News @ M-Media
Tag: Islam In UK
  • အင်္ဂလန်ရှိ ဗလီတစ်လုံး ဗြိတိန်၏ အမြင့်ဆုံး သမိုင်းအမွေအနှစ်စာရင်း ၀င်လာ
    အင်္ဂလန်ရှိ ဗလီတစ်လုံး ဗြိတိန်၏ အမြင့်ဆုံး သမိုင်းအမွေအနှစ်စာရင်း ၀င်လာ
    မတ် ၁၄၊ ၂၀၁၈
    M-Media
    – အင်္ဂလန်နိုင်ငံက ဗလီဝတ်ကျောင်းတော်တစ်လုံးဟာ ဗိသုကာလက်ရာ၊ သမိုင်းကြောင်းအရ အရေးပါမှုတွေကြောင့် ဗြိတိန်ရဲ့ သမိုင်းအမွေအနှစ်စာရင်းမှာ အမြင့်ဆုံးအဆင့် သတ်မှတ်ခံခဲ့ရပြီး ဒီလိုအဆင့်မျိုးရတဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော်လည်း ဖြစ်ပါတယ်။
    အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဆာရေးခရိုင် ၀ုကင်းမြို့က ‘ရှားဂျဟန်’ ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး မနေ့က သမိုင်းအမွေအနှစ် ပထမအဆင့် (Grade I) မှာ ထည့်သွင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ ဗြိတိသျှဘုရင်မကြီး စိုးစံရာ ဘက်ကင်ဟမ်နန်းတော်နဲ့ အဆင့်တူသွားတာလည်း ဖြစ်ပါတယ်။
    ၁၈၈၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်ဟာ ဗြိတိန်မှာ အစ္စလာမ်ဘာသာဝင်တွေအတွက် ပထမဆုံး အမြဲတမ်းဝတ်ပြုရာနေရာ ဖြစ်ခဲ့ပါတယ်။ ဗလီဝတ်ကျောင်းတော်ကို အော်တိုမန် တူရကီ ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားပြီး ၁၉၈၄ ခုနှစ်မှာ သမိုင်းအမွေအနှစ် ဒုတိယအဆင့် (Grade II) စာရင်းထဲ ပါဝင်ခဲ့တာပါ။
    ဗြိတိသျှအစိုးရရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီဗလီဝတ်ကျောင်းတော်ရဲ့အဆင့်ကို တိုးမြှင့်ပေးခဲ့သလို၊ အရင်က စာရင်းထဲမပါတဲ့ လန်ဒန်က သက်တမ်းရင့် အခြားဗလီဝတ်ကျောင်းတော် ၂ ခုကိုလည်း အမွေအနှစ်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
    “လှပတဲ့ ဒီဗလီဝတ်ကျောင်းတော်တွေကို သမိုင်းအမွေအနှစ်စာရင်းသွင်းခြင်းအားဖြင့် ကျွန်တောတို့ဟာ ၀တ်ပြုရာနေရာတွေရဲ့ အရေးပါမှုကို ထိန်းသိမ်းတာသာမကဘဲ အင်္ဂလန်က မွတ်စလင်လူ့အဖွဲ့အစည်း တွေရဲ့ ကြွယ်ဝတဲ့ သမိုင်းအမွေအနှစ်ကို ချီးမြှောက်တာလည်း ဖြစ်ပါတယ်” ဟု သမိုင်းအမွေအနှစ်ဆိုင်ရာဝန်ကြီး
    မီခေးလ် အီလစ်က ပြောကြားခဲ့ပါတယ်။
    ရှားဂျဟန် ဗလီဝတ်ကျောင်းတော်က ရှေ့ဆောင်အီမာမ်ကြီး ဟာဖစ်ဇ် ဟက်ရှ်မီကလည်း အခုလို သမိုင်းအမွေအနှစ်အဆင့်အတန်း တိုးမြှင့်ပေးလိုက်တာဟာ မိမိတို့ဗလီအတွက် ၀မ်းမြောက်စရာကိစ္စသာမကဘဲ ယူကေက မွတ်စလင်အသိုင်းအ၀ိုင်းအတွက် သတင်းကောင်းလည်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဒီဗလီဝတ်ကျောင်းတော်ဟာ ငြိမ်းချမ်းရေးစကား အစစ်အမှန်တွေကို ဖြန့်ဝေပေးနေပြီး၊ လူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေလည်း ပါဝင်နေပါတယ်။ ဒီငြိမ်းချမ်းရေးစကားကို ကျွန်တော်တို့ ဆက်လက် ဖြန့်ဖြူးပေးမှာဖြစ်ပြီး မိမိတို့လူ့အဖွဲ့အစည်း တစ်ခုတည်းအတွက်သာမကဘဲ တစ်နိုင်ငံလုံးအတွက် အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီပေးသွားမှာ ဖြစ်ပါတယ်”
