News @ M-Media

Tag: Islam In Myanmar

  • ဒေါက်တာဒေါ်သက်ထွေး (သို့မဟုတ်) မြန်မာအမျိုးသမီးထုကို အမြင်ဖွင့်ပေးနေသူ

    ဒေါက်တာဒေါ်သက်ထွေး (သို့မဟုတ်) မြန်မာအမျိုးသမီးထုကို အမြင်ဖွင့်ပေးနေသူ

    နိုဝင်ဘာ ၂၂၊ ၂၀၁၈
    M-Media

    သင်တန်းတစ်ခုတွင် တွေ့ရသည့် ဆရာမ ဒေါ်သက်ထွေး

    – ဟီဂျဘ် ခေါင်းဆောင်ပုဝါကို နေသားတကျဖြစ်အောင် ပြုလုပ်ပြီးတဲ့နောက် ဒေါက်တာ ဒေါ်သက်ထွေးဟာ သင်တန်းသားတွေဖက် လှည့်ပြီး မေးခွန်းတစ်ခု မေးလိုက်ပါတယ်။

    “လူတွေရဲ့ လိင်ပိုင်းဆိုင်ရာ သဘောသဘာဝအကြောင်း သိချင်တဲ့သူ ရှိပါသလား”

    တစ်ချို့တွေက ရှက်ကိုးရှက်ကန်းဖြစ်နေပေမယ့် အတန်းထဲကလူတိုင်း လက်ထောင်လာကြပါတယ်။

    ‘မိန်းမကိုယ်’ ကို ရည်ညွှန်းဖို့ သင့်လျော်တဲ့စကားလုံး ပေါ်လာရေးအတွက်တောင် ငြင်းကြခုံကြဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ လိင်ကိစ္စ ပြောဆိုတာဟာ မလုပ်သင့်မလုပ်အပ်တဲ့ကိစ္စလို့ ယူဆနေကြတုန်းပါ။ ဒေါက်တာ ဒေါ်သက်ထွေးကတော့ ဒီအတားအဆီးတွေကနေ ဖောက်ထွက်နေပါတယ်။

    အသက် ၃၅ နှစ်အရွယ် အစ္စလာမ်ဘာသာဝင်အမျိုးသမီးဖြစ်တဲ့ သူမဟာ မြန်မာနိုင်ငံက လိင်အသိပညာပေးဆောင်ရွက်နေတဲ့ ထိပ်တန်းဆရာမတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဓမ္မတာအကြောင်းကနေ၊ လိင်ပိုင်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်တွေအထိ အမျိုးသမီးတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို နိုင်ငံတစ်ဝှမ်းပတ်ကာ တစ်ရက်သင်တန်းကနေ၊ တစ်ပတ်အထိ ကြာမြင့်တဲ့သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

    သူမဟာ Strong Flowers ဆိုတဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းထားပြီး ၂၀၁၆ ခုနှစ်ကစတင်ကာ ဒီအဖွဲ့မှာ လိင်အသိပညာပေးသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

    အရှေ့တောင်အာရှက အခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံက စာသင်ကျောင်းတွေမှာ လိင်အသိပညာပေး သင်ကြားမှုတွေ မရှိပါဘူး။ ဒါ့ကြောင့် ဒေါက်တာဒေါ်သက်ထွေးက ဆယ်ကျော်သက်တွေကနေ အသက် ၆၀ ကျော်အရွယ်တွေအထိ အမျိုးသမီးတွေကို အသိပညာပေးမှုတွေ ပြုလုပ်နေပါတယ်။ တစ်ခါတစ်ရံမှာ ကုမ္ပဏီတွေက သူမကို ခေါ်ပြီး ၀န်ထမ်းတွေကို သင်တန်းပေးခိုင်းတာတွေလည်း ရှိပါတယ်။

    “မိန်းကလေးတွေ တော်တော်များများက ဒီကိစ္စတွေကို အမေတွေ၊ အဒေါ်တွေဆီကနေ သိရှိကြတယ်။ ဒါပေမယ့် များသောအားဖြင့် မသင်ပေးကြဘူး။ သင်ပေးပြန်ရင်လည်း အမှားတွေ အများကြီးပါတတ်တယ်” လို့ သူမက ပြောပါတယ်။

    လစ်လျူရှုခံရသည့် အခြေအနေ

    သူမရဲ့သင်တန်းတွေမှာ အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုလို ကိစ္စတွေကို တိုက်ဖျက်ရေးအကြောင်း ဆွေးနွေးသင်ကြားပေးနေပါတယ်။

    ကုလရဲ့ Population Fund အဖွဲ့က မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံနေရမှုဟာ ‘လစ်လျူရှုခံရတဲ့ အရေးပေါ်အခြေအနေ’မျိုး ဖြစ်နေပြီး ဒီလို အကြမ်းဖက်တာတွေဟာ လုပ်ကောင်းတဲ့အရာတွေလို့ မြန်မာ့လူ့အဖွဲ့အစည်းက လက်ခံထားတာ၊ ဥပဒေက အမျိုးသမီးတွေကို ထိထိရောက် ကာကွယ်မပေးနိုင်တာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

    “မိန်းမကို အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ” ဆိုတဲ့ စကားပုံက လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို လက်ခံထားတယ်ဆိုတာ ဖော်ညွှန်းနေပါတယ်။

    မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အကြား လက်ထပ်ပြီးအမျိုးသမီးတွေရဲ့ ၁၇ ရာခိုင်နှုန်းလောက်ဟာ ခင်ပွန်းသည်တွေရဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ခံနေရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူတဲ့အဖွဲ့ United Nations Population Fund တို့က ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    အမျိုးသမီးတွေဟာ သူတို့ရဲ့အခွင့်အရေးကို မသိနားမလည်မှု၊ လူ့အဖွဲ့အစည်းက လက်မခံမှာကို ကြောက်ရွံ့ပြီး ထုတ်ဖော် မပြောမှုတွေကြောင့် အမှန်တကယ် အကြမ်းဖက်ခံရတဲ့ အရေအတွက်ဟာ များပြားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    “‘ငါတို့ခွင့်မပြုဘူးနော်’ လို့ ပြောလို့ရတယ်ဆိုတာကို ကျွန်မတို့နိုင်ငံက အမျိုးသမီးတော်တော်များများ မသိကြပါဘူး။ ကိုယ့်ယောက်ျားနဲ့မှ မဟုတ်ဘူး၊ မိသားစုမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ ဒီလို ငြင်းလို့ရပါတယ်။ ဒီသင်တန်းကို တက်ရောက်တဲ့အတွက် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆန္ဒကို အလေးထားရမယ်ဆိုတဲ့အကြောင်း သိရှိခဲ့ပြီး ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားတတ်လာပါတယ်” လို့ အသက် ၂၂ နှစ်အရွယ် မဆုမေက ပြောကြားခဲ့ပါတယ်။ သူမဟာ ၂၀၁၆ ခုနှစ်မှာ ဒေါက်တာ ဒေါ်သက်ထွေးရဲ့သင်တန်းကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

    သူမရဲ့သင်တန်းကို အမျိုးသမီးတွေအပြင် အခြားသူတွေလည်း လာတက်နေကြပြီလို့ ဒေါက်တာက ပြောပါတယ်။

    “အမျိုးသမီးတွေ လာတက်ကြတယ်ဆိုတာ မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် အမျိုးသားတွေ လာတက်တဲ့အရေအတွက်ကလည်း မြင့်တက်လာပါတယ်”

    အမြင်ဖွင့်သင်တန်း

    အမျိုးသားအများစုဟာ အလုပ်ရှင်တွေက လာတက်ခိုင်းလို့ လာတက်ကြတာမျိုးဖြစ်ပေမယ့် ကိုယ့်သဘောဆန္ဒနဲ့ကိုယ် စာရင်းပေးပြီး လာတက်ကြတဲ့ လူငယ်တွေများလာတယ်ဆိုတာ သတိပြုမိတယ်လို့ ဒေါက်တာက ပြောပါတယ်။

    “ကျွန်တော့်အတွက်တော့ ဒီသင်တန်းက အမြင်တွေပွင့်စေပြီး အတွေ့အကြုံကောင်းတွေလည်း တော်တော်လေး ရပါတယ်။ လိင်စော်ကားမှု အကြောင်းကို သင်ရတော့ တော်တော်အံ့အားသင့်သွားတယ်။ ကျွန်တော်တို့ တစ်ခြားနေရာတွေကနေ သိထားတာတွေနဲ့ တစ်ခြားစီဖြစ်နေတာကိုး” လို့ အသက် ၁၇ နှစ်အရွယ် မင်းဂျော်က ပြောပါတယ်။

    သင်တန်းပြီးဆုံးသွားတဲ့နောက် ဆရာမ ဒေါ်သက်ထွေးရဲ့ ပြောကြားမှုတွေကို ပြန်လည်ကြားယောင်နေမိတဲ့အတွက် အမျိုးသမီးတွေကို အရင်ကထက် ပိုပြီး လေးလေးစားစား ဆက်ဆံတတ်လာလို့လည်း သူက ပြောပါတယ်။

    “အရင်ကဆို ကျွန်တော် ကောင်မလေးတွေကို လိုက်လိုက်စတယ်။ ဒါပေမယ့် သင်တန်းတက်ပြီးတဲ့နောက် ဒါမျိုးမဖြစ်အောင် သတိထား တတ်လာတယ်။ သေချာတာက ကျွန်တော့်ရဲ့ အမူအကျင့် ပြောင်းသွားပါပြီ”

    ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံမှာ ဒေါ်သက်ထွေးဟာ ဘာသာဝင်တွေအကြား နားလည်မှုတည်ဆောက်ပေးတဲ့ သံတမန်တစ်ဦးလည်း ဖြစ်လာပါတယ်။

    မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုတွေကို စစ်တပ်က လူမျိုးတုန်းသက်ဖြတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ အဓမ္မကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ ကုလက ပြောကြားထားပါတယ်။ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဘာသာရေးစော်ကားမှု၊ ခွဲခြားဆက်ဆံမှုတွေကို မကြာခဏဆိုသလို ခံစားနေရပါတယ်။

    အပြောင်းအလဲတစ်ခု

    ခေါင်းဆောင်ပုဝါ၀တ်ဆင်ထားတဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းက စာသင်ခန်းထဲမှာ စာတွေသင်ကြားတဲ့ဘ၀ကို ပျော်မွေ့နေရတာဖြစ်တယ်လို့ ဒေါက်တာဒေါ်သက်ထွေးက ၀န်ခံပါတယ်။

    “လောကကြီးမှာ စိန်ခေါ်မှုတွေကတော့ အများကြီးရှိတာပေါ့။ မြန်မာနိုင်ငံက အမျိုးသမီးတွေမှာလည်း စိန်ခေါ်မှုတွေ တော်တော်များများ ရှိနေပါတယ်။ မွတ်စလင်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ကျွန်မအတွက် အဲဒီစိန်ခေါ်မှုဟာ ၂ ဆလောက်ရှိတယ်လို့ ပြောလို့ရတယ်”

    “သင်တန်းသားတွေကို မေးခွန်းမေးချိန်ပေးတဲ့အခါ သူတို့က ‘ဆရာမဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှု အငြင်းပွားစရာတွေ ပြောမယ်လို့ ထင်ထားတာ။ ဒါပေမယ့် သင်တန်းကာလတစ်ခုလုံးကိုကြည့်ရင် ဆရာမဟာလည်း ကျွန်မတို့လိုပါပဲ။ ကျွန်မတို့နဲ့ ဆရာမကြားမှာ ဘာမှ ကွဲပြားတာမရှိဘူး’ လို့ သူတို့ပြောကြတယ်”

    လူ့အဖွဲ့အစည်းတစ်ခုကို ပြောင်းလဲဖို့ဆိုတာ အချိန်ယူရမှာဖြစ်ပြီး သူမရဲ့သင်တန်းတွေက လူတွေအချင်းချင်းကြားမှာ နားလည်မှု တည်ဆောက်နိုင်အောင် ကူညီပေးတာဖြစ်တယ်လို့ ဒေါက်တာက ပြောကြားခဲ့ပါတယ်။

    “လူ ၂၀ လောက်ရှိတဲ့အတန်းမှာ တစ်ယောက်လောက်ပဲ ပြောင်းလဲမယ်၊ တစ်ခုခုရသွားတယ်လို့ ခံစားရမယ်ဆိုရင်လည်း ဒါဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတစ်ခုပါ။ ကျွန်မကတော့ သိထားတာတွေကို တတ်နိုင်သလောက်မျှဝေပြီး ကျွန်မတို့လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ ပြောင်းလဲမှုတွေမှာ တစ်နိုင်သမျှ ပါဝင်သွားမှာ ဖြစ်ပါတယ်။  ဒီလိုပဲ ကျွန်မ ဆုံးဖြတ်ထားပါတယ်”

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် The Muslim woman lifting the veil on sex education in Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • မြန်မာစစ်တပ်၏ သတင်းမှား၊ လှုံ့ဆော်ဝါဒဖြန့် အကောင့်များ၊ ပေ့ခ်ျများကို Facebook က ထပ်ပိတ်

    မြန်မာစစ်တပ်၏ သတင်းမှား၊ လှုံ့ဆော်ဝါဒဖြန့် အကောင့်များ၊ ပေ့ခ်ျများကို Facebook က ထပ်ပိတ်

    အောက်တိုဘာ ၁၆၊ ၂၀၁၈
    M-Media

    ၂၀၁၇ ခုနှစ်အတွင်း လူ့အဖွဲ့အစည်းနှစ်ခုအကြား ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ဝါဒဖြန့်မှု

    – မြန်မာစစ်တပ်ဟာ Facebook မှာ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုတွေ ၀ါဒဖြန့်ဖို့အတွက် အခြေစိုက်စခန်းတစ်ခု သပ်သပ်ထားပြီး၊ လူ ၇၀၀ လောက်နဲ့ ငွေကြေးအမြောက်အများ သုံးစွဲကာ လုပ်ဆောင်နေတယ်လို့ အမေရိကန်သတင်းဌာန New York Times က အောက်တိုဘာ ၁၅ ရက်နေ့မှာ ဖော်ပြခဲ့ပြီးတဲ့နောက် Facebook က စစ်တပ်နဲ့နွယ်တဲ့ အကောင့်တွေနဲ့ page တွေကို ထပ်မံ ပိတ်ပင်လိုက်ပါတယ်။

    page ၁၃ ခုနဲ့ အကောင့် ၁၀ ခုတို့ကို ပိတ်ပင်လိုက်တာဖြစ်ပြီး ဒီအကောင့်တွေ၊ စာမျက်နှာတွေဟာ ဖျော်ဖြေရေး၊ အလှအပ၊ သတင်းမျှဝေရေးအဖြစ် အသွင်ယူထားပေမယ့် မြန်မာစစ်တပ်နဲ့ နွယ်နေတဲ့ ၀ါဒဖြန့်ချီရေးအကောင့်တွေ ဖြစ်တယ်ဆိုတာ စုံစမ်းစစ်ဆေးမှုအတွင်း တွေ့ခဲ့ရတယ်လို့ Facebook ရဲ့ Blog မှာ မနေ့က ရေးသားဖော်ပြထားပါတယ်။

    ပိတ်ပင်လိုက်တဲ့ အကောင့်တွေ၊ page တွေမှာ စုစုပေါင်း follower ၁.၃၅ သန်းလောက်ရှိပြီး၊ follower အများဆုံး စာမျက်နှာတွေက ‘Beauty and Classic’ ၊ ‘ဆရာမလေးများ’၊ ‘စစ်သားဓာတ်ပုံများစုစည်းမှု’ နဲ့ ‘မိုးနတ်မင်း’ တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ Facebook သုံးစွဲသူတွေကြားမှာ လူသိများတဲ့ Opposite Eyes ၀ါဒဖြန့်ပေ့ခ်ျကို ကိုင်တွယ်တဲ့ မြန်မာစစ်တပ်က လက်ဖြောင့်တပ်သား Ohn Maung ရဲ့ အကောင့်ကိုလည်း Facebook က ပိတ်ပစ်ခဲ့ပါတယ်။

    ဘာသာရေး၊ လူမျိုးရေးတွေကို အခြေခံကာ အခြားသူတွေ လမ်းမှားအောင် ပြုလုပ်တဲ့ ကိစ္စတွေကို မိမိတို့ရဲ့ ၀ဘ်ဆိုက်မှာ အဖြစ်မခံလိုတဲ့အတွက် ဒီအကောင့်တွေကို ဖယ်ရှားရတာဖြစ်တယ်လို့ Facebook က ပြောကြားခဲ့ပြီး၊ စစ်တပ်ရဲ့ အမုန်းဝါဒဖြန့်မှုနဲ့ပတ်သက်လို့ New York Times သတင်းဌာနရဲ့ ဖော်ပြမှုဟာ စုံစမ်းစစ်ဆေးရာမှာ အထောက်အကူဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    အမုန်းဝါဒဖြန့်မှုနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့် အပါအ၀င် စစ်တပ်နဲ့ ဆက်နွယ်တဲ့ အကောင်တွေ၊ page တွေ စုစုပေါင်း ၅၂ ခုလောက်ကို ဖယ်ရှားခဲ့တယ်လို့ Facebook ဟာ သြဂုတ်လမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီ page တွေ၊ အကောင့်တွေမှာ Follower ၁၂ သန်းလောက် ရှိတယ်လို့လည်း ဆိုပါတယ်။

    နယူးယောက်တိုင်းမ်စ်ရဲ့ ဖော်ပြချက်

    ပါကစ္စတန်-ဘင်္ဂလားဒေ့ရှ်စစ်ပွဲမှ ဓာတ်ပုံများကို အသုံးပြုကာ ကာကွယ်ရေးဦးစီးချုပ်ရုံးစာမျက်နှာမှ ရိုဟင်ဂျာဆန့်ကျင်ရေး ၀ါဒဖြန့်မှု

    ‘A Genocide Incited on Facebook, With Posts From Myanmar’s Military’ (မြန်မာစစ်တပ်ရဲ့ Facebook ပို့စ်တွေက လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်အောင် လှုံ့ဆော်နေ) ဆိုတဲ့ခေါင်းစဉ်နဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ဖော်ပြခဲ့တဲ့ ဆောင်းပါးမှာ မြန်မာနိုင်ငံအတွင်း အမုန်းဝါဒဖြန့်ဖို့အတွက် စစ်တပ်က စီမံကိန်းနဲ့ လုပ်ဆောင်နေတယ်လို့ စစ်တပ်အသိုင်းအ၀ိုင်းအပါအ၀င် သတင်းရင်းမြစ် တော်တော်များများကို ကိုးကားပြီး ရေးသားထားပါတယ်။

    မြန်မာနိုင်ငံမှာ Facebok ကိုသုံးစွဲသူအရေအတွက်ဟာ ၁၈ သန်းလောက် ရှိနေတာပါ။

    မြန်မာစစ်တပ်ရဲ့ Facebook ၀ါဒဖြန့်ချီရေးလုပ်ငန်းမှာ တပ်ဖွဲ့ဝင်ပေါင်း ရာနဲ့ချီပါဝင်ပြီး သတင်းစာမျက်နှာတွေ၊ ဖျော်ဖြေရေး၊ အနုပညာ စာမျက်နှာတွေ၊ အလှယ်မယ်တွေရဲ့ စာမျက်နှာတွေအဖြစ် အသွင်ယူထားကြကာ ကြည့်ရှုသူအရေအတွက် အများဆုံးရောက်တဲ့အချိန်တွေမှာ အစ္စလာမ်ဆန့်ကျင်ရေး လုပ်ကြံဇာတ်လမ်းတွေ၊ မွတ်စလင်အမျိုးသားက ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို အဓမ္မကျင့်တယ်ဆိုတဲ့ လုပ်ကြံသတင်းတွေလို သွေးထိုးလှုံ့ဆော်တဲ့ ပို့စ်တွေ၊ မှတ်ချက်တွေကို ရေးသားလေ့ရှိတယ်လို့ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် အမည်မဖော်လိုတဲ့ ရင်းမြစ် ၅ ခုက New York Times သတင်းစာကို ပြောကြားခဲ့ပါတယ်။

