News @ M-Media

Tag: Kofi Anan

  • ကုလအတွင်းရေးမှူးဟောင်း နိုဘယ်ဆုရှင် ကိုဖီအန်နန် ကွယ်လွန်

    ကုလအတွင်းရေးမှူးဟောင်း နိုဘယ်ဆုရှင် ကိုဖီအန်နန် ကွယ်လွန်

    သြဂုတ် ၁၈၊ ၂၀၁၈
    M-Media

    – ကုလအတွင်းရေးမှူးချုပ်အဖြစ် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုဖီအန်နန်ဟာ ရုတ်တရက် နေမကောင်းဖြစ်ခဲ့ပြီးနောက် ဒီကနေ့မနက်ပိုင်း ဆွစ်ဇာလန်က ဆေးရုံတစ်ခုမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

    ကွယ်လွန်ချိန်မှာ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ကိုဖီအန်နန်ဟာ ကုလအတွင်းရေးမှူးချုပ် ရာထူးကို ၁၉၉၇ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ကုလနဲ့အတူ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ပါတယ်။

    ‘ကိုဖီအန်နန်ဖောင်ဒေးရှင်း’ ကလည်း ကိုဖီအန်နန်ကွယ်လွန်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    “ကမ္ဘာက လေးစားအားထားရတဲ့ ကိုဖီအန်နန်ဟာ ကမ္ဘာ့ဝါဒီတစ်ဦးဖြစ်ပြီး သူရဲ့ ဘ၀သက်တမ်းတစ်လျှောက်လုံးကို ပိုမိုမျှတပြီး ငြိမ်းချမ်းတဲ့ကမ္ဘာကြီး ဖြစ်လာအောင် နှစ်မြှုပ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ခေါင်းဆောင်အဖြစ် သူ့ရဲ့ ထူးခြားတဲ့ တာဝန်ထမ်းဆောင်မှုအတွင်းမှာ ငြိမ်းချမ်းရေး၊ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အားတက်သရော ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဂါနာနိုင်ငံသားတစ်ဦးဖြစ်တဲ့ မစ္စတာ ကိုဖီအန်နန်ကို မြန်မာအစိုးရက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အကြီးအကဲအဖြစ် တာဝန်ပေးအပ်ခဲ့ဖူးပါတယ်။

    ကုလအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ကိုဖီအန်နန်ဟာ ‘ကောင်းကျိုးအတွက် မောင်းနှင်အားတစ်ခုဖြစ်တယ်’ လို့ ချီးကျူးခဲ့ပါတယ်။

    ဈာပနအခမ်းအနား ကျင်းပမယ့်အစီအစဉ်ကို နောက်ပိုင်းမှာ ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။

    Ref: CNA

  • ဦးကိုနီ လုပ်ကြံခံရမှု ကိုဖီအာန် ပြင်းထန်စွာ ရှုံချ၊ အမြန်ဆုံးဖော်ထုတ်ဖို့ တောင်းဆို

    ဦးကိုနီ လုပ်ကြံခံရမှု ကိုဖီအာန် ပြင်းထန်စွာ ရှုံချ၊ အမြန်ဆုံးဖော်ထုတ်ဖို့ တောင်းဆို

    ဖေဖော်ဝါရီ ၂ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    ရန်ကုန်လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုအပေါ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့၊ ဥက္ကဌ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်မှ ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

    ကြေညာချက် အပြည့်အစုံမှာ

    ကျွန်တော့်အနေနဲ့ လူအများ လေးစားရတဲ့ ရှေ့နေဦးကိုနီ သေနတ်ဖြင့် ပစ်သတ်ခံရမှုနဲ့ သေနတ်ပစ်သူကို လိုက်လံဖမ်းဆီးရင်း သေဆုံးခဲ့ရတဲ့ ယာဉ်မောင်း ဦးနေဝင်းတို့ ဖြစ်ရပ်ကို ပြင်းထန်စွာ ရှုံ့ချပါတယ်။

    ကျွန်တော့်အနေနဲ့ ကွယ်လွန်သူများရဲ့ မိသားစုများနဲ့ မိတ်ဆွေများထံသို့ အလွန်အမင်း ဝမ်းနည်း ကြေကွဲရပါကြောင်း ပြောလိုပါတယ်။ဒီသတင်းဟာ တုန်လှုပ်စရာကောင်းပြီး ဝမ်းနည်းစရာ ကောင်းပါတယ်။

    လူ့အခွင့်အရေးနဲ့ တရား ဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်နေသူတွေ အပေါ် အကြမ်းဖက်ခြင်းဟာ စက်ဆုပ်ဖွယ် ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ မတူကွဲပြားမှုတွေ ဘယ်လိုပဲ ရှိနေပါစေ၊