    ဒီဗလီဝတ်ကျောင်းတော်ကို ဂျူးမိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ ဟန်ဂေရီပညာရှင် ဒေါက်တာ ဂေါ့တ်လစ်ဘ် လစ်တနာက ဦးစီးဆောက်လုပ်တာဖြစ်ပါတယ်။
    လစ်တနာဟာ အစ္စတန်ဘူလ်မှာ သူ့ရဲ့ငယ်ဘ၀ကို ဖြတ်သန်းခဲ့ရပြီး မြို့တွင်းက ဗလီဝတ်ကျောင်းတော်နဲ့တွဲနေတဲ့ မဒ်ရာဆာ စာသင်ကျောင်းမှာ ပညာဆည်းပူးခဲ့တာပါ။ နောက်ပိုင်း အင်္ဂလန်ကို ပြောင်းရွှေ့လာခဲ့ပြီး ၁၈၈၀ ပြည့်နှစ်တွေမှာ Oriental Institute ကို ၀ုကင်းမှာ တည်ထောင်ခဲ့ပါတယ်။
    ဗလီဝတ်ကျောင်းတော်အတွက် အိန္ဒိယနိုင်ငံ ဘိုပါလ်မြို့ကို အုပ်စိုးတဲ့ ဘုရင်မ ဘေဂွန် ရှားဂျဟန်က ငွေကြေးလှူဒါန်းပြီး လစ်တနာက ဗလီဝတ်ကျောင်းတော်ကို ဘုရင်မရဲ့အမည် ပေးခဲ့ပါတယ်။ ဒေါက်တာလစ်တနာဟာ သူ အစ္စတန်ဘူလ်မှာရှိနေစဉ်အတွင်း မြင်ခဲ့ရတဲ့ အော်တိုမန်ဗိသုကာလက်ရာတွေကို အတုယူတည်ဆောက်ခဲ့တာဖြစ်ပြီး အိန္ဒိယက နာမည်ကြီး တက်ဂ်ျမဟာလ် အဆောက်အဦးကို အတုခိုးခဲ့တယ်လို့လည်း ပြောစမတ်ရှိပါတယ်။
    ရှားဂျဟန် ဗလီဝတ်ကျောင်းတော်ဟာ ဗြိတိန်မွတ်စလင်တွေရဲ့ ဆုံမှတ်တစ်ခုဖြစ်ပြီး အခုအချိန်အထိ လည်ပတ်နေတဲ့ ဗလီဝတ်ကျောင်းတော်လည်း ဖြစ်ပါတယ်။
    လန်ဒန် ဂျာမေဗလီဝတ်ကျောင်းတော်နဲ့ မြို့လယ်ကောင် ရီဂျင့်ပါ့က်က အစ္စလာမ့်ယာဉ်ကျေးမှုစင်တာ၊ မြို့အနောက်တောင်ပိုင်းက ဖာဇဲလ် ဗလီဝတ်ကျောင်းတော်တို့လည်း မနေ့မှာ ဒုတိယအဆင့် သမိုင်းအမွေအနှစ်စာရင်း (Grade II) ၀င်ခဲ့ပါတယ်။
    အင်္ဂလန်နိုင်ငံတစ်ဝှမ်းက အဆောက်အဦးပေါင်း ၅ သိန်းနီးပါးမှာ Grade II ၀င်တဲ့ အရေအတွက်ဟာ ၅.၈ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒီအဆင့်ဝင်တဲ့ အဆောက်အဦးတွေကို ဗြိတိသျှအစိုးရက အထူးအရေးပါတဲ့ နေရာတွအဖြစ် သတ်မှတ်ကာ၊ ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပိုမိုလုပ်ဆောင်ပေးပါတယ်။
    REf: The National
  • အိမ်ယာမဲ့များ ညဖက်ဝင်အိပ်နိုင်ရန် ယူကေဗလီများ စီစဉ်ပေးထား
    အိမ်ယာမဲ့များ ညဖက်ဝင်အိပ်နိုင်ရန် ယူကေဗလီများ စီစဉ်ပေးထား
    မတ် ၃၊ ၂၀၁၈
    M-Media
