News @ M-Media

Tag: Laliga 2016-2017

  • စာချုပ်သက်တမ်းတိုးခဲ့သည့်မက်ဆီ ၂၀၂၁ အထိ ဘာကာတွင် ဆက်ရှိမည်

    စာချုပ်သက်တမ်းတိုးခဲ့သည့်မက်ဆီ ၂၀၂၁ အထိ ဘာကာတွင် ဆက်ရှိမည်

    ဇူလိုင် ၅၊ ၂၀၁၇
    M-Media

    – ဘာစီလိုနာအသင်း၏ နာမည်ကျော်တိုက်စစ်မှူး လီယွန်နယ်မက်ဆီမှာ အသင်းနှင့် ၃ နှစ်သက်တမ်းရှိသည့် စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပြီး အသင်းတွင် ၂၀၂၁ အထိ ဆက်လက်ရှိနေမည်ဖြစ်သည်။

    အသက် ၃၀ အရွယ် မက်ဆီမှာ ဘာစီလိုနာသို့ အသက် ၁၃ နှစ်ကတည်းက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိသက်တမ်းမှာ ၂၀၁၈ ခုနှစ် ဘောလုံးရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

    ဘာစီလိုနာမှာ မေလက မက်ဆီကို သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့သော်လည်း မက်ဆီက ပယ်ချခဲ့ပြီးနောက် ယခုကမ်းလှမ်းမှုအသစ်ကို လက်ခံခဲ့သည်။

    “သက်တမ်းတိုးတဲ့အတွက်၊ အသင်းသမိုင်းမှာ အကောင်းဆုံးဖြစ်တဲ့ မက်ဆီရဲ့ အသင်းအပေါ်နှစ်မြှုပ်ထားမှုအတွက် အသင်းက ၀မ်းသာပီတိ ဖြစ်ရပါတယ်” ဟု ဘာစီလိုနာမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    မက်ဆီမှာ လက်ရှိတွင် ငယ်ချစ် အန်တိုနီယဲလာ ရိုကူဇိုနှင့် လက်ထပ်ပြီးနောက် ဟန်းနီးမွန်းထွက်နေသည်။

    ဘာစီလိုနာတွင် ၂၀၀၄ ခုနှစ်က စတင်ပွဲထွက်ခဲ့ပြီးနောက် မက်ဆီမှာ အသင်းအတွက် ၅၈၃ ပွဲကစားကာ ၅၀၇ ဂိုး သွင်းယူထားပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး ကစားသမားဖြစ်သလို၊ လာလီဂါတွင် ၃၄၉ ဂိုးဖြင့် စံချိန်တင် ဂိုးသွင်းရှင်လည်း ဖြစ်သည်။

    Ref: BBC

  • ကလေးနှစ်ယောက်ရပြီးနောက် ဘာကာတိုက်စစ်မှူးမက်ဆီ မင်္ဂလာဆောင်

    ကလေးနှစ်ယောက်ရပြီးနောက် ဘာကာတိုက်စစ်မှူးမက်ဆီ မင်္ဂလာဆောင်

    ဇူလိုင် ၁၊ ၂၀၁၇
    M-Media

    – ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီ၏ လက်ထပ်မင်္ဂလာပွဲအခမ်းအနားကို ယမန်နေ့က အာဂျင်တီးနားမှ ၎င်း၏ ဇာတိမြို့ ရိုဆာရီယိုရှိ ဇိမ်ခံဟိုတယ်တစ်ခုတွင် ကျင်းပခဲ့ပြီး ဘောလုံးအကျော်အမော်များ တက်ရောက်ခဲ့ကြသည်။

    အသက် ၃၀ အရွယ် မက်ဆီမှာ အသက် ၂၉ နှစ်အရွယ် ငယ်ချစ် အန်တိုနီလာ ရိုကူဇိုနှင့် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး ထိုမင်္ဂလာပွဲမှာ ‘ရာစုနှစ်၏ မင်္ဂလာပွဲ’ ဟု တင်စားခြင်း ခံခဲ့ရသည်။ မက်ဆီမှာ အသက် ၁၃ နှစ်အရွယ် ဘာစီလိုနာသို့ မပြောင်းခင် ရိုကူဇိုနှင့် တွေ့ဆုံချစ်ကြိုက်ခဲ့ခြင်း ဖြစ်သည်။

    မင်္ဂလာပွဲသို့ ဘာကာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၊ နေးမာ၊ နောက်ခံလူ ဂျရတ်ပီကေးနှင့် ၎င်း၏ဇနီး ကိုလံဘီယာအဆိုကျော် ရှာကီးရား၊ ဘာစီလိုနာအသင်းဖော်များ အပါအ၀င် ဘောလုံးလောကနှင့် အခြားနယ်ပယ်များမှ နာမည်ကျော်များ တက်ရာက်ခဲ့ကြကာ ဧည့်ပရိတ်သတ်ပေါင်း ၂၆၀ ခန့် ရှိခဲ့သည်။

