News @ M-Media

Tag: kyawsan

  • “အပြောင်းအလဲထဲက ပညာရေး”

    “အပြောင်းအလဲထဲက ပညာရေး”

    စက်တင်ဘာ၊ ၆ ၊ ၂၀၁၂

    M-Media

    ကျော်ဆန်း (Eduzone)

     

    တစ်ခါတုန်းကပေါ့ ……

    ဆရာအလုပ်ဆိုတာ လူရိုသေ၊ ရှင်ရိုသေအလုပ်ဖြစ်ခဲ့ဖူးတယ်။ ရွာဦးကျောင်းဆရာတော်ပြီးရင် ဆရာ/ဆရာမတွေရဲ့နေရာဖြစ်ခဲ့တယ်။ ကလေးတွေသာမက ကလေးမိဘတွေကိုတောင် ဆိုဆုံးမနိုင်တဲ့ အနေအထားမှာရှိတယ်။

    ဆရာ/ဆရာမဆိုတာလည်း ပညာပြည့်ဝ နှလုံးလှခဲ့ကြသူတွေများတယ်။ အခုတော့ ဒီအလုပ်က မျှော်လင့်ချက်မဲ့တဲ့ အလုပ်ဖြစ်နေပြီ။ ဘယ်အလုပ်မှ မရတဲ့အဆုံး ဘယ်တက္ကသိုလ်မှ သွားဖို့အဆင်မပြေတဲ့အခါ ၀င်လုပ်ရမယ့်အလုပ်ဖြစ်နေပြီ။ မိဘတွေက သမီးတွေကို အဝေးမလွှတ်ချင်လို့ ၀င်လုပ်ခိုင်းတဲ့ အလုပ်ဖြစ်နေပြီ။ မျှော်လင့်ချက်ကြီးကြီးရှိတဲ့ လူငယ်လူရွယ်တွေ စိတ်မ၀င်စားတဲ့အလုပ်ဖြစ်နေပြီ။ လူတွေကလည်း ဆရာ/ဆရာမ ဆိုရင် အယုံအကြည်မရှိချင်ကြတော့ဘူး။ အရည်အချင်းမရှိတဲ့သူတွေ၊ ကလေးတွေဆီက ငွေရချင်နေတဲ့သူတွေလို့ပဲ မြင်လာနေကြတယ်။ ပြည်သူ့ကောင်းကျိုးအတွက် ဘာမှထူးထွေပြီး လုပ်ပေးနိုင်မယ့်သူတွေမဟုတ်လို့ ခံယူကြပုံရတယ်။

    ဒါတွေကိုပြောင်းလဲပစ်ရလိမ့်မယ်။ ဆရာ/ဆရာမတွေအကျိုးအတွက်သာမဟုတ် တိုင်းပြည်အကျိုးအတွက်ပါ မျှော်လင့်ရင် ဒီအခြေအနေတွေကို ပြောင်းကို ပြောင်းလဲပစ် ရလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အတက်အကျ အပြောင်းအလဲတွေကို ဆရာ/ဆရာမတွေက ဖန်တီးနေတယ်။ တိုင်းပြည်ကို ဆရာ/ဆရာမတွေက ပုံဖော်နေတယ်ဆိုတဲ့အချက်ကို ယုံကြည်ကြတယ်ဆိုရင်ပေါ့။ (မယုံရင်လည်း ကမ္ဘာ့သမိုင်းကို ပြန်လည်သုံးသပ်ပါလို့ ပြောရလိမ့်မယ်။)

    ဒီတော့ နိုင်ငံတည်ဆောက်ဖို့ လူ့ဘောင်တစ်ရပ်စည်ပင်ဖြစ်ထွန်းဖို့ဆိုရင် အရည်အသွေးမြင့် ဆရာ/ဆရာမတွေ မွေးထုတ်ဖို့ လိုလိမ့်မယ်။ ဆရာအလုပ်ကို မျှော်လင့်ချက်ရှိတဲ့ အလုပ်၊ တိုင်းပြည်အတွက် အဖိုးတန်တဲံအလုပ်ဆိုတဲ့ ယုံကြည်မှုမျိုးရအောင် တည်ဆောက်ကြရလိမ့်မယ်။

