News @ M-Media

Tag: JefreyTinOhn

  • “နိုင်ငံသား နှင့် ဧည်နိုင်ငံသားကို ဘာသာ၊သာသနာနှင့် ခွဲခြားရင် အဓိပ္ပါယ် ရှိပါ့မလား ဝန်ကြီးမင်း”

    “နိုင်ငံသား နှင့် ဧည်နိုင်ငံသားကို ဘာသာ၊သာသနာနှင့် ခွဲခြားရင် အဓိပ္ပါယ် ရှိပါ့မလား ဝန်ကြီးမင်း”

    ဧပြီ ၆ ၊ ၂၀၁၆
    M-Media
    ဂျက်ဖရီတင်အုန်း ရေးသည်။

    133
    Cartoon Credit လဂွန်းအိန်

    ပြောင်းလဲချိန်တန်ပြီ (Time to change) ဟူသော တိုက်ပွဲခေါ်သံဖြင့် ရွေးကောက်ပွဲဝင်ခဲ့သော ပြည်သူ့ပါတီ NLD အောင်ပွဲခံခဲ့ရသည်မှာ အာဏရှင်စနစ်ကို မလိုလားသောလူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ဆန္ဒမဲပေးခဲ့ကြသော နိုင်ငံသူ နိုင်ငံသားများကြောင့် ဖြစ်ပေသည်။ထို့ကြောင့်လည်း လူထုခေါင်းဆောင် အမေစု ဦးသျှောင်အစိုးရ အဖွဲ့အား ဂုဏ်ပြု၊ အလှူပွဲများကို မြို့လုံးကျွတ်၊ ရွာလုံးကျွတ်၊ လမ်းလုံးကျွတ် ကျင်းပခဲ့သည်မှာ ၁-၄-၂၀၁၆ ရက်နေ့က အစိုးရတစ်ရပ် အပြောင်းအလဲလုပ်တဲ့နေ့တွင် သမိုင်းဝင်ခဲ့ပါတယ်။

    အစိုးရဝန်ကြီးဌာနများတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် အရေးပါသော ဝန်ကြီးဌာနတစ်ခု ဖြစ်ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု အစိုးရအဖွဲ့သည် ၂၀၁၀- ခုရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု အမတ်လည်း ဖြစ်သူ၊ န.ဝ.တ၊ န.အ.ဖ စစ်အစိုးရ လက်ထက်တွင် သာသနာရေး ဒု-ဝန်ကြီး သူရဦးအောင်ကိုအား ယခု အစိုးရသစ်အဖွဲ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးအဖြစ် တာဝန်ယူစေခဲ့ပါသည်။

    ၂-၄-၂၀၁၆ နေ့ V.O.A ညပိုင်းအစီအစဉ်မှ ထို ဝန်ကြီးမင်းနှင့် VOA သတင်းထောက် ခေါ်ခင်စိုးဝင်းတို့ရဲ့ တွေ့ဆုံမေးမြန်းခန်းကို ထုတ်လွှင့်ခဲ့ပါတယ်။ ထိုတွေ့ဆုံမေးမြန်းခန်းတွင် ဝန်ကြီးရဲ့ ဖြေကြားချက်တွင် တိုင်းရင်းသား ဘာသာတွေဖြစ်တဲ့ ခရစ်ယာန်ဘာသာ နောက် ဧည့်သည်နိုင်ငံသားအများစု ကိုးကွယ်ခဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ အပါအဝင် အခြားဘာသာငယ်တွေ အပေါ်မှာ ယခင် တပ်မတော်အစိုးရလက်ထပ်မှာ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး ဟု ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့ အထောက်အထားမဲ့စွာ ရမ်းဆပြောဆို ခဲ့ခြင်းကြောင့် သမိုင်းဝင် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ် ဘာသာဝင်များ စိတ်နှလုံး ထိခိုက်ကြေကွဲခဲ့ ရပါသည်။ ဒေါသအိုးပေါက်ကွဲ ခဲ့ရတော့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုသော အာဏာရ အစိုးရအပေါ် အချို့က နောက်ကျောမှ ဓားနှင့်ထိုးတဲ့ လုပ်ရပ်ဟု မြင်ကြသည်။ အချို့ကလည်း ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့ လုပ်ရပ်ဟု မြင်သူတွေလည်း ရှိကြသည်။

    လူသိများသော ဘာသာကြီး လေးခုဖြစ်တဲ့ ဗုဒ္ဒဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာ တို့သည် နိုင်ငံရပ်ခြားမှ ပြန့်နှံ့ရောက် ရှိလာသော သာသနာများသာ ဖြစ်ပါသည်။ မူလကတည်းက မြန်မာနိုင်ငံမှာ တည်ရှိခဲ့သော သာသနာဆိုလို့ နတ်ကိုးကွယ်မှု များသာ ဖြစ်ပါကြောင်း လေ့လာတွေ့ ရှိပါသည်။

    ဘာသာ သာသနာဟူသည် သက်ဆိုင်ရာယုံကြည်သူတိုင်းကို ဘဝတည်ဆောက်မှု နည်းလမ်းများကို သင်ကြားပြသပေးသည်။ နိုင်ငံတစ်ခု၏ နယ်နမိတ်၊ လူမျိုး အသားအရောင်၊ ဆင်းရဲချမ်းသာပေါ် မူတည်၍ အဆင့်အတန်း ခွဲခြားမှု မရှိပေ။ ယဉ်ကျေးသော ကမ္ဘာ့လူ့အဖွဲ့အစည်းက ဘာသာ သာသနာနှင့် ပတ်သတ်၍ အိမ်ရှင်သာသနာ၊ ဧည့်သည်သာသနာဟူ၍ ခွဲခြားခြင်း၊ လုံးဝမရှိချေ။

    သာသနာရေးဝန်ကြီး အထောက်အထားမဲ့ပြောဆိုခဲ့သော ဧည့်နိုင်ငံသားအများစု ကိုးကွယ်တဲ့ အစ္စလာမ်ဘာသာဝင်သည် နယ်ချဲ့အင်္ဂလိပ် လက်ထက်နောက်ကျရောက်စဉ် ဆင်ကန်း တောတိုး မြေစမ်း ခရမ်းပျိုး ကြက်ကန်းဆန်အိုးတိုး ပုံစံမျိုး ဝင်ရောက်လာခဲ့ကြသူများဟု ဆိုလိုချင်ပုံ ပေါ်သည်။ တာဝန်မဲ့စွာ ပြောဆိုလိုက်ခြင်းဖြစ်သည်။

    နဝတ၊ နအဖ စစ်အစိုးရခေတ်၊ ၁၉၉၇ ခုနှစ်က ကာကွယ်ရေး ဝန်ကြီးဌာန၊ ဦးစီးအရာရှိ၊ ပထမတန်း၊ ဒုတိယဗိုလ်မှူးကြီးဝင်းမောင်၊ တာဝန်ခံ ထုတ်ဝေခဲ့တဲ့ သာသနာရောင်ဝါထွန်းစေဖို့ အမည်ရှိ စာအုပ်သည် စစ်အစိုးရခေါင်းဆောင်များ သဘောတူညီချက်ဖြင့် ထုတ်ဝေခဲ့သော သမိုင်းစာအုပ်လေး တစ်အုပ်ဖြစ်သည်။ ထိုစာအုပ် စာမျက်နှာ ၆၅ တွင် အစ္စလာမ် သာသာနာတော်သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်၊ ၁၂၀၀ ကျော်ခန့်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သက်သေထူထားသည်။

    ၁၉၇၃ ခု ဇူလိုင်လထုတ် တက္ကသိုလ်ပညာ၊ ပဒေသာစာစောင်အတွဲ ၃ တွင် ပုဂံကျောက်စာများအရ အစ္စလာမ်ဘာသာဝင် ပသီလူမျိုးများး တည်ရှိခဲ့ကြောင်း ဖော်ပြထားသည်။ NLD နာယက သူရဦးတင်ဦးရဲ့ ဆရာဖြစ်သူ ကမ္ဘာသိ သမိုင်းပညာရှင် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရေးသားသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တို့အား ရှေးမြန်မာဘုရင်များက ချီးမြှင့်ခဲ့ပုံ စာအုပ်” တွင်လည်းကောင်း၊ သမိုင်းပါရဂူ ဆရာကြီးဒေါက်တာ သန်းထွန်း ရေးသားခဲ့သည့် ဘုရင့်အမိန့်တော် ပြန်တမ်းပါ လူမျိုး (၁၈) မျိုးတွင် အစ္စလာမ်ဘာသာဝင် ပသီလူမျိုးများ ပါဝင်ကြောင်း လေ့လာနိုင်ပါသည်။ မှန်နန်းရာဇဝင်၊ ကုန်းဘောင်ရာဇဝင်၊ ဦးကုလား ရာဇဝင်များတွင်လည်း ဖတ်ရူနိုင်ပါသည်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်များတွင် မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များကို “မြန်မာမွတ်စလင် လူမျိုးများ” အနေဖြင့် တရားဝင်ပြဌာန်းထုတ်ပြန်ခဲ့သည်။ ထိုအချိန်က ဗမာ ဟူသော အသုံးအနှုန်းကို နိုင်ငံအတွက်သာ သုံးနှုန်းခဲ့ပါသည်။ လူမျိုးနေရာတွင် ဗမာ ဟူသော စကားလုံးကို မသုံးကြောင်း သတိထားလေ့လာမိသည်။ ၂၃-၂-၁၉၇၃ ရက်စွဲပါ နိုင်ငံပိုင်သတင်းစာများတွင် တိုင်းရင်းသား ၁၄၃ မျိုးအနက် မြန်မာမွတ်စလင် လူမျိုးအဖြစ် တရားဝင် ဖော်ပြခဲ့ပါသည်။

    နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းကို ကိုးကွယ်တဲ့ ဘာသာ၊ သာသနာကို အကြောင်းပြု၍ သတ်မှတ်၍ မရနိုင်ပါ။ ပြည်သူ့အာဏာကို မတရားသိမ်းယူထားသော အစိုးရတစ်ရပ်ကလည်း မသတ်မှတ်နိုင်ပါ။ ပြည်သူလူထုက တရားဝင်ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲပြဌာန်းထားသော ဥပဒေဖြင့်သာ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းတို့ကို ခွဲခြားသတ်မှတ်နိုင်ပါသည်။ သို့သော် သာသနာရေးဝန်ကြီးသည် လိုရာဆွဲကာ ဗုဒ္ဓဘာသာဝင်နှင့် ခရစ်ယာန်ဘာသာဝင်တို့အား တိုင်းရင်းသားဟူ၍လည်းကောင်း၊ အစ္စလာမ်ဘာသာဝင်နှင့် ဟိန္ဒူဘာသာဝင်တို့အား ဧည့်နိုင်ငံသားများဟု လက်လွတ်စပယ် ပြောဆိုခဲ့ခြင်းသည် ကမ္ဘာ့အလယ် နိုင်ငံ့ပုံရိပ်၊ အစိုးရ တစ်ရပ်၏ ပုံရိပ်ကို ကျဆင်းစေပါသည်။

    လူ့ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက ၂၀၁၂ ခု၊ ဇူလိုင်လ (၃၁)ရက်၊  ရခိုင်ပြည်နယ်အရေး အထူးသတင်းစာ ရှင်းလင်းပွဲတွင် “မြန်မာနိုင်ငံတွင် ၁၈၂၄ ခု မတိုင်ခင်၊ နိုင်ငံခြားသားများ မရှိကြောင်း” ပြောကြားခဲ့ပါတယ်။ ထိုပြောကြားချက်အရ ၁၈၂၄ ခုနှစ် မတိုင်မီကတည်းက မြန်မာနိုင်ငံတွင်းရောက်ရှိနေထိုင်သူများဟာ နိုင်ငံခြားသားများ လုံးဝမဟုတ်ကြောင်း နိုင်ငံသား၊ တိုင်းရင်းသားများသာ ဖြစ်ကြကြောင်း မီးမှောင်းထိုးပြ သက်သေခံလိုက်ခြင်းပင် ဖြစ်သည်။ ငြင်းချက်ထုတ်စရာ မလိုသော သမိုင်းဝင် သက်သေအထောက်အထားတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ ပေါ်လွင်သည်။

    ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တစ်ခု တည်ဆောက်ရာတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံခြင်းသည် ထိလွယ်ရှလွယ် ပေါက်ကွဲလွယ်သော Nuclear Bomb တစ်ခုနှင့် အလားသဏ္ဍန်တူသည်။ အချိန်မရွေး ပေါက်ကွဲပျက်ဆီးသွားနိုင်သည်။ ဒါကြောင့်လည်း မြန်မာ့သမိုင်းတွင် အသက်အငယ်ဆုံး မျိုးချစ်စိတ်ဓာတ် အပြင်းပြဆုံး လွတ်လပ်ရေးဗိသုကာ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းက “ငါတို့သာ နိုင်ငံတော်ကိုချစ်တယ် ဆိုတဲ့ စိတ်ဓာတ်မထားကြနဲ့။ ဒီနိုင်ငံမှာဖြစ်ဖြစ်၊ ဒီပြင် နိုင်ငံတွေမှာပဲဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံကို ချစ်ကြတာ မဟုတ်ဘူး” ဟု ရဲဘော်များအား မိန့်ကြားခဲ့ပါသည်။ ထို့အပြင် “ကျွန်တော်တို့ တိုင်းပြည်ထဲမှာ အလောင်းဘုရား လက်ထက် ကတည်းက မွတ်စလင်တွေ ရှိခဲ့ကြတယ်။ ဘုရင်ဂျီ ဘာသာဝင်တွေရှိတယ်။ နတ်ကိုးကွယ်ကြတဲ့ တောင်တန်းသားတွေ ရှိတယ်။ အချို့က ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲနေကြတာတွေရှိတယ်။ သူတို့အားလုံးဟာ နိုင်ငံသားတွေပဲ။ တိုင်းပြည်ကို ကျွန်းတွင်းက လွတ်မြောက်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်းပဲ ပါခဲ့ကြတာ မဟုတ်ဘူး။ သူတို့တတွေလည်း ပါခဲ့ကြတယ်” ဟု ပြောဆိုချက်သည် အမြော်အမြင်ရှိသည့် ပညာ၊ ဗဟုသုတ ပြည့်ဝသည့် ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ ပြည့်ဝတဲ့ အရည်အချင်းကို ဖော်ပြနိုင်ခဲ့သည်။ တာဝန်သိမှု၊ တာဝန်ယူမှု၊ အပြည့်အဝ ရှိကြောင်း သက်သေထူသွားနိုင်ခဲ့သည်။

    မည်သို့ပင်ဆိုစေ “မမှားသောရှေ့နေ မသေသောဆေးသမား” ဟူ၍လောက်တွင် မရှိပြီ။ အစိုးရသစ်သာသနာရေးဝန်ကြီး၏ VOA နှင့်တွေ့ဆုံမေးမြန်းခန်းပါ အစ္စလာမ်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ သမိုင်းဝင်နိုင်ငံသားများကို ဧည့်နိုင်ငံသားများဟု ပြောဆိုခွဲခြားလိုက်ခြင်းသည် လူထုမဲဖြင့် အစိုးရဖြစ်လာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒ သဘောထားဖြစ်မယ်လို့ မထင်ပါ။ ခေတ်အဆက်ဆက် မတူကွဲပြားဘာသာဝင်တွေအား ခွဲခြားဆက်ဆံလေ့ရှိသော စစ်အစိုးရများကြား သမိုင်းလိမ်များအကြား ရှင်သန်ခဲ့ရခြင်းကြောင့် ယခုကဲ့သို့ မှားယွင်းစွာ ပြောဆိုမိခဲ့ကြောင်းလည်း ဖြစ်နိုင်ပါသည်။ အမှားကို ဝန်ခံခြင်းသည် ခေါင်းဆောင်ကောင်းတို့၏ လုပ်ရပ်ဖြစ်သည်။ စေတနာအမှားကို လူထုက ခွင့်လွှတ်ကြသည်မှာ သမိုင်းစာမျက်နှာများက သက်သေတည်း။ ပျက်အစဉ်၊ ပြင်ခဏ ပေတည်း။

    ဂျက်ဖရီတင်အုန်း (R.I.T စက်မှုတက္ကသိုလ်)

  • စာမေးပွဲအတွက် ဇွဲ၊လုံ့လ၊ ဝီရိယ  နောက်လိုက်မှာလား? ဗေဒင်၊ယတြာ နောက်လိုက်မှာလား?

    စာမေးပွဲအတွက် ဇွဲ၊လုံ့လ၊ ဝီရိယ နောက်လိုက်မှာလား? ဗေဒင်၊ယတြာ နောက်လိုက်မှာလား?

    မတ် ၉ ၊ ၂၀၁၆
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်) ရေးသည်။

    Pain-Gain-quote-HD-wallpaper-2015

    ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း (၁၀) တန်း စာမေးပွဲကြီး ကျင်းပနေပြီဖြစ်တယ်။  အချို့ကျောင်းသားများ spot လိုက်နေကြသည်။ အချိ့မှာ ဗေဒင်၊ ယတြာနောက်လိုက်နေကြသည်။ “လူနာမျက်ဖြူစိုက်လေ၊ ဆရာကြိုက်လေ” ဆိုသည့်စကားကလည်း သွေးထွက်အောင် မှန်လှသည်။ ဗေဒင်၊ ယကြာ၊ ယန္တရား ဆရာများကလည်း နေရာပေါင်းစုံမှ အလျှိုလျှို ထွက်ပေါ်လာနေသည်။ သူတို့အား ဆက်သရသော အလှူငွေ ဥာဏ်ပူဇော်ခများကလည်း မနည်းလှ။

    တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး ဖြေဆိုရမည့် ဘာသာရပ် ၆ ခုအတွက် မည်သည့်ဘာသာရပ် ဖြေဆိုတဲ့နေ့မှာ မည်သည့်အရပ်ဖက်ဘက်ကို မျက်နှာမူပါ။ မည်သည့်သစ်သီးကိုစားပါ။ ဘယ်အကြော်ကိုစားပါ။ ဘာပန်းကိုဆောင်သွားပါ။ ဘယ်မှာတင်ပါ။ စာဖြေတဲ့အခါ ဘာ အရောင်ရှိတဲ့ ဘောလ်ပင်ကိုသုံးပါ။ အိမ်ကထွက်ရင် လက်ခုပ် ဘယ်နှစ်ချက် တီးပြီးထွက်ပါ။ စသည်ဖြင့် အခါတော်ပေး ပြောဟောနေသူများကလည်း စုံလင်လှပါသည်။