    မက်ဆီ၏ မင်္ဂလာအခမ်းအနားအတွက် အာဂျင်တီးနား ရဲတပ်ဖွဲ့က လုံခြုံရေးပေးခဲ့သည်။

    မင်္ဂလာအခမ်းအနားကို လာတက်သည့် အကျော်အမော်များကို တွေ့မြင်ရန်အတွက် ပြည်သူများမှာ မြို့တွင်းလေဆိပ်တွင် စုရုံးခဲ့ကြသည်။

    မက်ဆီမှာ ၎င်း၏ အချစ်ဆုံးသူငယ်ချင်း စကဂ်လီယာ၏ ညီမ၀မ်းကွဲဖြစ်သူ ရိုကူဇိုနှင့် အသက် ၅ နှစ်အရွယ်ကတည်းက တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးတွင် သားနှစ်ယောက်ထွန်းကားခဲ့ပြီး လက်ရှိ ဘာစီလိုနာတွင် နေထိုင်လျက် ရှိသည်။

    Ref: BBC

  • ရီးယဲလ်ကွင်းလယ်လူဟောင်း ဒီမာရီယာ စပိန်တွင် အခွန်ရှောင်မှုဖြင့် ယူရို ၂ သန်း ဒဏ်ရိုက်ခံရ

    ရီးယဲလ်ကွင်းလယ်လူဟောင်း ဒီမာရီယာ စပိန်တွင် အခွန်ရှောင်မှုဖြင့် ယူရို ၂ သန်း ဒဏ်ရိုက်ခံရ

    ဇွန် ၂၂၊ ၂၀၁၇
    M-Media

    – ရီးယဲလ်မက်ဒရစ်တွင် ကစားခဲ့သည့်အချိန်က ပုံရိပ်အသုံးပြုခွင့်နှင့်ပတ်သက်၍ အခွန်ရှောင်ခဲ့သောကြောင့်ဒဏ်ငွေ ယူရို ၂ သန်းပေးရန် အိန်ဂျယ် ဒီမာရီယာက သဘောတူညီခဲ့သည်ဟု စပိန် အာဏာပိုင်များက ပြောကြားလိုက်သည်။

    လက်ရှိတွင် ပီအက်စ်ဂျီအသင်း၌ ကစားနေသည့် အသက် ၂၉ နှစ်အရွယ် ဒီမာရီယာမှာ စွဲချက်နှစ်ခုအတွက် အပြစ်ရှိကြောင်း ၀န်ခံရန် ရှိနေသည်။

    ၎င်းမှာ အခွန်ကိစ္စ စုံစမ်းစစ်ဆေးခံရသည့် ထိပ်တန်း ကစားသမားများနှင့် နည်းပြများထဲတွင် တစ်ဦးအပါအ၀င် ဖြစ်ခဲ့ပြီး မန်ယူနည်းပြ မော်ရင်ဟိုနှင့် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုတို့က စွဲချက်များကို ငြင်းဆိုခဲ့သည်။

    ဒီမာရီယာမှာ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၎င်း၏ ပုံရိပ်အသုံးပြုခွင့်ဆိုင်ရာအတွက် စပိန်တာဝန်ရှိသူများကို ယူရို ၁.၃ သန်းပေးရန် ပျက်ကွက်ခဲ့သည်။ ၎င်းအား စွဲဆိုထားသော စွဲချက် ၂ ခုအတွက် ၈ လစီ ထောင်ဒဏ် ချမှတ်ခံရမည်ဖြစ်သော်လည်း စပိန်ဥပဒေအရ ပထမဆုံး ကျူးလွန်သူများအနေဖြင့် ၂ နှစ်အောက် ထောင်ဒဏ်ကို ကျခံရန် မလိုအပ်ပေ။

    မော်ရင်ဟိုမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ရီးယဲလ်၌ နည်းပြလုပ်နေစဉ် ယူရို ၃.၃ သန်း အခွန်ရှောင်သည်ဟု စွပ်စွဲခံထားရပြီး ရော်နယ်ဒိုမှာ ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွင်း ယူရို ၁၄.၇ သန်း အခွန်ရှောင်သည်ဟု စွပ်စွဲခံရထားရသည်။

    ၂၀၁၆ ခုနှစ်တွင် ဘာစီလိုနာနောက်ခံလူ ဂျာဗီယာ မာရှေရာနိုမှာ အခွန်ရှောင်မှုအတွက် ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး ဘာစီလိုနာ တိုက်စစ်မှူးများဖြစ်သော မက်ဆီနှင့် နေးမာတို့မှာလည်း အခွန်ရှောင်မှုအတွက် တရားစွဲဆို ခံထားရသည်။

    Ref: BBC

  • ရော်နယ်ဒို၏ အနာဂတ်အတွက် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖွင့်ဟ

    ရော်နယ်ဒို၏ အနာဂတ်အတွက် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖွင့်ဟ

