News @ M-Media

Tag: kofiannan

  • အာနန်ကော်မရှင် အစီရင်ခံစာ အပေါ် အစိုးရသဘောထား ထုတ်ပြန်

    အာနန်ကော်မရှင် အစီရင်ခံစာ အပေါ် အစိုးရသဘောထား ထုတ်ပြန်

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအပေါ် ထုတ်ပြန်ကြေညာချက်အား ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

    ယင်းထုတ်ပြန်ကြေညာချက် (မြန်မာ၊ အင်္ဂလိပ်) အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
    ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ်
    ထုတ်ပြန်ကြေညာချက်
    (၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်)

    ၁။ ရခိုင်ပြည်နယ်အတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည့် အပြုသဘောဆောင်သည့် နည်းလမ်းများ ရှာဖွေနိုင်ရန် ဆက်လက်ကြိုးပမ်းအားထုတ်ပေးခဲ့ကြသည့် ဥက္ကဌ ဒေါက်တာ ကိုဖီအာနန် နှင့် တစ်ကွ ကော်မရှင်အဖွဲ့ဝင်များ အားလုံးကိုကျေးဇူးဥပကာရအထူးပင်တင်ရှိပါသည်။

    ၂။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က အသိအမှတ်ပြုထားပြီး ဖြစ်သည့်အတိုင်း ရခိုင် ပြည်နယ်၏ အခြေအနေသည် လွန်စွာမှ ပင်ရှုပ်ထွေးနက်နဲလှပြီး အချိန်တိုတိုအတွင်း ဖြေရှင်းယူ၍ မရနိုင်ပါ။ ကာလရှည်ကြာ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခဲ့ပြီး အဆင်းရဲဆုံးသော ပြည်နယ်တစ်ခု ဖြစ်နေခြင်း ကြောင့် ပြဿနာဖြေရှင်းရာတွင် စိန်ခေါ်မှုများ ပိုမိုမြင့်မားလာစေခဲ့သည်။ မကြာသေးသော ကာလများ အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင် ခဲ့ရပြီး ဖြေရှင်းရန် ခက်ခဲနေခဲ့ရသော အခြေအနေကို မီးလောင်ရာလေပင့်သည့်နှယ် ပိုမို၍ ဆိုးရွား လာစေရန် အပြင်ဖက်မှ စွက်ဖက်သည့် အဖျက်အမှောက်များလည်း တွေ့မြင်နေရသည်။

    ၃။ ဤသို့သောအခြေအနေတွင် ကော်မရှင်၏ လက်တွေ့ကျပြီး၊ ရေရှည် အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို ကြိုဆိုပါသည်။ ကော်မရှင်၏ အစီရင်ခံစာနှင့်အကြံပြုချက်များကို ပကတိ မြေပြင် အခြေအနေပေါ် မူတည်၍ အပြည့်စုံဆုံးနှင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် အလေးအနက်ထား စဉ်းစား သွားမည်ဖြစ်သည်။ မကြာခင် သီတင်းပတ်များအတွင်း အကောင်အထည်ဖော်ဆောင်ရေး ဆိုင်ရာ လမ်းပြမြေပုံ တစ်ခု ချမှတ်နိုင်ရန်လည်း မျှော်လင့်ထားသည်။

    ၄။ အမြန်ဆုံးဖော်ဆောင်သည့် ခြေလှမ်းတစ်ရပ်အနေဖြင့် ကောင်မရှင်၏ အကြံပြုချက်များကို တာဝန်ယူကာ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပြည်ထောင်စုဝန်ကြီးအဆင့် ဦးဆောင်သည့် ကော်မတီသစ် တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဤကော်မတီသစ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးမှ ကိုယ်စားလှယ် များ ပါဝင်စေမည်ဖြစ်ပြီး အကြံပြုချက်များအား အကောင် အထည်ဖော်မှု အခြေအနေများအပေါ် ကြီးကြပ်ရန်နှင့် တိုးတက်မှုများ အစီရင်ခံတင်ပြရန် တာဝန်ယူ ဆောင်ရွက်စေမည် ဖြစ်သည်။