    ဒါကြောင့်လည်း ကျနော် ရန်ကုန်စက်မှုတက္ကသိုလ် (R.I.T) ကျောင်းသားဘဝက ဗေဒင်၊ ယတြာ များနှင့် ပတ်သက်လို့ ဟောပြောခဲ့ဖူးသော စကားလေးတစ်ခုကို မျှဝေချင်စိတ်ဖြစ်ပေါ်လာပါသည်။ ကိုယ့်အကြောင်း ကိုယ်သိသလောက် မသိတဲ့သူကို ကိုယ့်အကြောင်းကို ပိုက်ဆံပေးပြီး ပြောဟောခိုင်းတဲ့သူတွေဟာ အင်မတန် သနားစရာကောင်းလှတယ် ဟူ၍ ပြောခဲ့ဖူးပါတယ်။

    ကံကိုယုံ၍ ဆူးပုံတက်နင်းလျှင် ဆူး ဆူးခံရမှာ သေချာလှပါသည်။

    ကွယ်လွန်သူ စာရေးဆရာကြီး ပီမိုးနင်းကလည်း ကံဟူသည် အလုပ်ရှင်ဖြစ်တယ်။ အလုပ်ကိုကောင်းစွာလုပ်မှ ကံ၏အကျိုးကို ခံစားရမည်။ မိမိသင်ခန်းစာများကို နည်းမှန်လမ်းမှန် စနစ်တကျကြိုးစား အားထုတ်ခဲ့သူ ကျောင်းသား ကျောင်းသူများ စာမေးပွဲ ကံ ကောင်းကြမည်ဖြစ်သည်။ ထူးချွန်ထက်မြက် ဂုဏ်ထူးပန်းဆင်မြန်းနိုင်ကြပေလိမ့်မည်။

    “‘ဒါပဲကြည့် ကွက်တိ ပါရင်စံ၊ မပါရင်ခံ” သဘောမျိုးထားကာ ကံစမ်းမဲ ပုံစံမျိုး စာမေးပွဲကို သဘောထား ဖြေဆိုနေကြသော ကျောင်းသား ကျောင်းသူများလည်း မြန်မာနိုင်ငံတွင် ဒုနဲ့ဒေး ရှိနေကြပါသည်။

    အနာမခံလျှင် အသားမစံရ (no pain, no gain) ဟူသော စကားသည် စိတ်ဓာတ်ခွန်အားကြီးမြင့်သူ လုံ့လ၊ ဝီရိယရှင်များရဲ့ ရွှေအဆိုအမိန့်တစ်ရပ် ဖြစ်သည်။

    မဟာဇနကမင်းသားသည် ပင်လယ်ပြင်ကြီးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ခြင်းဟာ ဇွဲ့၊ လုံ့လ၊ ဝီရိယ ဟူသော သူရဲကောင်း ၃ ဖော်ကို မဟာမိတ် လုပ်ခဲ့သောကြောင့်သာ အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဒါကြောင့် စာဖြေသူ အပေါင်းအား အထူးမှာကြားလိုသည်မှာ “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ပါသည်။”

    မြတ်စွာဘုရားသခင်က ဟောကြားခဲ့သည်မှာ မိမိကိုယ်သာ အားထားရာ၊ မိမိကိုယ်ရာ  ယုံကြည်ရာ ဖြစ်သည်။ မိမိ၏အနာဂတ်ပန်းတိုင်သည် မိမိလက်ဝယ်တွင် ရှိနေသည်ဟု ယုံကြည်ပြီး စာမေးပွဲကြီး မဖြေဆိုခင်အချိန်ကို ထိထိမိမိ အသုံးချမည်။ ဗေဒင်၊ ယကြာ၊ မန္တရား နောက် Hot- Spot နောက်၊ ကောက်ကောက်မလိုက်ဘဲ ဇွဲ့၊ လုံ့လ၊ ဝီရိယကို အစွမ်းကုန် အသုံးချမည်ဆိုပါက ၂၀၁၆ ခုနှစ် မတ်လ ၉ ရက်တွင် စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို မုချဧကန် ဖြေဆို အောင်မြင်နိုင်မည် ဖြစ်ပါတော့သည်။

    ဆရာဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)

  • တက္ကသိုလ်ဝင်တန်း စာမေးပွဲ အတွက် အကောင်းဆုံး အကြံပြု  လမ်းညွှန်ချက်များ

    တက္ကသိုလ်ဝင်တန်း စာမေးပွဲ အတွက် အကောင်းဆုံး အကြံပြု လမ်းညွှန်ချက်များ

    မတ်လ ၉ ၊ ၂၀၁၆

    A few blank sheets ready for been filled in a exam.

    (၁)  တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့် ကဒ်ပြားကို အသေအချာသိမ်းထားပြီး စာမေးပွဲဖြေဆိုမည့်နေ့တွင် ကိုယ်နှင့်တပါတည်း ယူဆောင်သွားရန်။

    (၂)  မိမိဖြေဆိုမည့်ကျောင်း (စာစစ်ဌာန)ကို နံနက်(၉)နာရီမတိုင်မီ အချိန်မီ အရောက်သွားရပါမည်။

    (၃)  စာမေးပွဲဖြေဆိုရန် လိုအပ်သည့် ဘောပင်(အပြာရောင်) အနည်းဆုံး(၃)ချောင်း၊ ခဲတံ(၂)ချောင်း၊   ခဲဖျက်၊ ပေတံ၊ (စာရေးကိရိယာ) အစုံအလင်တို့ကို မြန်မာစာ မဖြေခင် တစ်ရက်အလိုတွင် စုံလင်အောင် စီစဉ်ထားရပါမည်။

    (၄)  စာဖြေသူတိုင်းသည် Ball pen အနီရောင်ကို စာမေးပွဲတွင် လုံးဝ (လုံးဝ) မသုံးစွဲရပါ။

    (၅)  ဘာသာရပ်တိုင်းအတွက် စာမေးပွဲဖြေဆိုခွင့်ပြုချိန်သည် မနက်(၉း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ဖြစ်သောကြောင့် စာမေးပွဲဖြေဆိုသည့် ခန်းမထဲရောက်လျှင် ရောက်ချင်း၊ စိတ်ကို အတက်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ထားပါ။ ပထမဦးစွာ မိဘနှစ်ပါးနှင့် ကျေးဇူးရှင်များ၊ ဆရာသမားများအတွက် မေတ္တာပို့ဆုတောင်းပါ။

    (၆)  အဖြေလွှာစာအုပ်ငယ် ရလျှင်ရချင်း ခုံအမှတ်၊ စာစစ်ဌာနတို့ကို သတ်မှတ်ထားသော အကွက်၌သာရေးရမည်။ အဖြေလွှာစာရွက်၏ အခြားမည်သည့်နေရာတွင်မျှ မရေးရပါ။

    (၇)  မိမိအဖြေလွှာစာရွက်၌ (၁) လက်ထောက်ကြီးကြပ် လက်မှတ် (၂) ကြီးကြပ်လက်မှတ်တို့ ပါမပါ၊  သေချာစွာ စစ်ဆေးပါ။ သက်ဆိုင်ရာ စာမေးပွဲကြီးကြပ်သူများ၏ လက်မှတ်မပါရှိပါက မိမိစာမေးပွဲခန်းကို စောင့်ကြပ်နေသော ဆရာ/ဆရာမ များအားတင်ပြပါ။

    (၈)  ဖြေဆိုသူသည် မိမိအဖြေလွှာပေါ်တွင် လက်မှတ်တစ်ခုခု ရေးထိုးခြင်း၊ မိမိမည်သူ၊ မည်ဝါဖြစ်ကြောင်းသိစေနိုင်သည့် အမှတ်အသား၊ သင်္ကေတ၊ ပုံ၊ တစ်ခုခုရေးသားခြင်းတို့ကို လုံးဝ မပြုလုပ်ရပါ။ ပြုလုပ်မိလျှင် မိမိအဖြေလွှာ ပယ်ဖျက်ခြင်း ခံရမည် ဖြစ်သည်။

    (၉)  မှား၍ဖြေဆိုမိသော စာလုံး၊ စာကြောင်း၊ စာပုဒ်၊ ပုံ၊ ပုစ္ဆာအစရှိသည်တို့ကို မှင်ဖျက်ဆေး (Correction pen) သုံး၍ ဖျက်ခွင့်မပြုပါ။ မှားဖြေခဲ့သော အကြောင်းအရာပေါ်တွင် မျဉ်းစောင်း(/) တစ်ခုခုရေးပြီး အမှန်ကို ဆက်ဖြေရန်။

    (၁၀) ဘာသာရပ်တိုင်းအတွက် မေးခွန်းများကို ဖြေဆိုရာတွင် မေးခွန်းနံပါတ်စဉ်အလိုက် ဖြေဆိုဖို့ မကြိုးစားပါနှင့်။ စဖြေသည့်မေးခွန်းများသည် အမှန်ကန်ဆုံးဖြစ်ရန် လိုသည်။ အမှားများနိုင်သည့် မေးခွန်းမျိုး စဉ်းစားရန် ခက်ခဲသည့် မေးခွန်းမျိုးကို နောက်ဆုံးမှ ဖြေရန်။ သတ်မှတ်ချိန်မကုန်ခင်  အပုဒ်စေ့အောင်ဖြေပါ။