    တက္ကသိုလ်ဝင်တန်းမှာ အမှတ်ကောင်းကောင်းနဲ့အောင်တဲ့သူတွေ ပညာရေးတက္ကသိုလ်လျှောက်ထားချင်လာအောင် ဆွဲဆောင်ရလိမ့်မယ်။ လိုအပ်တဲ့ဖြည့်ဆည်းမှု၊ ထောက်ပံ့မှုတွေပေးရမယ်။ ပညာရေးတက္ကသိုလ်တွေကို ကျောင်းသားတိုင်းလျှောက်ထားချင်ကြတဲ့တက္ကသိုလ်တွေဖြစ်အောင် အဆင့်မြင့်တင်ပေးရမယ်။

    တက္ကသိုလ်ကနေ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ကြသူတွေလည်း ဆရာဖြစ်သင်တန်းတွေ တက်ချင်လာအောင် ဆွဲဆောင်ရမယ်။ ဆရာအလုပ်ဆိုတာ ထိပ်တန်း အရည်အချင်းရှိသူတွေရဲ့အလုပ်ဖြစ်အောင် ဖန်တီးကြရမယ်။

    ပညာရေးအဆင့်အတန်း ကမ္ဘာ့ထိပ်တန်းရှိတဲ့ ဖင်လန်နိုင်ငံမှာ အတော်ဆုံးကျောင်းသားတွေရဲ့ ၁၀% လောက်ပဲ ဆရာဖြစ်သင်တန်းလျှောက်ထားနိုင်တယ်။ ဒီထဲကမှ ၅%လောက်ပဲ အထူးကျွမ်းကျင်တဲ့ ဆရာ/ဆရာမတွေအဖြစ်မွေးထုတ်ပေးနိုင်တယ်။ အထက်တန်းဆင့်မှာသင်ဖို့ဆိုရင် မဟာဘွဲ့ပြီးထားတဲ့သူတွေဖြစ်ရတယ်။ ဒီလိုလေ့ကျင့်ပေးခဲ့လို့လဲ ဥရောပရဲ့ ထိပ်တန်း၊ ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်နိုင်တာဖြစ်တယ်။

    မြန်မာနိုင်ငံအနေနဲ့လည်း ဖင်လန်၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့ ပညာရေးကောင်းတဲ့နိုင်ငံတွေ၊ ထိုငး၊ မလေးရှား၊ စင်္ကာပူတို့လို အာဆီယံနိုင်ငံတွေကနေ အတုယူနိုင်ရင်ကောင်းမယ်။

    တက္ကသိုလ်အမှတ်ကောင်းရခဲ့တဲ့သူတွေကို ပညာရေး(၁)နှစ်သင်တန်းပေးပြီးရင် မက်လုံးရှိတဲ့လစာမျိုးနဲ့ အစိုးရကျောင်းတွေမှာ တိုက်ရိုက်ခန့်ထားနိုင်ရင် ဆရာလိုအပ်ချက်လျော့ချနိုင်မယ်။ အရည်အချင်းရှိတဲ့ ဆရာ/ဆရာမတွေ ရလာနိုင်မယ်။ ဘွဲ့အလိုက် လစာပေးတဲ့စနစ် ကျင့်သုံးနိုင်ရန်ကောင်းမယ်။ ဘွဲ့၊ ဒီပလိုမာ၊ မဟာဘွဲ့၊ ဒေါက်တာဘွဲ့တွေအတွက် သီးခြားခံစားခွင့်တွေပေးရမယ်။ ဘယ်အဆင့်မှာပဲဝင်လုပ်လုပ် ဘွဲ့အလိုက်ခံစားခွင့်ပေးမယ်ဆိုရင် ပညာရေးလောကအတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခုတော့ ဖြစ်လာမယ်လို့ ယုံကြည်မိကြောင်းပါ . . . ။

  • ”ကိုယ်နဲ့သင့်တော်မယ့်အလုပ်ကို ရှာပါ”

    ”ကိုယ်နဲ့သင့်တော်မယ့်အလုပ်ကို ရှာပါ”

    စက်တင်ဘာ၊ ၅။ ၂၀၁၂

    M-Media

    Kyaw San(Eduzone)

    လုပ်သား 50% လောက်ဟာ သူတို့မပျော်ပိုက်တဲ့ အလုပ်တွေမှာ လုပ်နေကြရတယ်။ ကိုယ့်ကိုယ်ကို ဒီလိုမျိုး မဖြစ်ပါစေနဲ့။ ကိုယ့်အတွက် ကိုယ်နဲ့သင့်တော်တဲ့ အလုပ်ရချင်တယ်ဆိုရင်၊ သတင်းစာတွေထဲက ကြော်ငြာတွေဖတ်ပြီး အလျင်စလို မလုပ်ပါနဲ့။ အေးအေးဆေးဆေးထိုင်ပြီး စဉ်းစားပါဦး။ ကိုယ်က ဘယ်လိုလူစားမျိုးလဲ? ဘယ်အရာကကိုယိ့ကို ပျော်ရွှင်မှုဖြစ်စေလဲ?

