News @ M-Media

Tag: kyawmoeaung

  • Chevening Scholarship လျှောက်မယ်ဆိုရင် (၁)

    Chevening Scholarship လျှောက်မယ်ဆိုရင် (၁)

    သြဂုတ် ၇ ၊ ၂၀၁၇
    ကျော်မိုးအောင် ရေးသည်။

    UK နိုင်ငံအစိုးရက ပေးအပ်တဲ့ Chevening Scholarship ၇.၈.၂၀၁၇ က စပြီး ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် လျှောက်လို့ ရပါပြီ။ UK လေးနိုင်ငံဖြစ်တဲ့ အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ် (ဝေလ) နဲ့ မြောက်ပိုင်းအိုင်ယာလန် နိုင်ငံတွေက တက္ကသိုလ်တွေမှာ တစ်နှစ်စာ မဟာဘွဲ့ သင်ကြားနိုင်စေဖို့ ပညာသင်စရိတ် (ကျောင်းစရိတ်၊ နေ၊ စား၊ အသွားအပြန် ခရီးစရိတ်) အစအဆုံး UK အစိုးရဘက်က တာဝန်ယူတာ ဖြစ်လို့ မိမိတို့ဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် အချိန်ယူ ပြင်ဆင်ပြီး လျှောက်သင့်တဲ့ ပညာသင်ဆုကြီး တစ်ခုပါ။

    မြန်မာနိုင်ငံအတွက် ကျောင်းသားဦးရေ နှစ်စဉ် တိုးမြှင့်ပြီး ခေါ်နေပါတယ်။ အရင်က တစ်နှစ်ကို နှစ်ဦးသုံးဦးသာ ခေါ်ရာက အခုအခါ ဆယ်ဂဏန်း ဖြစ်လာနေပါပြီ။ ကျွန်တော်တို့နှစ် (၂၀၁၆-၁၇) မှာ ၁၂ ဦးရှိပြီး လာမည့်နှစ်မှာ ဒီထက်များတယ် သိရပါတယ်။

    “ဘာတွေ လိုသလဲ”
    ဒီပညာသင်ဆုဟာ
    * ဘွဲ့တစ်ခု ရရှိထားပြီး လုပ်ငန်းခွင်အတွေ့အကြုံ အနည်းဆုံး နှစ်နှစ် အချိန်ပြည့် လုပ်ဖူးသူ
    * ဦးဆောင်နိုင်စွမ်းရှိသူ၊ မိတ်ဆွေအပေါင်းအသင်း အဆက်အသွယ်ရှိသူ (leadership and networking skills)
    * မိမိဘဝမှာ ဘာ ဆက်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ရှိပြီး အဲဒီ ရည်မှန်းချက်အတွက် UK မှာ ပညာသင်ယူခြင်းက ဘယ်လိုဘယ်ပုံ အထောက်အကူပြုနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိထားသူ
    * UK နိုင်ငံမှာ မဟာတန်း တက်ရောက်သင်ယူနိုင်ဖို့ရာ အရည်အချင်း ပြည့်မီထားသူ
    * UK မှာ တစ်နှစ်တာ ပညာသင်ယူခြင်းအားဖြင့် မိမိကိုယ်တိုင်ရော မိမိဝန်းကျင်ကိုပါ အကျိုးတစုံတရာ ပြုပေးနိုင်မယ့်သူ …. စတဲ့ အချက်တွေကို အခြေခံ ရွေးတဲ့ ပညာသင်ဆုပါ။

    ဒီအတွက် လိုအပ်ချက်အနေနဲ့
    * Chevening ဘက်က ပညာသင်ဆုပေးမယ့်နိုင်ငံသား ဖြစ်ရပါမယ်။
    * ပညာသင်ယူအပြီးမှာ အနည်းဆုံး နှစ်နှစ် ကိုယ့်နိုင်ငံကိုယ် ပြန်ပြီး အလုပ်လုပ်ရပါမယ်။
    * UK တက္ကသိုလ် တစ်ခုခုက ကျောင်းတက်ခွင့်ပြုထားကြောင်း unconditional offer ကို လာမည့် ၁၂၊ ၇၊ ၂၀၁၈ နောက်ဆုံးထားပြီး တင်ပေးနိုင်ရပါမယ်။ (တစ်နှစ်နီးပါး အချိန်ရပါသေးတယ်)။ UK မှာရှိတဲ့ တက္ကသိုလ် တစ်ခုခုမှာ မိမိတက်ရောက်လိုတဲ့ ဘာသာရပ် စုစုပေါင်း သုံးခု လျှောက်ခွင့် ရှိပါတယ်။ အဲဒီထဲကနေ တစ်ခုကို တက်ရောက်ခွင့် ရပါမယ်။
    * အရင်က UK အစိုးရရဲ့ ပညာသင်ဆု ရဖူးပြီး UK မှာ ပညာသင်ဖူးသူ မဖြစ်ရပါဘူး။
    * အင်္ဂလိပ်ဘာသာစကား အနိမ့်ဆုံးလိုအပ်ချက် ပြည့်မီရပါမယ်။ ၁၂၊ ၇၊ ၂၀၁၈ နောက်ဆုံးထားပြီး တင်ပေးနိုင်ရပါမယ်။ ဖြေဆိုလို့ရတဲ့ စာမေးပွဲ လေးငါးမျိုး ရှိပါမယ်။ ဥပမာအနေနဲ့ ပြောရရင် Academic IELTS Overall Band 6.5, individual band 5.5 အနည်းဆုံး ရ ရပါမယ်။ ဒါသည် Chevening ဘက်က သတ်မှတ်တာဖြစ်ပြီး ကျောင်းတွေဘက်က ဒီထက် ပို ကောင်းမွန်တဲ့ အမှတ် တောင်းတတ်ပါတယ်။ များသောအားဖြင့် ကျောင်းတွေဘက်က တက်ရောက်မယ့် course ပေါ် မူတည်လို့ IELTS Overall Band 6.5 to 7, individual band 5.5 to 6.5 တောင်းတတ်ပါတယ်။ Chevening ဘက်က ၁၂၊ ၇၊ ၂၀၁၈ထိ ခွင့်ပြုထားပေမယ့် အဲဒီရက်မှာ ကျောင်းဝင်ခွင့်လည်း ရထားရမှာဖြစ်လို့ မေလထက် နောက်မကျဘဲ ဖြေထားပြီးသား၊ ပြည့်မီထားပြီးသား ဖြစ်သင့်ပါတယ်။
    နိုဝင်ဘာလ ၇ ရက်နေ့မှာ နောက်ဆုံးထားပြီး သက်ဆိုင်ရာ website မှာ ပညာသင်ဆု လျှောက်ထားရပါမယ်။
    လျှောက်ထားသူတွေထဲက ပဏာမအဆင့် အင်တာဗျူး ရွေးချယ်ခံရတဲ့သူတွေကို ဖေဖော်ဝါရီ လလယ်မှာ အကြောင်းကြားပေးပါလိမ့်မယ်။ (အရွေးမခံရရင်လည်း မခံရကြောင်း regret letter ရပါလိမ့်မယ်။) အဲဒီအခါ အင်တာဗျူးအတွက် ရက်သတ်မှတ်ပြင်ဆင် appointment ယူရင်း တစ်ချိန်တည်းမှာပဲ မိမိကို ထောက်ခံပေးမယ့်သူ နှစ်ဦးရဲ့ reference letter ကို ထပ် တင်ပေးရပါမယ်။ (ဒါ မတိုင်ခင် လျှောက်လွှာ တင်စဉ်ကတော့ မိမိကို ဘယ်သူဘယ်ဝါက ထောက်ခံပေးမှာဖြစ်ကြောင်း referee နှစ်ဦးရဲ့ နာမည် ရာထူး စတာတွေကို ဖြည့်ထားပေးပြီး ဖြစ်ရပါမယ်။)
    မတ်လ ကနေ မေလ အတွင်း အင်တာဗျူး လုပ်အပြီးမှာ ဇွန်လဆန်းမှာတော့ နောက်တစ်ဆင့်ထိ အရွေးခံရသူတွေကို ထပ် အကြောင်းကြားပါမယ်။ အဲလို အကြောင်းကြားတိုင်း သေချာပေါက် တက်ရပြီ ဆိုမရသေးပါ။ တက္ကသိုလ်ဘက်က ကိုယ့်ကို ကျောင်းတက်ခွင့်ပြုတဲ့ unconditional offer ရ ရပါမယ်။ ဆေးစစ်ရပါမယ် (TB အဆုတ်ရောဂါ ဖြစ်နေခြင်း ရှိမရှိကို ရန်ကုန် ပန်းလှိုင်ဆေးရုံကြီးမှာ စစ်ရပါတယ်)။ ဒီအဆင့်တွေအထိ အောင်မြင်ခဲ့ပြီ ဆိုရင်တော့ မိတ်ဆွေဟာ UK ရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ မဟာတန်း တစ်နှစ် ပညာသင်ယူနိုင်ပြီပေါ့။

    ကျောင်း လျှောက်ပုံ၊ reference တောင်းပုံ စတာတွေကို ထပ် တင်ပေးပါဦးမယ်။ application form က online ကနေပဲ တင်ရမှာပါ … ဒီနေ့ (၇. ၈. ၂၀၁၇) က စ ဖွင့်ပြီ ဆိုတော့ စိတ်ဝင်စားသူများ စတင် ပြင်ဆင်နိုင်ကြပါပြီ။

    ဒီလင့်ခ် http://www.chevening.org/apply/eligibility-criteria မှာ မိမိအရည်အချင်းနဲ့ ကိုက်ညီမှု ရှိ၊မရှိ စစ်ဆေးပြီး ၀င်ရောက်လျှောက်ထားနိုင်ပါတယ်။

  • အိုးမကွာ အိမ်မကွာ အလုပ်မပျက် English လေ့လာ

    အိုးမကွာ အိမ်မကွာ အလုပ်မပျက် English လေ့လာ

    12111937_1201809396499432_1349830618500926422_n

    ကျော်မိုးအောင် ရေးသည်။

    မကြာခဏ ဆိုသလို ကြုံကြိုက် တိုက်ဆိုင်တိုင်း အမေးခံရတဲ့ မေးခွန်း တစ်ခု ရှိပါတယ်။ သူတို့ မေးတာက အင်္ဂလိပ်စာအင်္ဂလိပ်စကား တတ်လည်း တတ်ချင်တယ် … သင်တန်းတွေဘာတွေ တက်ဖို့လည်း အခြေအနေ မပေးဘူး … ဘယ်လို လေ့ကျင့်ရမလဲ ဆိုတာပါ။

    မေးတဲ့သူတွေက အများအားဖြင့် လူလတ်ပိုင်း အရွယ်တွေပေါ့။ ရာထူးတာဝန် လုပ်ငန်းဆောင်တာ မျိုးစုံနဲ့ အလုပ်များနေကြသူ … အချိန်အား များများစားစား မရှိကြသူ တွေပါ။ ပညာအားဖြင့်လည်း အနိမ့်ဆုံး ဆယ်တန်းလောက်တော့ အောင်ထားသူတွေ ဘွဲ့ရတွေပါ။