    ဒီတပ်ဖွဲ့ကို နေပြည်တော်နားက တောင်ခြေတွေမှာ အခြေစိုက်ထားပြီး ၀ါဖြန့်လုပ်ငန်းအပြင် ထင်ရှားတဲ့အကောင့်တွေ၊ စစ်တပ်ကို ဝေဖန်တဲ့ အကောင့်တွေကို ထောက်လှမ်းတာတွေကိုပါ လုပ်ရကြောင်း၊ အလွန်လျှို့ဝှက်ပြီး တင်းကြပ်ကြောင်း ဒီရင်းမြစ်တွေက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး Facebook ရဲ့ ဆိုက်ဘာလုံခြုံရေးပေါ်လစီ အကြီးအကဲ နသန်နီယဲလ် ဂလီချာက ‘မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေသူတွေဟာ ၀ါဒဖြန့်ချီရေးလုပ်ငန်းတွေကို အသွင်ယူ ဆောင်ရွက်နေတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ဒီလို အမုန်းဝါဒဖြန့်တာတွေကို ဖယ်ရှားဖို့နဲ့ Facebook ပေါ် တက်မလာအောင် အားစိုက်ဆောင်ရွက်နေပြီး၊ စုံစမ်းမှုတွေကိုလည်း ဆက်လက် လုပ်ဆောင်နေတယ်လို့ ဂလီချာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်က စတင်ခဲ့တဲ့ စစ်တပ်ရဲ့ ၀ါဒဖြန့်ချီရေးလုပ်ငန်းမှာ လူ ၇၀၀ လောက် ပါဝင်ပြီး ငွေကြေးအပါအ၀င် အခြားရင်းမြစ်တွေကို အကြီးအကျယ် သုံးစွဲနေတယ်လို့ ဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက New York Times သတင်းစာကို ပြောကြားခဲ့ပါတယ်။

    အဲဒီအကောင့်တွေ၊ စာမျက်နှာတွေဟာ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေအပေါ် မုန်းတီးလာစေမယ့် သတင်းမှားတွေအပါအ၀င် သွေးထိုးလှုံ့ဆော်တဲ့ပို့စ်တွေ၊ ပုံတွေ လွှင့်တင်လေ့ရှိတယ်လို့လည်း သတင်းရင်းမြစ်တွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ပြဿနာနဲ့ပတ်သက်လို့ ဒီအကောင့်တွေ၊ page တွေဟာ တစ်ခြားနိုင်ငံတွေက သေဆုံးသူတွေရဲ့ ပုံတွေကို အသုံးပြုကာ ရိုဟင်ဂျာတွေက လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်လို့ ၀ါဒဖြန့်ကြောင်း၊ ဒစ်ဂျစ်တယ် ခြေရာလက်ရာတွေကို လိုက်ကြည့်ရင် နေပြည်တော်အထွက်မှာရှိတဲ့ စစ်စခန်းတွေကို ဦးတည်နေကြောင်း ရင်းမြစ်တွေက ဆိုပါတယ်။

    သတင်းရင်းမြစ်တွေထဲက ၂ ဦးက စစ်တပ်ရဲ့ ၀ါဒဖြန့်လုပ်ငန်းမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူတွေ အကြည်အညိုပျက်စေဖို့အတွက် သူမနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ဖြန့်ဝေတာကိုလည်း လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားခရီးစဉ်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေတဲ့ပုံကို အသုံးပြုကာ သူမဟာ တောင်ကိုရီးယားမှာ အသားအရေတင်းဆေး သွားထိုးလာတယ်ဆိုတဲ့ သတင်းဟာ စစ်တပ်ဝါဒဖြန့်အုပ်စုရဲ့ လက်ချက်ဖြစ်တယ်လို့လည်း သူတို့က ဆိုပါတယ်။

    စစ်တပ်ရဲ့ အဲဒီလို ၀ါဒဖြန့်မှုတွေထဲမှာ ကြောက်စရာအကောင်းဆုံးကိစ္စက ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး မွတ်စလင်တွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ကြရင်
    ဂျီဟတ်လုပ်မယ်လို့ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းကို Facebook Messenger ကနေ ၀ါဒဖြန့်ကာ တစ်ဖက်မှာလည်း ဗုဒ္ဓဘာသာ အမျိုးသားရေး ဘုန်းကြီးတွေက မွတ်စလင်ဆန့်ကျင်ရေး ချီတက်ပွဲလုပ်မယ့်အတွက် အသင့်အနေအထားနဲ့ သတိထားနေဖို့ မွတ်စလင်အသိုင်းအ၀ိုင်းဖက်ကို ၀ါဒဖြန့်မှု ဖြစ်တယ်လို့ New York Times ကို ပြောကြားခဲ့တဲ့ သတင်းရင်းမြစ်တွေထဲက နှစ်ဦးက ဖွင့်ဟခဲ့ပါတယ်။

    မြန်မာစစ်တပ်က စစ်သားတစ်ချို့ဟာ ရုရုားမှာ စိတ်ဓာတ်စစ်ဆင်ရေး၊ ဟက်ကင်းနဲ့ ကွန်ပျူတာဆိုင်ရာ ပညာရပ်တွေကို သင်ကြားခဲ့ပြီး မြန်မာနိုင်ငံကိုပြန်လာကာ တစ်ဆင့်ပြန်ပို့ချတယ်လို့ New York Times သတင်းစာက ဆောင်းပါးမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    နယူးယောက်တိုင်းမ်စ် သဌာနရဲ့ ဆောင်းပါး၊ Facebook ရဲ့ အကောင်တွေ ထပ်မံပိတ်ပင်မှုနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ဖက်က တုန့်ပြန်တာမျိုး မရှိသေးပါဘူး။

    Ref: New York Times, Facebook Blog

  •့ မြန်မာမွတ်ဆလင်မ်တို့ စည်းလုံးမှုသည်…အမိမြန်မာပြည် တိုးတက်မှု၏ အဖိုးတန်ထောက်တိုင်တစ်ခု……

့မြန်မာမွတ်ဆလင်မ်တို့ စည်းလုံးမှုသည်…အမိမြန်မာပြည် တိုးတက်မှု၏ အဖိုးတန်ထောက်တိုင်တစ်ခု……

    အောက်တိုဘာ ၁၀၊ ၂၀၁၈
    M-Media
    (ဒေါက်တာ သိန်းမိုးဝင်း ရေးသားသည်)

    1.0 နိဒါန်း

    မြန်မာဆိုသည့်ဝေါဟာရသည် မြန်မာပြည်နယ်နမိတ်အတွင်း မှီတင်းနေထိုင်ကြသော လူမျိုးစုအားလုံးကို ခြုံငုံခေါ်ဝေါ်ခြင်းဖြစ်ပြီး မိမိတို့နှစ်သက်ရာ ဘာသာတရားများ ကိုးကွယ်နေထိုင်ကြသည်။ မိခင် မြန်မာ့လူ့အဖွဲ့အစည်းထဲမှ အစ္စလာမ်ဘာသာကိုးကွယ်သည့် မြန်မာ-မူဆလင်ဆိုသည် ပေါက်ဖွားလာခဲ့သည်။ ဤစာတမ်းတွင် ဆက်လက်၍ မြန်မာ-မူဆလင် လူ့အဖွဲ့အစည်းအတွင်း ကြုံတွေ့ဖြတ်သန်းနေရသော အခက်အခဲများ၊ အတန်းအစားမတူသည့်သဖွယ် ခွဲခြား ပုံဖော်ခံနေရမှုများ၊ စိတ်ဓာတ်ခွန်အားတွေ လျှော့ကျလာမှုများ၊ အခြားဘာသာဝင်အချို့ဘက်မှ အမြင်သဘောထား၊ အစိတ်စိတ်အမွှာအမွှာ ဖြစ်နေသည့် မြန်မာ-မူဆလင် အစုအဖွဲ့အားလုံးကို အင်အားအဖြစ် စုစည်းရန်လိုအပ်မှု၊ မြန်မာ-မူဆလင် ကိုယ်စားပြုသည့် အဖွဲ့အစည်းများ၏ ဆောင်ရွက်နေမှုပိုင်းဆိုင်ရာများနှင့် ခေါင်းဆောင်မှုအခြေအနေ သုံးသပ်ချက်၊ အဖွဲ့အစည်းအများ ပေါင်းစုပြီး တစ်ဖွဲ့အသွင် ဆောင်ရွက်ခြင်းမှ ရရှိလာမည့် ကြီးမားသည့် အကျိုးဆက်များ၊ ဆောင်ရွက်သင့်သည့် ရေးရာ (၁၃)မျိုး (ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လ၀ကရေး၊ သတင်းပြန်ကြားရေး၊ စီးပွားရေး၊ လူငယ်အရေး၊ စာပေ အနုပညာရေး၊ အားကစားရေး၊ ဥပဒေရေး၊ ကျင့်ဝတ်ထိမ်းသိမ်းရေး၊…စသဖြင့်) ထားရှိခြင်းဖြင့် ပိုမိုကောင်းမွန်ထိရောက်သည့် ၀န်ဆောင်မှုမျိုးပေးနိုင်မည်ဖြစ်ခြင်း၊ အဖွဲ့အစည်း၏ ပိုမိုပွင့်လင်းမြင်သာသည့် Missions/Visions ရှိရန်လိုအပ်မှု၊ ခေါင်းဆောင်ကောင်းဦးဆောင်နိုင်မှုနှင့် ရှိအပ်သည့် အရည်အချင်း၊ ထိုထိုသော အခြေအနေအရပ်ရပ်တို့ အောင်မြင်လာနိုင်လျှင် စည်းလုံးပြီး စွမ်းပကားထက်သည့် မြန်မာ-မူဆလင် လူ့အဖွဲ့အစည်း ဖြစ်လာနိုင်ပြီး အမိမြန်မာပြည်ကြီး တိုးတက်ရေးအတွက်လည်း အဖိုးတန် ထောက်တိုင်တစ်ခု သဖွယ် စွမ်းဆောင်အကျိုးပြုနိုင်မည်ဖြစ်ကြောင်း…. စသည်တို့ကို မီးမောင်းထိုးပြထားသည်။

    1.1 မြန်မာ့လူ့အဖွဲ့အစည်း

    မြန်မာ-မူဆလင်လူ့အဖွဲ့အစည်းအရေး ဆွေးနွေးတင်ပြဆွေးနွေးရာတွင် မြန်မာ့သမိုင်းဖြင့် အစချီရပေမည်။ ရှေးပဝေသဏီ တကောင်း၊ ပုဂံ၊ အင်းဝ၊ တောင်ငူ၊ ကုန်းဘောင်ခောတ် မင်းအဆက်ဆက်ကတည်းက မြန်မာပြည် နယ်နမိတ်အတွင်း မှီတင်းနေထိုင်ခဲ့ကြသော တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးစုံ၊ ဘာသာဓလေ့အစုံတို့သည် ယနေ့ထက်တိုင် ဖျောက်ဖျက်၍ မရနိုင်သော သမိုင်းသက်သေသာဓကများ ရှိဆဲဆိုသည်ကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။ သမိုင်းကြောင်းအရ အရှေ့တောင်အာရှ၏ အသက်ရှုပေါက်သဖွယ် strategic location တစ်ခုဖြစ်သည့် မြန်မာ့မြေသို့ ရပ်နီးရပ်ဝေး နိုင်ငံဒေသများမှလည်းပဲ ရေကြည်ရာမျက်နုရာ လာရောက်နေထိုင် ကူးလူးဆက်ဆံခဲ့ကြသည်ဆိုသည့် သမိုင်းအကိုးကား များစွာတွေ့နိုင်သည် (ပုံ-၁)။

    ပုံ(၁)-သမိုင်းတစ်လျှောက် ရပ်နီးရပ်ဝေး နိုင်ငံများမှလူမျိုးစုံ မြန်မာ့မြေသို့ လာရောက်နေထိုင် ကူးလူးဆက်ဆံခဲ့ကြသည့် လမ်းအသွယ်သွယ်ပြ မြေပုံ

    မြန်မာဆိုသည် တိုင်းပြည်၏ အမည်နာမ တစ်ခုအပြင် အထက်တွင်ဖော်ပြခဲ့သော လူမျိုးစုအားလုံးကို ကိုယ်စားပြု ခြုံငုံ၍ သုံးနှုန်းခြင်း ဆိုသည်ကို ပြည်သူများ သဘောပေါက်ရန်လိုအပ်သည်။ (ဥပမာ- Singapore နိုင်ငံအတွင်း မှီတင်းနေထိုင်သူ နိုင်ငံသားအားလုံးကို Singaporean,…စသဖြင့်ပေါ့)။ ယခုကဲ့သို့ မြန်မာဆိုသည့် ဝေါဟာရကို အကျယ်တစ်ဝင့် ရှင်းလင်းပြရခြင်းမှာ မြန်မာပြည်သူပြည်သားများ အချင်းချင်းသည် သွေးချင်းညီနောင်တွေဟူသော အသိဝင်စေရေး ရည်ရွယ်ဖော်ပြရခြင်းဖြစ်သည်။ ထင်သာမြင်သာအောင် ပမာဆိုရလျှင်- အောက်ပါ Playdoh လေးများကိုကြည့်ပါ။ playdoh (ပုံ-၂) တစ်ခုချင်းဆီပင်လျင် ingredients (ဓာတ်သတ္တုပစ္စည်းစုံ) ပေါင်းစပ်ထားရပြီး ထို Playdoh လေးများစွာ (ပုံ-၃) စုပေါင်းရောနှောကာ ဤကနေ့မြင်ရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြေပုံ (ပုံ-၄) ဆိုတာဖြစ်လာခဲ့သည်။ အဲဒီလိုဘဲ- လူတစ်မျိုး အသားတစ်ရောင် ဆိုသည်မဟုတ်ဘဲ လူမျိုးစုံတို့ ရောနှောနေထိုင်လာခဲ့ကြခြင်း (ပုံ-၂က) ၊ အသားအရောင် ရုပ်အသွင်အပြင် ရိုးရာဓလေ့ ဘာသာစကား များစွာ ကွာခြားမှုရှိသော်ငြားလည်း rich diversity (ပုံ-၃က) ဆိုသည့် မတူကွဲပြာမှု အင်အားအစုတို့နှင့် ပေါင်းစပ်တည်ဆောက်ထားသည့် မြန်မာ့မြေပေါ်မှ မြန်မာလူမျိုး (ပုံ-၄က) ဆိုသည်ဖြစ်လာခဲ့သည်ကို ပုံဖေါ်ထားသည်။

    1.2 မြန်မာ-ကိုးကွယ်

    ဒို့မြန်မာတွေဆိုသည် မိဘဘိုးဘွားဘီဘင် မြန်မာများမှ ပေါက်ဖွားလာကြပြီး ဤမြေမှာမွေး ဤရေသောက် ကြီးပြင်းလာကြသော မြန်မာ့သားသမီးများသာဖြစ်ကြသည်။ ရှေးမင်းအဆက်ဆက်ကတည်းက ကျွန်ုပ်တို့ မြန်မာတွေ မိမိတို့နှစ်သက်ယုံကြည်ရာ ဘာသာတရားများ ကိုးကွယ်ခြင်းကို အမှုးပြု၍ ဗုဒ္ဓဘာသာ ကိုးကွယ်သူများအား (မြန်မာ-ဗုဒ္ဓ)၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူများအား (မြန်မာ-အစ္စလာမ်)၊ ဟိန္ဒူဘာသာ ကိုးကွယ်သူများအား (မြန်မာ-ဟိန္ဒူ)၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သူများအား (မြန်မာ-ခရစ်ယာန်)၊ နတ်ကိုးကွယ်သူများ စသဖြင့် ဆိုလိုသည် (ပုံ-၅)။

    1.3 မြန်မာ-မူဆလင်ဆိုသည်…

    ဤနေရာတွင် တစ်ခုသတိချပ်သင့်သည်မှာ အစ္စလာမ်ဘာသာကိုးကွယ်သည့် ပြည်တွင်းနေ မြန်မာများ (ယခင်အခေါ်အဝေါ် ဗမာ-မူဆလင်။ ။ဒီးဒုတ်ဂျာနယ် 04-02-1946) ယခုအခါ မြန်မာ-မူဆလင် ဟု သုံးနှုန်းကြသည်။ သို့ပါ၍ ရှေ့ဆက်ဖော်ပြချက်များတွင် မြန်မာ-မူဆလင်ဟုသာ ရည်ညွှန်းပါမည်။ (ပုံ-၅) တွင် ပမာဆိုထားသည့်အတိုင်း မြန်မာ-ကိုးကွယ် ဆိုသည့် ကိုးကွယ်သည့်ဘာသာ ရှုထောင့်မှကြည့်လျှင် လူ့အဖွဲ့အစည်းကြီးအတွင်း မြန်မာ-အစ္စလာမ် ဆိုသည်လည်း အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို ခိုင်ခိုင်မာမာ ခံယူစွဲမှတ်ထားကြဖို့ လွန်စွာအရေးကြီးသည်။ အစ္စလာမ်ဘာသာ ကိုးကွယ်သဖြင့် မြန်မာ့လူ့အဖွဲ့အစည်း၏ ဒုတိယလူတန်းစားအသွင် ပုံဖော်နေခြင်း၊ အမုန်းတရားဖြန့်ဝေခြင်း၊ ခွဲခြားဆက်ဆံခြင်းများ လွန်စွာမှားယွင်းသကဲ့သို့ မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံးကို များစွာနစ်နာစေသည်။

    တိုင်းပြည်၏ ကျော်ဖြတ်ခဲ့ ကျော်ဖြတ်နေဆဲ အတက်အကျတိုင်းတွင် အများနည်းတူ အစ္စလာမ်ဘာသာကိုးကွယ်သည့် မြန်မာ-မူဆလင်တို့သည်လည်းပဲ ခါးစည်းခံ ရင်စည်းစံ တက်ညီလက်ညီရှိခဲ့ကြသည်။ သို့သော် ပြီးခဲ့သည့်ဆယ်စုနှစ် အချို့အတွင်း မြန်မာ-မူဆလင်တို့၏ ပြည်တွင်း အခမ်းဏ္ဍများ တစ်ဖြည်းဖြည်း မှေးမှိန်လာခဲ့ရခြင်း၊ မြန်မာဆိုသည့် အသိအောက်မှာ အားလုံးတန်းတူညီတူဖြစ်နေခဲ့ရာမှ (မူဆလင်) ဆိုသည့် ဝေါဟာရ ပေါင်းစပ်သည့်အခါ ကြုံတွေ့လာရသည့် အခက်အခဲများကို ဆက်လက် သုံးသပ်ကြည့်ပါရစေ။

    1.4 မြန်မာ- မူဆလင်တို့ ကြုံတွေ့နေရသည့် အခက်အခဲများ

    အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မြန်မာ-မူဆလင်တို့ ကြုံတွေ့နေရသည့် အခက်ခဲပေါင်းများစွာက ခါးသီးလှသလို မြန်မာ-မူဆလင်ပါဟု ဆိုလိုက်သည်နှင့်အမျှ ရှေ့ဆက်ကြုံတွေ့ရဦးမည့် အခက်ခဲစုံက စီးကြိုလျက်။ ဥပမာ-ဘာသာရေးဝတ်ပြုဆောင် (ဗလီ) နှင့် စာသင်ကျောင်းများတွင် ၀တ်ပြုခွင့်၊ စာသင်ကြားခွင့်၊ ပြင်ဆင်မွန်းမံခွင့်များအား တားဆီးပိတ်ပင်လာနေမှုများ ကြုံတွေ့နေရသည်သာမက ဘာသာရေးဆိုင်ရာ အချက်လက်များအား အဆီအလျှော်မဲ့ တိုက်ခိုက် စော်ကားနေမှုများလည်း ပို၍ရှိလာနေသည်။ သို့ပါ၍ နိင်ငံသားတိုင်း သာတူညီမျှ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိဟု အခြေခံဥပဒေမှ အတိအလင်းခွင့်ပြုထားသည့်အတိုင်း လက်ရှိကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများ ဖြေရှင်းရာတွင် နိုင်ငံတော်အစိုးရ၏ တာဝန်ယူမှု-တာဝန်ခံမှု ပိုမိုပြည့်ဝစွာရရှိနိုင်ရန် အရေးကြီးသည်။
    ထိုသည်သာမက- လ၀ကဆိုင်ရာ (သွေးနှောများအတွက် ပတ်စ်ပို့၊ မှတ်ပုံတင်၊သန်းခေါင်စာရင်း၊ ပုံစံ (၁၀) ပြောင်း၊ မွေးတိုး၊ လ၀ကထောက်ခံစာ၊ နောက်တိုး NVC. …) ကိစ္စရပ်များ၊ စီးပွားရေးလုပ်ကိုင်နိုင်မှု အခွင့်အလမ်းများ၊ လူမှုရေး နှင့် ပရဟိတ၊ လွယ်ကူစွာ ခရီးသွားလာနိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံ့ဝန်ထမ်းဆောင်ခွင့်ရရှိရေး၊ ဥပဒေပြုလွှတ်တော်နိုင်ငံရေး စသည်စသည်တို့တွင် မြန်မာ-မူဆလင်ဟု သီးခြားအမြင်ထားခြင်း၊ သတ်မှတ်စည်းကမ်း ပိုတိုးခြင်းမျိုး အလျင်းမရှိစေပဲ နိုင်ငံသားတိုင်း ရရှိရမည့် အခွင့်အရေးတန်းတူ ရှိဖို့လိုသည်။