    ၅။ ကော်မတီအသစ်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးဘုတ်အဖွဲ့ တစ်ဖွဲ့ဖြင့် အထောက်အကူ ပြုသွားမည် ဖြစ်သည်။ ယင်းဘုတ်အဖွဲ့တွင် မြန်မာနိုင်ငံသားများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ ကျွမ်းကျင်သူများ ပါဝင်စေမည် ဖြစ်သည်။ ယင်းဘုတ်အဖွဲ့သည် ကော်မတီအသစ်၏ လုပ်ငန်း တာဝန်များ ဆောင်ရွက်ရာ၌ အထောက်အကူ ပြုစေနိုင်မည့် ပြင်ပရှုထောင့်များနှင့် အကြံဉာဏ်များကို ပံ့ပိုးပေးမည်ဖြစ်သည်။

    ၆။ အထက်ပါ ကော်မတီအသစ်နှင့် အကြံပေးဘုတ်အဖွဲ့တို့နှင့် စပ်လျဉ်း၍ အသေးစိတ် အချက်အလက် များကို ပြုစုလျက်ရှိပြီး မကြာမီ ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

    ၇။ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွက် ဆက်လက်လျှောက်လှမ်းမည့် လမ်းကြောင်းတစ်ရပ် ရှာဖွေနိုင်ရန် အလေးအနက်ထား ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံ့တာဝန် စတင် ရယူချိန်မှ စတင်၍ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။

    ၈။ ဆက်လက် ဆောင်ရွက်ဖွယ်ရာများ ကျန်ရှိနေသေးသော်လည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက် အများအပြားကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တိုးတက်မှုများ ရရှိနေပြီ ဖြစ်သည်။

    (က) ရွေ့လျားဆေးပေးခန်းအသစ်များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခဲ့သည်။ စာသင်ကျောင်းများကို အဆင့်မြှင့်တင်ပေးခဲ့ပြီး အသက်မွေးဝမ်းကျောင်း ပညာနှင့် နည်းပညာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

    (ခ) အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ရာနှင့်ချီသော ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်သစ်များ၊ အခွင့်အလမ်းအသစ်များ ဖန်တီးပေးခဲ့သည်။ ဒေသတွင်း၌ အလုပ်အကိုင်အသစ်များနှင့် စီးပွားရေးလုပ်ငန်းအသစ်များ ဆောင်ကြဉ်းစေနိုင်မည့် အထူး စီးပွားရေးဇုန် အသစ်တစ်ခု တည်ဆောက်ရေးဆိုင်ရာ ဖြစ်နိုင်ခြေ အခြေအနေများကို လေ့လာဆန်းစစ် သုံးသပ်လျက်ရှိသည်။

    (ဂ) အခြေခံအဆောက်အုံအသစ်များ ပေါ်ထွန်လာရေးအတွက် လျှပ်စစ်ဓါတ်အား တိုးမြှင့် ရရှိရေးနှင့် လမ်း၊ တံတားအသစ်များ တည်ဆောက်ရေးတို့ကို ဆောင်ရွက်ပေးခဲ့သည်။ မူလက သင်္ဘောဖြင့်သာ သွားလာနိုင်သော ဝေးလံခေါင်ဖျားသည့် ဒေသများအား ဆက်သွယ် ပေးသည့် အဝေးပြေးလမ်းမအသစ် တည်ဆောက်ပေးခဲ့သည်။

    (ဃ) ဘာသာပေါင်းစုံ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဘာသာရေးဆိုင်ရာ သဟဇာတဖြစ်မှုနှင့် မတူကွဲပြားသည့် လူမှုအသိုက်အဝန်းများအကြား ဆက်ဆံမှုကောင်းမွန်ရေးတို့ မြှင့်တင် နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စာသင်ကျောင်းများတွင် ကိုယ်ကျင့်တရား၊ ပြည်သူ့နီတိနှင့် ငြိမ်းချမ်းရေးတို့ကို အလေးပေးသည့် သင်ရိုးညွှန်းတမ်း အသစ်တစ်ခု စတင် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

    (င) ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား အစိစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြား ထုတ်ပေးရေး လုပ်ငန်းစဉ် ပိုမိုထိရောက် အောင်မြင်စေမည့် မဟာဗျူဟာတစ်ရပ်နှင့် အချိန်ဇယား ဖော်ထုတ်နိုင်ရန် လည်းကောင်း၊ ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်မည့် မဟာဗျူဟာတစ်ရပ် ဖော်ထုတ်နိုင်ရန်လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။ ဒုက္ခသည်စခန်း (၃) ခုကို ပိတ်သိမ်းနိုင်ခဲ့ပြီး၊ ယင်းဒုက္ခသည် စခန်းများအနီးတွင် အိမ်ယာအသစ်များ ဆောက်လုပ် ပေးခဲ့သည်။

