ဖြစ်ပါတယ်။ အဲဒီအုပ်စုတွေဟာ ဘာဆူကီကို တရားစွဲဆို ထောင်ချဖို့အထိ တောင်းဆိုခဲ့ပါတယ်။
    ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ ဘာဆူကီဟာ ဧပြီလက ဂျကာတာအုပ်ချုပ်ရေးမှူး ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ သီတင်းပတ်အနည်းငယ်အကြာမှာတော့ ဂျာကာတာတရားရုံးက သာသနာညှိုးနွမ်းစေမှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး လုံခြုံရေးမြင့်တဲ့ထောင်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အတွက်
    သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်အုပ်စုတွေဟာ တရားရုံးရှေ့မှာ အောင်ပွဲခံခဲ့ကြပါတယ်။
    မစ္စတာဘာဆူကီကို တရားစွဲဆိုထောင်ချမှုကြောင့် အင်ဒိုနီးရှားနိုင်ငံအတွင်း အထူးသဖြင့် လူနည်းစုတွေအတွင်းမှာ တုန်လှုပ်ခြောက်ခြားခဲ့ကြပါတယ်။
    ဒီကိစ္စကြောင့် ခရစ်ယာန်-မွတ်စလင် ဆက်ဆံရေးမှာ တင်းမာမှုတွေကို မီးထိုးပေးလိုက်သလို ဖြစ်ပေမယ့် မစ္စတာ နူရ်နဲ့ မစ္စတာ ပီတွိုင်းတို့ကတော့ မစ္စတာဘာဆူကီ ပြဿနာဟာ ဘာသာရေးထက် နိုင်ငံရေးပိုဆန်တယ်လို့ သုံးသပ်ပါတယ်။ အင်ဒိုနီးရှားရဲ့ သက်တမ်းရင့်နေတဲ့ ဗဟုဝါဒတည်တံ့မှုအတွက် သောကမဖြစ်ဘူးလို့လည်း သူတို့နှစ်ဦးက ဆိုပါတယ်။
    “ဘာသာရေးအုပ်စုတွေကြားထဲမှာ ပဋိပက္ခတွေဖြစ်တတ်တယ်ဆိုတာ အင်ဒိုနီးရှားပြည်သူတွေက သိပါတယ်။ ဒါပေမယ့် ဒါတွေဟာ ဘာသာရေးကို အခြေခံပြီး ဖြစ်တာမဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေးလို ကိစ္စတွေကြောင့်ပါ။ တစ်ခါတစ်ရံမှာ အထူးသဖြင့် အင်ဒိုနီးရှားလိုနိုင်ငံမျိုးမှာ နိုင်ငံရေးနဲ့ ဘာသာရေးကြားမှာ ခွဲခြားဖို့ ခက်ခဲပါတယ်” လို့ မစ္စတာ ပီတွိုင်းက ပြောကြားခဲ့ပါတယ်။
    ဗြိတိန်အခြေပြု လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Christian Solidarity Worldwide က အင်ဒိုနီးရှားမှာ ရာစုနှစ်များစွာ တည်တံ့ခဲ့တဲ့ ဘာသာရေးဗဟုဝါဒဟာ လက်ရှိမှာ ‘ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်ခံနေရ’ ကြောင်း၊ နိုင်ငံရဲ့ အလယ်အလတ်ကျပြီး ဒီမိုကရေစီထွန်းကားမှု၊ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ထားမှုဆိုတဲ့ ဂုဏ်ပုဒ်တွေကို ထိခိုက်လာနေကြောင်း သြဂုတ်လအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    တစ်ချို့သော ခရစ်ယာန်လူ့အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း အစီရင်ခံစာမှာ ဆိုပါတယ်။
