News @ M-Media

Tag: islamic education

  • အင်ဒိုနီးရှားတွင် ကမ္ဘာ့အကြီးဆုံး အစ္စလာမ်လေ့လာရေးစင်တာကို တည်ဆောက်သွားမည်

    အင်ဒိုနီးရှားတွင် ကမ္ဘာ့အကြီးဆုံး အစ္စလာမ်လေ့လာရေးစင်တာကို တည်ဆောက်သွားမည်

    ဇွန် ၁၀၊ ၂၀၁၅
    M-Media

    indo

    – စစ်မှန်သည့် အစ္စလာမ့်သွန်သင်ချက်များ ကမ္ဘာတစ်ဝှမ်းသို့ ပြန့်နှံ့ရန် ဆောင်ရွက်မှုအဖြစ် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ အစ္စလာမ့်သင်ကြားရေးစင်တာကို တည်ဆောက်သွားမည်ဟု ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံး နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံက ကြေညာလိုက်သည်။

    “အစ္စလာမ့်ရေးရာ လေ့လာမှုအတွက် နိုင်ငံတကာစင်တာတစ်ခု တည်ဆောက်ဖို့ ကျွန်တော်တို့ဟာ မြေဧရိယာ ၂၀၀ ဟက်တာကို စီစဉ်သွားမှာပါ” ဟု ဒုတိယသမ္မတ ဂျူဆက်ဖ် ကာလ်လာက Antara သတင်းအေဂျင်စီသို့ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ မိမိတို့နိုင်ငံအနေဖြင့် အစ္စလာမ်သာသနာ ပြန့်နှံရေးဆောင်ရွက်ရာတွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်သွားရမည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “ဒီအတွက် ကျွန်တော် ကျေးဇူးတင်မိပါတယ်။ ကမ္ဘာပေါ်မှာ အစ္စလာမ်သာသနာ တိုးတက်ရာမှာ အင်ဒိုနီးရှားဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ရပါမယ်”

    မွတ်စလင်ကမ္ဘာတွင် ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းရာ၌ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရန်အတွက် မကြာသေးမီက ဘန်ဒေါင်တွင် ကျင်းပပြုလုပ်ခဲ့သော အိုအိုင်စီ၏ ၂၀၁၅ အာရှ-အာဖရိက ညီလာခံတွင် အစိုးရများက
    တိုက်တွန်းပြီးနောက် အင်ဒိုနီးရှားက ယခုအစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ အစ္စလာမ်လေ့လာရေးစင်တာမှာ အီဂျစ်နိုင်ငံမှ နာမည်ကျော် အလ်-အဇ်ဟာရ်တက္ကသိုလ်ကဲ့သို့ အစ္စလာမ် သာသနာ့ရေးရာများကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

    “တကယ်လို့ လူတွေဟာ အစ္စလာမ်နဲ့ပတ်သက်လို့ ပိုပြီး နက်နက်ရှိုင်းရှိုင်း သိချင်ရင် သူတို့ အင်ဒိုနီးရှားကို လာရုံပါပဲ” ဟု ဒုတိယသမ္မတက ထပ်လောင်းပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံဖြစ်ပြီး လူဦးရေ ၂၃၇ သန်းတွင် ၈၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာာသာဝင်များ ဖြစ်ကြသည်။ ခရစ်ယာန်ဘာသာဝင်များမှာ နိုင်ငံလူဦးရေ၏ ၁၂ ရာခိုင်နှုန်း ရှိလေသည်။