    စိတ်ပညာရှင် John Holland ရဲ့ အဆိုအရ၊ ကိုယ်ရည်ကိုယ်သွေး ခြောက်မျိုးရှိတယ်။ တစ်မျိုးတည်း ရှိတဲ့ လူရယ်လို့တော့မရှိဘူး။ ဒါပေမယ့် လူအများစုမှာ အဓိက ကိုယ်ရည်ကိုယ်သွေး တစ်မျိုးပဲ ရှိနေတတ်ပါတယ်။ အဲဒီကိုယ်ရည်ကိုယ်သွေးအလိုက်၊ သင့်တော်တဲ့အလုပ်၊ မသင့်တော်တဲ့ အလုပ် ဆိုတာတွေ ရှိတယ်။

    (1) The Realistic Type (လက်တွေ့ဆန်သော ကိုယ်ရည်ကိုယ်သွေး -)
    ဒီလိုပုံစံရှိသူတွေက လက်တွေ့ကျတယ်၊ စက်တွေ၊ ပစ္စည်းကရိယာတွေနဲ့ အလုပ်လုပ်ရတာကို သဘောကျတယ်။

    (2) The Investigative Type (စူးစမ်းလိုသော ကိုယ်ရည်ကိုယ်သွေး -)
    စပ်စုလိုတယ်။ သင်ယူလိုတယ်။ အကြောင်းအရာတွေကို စီစစ်ပိုင်းခြားမယ်။ ပြဿနာတွေ ဖြေရှင်းရတာ သဘောကျတယ်။

    (3) The Artistic Type(အနုပညာ ကိုယ်ရည်ကိုယ်သွေး)
    စိတ်ကူးစိတ်သန်းရှိတယ်။ အနုပညာကနေတဆင့် မိမိကိုယ်ကို ဖော်ထုတ် လိုတယ်။

    (4) The Social Type (လူမှုဆက်ဆံရေးကောင်းသော ကိုယ်ရည်ကိုယ်သွေး)
    ဖော်ရွေတယ်။ သူတစ်ပါးကို ကူညီလိုစိတ်၊ သင်ပေးလိုစိတ် ရှိတယ်။

    (5) The Enterprising Type (ခေါင်းဆောင်မှုရှိသော ကိုယ်ရည်ကိုယ်သွေး)
    သွားသွားလာလာ လုပ်ချင်တယ်။ သူတစ်ပါးကို ဦးဆောင်လိုစိတ်၊ စည်း၇ုံးလိုစိတ် ရှိတယ်။

    (6) The Conventional Type (သမာရိုးကျစိတ်ထားရှိ ကိုယ်ရည်ကိုယ်သွေး)
    ဂရုတစိုက် လုပ်ဆောင်တတ်တယ်။ စည်းမျဉ်းစည်းကမ်းအတိုင်း အတိအကျ လိုက်နာလုပ်ဆောင် ရတာမျိုးကို သဘောကျတယ်။

    လိဇ်ရဲ့ ဥပမာကို ကြည့်ပါ။

    လိဇ်က ကလေးတွေကို ကူညီချင်တယ်။ ကျောင်းရဲ့အကြံပေး၊ ဒါမှမဟုတ် အကျိုးဆောင်ရှေ့နေ တစ်ယောက်ဆိုရင် ကလေးတွေကို ကူညီနိုင်လိမ့်မယ်လို့ သူမက ထင်ခဲ့တယ်။ ဒါနဲ့ အကြံပေးသင်တန်းနဲ့ ဥပဒေသင်တန်းတွေ သွားတက်တယ်။ သူမအတွက် မုန်းစရာကောင်းတဲ့ သင်တန်းတွေပဲ။ ဒါနဲ့ အောင်မြင် နေတဲ့ အကြံပေးတစ်ယောက်နဲ့ သွားဆွေးနွေးတဲ့ အခါ၊ ပြဿနာကို သူမသဘောပေါက်သွားတယ်။ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးက အနုပညာသမား ကိုယ်ရည်ကိုယ်သွေးမျိုး ဖြစ်နေတယ်။ လိဇ်က ရုပ်ရှင် ရိုက်ကူးရေး အတတ်ပညာကို လေ့လာပြီး ကလေးတွေအတွက် TV အစီအစဉ်တွေကို ရိုက်ကူးခဲ့တယ်။ ဒီအလုပ်ကိုတော့ သူမအရမ်းမြတ်နိုးမိပါတော့တယ်။