    အထူးသဖြင့် နိုင်ငံခြားသားတွေ အရင်ကထက် မြန်မာပြည်ကို အဝင်အထွက် ပိုများလာတဲ့ …. ပြည်တွင်းကသူတွေ နိုင်ငံရပ်ခြား အသွားအလာ ပိုများလာတဲ့ ခုနောက်ပိုင်းကာလတွေမှာ အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းဖို့ ပို အရေးပါလာတော့ ပို စိတ်ဝင်စားလာကြတာပေါ့လေ။

    အဲလိုမျိုး အလုပ်တစ်ဖက်နဲ့ လူလတ်ပိုင်းတွေ … သင်တန်းတွေ တက်နေဖို့လည်း အဆင်မပြေသူတွေ အိုးမကွာအိမ်မကွာ အလုပ်မပျက်စေဘဲ အင်္ဂလိပ်ဘာသာစကား တိုးတက်အောင် ဘယ်လို လုပ်နိုင်မလဲ ဆွေးနွေး အကြံပြုကြည့်ချင်ပါတယ်။

    ၁။ ကြား ပြော ဖတ် ရေး
    ———————-
    စကားပြောခြင်းရဲ့ အစက နားထောင်ခြင်းပါ။ ကလေးငယ်တွေ စကားဘယ်လိုပြောတတ်လဲ စဉ်းစားကြည့်ရင် ကိုယ်နားရည်ဝနေတာကို တုပပြောရင်း ပြောတတ်လာတာ ဆိုတာ သတိထားမိမှာပါ။ အဲဒီနောက်မှာ သူငယ်တန်းအရွယ်လောက် ရောက်တော့ ဝလုံး ဆိုတာ စဖတ်တတ်လာတယ်။ ABCD တွေ စ ဖတ်တတ်လာတယ် …. နောက်ဆုံးမှ ရေးတာပါ။ ခုလည်းပဲ နိုင်ငံခြား ဘာသာစကားတစ်ခုကို အဲဒီလို အစဉ်အတိုင်း လေ့လာရင် အတတ်မြောက်ဆုံးလို့ပဲ ဆိုပါရစေ။

    ဘာသာစကားနဲ့ များများ ထိတွေ့ပါ။ များများ နားထောင်ပါ။ ပြောကြည့်ပါ။ များများ ဖတ်ပါ။ ရေးကြည့်ပါ။ တတ်ကို တတ်ပါတယ်။ ဒီနည်းလမ်းက လွဲလို့လည်း တတ်စရာ တခြားနည်းလမ်း မရှိပါ။

    ၂။ ဆိုကြမယ် ပျော်ကြမယ်
    ————————–
    အဲဒီတော့ ပထမဆုံးအဆင့် ကိုယ့်အနီးဆုံးမှာ အင်္ဂလိပ်လို ကြားနေရဖို့ လိုပါတယ်။ ပြောမယ့်သူမရှိရင် ခပ်ဆင်ဆင် ဖန်တီးယူနိုင်ပါတယ်။ ကိုယ့်ကို နိုင်ငံခြားသားကြီးတစ်ယောက်က အရှင်လတ်လတ် အနားကနေ အင်္ဂလိပ်လို ပြောနေမှ အင်္ဂလိပ်စကား ကြားရတဲ့ခေတ်မှ မဟုတ်တော့ပဲ။ ဖုန်းထဲကနေတောင် အသံ နားထောင်လို့ ရနေပြီ ဖြစ်တော့ အင်္ဂလိပ်လို အသံသွင်းထားတဲ့ audio file တွေ များများ နားထောင်ပေးပေါ့။

    ခက်တာက စကားပြော သင်ခန်းစာ အသံသွင်းထားတာတွေကို တစ်ကြိမ်ထက်ပို အကြိမ်ကြိမ် နားထောင်ဖို့ဆိုတာက ပျင်းစရာ အကောင်းသား။ဒါကို ဖြေရှင်းနိုင်တာက တေးသီချင်းတွေက တစ်ဆင့်ပေါ့လေ။ အင်္ဂလိပ်သီချင်း များများ နားထောင်ပါ။ လိုက်ဆိုပါ။
    သီချင်းကနေ တတ်မြောက်နိုင်တာ အများကြီးပါပဲ … စကားလုံးတွေ သိလာမယ်။ နားထောင်စွမ်းရည် တက်လာမယ်။ အသံထွက်တွေ မှန်မှန် ထွက်တတ်လာမယ်။ intonation တွေ stress တွေ rhythm တွေ သင်မှန်းမသိ သင်ယူပြီးသား ဖြစ်လာမယ်။ စာကြောင်းလိုက် သဒ္ဒါမှန်မှန် သုံးတတ်လာမယ်။ (သဒ္ဒါနည်းကျ မဟုတ်တဲ့ ချွင်းချက် တချို့ကိုတော့ ဒီမှာ ထည့်မပြောတော့ပါ။ အများအားဖြင့် သီချင်းများမှာလည်း သဒ္ဒါမှန်ပါတယ်။) အဲဒီ သီချင်းစာသားတွေနေရာမှာ အစားထိုးပြီး တခြားဝါကျတွေ ပြောင်းပြောလို့ ရေးလို့ ရပါမယ်။
    ဥပမာလေး ပြောရရင် “Just give me a reason” ဆိုတာကနေ “Just tell me the answer.” “Just show me the way.” “Just tell me the truth.” စတာတွေ ပွားယူတာမျိုးပါ။ သီချင်းတိုင်းကနေ ဒီလို လေ့လာယူနိုင်ပါတယ်။ ဒီတော့ အင်္ဂလိပ်လို ပြောတတ်ချင်ရင် ခုပဲ အင်္ဂလိပ်သီချင်းတွေ နားထောင်ရင်း လိုက်ဆိုကြည့်လိုက်ကြတော့နော်။

    ၃။ ရုပ်ရှင်ကြည့်ရင် ပါးစပ် မပိတ်ကြေး
    —————————————
    ခေါင်းစဉ်ကိုကြည့်ပြီး ဘာကြီးပါလိမ့် ထင်မိမယ်။ ဆိုလိုချင်တာက ကိုယ့်အားလပ်ချိန် အင်္ဂလိပ်စကားပြော ရုပ်ရှင် ဇာတ်ကားတွေ ကြည့်ရင် (ခပ်တိုးတိုးပဲဖြစ်ဖြစ် .. အနည်းဆုံး စိတ်ထဲကနေဖြစ်ဖြစ်) နောက်ကနေ လိုက်ပြောကြည့်ဖို့ပါ။ ကိုယ်ပြောတာ မှားများနေမလား … သူများက ကိုယ့်ကို လှောင်များ လှောင်မလား စိုးရိမ်စရာ မလိုတဲ့ စကားပြောလေ့ကျင့်နည်းပါ။ မိသားစုဝင်တွေရှေ့တော့ ရှက်စရာမလိုဘူး ထင်ပါတယ် … အင်္ဂလိပ်ဘာသာစကား တိုးတက်စေချင်လို့ လေ့ကျင့်နေတာပဲလေ။ လှောင်စရာမှ မဟုတ်တာ။

    အမြဲတမ်း လုပ်ရမယ် မဆိုလိုပါ။ စိတ်ရောကိုယ်ပါ အနားယူရင်း အင်္ဂလိပ်ကား ကြည့်ချိန်မှာ အပျင်းလည်းပြေ အင်္ဂလိပ်အရည်အသွေးလည်း တိုးတက်စရာ … တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါ။ ရုပ်ရှင်မှ မဟုတ်ပါ … BBC VOA Al Jazeera သီတင်းတွေ နားထောင်ရင်းလည်း လေ့ကျင့်လို့ရတာပဲ။ ကျယ်ကျယ် အသံထုတ် လိုက်မပြောဖြစ်ရင်တောင် နားထောင်ရင်း အသူံးအနှုန်းတွေကို လေ့လာဖြစ်နေမှာပေါ့။ မရှက်ပါနဲ့ … လုပ်ကြည့်ပါ။
    သူတို့ ပြောနေတဲ့ နှုန်းက မြန်နေတော့ လိုက်ပြောရမှာ ခက်မှာပေါ့ … မီသလောက် လိုက်ပြောကြည့်ပါ။ လွယ်လွယ်ပြောရရင် တစ်ကြောင်းကျော်ပြီး ဆိုပါစို့။ အချိန်တစ်ခုအကြာမှာ နှုတ်သွက်လာတာ သတိပြုမိမှာပါ။

    ၄။ ကလေးငယ်တွေကို အသုံးချပါ
    ————————————
    အိမ်မှာ ကလေးငယ်ရှိရင် အခွင့်ကောင်းပါ။ သူတို့အတွက် ကာတွန်းကားလေးတွေ ပြဖြစ်မယ် ဆိုရင် လူကြီးတွေလည်း လေ့ကျင့်ဖို့ အခွင့်ကောင်းတစ်ခု ရပါတယ်။ နောက်တစ်ချက်က ကလေးငယ်များအတွက် ရေးသားထုတ်ဝေတဲ့ အင်္ဂလိပ် ပုံပြင်စာအုပ်လေးတွေ ကာတွန်းစာအုပ်လေးတွေကို ကိုယ့်တူကိုယ့်သားများကို အသံထွက် ဖတ်ပြပေးဖို့ပါ။

    အရေးကြီးတဲ့တစ်ချက် ပြောလိုပါတယ်။ မြန်မာပြည်က ရေးတဲ့စာအုပ်တွေ ထုတ်တဲ့ အခွေတွေကို (လုံးဝ) အားမထားပါနဲ့။ စော်ကားလိုခြင်း အလျဉ်းမဟုတ်ပါ … ဒါပေမယ့် ကြုံဖူးသလောက် အမှားတွေ အလွန် များလို့ပါ။ မူရင်း authentic material တွေကိုသာ သုံးပါ။ ဆိုလိုချင်တာက မြန်မာတွေရေးတဲ့ နှစ်ဘာသာနဲ့ ထုတ်တဲ့ ကလေးစာအုပ်များသည် (အားလုံး ဒီအတိုင်း ဖြစ်နေတယ် မဆိုနိုင်ပေမယ့်) ဘာသာစကား လေ့လာစရာ အကောင်းဆုံး စံနမူနာ မဟုတ်လို့ မူရင်း အင်္ဂလိပ် စာအုပ်များ အခွေများကိုသာ သုံးကြဖို့ အကြံပြုတာပါ။
    နောက်တစ်ချက်က ကလေးငယ်များကို အသုံးချရင်း အင်္ဂလိပ်လို ပြောဖြစ်အောင် ပြောကြည့်ကြစေချင်တာပါ။ “Let’s go.” “Wait for me.” “It’s lunch time.” “Open your mouth.” စတာမျိုးလေးတွေက အင်မတန် ရိုးရှင်းလွယ်ကူပေမယ့် ကိုယ့်ဘာသာကိုယ် မပြောဖြစ်ဘဲ ဖြစ်နေရင် ကလေးငယ်တွေနဲ့ ပြောရင်း ကိုယ်လည်း နှုတ်သွက်လာပါမယ်။ အထူးသဖြင့် ကိုယ့်ကလေးတွေကို International School တွေမှာ ထားဖို့ စိတ်ကူးထားတယ် … ဒါမှမဟုတ် လက်ရှိ အဲလိုကျောင်းတွေမှာ ထားနေတယ် ဆိုရင်ပေါ့။ ကလေးအတွက်ရော မိဘအတွက်ပါ အကျိုးရှိပါလိမ့်မယ်။