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – တိုက်စစ်မှူး ခရစ္စတီယာနို၏ အနာဂတ်အတွက် ကာယကံရှင်နှင့် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ပြောကြားလိုက်ပြီး ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲအပြီးတွင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အခွန်ရှောင်သည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် အသက် ၃၂ နှစ်အရွယ် ရော်နယ်ဒိုမှာ ရီးယဲလ်မှ ထွက်ခွာရန် ပြင်ဆင်နေကာ မန်ယူသို့ ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် ကွန်ဖက်ဒရေးရှင်းဖလား သွားရောက်ယှဉ်ပြိုင်နေသည့် ရော်နယ်ဒိုမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာကမှ ရီးယဲလ်နှင့် ၅ နှစ်သက်တမ်းတိုးထားခြင်း ဖြစ်သည်။

    “ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ရော်နယ်ဒိုဟာ ရီးယဲလ်ကစားသမားအဖြစ် ရှိနေဆဲပါ။ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာ သိသာတယ်။ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာမျိုးပေါ့။ သူကျွန်တော်တို့ကို ထုတ်ပြောမှာပါ။ ကျွန်တော်တို့လည်း ကြည့်ရမှာပေါ့လေ” ဟု တနင်္လာနေ့တွင် ရီးယဲလ်ဥက္ကဌအဖြစ် ပြန်လည် ရွေးချယ်ခံရသည့် ပီရက်ဇ်က ပြောကြားခဲ့သည်။

    ရော်နယ်ဒိုမှာ အခွန်ငွေအဖြစ် ယူရိုသန်းနှင့်ချီ လိမ်လည်ရှောင်ရှားခဲ့သည်ဟု စပိန်အစိုးရရှေ့နေများက စွပ်စွဲခဲ့ပြီး ရော်နယ်ဒိုက ငြင်းဆန်ခဲ့သည်။

    ပီရက်ဇ်ကမူ ရော်နယ်ဒိုမှာ လူကောင်းတစ်ယောက်ဖြစ်ပြီး ယခုကဲ့သို့ သတင်းများထွက်လာသည်မှာ ထူးဆန်းကြောင်း၊ ရော်နယ်ဒိုနှင့် မကြာခင် ဆွေးနွေးကာ ၎င်းအား အပြည့်အ၀ ကာကွယ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: BBC

  • ၅ နှစ်အတွင်း ရီးယဲလ် ပထမဆုံး လာလီဂါချန်ပီယံဖြစ်လာ

    ၅ နှစ်အတွင်း ရီးယဲလ် ပထမဆုံး လာလီဂါချန်ပီယံဖြစ်လာ

    မေ ၂၂၊ ၂၀၁၇
    M-Media

    – ယမန်နေ့က ကစားခဲ့သည့် လာလီဂါနောက်ဆုံးပွဲစဉ်တွင် မာလာဂါအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ရီးယဲလ်မှာ ဒုတိယနေရာမှ ဘာစီလိုနာကို ၃ မှတ်ဖြတ်ကာ လာလီဂါချန်ပီယံ ဖြစ်လာခဲ့သည်ဟု သိရသည်။

    ချန်ပီယံဖြစ်ရန်အတွက် ၁ မှတ်သာလိုအပ်သည့် ရီးယဲလ်မှာ ရော်နယ်ဒို၊ ဘန်ဇီမာတို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး လာလီဂါ ချန်ပီယံဖြစ်ရန် ၅ နှစ်တာ စောင့်ဆိုင်းခဲ့ရမှု အဆုံးသတ်ခဲ့ပြီဖြစ်သည်။

    ယမန်နှစ်ချန်ပီယံ ဘာစီလိုနာအသင်းမှာ နောက်ဆုံးပွဲတွင် အိုက်ဘာအသင်းအား ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ရီးယဲလ်က ခြေမချော်ခဲ့သောကြောင့် ချန်ပီယံဖြစ်ခွင့် မျှော်လင့်ချက်ရေးရေးကို စွန့်လွှတ်ခဲ့ရသည်။

    ရီးယဲလ်၏ ယခု ချန်ပီယံဘွဲ့မှာ အသင်းသမိုင်းတစ်လျှောက် ၃၃ ကြိမ်မြောက် လာလီဂါချန်ပီယံဘွဲ့လည်းဖြစ်သည်။

    “(အမှတ်ပေးပြိုင်ပွဲမှာ) ဗိုလ်စွဲတာဟာ ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ ဒါကိုမရတာ တော်တော်ကြာပါပြီ။ ဒီအမှတ်ပေးဖလားဟာ အရေးအကြီးဆုံးဆိုတာလည်း ကျွန်တော်တို့ သိခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ ရီးယဲလ်အတွက် ဒီအမှတ်ပေးဖလားကို ပြန်ရအောင် လုပ်ရမှာပါ” ဟု ရီးယဲ
    လ်နည်းပြ ဇီဒိန်းက ပြောကြားခဲ့ပြီး မိမိအနေဖြင့် အလွန် ပျော်ရွှင်မိသည်ဟုလည်း ပြောကြားခဲ့သည်။

    ရီးယဲလ်မှာ ဇွန်လ ၄ ရက်နေ့တွင် အီတလီစီးရီးအေချန်ပီယံ ဂျူတင်တပ်စ်အသင်းနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကစားရမည်ဖြစ်သည်။

    Ref: Aljazeera, BBC