News @ M-Media

Tag: Islam in SaudiArabia

  • မက္ကာဒေသမှ သမိုင်းဗလီ ၅ လုံးကို ဆော်ဒီက ပြင်ဆင်ကာ ပြန်လည်ဖွင့်လှစ်

    မက္ကာဒေသမှ သမိုင်းဗလီ ၅ လုံးကို ဆော်ဒီက ပြင်ဆင်ကာ ပြန်လည်ဖွင့်လှစ်

    ဇန်နဝါရီ ၁၅၊ ၂၀၂၀
    M-Media

    ဂျာရီ အလ်-ဘာဂျာလီဗလီ

    -တမန်တော် မုဟမ္မဒ်သခင် လက်ထက်က တည်ဆောက်ထားတဲ့ ဗလီတစ်ချို့အပါအဝင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ စလုံး ပိတ်ထားရတဲ့ သမိုင်းဝင်ဗလီ ၅ လုံးကို ဆော်ဒီက ပြင်ဆင်ကာ အများပြည်သူဝတ်ပြုနိုင်ဖို့အတွက် အခုတစ်ပတ်မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။

    မက္ကာမြို့ရဲ့ အလ်-ဘာဟာဒေသမှာရှိတဲ့ ဗလီတွေဖြစ်ပြီး နိုင်ငံတစ်ဝှမ်းက သမိုင်းဝင်ဗလီ ၁၃၀ လောက်ကို ပြုပြင်ထိန်းသိမ်းရေး ဆော်ဒီအစိုးရ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    အခု ပြန်လည်ဖွင့်လှစ်လိုက်တဲ့ ဗလီတွေထဲမှာ သွာအစ်ဖ်မြို့က ဂျာရီ အလ်-ဘာဂျာလီနဲ့ ဆူလိုင်မာနီဗလီ၊ အလ်-ဘာဟာမြို့က အလ်-မာလာဒ့်၊ အလ်-အတာဝီလာဗလီနဲ့ အလ်-ဒါဖီရ်ဗလီတို့ ဖြစ်ပါတယ်။ အဲဒီဗလီတွေဟာ နှစ်ပေါင်း ၄၀ ကနေ ၆၀ လောက်အထိ ပိတ်ထားခဲ့ရတာပါ။

    ဂျာရီ အလ်-ဘာဂျာလီဗလီဟာ တမန်တော် မုဟမ္မဒ်သခင်ရဲ့ သာ၀ကကြီးတစ်ပါးဖြစ်တဲ့ ဂျာရီရ် ဘင် အဘ်ဒူလာ အလ်-ဘာဂျာလီ တည်ဆောက်ထားတာဖြစ်ပြီး မက္ကာဒေသမှာ သက်တမ်းအရင့်ဆုံးဗလီလည်း ဖြစ်ပါတယ်။

    စကွဲယားမီတာ ၃၅၀ ကျယ်ဝန်းတဲ့ အဲဒီဗလီဟာ ကျောက်တုန်း၊ ထင်းရှူးသားနဲ့ ကွန်ကရစ်တွေ ပေါင်းစပ်ကာ အလ်-ဆာရတ် ဗိသုကာလက်ရာအတိုင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဝတ်ပြုဆုတောင်းမှုအပြင် တစ်ချိန်က ဒေသရဲ့ တရားရေးဆိုင်ရာ အဆောက်အဦးအဖြစ်လည်း ဒီဗလီကို အသုံးပြုခဲ့ပါတယ်။

    ဆူလိုင်မာနီဗလီကတော့ စကွဲယားမီတာ ၃၉၀ ကျယ်ဝန်းပြီး သွာအစ်ဖ်မြို့ရဲ့ သမိုင်းကြောင်းဆိုင်ရာ အထင်ကရနေရာတစ်ခုအဖြစ် မှတ်တမ်းဝင်ပါတယ်။ ဘနူစအဒ်မျိုးနွယ်က ဦးလေးတွေစီ တမန်တော်မုဟမ္မဒ်သခင် သွားရောက်လည်ပတ်ပြီး ပြန်အလာ ယခုဗလီရှိရာနေရာကို ရောက်တဲ့အခါ တမန်တော်ဆိုလိုင်မန်သခင်နဲ့ ပတ်သက်ဆက်နွယ်တဲ့နေရာတစ်ခုဖြစ်တယ်လို့ တမန်တော်မုဟမ္မဒ်သခင်ရဲ့ မိန့်ကြားမှုကို အစွဲပြုပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ ဆူလိုင်မာနီဗလီဟာ တစ်ချိန်က ဒေသရဲ့ ပညာရေးဆိုင်ရာ အချက်အခြာနေရာတစ်ခု ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ လစ်လျူရှုခံခဲ့ရပါတယ်။

    အလ်-ဘာဟာမြို့က အလ်-မာလာ့ဒ်ဗလီဟာ လူ ၃၀ ကျော်လောက်သာဆန့်တဲ့ အသေးစားဗလီတစ်ခုဖြစ်ပြီး ဗိသုကာလက်ရာပိုင်းမှာတော့ ဒေသတစ်ခုလုံးမှာ အပြောင်မြောက်ဆုံး ဖြစ်ပါတယ်။ ဒီဗလီဟာ ပညာရေးဆိုင်ရာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခရာကျတဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

