ဇူလိုင် ၃၊ ၂၀၁၅
M-Media
– မက္ကာမြို့ရှိ ကအ်ဘာကျောင်းတော်၌ ဟဂ်ျနှင့် အွမ္မရာ ပြုလုပ်ရာတွင် အဆင်ပြေစေမည့် စမတ်ဖုန်း အက်ပလီကေးရှင်းတစ်ခုကို ဆော်ဒီ တက္ကသိုလ်တစ်ခုက ထုတ်လုပ်ဖြန့်ချီလိုက်သည်ဟု သိရသည်။
Tawaf ဟု အမည်ပေးထားသည့် အဆိုပါ အက်ပလီကေးရှင်းမှာ ကအ်ဘာကျောင်းတော်အား လက်ဝဲရစ် သ၀ါးဖ်လှည့်ရာတွင် အကြိမ်အရေအတွက်ကို အလိုအလျောက် မှတ်သားပေးမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အကြိမ်အရေအတွက် ပြည့်သွားသည့်အခါ အသိပေးမည်ဖြစ်သည်။
အဆိုပါအက်ပလီကေးရှင်းကို Google Play တွင် အခမဲ့ ဒေါင်းလုပ်ဆွဲနိုင်မည်ဖြစ်ကာ ဖုန်းအတွင်း ထည့်သွင်းပြီးပါက ကအ်ဘာကျောင်းတော်ရှိ စနစ်များနှင့် ချိတ်ဆက်ပေးသွားမည်ဖြစ်သည်။
မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်၏ သတင်းအချက်အလက်နှင့် နည်းပညာဒါရိုက်တာဖြစ်သူ ဘန်ဒါ အလ်-ခါဇင်မ်က အဆိုပါ အက်ပလီကေးရှင်းကို အွမ် အလ်-ကူရာ တက္ကသိုလ်ရှိ နည်းပညာ တီထွင်ဆန်းသစ်ရေးစင်တာက တီထွင်ထုပ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်တွင်း မီဒီယာများသို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
“Tawaf အက်ပလီကေးရှင်းဟာ သင့်ရဲ့ ပြီးဆုံးသွားတဲ့ သ၀ါးဖ်အရေအတွက်ကို မှတ်သားရာမှာ ကူညီမှာဖြစ်ပြီး အားလုံးပြီးဆုံးသွားတဲ့အခါ အကြောင်းကြားမှာဖြစ်ပါတယ်။ ဟရမ်ကျောင်းတော်အတွင်း ဘယ်နေရာမှာ တည်ရှိလဲဆိုတာကိုသိဖို့ Bluetooth၊ ၀ိုင်ဖိုင်နဲ့ လှုပ်ရှားမှု ဆင်ဆာတွေလို ဖုန်းအတွင်းက ဆင်ဆာတွေကို အသုံးပြုမှာဖြစ်ပါတယ်” ဟု Google Play တွင် ထုတ်လုပ်သူများက ဖော်ပြထားသည်။
ထို့ပြင် GPS ထက် ဘတ္ထရီအစားသက်သာသည့် Bluetooth Low Energy နည်းပညာကို စမ်းသပ်နေသောကြောင့် လက်ရှိတွင် Bluetooth ကိုသာ အသုံးပြုနေကြောင်း ၎င်းတို့က ဆိုသည်။
အလ်-ခါဇင်ကမူ ဘုရားဖူးလာသူများနှင့် ၀န်ထမ်းများအတွက် မိမိတို့၏ စင်တာမှာ အလ်-ဟရမ် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း အခမဲ့ ၀ိုင်ဖိုင်ကို စီစဉ်ပေးသွားမည်ဖြစ်ပြီး အစ်ဖ်သာရ် ၀ါဖြေအစီအစဉ်နှင့် အေသေကားဖ် (ရမ်ဇာန်ဥပုသ်လ နောက်ဆုံး ၁၀ ရက်တွင် တရားထိုင်ခြင်း) အစီအစဉ်ကိုလည်း စီစဉ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထိုအက်ပလီကေးရှင်းကို အာရဘီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ တူရကီ၊ အူရဒူနှင့် ဖာရ်စီ ဘာသာစကားများဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
အထူးအရေးပေါ်တပ်ဖွဲ့မှ အကြီးအကဲ ဗိုလ်ချုပ် ခါလစ်ဒ် ကွာရာ အလ်-ဟာဘီးကမူ ရမ်ဇာန်ဥပုသ်လ၏ ဒုတိယ ၁၅ ရက်တွင် ဘုရားဖူးလာရောက်ကြသူ အရေအတွက်မှာ ၈၀ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု မျှော်လင့်ရပြီး နောက်ဆုံး ၁၀ ရက်တွင် ပိုများမည်ဖြစ်ကာ မြင့်တက်လာသော လူဦးရေအတွက် အစီအစဉ်များကိုလည်း စီစဉ်ထားပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
သ၀ါးဖ်ဆိုသည်မှာ ကအ်ဘာကျောင်းတော်အား လက်ဝဲရစ် ၇ ပတ် လှည့်ပတ်ခြင်းဖြစ်ပြီး ဟဂ်ျနှင့် အွမ္မရာ ဘုရားဖူးခရီးစဉ်များတွင် ဆောင်ရွက်ရသည်။ ထို့သို့ဆောင်ရွက်ခြင်းမှာ တစ်ဆူတည်းသော ဘုရားသခင်အား ၀တ်ပြုရာတွင် ယုံကြည်သူများ၏ စည်းလုံးညီညွတ်မှုကို ဖော်ပြခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။
Ref: Arabnews