    (စ) ဥရောပသမဂ္ဂ၊ ကုသလမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ များအား လူ့အခွင့်အရေး၊ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် လိင် အခြေခံသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာစသည့် နယ်ပယ်များတွင် လေ့ကျင့်ရေးနှင့် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ပေးလျက် ရှိသည်။

    ၉။ ရခိုင်ပြည်နယ်အတွင်းရှိ နေသူအားလုံးအတွက် ကောင်းမွန်သည့်လမ်းကြောင်းတစ်ရပ် ရှာဖွေရာတွင် နေ့ချင်းညချင်း ဖြေရှင်းနိုင်မည် မဟုတ်သည့် အခက်အခဲများ ရှိနေသည်ကိုလည်း အသိအမှတ်ပြု လက်ခံရန် လိုအပ်ပေမည်။ ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်းများအကြား စိတ်နေစိတ်ထား ခံယူချက်များ ပြောင်းလဲလာစေရန်နှင့် ယုံကြည်မှုတည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့မှသာ သည်းခံမှု၊ လေးစားမှုများမှတစ်ဆင့် တည်ငြိမ်အေးချမ်းမှု ဖြစ်ထွန်းလာမည် ဖြစ်သည်။ ဤသို့သော အခြေအနေတွင် ရခိုင်ပြည်နယ်အရေးကိစ္စ ပိုမိုးဆိုးရွားသွားစေမည့် မီးလောင်ရာ လေပင့်ခြင်းများကို ရှောင်ကြဉ်ပြီး ပြဿနာဖြေရှင်းရေးကို အလေးထား အာရုံစိုက်ကြရန် အရေးကြီးပါကြောင်း ထုတ်ပြန်အပ်ပါသည်။

    source: Myanmar State Counsellor Office

  • ရခိုင်ကော်မရှင်အဖွဲ့ ကိုဖီအာနန် နဲ့ တွေ့ဆုံမည်

    ရခိုင်ကော်မရှင်အဖွဲ့ ကိုဖီအာနန် နဲ့ တွေ့ဆုံမည်

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ရဲ့ ကြားဖြတ်အစီရင်ခံစာကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ မတ်လ ၁၆ ရက်နေ့ က သတင်းစာရှင်းလင်းစဉ် Photo: Htet Arkar/RFA

    ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်တွေဟာ လာမယ့် ဇူလိုင်လလယ်မှာ ကော်မရှင်ခေါင်းဆောင်ဖြစ်တဲ့ ကိုဖီအာနန်နဲ့ တွေ့ဆုံဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကို သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

    အဲဒီခရီးစဉ်မှာ ကော်မရှင် အဖွဲ့ဝင်အားလုံး ပါဝင်မှာဖြစ်ပြီး အပြီးသတ် အစီရင်ခံစာတင်သွင်းဖို့ ဆွေးနွေးမှာဖြစ်တယ် လို့ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် က ပြောပါတယ်။

    “ဂျနီဗာမှာ သွားတွေ့မယ်ခင်ဗျာ။ ဇူလိုင်လ လယ်ပိုင်းမှာ သွားမယ်ခင်ဗျ။ ကျနော်တို့ နောက်ဆုံး အကြံပြုချက်ကို တင်ဖို့ အတွက်ပါ။ တော်တော် ပြီးပြည့်စုံနေပါပြီ။ သြဂုတ်လ မကုန်ခင်မှာ တင်ရမယ်။ ကျနော်တို့က ကျနော်တို့ သက်တမ်း ပြည့်ပြီလေ”

    ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရမှာဖြစ်ပါတယ်။

    ရခိုင်အကြံပေးကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာကို ပြီးခဲ့တဲ့ မတ်လအတွင်းက ထုတ်ပြန်ထားပြီး အဲဒီအစီရင်ခံစာ မှာ သတင်းမီဒီယာတွေနဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေကို ရခိုင်ပြည် နယ်က ပဋိပက္ခဒေသတွေကို သွားရောက်ခွင့်ပြုဖို့နဲ့ ဒုက္ခသည်တွေကို နေရာပြန်လည် ချထားပေးဖို့ စတာတွေ ပါဝင်ပါတယ်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် သြဂုတ်လ အတွင်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လာမယ့် သြဂုတ်လမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

