News @ M-Media

Tag: Islam in Iraq

  • အစ္စလာမ့်ခေတ်ဦးက ရွှံ့ဗလီတစ်လုံးကို အီရတ်တွေ တူးဖော်တွေ့ရှိ

    အစ္စလာမ့်ခေတ်ဦးက ရွှံ့ဗလီတစ်လုံးကို အီရတ်တွေ တူးဖော်တွေ့ရှိ

    နိုဝင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -အစ္စလာမ်သာသနာ စတင်ပေါ်ပေါက်ရာ ခေတ်ဦးပိုင်းက တည်ဆောက်ခဲ့တဲ့ ရွှံ့ဗလီတစ်လုံးကို သုတေသနပညာရှင်တွေက အီရတ်နိုင်ငံတောင်ပိုင်း ဒီကွာဒေသမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။

    အလ်ရာဖိုင်မြို့က လူနေရပ်ကွက်အလယ်မှာ တွေ့ခဲ့တဲ့ ဒီဗလီဟာ ၂၆ ပေအကျယ်၊ ၁၆ ပေအမြင့် ရှိပါတယ်။ အနည်းဆုံး လူ ၂၅ ဦး ဝတ်ပြုနိုင်တဲ့ အနေအထားဖြစ်ပြီး ဗလီရဲ့အလယ်မှာ ရှေ့ဆောင်အီမာမ်တစ်ဦးရဲ့ အုတ်ဂူ ရှိပါတယ်။

    အူမိုင်ယာမင်းဆက်လက်ထက် အေဒီ ၆၇၉ ခုနှစ်မှာ ဆောက်လုပ်ထားတဲ့ ဗလီပါ။ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ တမန်တော် မိုဟာမက်က အစ္စလာမ်သာသနာကို စတင်ဟောကြားပြီး နှစ်ပေါင်း ၇၀ အတွင်း တည်ဆောက်ခဲ့တဲ့ ဗလီလည်း ဖြစ်ပါတယ်။

    ဒီကွာဒေသ ရှေးဟောင်းပစ္စည်းများ တူးဖော်ရေးဌာန အကြီးအကဲ အလီ ရှာလ်ဂမ်က အခုတွေ့ရှိမှုဟာ အရေးပါပြီး ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အူမိုင်ယာမင်းဆက်လက်ထက်က ဆောက်လုပ်ထားတဲ့ ရှေးဟောင်းဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အရင်က အနည်းငယ်သာ တွေ့ရှိခဲ့ပြီး ရာသီဥတုဒဏ်ကြောင့် ပျက်ဆီးနေတဲ့အတွက် တည်ဆောက်ခဲ့တဲ့ ကာလအတိအကျကို မဖော်ထုတ်နိုင်ခဲ့ဘူးလို့လည်း ရှာလ်ဂမ်က ဆိုပါတယ်။

    အီရတ်နိုင်ငံက ဒီကွာဒေသဟာ ရှေးဟောင်းနေရာအများအပြားရှိတဲ့ဒေသဖြစ်ပြီး နိုင်ငံပေါင်းစုံက ရှေးဟောင်း သုတေသနပညာရှင်တွေ လာရောက် ရှာဖွေတူးဖော်မှုတွေ လုပ်ဆောင်နေကြပါတယ်။ အီရတ်အစိုးရတော့ နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ၊ စီမံခန့်ခွဲမှုအမှားတွေကြောင့် ရှေးဟောင်းသုတေသနဖက်မှာ ငွေကြေးစိုက်ထုတ်နိုင်ခြင်း မရှိပါဘူး။

    အခုအစ္စလာမ့်ခေတ်ဦးက ရှေးဟောင်း ရွှံ့ဗလီကို ဗြိတိန်-အီရတ် ရှေးဟောင်းသု​တေသနအဖွဲ့က တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အီရတ်တွင် IS က ဖျက်ဆီးခဲ့သည့် သမိုင်းဝင် အလ်-နူရီဗလီ ပြုပြင်ရေး ယူနက်စကို ကူညီမည်

    အီရတ်တွင် IS က ဖျက်ဆီးခဲ့သည့် သမိုင်းဝင် အလ်-နူရီဗလီ ပြုပြင်ရေး ယူနက်စကို ကူညီမည်

    စက်တင်ဘာ ၂၁၊ ၂၀၁၉
    M-Media

    ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် တွေ့ရသည့် အလ်-နူရီဗလီ

    -၂၀၁၇ ခုနှစ်က IS အကြမ်းဖက်အဖွဲ့ရဲ့ ဖောက်ခွဲဖျက်ဆီးမှုကို ခံခဲ့ရတဲ့ မူဆိုးလ်မြို့က သမိုင်းဝင် အလ်-နူရီဗလီဝတ်ကျောင်းတော် ပြန်လည် ပြုပြင်မွမ်းမံရေးမှာ ပါဝင်ကူညီသွားမယ်လို့ ကုလရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းအမွေအနှစ်ဆိုင်ရာအဖွဲ့အစည်း UNESCO က ကြေငြာလိုက်ပါတယ်။