    ၅။ကလေးလုပ်ပါ … သူငယ်ပြန်ပါ
    ———————————–
    ကလေးစာအုပ်လေးတွေ ဖတ်ပါ။ Graded Readers တွေ ဖတ်ပါ။ ကလေးစာပေဆိုပြီး အထင်မသေးပါနဲ့။ အခြေခံကျကျ အသံးအနှုန်း မှန်မှန်ကန်ကန် အဲဒီကနေ ရပါလိမ့်မယ်။ ကိုယ်မသိထားသေးတဲ့ အသုံးအနှုန်းတွေလည်း တွေ့မိပါလိမ့်မယ်။Audio book တွေလည်း လာတတ်လို့ အားချိန်မှာ စာအုပ်နဲ့တွဲပြီး နားထောင်ရင်း အသံထွက်ဖတ်လို့ ရပါတယ်။ အဓိက ပြောချင်တာက လူကြီးတွေမှာ လိုနေတတ်တဲ့ အခြေခံလေးတွေကို ကလေးစာပေ ဖတ်ရင်း ရနိုင်တယ်ဆိုတာ အကြံပေးချင်တာပါ။ အလုပ်သွားအလုပ်ပြန် ကားမောင်းရင်း ကားစီးရင်း ရထားစီးရင်း ဆိုင်ကယ်စီးရင်းလည်း နားထောင်လို့ ရတယ်နော်။

    ၆။ Social Media ကို အသုံးချပါ
    ——————————
    Facebook အပါအဝင် social media တွေကနေ သင်ယူတတ်မယ်ဆို သင်ယူစရာ အများကြီးပါ။ English ဘာသာစကား လမ်းညွှန်တွေ သင်ခန်းစာတွေ နေ့စဉ် တင်ပေးနေတဲ့ page တွေ အများကြီး ရှိပါတယ်။ like လုပ်ထား … follow လုပ်ထားပါ။ နိုင်ငံတကာက အင်္ဂလိပ်ဘာသာစကား လေ့လာနေသူတွေ ဖွဲ့ထားတဲ့ group တွေ ရှိပါတယ်။ member ဝင်ထားပါ။ friend မဟုတ်နေရင်တောင် သူတို့နဲ့ အဆက်အသွယ် ရှိနေပါမယ်။ ကိုယ် စိတ်ဝင်စားရာခေါင်းစဉ်ရှိရင် မှားမှာမကြောက်ဘဲ အင်္ဂလိပ်လို ပါဝင် ဆွေးနွေးပါ။ comment ပေးပါ။ မေးလိုတာကို မေးပါ။ ဒီနည်းအားဖြင့်လည်း အရေးအဖတ်စွမ်းရည်များ အတိုင်းအတာတစ်ခုထိ လေ့ကျင့်ပြီးသား ဖြစ်ပါတယ်။

    ၇။ Diary ရေးပါ
    —————-
    အင်္ဂလိပ်လို diary လေး ကြိုးစားပြီး ရေးကြည့်ပါလား။ အသေးစိတ် ရေးဖို့ မဆိုလိုသလို အစပိုင်းမှာ broken English လည်း ဖြစ်ရင် ဖြစ်မှာပေါ့ … အမှားလည်း ပါနိုင်တာပေါ့။ အရေးကြီးတာက ရေးဖြစ်တဲ့ အလေ့အကျင့် ဖြစ်စေချင်တာပါ။ Accuracy မှန်ဖို့ထက် fluency ချောချောမွေ့မွေ့ လက်ကရေးထွက်ဖို့ ပို ရည်ရွယ်ပါတယ်။ Online မှာလည်း ရေးလို့ရပါတယ်။ ကိုယ်ပိုင် blog လေးတွေမှာ တစ်ကြောင်းစ နှစ်ကြောင်းစကနေ စပြီး ရေးလည်း ရတာပဲ။
    ကျွန်တော်တောင် online မှာ ရောက်တတ်ရာရာ စာတိုပေစ ရေးရင်း (မြန်မာလို ဆိုလိုတာပါ။) ရေးလိုရာရာကို လူနားလည်အောင် တဖြည်းဖြည်း ရေးတတ်လာသလို ခံစားရပါတယ်။ ကိုယ်ရေးတာကို ပိုပြီး ယုံကြည်မှု ဖြစ်လာစေတယ်။ တစ်ရက်တစ်ရက်ကို ငါးမိနစ် ဆယ်မိနစ် အချိန်ပေးပြီး ခေါင်းထဲပေါ်တာ ရောက်တတ်ရာရာကို ballpen မလွှတ်တမ်း keyboard က လက်မခွာစတမ်း ချရေးကြည့်ပါလား။ ရှေ့ပိုင်းမှာခက်ပေမယ့် တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်။

    ၈။ သိသူဖော်စားတဲ့ ရတနာသိုက်
    ———————————-
    အမှတ် (၆)မှာတုန်းက social media အကြောင်း ပြောပြီးသွားပါပြီ။ အဲဒါကတော့ Facebook သုံးရင်း နည်းနည်းစီ သင်ယူနည်းပေါ့။ ခုပြောမှာကတော့ အင်္ဂလိပ်စာ သင်ကြားပေးတဲ့ website တွေ အကြောင်းပါ။ မြန်မာလို ရေးထားတာဆို Myanmar Network လို ဆိုက်တွေ ရှိပါမယ်။ ဒါ့အပြင် ကိုယ် အားတဲ့အချိန်လေးအတွင်း … ညဖက်ဖြစ်ဖြစ် မနက်စေစောဖြစ်ဖြစ် အချိန်သတ်မှတ်ချက်မရှိ အားရင်အားသလို အင်္ဂလိပ်ဘာသာစကား အခမဲ့ လေ့လာသင်ယူနိုင်တဲ့ website တွေလည်း အများကြီးပါ။ ဥပမာအားဖြင့် coursera တို့ futurelearn တို့ပါ။ လွယ်လွယ်ကူကူပဲ စာရင်း ပေးလို့ ရပါတယ်။ နိုင်ငံတကာက စိတ်ပါဝင်စားသူတွေနဲ့အတူတူ စာသင်တဲ့ video clip လေးတွေ ကြည့်လိုက်၊ audio file လေးတွေ ဖွင့် နားထောင်လိုက်၊ pdf စာအုပ်လေးတွေ download လုပ်ပြီး ဖတ်ကြည့်လိုက်၊ မေးထားတဲ့ မေးခွန်းလေးတွေ ဝင်ဖြေလိုက်၊ ကိုယ်က မေးချင်တာ မေးလိုက်နဲ့ဆို အင်္ဂလိပ်ဘာသာစကားနဲ့ အဆက်မပြတ် လေ့လာသင်ယူနေဖြစ်တာပေါ့။ BBC Learning English တို့လို website တွေလည်း ရှိပါတယ်။ အများကြီးပါ။ Youtube တို့ study.com တို့လည်း အပါအဝင်ပေါ့။ ပိုက်ဆံပေးပြီး တက်ရတဲ့ သင်တန်းတွေလည်း online မှာ တစ်ပုံတစ်ပင်ပါ။ Academic ပိုင်း ပိုဆန်တဲ့ အင်္ဂလိပ်စာ လေ့လာသူတို့အတွက်ဆို TED talk တွေ နားထောင်စေချင်ပါတယ်။ ဥပမာအားဖြင့် IELTS ဖြေဆိုဖို့ လေ့ကျင့်နေကြသူများအတွက်ပါ။ subtitle ပါ တွဲလျက် download လုပ်လို့ရတော့ အတိုင်းထက်အလွန်ပါပဲဗျာ။

    File size အကြီးကြီးတွေ မဟုတ်ပါဘူး။ တော်တော် သေးသေးလေးတွေပါ။ဒီအတွက် အင်တာနက် အသုံးစရိတ် တစ်လကို တစ်သောင်းနှစ်သောင်းထက် မပိုပါဘူး။ ပြန်ရမယ့် အကျိုးအမြတ်က အလွန် အဖိုးတန်ပါတယ်။ မြန်မာပြည် internet speed ဘာဖြစ်တယ် ညာဖြစ်တယ် စိတ်မပူပါနဲ့ ရပါတယ်။ ကျွန်တော်လည်း ဖုန်းတစ်လုံး laptop တစ်လုံးနဲ့ ကျောင်းတောင်တက်လာတာပါ။ မနက်စောစောလိုမျိုးဆို streaming တောင် လုပ်လို့ရပါသေးတယ်။

    ၉။ ပြောဖြစ်အောင်ပြော
    ————————-
    အင်္ဂလိပ်စကားပြောတတ်ချင်ရင် အရေးအကြီးဆုံက ပြောဖြစ်အောင်ပြောဖို့ပါ။ ပြောရမယ့်သူ မရှိဖြစ်နေရင် ကိုယ့်ဟာကိုယ် ပြော .. အသံသွင်းထား … ပြန်နားထောင်ကြည့်ပါ။ ဖုန်းတစ်လုံးရှိရင် ကိုယ်ပြောတာကိုယ် နားထောင်ကြည့်လို့ ရပါပြီ။
    အပေါ်မှာ ပြောခဲ့တဲ့ စာအုပ်ကို အသံထွက်ဖတ်တာ ရုပ်ရှင်ထဲက ဒိုင်ယာလော့ခ်တွေ လိုက်ရွတ်တာတွေကို ဖုန်းတစ်လုံးနဲ့ အသံသွင်းထားပြီး ပြန် နားထောင်ကြည့် … ကိုယ် ဘာတွေလိုနေတာလည်း ကိုယ့်ဟာကိုယ် သိပါလိမ့်မယ်။ နီးစပ်ရာ ဆရာတစ်ဦးဦးကို ပေးနားထောင်ခိုင်းလို့လည်း ရပါတယ်။
    တစ်ခါတစ်လေ ကိုယ့်နားမှာ ကဲ့ရဲ့လှောင်ပြောင်မယ့်သူ မရှိဘူး ဆိုလည်း တစ်ယာက်ထဲ တတွတ်တွတ် အင်္ဂလိပ်လိုပြောပြီး အသံကူးထားကြည့်ပေါ့ဗျာ။

    ဒါကတော့ ပြောစရာ အဖော်လည်း မရှိမယ့်သူမျိုးတွေ မဖြစ်ဖြစ်အောင် ပြောထွက်အောင် လုပ်တာပါ။ နိုင်ငံခြားသား မိတ်ဆွေ တစ်ဦးဦးနဲ့ သိကြွမ်းတယ်ဆိုလည်း သူနဲ့ ကြုံတိုင်းဆုံတိုင်း တစ်လုံးစနှစ်လုံးစဖြစ်ဖြစ် ရအောင် ပြော။ အဓိကက ပြောထွက်ဖို့ပါ … မှားတာမှန်တာ နောက်တစ်ဆင့်။ များသောအားဖြင့် ကြုံရတဲ့ ပြသနာက မပြောရဲတာ … ကိုယ့်နှုတ်ကနေ အင်္ဂလိပ်လို ပြောမထွက်တာမျိုးကိုး၊ နှုတ်ရဲစေဖို့ လေ့ကျင့်ခန်းပေါ့။