    1.5 မြန်မာ-မူဆလင်ကို အမြင်စောင်းလာစေဖို့..
    အမိမြန်မာပြည်ကြီးကို ingredients အစုံပေါင်းစပ်ထားသည့် playdoh အသွင် အထက်တွင် တင်စားခဲ့ခြင်းမှာ အခြားကြောင့်မဟုတ်။ ထို playdoh ကြီးမှ မြန်မာ-မူဆလင်ဆို၍ သီးသန့်ခွဲ ဆွဲထုတ်ပြီး (different ingredient မတူညီတဲ့ ပစ္စည်းစုံတစ်စု)) ပါလို့ ဤ ဆယ်စုနှစ်အတွင်း ပုံဖော်ခံနေရသည်မှာ အများအသိပင်။ သို့သော်လည်းဘဲ မြန်မာ-မူဆလင်တို့သည် ဤမြေ ဤရေ အမိမြန်မာပြည်ကြီးအား အခြားမြန်မာများနည်းတူ သစ္စာရှိစိတ် ချစ်စိတ် တစ်ပြားမျှ မလျှော့ဟု အပြည့်အ၀ခံယူထားကြသည်။
    ယခုအခါ မြန်မာ-မူဆလင် ဟု ဆိုသည်နှင့် “ကုလား၊ ဧည့်သည်၊ သွေးနှော၊ နောက်ပိုင်းတွင် ညိုညိုမြင် ခိုးဝင်၊ အမှုအခင်း တစ်ခု မြန်မာ-မူဆလင်နှင့် ပက်သက်ဆက်နွယ်ပါက ကိုးကွယ်+အစ္စလာမ်အမည်ပါ ပူးတွဲဖော်ပြခြင်း အစရှိသည်တို့အား ဤဆယ်စုနှစ် အချို့အတွင်း ပိုမိုကြုံတွေ့လာရသည်မှာမလွဲ။ သည့်အတွက် ပြောဖန်များစကားဖြစ် ဆိုသလို အများပြည်သူ၏ မြန်မာ-မူဆလင်တွေအပေါ် စိတ်ခံစားချက်-အမုန်းတရား-အမြင်ကွဲလွဲမှု ပြင်းထန်လာစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာနေသယောင် စိုးရိမ်မကင်းဖြစ်လာရသည်။ မကြာသေးမီက အမေရီကန်သမ္မတဟောင်း ပြောကြားခဲ့သော အောက်ပါ အဖိုးတန် စကားရပ်လေးကို အမှတ်ရမိသည် (ပုံ-၆)။

    နိုင်ငံရေး ပရောဟိတ်ကြီး ပြောကြားခဲ့သော ဤစကားရပ်လေးအရဆိုလျှင် မြန်မာ့လူ့အဖွဲ့အစည်းကြီးထဲမှ မြန်မာ-မူဆလင်ကို သီးခြားအဖြစ် ခွဲမြင်အောင် လုပ်ကြံဖန်တီးနေမှု မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိသလို ပြည်သူတွေအကြားလည်း အသားအရောင်၊ ဘာသာတရား၊ လူမျိုးဓလေ့ အခြေခံကြောင့် ဒို့မြန်မာ့သွေးချင်းတွေ စိတ်ဝမ်းမကွဲကြစေဖို့ ဤစာတမ်းမှတစ်ဆင့် ဆော်သြလိုက်ပါသည်။

    1.6 စိတ်ဓာတ်ချိုးနှိမ်ခံရမှုမျိုးကို မြန်မာ-မူဆလင်တို့ ရှောင်ကြဉ်နိုင်ရေး…

    မိမိတို့သည် မြန်မာ (မြန်မာပြည် နယ်နမိတ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားစုံ လူမျိုးစုံများပေါင်းစုသည့် ဝေါဟာရ)ဖြစ်ပြီး အစ္စလာဘာသာ ကိုးကွယ်ပါက မြန်မာ-မူဆလင် ဟုခေါ်သည်။ သို့သော် တိုင်းပြည်၏ Political Climate ကြောင့် လက်တလော နှိမ်ချရှုမြင် ခေါ်ဝေါ်ခံနေသည့် ထိုသို့သော ခွဲခြားခေါ်ဝေါ်ဆက်ဆံခံနေရမှုများကြောင့် စိတ်ဓာတ်ကျရပါမူ ၂-ခါ ရှုံးသူဖြစ်လိမ့်မည်။ မည်သို့ပင် ထိုးနှက်စွတ်စွဲ ခွဲခြားဆက်ဆံခံနေရလင့်ကစား တစ်ဦချင်းစီရော မြန်မာ-မူဆလင် လူ့အဖွဲ့အစည်းတစ်ခုလုံးကပါ စိတ်ဓာတ်မကျဖို့ စိတ်မှိုင်မချဖို့လိုသည်။ သို့မှသာ မည်သို့မည်ပုံ ပြန်လည် correct လုပ်နိုင်မည့်နည်းလမ်းများကို စီစဉ်ဆောင်ရွက်နိုင်ပေလိမ့်မည်။

    1.7 မြန်မာ့-မူဆလင်တို့အပေါ် အခြားဘာသာဝင်အချို့ဘက်မှ သုံးသပ်ချက်အမြင်
    မြန်မာ့အသိုင်းအ၀ိုင်းအတွင်းမှ အခြားဘာသာကိုးကွယ်သည့် ရောင်းရင်းများ၏ သဘောထားများကို လေ့လာကြည့်သည့်အခါ- ယခင့်ယခင်က မြန်မာ-မူဆလင်တို့၏ ၀တ်စားဆင်ယဉ်မှုများသည် အခြားမြန်မာများနည်းတူ ပြောင်းလဲခြင်း မရှိခဲ့သော်လည်း ယခုဆယ်စုနှစ်အတွင်း သိသိသာသာ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ၀တ်စားဆင်ယဉ်မှုမျိုး မဟုတ်သည့် ခြုံထည်များ ၀တ်ဆင်လာကြခြင်းကို သတိထားမိကြကြောင်း၊ ဤသည်ကို ထောက်ပြ၍ တိုင်းပြည်တွင်း Islamization ကြီး အလုပ်ခံနေရပြီဟု စိတ်ခုလာအောင် တစ်ဖက်မှာ ဖန်တီးလှုံ့ဆော်မှု များစွာရှိနေကြောင်း၊ ဘာသာခြား လူမျိုးခြားဆိုသည့် အမြင်များလည်း တိုးပွားလာနေကြောင်း၊ တရားဥပဒေစိုးမိုးမှုနှင့် အခြေခံဥပဒေ အားနည်းချက်များ ရှိနေခြင်းတို့ကြောင့် ဘာသာရေး လူမျိုးရေး အသွင်ဆောင်သည့် ပဋိပက္ခ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အချိန်မှီ တားဆီးနိုင်ရန် နှေးကွေးလာစေကြောင်း….စသည့် ကောက်ချက်အချို့ကို ကြားသိရသည်။

    1.8 မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကွဲပြားနေမှုများအားသုံးသပ်ချက်

    မြန်မာ-မူဆလင် လူ့အဖွဲ့အစည်းအတွင်း အစိုးရအသိအမှတ်ပြု အဖွဲ့အစည်းများ၊ လူမှုရေးနှင့် ပရဟိတအဖွဲ့များ၊ ဘာသာရေးဆိုင်ရာ အဖွဲ့များ၊ ပညာရေး ၀န်ဆောင်မှု……. စသဖြင့် မိမိတို့ယုံကြည်ချက် ရပ်တည်ချက်များနှင့် ရှေ့ရှုဆောင်ရွက် နေကြသည်ကို တွေ့ရသည်။ အထိုက်အလျှောက် အတိုင်းအတာ တစ်ခုအထိတော့ မြန်မာ-မူဆလင် လူ့အဖွဲ့အစည်းအတွက်ကော တိုင်းပြည်အတွက်ပါ အကျိုးဖြစ်ထွန်းသည်ဟု ဆိုနိုင်ပေမယ့် အခုလို အစိတ်စိတ်အမွှာအမွှာ ဖြစ်နေခြင်းသည် တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း တိုးတက်မှုအတွက် ထိရောက်သော အရွေ့တစ်ခု မရှိနိုင်ချေ။
    လက်ရှိအနေအထားအားဖြင့် စိတ်ဓာတ် ချိုးနှိမ်ခံနေရမှု၊ ခွဲခြားဆက်ဆံခံနေရမှု၊ တရားဥပဒေစိုးမိုး၏ အနှစ်သာရကို အပြည့်အ၀ မခံစားရမှု၊ တန်းတူညီမျှအခွင့်အရေးမရရှိမှု…တို့ကနေ အမှန်တကယ် ရုန်းထွက်လိုကြလျှင် တစ်ခုသာ လုပ်ရန်လိုအပ်သည်။ မိမိတို့ “လက်ရှိလုပ်ဆောင်နေမှု ၀န်တာများကို” စွန့်လွှတ်ရန်မဟုတ် မိမိတို့ကိုယ်စီ ရင်ဘတ်ထဲက “မတူဘူးဟူသည့် စိတ်ခံစားချက်များနှင့် အချင်းချင်း ပုဂ္ဂိုလ်ရေးဆန်သော ပုတ်ခတ်မှုများကို” စွန့်လွှတ်ဖို့လိုအပ်သည်။ သို့မှသာ ညီညွတ်ခြင်း ဆိုသည့် ကြိုးကို ပူးပေါင်းကိုင်တွယ်နိုင်မည်ဖြစ်ပြီး တိုင်းပြည်နှင့်လူ့အဖွဲ့အစည်း တိုးတက်မှုအတွက် ထိရောက်သော ၀န်ဆောင်ပေးနိုင်ရန် အားအင်တစ်ခု ဖြစ်လာပေမည်။ ဆရာကြီးဦးကိုနီ၏ အဖိုးတန်မိန့်ခွန်းကို ကိုးကားပါရစေ (ပုံ-၇)။

    2.0 မြန်မာ-မူဆလင်များအား ကိုယ်စားပြုသည့် အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုပိုင်းဆိုင်ရာနှင့် ခေါင်းဆောင်မှုအခြေအနေ

    2.1 အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုပိုင်းဆိုင်ရာ

    ယနေ့ခောတ် အဖွဲ့အစည်းများတွင် missions/visions ဆိုတာ ရှိကြမည်ဖြစ်သည်။ ထိုသို့အတိုင်း- ဘာသာရေး၊ လူမှုရေး၊ကျန်းမာရေး၊ ပရဟိတ….စသဖြင့်တို့ကို မိမိတို့ နိုင်ရာ capacity limit ထဲမှ ဆောင်ရွက်လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။ သို့သော် မြန်မာ-မူဆလင် လူ့အဖွဲ့အစည်းအတွင်း တိုးတက်ပြောင်းလဲအောင် ကြိုးစားရင်း တိုင်းသူပြည်သား အားလုံးအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့် ခိုင်မာသည့် Solution တစ်ခု လိုအပ်လာခဲ့ပြီ။
    အဘယ်ကြောင်ဆိုသော်… ဥပမာ- သာကေတ အာရ်ဗီစာသင်ကျောင်း ပိတ်ပင်ခံရသည့် ကိစ္စကိုကြည့်လျှင် နိုင်ငံတော်မှ ခွင့်ပြုထားသည့် အထောက်အထားစုံရှိပါလျက် ဖြစ်စဉ်အတွင်း အခိုင်အမာ ၀င်ရောက်ဖြေရှင်းမည့်သူ တစ်စုံတစ်ဦး တစ်ဖွဲ့တစ်သံ မရှိခဲ့ပေ။ ဂေါပကအဖွဲ့တာဝန်ရှိသူမှ နောက်ပိုင်းတွင် သတင်းမီဒီယာ အချို့မှတစ်ဆင့် အင်တာဗျူးလုပ်ပြီး အထောက်အထားစုံနှင့် ရှင်းပြခဲ့သော်ငြားလည်း ပိတ်ပင်ခံခဲ့ရခြင်းအပြင် မီဒီယာမှတစ်ဆင့် တိုက်ရိုက် ရှုစားနေသည့် ပရိတ်သတ်အတွက် အစွန်းရောက်များ စွတ်စွဲနေသည့် သို့လောသို့လော သတင်းအမှားများ အမှန်သဖွယ် ဖြစ်စေခဲ့သည်။ အလားတူ ဗလီ၊ စာသင်ကျောင်း၊ သင်္ချိုင်းနယ်မြေ၊ ကုရ်ဘာနီ ကိစ္စရပ်များစွာ ပေါ်ပေါက်ခဲ့ပြီး သက်ဆိုင်ရာ ဂေါပကများမှ ဦးဆောင်ဖြေရှင်းရခြင်းမှုများ ရှိခဲ့သည်။
    ထိုများသာမက ဘာသာရေးကိစ္စ၊ လ၀ကအရေးကိစ္စ (အရှုပ်အထွေးများ အထူးပြောစရာမရှိ၊ ကျောင်းများတွင် ကျောင်းသားလူငယ်များ မှတ်ပုံတင်လျှောက်ရာတွင်ပင် သွေးနှောများဟုသုံးနှူံးခွဲခြား)၊ ပညာရေးကိစ္စ (မှတ်ပုံတင်မရှိလို့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် မတက်နိုင်)၊ စီးပွားရေးဆိုင်ရာနှင့် အလုပ်အကိုင်အခွင့်အလမ်း (ဥပမာ- မူဆလင် ဒီမှာဈေးမရောင်းရ၊..)၊ မူဆလင်ကင်းစင်ရွာများပေါ်ပေါက်လာခြင်း၊ ခရီးသွားရေး၊ ပတ်စ်ပို့လျှာက်ရေး၊ တရားဥပဒေစိုးမိုးမှု ခံစားခွင့်၊ နိုင်ငံ့အရေး…စသည်တို့တွင် ပိုမိုထူးခြားစွာ ခွဲခြားခံလာကြရသည်မှာ လွန်စွာစိုးရိမ်ဖွယ် ဖြစ်လာခဲ့သည်။ မြန်မာ-မူဆလင်အဖွဲ့များ၊ လူမှုရေးပရဟိတအဖွဲ့များမှ မိမိတို့ နိုင်ရာ စွမ်းဆောင်ခဲ့ကြ စွမ်းဆောင်နေကြဆဲကိုလည်း လေ့လာမိသည်။ သို့သော် အထက်ပါအခြေအနေ ကိစ္စရပ်များအားလုံးကို တစ်ဖွဲ့ တစ်ဦး လူအချို့ ကြိုးစားနေရုံနှင့်လွယ်ကူချောမွေ့မည်မဟုတ်။ တစ်ဆက်တည်းမှာပဲ-ဤအခြေအနေတွင် ကိုယ်စားပြုနေသည့် အဖွဲ့ (၅)ဖွဲ့မှ ထိရောက်သည့် ၀န်ဆောင်မှုမျိုး မစွမ်းဆောင်နိုင်ရလေခြင်းဟု မကျေမချမ်းဖြစ် online social media များမှတစ်ဆင့် မြန်မာ-မူဆလင်လူထု အသံများ ထုတ်ဖေါ်နေသည်ကိုလည်း ရံဖန်ရံဖါ တွေ့ရှိရသည်။

    2.2 ခေါင်းဆောင်မှုအခြေအနေ
    သမိုင်းကြောင်းအရ ဗ-မ-က (ဗမာမွတ်ဆလင်ကွန်ဂရက်) အပါအ၀င် မြန်မာ-မူဆလင် လူ့အဖွဲ့အစည်းများ ရှိနေခဲ့သည်သာမက တိုင်းကျိုးပြည်ပြု ခေါင်းဆောင်ကြီးများလည်း ထွန်းကားခဲ့သည်။ ဥပမာ- အာဇာနည် ဦးရာဇတ်၊ အာဇာနည် ရဲဘော်ကိုထွေး၊ ဦးရာရှစ်၊ ဦးခင်မောင်လတ်၊ ဦးဖေခင်၊ ၀မ်းအိုဝမ်းကျော်ဝင်းမောင်၊ ဗိုလ်မှုးဘသော်၊ ဇေယျကျော်ထင် ဗိုလ်မှုးဘရှင်၊ ဂါဇီဟာရှင်၊ ဦးကိုနီ၊….) တို့အပါအ၀င် အခြားများစွာပါရှိခဲ့ ပါရှိနေဆဲဖြစ်သည်။
    ယခုလို ခွဲခြားခံနေရမှုများ၊ ပစ်မှတ်ထား တိုက်ခိုက်ခံနေရမှုများ၊ သာတူညီမျှ အခွင့်အရေးနှင့် အလှမ်းဝေးနေမှုများ၊ မြန်မာ-မူဆလင် လူ့အဖွဲ့အစည်းအတွင်း ရေတိုရေရှည် ပြုပြင်ပြောင်းလဲရန် အရေးတကြီး လိုအပ်လာမှုများ၊ စိတ်ဓာတ်ချိုးနှိမ်ခံလာရမှုများ၊ အနာဂါတ် မျှော်လင့်ချက်ရောင်ချည်များ မှေးမှိန်လာရသဖြင့် ဘ၀တိုးတက်အောင် ကြိုးစားလိုစိတ်များ လျှော့နည်းလာနေပြီဖြစ်သော မြန်မာ-မူဆလင် သားသမီးများ လူငယ်များအတွက် ဤအချိန်တွင် အလိုအပ်လာဆုံးက လူ့အဖွဲ့အစည်းအတွင်း မြန်မာ-မူဆလင် ခေါင်းဆောင်ကောင်းများစွာ ပေါ်ထွန်းလာရေး ဖြစ်သည်။
    ဆိုလိုသည်မှာ- (ပုံ-၈ က)ပါ ကားတာယာ တစ်ဘီးအရွေ့ကဲ့သို့ လက်ရှိ အဖွဲ့အစည်းကြီးငယ်များ တစ်ခုချင်းစီမှ မိမိတို့ capacity limit နှင့် missions/visions များအရ မြန်မာ-မူဆလင်များ အပါအ၀င် နိုင်ငံနှင့် တိုင်းသူပြည်သူများအား အကျိုးပြုရင်း တစ်နိုင်တစ်ပိုင်သာ ရွေ့နိုင်ပေမည်။ အကယ်၍ ပိုမိုထိရောက်သော ၀န်ဆောင်မှုပေးနိုင်ရန်အတွက် ဆိုရင်တော့ (ပုံ-၈ ခ)ပါ ၁၄-ဘီးကားကြီးတစ်စီးကဲ့သို့ လိုအပ်သည့် အခမ်းဏ္ဍ ၁၄ ခု (ပမာ) ခွဲပြီး တစ်ထီးတစ်မိုးအောက်ကနေ ချိတ်ဆက် ထိထိရောက်ရောက် ဆောင်ရွက်ရန် အရေးကြီးသည်သာမက အရည်အချင်းပြည့်ဝသည့် ခေါင်းဆောင်ကောင်းတစ်ယောက်မှ ထိုကားကြီးကို ထိမ်းကျောင်းပေးနိုင်ပါမူ ပိုပြီးအဓိပ္ပါယ်ရှိ အနှစ်သာရရှိ အကျိုးဖြစ်ထွန်းနိုင်တဲ့ အရွေ့မျိုးနှင့် အထစ်အငေါ့နည်းပါးပြီး လိုရာခရီးကိုနှင်နိုင်မည်မှာ အသေအချာဖြစ်သည်။ အနာဂါတ် မြန်မာ-မူဆလင် လူ့အဖွဲ့အစည်းနှင့် ခေါင်းဆောင်မှုကို ဆက်လက်ဆွေးနွေးပါမည်။