    RFA မှ ကူးယူဖော်ပြပါသည်

  • ပဋိပက္ခဖြေရှင်းနိုင်ရေး ရခိုင်ဘက် ပူးပေါင်းဆောင်ရွက်မှု အားနည်း ကော်မရှင်ထောက်ပြ

    ပဋိပက္ခဖြေရှင်းနိုင်ရေး ရခိုင်ဘက် ပူးပေါင်းဆောင်ရွက်မှု အားနည်း ကော်မရှင်ထောက်ပြ

    h-53148367-small-1
    ကိုဖီအာနန် မှ သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံစဉ်

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ရခိုင်ပြည်ခရီးစဉ်မှာ ဒေသခံ ရခိုင်တွေ ရဲ့ ပူးပေါင်း ဆောင်ရွက်မှု အားနည်းခဲ့တဲ့အတွက် သူတို့ရင်ဆိုင်နေရတဲ့ အခြေ အနေတွေတိတိကျကျသိရဖို့ အခက်အခဲတွေရှိခဲ့ကြောင်း ရခိုင်အကြံပေးကော် မရှင်က ပြောဆိုခဲ့တယ်လို့ မနေ့က တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တဦး ကပြောပါတယ်။

    အကြံပေးကော်မရှင်ရဲ့ ဥက္ကဖြစ်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေတွေဟာ စိုးရိမ်စရာကောင်းနေကြောင်း သူရဲ့ရခိုင်ခရီးစဉ် အတွင်းမှာ ပြောကြားခဲ့ပါတယ်။

    မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။

    သုံးရက်ကြာ ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေကို သွားရောက် ကြည့်ရှုခဲ့တဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အ ကြံပေးကော် မရှင်အဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် မှာဖြစ်ပါတယ်။

    မနေ့က နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်နဲ့ ကိုဖီအာနန်တို့တွေ့ ဆုံခဲ့သ လို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့လည်း သီးသန့် တွေ့ဆုံ ခဲ့ပါ တယ်။ အထူးသဖြင့် နေပြည်တော် ရောက်နေတဲ့ ရခိုင်လွှတ်တော်အမတ်တွေ နဲ့ တွေ့ဆုံဖို့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဘက်က ဖိတ်ကြားခဲ့ပေမဲ့ ရခိုင်အမျိုး သားပါတီရဲ့ လွှတ်တော်အမတ် ဒေါ်ထုမေ တဦးသာ တက်ရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် (၄)ဦး စုစုပေါင်း (၅)ဦးနဲ့ ဆွေးနွေး ပြောဆို ခဲ့ကြပါတယ်။

    ဒေသခံ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ ရင်ဆိုင်နေတဲ့ အခက်အခဲ အကြပ်အတည်းတွေကို နိုင်ငံတကာသိစေဖို့ဆိုရင် လာရောက်လေ့လာတဲ့ အဖွဲ့အစည်းအသီးသီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ် နေကြောင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ NLD အမျိုးသားလွှတ်တော်အမတ် ဦးစိုးဝင်းက သတင်းထောက်တွေကို အခုလိုပြောပါတယ်။