    နိဂုံးချုပ်ရရင်

    ဘာသာစကားတစ်ခု တတ်ကျွမ်းဖို့အတွက် ဖြတ်လမ်း မရှိပါ။

    အဲဒီဘာသာစကားနဲ့ အကြိမ်ကြိမ်အခါခါ လက်ပွန်းတတီး ထိတွေ့နေမှသာ ရတာမျိုးပါ။ အဲလိုဝန်းကျင်ဖြစ်အောင် ကိုယ့်အိမ်မှာ ရအောင် ဖန်တီးယူပါ။ တကူးတက အချိန်ပေးပြီးလည်း လုပ်သင့်သလို တခြား အိမ်အလုပ် လုပ်ရင်း ကာယလေ့ကျင့်ခန်းလုပ်ရင်း အနားယူရင်း အင်္ဂလိပ်ဘာသာစကားနဲ့ ထိတွေ့မှု ရှိအောင်နေပါ။ တီဗီ ဖုန်း ကက်ဆက် ရေဒီယို နောက်ခံ background အနေနဲ့ အင်္ဂလိပ်လိုပြောနေ ဆိုနေတာ တစ်ခုခု ဖွင့်ထားပြီး အလုပ်လုပ်ပါ။ အားစိုက်ထုတ်ပြီး နားထောင်မနေပါနဲ့ … မိတ်ဆွေရဲ့နားထဲ ကြားမှန်းမသိ ကြားနေရရင်ကို ဦးနှောက်က သူ့ဟာသူ အလုပ်လုပ်နေပါလိမ့်မယ်။

    သေးသေးမွှားမွှား လွယ်လွယ်ကူကူလေးတွေကစပြီး အပြောကျင့်ပါ။ ဘသာစကားတစ်ခု လေ့လာတာ ပျော်စရာအဖြစ် ရှုမြင်ပါ။ မကြောက်ပါနဲ့။ မှားလည်း ဘာမှ မဖြစ်ပါ။ ရဲစိတ်မွေး အားတင်းထား … မရမက မဖြစ်မနေ ပြောဖြစ်အောင်ပြော ရေးဖြစ်အောင်ရေးပါ။ ဘာလေးပဲဖြစ်ဖြစ် ဖတ်ဖြစ်အောင်ဖတ်ပါ။

    အချိန်အတိုင်းအတာတစ်ခု ကြာလာတာနဲ့အမျှ ဒီတိုင်းနေတုန်းကနဲ့မတူဘဲ အင်္ဂလိပ်ဘာသာစကား တိုးတက်လာတာ ကိုယ့်ကိုယ်ကို အံ့သြစရာ ကိုယ်တိုင် ကြုံလာရပါလိမ့်မယ်။ ကိုင်း ခုပဲ စလိုက်ကြစို့လား။ ဖုန်းထဲက အင်္ဂလိပ်သီချင်းလေး စနားထောင်လိုက်တော့နော်။

    ** စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။

  • လ.ဝ.က သွားတောလား

    ကျော်မိုးအောင်

    ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေအကြောင်း ကျယ်ကျယ်လောင်လောင် ပြောဆိုဝေဖန် နေကြသူများရဲ့ (အဆဲအဆိုမပါတဲ့) ဆွေးနွေးချက်တွေဆို သေသေချာချာ အချိန်ပေးပြီးတော့ ဂရုတစိုက် ဖတ်ကြည့်ဖြစ်ပါတယ်။ ကိုယ့်ဘက်သူ့ဘက် နှစ်ဖက်အမြင်ကို မျှမျှတတ သိချင်လို့ပါ။ အဲဒီထဲမှာ အများစု ဝေဖန်လေကန် ထောက်ပြကြတဲ့ အချက်တစ်ချက်က မှတ်ပုံတင် (နိုင်ငံသား စီစစ်ရေး ကဒ်ပြား) ထုတ်ပေးမှုနဲ့လည်း ဆက်စပ်တာ တွေ့ရပါတယ်။

    မကြာခဏဆိုသလို တွေ့ရလေ့ ရှိတာတစ်ခုက ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များသည်လည်း အိန္ဒိယ၊ ပါကစ္စတန် ဘင်္ဂလားဒေ့ရှ်ကနေ မနေ့တစ်နေ့က (အနိမ့်ဆုံးတော့ အင်္ဂလိပ်ခေတ်လောက်ကမှ၊ ဒါမှမဟုတ်ရင် ဘယ်လောက်မှမကြာသေးခင်ကမှ) ခိုးဝင်လာကြတယ်။ အခုချိန်ထိလည်း နယ်စပ်မှာ ခိုးဝင်နေကြဆဲပဲ။ အဲဒီနောက် လဝကမှာ ပိုက်ဆံပေးပြီး မသမာတဲ့နည်းနဲ့ မှတ်ပုံတင် ရအောင် လိမ်ညာယူကြတယ်..ဆိုတဲ့ အမြင်မျိုးပါ။

    ဒီတော့ ကိုယ့်ဟာကိုယ် ပြန်ပြီး မေးခွန်းတစ်ချို့ မေးကြည့်မိပါတယ်။
    ၁။ မှတ်ပုံတင် လက်ဝယ်မရှိသူဆိုရင် နိုင်ငံသား မဟုတ်နိုင်ဘူးလား။
    ၂။ မှတ်ပုံတင်အတွက် အချက်အလက် ပြင်ဆင်ဖြည့်ထားပြီးမှ မှတ်ပုံတင် (သို့) နိုင်ငံသားကဒ် ရထားရင် အဲဒီနိုင်ငံသားသည် နိုင်ငံသားစစ်စစ် ဟုတ်ပါသလား။
    (မှတ်ပုံတင်လို့ပဲ လွယ်လွယ် ပြောလိုက်ရင်လည်း နိုင်ငံသား စီစစ်ရေးကဒ်ကိုပါ ဆိုလိုပါတယ်လို့ နားလည်ပေးပါ။)
    ၃။ မှတ်ပုံတင်အတွက် ပိုက်ဆံပေးရပြီးမှ မှတ်ပုံတင် ရထားရင် အဲဒီနိုင်ငံသားသည် လိမ်လည်ကာ နိုင်ငံသား လျှောက်ထားသူထဲမှာ အကြုံးဝင်နေပြီလား။
    ၄။ မှတ်ပုံတင် မရှိကြတာ ပြည်တွင်းနေမွတ်စလင်မ်တွေတင်မကပါဘူး။ အားလုံးအတွက် ခက်တယ်ဆိုတာကရော ဘယ်လိုလဲ။
    စသည်..စသည်ဖြင့်ပေါ့လေ။ တွေးကြည့်မိတယ်။ ဒီအတွေးကို အခြေခံပြီး တစ်သက်လုံး ဘယ်တော့မှ မေ့ပျောက်သွားမှာ၊ ခံစားချက် ဝေဝါးပေးသွားနိုင်မှာ မဟုတ်တဲ့ လဝကသွားတောလား မှတ်ပုံတင်လျှောက်ထားခြင်း ကိုယ်တွေ့ဇာတ်လမ်းကို အားလုံးကို ဝေမျှချင်ပါတယ်။

    ကျွန်တော့် မိသားစု မျိုးရိုးစဉ်ဆက်ကို အနည်းငယ် နောက်ကြောင်းပြန်ပါရစေ။
    ကျွန်တော့်အဖိုးက မန္တလေး တက္ကသိုလ် အရှေ့တိုင်း (ပါဠိ)ဌာနက ဌာနမှူးပါ။ (ဆရာဦးကို M.A [မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာ(ပါဠိ)ဌာန ဌာနမှူး]   )
    (ဒီပို့စ်ကို တင်ခဲ့တုန်းကတည်းက တစ်ချိန်ချိန်မှာ ခုပြောချင်တဲ့ မှတ်ပုံတင်အကြောင်းမှာ ပြောချင်လို့ပါ။) သူ့တစ်သက်လုံးမှာ ဗမာဆန်ပုံက ဗုဒ္ဓဘာသာ ဗမာလူမျိုးစစ်စစ်တွေထက်တောင် ဗမာစာပေ၊ ပါဠိစာပေမှာ ထူးချွန်တတ်မြောက်သူပါ။ အိမ်မှာ အမြဲတမ်း ရဟန်းသံဃာတော်များ မပြတ် လာရောက်နေခဲ့ကြတာပါ။ ဘုန်းတော်ကြီးများကို အင်္ဂလိပ်စာ သင်ကြားပေး၊ နိုင်ငံခြားသားများကို မြန်မာစာ၊ ပါဠိနဲ့ မြန်မာမှုတွေ သင်ကြားပေးခဲ့သူ၊ တစ်ဖက်ကလည်း ကိုယ့်ဘာသာတရားအတွက် စာပေတွေ ရေးသားခဲ့သူပါ။

    ၁၉၈၇ခုနှစ်က အလ္လာဟ့်အမိန့်တော်ခံ (ကွယ်လွန်)ခဲ့ပါတယ်။ ၁၉၈၇ ဆိုတော့ အမျိုးသား မှတ်ပုံတင်ပဲ ရှိခဲ့စဉ်၊ နိုင်ငံသား စီစစ်ရေးကဒ်ပြား မတိုင်ခင် ခေတ်ကပါ။ ကျန် အဖိုးအဖွားများလည်း မရှေးမနှောင်း ကွယ်လွန်ခဲ့ကြပါတယ်။ အဖွားများကတော့ နိုင်ငံသားကဒ် ထုတ်ပေးပြီး ၉၀ခုနှစ် နောက်ပိုင်းမှာ ဆုံးကြတာပါ။

    ကျွန်တော့် မိဘ နှစ်ပါးစလုံးကလည်း အစိုးရအမှုထမ်း (ယခု အငြိမ်းစား) တွေပါ။

    ၁၉၉၃ခုနှစ် ကျွန်တော် ၁၀နှစ်ပြည့်ပြီးတော့ လဝကမှာ ပထမဆုံး နိုင်ငံသားကဒ် လျှောက်ဖြစ်တော့ ဘိုးစဉ်ဘောင်ဆက် အထက် သုံးဆက်ရဲ့ အမည်၊ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး စတာတွေကို ဖြည့်ရပါတယ်။ ကျွန်တော့် ပါပါက သူတို့တွေရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ မွေးရာဒေသ၊ ကွယ်လွန်သေဆုံးသည့်နေ့၊ မြှုပ်နှံရာဒေသ စတာတွေအားလုံးကို စနစ်တကျ စာအုပ်တစ်အုပ်နဲ့ မှတ်တမ်းတင်ထားတာပါ။ အားလုံးဟာ လူမျိုး ဗမာ၊ ကိုးကွယ်သည့်ဘာသာ အစ္စလာမ် အနေနဲ့ တရားဝင် မှတ်တမ်းဝင်ကြသူတွေပါ။ ကျွန်တော့်နိုင်ငံသားကဒ်မှာလည်း လူမျိုးဗမာ၊ ကိုးကွယ်သည့်ဘာသာ အစ္စလာမ်ပါပဲ။