    ကိုယ့်ကိုယ်ကို ဘယ်လိုလူစားမျိုးလဲဆိုတာ စဉ်းစားသိရှိရင် ကိုယ်နဲ့ ဘယ်အလုပ်ကဖြင့် သင့်တော်လိမ့်မယ်ဆိုတာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

    (Ref: New Interchange 2 by J.C Richard-Reading Exercise 11)
    သင်က အလုပ်ရှင်ဆိုရင် Interview မှာ အလုပ်လျှောက်ထားသူရဲ့ ကိုယ်ရည်ကိုယ်သွေးကို သိနိုင်အောင် မေးခွန်းတွေ ပြင်ဆင်ထားပါ။

    သင်က အလုပ်လျှောက်ထားသူဆိုရင် ကိုယ်လျှောက်မယ့်အလုပ်က ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ကိုက်မကိုက် စစ်ဆေးပြီးမှ ဆုံးဖြတ်ပါ။

  • ကိုယ်ပိုင်ကျောင်းများနဲ့ မိဘတို့ရေ

    ကျော်ဆန်း

    သြဂုတ်၊ ၁၆၊ ၂၀၁၂

    ကိုယ်ပိုင်ကျောင်းများနဲ့ မိဘတို့ရေ

    ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေတစ်ရပ်ကို ၂၀၁၁ ဒီဇင်ဘာ (၂)ရက် နေ့က ပြဌာန်းပေးလိုက်တဲ့အတွက် ၀မ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။ ဒိလိုရှိသင့်တာ ကြာပြီလို့ယူဆထားတဲ့အတွက်ကြောင့်လည်း မျှော်လင့်ချက်တစ်ရပ်
    ပြည့်စုံသွားတယ်လို့ ဆိုနိုင်တယ်။ ပညာရေးဝန်ကြီးဌာက မူဝါဒနဲ့ သင်ရိုးတွေချမှတ်ပေးမယ်။ ကျောင်းတစ်ကျောင်းမှာ ရှိအပ်တဲ့ အရည်အသွေးတွေ ရှိမရှိ ကြီးကြပ်ပေးမယ်။ ကိုယ်ပိုင်ကျောင်းတွေက စည်းကမ်းနည်းလမ်းနဲ့အညီ သင်ကြမယ်ဆိုတော့ နိုင်ငံတော်မှာလည်း ၀န်ထုပ်ဝန်းပိုးလျော့သွားမှာ ဖြစ်သလို ကျောင်းတွေကလည်း အရည်အသွေးရော အဆင့်အတန်းမှာ ပြိုင်ကြရမှာ ဖြစ်လို့ အနာဂတ် ပညာရေးအတွက် အလားလာကောင်းတွေ ပေါ်ထွန်းလာမယ်လို့ မျှော်လင့်ရတာပါပဲ။ မိဘတွေအနေနဲ့လည်း ရွေးချယ်စရာတွေ ပေါ်ပေါက်သလို ကျောင်းသားတွေအနေနဲ့လည်း တစ်နေကုန်စာသင် ကျုရှင်တက်ဘ၀ကနေ လွတ်ကြတော့မှာပါလားဆိုပြီး ၀မ်းသာခဲ့ရတာပါ။ လက်တွေ့မှာတော့ အထင်နဲ့အမြင်က တစ်ထပ်တည်းမဟုတ်လေတော့ ၀မ်းသာရမှာလား ၀မ်းနည်းရမလားတောင် မဝေခွဲတတ်အောင် ဖြစ်နေပါပြီ။