    “သူတို့အခုဆိုရင် ၃ ခေါက်ရှိပြီ ရခိုင်ကိုလာတာ။ ၃ ခေါက်ရှိတဲ့နေရာမှာ အခု ဒါသူတို့ ပြန်လာပြီးတော့ ပြောတာပေါ့နော် ပြောတဲ့အခါမှာ ရခိုင်ဘက်က ပူးပေါင်းဆောင်ရွက်မှု ပါဝင်မှု အားနည်းတယ်။ မွတ်စလင်တွေဘက်ကတော့ တကယ် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်တယ် ဆိုပြီးတော့ သူတို့အတွေ့ အကြုံကို သူတို့ပြောတာပေါ့။ သူတို့ ဖြစ်စေချင်တဲ့ ပုံစံကတော့ ဒီဘက်က ရခိုင်တိုင်း ရင်းသားတွေရော၊ ဟိုဘက်က မွတ်စလင်တွေရော ၊ ဥပမာ – ရခိုင်တိုင်း ရင်းသားတွေ ကလည်း မိမိတို့ အခက်အခဲ အကျပ်အတည်း ခံစားချက်တွေ ကို ဒါတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြဖို့ လိုမယ်။ ဟိုဘက်က မွတ်စလင်တွေ ကလည်း ထိုနည်းလည်းကောင်းပေါ့နော်။ အဲဒီအပေါ်မှာ သူတို့ ကြားနာပြီးတော့ အကောင်းဆုံးအစီရင်ခံစာတွေပြုစုဖို့ပေါ့။ ဆိုတော့ အဲဒီလိုရှိတဲ့နေရာမှာ ဒီဘက်က မူဆလင်တွေ ဘက်က လိုက်လိုက်လဲလဲနဲ့ ပူးပေါင်းဆောင်ရွက်တယ်။ ကျနော်တို့ ရခိုင်ဘက်က ပူးပေါင်းပါဝင် ဆောင်ရွက်မှု အားနည်းတယ်ဆိုရင် ကျနော်တို့ဘက်က အချက်အလက်တွေ အားနည်းနေမှာပေါ့။ ဆိုရင် ဒီအားနည်းတဲ့အပေါ်မှာလည်း သူတို့အနေနဲ့ ဘ၀င်မကျဘူး။ ဒါကြောင့် ကျနော်တို့နဲ့ လာပြီးတော့ အကြံတွေပေးပါ ၊ ဒီရခိုင်ပြဿနာ ပြေလည်ရေးအတွက် ဘယ်လိုဆောင်ရွက်ရင်ကောင်းမလဲ ဆိုပြီးတော့ ကျနော်တို့နဲ့ လာတွေ့တာပါ။”

    လွှတ်တော်အမတ်တွေဘက်ကလည်း ကော်မရှင်ရဲ့ လုပ်ငန်းတွေနဲ့ပတ်သက် လို့လည်း အကြံပြုဆွေးနွေးခဲ့ကြတယ်လို့ ဦးစိုးဝင်းကပြောပါတယ်။

    အခုလို ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို နေပြည်တော်မှာ ရခိုင်အမတ်တွေ ဘာကြောင့် မတွေ့ဆုံခဲ့သလဲဆိုတာကိုတော့ ရခိုင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က အခုလို ဗွီအိုအေကို ပြောပါတယ်။

    “ကိုဖီအာနန်ကော်မရှင်ကို ကျနော်တို့ ရခိုင်အမျိုးသားပါတီက အသိအမှတ်မပြုဘူး။ လက်မခံဘူးဆိုတဲ့ သဘောရှိတယ်။ နောက်တခါ ရခိုင်ပြည်နယ် လွှတ်တော်ဆိုတာ က ကျနော်တို့ ရခိုင်အမျိုးသားပါတီက အများဆုံးလွှတ်တော်ကိုယ်စားလှယ်တွေ အနိုင်ရတဲ့အပြင် ရခိုင်ပြည်နယ်လွှတ်တော်က ကိုဖီအာနန်ကော်မရှင်ကို အသိအမှတ်မပြုဘူးဆိုပြီး ဆုံးဖြတ်ထားတာရှိတယ်။ အဲတော့် ကျနော်တို့ပါတီနဲ့ ပြည်သူတွေက ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ လိုက်နာရမယ့် တာဝန်ရှိတဲ့အတွက်ကြောင့် ကျနော်တို့က ကိုဖီအာနန်အဖွဲ့ကို သွားမတွေ့တာပါ။”

    မေး။ ။ ကိုဖီအာနန်တို့ ရခိုင်အကြံပေးကော်မရှင် ကို ဒေါ်အောင်ဆန်း စုကြည်ဦးေ ဆာင်တဲ့ မြန်မာအစိုးရ ကိုယ်တိုင် သဘောတူ ဖွဲ့စည်းထား တာဖြစ် တယ်။ နောက် ပြီးတော့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ဒီ ရခိုင်အ ကြံပေးကော်မရှင်ကို အသိအမှတ်ပြုထားတဲ့အခါကျတော့ ရခိုင်အကြံပေးကော် မရှင်နဲ့ မတွေ့တဲ့အတွက် ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ အခက်အခဲတွေကို တိုက်ရိုက်ပြောပြခွင့်တွေ ဆုံးရှုံးသွားတာမျိုး ဖြစ်မနေဘူးလားရှင့်။