    လဝကရုံးကို နှစ်ကြိမ် မိဘတွေနဲ့ လိုက်သွားဖြစ်ပါတယ်။ တစ်ကြိမ်က လက်ဘွေနှိပ်၊ နောက်တစ်ကြိမ်က ကဒ်ထုတ်။ အဲဒီတုန်းကတည်းက မြေမြိုလို့ လူမျိုးမပြောက်၊ လူမြိုမှ လူမျိုးပျောက်မည်ဆိုတဲ့ ဆိုင်းဘုတ်ကြီး မြင်ဖူးခဲ့ပါရဲ့။

    ၂၀၀၄ခုနှစ်ထဲမှာ ၁၈နှစ်ပြည့်ကဒ် လဲဖို့လုပ်ဖြစ်ပါတယ်။ ၃နှစ် ကျော်လွန်ပြီးမှပါ။ ဒီတစ်ခေါက်တော့ အရင်ကလောက် မလွယ်တော့။ မြို့နယ်ဦးစီးက အစ္စလာမ်ဘာသာဝင်တွေဆို ခရိုင်ဦးစီး ထောက်ခံချက် လိုပါတယ်၊ ခရိုင်ရုံးကို သွားပါဦးတဲ့။ သိပ်တော့ ကိစ္စမရှိ၊ ကျောင်းဆရာမဖြစ်တဲ့ မေမေက ကျောင်းက ခဏခွင့်တောင်းကာ ဖြူစိမ်းဝတ်နှင့်ပင် လိုက်လာပေးပါတယ်။ ကျွန်တော် ဆယ့်ရှစ်နှစ်ပြည့်နှင့် ကျွန်တော့်ညီရဲ့ ဆယ်နှစ်ပြည့် တစ်ခါတည်း ပေါင်းလုပ်ဖြစ်တယ်။ နှစ်ပတ်လောက် အချိန်ပေးလိုက်တော့ ရသွားပါတယ်။ ပုံမှန် ထိုက်သင့်တဲ့ ဂါရဝပြုမှု (ချောဆီ)လေးကတော့ နည်းနည်း ပါတာပေါ့။

    ဇာတ်လမ်းက ခုမှ စမှာပါ။ ၂၀၀၈ခုနှစ်မှာ ကျွန်တော့်ညီ ၁၈နှစ်ပြည့်ပါပြီ။ ဆယ်တန်းလည်း အောင်ပြီးလို့ နိုင်ငံခြား ပညာတော်သင် သွားခွင့်လည်း ရွေးချယ်ခံရပြီ။ နိုင်ငံကူးလက်မှတ် လျှောက်တော့မယ့်အချိန်မှာ ၁၈နှစ်ပြည့်ကဒ် ပြောင်းလဲဖို့လုပ်ပါတယ်။ လဝကရုံးကို သွားရပြန်ပြီပေါ့။

    ပထမဆုံး ဖောင်ဖြည့်တော့မယ့် အချိန်မှာ စာရေးမက အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်ကို ယူကြည့်ပြီးတော့ မွတ်စလင်မ်ဆိုရင် ဗမာလို့ ရေးထားတာ မရပါဘူးတဲ့။ အဲဒီထဲက အားလုံးမှာ အိန္ဒိယဖြစ်စေ၊ ပါကစ္စတန်ဖြစ်စေ၊ ဘင်္ဂါလီဖြစ်စေ အရင် ပေါင်းထဲ့ပြီးမှ ၁၈နှစ်ပြည့်ကဒ် ဆက်လျှောက်လို့ ရမယ်တဲ့။ ဘယ်လိုဖြစ်သွားတာလဲ၊ ဆွေစဉ်မျိုးဆက် ဒီအတိုင်းပဲ ရခဲ့တာလေ။ နိုင်ငံတော်က အစဉ်အဆက် တရားဝင် သတ်မှတ်ပေးထားတဲ့အတိုင်းပဲ … အစရှိသည်ဖြင့် (ရက်စွဲများနှင့်တကွ အလွတ်တောင် ကျက်မှတ်ထားတဲ့) သမိုင်းအထောက်အထားတွေ ပြောတော့လည်း သူ ဒါတွေမသိဘူးတဲ့၊ အရင်က ဘာပေးခဲ့ပေးခဲ့ အခု အထက်က ညွှန်ကြားထားတဲ့အတိုင်း အဲဒါတွေ မထည့်နိုင်ရင် ဘာမှ ဆက်လုပ်ပေးလို့ မရပါဘူးတဲ့။ ကြိုက်တဲ့ဆီ တက်တိုင်၊ တက်မေးလို့လည်း ရပါတယ်တဲ့။

    ဒါနဲ့ပဲ ဘာမှ ဆက်မလုပ်ဘဲ ပြန်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ အားကိုးတဲ့ (ဗမာမွတ်စလင်မ်) ဘာသာရေးခေါင်းဆောင်တွေကို လှမ်းမေးကြည့်တော့လည်း ဟုတ်ပါတယ်၊ ခုအဲဒီလို ဖြစ်နေပြီ၊ ဘယ်အထက်က သတ်မှတ်တာမှန်းတော့ သေချာမသိရတဲ့ နှုတ်မိန့်အရ အားလုံး ဒီအတိုင်း ဖြစ်နေပါပြီ၊ Passport လျှောက်ဖို့က အရေးကြီးတယ်၊ ဘာပဲရေးထားရေးထား ကဒ်ရပြီးရော၊ သူတို့စိတ်ကြိုက် ထည့်ပါစေတဲ့။ ဘာမှမတတ်နိုင်တော့၊ လမ်းဆုံးပြီ။

    နောက်ရက် လဝကရုံးသွားတော့ ကျွန်တော်ပါမသွား။ ကျွန်တော့်ညီက သူ့အစီအစဉ်နှင့်သူ သွားပါတယ်။  ကျွန်တော်တို့ကတော့ ဖောင်မှာ အချက်အလက် ပြင်ဖြည့်ရတာကိုလည်း လိမ်ဖြည့်ရတယ်လို့ သတ်မှတ်တဲ့အတွက် အဲဒီအပိုင်းကို (ဘာဖြည့်ရမှန်းလည်း သေချာမသိလို့ပါ) ကွက်လပ်ထားပြီး သွားခိုင်းလိုက်ပါတယ်။ ကြိုက်တာသာဖြည့်ပါစေတော့ပေါ့။ ဒါပေမယ့် စာရေးမက နင်တို့ဟာနင်တို့ ဘယ်ကလာလို့လာမှန်တောင် မသိဘူးလား၊ ကိုယ့်ဟာကိုယ် ဘာကုလားလဲ စဉ်းစား ကိုယ့်အမျိုးကိုယ်ဖြည့်လို့ ပြောပါတယ်တဲ့။ (ညီလေးက တော်တော် စိတ်ဆိုးမာန်ဆိုး ဖြစ်လာပြီး ပြန်ပြောပြတဲ့ စကားပါ။)

                 ဒီလိုနဲ့ပဲပေါ့လေ … သေပြီးသား ဘိုးစဉ်ဘောင်ဆက် အပါအဝင် ၂၀၀၈မှာ ၁၈နှစ်ပြည့်သွားသူ ကျွန်တော့်ညီ၊ ၂၆နှစ်အရွယ် ကျွန်တော်၊ မိဘတွေအားလုံး အိမ်ထောင်စု ဇယားမှာ “အိန္ဒိယဗမာ” အဖြစ် လူမျိုးပြောင်းမင်္ဂလာ ခံယူခဲ့ကြပါတယ်။

    ဒီလောက်နဲ့ ကိစ္စပြီးသွားတယ်ဆိုရင် အခုလို စာဖွဲ့မနေတော့ပါ။ နောက်ဆက်တွဲ ပိုဆိုးတာ ကျန်ပါသေးတယ်။

    သူတို့ပြောတဲ့အတိုင်း အိမ်ထောင်စုဇယားမှာ “အိန္ဒိယဗမာ” လူမျိုး ဖြစ်သွားတော့ နောက်ဇာတ်လမ်းက သွေးနှောတွေအတွက် မှတ်ပုံတင်က မြို့နယ်ရုံးက လုပ်မပေးပါ။ တိုင်းရုံးက အတည်ပြုမှာဆိုတော့ တိုင်းရုံးကိုဆက်ပါတဲ့။
    ထူးခြားတာက တိုင်းရုံးရောက်တော့ အချက်ပေးခြင်းပါ။ မှတ်ပုံတင် လျှောက်ထားဆဲ မရရှိသေးသူများရဲ့ ဖိုင်တွဲတွေ အပုံလိုက်ကို ပြပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက လျှောက်ထားဆဲတွေပါ၊ မပြည့်စုံမှုတွေ အကြောင်းကြောင်းတွေကြောင့် ကျန့်ကြာနေတာတွေပါတဲ့။ အရေးကြီးလားတဲ့။ ဆိုလိုရင်းကို သဘောပေါက်ပါတယ်။ ဟုတ်ကဲ့ပါပေါ့။ သိတတ်ပါ့မယ်ပေါ့။ ဈေးတစ်ခါတည်း ခေါ်ပါတယ်။ ဘယ်၍ဘယ်မျှ တောင်းစရာကို ပြတ်ပြတ်သားသားပဲ ပြောတောင်းပါတယ်။

    ဖြည့်စရာ ဖိုင်တွေမှာ အဖိုးအဖွားတွေရဲ့ ရာဇဝင်ကို ဖြည့်ပြီး တင်ရပါမယ်တဲ့။ ဒါကလည်း အရင်က လုပ်ရိုးလုပ်စဉ် မထူးခြားဖူးဆိုတော့ အရင်အတိုင်းပဲ သူတို့တွေ မွေးရက်၊ မွေးရပ်၊ ကွယ်လွန်ရက်၊ မှတ်ပုံတင်အမှတ် စတာတွေကို ဖြည့်တာပေါ့။ ဒါပေမယ့် ဒီလိုမဟုတ်၊ သူတို့မွေးရာ အရပ်တွေမှာ လဝကရုံးတွေကနေ သူတို့ရဲ့ ဖိုင်တွေ သွားယူပေးရမယ်တဲ့။

    အဖေဘက်က အဖိုးအဖွား မှတ်တမ်းရှိရာ ဧရာဝတီတိုင်းကိုသွား၊ ရအောင်သွားယူ၊ ပြန်လာ။ အချိန်ကုန်၊ ခရီးစရိတ်ကုန်၊ လူပန်းတာကလွဲလို့ အေးအေးဆေးဆေး ပြီးခဲ့ကြပါတယ်။ မန္တလေး ချမ်းအေးသာစံမှာ မွေး၊ တစ်သက်လုံး ဒီမှာပဲ နေခဲ့ပြီး ဒီမှာပဲ ကွယ်လွန်ခဲ့တဲ့ အဖိုးအတွက်ကြမှ လာထစ်ပါတယ်။ သူတို့ ချမ်းအေးသာစံရုံးမှာ အဖိုးရဲ့ (သူတို့အခေါ်) အမှုတွဲ ရုံးမှာ ရှာမတွေ့တော့ပါတဲ့၊ ပြောင်းရွှေ့ရင်း ပျောက်ဆုံး/ပျက်စီး စာရင်းဝင်နေပါတယ်တဲ့။ အဲဒီအတွက် အဖိုးနဲ့ပတ်သက်တဲ့ အထောက်အထား ပြည့်စုံခြင်းမရှိတဲ့အတွက် သုံးခေါက်ချိုးပဲ ပေးနိုင်ပါမယ်တဲ့။