    အလ်-အတာဝီလာဗလီကတော့ လူ ၁၃၀ လောက် ဝတ်ပြုနိုင်တဲ့ ဗလီဖြစ်ပြီး၊ ဒေသတွင်းက သက်တမ်းအရင့်ဆုံး သမိုင်းဝင်အဆောက်အဦးတွေထဲကတစ်ခု ဖြစ်ကာ အလ်-ဆာရတ် ဗိသုကာလက်ရာအတိုင်း တည်ဆောက်ထားတာပါ။

    ၂၄၅ စကွဲယားမီတာကျယ်ဝန်းပြီး လူ ၉၀ လောက် ဝတ်ပြုနိုင်တဲ့ အလ်-ဒါဟာ ဗလီဟာ တစ်ချိန်တုန်းက ပညာရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

    ဆော်ဒီအစိုးရရဲ့ သမိုင်းဝင်ဗလီတွေ ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း ပထမအဆင့်မှာ ဗလီဝတ်ကျောင်းတော်ပေါင်း ၃၀ လောက်ကို တစ်နှစ်ကျော်အတွင်း ကန်ဒေါ်လာ ၁၃ သန်း အကုန်ကျခံ ပြုပြင်ခဲ့ပါတယ်။

    Ref: Arab News

  • ဆော်ဒီရှိ ရှေးဟောင်းဗလီများ ထိန်းသိမ်းရေးစီမံကိန်း ပထမအဆင့် ပြီးဆုံး

    ဆော်ဒီရှိ ရှေးဟောင်းဗလီများ ထိန်းသိမ်းရေးစီမံကိန်း ပထမအဆင့် ပြီးဆုံး

    ဇန်နဝါရီ ၆၊ ၂၀၂၀
    M-Media

    -ဆော်ဒီအာရေဗျတစ်ဝှမ်းက သမိုင်းဝင် ဗလီဝတ်ကျောင်းတော်တွေကို ထိန်းသိမ်းပြုပြင်ရေး စီမံကိန်းရဲ့ ပထမအဆင့် ပြီးဆုံးခဲ့ပြီး ဗလီပေါင်း ၃၀ လောက်ကို ရှေးမူမပျက် ပြုပြင်ခဲ့တယ်လို့ ဆော်ဒီအစိုးရက ထုတ်ပြန်ပါတယ်။

    အစ္စလာမ်သာသနာ စတင်ထွန်းကားတဲ့ ဆော်ဒီမှာ ရှေးဟောင်းသမိုင်းဝင် ဗလီဝတ်ကျောင်းတော်ပေါင်း မြောက်များစွာရှိပြီး ဆော်ဒီအစိုးရက ဗလီဝတ်ကျောင်းတော်ပေါင်း ၁၃၀ လောက်ကို ပြုပြင်ထိန်းသိမ်းဖို့ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကတည်းက စတင်လုပ်ဆောင်ခဲ့တာပါ။

    တစ်ချို့ဗလီဝတ်ကျောင်းတော်တွေဟာ နှစ်ပေါင်း ၄၀ လောက် ပိတ်ထားခဲ့တဲ့ ဗလီတွေ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ပထမအဆင့် ပြီးစီးခဲ့ပြီး ဗလီဝတ်ကျောင်းတော် ၃၀ လောက်ကို ကန်ဒေါ်လာ ၃ သန်း အကုန်ကျခံ ပြုပြင်ခဲ့ပါတယ်။

    ဗလီတွေကို အဆင့်မြင့်နည်းပညာတွေ အသုံးပြုကာ ဆော်ဒီအင်ဂျင်နီယာတွေက ရှေးမူမပျက် ထိန်းသိန်းပြုပြင်တာ ဖြစ်ပါတယ်။ ဗလီတွေမှာ အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေအတွက် ဝတ်ပြုဆောင်တွေ ထည့်သွင်းပေးတာ၊ အလှမီးတွေ၊ မီးဆိုင်းတွေ၊ လေအေးပေးစက်တွေ တပ်ဆင်တာလည်း ပါဝင်ပါတယ်။

    ပြုပြင်ထိန်းသိမ်းခဲ့တဲ့ ဗလီဝတ်ကျောင်းတော်တွေထဲမှာ နှစ်ထောင်ချီရှိတဲ့ဗလီတွေ၊ နှစ်ရာချီရှိတဲ့ ဗလီတွေပါဝင်ပါတယ်။ စီမံကိန်း ပထမအဆင့်မှာ ပြုပြင်ပြီးစီးခဲ့တဲ့ ဗလီဝတ်ကျောင်းတော် ၃၀ ဟာ လက်ရှိမှာ ဝတ်ပြုသူတွေကို လက်ခံနိုင်နေပြီ‌ ဖြစ်ပါတယ်။

    သမိုင်းဝင်ဗလီတွေကို ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းမှာ ဗလီတွေရဲ့ သမိုင်းကြောင်းကို ဖော်ထုတ်တာ၊ မှတ်တမ်းပြုစုတာတွေလည်း ပါဝင်ပါတယ်။ ဆော်ဒီက ရှေးဟောင်း ဗလီဝတ်ကျောင်းတော်တွေမှာ အအေးဒဏ်ကို ခံနိုင်မယ့် မြေအောက်ဝတ်ပြုခန်းတွေ၊ ဧည့်တွေ့ဆောင်၊ ကိုယ်လက်သန့်စင်ရာနေရာနဲ့ ရေတွင်းတွေ ပါဝင်ပြီး ဒါတွေကိုလည်း ပြန်လည် ပြုပြင်ထိန်းသိမ်းထားပါတယ်။

    Ref: Arab News