    Ref: Onislam

  • နွေရာသီအစ္စလာမ့် လူငယ်များ ယဉ်ကျေးမှု ရက်တိုသင်တန်း ဖွင့်လှစ်

    နွေရာသီအစ္စလာမ့် လူငယ်များ ယဉ်ကျေးမှု ရက်တိုသင်တန်း ဖွင့်လှစ်

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်  ။      ။    အနာဂတ်လူငယ်များ အသိပညာအတွက်  ရည်ရွယ်လျက် လူငယ်များ အစ္စလာမ်ဘာသာနှင့် ပတ်သက်သည့် ယဉ်ကျေးမှုများကို သိစေရန်အတွက် နွေရာသီအစ္စလာမ့် လူငယ်များယဉ်ကျေးမှု ရက်တိုသင်တန်းတစ်ခုကို သာကေတမြို့နယ် အနော်မာရပ်ကွက်ရှိ ဘာသာရေး စာသင်ကျောင်းတွင် ယနေ့ ဧပြီလ ၂၀-ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

    10268565_691303060912167_8967650971304569046_n

    “အစ္စလာမ်ဘာသာဝင် ကလေးတွေကို အစ္စလာမ်ရဲ့ယဉ်ကျေးမှုတွေ ဘာသာတရားရဲ့အခြေခံတွေ အနှစ်သာရလေးတွေကို သိအောင်လို့ ဒီလိုမျိုး သင်တန်းလေးတွေဖွင့်ပေးရတာဖြစ်တယ်။ အစ္စလာမ်နဲ့ ပတ်သက်ပြီး မြန်မာ့သမိုင်းတွေ ကလေးငယ်တွေကို သိအောင်လို့ သင်ပေးသင့်တယ် လို့လည်း ထင်ပါတယ်။ ဒီလိုသင်တန်းတွေကို တတ်နိုင်သလောက်ဖွင့်ပေးသွားမှာပါ”ဟု သင်တန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးစိုးအောင် က ပြောကြားခဲ့သည်။

    သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှစတင်ကာ ၃၀ ရက်နေ့ထိ နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိ ဖွင့်လှစ်မည် ဖြစ်ပြီး အစ္စလာမ်နှင့်ပတ်သက်သော သိပ္ပံ၊ အစားအစာ၊ ၀တ်စားဆင်ယင်မှု၊ ကျန်းမာရေး၊ ပညာရေး၊ လူငယ်များ အကြောင်း စသည်တို့ကိုပို့ချသွားမည်ဖြစ်သည်။ ထို့ပြင် အစ္စလာမ်နှင့် အမျိုးသမီးများ၊ အစ္စလာမ်နှင့် သရုပ်မှန်၊ ဘာသာတရာကြီးငါးခုအကြောင်း စသည့် အကြောင်းအရာ များကို ပို့ချသင်ကြားသွားမည် ဖြစ်ပါသည်။ ကလေးများအတွက် မဖြစ်မနေ သိသင့်သော ကုရ်အာန် ကျမ်းတော်မြတ်အကြောင်းအရာများကိုပါ ပို့ချသွားမည် ဖြစ်သည်။

    ထိုအကြောင်းအရာများကို အလ်ဟာဂ်ျဦးအေးလွင်၊ ဆရာဦးမင်းနိုင်၊ အဏ္ဍ၀ါမောင်စိန်၊ မောင်လာနာ အုမရ်မြင့်နိုင်၊  ဒေါက်တာသန်းဝင်း၊  ဒေါက်တာဆောင်းလွင်အောင်၊ ဒေါက်တာသန်းမင်းထိုက်၊ ဆရာဦးစိန်ဝင်း၊ ဆရာဦးမြသန်း၊ ဦးမောင်မောင်လွင်၊ ဟာဂျီမဒေါ်မြမြသန်း၊ ဒေါက်တာခင်မွန်မွန်၊ တရားလွှတ်တော်ရှေ့နေဦးမောင်မောင်တင် စသည်ဆရာ၊ ဆရာမများက သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ရက်တိုသင်တန်းတွင် အသက်အရွယ်အကန့်အသက်အဖြစ် အလယ်တန်းနှင့် အထက်အဖြစ် သတ်မှတ် ထားကြောင်းလည်း သိရသည်။ အဆိုပါနွေရာသီရက်တိုသင်တန်းများကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၁၄ နှစ်မှ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ နောင်နှစ်များတွင်လည်း ယခုကဲ့သို့သင်တန်းများဆက်ဖွင့်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။