News @ M-Media

Tag: Juventus

  • ခရစ္စတီယာနိုရော်နယ်ဒို ပရီးမီးယားလိဂ်သို့ပြန်လာရန် နီးစပ်နေ

    ခရစ္စတီယာနိုရော်နယ်ဒို ပရီးမီးယားလိဂ်သို့ပြန်လာရန် နီးစပ်နေ

    ဩဂုတ် ၂၇၊ ၂၀၂၁
    M-Media

    -ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ မန်စီးတီးအသင်းတို့အကြား အပြီးသတ်သဘောတူညီချက်ရတော့မယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ESPN သတင်းဌာနကို အတည်ပြု ပြောကြားလိုက်ပါတယ်။

    အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းနဲ့ သက်တမ်းတစ်နှစ်သာ ကျန်တော့တာပါ။

    ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့ဂျ်မန်ဒက်စ်နဲ့ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထွက်ခဲ့ပြီး၊ ရော်နယ်ဒိုနဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာတို့လည်း ကြာသာပတေးနေ့ မနက်ပိုင်းမှာ ဖုန်းဆက်ဆွေးနွေးခဲ့ပါတယ်။

    ရော်နယ်ဒိုက စနေနေ့မှာကစားမယ့် အမ်ပိုလီအသင်းနဲ့ စီးရီးအေပွဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ ဂျူဗင်တပ်စ်အသင်းကို အကြောင်းကြားထားပါတယ်။ ရော်နယ်ဒိုဟာ နွေရာသီအပြောင်းအရွှေ့ရောက်ရင် ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာမယ်လို့ ဇွန်လမှာ သတင်းထွက်ခဲ့တာပါ။ နွေရာသီအပြောင်းအရွှေ့ဟာ ဩဂုတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

    ဂျူဗင်တပ်စ်အသင်းက ရော်နယ်ဒိုအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ပတ်ဝန်းကျင် လိုချင်နေတာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး၊ ရော်နယ်ဒိုရဲ့ မြင့်မားတဲ့လစာငွေတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းရမယ့် ကိစ္စတွေ ရှိနေသေးတယ်လို့ မန်စီးတီးအသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    ရော်နယ်ဒိုဟာ မန်စီးတီးအသင်းရဲ့ မြို့ခံပြိုင်ဘက် မန်ယူမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့ပြီး အဲဒီနောက် ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားကာ၊ ၂၀၁၈ ခုနှစ်မှာတော့ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

    Ref: ESPN

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၂၈၊ ၂၀၂၀
    M-Media

    ကိုဗစ်စည်းမျဉ်းနှင့်အညီ ပရိတ်သတ် ၂ သောင်းကျော်လက်ခံရန် မန်ယူပြင်ဆင်ထား

    ခပ်ခွာခွာနေထိုင်ရေးအပါအဝင် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ လူ ၂၃၅၀၀ လောက် ကြည့်ရှုနိုင်အောင် အိုးထရက်ဖို့ကွင်းကို မန်ယူအသင်းက ပြင်ဆင်ထားပါတယ်။

    ပရီးမီးယားလိဂ်မှာ အောက်တိုဘာကစပြီး ပရိတ်သတ်တွေဝင်ရောက်ခွင့်ပေးဖို့ အစောပိုင်းက စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်ကူးစက်မှု ပြန်တက်လာတာကြောင့် ဒါကို ယူကေအစိုးရက ရွှေ့ဆိုင်းလိုက်ပြီး နောက်ထပ် ၆ လလောက်အထိ ဒီအတိုင်းသွားမယ်လို့ သတင်းထွက်နေတာပါ။

    အသင်းတာဝန်ရှိသူ အမျိုးသမီး ကိုလက်တီ ရိုချီက စားသောက်ဆိုင်၊ ​လေယာဉ်နဲ့ ရုပ်ရှင်ရုံတွေလိုနေရာမျိုးမှာ လူစုခွင့်ပေးထားပြီး ဘောလုံးပြိုင်ပွဲမှာ ပရိတ်သတ်ဝင်ခွင့်မပေးတဲ့ အစိုးရရဲ့ဆုံးဖြတ်ချက်ကို နားမလည်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ညီအောင် ကွင်းကိုပြင်ဆင်ထားပြီး ​ပရိတ်သတ်တွေကိုလက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကိုဗစ်စစ်ဆေးမှုနည်းလမ်းကို ရော်နယ်ဒိုဝေဖန်

    ပြိုင်ပွဲမကစားခင် အချိန်မီ ရလဒ်မထွက်တဲ့ ကိုဗစ်စစ်ဆေးရေးစနစ်ကို ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဝေဖန်လိုက်ပါတယ်။

    အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုဟာ ကိုဗစ်တွေ့တာကြောင့် အောက်တိုဘာ ၁၃ ရက်နေ့ကတည်းက သီးခြားနေထိုင်နေရတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒုတိယအကြိမ်စစ်ဆေးခဲ့ပြီး အချိန်မီအဖြေမထွက်တာကြောင့် ဒီကနေ့ကစားမယ့် ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပွဲစဉ် အသင်းရဲ့လူစာရင်းမှာ ပါဝင်လာခြင်းမရှိပါဘူး။

    ရော်နယ်ဒိုကတော့ မိမိဟာ ကျန်းမာနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပြီး ရလဒ်အချိန်မီမထွက်တဲ့အတွက် စိတ်ပျက်ရတယ်လို့ ဆိုပါတယ်။

    ရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း မက်ဆီနဲ့ ထိပ်တိုက်တွေ့ဆုံရမယ့်အခွင့်အရေးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

    Ref : BBC

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    ဖေဖော်ဝါရီ ၃၊ ၂၀၂၀
    M-Media

    ဂျူဗင်တပ်စ်မှာ ဂိုး ၅၀ ပြည့်သွားတဲ့ ရော်နယ်ဒို

    ၂၀၁၈ ခုနှစ်က ရီးယဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ရောက်ရှိလာတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဖီအိုရင်တီးနားကို ၃ ဂိုးပြတ်နဲ့နိုင်တဲ့ ဒီတစ်ပတ် စီးရီးအေပွဲစဉ်မှာ ၂ ဂိုးသွင်းယူခဲ့ပြီး ဂျူဗင်တပ်စ်အတွက် ဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပွဲ ၇၀ နဲ့ ဒီစံချိန်ကို ရခဲ့တာပါ။ ၂၀၀၅ ခုနှစ်က တိုက်စစ်မှူး ထရာဇီဂေးရထားတဲ့ စီးရီး‌အေ ၉ ပွဲဆက် ဂိုးသွင်းနိုင်တဲ့စံချိန်ကိုလည်း ရော်နယ်ဒိုက လက်ရှိမှာ ရရှိထားပါတယ်။ စီးရီးအေမှာ ရော်နယ်ဒိုဟာ ၁၉ ဂိုးနဲ့ ဒုတိယဂိုးအများဆုံးသွင်းယူသူအဖြစ် ရှိနေပါတယ်။ ဂိုး ၅၀ ပြည့်တဲ့အတွက် ဂုဏ်ယူမိတယ်လို့ Twitter စာမျက်နှာမှာ ရော်နယ်ဒိုက ရေးသားခဲ့ပါတယ်။

    ချန်ပီယံလိဂ်ဖလားက ဂွါဒီယိုလာ၏ အောင်မြင်မှုကို ဆုံးဖြတ်မည်

    အသင်းကို ချန်ပီယံလိဂ်ရအောင် မစွမ်းဆောင်ပေးနိုင်ဘူးဆိုရင် ကျရှုံးသူအဖြစ် မှတ်ယူခံရလိမ့်မယ်လို့ မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် မန်စီးတီးအသင်းကို ရောက်ပြီးကတည်းက ပရီးမီးယားလိဂ် ၂ ကြိမ်အပါအဝင် အဓိကဖလား ၅ လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၃ နှစ် ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ကနေသာ ထွက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် အသင်းဟာ အလွန်ကို ကောင်းခဲ့ပေမယ့် ချန်ပီယံလိဂ် မရတဲ့အတွက် ဝေဖန်ခံခဲ့ရတယ်လို့လည်း ဂွါဒီယိုလာက ဆိုပါတယ်။ ၂၀၁၁ ခုနှစ် ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား ရခဲ့တာဟာ ဂွါဒီယိုလာအတွက် နောက်ဆုံး ဖြစ်ပါတယ်။

    စတာလင်၏ ပြစ်ဒဏ်ကျူးလွန်မှုအပေါ် စိတ်မကွက်ဟု စပါးကွင်းလယ်လူပြော

    မိမိအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ စတာလင်အပေါ် စိတ်ကွက်တာမျိုးမရှိဘူးလို့ စပါးကွင်းလယ်လူ ဒယ်လီအလီက ပြောကြားလိုက်ပါတယ်။ စပါးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ပွဲ မိနစ် ၇၀ မှာ ဘောလုံးလုဖို့ ကြိုးစားရကာနေတစ်ဆင့် စတာလင်ဟာ ပြစ်ဒဏ်ကျူးလွန်မိတာဖြစ်ပါတယ်။ အလီဟာ အဲဒီဒဏ်ရာကြောင့် နောက်ပိုင်းမှာ လူစားလဲခဲ့ရပြီး အသေးစိတ်ကို စပါးအသင်းက ထုတ်ပြန်ခြင်း မရှိပါဘူး။ အလီက စတာလင်ဟာ အခြားသူတစ်ဦးဦးအပေါ် ရည်ရွယ်ပြီး ကျူးလွန်တတ်တဲ့ ကစားသမားမျိုး မဟုတ်တာကို သိရှိထားပြီး မိမိနဲ့လည်း ခင်မင်ရင်းနှီးတယ်လို့ ဆိုပါတယ်။

