News @ M-Media

Tag: Kazan

  • အမြင်အာရုံ ချို့ယွင်းသူများ အတွက် အစ္စလာမ်ဘာသာရေး စာအုပ်များ ထုတ်ဝေနိုင်မည့် ပုံနှိပ်တိုက် ရုရှားရှိ ဗလီ တစ်လုံးတွင် ဖွင့်လှစ်

    မတ် ၁၊ ၂၀၁၄
    M-Media

    tipografiya_yardem
    – အမြင်အာရုံချို့ယွင်းနေသာ အစ္စလာမ် ဘာသာဝင်များ အစ္စလာမ့် စာပေများကို ဖတ်ရှုလေ့လာနိုင်ရန် အတွက် မျက်မမြင်သုံး စာအုပ်များ ထုတ်လုပ်ပေးနိုင်သည့် ပုံနှိပ်တိုက် တစ်ခုကို ရုရှားနိုင်ငံ တာတာရ်ဆန် ပြည်နယ်တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    Suhr Kazan အမည်ရသည့် အဆိုပါ ပုံနှိပ်တိုက်ကို ပြည်နယ်မြို့တော် ကာဇန်ရှိ Yardem ဗလီဝတ်ကျောင်းတော်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံနှင့် ယခင် ဆိုဗီယက်ပြည်ထောင်စု အတွင်း ရှိခဲ့သည့် နိုင်ငံများ ပူးပေါင်း ဖွဲ့စည်းထားသည့် CIS အဖွဲ့၏ အဖွဲ့ဝင် နိုင်ငံများမှ အမြင် အာရုံချို့ယွင်းသော အစ္စလာမ် ဘာသာဝင်များ ဖတ်ရှုလေ့လာနိုင်ရန် အတွက် အစ္စလာမ်ဘာသာရေး စာပေများကို ထိုပုံနှိပ်တိုက်မှ ရိုက်နှိပ် ထုတ်ဝေရန် စီစဉ်လျက်ရှိသည်။

    အဆိုပါ ပုံနှိပ်တိုက်မှ အရည်အသွေး ကောင်းမွန်သော မျက်မမြင်သုံး စာအုပ်များ ထုတ်လုပ်နိုင်ရန် အတွက် ခေတ်မီ စက်ကိရိယာများကို တပ်ဆင်ထားသည်။  နောက်ဆုံးပေါ် စက်ကိရိယာများကို ပြည်နယ် ၀န်ကြီးချုပ် Rustam Minnikhanov က လက်ဆောင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ တစ်မိနစ်လျှင် ၇၅ မျက်နှာ ထုတ်ပေးနိုင်သည့် မိတ္တူကူးစက်နှင့်၊ အခြားသာ ပစ္စည်းများလည်း ပါဝင်သည်။

    Yardem ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင် ဆရာတော် Hazrat Bayazitov ကမူ အဆိုပါ ပုံနှိပ်တိုက်မှာ ရုရှားရှိ အစ္စလာမ် ဘာသာဝင်များ အတွက် ဘာသာရေး စာပေများကို အခမဲ့ ဆက်လက်ထုတ်ဝေပေးနိုင်မည်ဟု ပြောကြားခဲ့သည်။

    အမြင်အာရုံချို့ယွင်းသူများ အတွက် စာအုပ်များ ထုတ်ပေးနိုင်မည့် ယခုကဲ့သို့ ပုံနှိပ်တိုက် ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ သမိုင်းဝင် အဖြစ်အပျက် တစ်ခုဖြစ်ပြီး Yardem ဗလီဝတ်ကျောင်းတော်မှာ အလှူဒါနပြုရာ အချက်အချာနှင့် အလှူ ဒါနပြုရန် ပြယုဂ်ဖြစ်လာသည်ဟု ပြည်နယ်ကောင်စီမှ တာဝန်ရှိသူ Robert Minnullin က ပြောကြားခဲ့သည်။

    ရုရှားနိုင်ငံ အနောက်ပိုင်းတွင် ရှိသည့် အဆိုပါပြည်နယ်တွင် ခန့်မှန်း လူဦးရေမှာ ၃.၈ သန်းရှိပြီး ၅၅ ရာခိုင်းနှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်ကြသူများဖြစ်ကြသည်။

    Ref: islam.ru