    (၁၁) ဖြေဆိုသည့်မေးခွန်းနံပါတ်စဉ် မှန်အောင်တက်ပါ။ နံပါတ်စဉ် မှားတက်မိလျှင်၊ မေးခွန်းနံပါတ်စဉ် လုံးဝမတက်မိလျှင် အမှတ်လုံးဝ မရပါ။ လက်ရေးပီသအောင်၊ အဖြေလွှာသပ်ရပ်မှုရှိအောင် အထူးဂရုစိုက်ပါ။

    (၁၂) သတ်မှတ်ထားသော ပုဒ်ရေထက် ပိုဖြေမိလျှင် ပထမဖြေခဲ့သော အပုဒ်ကိုသာ အမှန်ဟု ယူဆပြီး စစ်ဆေးပါလိမ့်မည်။ သတ်မှတ်ထားသော မေးခွန်းအရေအတွက်ထက်ပို၍ ဖြေဆိုမိခြင်းသည် အချိန်ကုန်၊ လူပမ်း၊ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ရုံသာမက၊ စာစစ်သူ၏ အထင်သေးခြင်းကိုပါ ခံရနိုင်ပေရာ အထူးဂရုစိုက်ဖြေဆိုသင့်သည်။

    (၁၃) စာဖြေသူတိုင်းသည် စာမေးပွဲနီးလေလေ၊ စိုးရိမ်စိတ်လွန်ကဲလေလေဖြစ်ပြီး အအိပ်ပျက်၊ အစား ပျက် ဖြစ်တက်သည်။ စာဖြေသူတို့၏ နေ့စဉ် အသုံးပြုရသော စဉ်းစားဥာဏ်၊ မှတ်ဥာဏ်တို့သည်အိပ်ရေး၀၀အိပ်ခြင်းနှင့် လုံးဝပတ်သက်နေပေသည်။ အိပ်ရေးပျက်လျှင် ကိုယ်ခံစွမ်းအားများ လျှော့ကျကာ ကျန်းမာရေးထိခိုက်နိုင်သည်။ အိပ်ရေးပျက်လျှင် ကျက်မှတ်ထားသောစာများ ဦးနှောက်ထဲမှ ပေါ်ထွက်မလာခြင်း၊ စဉ်းစားရ ခက်ခဲခြင်းမျိုးကို ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။

    (၁၄) စာဖြေသူသည် စာမေးပွဲဖြေဆိုနေစဉ်တွင် မေးခွန်းလွယ်နေလျှင် အရမ်းပျော်လွန်းပြီး ပေါ့ဆအမှား များ မှားတတ်သည်။ မေးခွန်းအတော်ခက်နေလျှင် ကြောက်ရွံ့စိုးရိမ်စိတ်လွန်ကဲပြီး၊ ကသောင်းက နင်းဖြစ်ကာ မှားတတ်ပါသည်။

    (၁၅) သတ်မှတ်ထားသော ဖြေဆိုချိန်(၃း၀၀)နာရီအတွင်း (၁၀)မှတ်တန်အတွက် အများဆုံးရရှိသော  အချိန်မှာ (၁၈)မိနစ်ဖြစ်ပြီး၊ တစ်မှတ်တန်အတွက် ရသောအချိန်မှာ (၁)မိနစ် (၄၈)စက္ကန့်ဖြစ်သည်ကို လုံးဝသတိပြုသင့်သည်။ ထို့ကြောင့် အချိန်မှန်ပြနိုင်သော နာရီတစ်ခုခုကို စာမေးပွဲဖြေဆိုရာတွင် ယူဆောင်သွားသင့်ပါသည်။

    (၁၆) စာဖြေသူသည် မိမိအတွက် ခက်သောမေးခွန်းနှင့် ရင်ဆိုင်ရလျှင် စိတ်ကိုအတတ်နိုင်ဆုံး တည်တည် ငြိမ်ငြိမ်ထားကာ အစွမ်းကုန် အကောင်းဆုံးကြိုးစားဖြေဆိုသင့်ပေသည်။

    (၁၇) အချိန်စော၍ မေးခွန်းအားလုံး ဖြေဆိုပြီးနေလျှင် စာမေးပွဲခန်းမထဲတွင် အဖြေလွှာများအား အကြိမ်ကြိမ် စစ်ဆေးနေသင့်ပါသည်။ သတ်မှတ်ချိန်မတိုင်မီ အချိန်စော၍ စာမေးပွဲခန်းထဲမှ ထွက်လာခြင်းမျိုးသည် မိမိ “ရွှေ” အခွင့်အရေးကို မိမိကိုယ်တိုင် လက်လွှတ် ဆုံးရှုံးခြင်းပင် ဖြစ်ပါသည်။

    (၁၈) ဘာသာရပ်တစ်ခုခု ဖြေဆိုပြီးတိုင်း၊ တစ်ဦးနှင့်တစ်ဦး အဖြေတိုက်ခြင်း၊ အဖြေညှိခြင်းတို့ကို ရှောင် ကြဉ်သင့်ပါသည်။ အချို့သော စာမေးပွဲ မေးခွန်းတို့၏ အဖြေများသည် တစ်ခုထက်မက ဖြစ်နိုင်ပေရာ မိမိအဖြေမှားလျှင် စိတ်ဓါတ်ရေးရာကျဆင်းမည်။ မိမိ အဖြေမှန်လျှင် ပျော်ရွှင်မှုလွန်ကဲ၍ ကျန်ဘာသာရပ်များတွင် အနှောက်အယှက်ဖြစ်နိုင်သည်။

    (၁၉) စာဖြေသူသည် ဖြတ်လမ်းအလွယ်လိုက်ကာ အနီးကပ်ခန့်မှန်း မေးခွန်းများကို ယုံစားပြီး စာမေးပွဲဖြေဆိုမည်ဆိုပါက တစ်နှစ်ပတ်လုံး ရင်းနှီးမြှုပ်နှံခဲ့သော အချိန်နှင့်ငွေသည် အချည်းအနှီးဖြစ်သွားနိုင်သည်။

    (၂၀) မေးခွန်းထုတ်သူတိုင်းသည် ပုံမှန်စာကြည့်သူတိုင်းအား၊ အောင်မှတ်ဖိုး အလွယ်တကူပေးထားတက်ပါသည်။ မိမိက ဥာဏ်ကိုလွှာ သုံး၍ ကြိုးစားဖြေဆိုပါက ဘာသာရပ်တိုင်းကို အလွယ်တကူဖြေဆို အောင်မြင်နိုင်ပါသည်။ စာသင်နှစ်စကတည်းက စနစ်တကျ၊ ကြိုတင်ပြင်ဆင်ထားခဲ့သောဝီရိယရှင်တိုင်းသည် လာမည့်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘာသာစုံဂုဏ်ထူးများစွာနှင့် အောင်မြင်မည်မှာ လုံးဝအသေအချာပင်။

    စာဖြေသူ၊ ကြိုးစားသူအားလုံးအောင်မြင်ထူးချွန်ကြပါစေ။

    ဆရာ ဂျက်ဖရီတင်အုန်း
    (ရန်ကုန်စက်မှုတက္ကသိုလ်)

  • ဘာသာကို အကြောင်းပြု၍ လူမျိုးကို ခုတုံး မလုပ်စေချင်

    ဘာသာကို အကြောင်းပြု၍ လူမျိုးကို ခုတုံး မလုပ်စေချင်

    305932-custom

    ယနေ့ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၇၀၀၀ ကျော်၊ ပြောဆိုသုံးစွဲသည့် ဘာသာစကားပေါင်း ၆၀၀၀ ကျော်နှင့် လူမျိုးနွယ်ပေါင်း ၅၀၀၀ ကျော်စုဝေးနေထိုင်နေကြသည်။ ကမ္ဘာ့တိုက်ကြီး (၇)တိုက်တွင် အသားအရောင်မတူ၊ လူမျိုးနွယ်မတူ၊ ဘာသာစကားမတူ၊ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုမတူ၊ ကွဲပြားခြားနားသော လူသားအသီးသီးတို့သည် “ကြီးပွားရေးအတွက် စီးပွားရေးလုပ်ကြရင်း” မိမိတို့ အဆင်ပြေရာနေရာများတွင် ရွှေ့ပြောင်းလျက်နေထိုင်ခဲ့ကြသည်။ ယနေ့တိုင်လည်း ရွှေ့ပြောင်းလျက်ရှိနေကြသည်။
    စစ်ဘေး၊ စစ်ဒဏ်၊ အာဏာရှင် အစိုးရတို့၏ ဖိနှပ်ရက်စက်မှု ဒဏ်တို့ကို မခံနိုင်တော့သည့်အဆုံး၊ လွတ်မြောက်ရာနေရာသို့ ပြောင်းရွှေ့နေထိုင်သူများလည်း ရှိသည်။