    – လန်ဒန်မြို့ ဂရိတ်တား မန်ချက်စတာဒေသက ဗလီဝတ်ကျောင်းတော်တွေဟာ အိမ်ယာမဲ့တွေကို ညဖက် ဗလီထဲမှာ ၀င်အိပ်နိုင်အောင် စီစဉ်ပေးနေပြီး အေးခဲနေတဲ့ ရာသီဥတုမှာ သူတို့ ကြုံတွေ့နေတဲ့ ဒုက္ခတစ်ခုကို ပြေလည်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ ရက်တွေအတွင်း ဥရောပတစ်ဝှမ်းမှာ အလွန်အေးလာတာကြောင့် လောင်းဆိုက်ရပ်ကွက်က Makki ဗလီဝတ်ကျောင်းတော်၊ အိုလ်ဟမ်ရပ်ကွက်က ‘ဥရောပအစ္စလာမ့်စင်တာ’ တို့ဟာ လမ်းပေါ်မှာအိပ်ရတဲ့ အိမ်ယာမဲ့တွေကို ဗလီဝတ်ကျောင်းတော်ထဲမှာ ၀င်အိပ်နိုင်အောင်၊ ပူပူနွေးနွေး အစားအသောက်တွေ စားသောက်နိုင်အောင်၊ ရေမိုးချိုးနိုင်အောင် စီစဉ်ပေးခဲ့ကြပါတယ်။
    ချီတ်ဟမ်ဟေးလ်က Khizra ဗလီဝတ်ကျောင်းတော်ဟာလည်း နေ့ခင်းဖက်မှာ အိမ်ယာမဲ့တွေကို ၀င်ရောက်နေထိုင်ခွင့် ပေးထားပြီး သူတို့ကိုကူညီပေးဖို့အတွက် Booth Center နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
    Makki ဗလီဝတ်ကျောင်းရဲ့ တာဝန်ရှိသတစ်ဦးက ကြာသာပတေးနေ့မှာ အိမ်ယာမဲ့ ၅ ယောက်လောက်ကို ဗလီဝတ်ကျောင်းတော်အတွင်းမှာ သိပ်ခဲ့ပြီး သောကြာနေ့မှာလည်း ဒီလိုမျိုး ဆက်လက်စီစဉ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    အိုလ်ဟမ်မြို့ကောင်စီဝင်တစ်ဦးဖြစ်သူ ဖီဒါဟူစိန်က ‘ဥရောပအစ္စလာမ့်စင်တာ’ ကို နောက်ထပ် ၇ ရက် ဒါမှမဟုတ် ရာသီဥတု ကောင်းလာတဲ့အထိ ဖွင့်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    “လိုအပ်နေတဲ့သူတွေကို ပြည်သူတွေက လာရောက်ကူညီတာ အားရစရာကောင်းပါတယ်။ အိုလ်ဟမ်မှာ စေတနာ့ဝန်ထမ်းတွေဟာ အေးနေတဲ့ကြားထဲက ထွက်ပြီး မြို့အတွင်းမှာ အိမ်ယာမဲ့တွေကို ရှာဖွေကာ ဒီစင်တာကို ခေါ်လာကြပါတယ်”
    တက္ကဆီသမားတွေကလည်း အိမ်ယာမဲ့တွေကို အခမဲ့ ခေါ်လာပေးကြောင်း၊ ပတ်ဝန်းကျင်အိမ်တွေက ဟင်းအမျိုးမျိုးချက်ကာ စင်တာကိုပို့ပြီး အိမ်ယာမဲ့တွေကို ကျွေးမွေးကြကြောင်း ဟူစိန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “တွေ့ရမြင်ရတာ အရမ်းကို ကြည်နူးစရာကောင်းပါတယ်”
    KHizra ဗလီဝတ်ကျောင်းတော်က သူတို့အနေနဲ့ ညဖက် အိပ်စရာမရှိသူတွေကို ဆက်လက်နေရာပေးသွားမှာဖြစ်ကြောင်း၊ ဗလီဝတ်ကျောင်းတော်ကို လာရောက်ဖို့ ကုန်ကျစားရိတ်ကိုလည်း ကျခံသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    Oldham Food Aid Hub အဖွဲ့ကတော့ ညဖက် အိပ်စရာမရှိတဲ့ အိမ်ယာမဲ့တွေကိုတွေ့ရင် နီးစပ်ရာဗလီတွေကို ပို့ပေးဖို့ ပြည်သူတွေကို ဆိုရှယ်မီဒီယာကနေတစ်ဆင့် တိုက်တွန်းထားကာ တက္ကဆီခ ပေးမယ်လို့လည်း ပြောကြားထားပါတယ်။
    Ref : Manchester Evening News
  • ဗြိတိန်ကဗလီတွေ ပတ်ဝန်းကျင်နဲ့ ဘယ်လို နားလည်မှုတည်ဆောက်သလဲ
    ဗြိတိန်ကဗလီတွေ ပတ်ဝန်းကျင်နဲ့ ဘယ်လို နားလည်မှုတည်ဆောက်သလဲ