    စိန့်ပေါလ်ဘုရားကျောင်းကို ပုံမှန်တက်ပြီး သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ အဓိက နိုင်ငံရေးမဟာမိတ်တွေထဲက တစ်ဦးဖြစ်တဲ့ မစ္စတာ ဘာဆူကီ နိုင်ငံရေးကျဆုံးမှု ပေါ်ပေါက်လာပြီးခဲ့တဲ့နောက် အင်ဒိုသမ္မတ ဂျိုကိုဝီဟာ ဗဟုဝါဒကို အခြေတည်တဲ့ တိုင်းပြည်ရဲ့ အခြေခံမူ ‘ပန်ကျာဆီလာ’ အယူအဆ ပြန်လည်အားကောင်းလာရေး ဆောင်ရွက်ဖို့ လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။
    မစ္စတာဘာဆူကီရဲ့ပြဿနာ ပေါ်ပေါက်လာပေမယ့် အင်ဒိုနီးရှားမှာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဘာသာရေး လူနည်းစုတွေအပေါ် တိုက်ခိုက်မှုဟာ သိသိသာသာ လျော့ကျသွားပါတယ်။ ဂျကာတာက အစိုးရမဟုတ်တဲ့ Setara Institute for Democracy and Peace အဖွဲ့က အခုနှစ်အတွင်း သြဂုတ်လထိ ခရစ်ယာန်ဘုရားကျောင်းပေါင်း ၉၃ ခု တိုက်ခိုက်ခံရမှုကို မှတ်တမ်းတင်ထားနိုင်ပြီး ၂၀၁၂ ခုနှစ်က ၂၆၄ ခု ရှိတာထက်စာရင် သိသိသာသာ နည်းသွားတာပါ။
    “ဒါပေမယ့် ဆိုရှယ်မီဒီယာကြောင့်၊ Facebook မှာ မှတ်ချက်ပေးတာ၊ ဂရုထဲမှာ ရေးတာတွေကြောင့် သာသနာညှိုးနွမ်းမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားမှုဟာ မြင့်တက်လာနေပါတယ်” လို့ Setara Institute ရဲ့ အမှုဆောင်ဘုတ်အဖွဲ့ ဥက္ကဌ ဘိုနာရ် တီဂိုရ် နိုင်ပို့စ်ပို့စ်က ပြောကြားခဲ့ပါတယ်။
    မစ္စတာနူရ်နဲ့ မစ္စတာ ပီတွိုင်းတို့ နှစ်ဦးစလုံးက အင်ဒိုနီးရှားရဲ့ အဓိကပြဿနာဟာ ဘာသာရေး သည်းမခံနိုင်မှု မဟုတ်ဘဲ ပြည်သူတွေကြားထဲမှာ ပညာရေးနဲ့ နားလည်မှု နည်းပါးတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာ မူလတန်းကျောင်း မပြီးတဲ့သူဟာ နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်လောက်ရှိတယ်လို့ အစိုးရ ကိန်းဂဏန်းအရ သိရပါတယ်။
    “အင်ဒိုနီးရှားဟာ မွတ်စလင်အများစုရှိရာနိုင်ငံဆိုတာ လက်ခံရမယ်။ ဒါပေမယ့် အောက်ခြေလူတန်းစားမှာက အစ္စလာမ်နဲ့ပတ်သက်ပြီး သာမန်အသိပညာတောင် မပြည့်ပါဘူး။ ဒါ့ကြောင့် ငြိမ်းချမ်းရေးနဲ့ သည်းခံမှုဆိုတဲ့ အစ္စလာမ့်အနှစ်သာရကို သိချင်ရင် ကုရ်အာန်ကို လေ့လာပါ” လို့ မစ္စတာ နူရ်က ပြောကြားခဲ့ပါတယ်။
    အင်ဒိုနီးရှားမှာ ဘာသာရေးသည်းမခံနိုင်မှု မြင့်တက်လာသလားဆိုတဲ့ အမေးကိုတော့ မစ္စတာပီတွိုင်း ‘ကျွန်တော်က အဲဒီလို မထင်ပါဘူး’ လို့ ဖြေကြားခဲ့ပါတယ်။