    “ကြက်မှာအရိုး၊ လူမှာအမျိုး” ဆိုသကဲ့သို့ လူတိုင်းတွင် မိဘ၊ ဆွေမျိုး၊ ဘိုးဘွား၊ ဘီ၊ ဘင် များဆင်းသက် ပေါက်ဖွားရာ လူမျိုးစုနွယ်ဝင်များကို ကိုယ်စားပြုသည့် အမည်များရှိတက်သည်။ အချို့လူမျိုးနွယ်ဝင်များ၏ အမည်များကို သက်ဆိုင်ရာ လူမျိုးနွယ်ဝင်များက၊ မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ပြီး၊ ဆွေးနွေးတိုင်ပင်ပြီး မိမိတို့ကိုယ်တိုင် သတ်မှတ်ကြသည်။ အချို့လူမျိုးနွယ်ဝင်များ၏ အမည်များကို အခြားသူများက ခေါ်ဆိုရာ ပါးစပ်ရာဇ၀င် တွင်ကျယ်ခဲ့ပြီး၊ သမိုင်းဝင်သွားခဲ့သည်။

    “လူမျိုးဆိုသည်မှာ” သုခခံစားရလည်း အတူတူ၊ ဒုက္ခခံစားရလည်း အတူတူ၊ အေးအတူ၊ ပူအမျှ နီးနီးကပ် ကပ် အကျိုးချင်းထပ်၍ နှစ်ပေါင်း များစွာ၊ အတူတကွ စုပေါင်းနေထိုင်သူ လူအုပ်စုကို ခေါ်ဆိုပါသည်။

    မြန်မာလူမျိုးဟူသည် ကရင်၊ ကချင်၊ မွန်၊ ဗမာ၊ ရှမ်း၊ ချင်းစသည့် သန်း ၆၀ ကျော်သော တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကိုယ်စားပြုသည်။ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) ခေတ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လ၀က)၏ ၉-၁၂-၁၉၇၂ ခု စာရင်းမှတ်တမ်း၌ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၄၄ မျိုးရှိသည်။ သို့သော် ၂၃-၂-၁၉၇၃ ခုနှစ် နိုင်ငံပိုင် သတင်းစာများတွင် လူမျိုး ၁၃၄ မျိုးသာရှိ သည်ဟု ဖော်ပြခဲ့ပြန်သည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံတွင် ကမ္ဘာ့အံ့ဖွယ်နိုင်ငံသား ဥပဒေ တစ်ခုပေါ်လာ
    ခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ စံချိန်၊ စံညွှန်းတို့နှင့်လည်း ကိုက်ညီမှုမရှိဘဲ၊ တဖက်သတ် လူနည်းစုများကိုနှိပ်ကွပ်သည့် ဥပဒေဖြစ်၍ ကမ္ဘာ့အံ့ဖွယ်နိုင်ငံသားဥပဒေဟု သုံးနှုန်းရခြင်းဖြစ်ပါသည်။ ထိုနိုင်ငံသား ဥပဒေအရ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးသာ ရှိကြောင်း ကမ္ဘာကိုမျက်လှည့်ပြခဲ့သည်။ မဆလခေတ်သစ်ပါတီ အာဏာရှင်ကြီး၏ ကိုယ်ပိုင်စံသတ်မှတ်ချက်တို့ဖြင့် “မြန်မာနည်း၊ မြန်မာ့ဟန်” ဖန်တီးခဲ့ကြောင်း သိရ၏။ ထို့ကြောင့်လည်း အဓမ္မစနစ်ဖြင့် အငြင်းပယ်ခံ၊ လူနည်းစု လူမျိုးစု တိုင်းရင်း
    သားများမှာ ဆယ်စုနှစ်နှင့် ချီ၍ သမိုင်းအဖျောက်ခံခဲ့ရသည်။ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရသည်။

    အရှေ့တောင်အာရှ (၁၁)နိုင်ငံတွင် မြန်မာနိုင်ငံသည် မတူကွဲပြားခြားနားသော လူမျိုးနွယ်ဝင်များ၊ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုနှင့် ဘာသာစကားများ၊ တောတောင်ရေမြေသဘာဝအလှများကြောင့် ဂုဏ်ယူ ဖွယ်ရာဖြစ်သည်။ ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှုပိုင်းတွင်လည်း ဗုဒ္ဓဘာသာ၊ ခရစ်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်မှုနှင့် အခြားဘာသာအယူဝါဒများလည်း အစုံအလင်ရှိ ပါသည်။

    ထူးခြားချက်မှာ မည်သည့်ဘာသာအယူဝါဒမျှ မြန်မာနိုင်ငံတွင် ပထမဆုံးစတင်ခဲ့ခြင်း မရှိခြင်းပင်ဖြစ်သည်။ နိုင်ငံရပ်ခြား တိုင်းပြည်များမှ ကုန်သည်များ၏ ကျေးဇူးကြောင့်လည်းကောင်း၊ သာသနာပြုများ၏ ကျေးဇူး ကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိပြန့်နှံ့ ထွန်းကားလာခြင်းဖြစ်သည်။ တနည်းအားဖြင့် ဧည့်သည်ဘာသာများဖြင့် စုံလင်လှပါသည်။

    ကမ္ဘာ့နိုင်ငံပေါင်း ၂၃၀ ကျော်တွင်လူမျိုးအသီးသီးသည် မိမိတို့၊ အားကိုးရာ၊ ယုံကြည်ရာ ဘာသာအယူဝါဒ အမျိုးမျိုးကို ခြိမ်းခြောက်မှုမရှိဘဲ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်လျက်ရှိသည်။ ဘာသာတရားများကို လေ့လာဆန်းစစ်ကြည့်လျှင် လူသားများအား ကိုယ်ချင်းစာ တရားပွားများရန်၊ စာရိတ္တ မဏ္ဍိုင်ခိုင်မာရန်၊ လောကီ၊ လောကုတ္တရာတွင်အောင်မြင်သူများဖြစ်လာရန်၊ လမ်းပြထားသည်ကို တွေ့ရသည်။ အနက်ရှိုင်းဆုံးကျင့်ကြံအားထုတ်လျှင် လက်တွေ့တွင်အကျိုးထူးရှိ၏။

    “ပဋိကတ်သုံးပုံ” တတ်မြောက်သော ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ဦး၊ မတူသကဲ့သို့ကုရ်အာန်ကျမ်းစာကို အစ/ အဆုံး အဓိပ္ပါယ်နှင့် တကွ နားလည်တတ်မြောက်သော အစ္စလာမ်ဘာသာ  ၀င်တစ်ဦးနှင့် မိရိုးဖလာ အစ္စလာမ်ဘာသာဝင်တစ်ဦးလည်း မတူနိုင်ပါ။ အလားတူ သမ္မာကျမ်းစာ တတ်မြောက်သော ခရစ်ယာန်ဘာသာဝင် တစ်ဦးနှင့် မိရိုးဖလာ သာမန်ခရစ်ဘာသာဝင် တစ်ဦးသည်လည်း ၊လုံးဝ တူညီနိုင်မည်မဟုတ်ပါ။ လူသားများနှင့် ဘာသာတရားများတွင် လူသားများက ပထမ၊ ဘာသာတရားများက ဒုတိယ ဟုဆိုနိုင်ပါသည်။

    ဥပမာပြရလျှင် ဗုဒ္ဓဘာသာ၊ တရားဓမ္မကို ဟောကြားခဲ့သူ ဂေါတမမြတ်စွာ ဘုရားသည် အိန္ဒိယလူမျိုးဖြစ် သည်။ ဟိန္ဒူဘာသာကို ဟောကြားခဲ့သော ခရစ်ရှ်နာ ကိုယ်တော်သည် အိန္ဒိယ လူမျိုးဖြစ်သည်။ အစ္စလာမ် တရားဓမ္မကိုနောက်ဆုံးဟောကြားခဲ့သော ” တမန်တော် မုဟမ္မဒ်သည် အာရဗ်လူမျိုး ” ဖြစ်သည်။ ခရစ်ယာန်သာသနာတော်ကို ဟောကြားခဲ့သော ခရစ်တော်ယေရှုသခင်သည် ဟစ်ဘရူးလူမျိုးဖြစ်သည်။

    ထို့ကြောင့် သမိုင်းကြောင်းအရ လူမျိုးသည်ပထမ ဘာသာသည်ဒုတိယ ဟုဆိုရခြင်းသည်။ အမေရိကန်လူ မျိုးတစ်ဦးသည် ဗုဒ္ဒဘာသာကို လက်ခံယုံကြည်ရုံနှင့်ကူးပြောင်းရုံနှင့် မြန်မာလူမျိုးမဖြစ်သွားပေ။ တောင်ကိုးရီးယားနိုင်ငံတွင် မူလကနတ်ကိုးကွယ်ခဲ့သူ မင်းသမီးတစ်ဦးသည် ခရစ်ယာန် သာသနာဘက်ကိုကူးပြောင်းခဲ့သောကြောင့် ကိုရီးယားလူမျိုးကနေ အင်္ဂလိပ်လူမျိုး မဖြစ်သွားပေ။ အိမ်နီးချင်း တရုတ်နိုင်ငံသားတစ်ဦးသည် မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးနှင့် ထိမ်းမြားလက်ထက်ပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်
    ယုံကြည်ရုံမျှနှင့် တရုတ်လူမျိုးကနေ ၊မြန်မာလူမျိုးဖြစ်မသွားပေ။ မူလကတည်းက ရှိခဲ့သောလူမျိုးသည် ကိုးကွယ်ရာ ဘာသာတရားနောက်လိုက်၍ ပြောင်းလဲသွားခြင်းမရှိကြောင်း တွေ့ရသည်။ သက်ဆိုင်ရာ နိုင်ငံများ၏ တည်ဆဲ ဥပဒေအရ ၊ နိုင်ငံသား ခံယူခွင့်၊ တရားဝင် ရရှိ၍၊ အခြားနိုင်ငံသားတစ်မျိုးမျိုးဖြစ် ကောင်းဖြစ်ပါလိမ့်မည်။ လူမျိုးမှာ ပကတိအတိုင်းပင်ဖြစ်သည်။