    ဒီတစ်ခုအတွက်တော့ အတော် ပေါက်ကွဲခဲ့ကြပါတယ်။ လုံးဝ မယူနိုင်ပါလို့။ နိုင်ငံသား စစ်စစ်ကြီးတွေရဲ့ သားသမီး၊ မြေးမြစ်က မိသားစုဝင်အားလုံးသာမက သူကိုယ်တိုင်တောင် ၁၀နှစ်တုန်းကအထိ နိုင်ငံသားကဒ်စစ်စစ် ရပါလျက်နဲ့ ဘာကိစ္စ တစ်ဆင့်နိမ့် ပြောင်းရမှာလဲလို့။

    (တစ်ဆင့် ဘယ်လိုနိမ့်သလဲ သေချာမသိပါ၊ ဒါပေမယ့် အဲဒီကဒ်မှာ ရေးထားတာက ပြည်ထောင်စုမြန်မာနိုင်ငံတော် သက်သေခံကဒ်ပြားတဲ့။ ဤလက်မှတ် ကိုင်ဆောင်သူသည် အကယ်စင်စစ် နိုင်ငံသားဖြစ်ကြောင်း သက်သေခံ အလျဉ်း မဖြစ်စေရဆိုတဲ့ မှတ်ချက်ကြီးကတော့ ပါနေတာလေ။ ဒီလိုဆိုတော့ ဘာလို့ ယူဆရမှာလဲ။ နိုင်ငံသားကဒ်နဲ့ ဘာတွေကွာနိုင်သလဲဆိုတော့ အနီးစပ်ဆုံး မန္တလေး Mobile Mother ဖုန်းဆိုင်မှာ ရေးထားတာကတော့ ဖုန်းပိုင်ဆိုင်မှု လျှောက်ထားဖို့ကို သုံးခေါက်ချိုးကဒ် မရပါ၊ နိုင်ငံသားကဒ် ဖြစ်ရပါမယ်တဲ့။ ဒီတော့ နိုင်ငံသား အပြည့်အဝ မဟုတ်ဘူးလို့ ယူဆနိုင်တဲ့ ကဒ်ကြီး အစားထိုးပေးမှာကို လက်မခံနိုင်တာပါ။)

    မှတ်တမ်းမှတ်ရာ ပျောက်ဆုံး ပျက်စီးတာက သူတို့ ရုံးတွင်းကိစ္စ၊ ကျွန်တော်တို့ဘက်က ဒီအဖိုးနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ သူအလုပ်လုပ်ခဲ့တဲ့ ဌာနက မှတ်တမ်းတွေ၊ ဘယ်နေ့မွေး၊ ဘယ်နေ့ကွယ်လွန်၊ မှတ်ပုံတင်အမှတ်ဘာ အားလုံး အတိအကျ ပြောနိုင်ပြီးသား။ ပြဿနာက ညီလေး ကျောင်းတက်ရမယ့်ကာလက နီးသထက်နီးလာပြီ။ Passport ကလည်း လပိုင်းကြာဦးမှာ။ မမှီတော့မှာကိုလည်း အတော် စိုးရိမ်နေကြရပြီ။ သက်ဆိုင်ရာ တက္ကသိုလ် အဖွဲ့အစည်းကိုတောင် Passport အခက်အခဲကြောင့် ကြာနေရကြောင်း အကြောင်းကြားထားရပြီ။ လဝကနဲ့က စကားအချေအတင် ဖြစ်နေရတုန်း။

    ကံကောင်းထောက်မစွာနဲ့ သတင်းကောင်း တစ်ခု ကြားရပါတယ်။ ကျွန်တော်တို့အဒေါ်က အဖိုးရဲ့ မှတ်ပုံတင်ကို ဓာတ်ပုံရိုက် သိမ်းထားတာရှိနေတယ်လေ။ (ဆုံးတာက ၁၉၈၇၊ မိတ္တူကူးစက် မရှိသေးတဲ့အချိန်၊ အတော်ကံကောင်းလို့ ဓာတ်ပုံရိုက်ဖြစ်တာ ရှိထားတာပါ။) အဲဒါနဲ့ တွဲတင်တော့မှ အဆင့်ဆင့် ဆောင်ရွက်အပြီး နောက်ဆုံး သုံးလေးလအကြာမှာ နဂိုမူလအတိုင်း နိုင်ငံသားကဒ် ရပါတယ်။ လူမျိုးကတော့ “အိန္ဒိယဗမာ” အဖြစ်နဲ့ပေါ့။

    ဒါကြောင့် ကျွန်တော်တို့ မိသားစုဟာ ၂၀၀၈ မတိုင်ခင်ထိ အားလုံး ဗမာ၊ အဲဒီနောက် အိမ်ထောင်စုဇယားအရ“အိန္ဒိယ+ဗမာ”၊ မှတ်ပုံတင်များမှာ ဗမာ၊ ကျွန်တော့်ညီတစ်ယောက်ကတော့ မှတ်ပုံတင်မှာလည်း “အိန္ဒိယ+ဗမာ”။
    နောက်ပိုင်း ဖောင်တွေဖြည့်ရလို့ လူမျိုးပါလာရင် ဘာထည့်ရမှန်း မသိပါ။ လူမျိုးက မှတ်ပုံတင်မှာ တစ်မျိုး၊ အိမ်ထောင်စုဇယားမှာ တစ်မျိုးကိုး။

    နောက်တစ်ချက် မှတ်ပုံတင် မရှိခြင်းနဲ့ ပတ်သက်လို့။ ကျွန်တော့် ညီဝမ်းကွဲ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ နိုင်ငံသားကဒ် ရပါတယ်။ အသက် ၂၀ကို အတော်ကြီးကျော်ပြီးတော့မှပါ။ လျှောက်ဖို့ ပြင်ဆင်ရတဲ့ သက်တမ်း ၁၀နှစ်ကျော်ကြာခဲ့ပါတယ်။
    သူ့အဖေ၊ ကျွန်တော့်ဦးလေးက ရန်ကုန် သာကေတမှာ ငယ်စဉ် နေထိုင်ခဲ့စဉ်က မှတ်ပုံတင်ကဒ် ခါးပိုက်အနှိုက်ခံရလို့ ပျောက်ဆုံးထားပြီး ရဲစခန်းက ထုတ်ပေးတဲ့ ပျောက်ဆုံးကြောင်းထောက်ခံစာနဲ့ နှစ်ပေါင်းများစွာ နေခဲ့ရသူပါ။ မှတ်ပုံတင် ပြန်လျှောက်တော့ အရေးအခင်းကာလက ဒေါပုံ လဝကရုံး ပျက်စီးမှု ရှိခဲ့တော့ သူ့မိသားစု မှတ်တမ်းမှတ်ရာ ပျက်စီးစာရင်းမှာ ပါထားတဲ့အတွက် လွယ်လွယ်နဲ့ ပြန်မရလို့ပါ။ သူလည်း နှစ်ပေါင်းများစွာ ပြန်ကြိုးစားမှ မကြာသေးခင်ကမှ နိုင်ကဒ် ပြန်ရသူ၊ ငယ်ငယ်ကနဲ့တော့ လူမျိုးမတူတော့ဘူးပေါ့။ ထုံးစံအတိုင်း အိန္ဒိယဗမာပေါ့။ အဲဒီနောက်မှ သူ့သားက ဆက်လုပ်လို့ရပါတယ်။

    အဲဒီညီက တက္ကသိုလ်မှာကျောင်းပြီးတော့ မှတ်ပုံတင်မရှိလို့ ဘွဲ့လက်မှတ် ထုတ်ခွင့်မရခဲ့သူပါ။ ထဲထဲဝင်ဝင်ရှိသူ မိတ်ဆွေတစ်ချို့ကတော့ ဗမာ၊ ဗုဒ္ဓဘာသာအဖြစ်နဲ့ မှတ်ပုံတင်လျှောက်လိုရင် ဖြစ်နိုင်ကြောင်း၊ လမ်းကြောင်းရှိကြောင်း ပြောကြပါရဲ့၊ ဒါပေမယ့် ဘယ်လိုပုံစံနဲ့မဆို လိမ်ဖို့ကို လိပ်ပြာမလုံလို့ မလုပ်ဖြစ်ခဲ့ကြပါ။ နောက်ဆုံး နှစ်ပေါင်း အတော်ကြာတော့မှ နိုင်ကဒ် ရခဲ့ကြပါတယ်။

    ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တွေထဲမှာလည်း ဒီလိုမျိုး မှတ်ပုံတင်လုပ်ရတဲ့ အခက်အခဲကြောင့် ဗမာ၊ဗုဒ္ဓဘာသာအဖြစ်နဲ့ ပြောင်းသွားကြရသူတွေ ဘယ်လောက်များ ရှိနေနိုင်မလဲ မသိပါ။

    အခုနှစ်ပိုင်းတွေမှာတော့ မှတ်ပုံတင်ကို ရပ်ကွက်တွေ ကျောင်းတွေမှာ ကွင်းဆင်းပြီး လိုက်လုပ်ပေးနေပါတယ်။ စာရွက်စာတမ်းကြေး ဘာမှ မပြောပလောက်တဲ့ ပမာဏလေးပဲ ကုန်ကျမှုရှိတော့တယ်ဆိုတော့ ဝမ်းသာစရာပါ။ လွယ်လွယ်ကူကူနဲ့ မှတ်ပုံတင်ရတာပေါ့။ အလွန်ကောင်းပါတယ်။ ဗမာ ဗုဒ္ဓဘာသာ မိတ်ဆွေတွေရဲ့ သားသမီးများလည်း အခုမှ အိမ်ထောင်စုဇယား ဖြည့်ကြသူတွေ၊ မှတ်ပုံတင် လုပ်ဖြစ်ကြသူတွေ ရှိကြတာ တွေ့မိပါတယ်။

    မနှစ်က နယ်ဘက်က ကျွန်တော့် အမျိုးတွေဆီ အလည်သွားတုန်း အသက် ၁၀နှစ်ကျော်ကျော် တူဝမ်းကွဲတော်သူက ကျောင်းကနေအိမ်ကို မျက်စိမျက်နှာပျက်ပြီး ပြန်လာပါတယ်။ အိမ်လည်းရောက်ရော တုန်ရီပြီး ငိုသံကြီးနဲ့ ပြောပြပါတယ်။ သူ့ကို ဖမ်းကြတော့မယ်ထင်တယ်၊ သူဘာမှလည်း အပြစ်မလုပ်မိဘဲနဲ့တဲ့။ ကျွန်တော်တို့ကလည်း ဘာများဖြစ်လဲ စိုးရိမ်သွားကြတာပေါ့။ မေးကြည့်တော့ ကျောင်းမှာ မှတ်ပုံတင် လိုက်လုပ်ပေးတာ (သူနဲ့ ညီအစ်ကို တစ်ဝမ်းကွဲတော်သူ၊ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ကျွန်တော့်တူတစ်ဦး အပါအဝင်) အတန်းဖော်အားလုံးကို မှတ်ပုံတင် ထုတ်ပေးပေမယ့် အခန်းတွင်းမှာ တစ်ဦးတည်းသောမွတ်စလင်မ်ဖြစ်တဲ့ သူ့အတွက် ဖြည့်ထားတဲ့ဖိုင်မှာ “သံသယ” ဆိုပြီး ရေးသွားတယ်၊ မှတ်ပုံတင်တော့ မရဘူးတဲ့။ ကလေးတစ်ယောက်အတွက်တော့ ခံစားချက်တော်တော်ပြင်းစေတဲ့ အချက်တစ်ချက်ပါ။