    3.0 အနာဂါတ် မြန်မာ-မူဆလင်အဖွဲ့အစည်း

    အနာဂါတ် မြန်မာ-မူဆလင်အဖွဲ့အစည်းကို အောက်ပါကဲ့သို့ တစ်ဖွဲ့တည်းအသွင် ဖန်တီးနိုင်သည်။ အသစ်တစ်ဖွဲ့ထပ်ဖွဲ့ရန် ဆိုလိုခြင်းမဟုတ်။ မြန်မာ-မူဆလင်တို့သည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အခမ်းကဏ္ဍ အသီးသီးတို့တွင် တစ်ဦးချင်းဖြစ်စေ အများနှင့်ဖြစ်စေ ပက်သက်ဆက်နွယ် ဆောင်ရွက်နေကြသည်မှာ အားရစရာပါ။ သို့သော် အဲဒီ့တစ်ဦး တစ်ဖွဲ့မှာဘဲ လုပ်ဆောင်မှုအင်အားက ရပ်တန့်သွားပြီး မြန်မာ-မူဆလင်ထု large scale အနေနဲ့ ဆောင်ရွက်မှု ကြိုးပမ်းမှု အကျိုးပြု အသွင်ကို မပေါ်လွင်လာခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော်- Corporate body ကြီးအသွင် မရှိသေးလို့ပါဘဲ။ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇာတ်၏ အချင်းချင်း စည်းလုံးရန်လိုအပ်ကြောင်း ယင်းတော်ညီလာခံတွင် အောက်ပါအတိုင်း မှတ်သားဖွယ် ပြောကြားခဲ့ဘူးသည် (ပုံ-၉)။

    ထိုသို့ဖြစ်လာစေရန်မှာ-လက်ရှိ ဆောင်ရွက်နေသော အစိုးရအသိအမှတ်ပြု ငါးဖွဲ့မှ ပုဂ္ဂိုလ်များ၊ တစ်ခြားမြန်မာ-မူဆလင် လူ့အဖွဲ့အစည်းများ၊ ပရဟိတများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရေးဝန်ဆောင်မှုအသင်း၊ ကျန်းမာရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ ဥပဒေရေး၊ အနုပညာ၊ အားကစား၊ သတင်းနှင့်စာနယ်ဇင်း၊ စသည် စသည့် ဘက်စုံမှ အသိပညာရှင် အတတ်ပညာရှင်များ တက်ကြွလူငယ်များ အားလုံးပူးပေါင်း ပါဝင်နိုင်သည့် one-umbrella မိခင်အသင်း လိုအပ်သည်။ ဤနေရာတွင် တစ်ခုသတိချပ်စေလိုသည်မှာ မိမိတို့ ဦးဆောင်ဦးရွက်ပြုနေသော နိုင်ရာစွမ်းဆောင်နေကြသော အဖွဲ့များ၊ different groups များ ကိုပယ်ဖျက်ရန် မရည်ရွယ်ပါ။ မတူညီမှုတွေကို ဖယ်ထား၊ မိခင်အသင်းအတွက် စိတ်ဓါတ်ပွားပြီး ညီညွတ်မှုကြိုးကို ကိုင်ကြစေလိုသည်။ အဖွဲ့အသီးသီး၊ တစ်ဦးချင်းစီတို့၏ ကျွမ်းကျင်ရာ resources များကို အောက်ဖော်ပြပါ ရေးရာများတွင် ပါဝင်ပံ့ပိုးမှု အထူးအရေးကြီးသည်။ လုပ်ဆောင်နိုင်သည့် အခမ်းကဏ္ဍ ၁၃-ခု အနေဖြင့် အောက်ပါအတိုင်း ခွဲခြမ်းစိတ်ဖြာ ဆောင်ရွက်သင့်ကြောင်း အကြံပြု တင်ပြလိုပါသည်။

    3.1 ဆောင်ရွက်နိုင်သည့် အခမ်းကဏ္ဍ ၁၃-ခု

    ၁) ဘာသာရေး။ ။ဗလီ၊စာသင်ကျောင်း ပြုပြင်-မွမ်းမံ-ထိမ်းသိမ်းစောင့်ရှောက်ခြင်းကိစ္စရပ်များ၊ ဖျက်သိမ်း ပိတ်ပင် ရပ်နားဆိုင်ရာများ ကိစ္စ၊ အစ္စလာမ်ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ အခက်ခဲများကြုံလာပါက ဘာသာရေး ဥပဒေရေး ညီညွတ်မှုရှိရေး အမြင်မှား အထင်မှားများအား လျင်မြန်စွာ အသိပေး ဖြေရှင်းနိုင်ရေး၊ ပဋ္ဋိပက္ခလမ်းကြောင်းပေါ် မရောက်သွားရလေအောင် Professional ဆန်ဆန် ထိမ်းသိမ်းဆောင်ရွက်နိုင်ရမည်။ ဆောင်ရွက်နိုင်မည့် သူများအားလည်းပဲ ဖိတ်ခေါ်တွဲခေါ် ပူးပေါင်းဆောင်ရွက်နိုင်ရမည်။ ပုဂ္ဂိုလ်စွဲ အာဏာစွဲ ဒေသစွဲ မာန်မာနစွဲ တို့ကို ခ၀ါချဆောင်ရွက်နိုင်ရမည်။
    “ယဉ်ကျေးလိမ္မာ အေးချမ်းသာ၊ ဘာသာအဆုံးအမ လိုက်နာကြစို့”

    ၂) နိုင်ငံရေးရာ။ ။နိုင်ငံရေးအင်အားစု ဖြစ်ပေါ်လာနိုင်အောင် ကြိုးစားဖော်ဆောင်ရမည်။ ဤနိုင်ငံရေးအင်အားစုဆိုသည် မြန်မာ-မူဆလင် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး၏ Energy, Talent, Capability, Strength, Roles and Responsibilities တို့ကို မြန်မာပြည်ကြီး တိုးတက်ရေးအတွက် အဖိုးတန် ထောက်တိုင်တစ်ခု ဖြစ်လာအောင် ချိတ်ဆက်ဆောင်ရွက်ပေးရာတွင် အလွန်အရေးပါသော ရေးရာတစ်ခုဖြစ်လာသင့်သည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေး (တစ်နည်း။ နိုင်ငံ့အရေး)ဆိုသည် နိုင်ငံဘက်စုံတိုးတက်ရေးကို တစ်ထောင့်တစ်နေရာမှ ၀င်ရောက်ပါဝင်နိုင်ခြင်းဖြင့် တိုင်းပြည် ပြည်သူ မြန်မာမူဆလင်လူ့အဖွဲ့အစည်း အားလုံး ချိတ်ဆက် တိုးတက်နိုင်မည်ဖြစ်သည်။ ဒီ့အတွက် မြန်မာ-မူဆလင်များထဲမှာ နိုင်ငံရေး သုတေသီများ၊ နိုင်ငံရေးနယ်ပယ်တွင်း သုံးသပ်ဆွေးနွေး တွေးခေါ်ဖလှယ်နိုင်မည့် နိုင်ငံရေးသမားကောင်း များစွာ မွေးထုတ်နိုင်ရမည်။ “တိုင်းပြည် လူမျိုး အကျိုးဖြစ်ထွန်းဖို့၊ နိုင်ငံရေးသမားကောင်းများ မွေးထုတ်စို့”

    ၃) လူမှုရေးရာ။ ။စိတ်ဝင်တစား ကိုယ်ကျိုးမဖက် အများအကျိုးငဲ့ ဆောင်ရွက်နိုင်မည့် စေတနာ့ဝန်ထမ်း ပရဟိတ လုပ်နိုင်သူများ မွေးထုတ်ရမည်။ တစ်ခြား ပရဟိတ အဖွဲ့အစည်းများ ဘာသာရေး လူမှုရေး အဖွဲ့အစည်းများနှင့် ထဲထဲဝင် Engage လုပ်ဆောင်ရွက်နိုင်ရမည်။ “သွေးချင်းမြန်မာတို့ အဆင်ပြေဖို့၊ လူမှုဝန်တာ ဆောင်ရွက်စို့”

    ၄) ကျန်းမာရေးရာ။ ။ကျန်းမာရေးဝန်ဆောင်ပေးနိုင်သော ဆေးရုံ ဆေးခန်းများ၊ သဘာဝဘေးအန္တရယ် ကျရောက်ချိန် ၀င်ကူနိုင်မည့် စေတနာ့ ၀န်ထမ်းကောင်းများ၊ တိုင်းသူပြည်သားတွေ မကြာခဏကြုံတွေ့ရနိုင်သည့် ဖြစ်လွယ် ကုလွယ် ရောဂါများ Outbreak (ဥပမာ- သွေးလွန်တုတ်ကွေး၊ ရေ လေ နေပူဒဏ်တို့ ကြောင့်ဖြစ်နိုင်သော ကူးစက်ရောဂါ ဖြစ်လာလျှင် ကွင်းဆင်းဆောင်ရွက်နိုင်မှု၊ ကျန်းမာရေး ဆေးပေးနိုင်မှု၊ အသိပညာဖြန့်ဝေမှု၊ သွေးလှုနိုင်မှု၊ ဆေးရုံကားဝန်ဆောင်နိုင်မှု၊ နာရေးကူညီမှု) အခြား ကျန်းမာရေး ကူညီစောင့်ရှောက်ပေးနေသော အသင်းအဖွဲ့များနှင့်လည်း Active Engage လုပ်ထားနိုင်မှုတို့ကို အကျိုးရှိရှိ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
    “ပြည်သူတစ်ဝှမ်း စိတ်ရွှင်လန်းဖို့၊ ကျန်းမာရေးရာ အလေးပေးစို့”

    ၅) ပညာရေးရာ။ ။ပညာတတ်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ သမိုင်းပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ တိုင်းပြည်နှင့် ပြည်သူတစ်ရပ်လုံးအကျိုး ရှေ့ရှုထမ်းဆောင်နိုင်မည့် သားကောင်း သမီးကောင်းများ ပျိုးထောင်နိုင်ရမည်။ “အနာဂတ်သာယာဖြောင့်ဖြူးဖို့၊ ပညာတတ်အောင် ကြိုးစားစို့”

    ၆) လ၀က ရေးရာ။ မြန်မာ-မူဆလင် လူ့အဖွဲ့အစည်းအတွင်း အကြီးမားဆုံး ရင်ဆိုင်နေရသည့် အခက်အခဲများမှာ အထက်တွင် ဆွေးနွေးခဲ့သည့်အတိုင်း “ကုလား” “သွေးနှော” “လူမျိုးခြား” “ဧည့်သည်” “ညိုညိုမြင်…ခိုးဝင်”… စသည့် ပုံဖော်ခံနေရမှုတွေကြောင့် မြန်မာပြည်သူပြည်သားများမှ ပေါက်ဖွားကြီးပြင်း ဤမြေမှာနေ ဤရေသောက်ဟု ဆိုကြသည့် အများနည်းတူ မြန်မာဆိုသည် ဖြစ်လင့်ကစား (မူဆလင်) ဆိုသည့် ဝေါဟာရ ပေါင်းလိုက်သည်နှင့် တစ်ပြိုင်နက် အသင်သည် ခုလေးတင် မြန်မာပြည်တွင်း ၀င်ရောက်နေထိုင်သူအသွင် Label မျိုးစုံအတပ်ခံရ သူစိမ်းကြည့်ကြည့်ခံရ အခြေအနေသို့ ရောက်ရှိသွားသည်။ တစ်ဆက်တည်းမှာပဲ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ပုံစံ-၁၀၊ ပတ်စ်ပို့၊ ထောက်ခံစာ စသည့် လူဝင်မှုကြီးကြပ်ရေး (လ.၀.က)ဆိုင်ရာများတွင် အခက်အခဲစုံကြုံတွေ့နေရသည်။ ဤသည်တို့ကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေး မြန်မာ-မူဆလင်ကို သီးသန့် လူတန်းစားတစ်ရပ်အဖြစ် အမြင်သက်ရောက်နေမှုမှ Correct လုပ်နိုင်ရေးတို့အတွက် လ.၀.က ဆိုင်ရာ ဥပဒေဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဤ လ.၀.က ရေးရာမှ အကျိုးပြုဆောင်ရွက်နိုင်ရမည်။
    “ခွင့်တူညီမျှ ဖြူစင်ဝါဒရှိရေး၊ လ.၀.က မဏ္ဍိုင် အလေးပေး”

    ၇) သတင်းနှင့် ပြန်ကြားရေးရာ။ ။မြန်မာ-မူဆလင် လူ့အဖွဲ့အစည်း၏ တိုင်းပြုပြည်ပြု ဆောင်ရွက်နေမှုအစုံ ကြုံတွေ့နေရသည့် အခြေအနေစုံကို အများပြည်သူ ရှင်းလင်းစွာသိနိုင်ရေးနှင့် အမြင်ရှင်းနိုင်ရေးတို့အတွက် အချိန်နှင့်တစ်ပြေးညီ သတင်းဆက်သွယ်ထားနိုင်မှုက လွန်စွာအရေးကြီးသည်။ ထင်ယောင်ထင်မှား ပဋ္ဋိပက္ခဖြစ်အောင် သတင်းအမှားဖြန့် ကြံစည်လှုံ့ဆော်မှုများ ဖြစ်ပေါ်လာပါကလည်း အလျင်မှီ ကာကွယ်နိုင်ရာရောက်မည်။ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့နိုင်မည့် နည်းလမ်းအသွယ်သွယ်များ (စာစောင်၊ ရေဒီယို၊ သတင်းမီဒီယာ၊ Social Media၊ Facedbook၊ Youtube၊ Twitter) များတည်ထောင်ရန်လိုအပ်သည်။ “သတင်းမီဒီယာ ပြည်သူ့ နား မျက်စိမို့၊ ပြန်ကြားရေးမဏ္ဍိုင် ပဲ့ကိုင်စို့”

    ၈) စီးပွားရေးရာ။ ။လက်ရှိတွင် မြန်မာ-မူဆလင် စီးပွားရေး လုပ်ငန်းရှင်များအသင်းရှိသည်ကို ၀မ်းမြောက်စွာလေ့လာမိသည်။ ဤအသင်းသည် ယခုပေါင်းစုဖြစ်ပေါ်လာမည့် မိခင်အသင်းကြီး၏ စီးပွားရေးရာ အခမ်းဏ္ဍတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်လျှင် လွန်စွာကောင်းပေလိမ့်မည်။ တစ်ဆက်တည်းမှာပဲ မြန်မာ-မူဆလင် လုပ်ငန်းရှင်များ ထက်မြတ်စီးပွားရှင်များ ပိုမိုပေါ်လာနိုင်ရေး အချင်းချင်း Network ကောင်းများ ချိတ်ဆက်လုပ်ဆောင်လာနိုင်ရန် ကြိုးစားရပေမည်။ “တိုးတက်ကြီးပွား အာရှကျားဖြစ်ဖို့၊ ညီညာစီးပွား ဖေးမစို့”
    ၉) လူငယ်ရေးရာ (Youth Wing)။ ။တိုင်းပြည် လူ့အဖွဲ့အစည်း တိုးတက်မှု၏ အနာဂါတ်သည် လူငယ်များ မည်သည့်အတိုင်းအတာထိ လျှောက်လှမ်းလာနိုင်သည်ဆိုသည့် အခြေအနေပေါ်မူတည်သည်။ စိတ်ဓာတ်တွေကျ အနာဂါတ်တိုးတက်မည့် လမ်းစမမြင်၊ မူဆလင်ဖြစ်နေသည့်အားလျှော်စွာ ပညာရေးနှင့် အခြားမိမိစိတ်သန်ရာ ကြိုးစားဖို့ မှတ်ပုံတင်ရရေးတောင် မလွယ်ကူ၊ မူးယစ်ဆေးဝါးတွေက အလွယ်လေး အနားရောက်လာ၊ Facebook ခောတ်ကြီးမှာ ရည်းစားစာ လိုက်ပေးစရာမလိုဘဲ အလွယ်လေး စောစောအိမ်ထောင်သားမွေးပြု၊ သူလိုကိုယ်လို တစ်ရက် 5000 ကျပ်အတွက် နေ့တစ်ဓူဝရုန်းကန်၊ ဒီလိုနဲ့ ဘ၀လေးတွေ အညွန့်တုန်း ဖြစ်သွားနေမည်ကို မြန်မာ-မူဆလင် လူ့အဖွဲ့အစည်းအတွင်း လက်ပိုက်ကြည့်နေ၍မရ။ စာရိတ္တကောင်းမွန်သည့် အနာဂါတ်ကြယ်ပွင့်များ ဖြစ်လာကြရေး၊ လူငယ်များတိုးတက်ရေး၊ တိုင်းပြည်အတွက် အကျိုးပြုနိုင်ရေး ဘက်ပေါင်းစုံမှ မြေတောင်မြှောက်ပေးနိုင်ရန် ကြိုးစားရမည်။

    “ပြည့်အနာဂါတ် ထွန်းတောက်ဖို့၊ လူချွန်လူမွန် ပျိုးထောင်စို့”

    ၁၀) စာပေ အနုပညာ ရေးရာ။ ။မြန်မာပြည်တစ်ဝှမ်း ပြည်သူတို့၏ စိတ်ခွန်အား၊ အသိပညာခွန်အား၊ ဘ၀ခွန်အား၊ ကြည်နူးပျော်ရွှင်မှု ခွန်အားတွေဖြစ်စေဖို့ အဓိက စွမ်းဆောင်ရှင်များတွင် စာပေပညာရှင်များ၊ အနုပညာရှင်များ၏ အခမ်းဏ္ဍသည် လွန်စွာ အရေးကြီးသည်။ ဂီတ၊ ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာ ကဗျာဆရာ စာပေဆိုင်ရာ ပညာရှင်၊ ဟောပြောသူ စသည်တို့သည် ပြည်သူများ၏ Role model, Public influencer များဖြစ်သဖြင့် ထိုသို့သော ထွန်းပေါက်သူများကို မွေးထုတ်နိုင်အောင် ကြိုးစားရမည်။
    “ပြည်သူ့နီတိ လင်းဝင်းစေဖို့၊ စာပေ အနုပညာဖြင့် စွမ်းဆောင်စို့”

    ၁၁) အားကစားရေးရာ။ ။တိုင်းပြည်ဂုဏ်ဆောင်နိုင်ခဲ့သည့် ထွန်းပေါက်အားကစားသမားများ၊ ဂုဏ်ဆောင်နေဆဲ အားကစားသမားကောင်းများစွာ မြန်မာ-မူဆလင် လူ့အဖွဲ့အစည်းအတွင်း ရှိခဲ့ ရှိနေကြဆဲ ဖြစ်သည်။ အားကစားသမားကောင်းများ ဘက်စုံမှ ဆက်လက် ပေါ်ထွန်းလာနိုင်ရေးအတွက် ပြုစုပျိုးထောင်ရမည်။ “မြန်မာ့အားကစား ကမ္ဘာလွှမ်းစေရမည်” ဆိုသည့် ဆောင်ပုဒ် အကောင်အထည်ပေါ်လာရေး အချိန်မနှောင်းသေးပါ။ မြန်မာ့လူ့အဖွဲ့စည်းကြီးအတွင်း ပြောင်မြှောက်သော ရွက်ပုန်းသီး အားကစားသမားကောင်း များစွာရှိသည်။ တန်းတူညီမျှ အရည်အချင်းပြသခွင့် ပိုမိုရှိလာရေးနှင့် ရေမြင့်လေ ကြာတင့်လေ ဆိုသလို တော်သူကို မြေတောင်မြှောက်ပေးဖို့လိုမည်။ သို့မှသာ တိုင်းပြည်ဂုဏ်သတင်း ကမ္ဘာတစ်ခွင် လင်းစေမည်မို့ တတ်ကျွမ်းအားကစားသမားကောင်း များစွာ ပေါ်ထွန်းလာရေးနှင့် အခက်ခဲမရှိ မြေတောင်မြှောက်ပေးနိုင်ရေးတို့ကို ကြိုးစားရမည်။
    “ပြည့်ဂုဏ်သတင်း ကမ္ဘာတစ်ခွင်လင်းဖို့၊ အားကစားသမားကောင်း မြေတောင်မြှောက်စို့”