    “ပြဿနာက ဆင်းရဲမွဲတွေမှု၊ လူမှုတရားမျှတရေးကို အမှန်တကယ်ဖြစ်လာအောင် ဆောင်ရွက်ဖို့ လိုအပ်မှုတွေပါ။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အတွင်းပိုင်းမှာလည်း အားနည်းမှုတွေရှိလာတယ်။ ဒါက အပြောင်းအလဲတော်တော်များများကို မြန်မြန်ဆန်ဆန်ဖြစ်လာခဲ့ပါတယ်။ ဘုံအခြေခံမျိုးရဖို့က တော်တော်အရေးကြီးပါတယ်။ ဒီလိုအခြေခံမျိုး ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံနဲ့ ပန်ကျာဆီလာအယူအဆမှာ ရှိနေပါတယ်”
    Ref: Nytimes
    (နယူးယောက်တိုင်းမ်စ် သတင်းဌာနက ဖော်ပြသည့် In Indonesia, a Mosque and a Church Foster Friendship Amid Religious Tensions ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးတွင်ပါဝင်သည့် အကြောင်းအရာများမှာ မူရင်းဆောင်းပါးရှင်၏ ဖော်ပြချက်သာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ)
  • သာသနာစောင့်ရှောက်ရေးအမည်ခံ အစွန်းရောက်ဝါဒအား တိုက်ဖျက်ရန် အင်ဒိုမွတ်စလင်လူငယ်များ ကြိုးပမ်းလာ
    သာသနာစောင့်ရှောက်ရေးအမည်ခံ အစွန်းရောက်ဝါဒအား တိုက်ဖျက်ရန် အင်ဒိုမွတ်စလင်လူငယ်များ ကြိုးပမ်းလာ
    ဇွန် ၂၃၊ ၂၀၁၇
    M-Media
    – ဆူမာတြားကျွန်းက ဒေါက်တာ အမျိုးသမီးတစ်ယောက်နဲ့ ဂျကာတာမြို့က ဆယ်ကျော်သက်ကောင်လေး တစ်ယောက်ဟာ အစ္စလာမ့်ကာကွယ်ရေးတပ်ဦး (FBI) လို့ခေါ်တဲ့ အဖွဲ့က လူတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ပြီးခဲ့တဲ့လမှာ ထွက်ပြေးခဲ့ရပါတယ်။
    အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို FPI အဖွဲ့ဝင်တွေက ၀ိုင်းပြီး ထိုးနှက်ကန်ကျောက်တဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ အွန်လိုင်းစာမျက်နှာမှာ ပြန့်သွားခဲ့ပါတယ်။ အင်ဒိုနီးရှားရဲတပ်ဖွဲ့ကတော့ အဲဒီ ကောင်လေးနဲ့ သူ့ရဲ့ မိသားစုဟာ အခုအချိန်မှာ လုံခြုံတဲ့နေရာ ရောက်နေပြီလို့ ဆိုပါတယ်။
    ဒီကောင်လေးနဲ့ ဒေါက်တာ နှစ်ယောက်စလုံးဟာ FPI ခေါင်းဆောင် ဟာဘစ် ရီဇစ်က် ရှီဟဘ်နဲ့ပတ်သက်ပြီး Facebook စာမျက်နှာမှာ မှတ်ချက်တွေ ရေးသားခဲ့ပါတယ်။ ရီဇစ်ဟာ လိင်ကိစ္စနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က အလိုရှိနေသူတစ်ယောက် ဖြစ်ပြီး အာဏာပိုင်တွေရဲ့ မေးမြန်းမှုကို ရှောင်ရှားဖို့အတွက် အင်ဒိုနီးရှားကနေ ဆော်ဒီကို ထွက်ပြေးသွားခဲ့ပါတယ်။