    ဖြေ။ ။ “ကျနော်တို့ ရခိုင်တမျိုးသားလုံး ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေက အများကြီးရှိ ပါတယ်။ ရခိုင်အမျိုးသားတွေရဲ့ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေကို ကိုဖီအာနန်ကော် မရှင်က ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ တကယ်လုပ်ပေးရ မှာက မြန်မာပြည် ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာ တဲ့ မြန်မာအစိုးရ ရဲ့တာဝန်ဖြစ်ပါတယ်။ ဒီကိစ္စဟာ ပြည်တွင်းရေးကိစ္စ၊ ပြည်တွင်းရေးကိစ္စကို အုပ်ချုပ်ခဲ့တဲ့ အစိုးရ အဆက် ဆက် ပြည်တွင်းရေးကိစ္စ ဆိုပြီးတော့ ဆက်တိုက်ဆက်တိုက် ပြောဆိုလာတယ်။ ဒါပေမယ့် ဒီ ကိစ္စတွေကိုဖြေရှင်းတဲ့အခါ ဆေးမြီးတိုနဲ့ပဲ ဖြေရှင်းတယ်။ တကယ်ဖြေ ရှင်းရ မယ့်အလုပ်တွေကို မလုပ်ဘူး။ အခုအချိန်မှာဆိုရင် ရခိုင်ပြည်သူတွေ ကိုယ်စားပြုထားတဲ့ ရခိုင်ပြည်နယ် လွှတ်တော် ရှိတယ်၊ နောက် ပြည်ထောင်စု လွှတ်တော်မှာဆိုရင်လည်း ရခိုင်လွှတ်တော်အမတ်တွေရှိတယ်။ ဒီပုဂ္ဂိုလ်တွေကို အသိအမှတ်မပြုပဲနဲ့ ထင်မိထင်ရာကို လုပ်နေတဲ့ သဘောလို့ မြင်တဲ့အတွက် ကျနော်တို့မှာ ဒီထက်ပိုပြီး အခွင့်အရေးဆုံးရှုံးစရာတွေ မရှိတော့ပါဘူး။ အဆုံးစွန်ဆုံးထိ ရခိုင်ပြည်သူတွေ နစ်နာဆုံးရှုံးခဲ့ရပြီးပါပြီ။”

    အောက်တိုဘာလ (၂)ရက်နေ့ကနေ (၄)ရက်နေ့ထိသွားခဲ့တဲ့ ရခိုင်ပြည် နယ် မြောက်ပိုင်းခရီး စဉ်အတွင်း သူ့အနေနဲ့ အခြေအနေတွေကို စိုးရိမ်မကင်းဖြစ် မိကြောင်း ကိုဖီအာနန်က စစ်တွေလေဆိပ်မှာ သတင်းထောက်တွေကို အခုလိုပြော ပါတယ်။

    “ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၊ အနောက်ဆုံး အခြေနေတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ စိတ်ပူစရာ ကောင်းတာကတော့ သိသာပါတယ်။ အကြမ်းဖက်မှုတွေ မလိုအပ်ပါဘူး။ ဒါပေမယ့် ထပ်ဖြစ်နေတာက စိုးရိမ်စရာပါ။ ဒေသခံတွေ အနေနဲ့ သူတို့ရဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဘယ်လို ဖြေရှင်းရမယ် ဆိုတာကို အဖြေရှာဖို့ လိုပါတယ်။”

    ဒါအပြင် လုံခြုံရေးအခြေအနေကို နားလည်ပေမဲ့ လူသားချင်းစာနာမှု အကူညီတွေ လိုအပ်နေတဲ့သူတွေဆီ ပေးတဲ့အကူအညီတွေ မရောက်တာမျိုးကတော့ မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့တယ်လို့ ကိုဖီအာနန်က ထောက်ပြပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံကို ဒီဇင်ဘာလ (၁)ရက်နေ့မှာ ရောက်ရှိလာတဲ့ ရခိုင်အကြံပေးကော် မရှင်ဥက္ကဌ ကိုဖီအာနန်ဟာ အဲဒီနေ့မှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်း ကိစ္စအပါအ၀င် ရှမ်းပြည် မြောက်ပိုင်း ပဋိပက္ခတွေနဲ့ပတ်သက်လို့ ကက်သလစ် ကာဒီနယ်လ် ရဟန်းအမတ် ချားလ်စ်ဘိုအပါအ၀င် ဘာသာပေါင်းစုံ ခေါင်းဆောင်တွေနဲ့ တနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ရခိုင်ပဋိပက္ခနဲ့ ရှမ်းပြည်မြောက်ပိုင်း စစ်ပွဲတွေမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးရရှိဖို့ ဘာသာေ ရးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍအရေးကြီးတဲ့ အကြောင်း ဆွေးနွေး ခဲ့တယ် လို့လည်း ရန်ကုန် ကက်သလစ်အသင်းတော်က သတင်းမီဒီယာ ကို ပြောခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်စလင်လူနည်းစုတွေအပေါ် မြန်မာတပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက စွပ်စွဲပြောဆိုနေတဲ့ အတော်အတွင်းမှာပဲ ရခိုင်အကြံပေးကော်မရှင်က သူတို့ စုံစမ်းတွေ့ရှိချက်တွေကို လာမယ့် ၂၀၁၇ခုနှစ်ဆန်းပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ဖို့ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