    လူတစ်ဦးသည် မိမိ၏ ဘ၀တစ်သက်တာတွင် မိမိနှစ်သက်ရာ ဘာသာတစ်ခုကို လွတ်လပ်စွာ ကိုးကွယ် ယုံကြည်နိုင်သည်။ မနှစ်သက်ပါက အခြားဘာသာတစ်ခုကို ချက်ချင်းကူးပြောင်းနိုင်သည်။ ဥပမာပြရလျှင် သာသနာဦးစီးဌာန၌ အရာရှိကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သူ ” ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သူတစ်ယောက်အကြောင်း ” စာအုပ်ကို ရေးသားခဲ့ သူလည်းဖြစ်သူ ဆရာ ဦးဆန်းလွင် (ကွယ်လွန်) သည်မူလက သူသည် အစ္စလာမ်ဘာသာကို မွေးကတည်းက လက်ခံခဲ့ကြောင်း၊ ထို့နောက် ခရစ်ယာန် သာသနာကို ကူးပြောင်းခဲ့ကြောင်း နောက်ဆုံးဗုဒ္ဓ ၊ တရားဓမ္မကိုလေ့လာပြီး၊ ဗုဒ္ဓဘာသာဝင်ဖြစ် ခဲ့ကြောင်း၊ ထိုစာအုပ်တွင် ရေးသားခဲ့လေသည်။ ထိုကြောင့်ရေခြား၊ မြေခြားနိုင်ငံခြားသားတစ်ဦးသည် ဗုဒ္ဓ ဘာသာကို လက်ခံယုံကြည်တိုင်း ၊ မြန်မာလူမျိုး မဖြစ်သွားသကဲ့သို့ ဘာသာတရားပေါ် အခြေခံ၍ လူမျိုးကို မသတ်မှတ်နိုင်ကြောင်းလေ့လာမိပါသည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် အိန္ဒိယလူမျိုးစု တစ်ခုတည်းတွင် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနှင့် ခရစ်ယာန်ဘာသာဟူ၍ ဘာသာကြီး(၄)ခုကိုတွေ့မြင် နိုင်ပေသည်။
    ယခင်န၀တ၊ နအဖ၊ စစ်အစိုးရလက်ထက်နှင့် လက်ရှိအစိုးရ အချိန်ထိ၊ လူဝင်မှုကြီးကြပ်ရေးဌာန  (လ၀က) ရုံးများ၌ အောက်ခြေ၀န်ထမ်းများနှင့် အရာရှိဆိုသူများသည် တရားဥပဒေအရ မဟုတ်ဘဲ ပါးစပ် ဥပဒေဖြင့် လေသနတ်  နေ့စဉ် ပစ်နေသည်မှာ “ဗမာလူမျိုးတွင် ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာမရှိ” ဟူ၍ ဖြစ်သည်။ ထိုသူများသည် “အသိခေါက်ခက် အ၀င်နက်သော” သူများ ဖြစ်သည်။

    ဥပမာပြရလျှင် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးသည်၊ ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင်လူ ငယ်နှင့် နှစ်ဦးသဘောတူ ခရစ်ယာန်ထုံးစံအရ ထိမ်းမြားလက်ထက်ခဲ့ပြီး ရခိုင်မလေးသည် ခရစ်ယာန်ဘာသာကို ကူးပြောင်းခဲ့သော်လည်း ကရင်လူမျိုးမဖြစ်သွားပဲ၊ ခရစ်ယာန်ဘာသာဝင်သာဖြစ်ပေလိမ့်မည်။  ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဖြစ်ခဲ့သူ ဦးသန့်သည် ဧရာဝတီတိုင်း၊ ပန်းတနော် ဇာတိဖြစ်သည်။ မိခင်သည် ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ ဖခင်သည် ပသီလူမျိုး(မြန်မာမွတ်စလင်)၊
    အစ္စလာမ်ဘာသာဝင် ဖြစ်သည်။ သို့သော် အတွင်းရေးမှူးချုပ်သည် မိခင်ဘက်လိုက်၍ ဗုဒ္ဓဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခဲ့သည်။ မိမိနှစ်သက်ရာ ဘာသာတရားကို ဖိနှပ်မှုမရှိ၊ အတားအဆီးမရှိ ယုံကြည်နိုင်ခြင်းဖြစ်သည်။

    မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်လက်ထက်၌ ရှင်သန်ခဲ့ရသည်က တကြောင်း၊ လူအများသည် စာအုပ်စာပေကောင်းများနှင့် အလှမ်းဝေးကွာခဲ့ရသည်က တကြောင်း စသည့်ရလဒ် ဆိုးမွေများကြောင့် “ကမ္ဘာ့ ဗဟုသုတပင်လယ်ထဲ” စွန့်စားခွင့် မရလိုက်ကြပေ။ “ထို့ကြောင့် လူမျိုးရေးနှင့် ဘာသာ ရေးကို တကန့်စီခွဲမမြင်ဘဲ လုံးထွေး၊ ရောသမမွှေခဲ့မှုများကြောင့် သမိုင်းအမွေညစ်ပေခဲ့ရသည်။ နွားခြေရာကွက်တွင်ရှိသော ရေကို၊ ပင်လယ်ထင်ခဲ့သည့် ဖားသူငယ်ပုံစံမျိုး ဖြစ်ခဲ့ရသည်။

    ထို့ကြောင့်လည်း လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက “အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာ သာတရား၊ ပြောဆိုသည့် ဘာသာစကားတို့ကို အလေးထားရမည်ဖြစ်သော်လည်း၊ စင်စစ် အေးအတူပူအ မျှ ကောင်းတူ ဆိုးဖက်၊ ပူးပေါင်းလျက် နေလိုသော အစဉ်အလာဆန္ဒပေါ်တွင် ၀ံသာနုရက္ခိတ တရား (မျိုးချစ်စိတ်ဓာတ်) သည် တည်နေသည်ဟု” မိန့်ဆိုခဲ့ဖူးသည်။

    ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးသည် အိမ်ထောင်စု  မိသားစုကြီးတစ်ခုနှင့် အလားတူသည်။ အိမ်ထောင်စုဝင်ညီအစ်ကို မောင်နှမများတွင် အတွေးအခေါ်၊ အယူဝါဒ၊ မတူကွဲပြားသော၊ ရုပ်ပိုင်းဆိုင်ရာ၊ များစွာရှိသော်လည်း၊ အရေးကြီးလျှင် ညီအစ်ကို မောင်နှမများသည် သွေးနီးကြရပေသည်။

    မြန်မာနိုင်ငံသည် ဒီမိုကရေစီ ဖွံ့ဖြိုးစ သမီးပျိုလေးတစ်ဦးနှင့် အလားတူသည်။ ထိုသမီးပျိုလေးကို ဒီမိုက ရေစီချစ်သူများက ၀ိုင်းဝန်းကာကွယ်ရမည်။ ထိမ်းသိမ်းရမည်။ မတရား၊ အဓမ္မကျင့်မည့်သူများလက်မှ ကာကွယ်ရမည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများအားလုံးသည် သာမန်မတူညီတာတွေကို နိုင်ငံရေး စားပွဲဝိုင်းတွင် ပွင့်လင်းမြင်သာစွာ တွေ့ဆုံဆွေးနွေး အဖြေရှာပြီး ဒီမိုကရေစီ သမီးပျိုလေး ဖွံ့ဖြိုးတိုးတက် ရေးကိစ္စရပ်တိုင်းတွင် ပြည်ထောင်စုစိတ်ဓာတ်ပွားများပြီး၊ အတူတကွဝိုင်းဝန်းလုပ်ဆောင်ရန်မှာ မြန်မာနိုင်ငံသားတိုင်း၏ မဟာသမိုင်းပေး တာဝန်တစ်ရပ်ဖြစ်ပေလိမ့်မည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)
    R.I.T

    ** စာရေးသူမှ အမ်မီဒီယာသို့ ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။

  • ကမ္ဘာချစ် စိတ်ဓာတ်နှင့် လူသားဝါဒ

    ကမ္ဘာချစ် စိတ်ဓာတ်နှင့် လူသားဝါဒ

    ဒီဇင်ဘာ ၃ ၊ ၂၀၁၅
    ဂျက်ဖရီတင်အုန်း ( ရန်ကုန်စက်မှုတက္ကသိုလ် R.I.T)
    world-peace1
    လူနှင့်တိရစ္ဆာန်ကွဲပြားခြားနားခြင်းသည် အသိဥာဏ်ပညာ၊ ဆင်ခြင်တုံတရားဖြစ်သည်။ အကြောင်းနှင့်အ ကျိုး၊ အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော စွမ်းအား၊ တိရစ္ဆာန်တွင် မရှိပါ။ လူတွင်ရှိသည်။