    ကိုယ်ပိုင်ကျောင်းနဲ့ သင်ကြားရေးပုံစံ

    ကိုယ်ပိုင်ကျောင်းတွေမှာ အသုးံပြုရမဲ့သင်ရိုးက နိုင်ငံတော်က ပြဌာန်းပေးထားတဲ့ သင်ရိုးဖြစ်လို့ အစိုးရကျောင်းများနဲ့ အတူတူပါပဲ။ ဒါဖြင့် မိဘတွေက ငွေကုန်ကြေးကျခံပြီး ဘာကြောင့်ကိုယ်ပိုင်ကျောင်းကို အပ်ကြမှာလဲလို့ မေးစရာရှိပါတယ်။ အဓိကကတော့ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ သင်ကြားရေးပုံစံမှာ ကွားခြားမယ်၊ အစိုးရကျောင်းတွေထက် အများကြီး သာလွန်လိမ့်မယ်လို့ မျှော်လင့်ပြီး ကိုယ်ပိုင်ကျောင်းတွေမှာ အပ်ကြမှာပါ။ အပ်လည်းအပ်နေကြပါပြီ။ တစ်ချို့နာမည်ကြီးကျူရှင်တွေ၊ ဘော်ဒါတွေက ကိုယ်ပိုင်ကျောင်းအဖြစ် ပြောင်းလဲ မှတ်ပုံတင်လာကြတော့ မိဘများလည်း မျှော်လင့်တစ်ကြီး အထင်ကြီးတစ်ခွဲသားနဲ့ ကျောင်းလခတွေ အများကြီးပေးပြီး ကျောင်းအပ်ကြတာပေါ့။

    ကိုယ်ပိုင်ကျောင်းတွေက အခုမှထောင်ကြတာဆိုတော့ အဆောက်အဦးအသစ်တွေနဲ့ ဆေးရောင်တွေ စိုစိုပြေပြေနဲ့မို့ အထင်ကြီးစရာပါ။ ကျောင်းလခလည်း တန်အောင်ယူထားတော့ ဆရာ၊ဆရာမ တွေလည်း ငှားရမ်းနိုင်တဲ့ အင်အားရှိကြပါတယ်။

    အစိုးရကျောင်းတွေကတော့ အခမဲ့ နီးပါးဖြစ်တာကြောင့် နိုင်ငံတော်ကချပေးတဲ့ ဘတ်ဂျက်နဲ့ပဲ လုံလောက်အောင် သုးံစွဲကြရတာပါ။ အချို့သောကျောင်းတွေမှာ ဆရာ၊ ကျောင်းသား အချိုးမညီမျှတာတွေ ရှိကောင်းရှိပါမယ်။ ဒါပေမဲ့ အစိုးရကျောင်းမှာရှိတဲ့ ဆရာ၊ဆရာမတွေအားလုးံနီးပါးဟာ ပညာရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေကို တက်ရောက်ဆည်းပူး အောင်မြင်ထားကြသူတွေက များပါတယ်။ ကလေးတွေကို ဘာသင်ပေးရမယ်၊ ဘယ်လိုသင်ပေးရမယ်၊ ဘာကြောင့်သင်ရတယ် ဆိုတာတွေကိုလည်း လေ့လာတက်မြောက်ထားကြပါတယ်။

    ဒါဖြင့်ရင်ကျောင်းသားတွေ ဘာကြောင့် ကျူရှင်ယူနေကြရတာလည်း လို့မေးစရာရှိတယ်။ စောဒကတက်နိုင်ပါတယ်။

    ဒီအတွက် အရှင်းဆုံးနဲ့အတိကျဆုံး အဖြေပေးလို့ရပါတယ်။ နားမလည်မှုနဲ့ ဂုဏ်တုဂုဏ်ပြိုင်တွေကြောင့်လို့ပဲ ဖြေပါရစေ။
    ပုဂ္ဂုလိက ကျောင်းတွေမှာ အပ်ထားတဲ့ မိဘများနဲ့ ကျောင်းသား ကျောင်းသူတွေကို သင်ကြားရေးမှာ ဘာတွေများထူးခြား သွားပြီးလဲလို့ မေးကြည့်ချင်ပါတယ်။ လေ့လာကြည့် မိသလောက်တော့ ဘာဆိုဘာမှ မထူးခြားပါဘူး။
    ပုဂ္ဂလိကကျောင်းတွေမှာလည်း အမည်ခံ လက်တွေ့ စာသင်ခန်းတွေရှိပါတယ်။ ဘာတွေများ လက်တွေ့ သင်ပြနေပြီလဲ။ အလွတ်ကျက်၊ စာအံဆိုတဲ့ ပုံစံထက် ဘာများပိုပြီး ထူးခြားသွားပါပြီလဲ။ ကျောင်းသားတွေရဲ့ နားလည်မှု ၊ ဖန်တီးတတ်မှု၊ လက်တွေ့ဆောင်ရွက်တတ်မှုအတွက် ဘာတွေများ သင်ပေးနေပါပြီလဲ။