    ၁၂) ဥပဒေရေးရာ။ ။မြန်မာ-မူဆလင် လူ့အဖွဲ့အစည်းအတွင်း ဥပဒေရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းတိုင်ပင် အကြံပြု ဆောင်ရွက်နိုင်ရန် အထူးလိုအပ်သည်။ တစ်ဖက်မှာလည်းပဲ ပြည်သူပြည်သားများ ထိရောက်သည့် တရားဥပဒေစိုးမိုးမှု၏ အကာအကွယ်ရရှိနိုင်ရေး အစိုးရနှင့် မြန်မာ့လူ့အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရာတွင် များစွာအထောက်အကူ ဖြစ်စေလိမ့်မည်။ “တရားစီရင်ရေးမဏ္ဍိုင် စဉ်တည့်မတ်ဖို့၊ ဥပဒေရေးရာနှင့်ထိမ်းညှိစို့”

    ၁၃) ကျင့်ဝတ်ထိမ်းသိမ်းရေးရာ။ ။ရေးရာဌာနတိုင်းတွင် လုပ်ထုံးလုပ်နည်း ဆောင်ရန် ရှောင်ရန် Guidelines များ ရှိရမည်ဖြစ်ပြီး ကျင့်ဝတ်ထိမ်းသိမ်းရေးကော်မတီ အနေဖြင့် ဤမိခင်အသင်းကြီး၏ ရေးရာဌာနဆိုင်ရာအားလုံးကို အကျင့်ပျက် ခြစားမှုကင်းပြီး စည်းကမ်းတကျဖြစ်အောင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရမည်။ သို့မှသာ ကိုယ်ကျိုးမဖက် အများအကျိုး ဌဲ့ကွက်ဆောင်ရွက်နိုင်သည့် ရေးရာ Team များအဖြစ် ကမ္ဗည်းတင်နိုင်မည်ဖြစ်ပြီး မြန်မာ-မူဆလင်လူ့အဖွဲ့အစည်း အတွက်သာမက တိုင်းပြည်အတွက်ပါ အကျိုးဖြစ်ထွန်းစေလိမ့်မည်။

    “ကျင့်ပျက်ခြစား ပိုးကိုနိုင်၊ အသင်းအဖွဲ့အိမ်တိုင် ဘယ်မယိုင်”

    3.2 အဖွဲ့အစည်း Structure
    အချူပ်ဆိုရသော်- တိုင်းပြည်အတွက် အဖိုးတန်ထောက်တိုင်တစ်ခု ဖြစ်လာစေမည့် မြန်မာ-မူဆလင်အဖွဲ့အစည်းကြီး ဖြစ်ပေါ်လာရေးအတွက် အထက်ပါ အချက် (၁၃)ချက်ကို ပဏာမအနေနဲ့ ရှင်းပြခဲ့ပြီးဖြစ်ပါသည်။ အခြေခံဥပဒေပါ ခွင့်ပြုချက်အတိုင်း မြန်မာ-မူဆလင်များလည်း ဘာသာရေး လွတ်လပ်ခွင့် အပြည့်ရရှိလာရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်။ အခြားလိုအပ်ချက်များစွာကိုလည်း ထိရောက်သော ၀န်ဆောင်မှုများ ပေးနိုင်မည်ဖြစ်သည်။ တစ်ဆက်တည်းမှာပဲ ဘာသာစုံအဖွဲ့အစည်းများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဆိုင်ရာ ကိစ္စရပ်များအားလည်း ပိုမိုလျှော်ကန်စွာ ပူးပေါင်းဆောင်ရွက် နိုင်ပေလိမ့်မည်။ အဖွဲ့အစည်း Structure (ပုံ-၁၀) တစ်ခုလုံးကို coordinate လုပ်နိုင်ဖို့နှင့် ရေးရာဌာနများအကြား cooperate လုပ်နိုင်အောင်၊ တစ်ဌာန လိုအပ်သည့် အကူအညီကို အခြားဌာနတစ်ခုက ကူညီပေးနိုင်အောင် ပိုမို Effective ဖြစ်လာအောင် လုပ်ဆောင်ရမည်။

    ပုံ(၁၀)- အဖွဲ့အစည်း structure (အကြံပြုချက်သာ)

    အဖွဲ့အစည်း၏ Clear Missions/Visions ထားရှိဖို့ လိုအပ်သည်။ လူ့အသိုင်းအ၀ိုင်း၏ ခွန်အားသည် ဦးဆောင်ဦးရွက်ပြုသည့် အဖွဲ့အစည်းတွင်ရှိသည်ကို မြန်မာ-မူဆလင်ခေါင်းဆောင် တစ်ဦးဖြစ်သူ မြန်မာ့သမိုင်းပညာရှင်ကြီး ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်မှ အောက်ပါအတိုင်း အမှာထားခဲ့သည် (ပုံ-၁၁)။

    ပုံ(၁၁)- ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်

    3.3 ခေါင်းဆောင်ကောင်းတစ်ဦးစီ၏ အရည်အချင်း

    ခေါင်းစဉ် အမှတ် (2.2) တွင် ဖော်ပြခဲ့သည့်အတိုင်း ခေါင်းဆောင်ကောင်းတစ်ဦးသည် ၁၄-ဘီးကားကြီးကို အန္တရယ်ကင်းဘေးရှင်းအောင် မောင်းနှင်မည့် ဒရိုင်ဘာကောင်းသဖွယ် ဖြစ်ရမည်။ အရည်အချင်းကောင်းများစွာ ရှိဖို့လိုအပ်သည်။ မြန်မာဆန်ရမည်။ ခောတ်ပညာတတ်ရမည်။ မြန်မာ့အရေး အခြေအနေအရပ်ရပ်ကို Up to Date နှံ့စပ်ရမည်။ သတ္တိရှိရမည်။ ရဲရင့်ပြတ်သားပြီး ပြောရဲဆိုရဲ ရှိသူဖြစ်ရမည် (မာကျောခက်ထန်ဖို့မလို)၊ ချမ်းသာဖို့မလို၊ လူ့အဖွဲ့အစည်းအားလုံးအကြား သဟဇာတဖြစ်ရေး၊ တိုင်းပြည်တိုးတက်ရေး၊ မြန်မာ-မူဆလင် လူ့အဖွဲ့အစည်း ဘက်စုံရေးရာ တိုးတက်ရေးတို့ကို ရှေ့ရှုမျှော်မြင်၍ အကောင်းဆုံး ဦးဆောင်မှုပြုနိုင်သူ ဖြစ်ရမည်။ ပါဝါ အာဏာ နောက်လိုက်သူ မဖြစ်စေရ။ မိမိကိုယ်ကျိုးစီးပွား ထင်ပေါ်ကျော်ကြားမှု အကျိုးဖြစ်ထွန်းမှုမျိုးကို ဦးစားမပေးရ။ သောကထား ကြိုးစားသူ၊ လူမှုဆက်ဆံရေးကောင်းမွန်သူ၊ ဥပဓိရုပ်ကောင်းမွန်ပြီး လူချစ်လူခင်ပေါသူ၊ ရိုးသားဖြောင့်မတ်သူ ဖြစ်ရမည်။ အထက်ဖားအောက်ဖိ၊ သစ္စာသမာဓိရှိပြီး ငါ ဆိုသည့် အတ္တမာန ကင်းရမည်။ မြန်မာစာပေ-စကား ပြောင်မြောက်စွာ ရေးဖတ်ပြော ကျွမ်းကျင်ရမည်။ ရာဇ၀တ်မှုကင်းရှင်းရမည်။ အခြားသော သင့်တော်မည့် အရေးပါမည့် အချက်များ လိုအပ်ပါက ဖြည့်စွက်နိုင်သည်။

    4.0 နိဂုံး

    မြန်မာ-မူဆလင်တို့သည် သမိုင်းစဉ်ဆက် အမိမြေကို သစ္စာရှိစွာ မိမိတို့နိုင်ရာ့ဝန်ထမ်း အကျိုးပြုခဲ့ကြသည်။ မြန်မာဟု ဂုဏ်ယူဝင့်ကြွားစွာ အေးအတူပအမျှ ပြည့်အရေး အတက်အကျဟူသမျှတို့တွင် ပါဝင်ခဲ့ကြပေမယ့် 1962 ဦးနေ၀င်း အာဏာသိမ်းပြီးနှောင်းပိုင်း ဘာသာတွေအကြား လူမျိုးတွေအကြား တိုင်းရင်းသားတွေအကြား ခွဲခြားအုပ်ချူပ်ရင်း အာဏာစက် ရှည်ရန်ကြိုးပမ်းခဲ့ခြင်း၏ နောက်ဆက်တွဲရလာဒ်တွေကတော့ ကနေ့ မြန်မာ-မူဆလင်ရယ်လို့ မြင်လိုက်လျှင်ဖြင့် အရောင်မျိုးစုံခြယ်သထားသည့် အသွင်မတူသည့် အမြင်တွေ ပြည်သူအချင်းချင်းအကြား တိုးပွားလာခဲ့သည်မှာ လွန်စွာဝမ်းနည်းစရာ။ ကျွန်ုပ်တို့ မြန်မာတွေအကြား ကိုးကွယ်သည့်ဘာသာ အသားအရောင်တွေ မည်သို့ပင်ကွဲစေ မြန်မာဟာ မြန်မာပါပဲဆိုတဲ့အသိ ပြည်သူတစ်ရပ်လုံးစိတ်မှာ ခံယူလာဖို့ အချိန်ယူရပေဦးမည်။ သို့သော် လက်မှိုင်ချ စိတ်ဓါတ်ကျ၍မရ။ “ဒို့ဗမာအစည်းအရုံး” ပေါ်လာနိုင်ခဲ့ခြင်း သမိုင်းသက်သေပါ။ ဤမှာဘက်ခောတ်မှာလည်း မြန်မာတွေအချင်းချင်း ညီညွတ် မျှတ သဟဇာတဖြစ် ချစ်ခင်စွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြရေးအတွက် “ဒို့မြန်မာအစည်းအရုံး” ဖြစ်လာအောင် မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံးက ကြိုးစားရပေမည်။ The Power of Unity, Harmony, and Diversity ဖြစ်ပေါ်လာရေး ခိုင်မာသော သံန္နိဌာန်ချမှတ် ဖော်ဆောင်ရမည်။
    မြန်မာ-မူဆလင် လူ့အဖွဲ့အစည်းအတွင်း ကြုံတွေ့နေကြရသည့် အခက်အခဲများ ပြေလည်စေရေးနှင့် ပိုမိုစည်းလုံးညီညွတ်သည့် လူ့အဖွဲ့အစည်းကြီးအသွင် ဖြစ်ပေါ်လာနိုင်ရေးအတွက် မတူညီမှုများကိုဘေးထား တစ်ဦးချင်းနိုင်နိုင် တစ်စုချင်းနိုင်နိုင် နိုးနိုးကြားကြား တက်တက်ကြွကြွ စွမ်းအားဖြည့်ဆောင်ရွက်သင့်သည့် အနာဂါတ်အဖွဲ့အစည်းအသွင်နှင့် အခမ်းကဏ္ဍ ၁၃-ခု တို့ကိုလည်း အကြံပြုတင်ပြရင်း…………….ပြုပြင်ပြောင်းလဲလာမည့် အနာဂါတ် မြန်မာ-မူဆလင်အဖွဲ့အစည်းကြီးသည် မြန်မာပြည် တိုးတက်မှုအတွက် အဖိုးတန် ထောက်တိုင်တစ်တိုင် ဖြစ်လာနိုင်ပါစေလို့။။။။။။။

    ဒေါက်တာ သိန်းမိုးဝင်း
    Sydney, Australia
    Mobile:+614 5138 9185

  • မြန်မာနိုင်ငံမှ ဗမာမွတ်စလင်များ

    မြန်မာနိုင်ငံမှ ဗမာမွတ်စလင်များ

    မေ ၄၊ ၂၀၁၈
    M-Media

    ဒရ်ဂါတွင် ဆုတောင်းနေသူတစ်ဦး

    – မန္တလေးမြို့တောင်ဘက် ဆင်ခြေဖုံးမှာရှိတဲ့ နန်းမြို့ဟောင်း အမရပူရက ဗလီတစ်လုံးကို ကျွန်တော်သွားတဲ့အခါ လုံချည်နွမ်းနွမ်း၊ ရှပ်အင်္ကျီနဲ့ လူကြီးတစ်ဦးက ‘ဟယ်လို’ ဆိုပြီး ကွမ်းဂျိုးတက်နေတဲ့သွား ပေါ်တဲ့အထိ ဖော်ဖော်ရွေရွေ လှမ်းနှုတ်ဆက်ပါတယ်။

    ဦးညီလှဖြစ်ပြီး အသက် ၇၁ နှစ်အရွယ်ရှိပြီလို့ သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ ပြီးတော့ သူ့ရဲ့ မွတ်စလင်အမည်ကို ပြောဖို့အတွက် မိနစ်အနည်းငယ်လောက် စဉ်းစားခဲ့ရပါတယ်။

    “ဘာသာရေးနာမည်ကို ကျွန်တော် သိပ်မမှတ်မိတော့ဘူးဗျ။ အင်း.. အဘ်ဒူလ်ဖြစ်မယ်” လို့ သူက အပြုံးတစ်ပိုင်းနဲ့ ပြောပါတယ်။

    မုတ်ဆိတ်မရှိတဲ့ ဦးညီလှဟာ ကုလားပျိုဗလီမှာ ၀တ်ပြုဆုတောင်းမှုကို ဦးဆောင်ရတဲ့ ရှေ့ဆောင်အီမာမ်အဖြစ် တာဝန်ထမ်းဆောင်နေတာ ၁၂ နှစ်ရှိပြီ ဖြစ်ပါတယ်။

    ကုလားပျိုဗလီရဲ့သက်တမ်းဟာ နှစ်ပေါင်း ၂၀၀ ကျော်ရှိပြီး ကုန်းဘောင်မင်းဆက်ဘုရင် ဘိုတော်ဘုရားက သက္ကရာဇ် ၁၇၈၃ ခုနှစ်မှာ အမပူရနန်းမြို့အဖြစ် မြို့သစ်တည်ပြီး သိပ်မကြာခင် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

    ဘိုးတော်ဘုရားဟာ မွတ်စလင်တွေ တည်ရှိမှုကို တော်ဝင်အမိန့်စာချွန်လွှာနဲ့ အသိအမှတ်ပြုခဲ့တဲ့ ပထမဆုံး ဗမာဘုရင်ဖြစ်တယ်လို့ မြန်မာနိုင်ငံ သမိုင်းကော်မရှင်က ၁၉၆၃ ခုနှစ်မှာ ထုတ်ဝေတဲ့ “မြန်မာနိုင်ငံသို့ အစ္စလာမ်သာသနာ ရောက်ရှိလာခြင်း” (The Coming of Islam to Burma down to 1700 A.D) စာအုပ်မှာ ဗိုလ်မှူးဘရှင်က ရေးသားထားပါတယ်။

    မန္တလေး-အမရပူရလမ်းပေါ်မှာ တည်ရှိတဲ့ ကုလားပျိုဗလီဟာ တော်ဝင်ကြည်းတပ်မှာ တာဝန်ထမ်းဆောင်တဲ့ လူငယ် မွတ်စလင်စစ်သားတွေအတွက် ဘိုးတော်ဘုရားအမိန့်နဲ့ ဆောက်လုပ်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော် အလုံး ၄၀ ထဲကတစ်ခု ဖြစ်ပါတယ်။

    ဂျနယ်လစ်တစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့တဲ့နှစ်တွေမှာ ကျွန်တော်ဟာ မြန်မာနိုင်ငံတစ်ဝှမ်းက ဗလီတွေကို အကြိမ်များစွာ ၀င်ထွက်သွားလာခဲ့ဖူးပါတယ်။ မွတ်စလင်တစ်ယောက် မဟုတ်တာကြောင့် ဗလီထဲမှာ အမှတ်တမဲ့ အဂါရ၀ဖြစ်မှာ စိုးရိမ်တဲ့အတွက် အမြဲတမ်း ကျွန်တော်ရဲ့အပြုအမူကို ဂရုစိုက်ပါတယ်။

    ဒါပေမယ့် ကုလားပျိုဗလီထဲ ၀င်တဲ့အခါမှာတော့ ကျွန်တော်ဟာ ချက်ချင်းဆိုသလို အသားကျသွားပါတယ်။ မြင်ကွင်းအားလုံးကို ရင်းနှီးနေပြီး တကယ်တော့ ဗလီတစ်လုံးဆိုတဲ့ လက္ခဏာမျိုး မတွေ့ရဘဲ ဘုန်းကြီးတစ်ကျောင်းအဖြစ် ထင်မှတ်မှားလောက်ရအောင်ပါပဲ။

    အစ္စလာမ့်ကောက်ကြောင်း

    ဦးပိန်အုတ်ဂူ

    မြန်မာနိုင်ငံက မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်အကြောင်းတွေကို ပိုမို လေ့လာသိရှိနိုင်ဖို့အတွက် ကျွန်တော်ဟာ မန္တလေးမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီလိုသွားရောက်ရာမှာ မွတ်စလင်တွေဟာ သဘောထားတင်းမာတဲ့ အမျိုးသားရေးသမားတွေရန်ကို ကြောက်ရွံ့နေရပြီး သောကပင်လယ်ဝေကာ နေထိုင်နေရတဲ့ လူ့အဖွဲ့အစည်းအဖြစ် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဖော်ပြမှု၊ ဗုဒ္ဓဘာသာကို အနီးကပ်ဆုံး ခြိမ်းခြောက်မှုအဖြစ် အမျိုးသားရေးသမားတွေက ရှုမြင်နေမှု စတဲ့ သမရိုးကျအမြင်တွေဟာ ချက်ခြင်းဆိုသလို ပျောက်ကွယ်သွားပါတယ်။ လူအဖွဲ့အစည်းမှာ ထဲထဲဝင်ဝင်ရှိပြီး၊ တစ်သားတည်ဖြစ်ကာ ငြိမ်းချမ်းစွာနေထိုင်နေကြတဲ့ စိတ်ဝင်စားစရာ လူ့အဖွဲ့အစည်းကို တွေ့မြင်လိုက်ရလို့ ဖြစ်ပါတယ်။

    အမရပူရဟာ ကျွန်တော့်ခရီးစဉ်ရဲ့ မူလဘူတ ဖြစ်ပါတယ်။ အမရပူရနန်းမြို့မှာ ကုလားပျိုဗလီအပြင် ဘိုးတော်ဘုရားရဲ့အမိန့်နဲ့ ဆောက်လုပ်ခဲ့တဲ့ နောက်ထပ် ဗလီဝတ်ကျောင်းတော်တွေလည်း ရှိပါတယ်။ အဲဒီအထဲမှာ ငလျင်ဒဏ်ကြောင့် ပျက်ဆီးနေတဲ့ အိုးတော်ဗလီနဲ့ ကိုယ်ရံတော်ဗလီတွေလည်း ပါဝင်ပါတယ်။ အိုးတော်ဗလီရဲ့ ပြတင်းပေါက်တွ၊ မုခ်ဦးတွေနဲ့ ၀တ်ပြုရာနေရာတွေကို မြန်မာ့ကနုတ်ပန်းလက်ရာတွေရဲ့ ချယ်မှုန်းထားပါတယ်။