    အပြန်အလှန် ပြောဆိုဆွေးနွေးခြင်းနှင့် သည်းခံခြင်းတို့နဲ့သာ ရှေ့ဆက်နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ အကြမ်းဖက်မှုဟာ အဖြေမဟုတ်ပါဘူး။

    ဒီ ဆိုးဝါးလှတဲ့ ရာဇဝတ်မှုကို တတ်နိုင်သမျှ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများကို တောင်းဆိုပါတယ်။

    ref: kofiannanfoundation

  • ပြဿနာဖြေရှင်းရေး မျှမျှတတ ဆောင်ရွက်မည်ဟု ကိုဖီအန်နန်ပြော

    ပြဿနာဖြေရှင်းရေး မျှမျှတတ ဆောင်ရွက်မည်ဟု ကိုဖီအန်နန်ပြော

    စက်တင်ဘာ ၉၊ ၂၀၁၆
    M-Media

    kofi-4

    – မိမိတို့၏ အကြံပေးကော်မတီ၏ တာဝန်မှာ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင် လူ့အဖွဲ့အစည်းနှင့် မွတ်စလင်လူ့အဖွဲ့အစည်းတို့၏ စိုးရိမ်မှုများကို နားလည်အောင် ကြိုးစားသွားရန်ဖြစ်ပြီး လူ့အခွင့်အရေးကို ဆန်းစစ်ရန်မဟုတ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီ၏ ဥက္ကဌဖြစ်သူ မစ္စတာ ကိုဖီအန်နန်က ယနေ့တွင် ပြောကြားလိုက်သည်။

    ၎င်း၏ ၆ ရက်တာ ခရီးစဉ်ပြီးနောက် ယနေ့မနက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်သူများအားလုံးနှင့်အတူ အကြံပြုသည့် နည်းလမ်းအတိုင်းသာ ဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ပြဿနာရဲ့ တစ်ဖက်တည်းကိုသာကြည့်ပြီး ပြေငြိမ်းရေး ဆောင်ရွက်မှာ မဟုတ်ပါဘူး”

    ယခုသီတင်းပတ်အစောပိုင်းက စစ်တွေမြို့သို့ သွားရောက်ရာတွင် ကိုဖီအန်နန်မှာ ရခိုင် အမျိုးသားရေးဝါဒီများ၏ ဆန္ဒပြမှုကို ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့က ထိုပြဿနာမှာ ပြည်တွင်းရေးဖြစ်သောကြောင့် နိုင်ငံတကာမှ ၀င်ရောက်စွက်ဖက်ခြင်းကို လက်မခံနိုင်ဟု ပြောကြားခဲ့သည်။

    မစ္စတာကိုဖီအန်နန်ကမူ မိမိအနေဖြင့် ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အလေးထားပြီး အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုမျိုးဖြင့် ၎င်းတို့နှင့် ဆက်သွယ်ဆောင်ရွက်ရန် မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။

    “ဒီပြဿနာတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကုလအတွင်းရေးမှူးချုပ်ဟောင်းက ဆိုပြီး မိမိတို့ကော်မရှင်၏ လုပ်ငန်းများတွင် အိမ်နီးချင်းနိုင်ငံများ၏ အကြံအဉာဏ်များကိုလည်း ရယူမည်ဖြစ်ကြောင်း၊ ယခုပြဿနာမှာ နိုင်ငံနယ်နမိတ်ကို ကျော်လွန်သည့်ပြဿနာဖြေစ်သောကြောင့် နိုင်ငံတကာ ပြဿနာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ၎င်း၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ဖိနှိပ်မှုများ ရှိသလားဟု မေးမြန်းရာတွင် မစ္စတာ အန်နန်က ၎င်းအပေါ်တွင် ဖိနှိပ်မှုမရှိဟု ပြန်လည်ဖြေကြားခဲ့သည်။

    ခရီးစဉ်အတွင်း ကော်မရှင်အဖွဲ့ဝင်များမှာ နှစ်ဖက်လူ့အဖွဲ့အစည်းမှ ဒုက္ခသည်စခန်းများသို့လည်း သွားရောက်ကြည့်ရှုခဲ့ကြပြီး ထိုကဲ့သို့ ခဏတာ တွေ့ဆုံမှုက ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်မည်မဟုတ်ဟု ပြောကြားမှုကို ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအေးလွင်က ပယ်ချခဲ့သည်။

    “အခုဟာက ၂ ရက်ကြာတဲ့ သွားရောက်မှုပါ။ အားလုံးကို သေသေချာချာ စီစဉ်ထားတာပါ။ ဒါ့ကြောင့် ဖိနှပ်မှုတွေ ရှိလား၊ မရှိဘူးလားဆိုတာကို သိဖို့ အချိန်ပေးရပါမယ်” ဟု ဦးအေးလွင်က ပြောကြားခဲ့သည်။