    နာမည်ကြီးပုဂ္ဂလိက ကျောင်းတစ်ခုခုက ကျောင်းသားတွေကို လေ့လာကြည့်လိုက်စမ်းပါ။ တစ်နေ့တစ်နေ့ စာကျက်စရာ 4/5 ပုဒ် ပါလာတာ တွေ့ရပါလိမ့်မယ်။ ကျောင်းမှာ သိပ္ပံလက်တွေ့ချိန် ဘာလုပ်ရသလဲမေးကြည့်တော့ ပြိုင်ရတယ်လို့ ဖြေပါတယ်။ ၀မ်းသာစရာပါ။ ဘာပြိုင်ရတာလဲ မေးကြည့်တော့ ယောက်ျားလေးနဲ့မိန်းကလေး စာအလွတ်ရွတ်တာ ပြိုင်ရတာတဲ့။ ၀မ်းသာမိစောလေခြင်းလို့ နောင်တရ လိုက်မိပါတယ်။
    ပထ၀ီကို အလွတ်ကျက်မှတ်နေလို့ ကမ္ဘာလုံးပုံကြီးရှေ့ချပေးပြီး မေးကြည့်ပါတယ်။ ဘယ်နေရာ၊ ဘယ်ဒေသဘာဆိုတာ ကမ္ဘာ့မြေပုံပေါ်မှာကြည့်ပြီး ဖြေကြားနိုင်စွမ်း မရှိပါ။ ကြက်တူရွေးလို နှုတ်တိုက်ချ၊ အလွတ်ကျက်၊ ပြန်ဆို ဆိုတဲ့သင်ကြားမှုထက် ဘာတစ်ခုမှ ပိုလာတာကို မတွေ့ရပါ။

    နားမလည်မှုနဲ့ ဂုဏ်ပြိုင်မှု

    မိဘများကို မေးချင်ပါတယ်။ မနက်လင်းကနေ ညနေ မိုးချုပ်တဲ့ထိ ကလေးတွေကို ဘာကြောင့်များ စာသင်ခန်းတွေထဲ ထည့်ထားချင်ရတာပါလဲ။ အိမ်မှာ စောင့်ရှောက်မယ့်လူ မရှိလို့လား။ ဒါမှမဟုတ် ဒီလိုတစ်နေကုန်သင်မှ ပညာတတ်ကြီး ဖြစ်လာမယ်လို့ထင်လို့လား။ မိမိရှေ့ကလူတွေ၊ မိမိနဲ့ခေတ်ပြိုင်တွေကို နှိုင်းယှဉ်ကြည့်စမ်းပါ။ ကမ္ဘာတစ်လွှားခေါင်းပြူကြည့်စမ်းပါ။ ဘယ်သူတွေ ဘာကြောင့် တိုးတက်အောင်မြင် နေသလဲ နားလည်အောင် ကြည့်ကြစေချင်ပါတယ်။