    လူအချို့တွင် အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊ ဘာသာအယူဝါဒ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ ဘာသာစကား အမျိုးမျိုးရှိသည်။ ထို့ကြောင့် လူရှိလျှင် ပြဿနာရှိကောင်းရှိနိုင်သည်။ ပြဿနာရှိလျှင်၊ ဆင်ခြင်ဥာဏ်နှင့် မဖြေရှင်းပဲ ဒေါသရှေ့ထား၊ စိတ်လိုက်မာန်ပါ၊ ပြုလုပ်မိပါက ရာဇ၀တ်မှုတစ်ခုခုကို ကျူးလွန်မိပေမည်။ ကျူးလွန်သူကို အရေးယူ အပြစ်ပေးနိုင်ရန်၊ တရားဥပဒေရှိသည်။ ကျူးလွန်သည့် အမှုပေါ် မူတည်၍ ငွေဒဏ်၊ ထောင်ဒဏ်၊ သေဒဏ် စသည်ဖြင့် တရားဥပဒေ စိုးမိုးရေးအတွက် ကျူးလွန်သူတိုင်းကို အရေးယူ အပြစ်ပေးနိုင်ရန်၊ နိုင်ငံတိုင်းမှာ တရားဥပဒေ ရှိပြီးဖြစ်သည်။

    ဥပဒေသည် နိုင်ငံသားတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရာတွင် “မဟာတံတိုင်းတစ်ခုသဖွယ်” ဖြစ်သည်။ အားကိုးရာ မိဘသဖွယ်ဖြစ်သည်။ ဥပဒေနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရရွှေမန်း က “ဥပဒေရဲ့အထက်မှာ ဘယ်သူမျှမရှိစေရ” ဟူ၍ မြန်မာနိုင်ငံ၏ တရားရေးဝန်ထမ်းများအား မှာကြားခဲ့ ဖူးသည်။

    တရားဥပဒေသည် အုပ်ချုပ်သူအစိုးရနှင့် အုပ်ချုပ်ခံပြည်သူလူထုအပေါ် လွှမ်းမိုးမှုရှိရမည်။ ဩဇာသက် ရောက်မှုရှိရမည်။ အသက်ဝင်မှုရှိရမည်။ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးနိုင်ငံတစ်ခုအနေဖြင့်၊ ကမ္ဘာ အလယ် နှစ်(၇၀)မျှ ဦးဆောင်နိုင်ခဲ့သော အမေရိကန်နိုင်ငံတွင် သမ္မတ ဘစ်လ်ကလင်တန်သည် အိမ်ဖြူတော် White House ၀န်ထမ်းမော်နီတာ လူဝစ်စကီးဆိုသူ အမျိုးသမီးနှင့် လိင်ကိစ္စတရားစွဲ ခံရ၍သမ္မတကိုယ်တိုင် အာဏာရှိစဉ်အတွင်း တရားရုံးကို သွားခဲ့သည်။ ကမ္ဘာ့အင်းအားအကြီးဆုံးနိုင်ငံ
    အမေရိကန်သမ္မတကြီးလည်း တရားရုံးတော်ကို လေးစားသည်။ ဥပဒေကို လေးစားသည်ကို ကမ္ဘာ့တလွှားနိုင်ငံခေါင်းဆောင်များ အတုယူသင့်သည်။

    ယဉ်ကျေးသောနိုင်ငံ၊ ယဉ်ကျေးသောလူ့အဖွဲ့အစည်းတိုင်းသည် တရားဥပဒေကို လေးစားသည်။ တရား ဥပဒေ၏အကာအကွယ်ကို ရယူသည်။ တရားရေးဝန်ထမ်းများသည်လည်း၊ တရားစီရင်ရာ၌ ဆင်းရဲချမ်းသာမကြည့် အာဏာ power ကိုမကြည့်၊ တရားမျှတမှု (Justice) ကိုသာကြည့်သည်။

    အတိတ်ဟောင်း၊ စနစ်ဟောင်းမှ လူသားများသည် “အင်အားသည် အမှန်တရား” (Might is Right) ဟု လွှဲမှားစွာ လက်ခံယုံကြည်ခဲ့ကြသည်။ အင်အားရှိသူ၊ အာဏာရှိသူတို့က၊ အင်အားချို့တဲ့သူ အာဏာမဲ့သူ တို့အပေါ်၊ အနိုင်ကျင့်၊ ဗိုလ်ကျ၊ လုယက်တိုက်ခိုက်၊ သိမ်းပိုက်ရာမှ၊ အရသာတွေ့သွားကာ ပဒေသရာဇ်စ နစ်၊ အာဏာရှင်စနစ်တို့ ကမ္ဘာတလွှားပေါ်ပေါက်ခဲ့ကြသည်။

    ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၂၃၀ ကျော်ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၂၀၀ နီးပါးရှိ သည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် စစ်အာဏာရှင်များ အုပ်ချုပ်သော တိုင်းပြည်များ မပါသလောက် ဖြစ်သည်။ ဥပမာပြရလျှင် မြောက်ကိုရီးယားနိုင်ငံ၊ ကျူးဘားနိုင်ငံနှင့် ဇင်ဘာဘွေ၊ ဆူဒန် စသည့်နိုင်ငံများကို လေ့လာတွေ့ရှိနိုင်သည်။

    ကမ္ဘာ့ Media များ၏ ကျေးဇူးကြောင့် ကမ္ဘာ့ပြည်သူလူထုသည် လူထုကိုအခြေခံသော လူထုကတင် မြှောက်ရွေးကောက်သော ဒီမိုကရေစီစနစ်အရသာကို မြည်းစမ်းမိကြသည်။ လိုလားတောင့်တ လာကြသည်။ ထို့ကြောင့်လည်း အဖိနှပ်ခံ ကမ္ဘာတ၀န်းမှ ပြည်သူလူထုသည် အသက်သွေး၊ ချွေးတို့ကို စွန့်လွှတ် အနစ်နာခံကာ၊ ဒီမိုကရေစီ ပန်းတိုင်အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

    ဒီမိုကရေစီစနစ်တွင် “အမှန်တရားသည် အင်အား” (Right is Might) ဖြစ်သည်။ လူဖြူ၊ လူမဲ၊ ဘာသာအယူဝါဒ၊ ဆင်းရဲချမ်းသာ မည်မျှပင် ကွဲပြားခြားနားပါစေ လူထုရွေးကောက်ပွဲများတွင် “အသည်းကြားက မဲတစ်ပြား” သည် အရေးပါလာသည်။ သက်ဆိုင်ရာဒီမိုကရက်တစ် အစိုးရများသည်၊ ပြည်သူလူထု၏ဆန္ဒကို အလေးထားရသည်။ သို့သော်လည်း ဥာဏ်နီ၊ ဥာဏ်နက်၊ ကလိမ်ကကျစ်၊ ဥာဏ်ဆင်သုံးပြီး မဲလိမ်၊ မဲခိုး၊ ကြိုတင်မဲ စသည်ဖြင့် လူထု၏ဆန္ဒကို ဥပက္ခာပြုကာ၊ လူထု၏ခုံကို အချောင်လုထိုင်ချင်သူ၊ ထင်ရာစိုင်း ရာဇ၀င်ရိုင်းအောင် ပြုလုပ်နေသည့် အာဏာရှင်များလည်း၊ ကမ္ဘာတ၀န်းမှာ ကျန်နေသေးသည်။

    ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင်၊ ဇင်ဘာဘွေ အာဏာရှင် ရောဘတ်မူဂါဘီ၏အတွင်းရေးများကို လူမှုရေးကွန်ရက် Facebook ပေါ်တွင် ဖော်ထုတ်တင်ပြမှုကြောင့်၊ ထိုအာဏာရှင်ကြီးသည် အကြီးအကျယ်ဒေါသအိုးပေါက်ကွဲကာ Post တင်သူအား ဖော်ထုတ်ပေးနိုင်သူအား ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်းပေးမည်ဟု ဆုငွေထုတ်ခဲ့သည်။ ထို့ကြောင့် အာဏာရှင်များသည် Media ကိုကြောက်ကြသည်။ ဥာဏ်နီ၊ ဥာဏ်နက် မီးကုန်ယမ်းကုန်သုံး၍ Media ကိုထိန်းချုပ်ဖို့ ကြိုးစားကြသည်။

    Media ကြောင့်လည်း ၎င်းတို့၏ အဓမ္မလုပ်ရပ်သည် “ဘူးပေါ်သလို” ပေါ်ခဲ့သည်။ ယနေ့လူထုသည် Media ကိုအားပေးသည်။ အားကိုးသည်။ Media သည်လူထုအတွက် နားမျက်စိ ဖြစ်လာသည်။ ထို့ကြောင့်လည်းMedia ကို နိုင်ငံ၏စတုတ္ထမဏ္ဍိုင် ဟုတင်စားပြောဆိုကြခြင်းဖြစ်သည်။ Media ကြောင့် ယနေ့ကမ္ဘာကြီး သည် ရွာပုံစံ (Globalization) မြင်လာရသည်။

    ကမ္ဘာပေါ်ရှိ ဘာသာတရားများကို စေ့စေ့စပ်စပ်လေ့လာကြည့်လျှင် မည်သည့်ဘာသာတရားကမျှ အစွန်းရောက်သူများ (Extremists)၊ အကြမ်းဖက်သူများ (terrorists)ကို လုံးဝအားပေးခြင်း မရှိကြောင်း တွေ့ရသည်။ ဘာသာတရားတိုင်းသည် ယုံကြည်သူတိုင်းကို လိမ္မာယဉ်ကျေးအောင် အကျင့်စာရိတ္တကောင်းမွန်အောင် လောဘ၊ ဒေါသ၊ မောဟတို့ကို ထိန်းချုပ်နိုင်အောင် သင်ကြားပေးသည်။ မယုတ်၊ မလွန်၊ အလယ်၊ အလတ် လမ်းစဉ်သည် လောကလူအားလုံးအတွက် အကောင်းဆုံးဖြစ်ကြောင်းကို သင်ကြားပေးသည်။