    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၈
    M-Media
    လန်ဒန်မြို့မြောက်ဖက်က Finsbury Park ဗလီဝတ်ကျောင်းတော်ကို ဗြိတိန်မွတ်စလင်ကောင်စီရဲ့ အကြီးအကဲ ဟာရွန်ခန်း၊ ဒေသတွင်း လွှတ်တော်အမတ် အီမီလီ သောန်ဘာရီ၊ လေဘာပါတီခေါင်းဆောင် ဂျယ်ရီမီ ကော်ရ်ဘန်တို့အပါအ၀င် လူတော်တော်များများ လာရောက်ခဲ့ကြပါတယ်။
    – အစ္စလာမ်သာသနာနဲ့ပတ်သက်ပြီး အထင်မှား အမြင်မှား ဖြစ်နေတာတွေကို တိုက်ဖျက်ဖို့အတွက် ဗြိတိန်မွတ်စလင်ကောင်စီက ဦးဆောင်ကာ Visit My Mosque Day လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ဗြိတိန်တစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်ပေါင်း ၂၀၀ ကျော်လောက် ပါဝင်ခဲ့ပါတယ်။
    အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေ ဗလီဝတ်ကျောင်းတော်ကို လာရောက်လည်ပတ်နိုင်အောင်၊ အစ္စလာမ်နဲ့ ပတ်သက်ပြီး မရှင်းလင်းတာတွေကို မေးမြန်းနိုင်အောင် စီစဉ်ပေးတဲ့ ဒီလှုပ်ရှားမှုဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးရဖို့၊ အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
    လန်ဒန်မြို့မြောက်ဖက်က Finsbury Park ဗလီဝတ်ကျောင်းတော်ကို ဗြိတိန်မွတ်စလင်ကောင်စီရဲ့ အကြီးအကဲ ဟာရွန်ခန်း၊ ဒေသတွင်း လွှတ်တော်အမတ် အီမီလီ သောန်ဘာရီ၊ လေဘာပါတီခေါင်းဆောင် ဂျယ်ရီမီ ကော်ရ်ဘန်တို့အပါအ၀င် လူတော်တော်များများ လာရောက်ခဲ့ကြပါတယ်။
    “ဒီတနင်္ဂနွေ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြုလုပ်တဲ့ Visit My Mosque Day ဟာ ပြီးခဲ့တဲ့နှစ်က ဗလီဝတ်ကျောင်းတော်ကို တိုက်ခိုက်မှုနောက်ပိုင်း ထိလွယ်ရှလွယ်အနေအထားမျိုးမှာ ပြုလုပ်တဲ့ ပထမဆုံး လှုပ်ရှားမှုပါပဲ။ ဗလီဝတ်ကျောင်းတော်အတွက်တော့ ဒါဟာ ဒေသတွင်းလူ့အဖွဲ့အစည်းနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ အရေးပါတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပြီး၊ Finsbury Park ဗလီဝတ်ကျောင်းတော်ဟာ သာမန် ၀တ်ပြုရာနေရာတစ်ခုထက် ပိုတယ်ဆိုတာ ပြသလိုက်တာလည်း ဖြစ်ပါတယ်” လို့ ဂေါပကဥက္ကဌ မိုဟာမက် ကော့ဇ်ဘာက ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်မှာ ဒါရန် အော့စ်ဘုန်းဆိုသူက ဒီဗလီဝတ်ကျောင်းတော်ကနေ ထွက်လာသူတွေကို ကားနဲ့ဝင်တိုက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ၊ အများအပြား ဒဏ်ရာရခဲ့ပါတယ်။
    ဘရိုက်တန်မြို့က အလ်မဒီနာဗလီဝတ်ကျောင်းတော်
    အင်္ဂလန်တောင်ပိုင်း ဘရိုက်တန်မြို့က အလ်မဒီနာဗလီဝတ်ကျောင်းတော်ကို လာရောက်လေ့လာ လည်ပတ်သူဟာ ရာနဲ့ချီ ရှိခဲ့ပါတယ်။