    အာဖဂန်နစ္စတန်ကနေ လာရောက်တယ်လို့ ယုံကြည်ရပြီး မွတ်စလင်လူ့အဖွဲ့အစည်းက ပြဿနာတွေကို တရားစီရင်ဖြတ်ထုံးပေးဖို့အတွက် ဘိုးတော်ဘုရားရဲ့ ခန့်အပ်တာဝန်ပေးမှုကို ခံခဲ့ရတဲ့ မွတ်စလင်ပညာရှိ အာဘစ်ရှားဟူစိန်နီရဲ့ ဒရ်ဂါဂူဗိမာန်တစ်ခုလည်း အမရပူရမှာ ရှိနေပါတယ်။

    ဟူစိန်နီ ဂူဗိမာန်ပရ၀ုဏ်အတွင်းမှာ နောက်ထပ်ရှိနေတဲ့ ဂူဗိမာန်တစ်ခုကတော့ မွတ်စလင်မင်းမှူထမ်းတစ်ဦးဖြစ်ခဲ့တဲ့ ဦးပိန်ရဲ့ ဂူပါ။ သူဟာ တောင်တမန်အင်းကိုဖြတ်ကာ ကျွန်းသစ်နဲ့ နာမည်ကျော်တံတားတစ်စင်း တည်ဆောက်ခဲ့ပြီး သူရဲ့အမည်အတိုင်း ဦးပိန်တံတားလို့ တွင်ပါတယ်။ ကုန်ဘောင်မင်းဆက်ရဲ့ န၀မမြောက်ဘုရင် ပုဂံမင်း (၁၈၄၆-၁၈၅၂) လက်ထက်မှာ ဦးပိန်နဲ့ အမရပူရက ထင်ရှားတဲ့ မွတ်စလင်တစ်ဦးဖြစ်သူ အမရပူရမြို့စား ဘိုင်ဆပ်တို့ဟာ ကွပ်မျက်ခံခဲ့ရပါတယ်။

    အမရပူရက အစ္စလာမ့်အမွေအနှစ်တွေဟာ လစ်လျူရှုခံထားရတယ်ဆိုတာကို သိသာနေပြီး ဒီလို လစ်လျူခံထားရတာမှာ အစိုးရရဲ့ ပယောဂါလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ ဥပမာအားဖြင့် ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်ရာနေရာဖြစ်တဲ့ ဦးပိန်တံတားရဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ ဦးပိန်ရဲ့ဂူဗိမာန် ပြင်ဆင်မှုကို ၂၀၀၇ ခုနှစ်မှာ တားမြစ်ခဲ့တာမျိုးပါ။

    မင်းတုန်းမင်းက နေပြည်တော်ကို မန္တလေးရွှေ့တဲ့အချိန်မှာ လူတော်တော်များများဟာ အမရပူရကနေ ပြောင်းသွားကြပါတယ်။ ပတ်ဝန်းကျင်က အခြားဗလီတွေဟာ အရမ်းကို အိုမင်းဟောင်းနွမ်းနေကာ အသုံးပြုလို့မရတာကြောင့် ဒီဒေသမှာ ကုလားပျိုဗလီတစ်လုံးကိုသာ အသုံးပြုနေရပြီး သောကြာနေ့ဝတ်ပြုသူဟာ အယောက် ၅၀ လောက်ရှိတယ်လို့ ဦးညီလှက ပြောပါတယ်။

    ဗလီတစ်ဝိုက်ကို ကြည့်ရှုပြီး စကားပြောတဲ့အခါမှာ ဦးညီလှက အတိတ်ကို မြင်ယောင်ကြည့်သလို အဝေးတစ်နေရာကိုလှမ်းကြည့်နေပါတယ်။

    “မင်းတုန်းမင်းဟာ နေပြည်တော်ကို မန္တလေးရွှေ့တဲ့အချိန်မှာ ဒီနေရာတစ်ဝိုက်မှာ မွတ်စလင်တွေတော်တော်များများ ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မွတ်စလင်တွေဟာ အခြားနေရာတွေကို ပြောင်းရွှေ့သွားကြတယ်။ နောက်ပိုင်းတော့ အားလုံးပြောင်းလဲသွားတယ်ဗျ။ ဟုတ်တယ် အားလုံးပြောင်းလဲသွားတယ်” လို့ သူက ပြောပါတယ်။

    လူ့အဖွဲ့အစည်းကြား ဆက်ဆံရေးနှင့် တင်းမာမှုများ

    တောင်ဘလူဗလီတွင် ၀တ်ပြုနေကြသူများ

    ဦးညီလှဟာ မြန်မာနိုင်ငံမှာ မျိုးဆက်များစွာ နေထိုင်ခဲ့ပြီး မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ်ခဲ့တဲ့ သမရိုးကျ မွတ်စလင်တွေရဲ့ ပြယုဂ်ပါ။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့ လူဦးရေ သန်းငါးဆယ် နှစ်သိန်းခုနှစ်သောင်း ကိုးထောင့် ကိုးရာမှာ မွတ်စလင်အရေအတွက်ဟာ ၂.၃ ရာခိုင်နှုန်းတစ်သန်း တစ်သိန်း လေးသောင်း ခုနှစ်ထောင့် လေးရာ ကိုးဆယ့်ငါးဦး ရှိနေပါတယ်။

    ရခိုင်ပြည်နယ်က တစ်သန်းကိုးသောင်းသော မွတ်စလင်တွေကတော့ ဘင်္ဂါလီလို့ထည့်ဖို့ ငြင်းဆိုတဲ့အတွက် သန်းခေါင်းစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ သူတို့သာပါဝင်မယ်ဆိုရင် မွတ်စလင်တွေဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၄.၃ ရာခိုင်နှုန်း ရှိမှာဖြစ်ပြီး ၁၉၈၃ ခုနှစ်က သန်းခေါင်စာရင်းကောက်ယူမှုမှာ တွေ့ရတဲ့ ၃.၉ ရာခိုင်နှုန်းထက် နည်းနည်းလေး မြင့်တက်လာတာ ဖြစ်ပါတယ်။

    တရားဝင်သတ်မှတ်ထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းမှာ မွတ်စလင်လူ့အဖွဲ့အစည်းက တစ်ခုသာပါဝင်ပါတယ်။ သူတို့တွေက ကမန်လူမျိုးတွေဖြစ်ပြီး နိုင်ငံတစ်ဝှမ်း လူဦးရေ ၄၅၀၀၀ ၀န်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

    ကျန်တဲ့မွတ်စလင်တွေကတော့ အမည်အမျိုးမျိုး တွင်ပါတယ်။ လူတွေတော်တော်များများ သိကြတာက ရိုဟင်ဂျာဖြစ်ပြီး အစိုးရနဲ့ မြန်မာနိုင်ငံသားအများစုက ဘင်္ဂါလီလို ခေါ်တွင်ကြပါတယ်။ ဒါပေမယ့် တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေနဲ့ နွယ်တဲ့လူ တော်တော်များများ ရှိပါတယ်။ တစ်ချို့တွေမှာ ထူခြားတဲ့ လူမျိုးအမည်နာမတွေ ရှိပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ တောင်ပိုင်းဇာတိ ပန်းသေးလို၊ အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်က တမီလ်စကားပြောတဲ့ ကျိုလီယာလူမျိုးတွေပါ။ ကျန်တဲ့ အခြားမွတ်စလင်တွေကတော့ သူတို့ကိုယ်သူတို့ မြန်မာ၊ ဗမာ၊ ဒါမှမဟုတ် ဗမာမွတ်စလင်လို့ ခေါ်ဆိုကြပါတယ်။

    သန်းခေါင်စာရင်းအရ ရန်ကုန်၊ မန္တလေးနဲ့ မွန်ပြည်နယ်တို့မှာ မွတ်စလင်တွေ အများဆုံး နေထိုင်ကြတယ်လို့ တွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ မွတ်စလင် ၃၄၅၆၁၂ ဦးရှိပြီး (စုစုပေါင်းလူဦးရေရဲ့ ၄.၇ ရာခိုင်နှုန်း)၊ မန္တလေးတိုင်းဒေသကြီးမှာ ၁၈၇၇၈၅ ဦး (၃ ရာခိုင်နှုန်း)၊ မွန်ပြည်နယ်မှာ ၁၁၉၀၈၆ ဦး (၅.၈ ရာခိုင်နှုန်း) ရှိပါတယ်။

    မွတ်စလင်ဘော်ဒါကျောင်းက ကျောင်းသား ၃၀ နဲ့ လူအများအပြား အသတ်ခံခဲ့ရတဲ့ ၂၀၁၃ ခုနှစ် မိတ္ထီလာက တိုက်ခိုက်မှုအပါအ၀င် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနောက်ဆက်တွဲအဖြစ် နိုင်ငံတစ်ဝှမ်းြ ပန့်နှံ့ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယိုမှုတွေနောက်ပိုင်း လူ့အဖွဲ့အစည်းတွေအကြား ဆက်ဆံရေးဟာ အဖုအထစ် တွေ ဖြစ်လာခဲ့ပါတယ်။

    ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ ပေါ်ထွန်းလာမှုနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာခဲ့တဲ့ ဒီအကြမ်းဖက်မှုဟာ အရင်ကရှိခဲ့တဲ့ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးအကြား အရင်ကရှိခဲ့တဲ့ သဟဇာတဖြစ်နေတဲ့ ဆက်ဆံရေးကို ဖျက်ဆီးလိုက်သလို ဖြစ်ခဲ့ပါတယ်။

    ရန်ကုန်နဲ့ မိတ္ထီလာလို မြန်မာနိုင်ငံအလယ်ပိုင်းက မြို့ကြီးတွေမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက် မွတ်စလင်ဆိုင်မှာ ရှိနေတာ၊ မွတ်စလင်တစ်ယောက် ဗုဒ္ဓဘာသာဆိုင်မှာရှိနေတာတွေကို မြင်ရတာ နည်းလာပါတယ်။

    ဒါပေမယ့် မန္တလေးနဲ့ အနီးအနားတစ်ဝိုက်ကတော့ ခြွင်းချက်ဖြစ်ပြီး အဲဒီမှာ လူ့အဖွဲ့အစည်းကြား ဆက်ဆံရေးဟာ နွေးထွေးကြပါတယ်။ ရန်ကုန်မှာ ဗမာသင်္ဘောကျင်းလုပ်သားတွေနဲ့ အိန္ဒိယ အလုပ်သမားတွေကြား ၁၉၃၀ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆိုးဆိုးရွားရွားအဓိကရုဏ်းလို တင်းမာမှုမျိုးလည်း မန္တလေးမှာ သမိုင်းအစဉ်အအဆက် မရှိခဲ့ပါဘူး။

    ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ လူ ၂ ဦးသေဆုံးခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ပေမယ့် တော်တော်များများကတော့ ဒီအဖြစ်အပျက်ဟာ မန္တလေးမြို့က လူမှုသဟဇတဖြစ်မှုကို မီးမောင်းထိုးပြနေတဲ့ အဖြစ်အပျက်တစ်ခုလို့ ဆိုကြပါတယ်။ ဦးဝီရသူရဲ့ ဆိုရှယ်မီဒီယာက သွေးထိုးလှုံ့ဆော်မှုနောက်ပိုင်း ဒေသခံမဟုတ်သူေ
    တွက အဓိကရုဏ်းဖြစ်အောင် ဆွပေးဖို့ ကြိုးစားခဲ့တယ်လို့ဆိုတဲ့ အဲဒီအဖြစ်အပျက်ကို တွန်းလှန်ဖို့နဲ့ တင်းမာမှုလျော့ကျရေးအတွက် လူထုအခြေပြုအဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ မြို့နေပြည်သူတွေဟာ အားထုတ်ကြိုးပမ်းခဲ့ကြပါတယ်။ ဦးဝီရသူရဲ့ပို့စ်မှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် မွတ်စလင်က ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်တယ်လို့ စွပ်စွဲရေးသားခဲ့ပြီး အဲဒီစွပ်စွဲချက်ဟာ မှားယွင်းကြောင်း နောက်ပိုင်းမှာ သိခဲ့ရပါတယ်။

    “မန္တလေးမှာ ဖြစ်ခဲ့တဲ့ကိစ္စရဲ့ ဇာတ်ညွှန်းက အရင်ဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေနဲ့ ပုံစံအတူတူပါပဲ။ ဒါပေမယ့် အရေးပါသွားတဲ့ ခြားနားချက်တစ်ခုက ဒေသခံတွေဟာဆူပူမှုမှာ ပါဝင်ဖို့ ငြင်းဆိုခဲ့တာပါ” လို့ ဇူလိုင်လ ၁-၂ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၅ ခုနှစ် မတ်လမှာ ထုတ်ပြန်တဲ့ အမေရိကန်အခြေစိုက် Justice Trust ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဆူပူသူတွေဟာ သန်းခေါင်ကျော်နောက်ပိုင်း ဘုန်းကြီးကျောင်းနှစ်ခုကို သွားရောက်ကာ ဘုန်းကြီးတွေ သူတို့ကိစ္စမှာ ပါဝင်ဖို့ ဆွယ်ခဲ့ပေမယ့် ၀ါတော်ကြီးတဲ့ ဘုန်းကြီးတွေက လက်မခံခဲ့ဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

    “အဲဒီအချိန်မှာ မန္တလေးငြိမ်းချမ်းရေးကော်မတီလို့ခေါ်တဲ့ ဘာသာပေါင်းစုံမဟာမိတ်အဖွဲ့က တက်ကြွလှုပ်ရှားသူတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များသမဂ္ဂက ဘုန်းတော်ကြီးတွေဟာ အခြေအနေကို လျင်လျင်မြန်မြန်ပဲ ထိန်းသိမ်းခဲ့ပြီး သူတို့ရဲ့ ကွန်ယက်အဖွဲ့တွေကို အသိပေးတာ၊ လမ်းတွေပေါ် သွားရောက်ထိန်းသိမ်းတာတွေနဲ့ ထိခိုက်မှုပမာဏနည်းအောင် ကူညီပေးခဲ့ကြပါတယ်”

    ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့မိန့်ခွန်းမှာ ပဋိပက္ခဖြစ်အောင်လှုံ့ဆော်သူတွေ ရှိခဲ့ပေမယ့် မန္တလေးမြို့တွင်း အကြမ်းဖက်မှု မပြန့်နှံ့အောင် တားဆီးခဲ့တဲ့ မန္တလေးဒေသခံတွေကို ချီးကျူးစကား ဆိုခဲ့ပါတယ်။ ဦးသိန်းစိန်က မန္တလေးဟာ ‘ငါတို့အားလုံး မန္တလေးသူ မန္တလေးသားတွေ ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့’ ဆယ်စုနှစ်ပေါင်းများစွာ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ ‘စံပြလူ့အဖွဲ့အစည်းတစ်ခု’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပဋိပက္ခကြောင့် ‘မန္တလေးပြည်သူတွဟာ လူ့အဖွဲ့အစည်းတွေအကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ယုံကြည်မှုတွေကို ပြသနိုင်ခဲ့တယ်’ လို့လည်း ဦးသိန်းစိန်က ဆိုပါတယ်။

    ၂၀၁၄ ခုနှစ် ဇူလိုင်လက အဲဒီအဖြစ်အပျက်မှာ တည်ငြိမ်အောင် ထိန်းသိမ်းခဲ့သူတွေထဲက တစ်ယောက်ဟာ မန္တလေးချက်မြှုပ်ဖြစ်တဲ့ စီးပွားရေးသမား ကိုသန်းဆွေဖြစ်ပါတယ်။ လူတွေ တည်ငြိမ်လာအောင် သူဟာ ဘုန်းကြီးတွေ၊ ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာ အခြားခေါင်းဆောင်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။

    ရန်ကုန်လို ဘာသာတစ်ခုထဲကလူတွေ စုနေကြတဲ့ ရပ်ကွက်တွေ၊ မြို့နယ်မျိုးတွေ မန္တလေးမှာမရှိဘဲ ဘာသာစုံကလူတွေ အတူနေထိုင်ကာ၊ ပူးပေါင်းဆောင်ရွက်ကြတယ်ဆိုတဲ့အချက်က ဒီလိုတည်ငြိမ်အောင်ဆောင်ရွက်ဖို့ ပိုမိုလွယ်ကူစေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ ကြီးပြင်းလာတဲ့ ဘ၀တစ်လျှောက်လုံး ဘုန်းကြီးကျောင်းတွေမှာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့တာပါ။ ဘုန်းကြီးကျောင်းတွေမှာ ကျွန်တော်တို့ ဆော့ကစားခဲ့ကြပြီး မန္တလေးက အခြားသော မွတ်စလင်တွေလိုပဲ ဗုဒ္ဓဘာသာနဲ့ ကျွန်တော်တို့ ရင်းနှီးခဲ့ပါတယ်”

    မန္တလေးက သည်းခံနိုင်စွမ်းနဲ့ တစ်သားတည်းဖြစ်မှုသမိုင်းဟာ ကုန်းဘောင်ခေတ် မင်းဆက်တွေလက်ထက်ကတည်းက ရှိခဲ့တဲ့ သမိုင်းအမွေအနှစ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

    သက္ကရာဇ် ၁၈၅၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးနေပြည်တော် မန္တလေးကို တည်ခဲ့ပြီး ခေတ်အမြင်ရှိကာ ပြည်သူတွေက ကြည်ညိုကြတဲ့ မင်းတုန်းမင်းဟာ နန်းတွင်းမှာ ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ခွင့်ပြုခဲ့ကာ မြန်မာနိုင်ငံကမွတ်စလင်တွေ မက္ကာမြို့သွားရောက် ဟဂ်ျပြုတဲ့အခါ တည်းခိုနိုင်အောင်လို့ ဆော်ဒီမှာ ဇရပ်တစ်ဆောင်ကို ငွေကြေးစိုက်ထုတ် ဆောက်လုပ်ပးခဲ့ပါတယ်။

    မန္တလေးက ဗလီတွေ၊ တရုတ်ဘုံကျောင်းတွေနဲ့ ဟိန္ဒူဘုရားကျောင်း တော်တော်များများဟာ မင်းတုန်းမင်း နန်းစံတဲ့ ၁၈၅၃ ခုနှစ်ကနေ ၁၈၇၈ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

    ပုဂံမင်း ပြုတ်ကျသွားပြီး မင်းတုန်းမင်း ဘုရင်ဖြစ်လာခဲ့တဲ့ မင်းတုန်းမင်းနဲ့ နောင်တော် ကနောင်မင်းသားတို့ရဲ့ ပုန်ကန်မှုမှာ အကူအညီပေးခဲ့တဲ့ မွတ်စလင်နှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဦးဘို ဆောက်လုပ်ခဲ့တဲ့ ၂၇ လမ်းက ဂျွန်းဗလီဟာလည်း ဒီအဆောက်အဦးတွေထဲမှာ ပါဝင်ပါတယ်။ အခြားမွတ်စလင်တစ်ဦးဖြစ်တဲ့ ဦးရွက်ကတော့ ရွှေနန်းတော်ရဲ့ စားဖိုတော်ဆောင် အကြီးအကဲ ဖြစ်ခဲ့ပါတယ်။

    တောင်ဘလူဗလီတွင် သောကြာနေ့ဝတ်ပြုရန်အတွက် ကိုလက်သန့်စင်နေသူတစ်ဦး

    အသက် ၇၈ နှစ်အရွယ်ရှိတဲ့ ဦးလှဝင်းဟာ သစ္စာရှိစွာ အမှုတော်ထမ်းခဲ့တဲ့ ကုလားပျိုတပ်သားတွေထဲက တစ်ဦးရဲ့ အဆက်အနွယ်ဖြစ်ပါတယ်။ သူ့ရဲ့မိခင်ဖက်က ဘေးတော်စပ်သူဟာ အမြှောက်တပ်မှာ ဗိုလ်မင်းအဖြစ် အမှုထမ်းခဲ့သူပါ။ အာဏာရှင်ဦးနေ၀င်းလက်ထက် မြို့နယ်တရားသူကြီးအဖြစ် အချိန်ပိုင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးလှဝင်းဟာ မွတ်စလင်အမည်မရှိတဲ့ သက်သက်လွတ်သမားဖြစ်ပြီး ဘာသာရေးယုံကြည်မှုမှာလည်း အလယ်အလတ်ကျပါတယ်။