    VOA မှ ကူးယူဖော်ပြသည်။

  • ရခိုင်ကော်မရှင် ကိစ္စက အချုပ်အခြာကိုထိခိုက်ရန် အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    ရခိုင်ကော်မရှင် ကိစ္စက အချုပ်အခြာကိုထိခိုက်ရန် အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    စက်တင်ဘာ ၅၊ ၂၀၁၆
    M-Media

    ra
    Photo credit – Kumudra

    – ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် ပြဿနာများအား ဖြေရှင်းရေးအတွက် အကြံဉာဏ်ကောင်းများ ပေးနိုင်ရန် ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှာ မိမိတို့အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး၊ တိုင်းပြည်၏ အချုပ်အခြာနှင့် ပတ်သက်၍ မည်သည့် စိုးရိမ်စရာမှ မရှိဟု နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မစ္စတာ ကိုဖီအန်နန် ဦးဆောင်သည့် ကော်မရှင်အဖွဲ့ဝင်များနှင့် ယနေ့မနက်ပိုင်းက တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပြဿနများကို ကုစားရာတွင် ကော်မရှင်က အကူအညီဖြစ်စေမည်ဟုလည်း ဆိုသည်။

    “ကော်မရှင်ဟာ ဒဏ်ရာတွေကို ကုစားရာမှာ ကျွန်မတို့အတွက် အကူအညီဖြစ်စေမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ပြည်သူအားလုံးရဲ့ အခွင့်အရေးကို ပေးအပ်နိုင်တဲ့ တိုင်းပြည်မျိုး ကျွန်မတို့ လိုချင်ပါတယ်။ ကော်မရှင်ဟာ ရှေ့ဆက်ရမယ့် လမ်းကြောင်းတစ်ခုကို ညွှန်ပြပေးမယ်လို့ ကျွန်မတို့ ရှုမြင်ပါတယ်။ ပြည်သူတွေရဲ့လက်ထဲမှာ ခိုင်ခိုင်မြဲမြဲရှိနေတဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး စိုးရိမ်စရာ ဘာမှမရှိဘူးလို့လည်း ကျွန်မ ထပ်ပြောပါရစေ” ဟု နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

    အဆိုပါ အကြံပေးကော်မရှင်မှာ မနက်ဖြန်တွင် စစ်တွေသို့ သွားရောက်ရန်ရှိနေပြီး၊ ထိုမှတစ်ဆင့် ဒုက္ခသည်စခန်းများအား သွားရောက်ကြည့်ရှုမည်ဖြစ်သည်။

    ကော်မရှင်မှာ ၎င်းတို့၏ တွေ့ရှိချက်များနှင့် ပြဿနာကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖြေရှင်းနိုင်ရေးအတွက် အကြံပြုချက်များကို ၂၀၁၇ ခုနှစ် နှစ်အလည်ပိုင်း နောက်ဆုံးထား၍ မြန်မာအစိုးရသို့ တင်သွင်းရမည်ဖြစ်သည်။

    ကော်မရှင်ဥက္ကဌ ကိုဖီအန်နန်ကမူ မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ သက်ဆိုင်သူများအားလုံး၏ အသံကို နားထောင်သွားမည်ဟု ပြောကြားခဲ့သည်။

    “ပြည်နယ်အတွင်းက ပြည်သူတွေရဲ့ စိုးရိမ်မှုတွေ၊ မျှော်လင့်ချက်တွေ အပြည့်အ၀ပါဝင်တဲ့ အဆိုပြုချက်မျိုး ဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်အတွင်းနဲ့ နိုင်ငံတော်အဆင့်မှာပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးကာ အသံတွေကို နားထောင်သွားမှာပါ”

    Ref: kofiannanfoundation