    အရှေ့အလယ်ပိုင်းမှာ IS အကြမ်းဖက်အဖွဲ့က ဖျက်ဆီးခဲ့တဲ့ သမိုင်းဝင်နေရာတွေ၊ သာသနိကအဆောက်အအုံတွေကို ပြန်လည် ပြင်ဆင်မွမ်းမံရေး သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေနဲ့ အန်ဂျီအို အဖွဲ့တွေက ပူးပေါင်း ဆောင်ရွက်နေပြီး ကုလကလည်း ကူညီပေးနေတာပါ။

    အလ်-နူရီဗလီကို ၁၂ ရာစုက တညဆောက်ခဲ့တာဖြစ်ပြီး စောင်းနေတဲ့ မင်နာရတ်မျှော်စင်ကြောင့်လည်း နာမည်ကျော်ကြားပါတယ်။ IS အကြမ်းဖက်အဖွဲ့က ဗလီကို သူတို့ဆုတ်ခွာစဉ်အချိန် ၂၀၁၇ ခုနှစ် ဇွန်လက ဖောက်ခွဲဖျက်ဆီးခဲ့တာပါ။

    ဗလီ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းကို အီရတ်အစိုးရက ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ယူနက်စကိုက မူဆိုးလ်မြို့မှာရှိတဲ့ ဖျက်ဆီးခံ သမိုင်းအမွေအနှစ်တွေ ပြန်လည် ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် ကန်ဒေါ်လာ သန်း ၁၀၀ တန် စီမံကိန်းတစ်ခုကို မကြာသေးခင်က ချပြခဲ့ပြီး ‘မူဆိုးလ်မြို့နာမ်ဝိဉာဉ်ကို ပြန်လည်ရှင်သန်စေခြင်း’ လို့ အမည်ပေးထားပါတယ်။

    ယူနက်စကိုက ကမကထလုပ်မယ့် အလ်-နူရီဗလီ ပြုပြင်ခြင်းလုပ်ငန်းကို လာမယ့်နှစ် အစောပိုင်းမှာ စတင်မှာဖြစ်ပါတယ်။

    “လူတွေပြောကြတဲ့ အာရပ်နွေဦးတော်လှန်ရေးဆိုတာ ကယ်တော့ အာရပ်ကျရှုံးမှုပါ။ အီရတ်၊ ဆီးရီးယားနဲ့ လစ်ဗျားတို့မှာရှိတဲ့ သမိုင်းဝင်နေရာတော်တော်များများ ဖျက်ဆီးဖျောက်ဖျက်ခံလိုက်ရပါတယ်။ ဖျက်ဆီးခံရမှုအတိုင်းအတာက သိပ်ကို ဆိုးရွားပါတယ်။ သမိုင်းအမွေအနှစ်တွေသာမကဘဲ လူ့အဖွဲ့အစည်းနဲ့ ဘာသာရေးမှာပါ အရေးပါတဲ့ အထိမ်းအမှတ်တွေ ဖျက်ဆီးခံလိုက်ရတာပါ” လို့ ဘေရွတ်မြို့အခြေစိုက် ဗိသုကာနှင့် ဒီဇိုင်းဆိုင်ရာ အင်စတီကျု ARCADE ကို တည်ထောင်သူ ဆာမီရ် ဆာဒီက ပြောကြားခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရတဲ့ သမိုင်းဝင်အဆောက်အဦးတွေဟာ အလ်-နူရီ ဗလီတစ်လုံးတည်း မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကလည်း ဆီးရီးယားက ပါလ်မိုင်ရာမြို့မှာ အေဒီ ၂ ရာစုမှာ တည်ဆောက်ခဲ့တဲ့ ရောမအဆောက်အဦးတစ်ခုပါအ၀င် သမိုင်းဝင် အဆောက်အဦး တော်တော်များများကို ဖျက်ဆီးခဲ့ပါတယ်။