    “သူ အပြစ်မရှိဘူးဆိုရင် ဘာ့ကြောင့် ပြေးနေလဲ။ သူ့အဖွဲ့အ၀င် ရှေ့နေ ၃၀၀ လောက်နဲ့ လူ ၇ သန်းလောက်က သူ့ဘက်မှာ မရှိဘူးလား။ မပြေးနဲ့ ဟာဘစ်” လို့ ဒေါက်တာ ဖီရာ လိုဗီတာက သူမရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ရီဇစ်ရဲ့နောက်လိုက်တွေကတော့ လိုဗီတာဟာ အစ္စလာမ်သာသနာကို စော်ကားတယ်ဆိုတဲ့ စွဲချက်နဲ့ ဒေါ်သထွက်နေကြပါတယ်။ သတ်ဖြတ်ဖို့၊ ကျောက်တုန်းနဲ့ ပေါက်သတ်ဖို့၊ အရှင်လတ်လတ်မီးရှို့ဖို့အထိ ခြိမ်းခြောက်နေကြတယ်လို့ ဒေါက်တာ ဖီရာရဲ့ ပြောကြားမှုကို ကိုးကားပြီး Liputan6 သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
    ဒေါက်တာ ဖီရာဟာ အဲဒီအချိန်ကတည်းက သူမရဲ့ဇာတိမြို့ အနောက်ဆူမာတြားကနေ ဂျကာတာကို ထွက်ပြေးခဲ့ရပါတယ်။
    ဒါပေမယ့် သူမရဲ့ ဂျကတာခရီး တစ်လျှောက်လုံးမှာ အင်ဒိုနီးရှားရဲ့ အကြီးဆုံး မွတ်စလင်လူငယ်အဖွဲ့ Gerakan Pemuda Ansor (GP Ansor) က အဖွဲ့ဝင်တွေက စောင့်ရှောက်ပေးခဲ့ကြပါတယ်။ ဒီအဖွဲ့ဟာ အသင်းဝင်ပေါင်း သန်း ၅၀ ရှိပြီး တိုင်းပြည်ရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ Nahdlatul Ulama (NU) ရဲ့ လူငယ်အဖွဲ့ခွဲဖြစ်ပါတယ်။
    “အခုအချိန်မှာ တိုင်းပြည်ရဲ့ တစ်ပြည်ထာင်ဝါဒ၊ လူနည်းစုတွေကို အလေးထားတဲ့ အဖွဲ့ဆိုတာ NU တစ်ဖွဲ့ပဲ ရှိပါတယ်။ အစွန်းရောက်တွေကို တိုက်ဖျက်ဖို့အတွက်လည်း NU တစ်ဖွဲ့တည်းကသာ အခုအချိန်မှာ ဆောင်ရွက်နေတာပါ” လို့ တိုင်းပြည်အတွင်းမှာ ခလီဖာစနစ် ထူထောင်ချင်တဲ့ IS လိုလားသူ အဖွဲ့တွေကို တိုက်ဖျက်
    နေတာကို ရည်ညွှန်းကာ ဂျကာတာမှာနေထိုင်တဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။
    Ansor ၏ အစ္စလာမ့်လူသားဝါဒကြေငြာချက်
    Ansor အကြီးအကဲ ယာကွတ်
    အစ္စလာမ့် ဓမ္မစာပေတွေကနေ ခေတ်သစ်လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ အတွေးအခေါ်မျိုးတွေကို ဖော်ထုတ်ဖို့ Ansor က ကွန်ဂရက်တစ်ခု ကျင်းပကာ တိုက်တွန်းခဲ့ပြီးတဲ့နောက် ဒေါက် ဖီရာရဲ့ကိစ္စ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ Ansor အဖွဲ့ဟာ ပြီးခဲ့တဲ့လကလည်း အရှေ့ဂျာဗားက ဂျွန်ဘန်းမြို့မှာ ‘အစ္စလာမ့်လူသားဝါဒ ကြေငြာချက်’ တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
    “အစ္စလာမ်သာသနာရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး နိုင်ငံသားအချင်းချင်း သဘောထားကွဲအောင်လုပ်တာ၊ အကြမ်းဖက်လုပ်ရပ်တွေ၊ သူပုန်ထမှု၊ ပြဿနာဖြစ်အောင်လုပ်တာတွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ဖြေရှင်းတာမျိုး မလုပ်သမျှ ဒီလုပ်ရပ်တွေဟာ မွတ်စလင်တွေကို ဆက်လက် ဒုက္ခရောက်စေမှာဖြစ်ပြီး၊ လူသားထုကိုလည်း ခြိမ်းခြောက်နေပါလိမ့်မယ်” လို့ အစ္စလာမ့်လူသားဝါဒကြေငြာချက် ထုတ်ပြန်တဲ့အချိန်မှာ Ansor က ပြောကြားခဲ့ပါတယ်။