    မစ္စတာအန်နန်မှာ သမ္မတ ဦးထင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

    “ဒုက္ခသည်စခန်းတွေနဲ့ ရွာတွေထဲမှာ နေရတဲ့သူတွေက ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ရရေး၊ (အမျိုးသမီးတွေ) အလုပ်လုပ်ခွင့်ရရေး ပြောခဲ့ကြပြီး၊ တစ်ချို့တွေကလည်း သမိုင်းကြောင်းတွေ၊ ရခိုင်ပြည်နယ်သမိုင်းတွေ တော်တော်များများ ပြောခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အထူးသဖြင့် ကော်မရှင်က နိုင်ငံခြားသားတွေအတွက် ပြဿနာရဲ့ နောက်ခံကို နားလည်ဖို့ အရေးကြီးပါတယ်” ဟု ကိုဖီအန်န်က ပြောကြားခဲ့သည်။

    ကော်မရှင်အတွက် အမြဲတမ်းရုံးခန်းကို စစ်တွေမြို့တွင် ဖွင့်လှစ်ရန် စီစဉ်နေပြီး ၀န်ထမ်း ၅ ဦးမှ ၁၀ ဦးခန့်နှင့် ဆောင်ရွက်သွားမည်ဟု ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

    Ref: mmtimes

  • ရခိုင်ခရီးစဉ်အတွင်း ဒုက္ခသည်တွေနဲ့ ကိုဖီအာနန် တွေ့ဆုံ

    ရခိုင်ခရီးစဉ်အတွင်း ဒုက္ခသည်တွေနဲ့ ကိုဖီအာနန် တွေ့ဆုံ

    စက်တင်ဘာ ၈ ၊ ၂၀၁၆
    .aec86118-94ce-42e8-89f3-763fcb36b369_cx0_cy10_cw0_w987_r1_s_r1
    ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဒီကနေ့မှာတော့ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ၂ ရက်ကြာ ရခိုင်ပြည်နယ် ခရီးစဉ် အဆုံးမသတ်ခင်မှာပဲ စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။
    .
    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်လည်းဖြစ်တဲ့ ကိုဖီ အာနန် ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ လူမှုအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာတော့၊ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက လူမှုအသိုင်းအ၀ိုင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေဒဏ် ခံခဲ့ကြရသူတွေနဲ့ တွေ့ဆုံဖို့ စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းတွေကို သွားခဲ့တာလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းရဲ့ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ အကြံပေး ကော်မရှင် အဖွဲ့ဝင်တစ်ဥိးဖြစ်သူ ဦးအေးလွင်က ဗွီအိုအေကို ပြောပါတယ်။
    .
    “ အောင်မင်္ဂလာရပ်ကွက်ပေါ့နော် စစ်တွေမြို့မှာရှိတဲ့ ပဋိပက္ခထဲမှာ ပါမသွားတဲ့ မွတ်ဆလင်ရပ်ကွက်ကို အရင်ဆုံးသွားပါတယ်ခင်ဗျ။ အဲဒီမှာ သွားပြီးတော့ ကျနော်တို့ ရခိုင် ဗုဒ္ဓဘာသာဒုက္ခသည်စခန်း မင်းဂံ အဲဒီကို ကျနော်တို့ သွားပါတယ်ခင်ဗျ။ အဲဒီကနေပြီးတော့မှ မွတ်ဆလင် ဒုက္ခသည်စခန်း သက္ကယ်ပြင် အဲဒီကို ကျနော်တို့ သွားပါတယ်။ ၁ နာရီထိုးကျတော့ လေဆိပ်ဆင်းပြီးတော့ ၂ နာရီမှာ ရန်ကုန်ပြန်ရောက်ပါတယ်။”
    .
    ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်တဦးလည်းဖြစ်တဲ့ ကိုဖီအာနန်ရဲ့ မနေ့တုန်းက ရခိုင်ပြည်နယ် ခရီးစဉ်မှာတော့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ စစ်တွေမြို့မှာ စုဝေးပြီး ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှာ ပြည်ပက ကျွမ်းကျင်သူတွေ ပါဝင်နေတာကို ကန့်ကွက်ခဲ့ကြပါတယ်။
    .