    အဲဒီတော့ အပေါ်ဆုံးမှာ စဉ်းစားမိခဲ့တဲ့ အတွေးတွေ မေးခွန်းတွေကို ကိုယ့်ဟာကိုယ် ဖြေကြည့်မိတော့
    ၁။ ကျွန်တော်တို့သည် နိုင်ငံသားကဒ်အတွက် ဖြည့်စွက်ရာတွင် မူလက သိထားတာ မှတ်သားထားခဲ့တာနဲ့မတူဘဲ နောက်ဆုံးအကြိမ်မှာ ပြုပြင် ပြောင်းလဲ ဖြည့်သွင်းကြသူများပါ။
     
    ၂။ မှတ်ပုံတင်ရဖို့ မနည်းလှသော ပိုက်ဆံပမာဏကြီးတစ်ခုကို ပေးပြီး ရယူထားရသူတွေပါ။
    ဒီအတွက် လိမ်လည်ကာ နိုင်ငံသား လျှောက်ထားသူထဲမှာ အကြုံးဝင်နေပြီလား။ စဉ်းစားမိတာပါ။
     
    ၃။ “မှတ်ပုံတင် လက်ဝယ်မရှိသူဆိုရင် နိုင်ငံသား မဟုတ်နိုင်ဘူးလား။” ဆိုတာကလည်း အချက်ပေါင်းများစွာကို ထည့်စဉ်းစာမှ အဖြေမှန်ရမှာပါ။ နိုင်ငံတွင်း (ပြည်မ၊ အလယ်တည့်တည့် ရန်ကုန်၊ မန္တလေးလို မြို့ကြီးများမှာ) နေသူတွေအတွက်တောင် မှတ်ပုံတင် ဒီလောက်ခက်နေရင်၊ နယ်ရောက်နေကြသူများအတွက် ဘယ်လို ဖြစ်မလဲ မစဉ်းစားတတ်ပါ။
     
                 ကျွန်တော့် သားအတွက် စာရွက်စာတမ်းကို ရှမ်းပြည်က ပြန်ယူတော့ မြို့နယ်ရုံးက တစ်နေရာ၊ ခရိုင်ရုံးက တစ်ခြား မြို့ရွာမှာ။ သွားရလာရတာ သီးသန့်နေရာတွေမှာပါ။ ဒီလိုမျိုးတွေအတွက် ဒုက္ခခံ လုပ်ဖို့ အချိန်၊ ငွေကြေး မပေးနိုင်သူတွေအတွက် ဘယ်လောက် ခက်ခဲနေကြပါမလဲ။ နယ်စပ် တံခါးဝနားက သူတွေအတွက်တော့ ဆိုဖွယ်မရှိလို့ မြင်ပါတယ်။
     
    ၄။ အစ္စလာမ်ဘာသာဝင် (လဝက အခေါ် သွေးနှော) မဟုတ်သူများအတွက်ရော ဒီလို အခက်အခဲတွေ ဘယ်လောက် ရှိမလဲ အသေအချာမသိပါ။ သို့သော် လဝက ပြောစကားအရကတော့ သူတို့တွေ ခရိုင်ရုံး၊ တိုင်းရုံး အဆင့်ဆင့် သွားရရန် မလိုအပ်လို့ ယူဆပါတယ်။ တစ်ခေတ် တစ်ချိန်က ပွင့်လင်းမြင်သာမှု မရှိခင် အရင်အခြေအနေမှာ လုပ်ငန်း တွင်ကျယ်ရေး မရှိမဖြစ် ချောဆီကတော့ လက်ဖက်ရည်ဖိုး၊ ရန်ပုံငွေ စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ လူတိုင်း ပေးကြရတာ ရှိမှာပါ။ အနည်းအများတော့ ကွာနိုင်ပါတယ်။ ဒါပေမယ့် ခုချိန်ခါမှာတော့ ကျန်နိုင်ငံသားများအတွက် အတော်လေး ပိုလွယ်သွားပြီးလို့ ထင်ပါတယ်။ ကျွန်တော်တို့တွေပဲ ကျန်နေသေးတာပါ။

    ဝန်ကြီး ဦးခင်ရီရဲ့ အင်တာဗျုးအဖြေတစ်ခု မနှစ်က ဖတ်လိုက်ရပါတယ်။ သွေးနှောများ မှတ်ပုံတင် လျှောက်ထားတာကိုလည်း အထောက်အထား ပြည့်စုံရင် ထုတ်ပေးနေပါတယ်တဲ့။ ဒါပေမယ့် ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်အများစုဟာ အထောက်အထားအတွက် မျက်ဖြူဆိုက်နေကြရတယ် ဆိုတဲ့ ကျွန်တော်တို့အခက်အခဲကို ဝန်ကြီးမင်းများ သတိပြုမိကြပါရဲ့လား မသိပါ။

    ဒီစာရေးရခြင်းက အပြစ်တင်ချင်လို့ မဟုတ်ပါ။ ကျွန်တော်တို့ ကြုံတွေ့နေရတာတွေ ဒီလိုရှိကြောင်း သိစေချင်လို့ပါ။ မှတ်ပုံတင် မရှိတိုင်း၊ ရှိဖို့အတွက် ပိုက်ဆံပေးရတိုင်း ခိုးဝင်လာသူ၊ နိုင်ငံသား မဖြစ်ထိုက်သူဆိုတာ ဟုတ်အဟုတ် စဉ်းစားစေချင်လို့ပါ။

    ဘာသာရေးအဖွဲ့အစည်းများ၊ ခေါင်းဆောင်များကလည်း ဒီအခက်အခဲကို သက်ဆိုင်သူတို့ထံ အကြိမ်ကြိမ် တင်ပြခဲ့ကြပြီးဆိုတာ သိရ ကြားရ ဖတ်ရပါတယ်။ ထူးခြားတဲ့ အဖြေ မထွက်သေးပါ။

    ဒီမြေမှာမွေး၊ ဒီမြေမှာကြီး၊ ဒီမြေမှာ သေကြရမယ့် ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေကို ငါတို့က ဒီနိုင်ငံသား မဟုတ်ဘူး၊ ဒီနိုင်ငံနဲ့ ငါတို့နဲ့မဆိုင်ဘူဆိုတဲ့စိတ်၊ သိမ်ငယ်စိတ်ဝင်လာအောင် တွန်းပို့ခံရရင် သူတို့အတွက်သာမက တိုင်းပြည်အတွက်လည်း မကောင်းပါ။ ဒီလူတွေမှာ တိုင်းပြည်ချစ်စိတ်၊  နိုင်ငံ့အကျိုး သယ်ပိုးလိုစိတ်တွေ ရှိနေရင် တိုင်းပြည်အတွက် မသေးလှတဲ့ အင်အားတစ်ရပ်ပါ။ တစ်ခေတ်တစ်ချိန်တုန်းကလည်း နိုင်ငံအတွက် အင်အားစု တစ်ရပ်အနေနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ၊ နိုင်ငံတော် တည်ဆောက်ရေးမှာ ပါခဲ့ဖူးကြသူတွေရဲ့ သားမြေးတွေပါ။ လက်ရှိမှာလည်း ပညာတတ်၊ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ အမြောက်အမြား ရှိနေသေးတဲ့ အစုအဝေးပါ။

    ကျွန်တော်တို့ ဘာဆက်လုပ်ကြရပါမလဲ။

    ကျွန်တော်အရင်ရေးခဲ့ဘူးနဲ့ အောက်က ပိုစ်တွေနဲ့  ယှဉ်ဖတ်ကြရင် ကျွန်တော်ပြောချင်တာကို ပိုနားလည်ပါမယ်။

    1. ကျွန်တော်တို့က ဘာတွေလဲ?
    2. ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး
    3. အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆို
  • မမေးလည်းဖြေ (၆)- ကျိန်ဆဲခြင်းလော?

    မမေးလည်းဖြေ (၆)- ကျိန်ဆဲခြင်းလော?

    ကျော်မိုးအောင်

    Photo Link – http://goo.gl/sxDvq

    အထက်ပါပုံကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံတွင် အစ္စလာမ်သာသနာဝင်များအပေါ် အထင်အမြင်လွဲနေရစေသည့် အဓိကလက်သည်တရားခံ မုသာဝါဒဖြန့်ဝေရာ၊ အမုန်းတရားကြီးထွားစရာတို့၏ ဇစ်မြစ် အမျိုးပြောက်မှာ စိုးကြောက်စရာ အပါအဝင် (တရားဝင်ထုတ်ဝေခြင်းမဟုတ်သော်လည်း အလွန်တွင်ကျယ်စွာ ပြန့်နှံ့သည့်) ဝါဒမှိုင်းတိုက် စာစဉ်များတွင် ဖတ်ခဲ့ရဖူးပါသည်။ ယခုအခါ Facebook နှင့် အခြား အင်တာနက်စာမျက်နှာများတွင် တွေ့လာရပြီ။ တစ်ဆင့် ပြန် share လုပ်သူဦးရေလည်း မနည်းမနော။

    အစ္စလာမ်ဘာသာဝင် မဟုတ်သူ သာမန် စာဖတ်သူတစ်ဦး ဖတ်မိပါက ကြက်သီးမွေးညင်းထောင်ထစရာ၊ မွတ်စလင်မ်ဆိုသူတွေက အလွန်ကြောက်စရာ သတ္တဝါများဟုပင် တထစ်ချ ယူမှတ်လိုက်ဖွယ်ရာ အနေအထားဖြစ်သည်။

    ဟစ်တလာက ပြောခဲ့ဖူးပါသည်။ အမှားတစ်ခုကို လူထုကြားမှာ ရဲရဲပြော၊ အကြိမ်ကြိမ်ပြော၊ စကာစက မယုံသူတွေတောင် တစ်ဖြည်းဖြည်း အမှန်ဟု ထင်လာလိမ့်မည်တဲ့။ အဆိုပါ စာအုပ် ထုတ်ဝေဖြန့်ချိသူတို့၏ လုပ်ရပ် အတော်ပင် အောင်မြင်ပါသည်။ မွတ်စလင်မ်ဆိုတာ ရွံစရာ၊ မုန်းစရာ၊ ကြောက်စရာအဖြစ် မြင်နေကြသူတွေ မနည်းလှကြောင်း facebook နှင့် internet သုံးသူများမှတစ်ဆင့် တွေ့နေရပါသည်။ ကမ္ဘာ့နားလည်မှု လွဲမှားမှု အခံရဆုံး နံပါတ်(၁)သာသနာအဖြစ် အစ္စလာမ် ရှိနေရပါပြီ။

    အစ္စလာမ်ကတော့ သတင်းစကားတစ်ခုကို စာရိတ္တဖောက်ပြန်သူ မသူတော်တစ်ဦးဦးက သယ်ဆောင်လာလျင် မသိဘဲနှင့်  လူ့အစုအဝေးတစ်ရပ်ကို အန္တရာယ်မပြုမိစေရန် သင်တို့ဆန်းစစ်ကြဖို့၊ သို့မဟုတ်လျင် သင်တို့ ပြုမူမိခဲ့သည်အတွက် ကြေကွဲ နောင်တရရမည် ဟူ၍ ဆုံမသွန်သင်ထားသည်။