    Ref: BBC, Daily Mail

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၁၊ ၂၀၂၀
    M-Media

    ပြဿနာအားလုံးဖြေရှင်းနိုင်သည့် ရော်နယ်ဒိုဟု ဂျူဗင်တပ်စ်နည်းပြ ချီးကျူး

    တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ ကစားသမား ဖြစ်တယ်လို့ ဂျူဗင်တပ်စ်နည်းပြ မောင်ရီဇီယို ဆာရီက ပြောကြားလိုက်ပါတယ်။ အခုတစ်ပတ် ပါးမားအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ရော်နယ်ဒိုဟာ ၂ ဂိုးစလုံး သွင်းပေးခဲ့သလို ‌အသင်းရဲ့ခံစစ်အတွက်လည်း ကူညီပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ စီးရီးအေ ၇ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကိုလည်း အဲဒီပွဲမှာ ရရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာလက်ရှိ စီးရီးအေကို ဦးဆောင်နေပြီး ဆာရီက ရော်နယ်ဒိုကို ချီးကျူးခဲ့ပေမယ့် အသင်းလိုက်ကစားပုံအတွက် စိတ်ပျက်ရတယ်လို့‌ ပြောဆိုခဲ့ပါတယ်။

    ကစားသမားများ၏ အပြုအမူကြောင့် မန်ယူကို FA က တရားစွဲ

    လီဗာပူးလ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲမှာ ကစားသမားတွေ ဒိုင်လူကြီးကို ၀ိုင်းအုံစောဒကတက်မှုအတွက် မန်ယူအသင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က တရားစွဲဆိုထားပါတယ်။ လီဗာပူးလ်တိုက်စစ်မှူး ဖာမီနို ဒုတိယဦးဆောင်ဂိုး သွင်းယူမှုမှာ နောက်ခံလူ ဗန်ဒိုက်ဟာ ဂိုးသမား ဒီဂီယာအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ မန်ယူကစားသမားတွေက ကွင်းလယ်ဒိုင် ခရေ့ဂျ် ပေါ်ဆန်ကို စောဒကတက်ခဲ့တာပါ။ ကွင်းလယ်ဒိုင်က VAR ကြည့်ကာ ဂိုးပေးမှုကို ပယ်ဖျက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း မန်ယူကစားသမားတွေဟာ ကစားသမားကျင့်ဝတ်နဲ့ မညီတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တယ်လို့ဆိုကာ FA က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ မန်ယူနောက်ခံလူဟောင်းဖြစ်ပြီး လက်ရှိမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က ဗန်ဒိုက်ဟာ ဒီဂီယာကို ပြစ်ဒဏ်ကျူးလွန်မှုမရှိဘဲ မန်ယူကစားသမားတွေရဲ့ ဖိအားကြောင့် ဒိုင်လူကြီးက ဂိုးမပေးခဲ့တာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    နေးမာလက်သစ်ဟု နာမည်ကြီးနေသူကို ရီးယဲလ်ခေါ်ယူ

    ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းက အသက် ၁၈ နှစ်အရွယ် ကွင်းလယ်တိုက်စစ်မှူး ရီနီ ဂျီးဆက်စ်ကို ရီးယဲလ်မက်ဒရစ်အသင်းက ကန်ဒေါ်လာ ၃၃ သန်းနဲ့ မနေ့မှာခေါ်ယူခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဆောင်းရာသီမှာ စျေးအကြီးဆုံးပေးပြီး ခေါ်ယူမှုလည်းဖြစ်ပါတယ်။ နေးမာလက်သစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဂျီးဆက်စ်ဟာ ဖလာမင်ဂိုအသင်းကြီးနဲ့ ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြကာ အသင်းနဲ့အတူ အမှတ်ပေးဖလား၊ ရှုံထွက်ဖလားတွေကို ရရှိခဲ့ပါတယ်။ ရီးယဲလ်ဟာ အလားအလာရှိတဲ့ လူငယ်သွေးသစ် ကစားသမားတွေအတွက် ဘရာဇီးလ်စျေးကွက်ကို အဓိကထားပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဘရာဇီးလ်လူငယ်ကစားသမား အနည်းဆုံး ၃ ဦးအထိ ခေါ်ယူထားပါတယ်။