    ဆာဒီကတော့ ဒီသမိုင်းဝင်နေရာတွေ၊ အဆောက်အဦးတွေ ပြန်လည်ပြင်ဆင်မွမ်းမံတဲ့ လုပ်ငန်းဟာ ငွေကြေးအကုန်အကျ အလွန်များမှာဖြစ်ပြီး အစွန်းရောက်အုပ်စုတွေရဲ့ တစ်ကျော့ပြန် ပစ်မှတ်ထားမှုကို ခံရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    ဒီလိုဖျက်ဆီးမှုမျိုး နောက်ထပ်မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ သမိုင်းဝင် အမွေအနှစ်တွေ၊ ဗိသုကာလက်ရာတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာတွေကို ပြည်သူလူထုထံ အသိပညာပေးတာကလည်း အရှေ့အလယ်ပိုင်းမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့ သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref : Arab News

  • အီရတ်တွင် IS ကြောင့် ပျက်ဆီးသွားသည့် ခရစ်ယာန်ဘုရားကျောင်းကို မွတ်စလင်များ ပြန်ဆောက်ပေး

    အီရတ်တွင် IS ကြောင့် ပျက်ဆီးသွားသည့် ခရစ်ယာန်ဘုရားကျောင်းကို မွတ်စလင်များ ပြန်ဆောက်ပေး

    ဇွန် ၂၊ ၂၀၁၇
    M-Media

     

    – အီရတ်နိုင်ငံ မူဆိုးလ်မြို့ကို IS က သိမ်းပိုက်စဉ်အတွင်းမှာ ဖျက်ဆီးခံခဲ့ရတဲ့ သမိုင်းဝင် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း ပြန်လည်တည်ဆောက်ရေး မွတ်စလင်တွေက ပါဝင်ကူညီနေကြပါတယ်။

    အီရတ်နိုင်ငံမှာ ခရစ်ဘာသာဝင် အနည်းစုသာရှိပေမယ့်၊ အရှေ့အလယ်ပိုင်းမှာ သက်တမ်းရင့် ခရစ်ယာန်လူ့အဖွဲ့အစည်းဖြစ်ပြီး မူဆိုးလ်ကို IS အကြမ်းဖက်အဖွဲ့က သိမ်းပိုက်လိုက်ချိန်မှာတော့ ခရစ်ယာန်တွေဟာ ငြှင်းပမ်းနှိပ်စက် ခံခဲ့ရပါတယ်။

    ဘုရားကျောင်းတွေ ဖျက်ဆီးခံခဲ့ရသလို ခရစ်ယာန်တွေရဲ့ ဓမ္မစာအုပ်တွေနဲ့ အခြား အထွဋ်အမြတ်ထားရာတွေလည်း အဂါရ၀ပြုခံခဲ့ရပါတယ်။

    အီရတ်အစိုးရတပ်ဖွဲ့တွေနဲ့ ကာ့ဒ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး မူဆိုးလ်မြို့သိမ်းပိုက်ရေး ထိုးစစ်ဆင်မှုအတွင်းမှာ မြို့ရဲ့ အစိတ်အပိုင်း တော်တော်များများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒီလအကုန်လောက်မှာ တစ်မြို့လုံးကို သိမ်းပိုက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    မူဆိုးလ်မြို့ရဲ့ အလ်-အာရဘီရပ်ကွက်မှာ တည်ရှိတဲ့ Chaldean ခရစ်ယာန်ဘုရားကျောင်းဟာ ၁၀ ရာစုကတည်းက ဘုရားကျောင်းဖြစ်ပြီး IS အကြမ်းဖက်သမားတွေရဲ့လက်အောက်မှာ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့ပါတယ်။

    IS လက်က လွတ်မြောက်လာပြီးတဲ့နောက်မှာ ဒီ ဘုရားကျောင်းကို ပြန်လည်ပြင်ဆင်မှုတွေ လုပ်နေပြီး ဒေသခံ မွတ်စလင်စေတနာ့ဝန်ထမ်းအဖွဲ့တစ်ခုက ဒီဆောက်လုပ်ရေးလုပ်ငန်းမှာ ၀င်ရောက်ကူညီကာ ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓာတ်ကို ပြသခဲ့ကြပါတယ်။

    ဘုရားကျောင်းကို သန့်ရှင်းရေးလုပ်တာ၊ ပျက်ဆီးနေတဲ့ ၀တ်ပြုခန်းတွေ၊ အခြား အခန်းတွေကို မွတ်စလင်တွေ ပြင်ဆင်ပေးနေတဲ့ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပါတယ်။

    မူဆိုးလ်မြို့ခံတွေက သူတို့ရဲ့ ဒီလိုကူညီမှုဟာ ‘မိမိတို့အနေနဲ့ တစ်မြို့တဲ့သားချင်းဖြစ်ပြီး ဘာသာမတူမှုကအ ရေးမပါကြောင်း၊ မတူကွဲပြားမှုဆိုတာ အင်အားတစ်ခုဖြစ်ကြောင်း’ ပြသဖို့အတွက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Metro