    ကျောင်းစာသင်ခန်းထဲမှာ အမှတ်(၁၀၀)ရရုံနဲ့ လူ့လောကကြီးထဲမှာ ဘာမှဖြစ်မလာနိုင်ပါဘူး။ လူဆိုတာ မွေးကတည်းက ချိနဲ့စွာ မွေးဖွားလာတာပါ။ ရုပ်ပိုင်း၊ အသိပိုင်း၊ ညဏ်ရည်ပိုင်းဘာသာစကားပိုင်း ချိနဲ့စွာ မွေးဖွားလာတဲ့အတွက် အကူအညီလိုအပ်ပါတယ်။ ဒါတွေကို ဖွံ့ဖြိုးလာအောင် အကူအညီပြုတာကို ပညာရေးလို့ခေါ်တာပါ။ စာသင်ခန်းမှာရော အိမ်မှာပါ စာတွေကို အလွတ်အော်ကျက်နေတာ ပညာရေး မဟုတ်ပါဘူး။
    a
    ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာအောင် ဘယ်လိုတည်ဆောက်ရမယ်။ လူမှုပေါင်းသင်းဆက်ဆံရေး ဘယ်လို ဖွံ့ဖြိုးအောင် လုပ်ရမယ်။ အချင်းချင်းဆက်သွယ်ဖို့ ဘာသာစကားဖွံ့ဖြိုးအောင် ဘယ်လိုလေ့ကျင့်ရမယ်။ တွေးတတ်၊ ခေါ်တတ်၊ တီထွင်ဖန်တီးတတ်ဖို့အတွက် ညဏ်ရည်ဖွံ့ဖြိုးအောင် ဘယ်လိုလေ့ကျင့်ပျိုးထောင် ရမယ်ဆိုတာ ပညာရေးပါ။ ဒီလိုအခြေခံကောင်းတွေ ရနိုင်မယ့်နေရာတွေကိုသာ မိမိရဲ့သားသမီးတွေကို အပ်နှံ သင်ယူစေသင့်တယ်။ ပြောင်ပြောင်မြင်တိုင်း ရွှေထင်နေရင်တော့ ငွေနဲ့အချိန်တွေပဲ ကုန်သွားရမှာပါ။

    မိဘတွေကို နောက်ထပ်မေးချင်တဲ့ မေးခွန်းတစ်ခုရှိပါသေးတယ်။ မိမိသားသမီးတွေကို ပုဂ္ဂလိကကျောင်းတွေမှာ အပ်နှံလို့ ကုန်ရတဲ့ငွေကြေးပမာဏရဲ့ တစ်ဝက်လောက်ကိုများ အစိုးရကျောင်းတွေမှာ အကုန်ခံဘူးပါသလား ဆိုတာကိုပါ။ အစိုးရကျောင်းများရဲ့ပညာရေး တိုးတက်ကောင်းမွန်ဖို့အတွက် ဘယ်လောက်များ ပံ့ပိုးပေးခဲ့ဘူးသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်စေချင်ပါတယ်။ ကျောင်းတွေကို မကောင်းဘူးလို့ အပြစ်ပြောနေမဲ့အစား တတ်နိုင်တဲ့ဘက်က ပါဝင်ပံ့ပိုးပေးရင် ကျောင်းတွေကို ရွှေချထားနိုင်မယ်လို့တောင် ထင်မိပါတယ်။

    ကလေးတွေကို ကျူရှင်ပို့ကြတဲ့ အခြားအကြောင်းတစ်ရပ်ကတော့ ဂုဏ်တုဂုဏ်ပြိုင်ကိစ္စပါ။ မိဘချင်း၊ ကလေးချင်းတွေ့ဆုံတဲ့အခါ ဘယ်ကျောင်းမှာနေတယ်၊ ဘယ်လောက်တောင်ပေးရတယ်ဆိုတာ အပြိုင်ပြောပြီး ဂုဏ်ယူကြတာပါ။ ကျူရှင်မတက်နိုင်ရင် မျက်နှာငယ်တယ်လို့ ထင်ကြတဲ့ အခြေအနေပါ။ အိမ်မှာ ဘယ်ဆရာခေါ်သင်တယ်၊ တစ်လ ဘယ်လောက်ပေးရတယ် ဆိုတာလည်း ကြွားလုံးတစ်ခုပါပဲ။
    ဒီလိုပြောနေခြင်းက အပြစ်တင်လိုခြင်း မဟုတ်ပါ။ ပြန်လည်စဉ်းစားစေလိုတဲ့ စေတနာကြောင့်ပါ။

    ကလေးတွေပျော်ပျော်ရွှင်ရွှင် ဆော့ကစားပြီး၊ အေးအေးချမ်းချမ်းသင်ယူကာ၊ မိသားစုနဲ့ နွေးနွေးထွေးထွေး နေစေချင်တဲ့ စေတနာကြောင့်ပါ။
    ပညာရေးပြောင်းလဲတယ်ဆိုတဲ့ နေရာမှာ မိဘများကလည်း အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ မိဘတွေကိုယ်တိုင်က ဘယ်ဟာအကောင်း/ ဘယ်ဟာအညံ့ဆိုတာ မခွဲခြားနိုင်ရင် သားသမီးတွေအတွက် ဘာတွေမှ ပြောင်းလဲလာမှာမဟုတ်ကြောင်း အသိပေးလိုက်ပါရစေ။

     

    စာရေးသူ ဦးကျော်ဆန်း၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။