    အစွန်းလွတ် အစ္စလာမ်သာသနာရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအတွင်း သည်းမခံနိုင်မှုတွေ၊ အစွန်းရောက်ဝါဒတွေ မြင့်တက်လာတဲ့အချိန်မှာ Ansor ရဲ့ ဒီလှုပ်ရှားမှု ပေါ်ထွက်လာတာဖြစ်ပါတယ်။
    ဒီ သည်းမခံနိုင်မှုအတွက် ထင်ရှားတဲ့ ကိစ္စတစ်ခုကတော့ ဂျကာတာမြို့ရဲ့ ပထမဆုံး တရုတ်လူမျိုး ခရစ်ယာန်ဘာသာဝင် မြို့တော်ဝန် Ahok ကို သာသနာညှိုးနွမ်းစေမှုနဲ့ ထောင်ချခဲ့တာဖြစ်ပြီး ဒါဟာ အစွန်းရောက်တွေ အသာရသွားပြီလားဆိုတဲ့ စိုးရိမ်မှုတွေကိုလည်း မြင့်တက်လာစေပါတယ်။
    “တရားသူကြီးတွေကို ကြိုးကိုင်၊ တစ်ခြားသူတွေရဲ့ ဂုဏ်သိက္ခာကို ခြိမ်းခြောက်နင်းခြေတဲ့ လုပ်ရပ်တွေနဲ့ ‘အမှန်တရား’ ကို မောင်ပိုင်စီးချင်တဲ့အုပ်စုတွေ ပေါ်ထွက်လာတာကြောင့် ဒီဟာ (အစ္စလာမ့်လူသားဝါဒကြေငြာချက်) ပေါ်ထွက်လာဖြစ်ပါတယ်” လို့ Ansor ရဲ့ အကြီးအကဲ ယာကွတ် ကူမက်စ်က ပြောကြားခဲ့ပါတယ်။
    အစိုးရနဲ့ ရဲတပ်ဖွဲ့က ပြတ်ပြတ်သားသား ဆောင်ရွက်မှု မရှိတာကြောင့်လည်း ဒီအုပ်စုတွေက အတင့်ရဲလာတယ်လို့ သူက ဆိုပါတယ်။
    “သူတို့ (အစိုးရနဲ့ ရဲတပ်ဖွဲ့) ကသာ ပြတ်သားရင်၊ ဥပဒေဘောင်ကိုကျော်တဲ့ လုပ်ရပ်တွေကို သူတို့ လုပ်ရဲမှာ မဟုတ်ပါဘူး” လို့ ယာကွတ်က ဆိုပါတယ်။
    ဒီကြေငြာချက်က အစွန်းရောက်ဝါဒကို လျော့ကျစေရေး၊ တာဆီးရေး အထောက်အကူဖြစ်မလားလို့ မေးမြန်းတဲ့အခါမှာတော့ ယာကွတ်က “အစ္စလာမ့်လူသားဝါဒကြေငြာချက်ဟာ အကူအညီဖြစ်မှာပါ။ ကျွန်တော်တို့ဟာ ဒီကြေငြာချက်တစ်ခုတည်းနဲ့ ရပ်သွားမှာမဟုတ်ဘဲ အားကောင်တဲ့ ဆောင်ရွက်မှုမျိုးကို ထပ်လုပ်သွားဖို့ရှိပြီး၊ ခေတ်ကာလနဲ့ လျော်ညီအောင် အစ္စလာမ့်စာပေတွေကို ပြန်လည်ဖော်ထုတ်ဖို့ ဘာသာရေးခေါင်းဆောင်တွေကိုလည်း တိုက်တွန်းသွားမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။
    အစ္စလာမ့်လူသားဝါဒ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့ရေး
    စာမျက်နှာ ၂၂ နှာပါဝင်တဲ့ ဒီကြေငြာချက်မှာ အစ္စလာမ့်ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရေး ရေရှည်အားထုတ် ပူးပေါင်းဆောင်ရွက်ရမယ့် မူဝါဒ လမ်းစဉ်တစ်ခုကို ဖော်ပြထားပါတယ်။