    လူမျိုးရေး၊ ဘာသာရေးမှာ အစွန်းရောက်လျှင် လူ့ဘောင်အဖွဲ့အစည်း၏ အပြင်ဖက်ကို ရောက်သွားတက်သည်။ လူမျိုးစွဲ ဘာသာစွဲ အစွန်းရောက်မှိုင်းမိနေသူများသည် “စိတ်ရောဂါဝေဒနာရှင်များနှင့် တူသည်”ဟု ကမ္ဘာကျော် အမေရိကန်စိတ်ပညာပါရဂူတစ်ဦးက မိန့်ဆိုခဲ့ဖူးသည်။ ထိုသူများကို ဘာသာရေး၊ နိုင်ငံရေး”အဆိပ်မှိုင်းများ” သွတ်သွင်းရန် အလွန်လွယ်ကူသည်။ ထိုသူများသည် ထိလွယ်၊ ရှလွယ်၊ ခံစားလွယ်တက်ပြီး၊ ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ကင်းဝေးတတ်သည်ဟု ထိုပညာရှင်ကြီးက မှတ်ချက်ချ ပြောဆိုခဲ့ပါသည်။

    ကမ္ဘာပေါ်တွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ အမျိုးမျိုးရှိသည့်အနက်စေ့စပ်၊ ဆွေးနွေး၊ အဖြေရှာသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် အချိန်အကြာဆုံးပွဲစဉ် ဖြစ်ကြောင်းတွေ့ရမည်။ နှစ်ဦးနှစ်ဘက် အလျော့၊ အတင်း၊ အပေး၊ အယူဖြင့်သာ  “ငြိမ်းချမ်းရေးပန်းတိုင်” ကို ရောက်နိုင်သည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ အတ္တစိတ်များ ပါဝင်လာပါက ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေမည်။

    ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ သန်းပေါင်း ၇၀၀၀ ကျော်ရှိသည်။ လူမျိုးပေါင်း ၅၀၀၀ ကျော်ရှိသည်။ ဘာသာစကားပေါင်း ၆၀၀၀ ကျော်ရှိသည်။ အရှေ့တောင် အာရှတွင် လူဦးရေ အများဆုံး သန်း ၂၀၀ ကျော် ရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် ပြောဆိုသုံးစွဲသည့် ဘာသာစကား ၂၅၀ ကျော်ရှိသည်ကို ထောက်ရှုလျှင် တိုင်းရင်းသား မျိုးနွယ်ပေါင်း မြောက်မြားစွာ နေထိုင်လျက်ရှိသည် သိနိုင်သည်။

    B.B.C အသံလွှင့်ဌာန၏ မှတ်တမ်းအရ ကမ္ဘာ့လူဦးရေ၏ သန်းပေါင်း ၂၀၀၀ ကျော်သည် ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြသည်။ သန်းပေါင်း ၁၆၀၀ ကျော်သည် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသည်။ သန်းပေါင်း ၈၀၀ ကျော်သည် ဟိန္ဒူဘာသာကို သက်ဝင်ယုံကြည်သည်။ သန်းပေါင်း ၅၀၀ ကျော်သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည်။ မည်သည့်ဘာသာကိုမျှ သက်ဝင်ယုံကြည်ခြင်းမရှိသည့်သူပေါင်း သန်း ၈၀၀ ကျော် ရှိသည်။ ဂျူးဘာသာ၊ ဆစ်ခ်ဘာသာ၊ ဂျိန်းဘာသာ၊ ကွန်ဖြူးရှပ်ဝါဒနှင့် နတ်ကိုးကွယ်သည့်သူများလည်း ဒုနဲ့ဒေးရှိသည်။

    လူမျိုး၊ ဘာသာ၊ ရိုးရာအစဉ်အလာ ယဉ်ကျေးမှု မတူကွဲပြားခြင်း (Diversity) ကို “ငါနှင့်မတူ ငါ့ရန်သူ” ဟု မျက်မှန်စိမ်းတပ် ကြည့်နေမည့်အစား “မတူကွဲပြားခြားနားခြင်းကို” အင်အားတစ်ရပ် အလှအပတစ်ရပ်၊ ဂုဏ်ယူဖွယ်ရာတစ်ခုအနေနှင့် အသုံးချသင့်ပါတယ်ဟု ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိစဉ် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သမိုင်းဝင် မိန့်ခွန်းတစ်ခုမြွက်ကြားခဲ့ပါတယ်။ ထိုအခမ်းအနားကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ညာနိသရ၊ “၈၈” မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းတို့ တက်ရောက်ခဲ့ကြသည်။

    လူတစ်ယောက်တွင် လက်ချောင်းငါးမတူကွဲပြား၊ ပုံသဏ္ဍာန်ရှိနေခြင်းသည် လက်တွေ့တွင် အသုံးတည့်ခြင်းကိုဖြစ်စေသည်။ သဘာဝကျသည်။ အဓိပ္ပါယ်ရှိသည်။ “ငြိမ်းချမ်းရေး၊ စမ်းရေအေးအေးကို သောက်သုံးလိုလျှင် ကမ္ဘာပြည်သူလူထုသည် လူသားဝါဒ(Humanism) ကို ကျင့်သုံးဆောက်တည်ရမည်။ လူသားဝါဒဟူသည် လောကတွင် လူကို လူလိုမြင်၊ လူလူချင်း တန်ဖိုးထားဆက်ဆံသည့် လမ်းစဉ်ဖြစ်သည်။နိုဘယ်ဆုရှင် ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး ပါမောက္ခ အိုင်းစတိုင်းက “အကြမ်းဖက်ခြင်းသည် အကြမ်းဖက်ခြင်းကို ဖြစ်စေသည်။” (Violence breeds Violence) ဟု ပြောခဲ့ဖူးသည်။

    ထို့ကြောင့် နေရာဒေသတစ်ခုတွင် မတူကွဲပြားခြားနားသည့် လူများ ထာဝရအတူ ယှဉ်တွဲနေထိုင်လိုလျှင်တစ်ဦးနှင့်တစ်ဦးပြင်ပ ပရောဂများ၊ သွေးထိုးလှုံ့ဆော်မှုများ၊ သံသယများကို အသိနှင့်ယှဉ်ပြီး လက်ခံရမည်။ ဘာသာအယူဝါဒ၊ ဓလေ့ထုံးစံမတူကွဲပြားသူများ အချင်းချင်း ပွင့်လင်းမှုရှိရမည်။ နားလည်မှုရှိရမည်။ အပြန်အလှန် လေးစားချစ်ခင်မှုရှိရမည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ဘာသာရေးခေါင်းဆောင်များ ဦးဆောင်၍ လူထုတရားပွဲများကို စုပေါင်းကျင်းပခြင်းသည် ပွင့်လင်းမြင်သာမှုကို ဖြစ်စေပြီး ဘာသာရေး ပဋိပက္ခများကို ဖြေရှင်းပေးနိုင်သည်။

    “သည်းခံခွင့်လွှတ်ခြင်းသည် နိဗ္ဓာန်၏ သော့ကိုပိုင်ဆိုင်ခြင်း “(Patience is the key of paradise) ဖြစ် သည်။ အကောင်းဆုံးသော ကလဲ့စားချေခြင်းသည် သည်းခံခွင့်လွှတ်ခြင်း (The best revenge is forgiveness) ဖြစ်သည်ဟူသော ဘာသာရေး အဆုံးအမများသည် ကမ္ဘာကြီးကို ငြိမ်းချမ်းစေသောငြိမ်းချမ်းရေး တရားများ ဖြစ်ကြသည်။ ငြိမ်းချမ်းရေးတရားများကို လက်ကိုင်ထားပြီး၊ လူသားအချင်းချင်း၊လူသား ၀ါဒကို ကျင့်သုံးမည်။ လူပီသအောင် နေထိုင်ကြမည်။ “မိမိကြောင့် ကမ္ဘာကြီး၏ ရေ၊ မြေ၊ လေ၊တော၊ တောင်၊ သဘာဝအလှတရားများ (Natural Beauty) ဘယ်တော့မှ မပျက်စီးစေရ” ဟူသော စိတ်ဓာတ်မျိုး ကမ္ဘာချစ်စိတ်ဓာတ် (Global spirit) လူတိုင်းရင်မှာ ထားနိုင်လျှင်၊ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော အစွန်းရောက်ဝါဒ (Extremism) အကြမ်းဖက်ဝါဒ (Terrorism) များ အနှေးနှင့် အမြန်ပပျောက်သွားပြီး၊ သာယာဝပြောသော ငြိမ်းချမ်းသောကမ္ဘာကြီးတစ်ခုကို မုချဧကန် တည်ဆောက်နိုင်ပေမည်။

    ဆောင်းပါးရှင် ဂျက်ဖရီတင်အုန်း ( ရန်ကုန်စက်မှုတက္ကသိုလ် R.I.T) ပေးပို့လာသည့် ဆောင်းပါးဖြစ်ပါသည်။