    တစ်ချိန်တည်းမှာပဲ ဒီကော်မရှင်အဖွဲ့ကို ပြည်တွင်း တတ်သိပညာရှင်တွေနဲ့သာ ပြန်လည် ဖွဲ့စည်းသင့်တယ်ဆိုပြီး ရခိုင်အမျိုးသားပါတီက အရေးကြိးအဆိုကို ပြည်သူ့လွတ်တော်မှာ တင်သွားခဲ့တာပါ။ ဒါပေမဲ့လို့ ဒီကော်မရှင်ဟာ မနေ့က ရခိုင်ပြည်နယ် ပြည်နယ်လွတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို ဒီကနေ့မှာလည်း ရခိုင်နဲ့ မူစလင် အသိုင်းအ၀ိုင်း ဒုက္ခသည် တွေနဲ့ တွေ့ဆုံခဲ့တာပါ။ မစ္စတာ ကိုဖီအာနန်နဲ့ တွေ့ဆုံခဲ့တဲ့အခါမှာ ဒုက္ခသည်တွေက သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြတောင်းဆိုတာတွေ ရှိတယ်လို့ ဦးအေးလွင်က ပြောပါတယ်။
    .
    “အရင်တုန်းက ဆို၇င် မွတ်ဆလင်တွေနဲ့ သွားသွားလာလာနေခဲ့တယ်ပေါ့လေ။ နောက်ပိုင်းမှာတော့ဖြင့် သူတို့ အပြောအရပေါ့နော် တဖက်နိုင်ငံက လူတွေရောက်လာတဲ့အပေါ်မှာ ပြဿနာတွေ ဖြစ်ရပါတယ်ဆိုတဲ့ ကိစ္စပေါ့နော် အဲဒါတွေပြောတယ်။ ဗုဒ္ဓဘာသာ ဒုက္ခသည်စခန်းကတော့ သူတို့ကို နေရာစီမံကိန်းအနေနဲ့ အိမ်တွေဘာတွေ ပြန်ဆောက်ပေးမလားတော့မသိဘူး အဲဒီလိုဆောက်နေတဲ့အတွက်ကြောင့် သူတို့ ရိက္ခာတွေဘာတွေ ဖြတ်တောက်ခံရတော့မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ သူတို့ အဲဒါပြောတယ်ခင်ဗျ။ နောက်ပြီးတော့ သူတို့ရဲ့ စားဝတ်နေရေးအတွက်ပေါ့လေ စက်ရုံ၊ အလုပ်ရုံတွေလုပ်ပေးဖို့အတွက်ပေါ့ အဲဒါလေးတွေ ပြောပါတယ်။ ဒီ မွတ်ဆလင်တွေဘက်ကကျတော့ သူတို့ ဥပဒေအရ အကာအကွယ်မရဘူး ။ ဥပဒေမှာ မည်သို့ပင်ဆိုစေကာမှာ သူတို့ ခွဲခြားဆက်ဆံခံနေရပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးမှာ အဲဒါလေးတွေကို သူတို့ တင်ပြကြပါတယ်ခင်ဗျ။”
    .
    ရခိုင်ကော်မရှင်အဖွဲ့ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာပဲ ရန်ကုန်မြို့ကို ပြန်ရောက်ရှိခဲ့ပါတယ်။ မနက်ဖြန် စက်တင်ဘာလ ၈ ရက်နေ့မှာတော့ သမ္မတ ဦးထင်ကျော်နဲ့ကော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့လည်း တွေဆုံဖို့ ရှိတယ်လို့ ဦးအေးလွင်က ပြောပါတယ်။
    .
    မစ္စတာ ကိုဖီအာနန်နဲ့ အဖွဲ့ဝင်တွေဟာ မနက်ဖြန် စက်တင်ဘာလ ၈ ရက်နေ့မှာတော့ သူတို့ရဲ့ ပထမဆုံး ရခိုင်ခရီးစဉ်အတွင်း တွေ့ကြုံခဲ့ရတာတွေကို ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွားဖို့ ရှိပါတယ်။ အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်မှာပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပံ့ပိုးရေး၊ ပြန်လည် ရင်ကြား စေ့ရေး၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးရေး၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးစတဲ့ ကဏ္ဍတွေအတွက် မြေပြင်အခြေအနေတွေ ကိုလေ့လာသုံးသပ်သွားမှာဖြစ်ပါတယ်။မြေပြင် အခြေအနေတွေကိုလေ့လာပြီး ၁၂ လအတွင်းအစီရင်ခံစာတစ်ရပ် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ ဒီကော်မရှင်အဖွဲ့ဟာ မကြာမှီအချိန်အတွင်းမှာပဲ ရန်ကုန်မြို့ အမျီုးသား ပြန်လည်သင့်မြတ်ရေးနဲ့ြ့ငိမ်းချမ်းရေး ဗဟိုဌာနမှာလည်း ရုံးတစ်ခု ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
    .
    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    http://burmese.voanews.com/a/kofi-annan-rakhine-visit/3497008.html