    အဓိက မဟာဗျူဟာထဲမှာ ယခုခေတ်ကာလနဲ့ လျော်ညီတဲ့ အစ္စလာမ့်စာပေတွေကို ဖော်ထုတ်နိုင်ရေး ဘာသာရေးဆိုင်ရာ မူတစ်ခု ပေါ်ထွက်ဖို့ စတာတွေလည်း ပါဝင်ပါတယ်။
    “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ လူသားထုတ်ရပ်လုံး ကောင်းစားဖို့ နှစ်မြှုပ်ဆောင်ရွက်ရမယ့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားတစ်ခု ပေါ်ထွက်လာရေးအတွက် နိုင်ငံတကာ ကွန်ယက်တစ်ခု ဖွံ့ဖြိုးလာဖို့ ဖြစ်ပါတယ်။ အဖန်းဆင်ခံအားလုံးတို့အတွက် ဂရုဏာရှင်ဖြစ်တော်မူတယ် ဆိုတဲ့ ‘ရဟ်မသ်သွလ်လစ်လ်အားလမီးန်’ ဆိုတဲ့ စကားအတိုင်း ‘အစ္စလာမ့်လူသားဝါဒ’ ကို အမှီပြုတဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်းစစ်စစ်တစ်ခု ပေါ်ထွက်လာရေး တွန်းအားပေးဖို့လည်း ဖြစ်ပါတယ်” လို့ Ansor က ဆိုပါတယ်။
    ဒါပေမယ့် Ansor ရဲ့ ဒီဆောင်ရွက်မှုဟာ အင်ဒိုနီးရှားနဲ့ နိုင်ငံပြင်မှာ ထောက်ခံမှုကောင်းကောင်း ရပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာပါတယ်။
    လေ့လာစောင့်ကြည့်သူတွေကတော့ အင်ဒိုနီးရှားဟာ ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံတစ်ခု ဖြစ်ပေမယ့် အစ္စလာမ်ကမ္ဘာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ မှတ်ယူမခံရတာကြောင့် Ansor နဲ့ သူ့ရဲ့ မိခင်အဖွဲ့ NU တို့ဟာ စိန်ခေါ်မှု တော်တော်များများကို ကြုံတွေ့ရနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။
    “ဒီလုပ်ဆောင်မှုထဲမှာ ပါတာတွေက သိပ်ကောင်းတယ်ဗျ။ ဒါပေမယ့် မွတ်စလင်ကမ္ဘာကို ခဏထား – အင်ဒိုနီးရှားက NU အသိုင်းအ၀ိုင်း အပြင်ဘက်မှာတောင် ထိရောက်မှုရှိပါ့မလားဆိုတာကို သံယသဖြစ်မိတယ်။ နိုင်ငံအပြင်ဘက်မှာ NU နဲ့ အင်ဒိုနီးရှားက အစ္စလာမ်သာသနာဟာ လွှမ်းမိုးမှု မရှိသလောက်ဖြစ်နေတာက ၀မ်းနည်းစရာပါ။ အင်ဒိုနီးရှားက အစ္စလာမ့်အတွေးအခေါ်တွေ နေရာရဖို့အတွက် ကြိုးပမ်းမှုတော်တော်များများ ရှိပေမယ့် အောင်မြင်မှုက နည်းပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှနိုင်ငံ တော်တော်များများက အင်ဒိုနီးရှားကို အရာမသွင်းကြပါဘူး” လို့ သြစတေးလျ အမျိုးသားတက္ကသိုလ်က တွဲဖက်ပါမောက္ခ ဂရေးဖီလေးက ပြောကြားခဲ့ပါတယ်။
    Ansor ရဲ့ ကွန်ဂရက်ကို တက်ရောက်ခဲ့တဲ့ Emory တက္ကသိုလ်က လက်ထောက် ပါမောက္ခ ဂျိမ်းစ် ဟို့စ်တီရေးကလည်း အစ္စလာမ့်လူသားဝါဒ ကြေငြာချက်ကို ကြိုဆိုခဲ့ပေမယ့် စိန်ခေါ်မှုတွေ တော်တော်များများ ရင်ဆိုင်ရမယ်လို့ ၀န်ခံခဲ့ပါတယ်။