    တာဝန်ရှိသူတွေက ဗလီဝတ်ကျောင်းတော်ကို လှည့်လည်ပြသခဲ့ပြီး နေ့လည်စာ တည့်ခင်းကျွေးမွေးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
    ဘရက်ဖို့ဒ်မြို့က မဒ်နီ ဗလီဝတ်ကျောင်းတော်ကို ဘရက်ဖို့ဒ် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဆရာတော် တိုနီ ဟောင်းဝါ့သ်အပါအ၀င် လူတော်များများ လာရောက်လည်ပတ်ခဲ့ကြပါတယ်။
    အင်္ဂလန်နိုင်ငံအလယ်ပိုင်း အနောက်ယော့ခ်ရှိုင်းယားဒေသ ဘရက်ဖို့ဒ်မြို့က မဒ်နီ ဗလီဝတ်ကျောင်းတော်ကို ဘရက်ဖို့ဒ် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဆရာတော် တိုနီ ဟောင်းဝါ့သ်အပါအ၀င် လူတော်များများ လာရောက်လည်ပတ်ခဲ့ကြပါတယ်။
    ဘရက်ဖို့ဒ်ခရိုင်က အခြားဗလီဝတ်ကျောင်းတော်တွေကိုလည်း လာရောက်သူ ရာနဲ့ချီ ရှိခဲ့ပါတယ်။
    “လာရောက်သူတွေကို ဗလီ၊ အစ္စလာမ့်စင်တာတို့ကို ကျွန်တော်တို့ လိုက်ပြတယ်။ ရှေ့ဆောင်အီမာမ်က ဗလီဝတ်ကျောင်းတော်ရဲ့ အခန်းကဏ္ဍ၊ ဗလီထဲမှာ အသုံးပြုနေတဲ့ အရာတွေအကြောင်းကို ရှင်းပြခဲ့ပါတယ်” လို့ မဒ်နီဗလီက တာဝန်ရှိသူ ရီဖာကသ်အလီက ပြောကြားခဲ့ပါတယ်။
    ဝေးလ်နိုင်ငံ နယူးပေါ့တ်မြို့က နယူးပေါ့အစ်ကရာဗလီနဲ့ ဂျာမီယာ ဗလီဝတ်ကျောင်းတော်တို့ဟာလည်း Visit My Mosque Day လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်မှာ အာရဘီ စာပန်းချီနဲ့ အခြား စိတ်ဝင်စားဖွယ် ပြခန်းတွေကိုလည်း ထည့်သွင်းခဲ့ပါတယ်။
    ဂျာမီယာ ဗလီဝတ်ကျောင်းတော်ဟာ ဒီလှုပ်ရှားမှုမျိုးကို ပထမဆုံး ပြုလုပ်တာ ဖြစ်ပါတယ်
    ဂျာမီယာ ဗလီဝတ်ကျောင်းတော်ဟာ ဒီလှုပ်ရှားမှုမျိုးကို ပထမဆုံး ပြုလုပ်တာဖြစ်ပြီး ဗလီတာဝန်ရှိသူ မိုဟာမက်ရဟ်မန်က ဒီလှုပ်ရှားမှုကြောင့် လူ့အဖွဲ့အစည်းတွေကြားထဲမှာ ပေါင်းစည်းမှု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
    “ဒီဗလီဝတ်ကျောင်းတော်ဟာ အမြဲတမ်း တံခါးဖွင့်ထားပြီး မွတ်စလင်မဟုတ်သူတွေလည်း ကြိုက်တဲ့အချိန် လာနိုင်ပါတယ်။ ဒီနေ့ဟာ လူ့အဖွဲ့အစည်းတွေ ကျွန်တော်တို့ဆီလာပြီး ကျွန်တော်တို့ ထုံးတမ်းတွေကို လေ့လာဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်။ လူတွေအားလုံးလာကြပြီး သူတို့စိတ်ထဲမှာ သိချင်နေတဲ့ မေးခွန်းတွေကို
    မေးမြန်းကြတာ ကျွန်တော်တို့အတွက်လည်း ကောင်းပါတယ်။ ဒါဟာ ကျွန်တော်တို့ကြားထဲက လစ်ဟာမှုတွေ၊ အထင်အမြင်မှားမှုတွေကို လျော့ကျစေမှာပါ။ ဒီနေ့ဟာ လူတိုင်းအတွင်း ပျော်ရွှင်စရာ နေ့တစ်နေ့ပါပဲ”
    Ref: thetelegraphandargus, yenisafak,southwalesargus
  • မွတ်စလင်များအား အကြမ်းဖက်တိုက်ခိုက်သူကို ဗြိတိန်က ထောင်တစ်သက်ချ