    “ကျွန်တော်ဟာ အလ္လာဟ်အရှင်မြတ်သခင်နဲ့ တမန်တော်မြတ်ကြီး မိုဟမ္မဒ်သခင်တို့ကို သက်ဝင်ယုံကြည်ပြီး ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အမိန့်ညွှန်ကြားချက်တွေအတိုင်း လိုက်နာနေထိုင်သူပါ။ ဒါပေမယ့် ဒီနေ့ခေတ် မွတ်စလင်တစ်ချို့ရဲ့ လုပ်ရပ်တွေကို ကျွန်တော် မကြိုက်ပါဘူး” လို့ သူက ကျွန်တော့်ကို ပြောပါတယ်။

    ကျွန်တော်တို့အရှင်က စွမ်းတယ်

    ဒရ်ဂါတွင် ဆုတောင်းနေသည့် အမျိုးသမီးတစ်ဦး

    ဗုဒ္ဓဘာသာဝင်တွေမှာလိုပဲ မွတ်စလင်တွေမှာလည်း ယုံကြည်ချက် ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ သီရိလင်္ကာတို့မှာ ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားပြီး၊ အာရှမြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ မဟာယနလွှမ်းမိုးကာ တိဘက်မှာတော့ တိဘက်ဗုဒ္ဓဘာသာလို့ခေါ်တဲ့ (မဟာယနဂိုဏ်းခွဲ) Vajrayana ၀ါဒ အားကောင်းပါတယ်။

    ကုရ်အာန်မှာ လူတွေရဲ့ ရုပ်ပုံတွေနဲ့ အခြား သက်ရှိတွေ ကိုးကွယ်ဆည်းကပ်တာကို တားမြစ်ထားပေမယ့် မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းက အလယ်အလတ် မွတ်စလင်တွေကတော့ ဒရ်ဂါဂူဗိမာန်တွေကို သွားရောက်ပြီး ၀တ်ပြုဆုတောင်းတာတွေ လုပ်ကြပါတယ်။

    “ကျွန်တော်တို့ရဲ့ အရှင်သခင်က စွမ်းတာကြောင့် လူတော်များများ ဒီမှာလာပြီး ဆုတောင်းကြတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ ခရစ်ယာန်တွေတောင် ပါပါတယ်” လို့ လူရှားဒရ်ဂါတော်ရဲ့ ဂေါပကဥက္ကဌ အသက် ၅၁ နှစ်အရွယ် ဦးအေးကိုက ပြောပါတယ်။ သူ့ရဲ့ အစ္စလာမ့်ဘွဲ့အမည်ကတော့ မိုဟာမက် အာဘီရှားဖြစ်ပါတယ်။

    မတ်လအတွင်း ကျွန်တော်သွားလည်တုန်းက ဗုဒ္ဓဘာသာဝင်ကလေးငယ်တွေဟာ သစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ ဒရ်ဂါပရ၀ုဏ်က အရိပ်ကျတဲ့နေရာမှာ ကစားနေတာကို တွေ့ခဲ့ရပါတယ်။ ဂူဗိမာန်ရဲ့အရှေ့မှာတော့ အမျိုးသမီးတစ်ယောက်ဟာ ဆုတောင်းနေပြီး၊ ဒီအမျိုးသမီးဟာ မျက်နှာ ဒါမှမဟုတ် ဆံပင်ကို မဖုံးထားတာကြောင့် ကျွန်တော်တောင် အံ့သြမှင်သက်ခဲ့ရပါတယ်။

    ဥက္ကဌ ဦးအေးကိုက ဒရ်ဂါနဲ့ပတ်သက်ပြီး တိကျတဲ့အချက်အလက်တွေကို မပြောနိုင်ပေမယ့် ဒီနေရာဟာ ၁၉ ရာစုအလယ်ပိုင်း ဒါမှမဟုတ် အစောပိုင်းလောက်က အလယ်အာရှကနေရောက်လာတဲ့ မွတ်စလင် သာသနာပြုပုဂ္ဂိုလ်ကြီး လူရှားသခင်ရဲ့အမည်ကို မှည့်ခေါ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။ ဒရ်ဂါမှာ လာရောက်ဆုတောင်းရင် ပြည့်ဝတယ်လို့ ယုံကြည်ကြသူတွေ ရှိပါတယ်။

    (ဘာသာပြန်သူ၏ ဖြည့်စွက်ချက် – ဒရ်ဂါဆိုသည်မှာ သီလသမာဓိရှိသည့် ပုဂ္ဂိုလ်မွန်ကြီးများ ကွယ်လွန်သေဆုံးသွားပြီးနောက် မပုမ်မသိုး ရုပ်ကလပ်ကို နှောင်းလူများက တွေ့ရှိကာ ဂူဗိမာန်အဖြစ် အမှတ်တရ ပြုလုပ်ထားခြင်းဖြစ်ပြီး၊ ကွယ်လွန်သူ၏အမည်ဖြင့် ဂူဗိမာန်ကို မှည့်ခေါ်လေ့ရှိသည်။ အဆိုပါ ဒရ်ဂါသို့ သွားရောက်၍ ထိုသူတော်စင်ကြီးများကို အမှီသဟဲပြု၍ ရည်စူးခြင်း၊ ဆုတောင်းခြင်းတို့ ပြုလုပ်ပါက ပြည့်တတ်သည်ဟု အဆိုရှိသည်။)

    ဦးအေးကိုနဲ့ တစ်ဘက်ဆွဲရွာက အခြား ဗမာမွတ်စလင် လူကြီးသူမတွေဟာ ဗမာလူမျိုးတွေလိုပဲ ၀တ်စားဆင်ယင်ပါတယ်။ သူတို့တွေမှာ မုတ်ဆိတ်မရှိကြသလို တောင်အာရှက မွတ်စလင်တွေ ၀တ်လေ့ဝတ်ထရှိတဲ့ ရိုးရာအင်္ကျီဖြစ်ပြီး ကုရ်သာလို့ခေါ်တဲ့ ကော်လံကတုံး အင်္ကျီရှည်ကိုလည်း မ၀တ်ကြပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်း ကျွန်တော့်ရဲ့ခရီးစဉ်အတွင်းမှာ မြင်ခဲ့ရတဲ့ အကြီးဆုံးမွတ်စလင်အဆောက်အဦးတွေထဲက တစ်ခုဖြစ်တဲ့ လူးရှားဒရ်ဂါရဲ့ ၀င်ပေါက်မုခ်ဦးကို ဗမာမှုလက်ရာ ကနုတ်ပန်းတွေနဲ့ ထွင်းထု ချယ်မှုန်းထားပါတယ်။

    တစ်ဘက်ဆွဲရွာမှာ ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စလင်အိမ်ခြေပေါင်း ၁၀၀၀ ရှိပြီး နှစ်ဖက်လူ့အဖွဲ့အစည်းဟာ သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်ကြေပါတယ်။ ညနေခင်းတစ်ခုမှာ ကျွန်တော် အဲဒီရွာကို သွားလည်တဲ့အချိန် ဗလီက၀တ်ပြုဖို့ နှိုးဆော်သံနဲ့ ဘုန်းကြီးကျောင်းကဖွင့်ထားတဲ့ ဘုန်းကြီးတရားသံတို့ ရောထွေးယှက်နွယ်တာကိုလည်းကြားခဲ့ရပါတယ်။

    “ဘာသာတရားဆိုတာကို ဒီမှာ ဘာတရားလို့ပဲ သဘောထားတယ်ဗျ။ (ဗလီဝင်းထဲမှာ) ဗုဒ္ဓဘာသာကလေးတွေဆော့ကစားကြပြီး၊ မွတ်စလင်တွေကလည်း ဘုန်းကြီးကျောင်းမှာ ပွဲတစ်ခုခုရှိရင် သွားလှူကြပါတယ်” လို့ ဦးအေးကိုက ပြောပါတယ်။

    “နိုင်ငံအတွင်းက အခြားနေရာတွေမှာ လူမျိုးရေးပဋိပက္ခဖြစ်ပေမယ့် ကျွန်တော်တို့ရွာကို ဘယ်တော့မှ မရိုက်ခတ်ခဲ့ဘဲ ဘယ်တော့မှလည်း ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး”

    ဗမာမွတ်စလင်များဖြစ်ကြသည်

    ဦးအောင်အောင်သန်း

    မဆိုစလောက်ပမာဏကလွဲလို့ မြန်မာနိုင်ငံအလယ်ပိုင်းက ဗမာမွတ်စလင်တွေဟာ ဗမာ့ယဉ်ကျေးမှုကို လက်ခံကျင့်သုံးတာကြောင့် သူတို့ရဲ့ အိမ်နီးချင်းတွေနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ကြပါတယ်။ ဒါပေမယ့် အိန္ဒိယတိုက်ငယ်နဲ့ အရှေ့အလယ်ပိုင်းက ရှေးရိုးပိုဆန်တင်းကြပ်တဲ့ သဘောထား လွှမ်းမိုးလာတာကို လူကြီးသူမတွေက စိုးရိမ်နေကြပါတယ်။ အဲဒီလိုလွှမ်းမိုးမှုကြောင့် ရှေးရိုးစွဲအစ္စလာမ်ကို လက်ခံကျင့်သုံးမှု မြင့်တက်လာပြီး ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ ကြီးထွားလာမှုနဲ့အတူ လတ်တလောပေါ်ပေါက်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေမှာ ဒီအချက်က အကြောင်းခံတစ်ခု ဖြစ်နေလားဆိုတာ လူကြီးတွေက သံသယမကင်း ဖြစ်နေကြပါတယ်။

    “ရန်ကုန်က မွတ်စလင်များတဲ့ မြို့နယ်တစ်ချို့မှာ ပြောင်းလဲနေတာကို တွေ့ရတယ်” လို့ စာရေးဆရာနဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ မန္တလေးဒေသခံ ဦးအောင်အောင်သန်းက ပြောကြားခဲ့ပြီး နိုင်ငံအလယ်ပိုင်း ဒေသအများစုက မွတ်စလင်လူ့အဖွဲ့အစည်းဟာ တစ်သားတည်းဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။

    “အထက်ပိုင်းက မွတ်စလင်တွေဟာ ဗမာလူမျိုး မွတ်စလင်တွေပါ။ ကျွန်တော်တို့ ဗမာ့ယဉ်ကျေးမှုကို ချစ်တယ်၊ တစ်ချိန်တည်းမှာပဲ အလ္လာဟ်အရှင်မြတ်သခင်ကို ကိုးကွယ်ဆည်းကပ်ပြီး ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အဆုံးအမအတိုင်း နေထိုင်ပါတယ်”

    မြန်မာနိုင်ငံအလယ်ပိုင်းမှာ နေထိုင်ခဲ့တဲ့ ၃ ပတ်တာကာလအတွင်းမှာ ကျွန်တော်ဟာ ‘ဗမာမွတ်စလင်’ လို့ ဂုဏ်ယူစွာ မိတ်ဆက်ခဲ့တဲ့ လူတွေကို ဒါဇင်နဲ့ချီ တွေ့ခဲ့ပါတယ်။ အငြိမ်းစား တရားသူကြီးတစ်ဦးဖြစ်တဲ့ ဦးလှဝင်းက “ဘာသာတရားဆိုတာ သတ်မှတ်ချက်တစ်ခုဖြစ်ပြီး မွတ်စလင်ပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ် လူဆိုတာ အားလုံးအတူတူပဲလို့ မြေးတွေကို ကျွန်တော်ပြောပြတယ်။ ဒါပေမယ့် ပြင်ပက ၀င်ရောက်စွက်ဖက်မှုကြောင့် မွတ်စလင်တွေရဲ့ အမူအကျင့်တွေ ပြောင်းလဲသွားမှာကိုတော့ ကျွန်တော် စိုးရိမ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    နိုင်ငံအလယ်ပိုင်းက ကျွန်တော့်ရဲ့ခရီးစဉ်ဟာ အဆုံးသတ်ဖို့ တစ်ဖြည်းဖြည်း နီးလာခဲ့ပေမယ့် ကျွန်တော်ရဲ့ နောက်ဆုံးအင်တာဗျူးတွေက တစ်ခုကတော့ အံ့သြစရာအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။

    ကျွန်တော်တို့ဟာ ရှေ့ဆောင်အီမာမ် ဦးတိုးမိုးအောင်ကို အင်တာဗျူးဖို့အတွက် မန္တလေးက တောင်ဘလူဗလီကို သွားရောက်ခဲ့ပါတယ်။ ဗလီကလူတိုင်းဟာ သူ့ကို ဒီနာမည်နဲ့ ညွှန်းကြပါတယ်။ သူ့ရဲ့ မွတ်စလင်အမည်ဟာ နေဇာမွဒ်ဒင်းဖြစ်တယ်ဆိုတဲ့ နောက်ပိုင်း ကျွန်တော်မေးတော့မှ သူက ပြောပြပါတယ်။

    ဒီဗလီမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ အတူတကွ ၀တ်ပြုလို့ရတာကြောင့် မန္တလေးက ဗလီတွေထဲမှာ ထူးထူးခြားခြားပါ။ ဒါပေမယ့် အမျိုးသမီးတွေအတွက် သီးသန့်ဝတ်ပြုဆောင်တစ်ခုကို ထားပေးထားပါတယ်။

    ဗမာအမျိုးသားတွေ ပွဲလမ်းသဘင်မှာဝတ်တတ်တဲ့ ရခိုင်လုံချည်ကို ဦးတိုးမိုးအောင်တစ်ယောက် ၀တ်ထားပါတယ်။ သူ့ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်မေးတဲ့အခါ သူက “ကုရ်အာန်ထဲမှာ ဘယ်ဝတ်စုံကိုဝတ်ပါလို့ မပါပါဘူး။ အ၀တ်အစားဆိုတာ ကိုယ်နေထိုင်ရာဒေသနဲ့ ‘ကိုက်ညီပြီး သက်တောင့်သက်သာရှိတာမျိုး’ ဖြစ်သင့်တယ်လို့သာ မိန့်ထားတာပါ”

    ဒါဟာ မြန်မာနိုင်ငံအလယ်ပိုင်းက မွတ်စလင်တော်တော်များများရဲ့ နှလုံးသဲပွတ်ထဲမှာ စွဲထင်နေတဲ့ သင်ကြားမှု တစ်ခုပဲ ဖြစ်ပါတယ်။

    Ref : Frontiermyanmar

    (ဆောင်းပါးရှင် မြတ်ကျော်သူက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပြီး Frontier Myanmar ၀ဘ်ဆိုက်တွင် လွှင့်တင်ထားသည့် The Burmese Muslims of central Myanmar: No beards, no kurtas ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ အကြောင်းအရာများသည့် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။)

  • မြန်မာနိုင်ငံက မဟာဒုက္ခ တွင်းဆုံးကျနေသော ဗုဒ္ဓဘာသာဝင်များနှင့် ဓားစားခံ ဖြစ်နေသော မွတ်စလင်များ

    မြန်မာနိုင်ငံက မဟာဒုက္ခ တွင်းဆုံးကျနေသော ဗုဒ္ဓဘာသာဝင်များနှင့် ဓားစားခံ ဖြစ်နေသော မွတ်စလင်များ

    ဇူလိုင် ၁၂၊ ၂၀၁၇

    M-Media

    ရေးသားသူ- By GERARD McCARTHY & JACQUELINE MENAGER | FRONTIER

    ဘာသာပြန် – ထွဋ်ခေါင်

    တည်းဖြတ် – လေးမောင်

    ၂၀၁၃ ခုနှစ် မေလက လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုအတွင်း မွတ်စလင်အိမ်များနှင့် ဆိုင်များ မီးရှို့ခံရမှု မြင်ကွင်း

    – စစ်အစိုးရလက်ထက် နိုင်ငံတိုးတက်မှုမရှိတာအတွက် မွတ်စလင်တွေနဲ့ပတ်သတ်တဲ့ ကောလဟာလတွေကို လွှင့်ပြီး အာရုံလွှဲခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေဟာ စော်ကားခံနေရတယ်၊ အဓမ္မဘာသာပြောင်းခံနေရတယ်ဆိုတဲ့ ကောလဟာလ ၀ါဒဖြန့်မှုတွေဟာ အခိုင်အမာကို ရှိနေပါတယ်။ အချက်အလက်ပိုင်းအရ မှန်ကန်လေ့မရှိတဲ့ ဒီလို နိစ္စဓူဝ ဇာတ်လမ်းတွေကို ဖြေရှင်းလို့မရအောင် ဘာတွေက လုပ်ထားပါသလဲ။

    ၁၉၉၀ ပြည့်နှစ်တွေနဲ့ ၂၀၀၀ ပြည့်နှစ်က ပြည်သူတွေ ကြုံတွေ့ရတဲ့ ဒုက္ခသုက္ခတွေ၊ စီးပွားရေး ချွတ်ခြုံကျမှုတွေအပေါ် သက်ရောက်မှုရှိနေလို့၊ ဒါတွေအတွက် အပြစ်ပြောထိုက်လို့ ဒီကောလဟာလတွေဟာ ရှိနေတာပါလို့ ဆိုလာခဲ့ရင်တော့ ၄ နှစ်ကျော်ကြာ နက်နက်နဲနဲ တိတိကျကျ သုတေသနပြုထားမှုကို အခြေခံပြီး ကျွန်တော်တို့က ငြင်းချက်ထုတ်ရပါလိမ့်မယ်။

    မျိုးစောင့် ဥပဒေလေးချက်ကို အထောက်ကူဖြစ်ဖို့အတွက် ဒီလိုကစားကွက်တွေ ဖြစ်လာတယ်ဆိုတာ ကျနော်တို့ တွေ့ပါတယ်။ မဘသ က ထောက်ပံ့ရေးဆွဲခဲ့တဲ့ ဒီဥပဒေကြမ်းဟာ ဦးသိန်းစိန်မပြုတ်ခင်လေးတင်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒါဟာ အခုတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက် ဆူးညောင့်ခလုတ်ကန်သင်း တစ်ခုပါပဲ။

    ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အတွင်း၊ မြန်မာပြည်အလယ်ပိုင်းနဲ့ ရန်ကုန်မြို့မှာ ကျွန်ုတော်တို့ရဲ့ လက်တွေ့ ကွင်းဆင်းစဉ် ကာလအတွင်း၊ မျိုးစောင့်ဥပဒေလေးရပ်အကြောင်း ဆွေးနွေးဖက်တွေနဲ့ ပြောဆိုဆွေးနွေးကြတဲ့အခါ Facebook နဲ့ ယုံကြည်ရတဲ့ ရင်းမြစ်တွေဆီကနေတစ်ဆင့် ၀ါဒဖြန့်တဲ့ ကောလဟာလတွေအကြောင်း မကြာခဏဆိုသလို အဓိကထားခဲ့ပါတယ်။

    မွတ်စလင်ယောင်္ကျားတွေဟာ ဗုဒ္ဓဘာသာမိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရော စော်ကားတယ်၊ ဒါမှမဟုတ် “အကြမ်းဖက်ပြီး” အစ္စလာမ်ဘာသာကို အဓမ္မကူးပြောင်းစေတယ်၊ ဗုဒ္ဓဘာသာ မိန်းကလေးယူရင် ဘောက်ဆူးပေးတယ်၊ ဒါမှမဟုတ် ရှုပ်ထွေးတဲ့လက်ထပ်စာချုပ်တွေနဲ့ အခိုင်အမာ ချုပ်ထားကြတယ်ဆိုတာ မကြာခဏ ကျနော်တို့ ကြားနေရပါတယ်။

    မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာပြန့်နှံ့ဖို့၊ ဗုဒ္ဓဘာသာကို အားနည်းသွားအောင်လုပ်ဖို့ စနစ်ကျတဲ့ မဟာဗျူဟာတစ်ခု ချထားတယ်ဆိုတဲ့ ၀ါဒဖြန့်ချီမှုကို ခိုင်မာစေဖို့ မွတ်စလင်အသိုင်းအ၀ိုင်းမှာ မွေးဖွားနှုန်းမြင့်မားနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုကို သက်သေအဖြစ် ထောက်ပြကြပါတယ်။