    “ဒီကြေငြာချက်က စိတ်ဝင်စားဖို့ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ယေဘုယျအားဖြင့် အပြုသဘောဆောင်တယ်။ NU နဲ့ GP Ansor တို့ရဲ့ ကြိုးပမ်းမှုဟာ ဒေသတွင်း ယဉ်ကျေးမှုတွေနဲ့ နိုင်ငံလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုအတွက် နေရာပေးထားတဲ့ အယူအဆနဲ့ ဘာသာရေးပိုင်းဆိုင်ရာ ပုံစံကို ချိတ်ဆက်ပေးပါတယ်။ ဒါပေမယ့် ကံမကောင်းတာက ကမ္ဘာလုံးနဲ့ချီတဲ့ ဘာသာရေးဦးဆောင်မှုမှာ အင်ဒိုနီးရှားဟာ တွန်းအားပေးနိုင်တဲ့ အခြေအနေမျိုး ရှိမနေတာပါ” လို့ ဟို့စ်တီရေးက ပြောကြားခဲ့ပါတယ်။
    NU ဟာ အစွန်းလွတ် အစ္စလာမ်သာသနာရဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ ကမ္ဘာကြီးက ထင်စေချင်ရင် နိုင်ငံတွင်း ရှီအာတွေ၊ အဟ်မဒီယာတွေနဲ့ LGBT လူ့အဖွဲ့အစည်းတွေအပေါ် သည်းမခံနိုင်တဲ့ မှတ်ချက်မျိုးတွေပေးတဲ့ အကြီးတန်း အိုလမာပညာရှင်တွေရဲ့ အနေအထားကို ပြောင်းပစ်ဖို့လိုကြောင်း၊ ဒီလိုလုပ်မှသာ NU ကို အစွန်းလွတ်အစ္စလာမ်ရဲ့ ပြယုဂ်အဖြစ် အနောက်ကမ္ဘာက အသိအမှတ်ပြုလာမှာ ဖြစ်ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    NU မှာ ကွန်ဆာဗေးတစ် ပညာရှင်တွေက အနည်းစုလောက်သာဖြစ်ပေမယ့် သူတို့ရဲ့ ပြောဆိုမှုတွေက ခေါင်းကြီးပိုင်းမှာ ပါလာတတ်ကြပါတယ်။ အရှေ့ဂျာဗားမှာ အဟ်မဒီယာတွေကို ဖောက်ပြန်ရေးသမားတွေလို့ ရှုမြင်ပြီး အစွန်းရောက်တွေက တိုက်ခိုက်ကြတဲ့အချိန် NU ဟာ အဟ်မဒီယာလူ့အဖွဲ့အစည်းကို ကာကွယ်ပေးခဲ့ဖူးတဲ့သမိုင်း ရှိပါတယ်။
    Ansor ရဲ့ ဒီလှုပ်ရှားမှုကို နိုင်ငံအတွင်းက ထင်ရှားပြီး လွှမ်းမိုးမှုရှိတဲ့ မွတ်စလင် တက်ကြွလှုပ်ရှားသူ အလီဆာ ၀ါဟစ်ကလည်း ထောက်ခံထားပါယ။ သူဟာ NU ကို ထူထောင်သူ ဟာရှင်မ် အက်ဆာရီရဲ့ ဖြစ်ဖြစ်ပါတယ်။ သူမရဲ့ ဖခင် အဘူရဟ်မန် ၀ါဟစ်ဟာ NU ကို ၁၅ နှစ်လောက် ဦးဆောင်ခဲ့ပြီး နိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်ခံရချိန် ၁၉၉၉ ခုနှစ်မှာ အဲဒီရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။
    “လက်ရှိအချိန်မှာ လိုအပ်နေတာကြောင့် ကျွန်မဟာ ဒီလှုပ်ရှားမှုကို လုံးဝ ထောက်ခံပါတယ်။ ပြန်လည်သုံးသပ်ရေးဆိုတာ (ကုန်အာန်ကျမ်းစာကို) ပြန်ရေးခိုင်းတာ မဟုတ်ပါဘူး။ လက်ရှိအချိန်နဲ့ ပိုပြီး အံဝင်တဲ့ အစ္စလာမ့်အတွေးအခေါ်တွေကို ရှာဖွေဖော်ထုတ်ဖို့ပါ” လို့ အလီဆာက ပြောကြားခဲ့ပါတယ်။
    Ref: CNA