    မွတ်စလင်များအား အကြမ်းဖက်တိုက်ခိုက်သူကို ဗြိတိန်က ထောင်တစ်သက်ချ
    ဖေဖော်ဝါရီ ၃၊ ၂၀၁၈
    M-Media
    – ပြီးခဲ့တဲ့နှစ် ဇွန်လက လန်ဒန်မြို့ ဗလီဝတ်ကျောင်းတော်တစ်လုံးရဲ့ရှေ့မှာ မွတ်စလင်တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဒါရန် အော့စ်ဘုန်းကို ဗြိတိန်က ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။
    မနေ့မှာတော့ ဒီစွဲချက်တွေအတွက် ထောင်ဒဏ်တစ်သက်ကျခံဖို့ အမိန့်ချခဲ့ပါတယ်။
    “ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုပါ။ ခင်ဗျားဟာ လူသတ်မှုကို ရည်ရွယ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်” လို့ တရားသူကြီး Cheem-Grubb က အမိန့်မချခင်မှာ ပြောကြားခဲ့ပါတယ်။
    Ref: The Guardian
  • လန်ဒန်ဗလီအား တိုက်ခိုက်ခဲ့သူကို လူသတ်မှုဖြင့် အပြစ်ရှိကြောင်း ဗြိတိန်တရားရုံး ဆုံးဖြတ်
    လန်ဒန်ဗလီအား တိုက်ခိုက်ခဲ့သူကို လူသတ်မှုဖြင့် အပြစ်ရှိကြောင်း ဗြိတိန်တရားရုံး ဆုံးဖြတ်
    ဖေဖော်ဝါရီ ၂၊ ၂၀၁၈
    M-Media
    – လန်ဒန်က ဗလီဝတ်ကျောင်းတော်တစ်လုံးရဲ့ရှေ့မှာ မွတ်စလင်တွေကို ကားနဲ့ဝင်တိုက်ခဲ့သူကို ဗြိတိန်တရားရုံးက ယမန်နေ့မှာ လူသတ်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ဒီကနေ့မှာ အမိန့်ချမယ်လို့ သိရပါတယ်။
    အသက် ၄၈ နှစ်အရွယ် ဒါရင် အော့စ်ဘုန်းဟာ ၂၀၁၇ ခုနှစ် ဇွန်လက ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး လူတစ်ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    အော့စ်ဘုန်းက သူ့အနေနဲ့ ဒီတိုက်ခိုက်မှုအတွက် တာဝန်မရှိဘူးလို့ လျှောက်လဲခဲ့ပေမယ့် အတိုက်အခံလေဘာပါတီခေါင်းဆာင် ဂျယ်ရီမီ ကော်ရ်ဘန်နဲ့ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းတို့ကို သတ်ဖြတ်ချင်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
    ၈ ရက်ကြာ ကြားနာမှုအပြီးမှာ ၀ူးလ်ဝစ်ခ်ျခရောင်းတရားရုံးက အော့စ်ဘုန်းကို လူသတ်မှု၊ လူသတ်ရန်ကြိုးပမ်းမှုတွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အမိန့်ချမှတ်မှုကိုတော့ ဒီကနေ့မှာ ပြုလုပ်မှာပါ။
    သက်သေအထောက်အထားတွေအရ အော့စ်ဘုန်းဟာ အစွန်းရောက်နေခဲ့တယ်ဆိုတာကို ပြသနေတယ်လို့လည်း တရားရုံးက ပြောကြားခဲ့ပါတယ်။
    အော့စ်ဘုန်းဟာ ဗြိတိန်က လက်ယာစွန်းရောက်အဖွဲ့ Britain First ဒုတိယခေါင်းဆောင် ဂျေဒါ ဖရန်ဆန်ရဲ့ တိုက်ရိုက်ညွှန်ကြားချက်တွေ Twitter ကနေတစ်ဆင့် ရရှိခဲ့တယ်လို့လည်း စုံစမ်းစစ်ဆေးမှုတွေမှာ တွေ့ခဲ့ရပါတယ်။
    Ref: NY Times