    မွတ်စလင်တွေဟာ ကြွယ်ဝချမ်းသာကြတယ်၊ အားကောင်းမောင်းသန်တယ်၊ နိုင်ထက်စီးနင်း လုပ်တတ်ကြတယ် ဆိုတဲ့ ယူဆချက်တွေ မြန်မာ့လူ့အဖွဲ့အစည်းမှာ ရှိနေတယ်ဆိုတာကိုလည်း အောက်စဖို့တက္ကသိုလ်က လူမှုရေးပရောဂျက်တွေနဲ့ မြန်မာနိုင်ငံ မီဒီယာတွေရဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။ နိုင်ငံတစ်ဝှမ်း တွေ့ဆုံမြေးမြန်းမှုတွေကို အခြေခံပြီး ပြုလုပ်တဲ့ သုတေသနအရ လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူမျိုးစုပဋိပက္ခ၊ အစ္စလာမ့်မစ်အစွန်းရောက်ဝါဒဆိုတဲ့ ကမ္ဘာက တင်ပြမှုတွေကို ယုတ္တိရှိအောင်လုပ်ဖို့ ယခင်ကဖြစ်ပျက်ခဲ့တာတွေကို မြန်မာနိုင်ငံက ပြည်သူတွေက ဘယ်လောက်တောင် ဆွဲယူအသုံးချနေလည်းဆိုတာကို တွေ့ခဲ့ရပါတယ်။

    မြန်မာမွတ်စလင်တွေနဲ့ပတ်သက်ပြီး ၀ါဒဖြန့်မှုတွေမှာ ‘အမှန်တရား’ တစ်ခုတစ်လေ ပါမယ်ဆိုတဲ့ ယူဆချက်တွေကိုလည်း ကျွန်တော်တို့ဟာ ငြင်းချက်ထုတ်မှာဖြစ်ပြီး ဘာ့ကြောင့်လည်းဆိုတော့ စစ်အာဏာရှင်လက်အောက် ဆယ်စုနှစ်ပေါင်များစွာ ခံစားလာခဲ့ရတာတွေကို အာရုံလွှဲဖို့အတွက် မွတ်စလင်တွေဟာ အသုံးချခံ၊ အပြစ်တင်ခံ လူ့အဖွဲ့အစည်း ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ မြန်မာနိုင်ငံအလယ်ပိုင်းက ကွမ်းယာဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ကြည့်ရအောင်။ ဖုန်ထူထူဈေးက အဲဒီဆိုင်ရဲ့ ပလက်စတစ်ထိုင်ခုံပေါ်မှာ အခန့်သားထိုင်နေသူတွေကို ဗမာလူငယ်လေးတစ်ယောက်က “လူတိုင်းကြည့်သင့်တဲ့ အရာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ Facebook ဗီဒီယိုတစ်ခုကို သူ့စမတ်ဖုန်းနဲ့ ပြသနေပါတယ်။ Facebook က အဲဒီဗီဒီယိုကို အကြိမ် ၃ ထောင်လောက် မျှဝေပြီးမှ ဒီလူငယ်လေးက တွေ့ရှိခဲ့တာပါ။

    ၇-မိနစ်ကြာတဲ့ ဒီဗီဒီယိုဟာ ရှုပ်ရှက်ခပ်နေတဲ့ ဈေးတစ်ခုထဲမှာ မွတ်စလင်လို့ ယူဆရတဲ့ အသက် လေးဆယ်နားကပ်နေတဲ့ မုတ်ဆိတ်ရှိလူကြီးတစ်ယောက်နဲ့ ဗုဒ္ဓဘာသာဝင်လို့ယူဆရတဲ့ အသက်နှစ်ဆယ် မရှိတစ်ရှိ  မိန်းမငယ်လေးတစ်ယောက်တို့ ရန်ဖြစ်နေကြတဲ့ မြင်ကွင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။

    ဘေးမှာ ရပ်ကြည့်နေတဲ့ လူတစ်ယောက်ယောက်က သူ့ရဲ့စမတ်ဖုန်းနဲ့ ရိုက်ထားတယ်လို့ ထင်ရတဲ့ ဒီဗီဒီယိုထဲမှာ၊ စိတ်လှုပ်ရှားနေတဲ့ မိန်းမပျိုလေးက မုတ်ဆိတ်နဲ့လူကြီးကို ထပ်ခါတလဲလဲ “လူလိမ်” လို့ ပြောဆိုစွပ်စွဲရင်း နင့် “ငါ့ကို ယူမယ်လို့ ကတိပေးပြီးတော့” လို့ ပြောကာ လူကြီးကို ပါးဆွဲချလိုက်ပါတယ်။

    ဗီဒီယိုကြည့်ပြီးတဲ့နောက် စကားဝိုင်းမှာ ဒီအမျိုးသမီးငယ်လေးရဲ့အဖြစ်အပျက်ကို ဘာသာမတူသူတွေနဲ့ အိမ်ထောင်ပြုတဲ့ကိစ္စသာမကဘဲ မွတ်စလင်တွေရဲ့ စီးပွားရေးအားသာချက်ကို သတိထားရမယ်ဆိုတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် ဖန်တီးလိုက်ကြပါတယ်။ “သူ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်လေ၊ ဒီတော့ ဒီကောင်မက စိတ်ဝင်စားတာပေါ့။ ခင်ဗျားတို့လည်း မွတ်စလင်တွေဆို လုံးဝကို မယုံသင့်ဘူး” လို့ တစ်ယောက်က ထပြောပါတယ်။

    စီးပွားရေးမှာ မွတ်စလင်တွေ လက်ဝါးကြီးအုပ်ထားတယ်၊ ပိုက်ဆံကို အသုံးချပြီး ထူအတဲ့ ဗုဒ္ဓဘာသာ သမီးပျိုတွေကို ကာမ ကျူးလွန်ဖို့ အလားလာရှိနေတယ်၊ အုပ်ချုပ်ရေးယန္တရားမှာ လာဘ်ပေးလို့ရနေတာက မွတ်စလင်တွေအတွက် အကွက်ပိုရစေတယ်ဆိုပြီး ဒီဗီဒီယိုလေးက အစဆွဲထုတ်စွပ်စွဲစရာ  အကွက်ရသွားခဲ့ပါတယ်။

    စစ်အာဏာရှင်ခေတ်က သူတို့တွေ ရင်ဆိုင်ကြုံတွေ့ခံစားခဲ့ရတဲ့ ဒုက္ခတွေကို ပြန်ပြောင်းပြောရင်း အဲဒီကာလတုန်းက မွတ်စလင်တွေဟာ ချမ်းသာကြွယ်ဝတာကြောင့် အစိုးရအဖွဲ့ဝင် အရာရှိကြီးတွေကို ကောင်းကောင်းကြီး လာဘ်ထိုးတဲ့ နည်းလမ်းတွေနဲ့ ကျော်ဖြတ်ခဲ့ပြီး မွတ်စလင်တွေကို သတိထားတာ အကောင်းဆုံးပဲလို့ ကြည့်ရှုသူအားလုံးကလည်း သဘောတူလိုက်ကြပါတယ်။

    တကယ်တော့ ဒါဟာ နည်းမှန်လမ်းမှန် ဆွေးနွေးမှုမျိုး၊ တစ်မူထူးခြားတဲ့ ဆွေးနွေးမှုမျိုး မဟုတ်သလို၊ အချက်လက်အား ဖြင့်လည်း မှန်ကန်မှု မရှိပါဘူး။ ဥပမာ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ခရိုနီတွေနဲ့ ယှဉ်လိုက်ရင် မြန်မာ့ စီးပွားရေးမှာ မွတ်စလင်တွေဟာ မဆိုစလောက် အချိုးအစားသာ ပါဝင်ကြတာပါ။

    ဒါပေမဲ့လည်း အလားတူ သတိပေးဇာတ်လမ်းတွေဟာ ကွမ်းယာဆိုင်တွေနဲ့ တစ်ခြား လူစုံရာနေရာမျိုးတွေမှာ၊ ဟုတ် သော်ရှိ မဟုတ်သော်ရှိ၊ တစ်နိုင်ငံလုံး ပြန့်နှံ့နေပါတယ်။ ဒီပြောဆိုမှုတွေရဲ့ နောက်ကွယ်မှာတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့စိတ်ထဲမှာ စွဲထင်နေတဲ့ ‘လူမျိုး’ ဆိုတဲ့ အယူအဆနဲ့ပတ်သက်ပြီး  အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ချွတ်ခြုံကျမှုနဲ့ ချိတ်ဆက်နေတဲ့ စိုးရိမ်စရာကောင်းတဲ့ ခံစားမှုတွေကို မြင်နေရပါတယ်။

    မြန်မာနိုင်ငံအလယ်ပိုင်း ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ တောရွာလေးတစ်ရွာက ဆင်းရဲတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့ အသက်နှစ်ဆယ်စွန်းစွန်း ကုန်သည်ပေါက်စလေး ကိုကျော်ဝင်း (အမည်လွှဲ) ဟာ ဒီစိုးရိမ်စရာ အကြောင်းတရားတွေကို မီးမောင်းထိုးပြနေသူတစ်ဦးပါ။ ရွာဦးဘုန်းကြီးကျောင်းမှာ ဦးဝီရသူလာတုန်းက ၂၀၁၂ ခုနှစ် ရခိုင်အရေးခင်းအကြောင်း တရားဟောတာကို နားထောင်ပြီးနောက်မှာ ကျော်ဝင်းဟာ ၉၆၉ လှုပ်ရှားမှုရဲ့ အမာခံတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

    တရားပွဲမှာ မုဒိမ်းမှုအကြောင်း အသေးစိတ် ဟောကြားတာကို ကြားခဲ့ပြီးတဲ့နောက် စိတ်ထိခိုက်သွားတဲ့သူဟာ ကန်ဒေါ်လာ ၁၀၀ ၀န်းကျင် ပမာဏရှိတဲ့ သူ့ရဲ့ နှစ်ပတ်စာ ချွေးနဲစာကို လှူဒါန်းခဲ့ပြီး ဦးဝီရသူရဲ့ တရားခွေ ဒီဗီဒီ အချပ် ၅၀၀ ကို ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ၊ ကျော်ဝင်းဟာ သူကုန်သွယ်ရာ လမ်းတစ်လျှောက်မှာရှိတဲ့ ရွာကြီးရွာငယ် အသွယ်သွယ်မှာ ဒီအခွေတွေကို အခမဲ့ လက်ဆောင်တွေ ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ သူဟာ “မျိုးစောင့်ဥပဒေ” လေးရပ်ကို ထောက်ခံတဲ့ မဘသရဲ့ နိုင်ငံအနှံ့ လက်မှတ်ကောက်ယူပွဲတွေမှာ လုပ်အားပေးခဲ့ပါတယ်။

    ၂၀၁၅ နဲ့ ၂၀၁၆ တစ်လျှောက်လုံးမှာ ကျွန်တော်တို့ သုတေသနလုပ်ငန်းထဲက တစ်ယောက်ဟာ ကျော်ဝင်းနဲ့ ပုံမှန် ဆုံဖြစ်ခဲ့ပါတယ်။ ဆုံတွေ့စဉ်အခိုက်မှာ ၁၉၉၀ ပြည့်နှစ်တွေနဲ့ ၂၀၀၀ ပြည့်နှစ်တွေအတွင်း သူ့မိသားစုဝင်တွေ ဘယ်လောက်တောင် ဒုက္ခရောက် ခဲ့ရသလဲဆိုတာကို မကြာခဏဆိုသလို ပြန်ပြောင်း ပြောပြပါတယ်။

    မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ အထီးကျန်နေမှု၊ အလုပ်လက်မဲ့များပြားမှုပြဿနာ “ချီးထုပ် ကျန်းမာရေးနဲ့ ပညာရေး စနစ်” လို့ သူကဆိုတဲ့ စနစ်တွေကြောင့် သူတို့မိသားစုဟာ ရုန်းကန်ခဲ့ရပါတယ်။ ကျော်ဝင်းက မြန်မာပြည်ရဲ့ စီးပွားရေးနဲ့ အကျင့်စာရိတ္တ အခြေနေဟာ နှစ်ပင်လိမ်နေတယ်လို့ ဆိုပြီး “လူတော်တော်များများရဲ့ အကျင့်စာရိတ္တတွေက ပျက်စီးသွားပြီဗျ- သူတို့မှာ တရားထိုင်ဖို့လည်း အချိန်မရှိဘူး။ လူမှုရေး လုပ်ငန်းတွေ လုပ်ဖို့လည်း မအားကြဘူး” လို့ ပြောကြားခဲ့ပါတယ်။

    သူက စစ်အစိုးရ အုပ်ချုပ်ရေးအဆက်ဆက်ကိုလည်း “ကမ္ဘာနဲ့ အဆက်ဖြတ်ပြီး အထီးကျန်နေခဲ့” တဲ့အတွက် အပြစ်တင်ခဲ့ ပါတယ်။ ၂၀၁၅ နိုဝင်ဘာမှာ သူမဲတောင် မထည့်ခဲ့ပါဘူး။ သူ့စကားအရ “လာဘ်စားတဲ့” ကြံဖွတ်ပါတီ၊ “ဘုန်းကြီးနဲ့ ရန်ဖြစ်တဲ့” အန်အလ်ဒီပါတီကို ဘယ်သူ့ကို မဲထည့်ရကောင်းမှန်းမသိဘူးလို့ ပြောပါတယ်။

    ဒါပေမဲ့၊ ကျော်ဝင်းက မျိုးစောင့်ဥပဒေ ဘာကြောင့်လိုအပ်တယ်ဆိုတာကို ရှင်းပြရာမှာတော့ ‘အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒ’ ရဲ့လက်ထဲမှာ ဗုဒ္ဓပုံတော်တွေ မလေးမစားလုပ်ခံရတယ်၊ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အမြတ်ထုတ်မှုတွေ ခံရတယ်ဆိုတဲ့ ၀ါဒဖြန့်ချက်တွေကို ကိုးကားခဲ့ပြီး သူက ဗုဒ္ဓဘာသာရဲ့ အနာဂတ်အတွက် ရိုးရိုးသားသား စိုးရိမ်နေတာ ဖြစ်ပါတယ်။

    ဘာသာတိုင်းမှာ အကြမ်းဖက်ဝါဒ မရှိသင့်ဘူးလို့ မဘသကယုံကြည်ထားကြောင်း၊ ဒါကြောင့် မျိုးစောင့်ဥပဒေလေးရပ်ကို သူတို့ ရေးဆွဲခဲ့တဖြစ်ကြောင်း ကျော်ဝင်းက ပြောကြားခဲ့ပါတယ်။

    “ဗုဒ္ဓဘာသာ အမျိုးသမီး တော်တော်များများက ဘာသာခြားတွေနဲ့ ယူနေကြတယ်။ မဘသက ဗုဒ္ဓဘာသာ အမျိုးသမီး တွေကို ဘာသာခြားတွေနဲ့ ယူခွင့်ပေးထားတယ်၊ ဒါပေမဲ့ အကြမ်းဖက်မှု ရှိသလား မရှိဘူးလား ဆိုတာကိုတော့ ဘုန်းကြီး တွေက စစ်ဆေးရမယ်လေ” လို့ သူက စောဒကတက်ပါတယ်။

    “တကယ်လို့ ဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက်က သူမ အစ္စလာမ်ဘာသာကို ကူးပြောင်းလိုက်ပြီလို့ ဘုန်းကြီးတွေကို ပြောလာရင်၊ သူမ စိတ်ရင်းနဲ့ အမှန်တကယ်ပြောင်းတာလား၊ သူမ အဲဒီလူဆီမှာ ပေးဆပ်စရာ အကြွေးကိစ္စလို ဟာမျိုးရှိလို့၊ အကြမ်းဖက်ခံလိုက်ရလို့ ဘာသာပြောင်းလိုက်တာလားဆိုတာ ဘုန်းကြီးတွေက စစ်ဆေးဖို့ လိုပါတယ်”

    ၁၉၉၀ ပြည့်နှစ်တွေမှာ ခံစားခဲ့ရမှုတွေ၊ စိတ်ပျက်ခဲ့ရမှုတွေနဲ့ပတ်သက်ပြီး ကျော်ဝင်းနဲ့ အခြားသော မဘသ တက်ကြွလှုပ်ရှားသူတွေရဲ့ ပြန်ပြောင်းပြောပြမှုတွေကိုကြည့်ရင် ခွဲခြားဆက်ဆံတဲ့ ဥပဒေ၊ ‘ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေကို ကာကွယ်ဖို့’ ဘုန်းကြီးတွေလိုအပ်မှုတွေ မှန်တယ်လို့ အယောင်ပြဖို့ ချမ်းသာကြွယ်ဝပြီး၊ အားကောင်းမောင်းသန်တဲ့ မွတ်စလင် ယောက်ျားတွေကို ခုတုံးလုပ်တာနဲ့ ဘာမှတော့ မဆိုင်ပါဘူး။

    ဒီကောလဟာလတွေ၊ ပြောကြားမှုတွေထဲမှာ နစ်ဝင်နေတဲ့ မကျေနပ်ချက်တနင့်ပိုးဟာ အလိုအလျောက် သူ့ဟာသူ ပေါ်လာတာ မဟုတ်ပါဘူး။ လိင်ကိစ္စကိုအခြေတည်တဲ့ ဒီ ကောလဟာတွေမှာ စွမ်းအားရှိပြီး အမျိုးသမီးတွေရဲ့ ခုခံနိုင်စွမ်းနည်းပါးမှုအပေါ်မှာ ဖြစ်လာတဲ့ နာကျည်းချက်တွေ၊ ခံစားမှုတွေ၊ ဒီထက်ပိုဆိုရရင် လူထုအတွင်း ဗုဒ္ဓဘာသာ ပြန်ရှင်သန်လာရေးနဲ့ ချိတ်ထားတာပါ။ ဒီလံကြုတ်ဇာတ်လမ်းတွေဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ရည်ရွယ်ချက်က အာဏာရှင်လက်ထက် ခံစားခဲ့ရတာတွေအတွက်   စစ်တပ်မဟုတ်တဲ့ အခြား ဓားစားခံတစ်ခုကို လွှဲချဖို့ ဖြစ်ပါတယ်။

    နိစ္စဓူဝတွေ့နေရတဲ့ ဒီတစ်ဖတ်သက် ကေလာဟာလတွေကိုကြည့်ရင် မြန်မာနိုင်ငံက မွတ်စလင်ဆန့်ကျင်ရေး  အထင်အမြင်တွေကို ‘လူထုပညာပေးမှု’၊ ဒါတွေဟာ စစ်အာရှင်စနစ်နဲ့ နာကျည်းချက်တွေ၊ ထိခိုက်ခံစားရခဲ့ရမှုတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာကို ၀န်ခံပြောကြားရမယ့် လှုပ်ရှားမှုတွေနဲ့တင် ဖြေရှင်းလို့မရဘူးလို့ အဓိပ္ပါယ်ထွက်နေပါတယ်။

    NLD အနေနဲ့ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ အစ္စလာမ်ကြောက်ရောဂါကို ဖြေရှင်းချင်တယ်၊ အားလုံးပူးပေါင်းပါဝင်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်တယ်၊ ပြည်သူတွေ လူတန်းစေ့နေနိုင်ဖို့ လူမှုရေးနဲ့ စီးပွားရေးတိုးတက်မှုတွေကို စတင်ဆောင်ရွက်ချင်တယ်ဆိုရင်တော့ ၁၉၉၀ ပြည့်နှစ်နဲ့ ၂၀၀၀ ပြည့်နှစ်တွေမှာ  လူထု ခံစားခဲ့ရတဲ့ ဒုက္ခသုက္ခတွေရဲ့ အဓိကလက်သည်တရားခံတွေကို ကန့်လန့်ကာအပြင်ထုတ်ဖို့ ဆောင်ရွက်ရမှာဖြစ်ကြောင်းပါ။

    (ယင်းဆောင်းပါးပါ အချက်လက်များသည် မကြာသေးခင်ကမှ ထုတ်ဝေခဲ့သော “Gendered Rumours and the Muslim Scapegoat in Myanmar’s Transition”,  Journal of Contemporary Asia (vol 47, no 3, 2017, 396-412) ကောက်နှုတ်ဖေါ်ပြထားခြင်းသာ ဖြစ်ပါသည်။)