    Ref: Goal, BBC

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရ ၁၈၊ ၂၀၂၀
    M-Media

    အာဖရိကဘောလုံးပြိုင်ပွဲက အသင်းအတွက် ကပ်ဆိုးဟု ကလော့ပ်ပြော

    ၂၀၂၁ ခုနှစ် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို ဇန်နဝါရီလ ပြောင်းရွှေ့လိုက်တာဟာ အသင်းအတွက် ‘ကပ်ဆိုးကြီး’ တစ်ခုလို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ပြိုင်ပွဲကျင်းပမယ့် ကင်မရွန်းနိုင်ငံက ရာသီဥတုအခြေအနေကြောင့် ကျင်းပမယ့်အချိန်ကို ဒီလိုရွှေ့ဆိုင်းလိုက်တာပါ။ ပြိုင်ပွဲအတွက် အသင်းမှာ အားထားရတဲ့ ဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာနေး၊ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်နဲ့ ဂီနီကွင်းလယ်လူ နဘီ ကီတာတို့ကို လီဗာပူးလ်က ဆုံးရှုံးမှာ ဖြစ်ပါတယ်။ ကလော့ပ်ကတော့ ကစားသမားတွေကို ပြိုင်ပွဲမသွားဖို့ သွေးဆောင်တာဟာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘဲ၊ ပြိုင်ပွဲကလည်း ကစားသမားတွေအတွက် အထောက်အကူမဖြစ်စေနိုင်ဘူးလို့ ဆိုပါတယ်။ အရင်က ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ ကျင်းပနေတဲ့ ဒီပြိုင်ပွဲကို ၂၀၁၉ ခုနှစ်ကစတင်ကာ ဇွန်လမှာ ပြောင်းရွှေ့ကျင်းပခဲ့ပြီး ဥရောပထိပ်တန်းဘောလုံးလိဂ်တွေက ကြိုဆိုခဲ့ကြပါတယ်။

    အထုတ်မခံရမချင်း မန်စီးတီးနည်းပြ အသင်းတွင် ဆက်ရှိမည်

    အသင်းက မထုတ်မချင်း ဆက်ရှိသွားမယ်လို့ မန်စီးတီးအသင်းနည်းပြ ပက်ပ်ဂွာဒီယိုလာက ပြောကြားလိုက်ပါတယ်။ စံချိန်တင်အမှတ်တွေနဲ့ ပရီးမီးယားလိဂ်ကို ၂ ကြိမ်ဆက်ရရှိအောင်စွမ်းဆောင်ပေထားနိုင်တဲ့ ဂွါဒီယိုလာရဲ့ စာချုပ်မှာ ၂၀၂၁ ဘောလုံးရာသီရောက်ရင် ထွက်ခွာနိုင်တယ်ဆိုတဲ့အချက် ပါဝင်နေတာပါ။ ဂွါဒီယိုလာက အသင်းရဲ့စွမ်းဆောင်ရည် မကောင်းရင်တောင်မှ အသင်းကနေ ထွက်ခွာသွားမှာမဟုတ်ဘဲ အမြဲတမ်း အနိုင်ရအောင် ဘယ်နည်းပြမှ စွမ်းဆောင်မပေးနိုင်ကြောင်း၊ လက်ရှိ ကစားသမားတွေနဲ့ အလုပ်လုပ်ရတာကို ပျော်ရွှင်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စီးရီးအေအသင်း အားလုံးနီးပါးကို ဂိုးသွင်းထားသည့် စံချိန်တစ်ခု ရော်နယ်ဒိုရရှိ

    ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ လက်ရှိ စီးရီးအေမှာ ကစားနေတဲ့ အသင်းအားလုံးနီးပါးကို ဂိုးသွင်းနိုင်တဲ့ စံချိန်တစ်တစ်ခု ရရှိထားတယ်လို့ အီတလီဂျာနယ်လစ်တစ်ဦးက ရေးသားဖော်ပြခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဂျူဗင်တပ်စ်ကို ရောက်လာပြီးနောက် ပထမဆုံးရာသီမှာ ရော်နယ်ဒိုဟာ ၄၃ ပွဲကစားပြီး ၂၈ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာကြောင့် ပွဲစဉ်တွေ လွဲချော်ထားပေမယ့် ၂၃ ပွဲကစားကာ ၁၆ ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ လက်ရှိ စီးရီးအေက အသင်းတွေထဲမှာ ရော်နယ်ဒို ဂိုးမသွင်းထားတဲ့အသင်းဟာ ဘရက်စီယာနဲ့ လက်ချီ ၂ သင်းသာရှိပြီး ဒီအသင်းတွေနဲ့ပွဲတွေမှာ သူ ပါဝင်ကစားနိုင်ခြင်း မရှိတဲ့အတွက် ဖြစ်ပါတယ်။ လာလီဂါမှာလည်း ရော်နယ်ဒိုဟာ အသင်းအားလုံးကို ဂိုးသွင်းနိုင်တဲ့စံချိန် ရရှိခဲ့ပါတယ်။

    Ref: BBC