    (ကျမ်းမြတ်ကုရ်အာန် ၄၉း၆)

    အခြားအကြောင်းအရာတွေ မဆွေးနွေးမီ ပထမဆုံး အစ္စလာမ်ကို မည်သည်က အစစ်အမှန် ကိုယ်စားပြုသည်ဆိုသည်ကို ပြောလိုပါသည်။ အစ္စလာမ်၏ စစ်မှန်သော အဆုံးအမများကို (၁)ကျမ်းတော်မြတ်ကုရ်အာန်နှင့် (၂)ထိုကျမ်းမြတ်ကို လက်တွေ့အကောင်အထည်ဖော် သွန်သင်လမ်းညွှန်ထားသော မဟာတမန်တော်မြတ်၏ ပုံဖော်သွန်သင်ချက်များကသာလျင် ကိုယ်စားပြုပါသည်။ ထိုနှစ်ချက်ကို ဆန့်ကျင်သည့် အကြောင်းခြင်းရာတစ်ရပ်ကို မွတ်စလင်မ်အမည်ခံသူ တစ်သန်းက လက်မှတ်ထိုး ထုတ်ဝေပါစေ ထိုအကြောင်းအရာသည် အစ္စလာမ်ကို ကိုယ်စားမပြုပါ၊ ထိုလူတစ်သန်းနှင့်သာ ဆိုင်ပါမည်။

    ထို့အတွက်ကြောင့် အစ္စလာမ်၏ စစ်မှန်သော သွန်သင်ချက်များတွင် မွတ်စလင်မ်မဟုတ်သူ ဘာသာခြားများနှင့် ပတ်သက်၍ မည်သို့ ဆိုထားကြောင်း ဦးစွာ တင်ပြပါမည်။

    ဘာသာတရားများ တစ်ခုနှင့်တစ်ခု ယုံကြည်ချက်၊ ကျင့်သုံးဆောက်တည်မှုများ မတူညီ ကွဲပြားကြပါသည်။ မတူညီမှုကို တန်းညှိနေရန် မလိုပါ။ မိမိတို့လုပ်ရပ်အတိုင်း ကိုယ့်ပြုသည့်ကံ ကိုယ်နှင့်ဆိုင်ပါမည်။ အစ္စလာမ့်သွန်သင်ချက်အရ ကိုယ့်သာသနာနှင့်ကိုယ်ပါ။ ကိုယ့်လမ်းကိုယ် လျှောက်ကြရမှာပါ။

    “ အသင် ပြောကြားပါလေ။

    အို (အစ္စလာမ်ကို) မယုံကြည်သူအပေါင်းတို့…

    ကျွန်ုပ်သည် သင်တို့ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်သည်မဟုတ်ပေ။

    ထို့ပြင် သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြသူများ မဟုတ်ပေ။

    ထို့ပြင် ကျွန်ုပ်သည် သင်တို့ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်မည့်သူ မဟုတ်ပေ။

    ထိုနည်းတုစွာ သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြမည့်သူများ မဟုတ်ပေ။

    စင်စစ်သော်ကား သင်တို့အဖို့ သင်တို့၏ အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ကျွန်ုပ်အဖို့ ကျွန်ုပ်၏ အကျိုး၊ လမ်းစဉ်၊ သာသနာပင် ဖြစ်ပေသည်။”

    (ကျမ်းမြတ်ကုရ်အာန် ၁၀၉း၁-၆)

     ထိုသို့ ကိုယ့်ခရီးကိုယ်သွားနေကြသူ အချင်းချင်း မည်သို့မည်ပုံ ဆက်ဆံရမည်ကိုလည်း ရှင်းလင်းပြတ်သားစွာ သွန်သင်ထားပြီး ဖြစ်ပါသည်။

     “အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သို့သောသူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာ ဆက်ဆံခြင်းမှလည်းကောင်း တားမြစတော်မူသည်မဟုတ်ပေ။ ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည်လည်းမဟုတ်ပေ၊ အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်းမဟုတ်ပေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသူတို့အား နှစ်သက်ချစ်ခင်တော်မူ၏။

    အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သို့သောသူတို့ကို အဆွေခင်ပွန်း ပြုလုပ်ခြင်းမှသာ တားမြစ်တော်မူ၏။ ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည့်အပြင် အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြ၏။ အသင်တို့ကို နှင်ထုတ်ရေးနှင့် စပ်လျဉ်း၍ (သူတစ်ပါးတို့အား) ရိုင်းပင်းကူညီခဲ့ကြ၏။ စင်စစ်သော်ကား မည်သူမဆို ၄င်းတို့အား အဆွေခင်ပွန်း ပြုလုပ်သည်ရှိသော် ထိုကဲ့သို့သော သူတို့သည်သာလျင် မတရားသောသူများ  ဖြစ်ကြကုန်သတည်း။” 

    (ကျမ်းမြတ်ကုရ်အာန် ၆၀း၈-၉)

    အစ္စလာမ့် အနှစ်ချုပ်တရားသည် တရားမျှတရန်၊ ကောင်းမွန်စွာ ပြုမူဆက်ဆံရန်၊ ပေးကမ်းလျူဒါန်းရန်၊ မကောင်းမှုမတရားမှုတို့မှ ရှောင်ကျဉ်ရန်ဖြစ်သည်။

    (ကျမ်းမြတ်ကုရ်အာန် ၁၆း၆၀)

    ဘာသာ မတူသူများနှင့် လူသားချင်းအတူ လက်တွဲကာ ပူးပေါင်းဆောင်ရွက်ရမည်တို့ တစ်ပုံတစ်ပင် ရှိပါသည်။

    အစ္စလာမ်က မိမိ တစ်ကိုယ်ရည်အတွက် မေတ္တာထားကာ ငုံ့ခံခိုင်းထားသလို အများအတွက်၊ လူ့အစုဝေးအကျိုးနှင့် ယှဉ်လာပါမူ သစ္စာတရားအတွက် တုန့်ပြန်ခိုင်းထားသည်။

    အစ္စလာမ်၏ လမ်းပြပုဂ္ဂိုလ် မဟာတမန်တော်မြတ်၏ အတ္ထုပ္ပတ္တိကို လေ့လာကြည့်လျင် မိမိတစ်ကိုယ်ရည်အား ရန်ပြုသူ၊ စော်ကားသူ၊ မတရားပြုမူသူ၊ စွပ်စွဲသူမှန်သမျှအား မေတ္တာထား ခွင့်လွှတ်ခဲ့သည်။ အများလူထု ၁၃နှစ်ကျော် နှိပ်စက်ညှင်းပမ်းသတ်ဖြတ်မှုများ ခံရပြီးနောက်ဆုံးတွင် ခုခံစစ်အဖြစ် ပြန်လည် တိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံ ရန်သူတို့ အရေးနိမ့်သွားချိန်တွင် အားလုံးတို့အား ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်။ မိမိအားကိုးချစ်ခင်ရသော ဦးရီးတော်ကို သတ်သူကိုပင် ခွင့်လွှတ်ပေးခဲ့သူ ဖြစ်ပါသည်။

    မတရားပြုမူခံနေရစဉ် မတရားမှုကို တွန်းလှန်ရာနိုင်စေဖို့ အင်အား လိုပါသည်။ ရုပ်ပိုင်းဆိုင်ရာ အင်အားများကို ဖြည့်ဆည်းရသလို စိတ်ပိုင်းဆိုင်ရာ အင်အားကလည်း အင်မတန် အရေးကြီးလှသည်။ ရုပ်ကို စိတ်က ဦးဆောင်သည် မဟုတ်ပါလော။ ထိုသို့သော စိတ်ပိုင်းဆိုင်ရာ စွမ်းအင်အတွက် မိမိတို့ ယုံကြည် ကိုးကွယ်အားထားရာ အလ္လာဟ်အရှင်မြတ်ထံမှ ဆုပန်ကြရပါသည်။ အစ္စလာမ့် ဝတ်ပြုဆုတောင်းမှုတိုင်း၏ အဆုံးသတ်သည် မိမိဝဲယာရှိ အရာခပ်သိမ်း ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းပေးခြင်းဖြစ်သည်။ မိမိတို့ အကြပ်အတည်း ကြုံတွေ့နေရပါက၊ မတရား ပြုမူခံနေရပါကလည်း မိမိတို့ကိုးကွယ်အားထားရာ ဘုရားသခင်ထံ တိုင်တည်ကာ ဆုပန်ကြသည်။ ထိုဆုတောင်း အပြည့်အစုံ အမှန်မှာ အောက်ပါအတိုင်းဖြစ်သည်။

    ဆုတောင်း အပြည့်အစုံ နှင့် အဓိပ္ပါယ်အမှန်

    နောက်တစ်ချက်က ထိုစာအုပ်တွင် ဖော်ပြထားသလို သောကြာနေ့ ဝတ်ပြုရာ၌ တောင်းသည့် ဆုတောင်းလည်း မဟုတ်ပါ။ သာမန်အားဖြင့် တောင်းဆိုလေ့ မရှိဘဲ မွတ်စလင်မ်ညီနောင်များ အတိဒုက္ခရောက်နေခိုက် အန္တရာယ်ပြုမည့် ရန်သူ ပြုသမျှ မနုရစေရန် အခိုက်အတန့် တောင်းသည့် ဆုမွန်သာဖြစ်ပါသည်။ သာမန် အများမွတ်စလင်မ်တို့ အလွတ်တောင်မရကြပါ။

    အေးချမ်းစွာ အတူလက်တွဲနေထိုင်ကာ ကိုယ့်အလုပ်ကိုယ်လုပ်နေကြသူ ဘာသာတူသူများအား ညီနောင်အဖြစ်လည်းကောင်း၊ ဘာသာမတူသူများအား ဝမ်းကွဲဆွေမျိုးရင်းချာအဖြစ်လည်းကောင်း၊ ဘာသာမဲ့တို့အား မိတ်ဆွေအဖြစ်လည်းကောင်း သဘောထားပါသည်။ ထိုသူတို့အားလုံးတို့အပေါ် ငြိမ်းချမ်းသာယာမှု အဖြာဖြာ ကြရောက်ပါစေ။ ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေသား။

    ဘာသာမတူခြင်းကို ခုတုံးလုပ်လျက် လူ့ဘောင်အသိုင်းအဝိုင်း ပျက်စီးရာပျက်စီးကြောင်း၊ အမှောင့်ပယောဂလုပ် နှောက်ယှက်ဖျက်ဆီးနေသူများ၊ မတရားပြုမူကြသူများ၊ အဖျက်သမားများ၊ အကြောင်းမဲ့ အငြိုးထားနေကြသူများ၊ မကောင်းကြံနေကြသူများ၊ ဝါဒဖြန့်အမုန်းပွား ပဋိပက္ခဖြစ်စေကြသူများ (လူမျိုးဘာသာမရွေး) ပျက်သုဉ်းပါစေသား။

     

    ကိုကျော်မိုးအောင် FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။