News @ M-Media

Tag: LeeKuanYew

  • မြန်မာကို အညံ့ခံသွားတဲ့ လီကွမ်ယု (Editorial)

    မြန်မာကို အညံ့ခံသွားတဲ့ လီကွမ်ယု (Editorial)

    ဧပြီ ၃ ၊ ၂၀၁၅
    M-Media
    Lee Kuan Yew
    ၂၀၁၅ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ စင်ကာပူနိုင်ငံရဲ့ ဗိသုကာကြီးလီကွမ်ယုဟာ နမိုးနီးယားရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ စင်ကာပူနိုင်ငံသားတွေအတွက် ၀မ်းနည်းကြေကွဲဖွယ်နေ့တစ်နေ့ပါ။

    လီကွမ်ယုဟာ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိနေပါပြီ။ လွတ်လပ်တဲ့ သီးခြားနိုင်ငံဖြစ်လာတာ နှစ်ပေါင်း ၅၀ သက်တမ်းသာ ရှိသေးတဲ့ စင်္ကာပူနိုင်ငံဟာ အဲဒီမတိုင်ခင်က မြန်မာနိုင်ငံလိုပဲ ဗြိတိသျှ ကိုလိုနီ လက်အောက်၊ ဖက်ဆစ်ဂျပန်လက်အောက်တွေမှာ ရှင်သန်ဖြတ်သန်းခဲ့ရဖူးပါတယ်။

    ၁၉၆၃ မှာ မလေးရှား ပြည်ထောင်စုကို ဖွဲ့စည်းတော့ မလေးရှားနိုင်ငံရဲ့ ပြည်နယ်တစ်ခုအနေနဲ့ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက လီကွမ်ယုက PAP ပါတီကို တည်ထောင်ခဲ့ပါတယ်။ အာဏာရပါတီကတော့ အမျိုးသားရေးအစွန်းရောက်ဝါဒီတွေကြီးစိုးတဲ့ “ညီညွတ်သော မလေးအမျိုးသားအဖွဲ့ချုပ်” ပဲ ဖြစ်ပါတယ်။ သူတို့က မလေးလူမျိုးလွှမ်းမိုးတဲ့ မလေးရှားနိုင်ငံဖြစ်တည်ရေးကို ဦးတည်လျှောက်လှမ်းနေကြပါတယ်။

    ကိုလိုနီနယ်ချဲ့တို့ရဲ့ထုံးစံအတိုင်း သွေးခွဲသပ်လျှိုအုပ်ချုပ်ရေးအခံကလည်း ရှိထား၊ အမျိုးသားရေး ၀ါဒီတွေကလည်း ဖွတ်မိကျောင်းဖြစ်လာလေတော့ မြစ်မချမ်းသာကိန်းဆိုက်လာပါတော့တယ်။ လူမျိုးရေး အထိကရုဏ်းတွေ ဖြစ်လာပါတယ်။ အာဏာရပါတီကလည်း PAP ပါတီကို အမျိုးသားရေးလက်နက်နဲ့ ထိုးနှက်လာပါတော့တယ်။ ခွဲရေး-တွဲရေးပြဿနာတွေ တက်လာပြီး အခြေအနေအရ လီကွမ်ယုနဲ့ သူ့ရဲ့ပါတီ ဟာ ခွဲရေးကို လက်ခံလိုက်ရပါတော့တယ်။

    ၁၉၆၅ သြဂုတ်လ ၉ ရက်နေ့မှာ စင်ကာပူနိုင်ငံဟာ မလေးရှားကနေ သီးခြားခွဲထွက်ရပ်တည်ခဲ့ပါတယ်။ ပထမဆုံးဝန်ကြီးချုပ်အဖြစ် လီကွမ်ယုကို တင်မြှောက်ကြပါတယ်။ ၁၉၉၀ မှာ ဂိုချောက်တောင်ကို ၀န်ကြီးချုပ် ရာထူးလွှဲပြောင်းပေးခဲ့တဲ့အချိန်အထိ ၂၅ နှစ်လောက် တိုင်းပြည်ကို ဉာဏ်ကြီးကြီး အမြော်အမြင်ရှိရှိ စေတနာပါပါ အုပ်ချုပ်ခဲ့တဲ့ အရှေ့တောင်အာရှရဲ့ အထူးခြား အထင်ရှားဆုံး ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။

    သူအုပ်ချုပ်စကာလမှာ စင်ကာပူကျွန်းနိုင်ငံလေးမှာ လူဦးရေက ၂ သန်းလောက်ပဲရှိပါတယ်။ သဘာဝ သယံဇာတဆိုတာ နတ္ထိ၊ သောက်သုံးရေကိုတောင် သူများနိုင်ငံက ၀ယ်သုံးနေရတယ်။ အလုပ်လက်မဲ့နှုန်းက ၁၄ ရာခိုင်နှုန်းလောက်ရှိတယ်။ တစ်စတစ်စ တိုးတိုးသာလာတယ်။ ဒါပေမဲ့ သူဟာ စီးပွားရေးဖွံ့ဖြိုးအောင် စက်ရုံတွေ များများထူထောင်တယ်။ ဒေသထွက်ကုန်တွေ များများထွက်နိုင်ဖို့လုပ်တယ်။ စိုက်ပျိုးလို့ရတဲ့ သီးနှံတွေကို များများစိုက်ပျိုးပြီး နိုင်ငံခြားကို တင်ပို့စေတယ်။ ပင်လယ်ရေကို သောက်သုံးရေအဖြစ် ပြောင်းလဲ ယူဖို့ နည်းပညာရှာဖွေတယ်။

    လီကွမ်ယုဟာ တိုင်းပြည်ဆင်းရဲလို့ နိုင်ငံတကာလှည့် လက်မဖြန့်ဘူး။ ပြည်သူကို လက်ညိုးထိုးပြီး တောင်းစားလို့ လွယ်ပေမဲ့ သူတောင်းစားတိုင်းပြည်လို့ သူတစ်ပါးမေးငေါ့ရင် ပြည်သူမျက်နှာငယ်မှာကို ကြောက် တတ်တဲ့ ခေါင်းဆောင်မျိုးဖြစ်တယ်။ ဒါပေမဲ့ ဘ၀မမြှင့်ဘဲ ဘ၀င်သာမြင့်နေတဲ့ ဆန်မရှိအစားကြီး တလွဲမာန သမားလည်း မဟုတ်ဘူး။ ကိုယ်ပိုင်စစ်တပ်ထူထောင်ဖို့ တခြားနိုင်ငံတွေရဲ့ အကူအညီတောင်းတယ်။ အကူအညီမရတဲ့အခါ စပျစ်သီးချဉ်တယ် မလုပ်ဘူး။ ပြည်ပအားကိုး ပုဆိန်ရိုးတွေ ဘာတွေ အာသာပြေ၊ အရှက်ပြေမအော်ဘူး။ ကိုယ့်အရည်အချင်းနဲ့ကိုယ် မဖြစ်ဖြစ်အောင်တည်ထောင်တယ်။ များသောအားဖြင့် အဲဒီအချိန်က တရုတ်လူမျိုးတွေဟာ စစ်မှုထမ်းတာကို မကောင်းတဲ့အလုပ်လို့ အယူအစွဲရှိတဲ့အတွက် စစ်တပ်ထူထောင်ရေးမှာ အခက်အခဲတွေ ရှိခဲ့တယ်။ သူကတော့ မရရအောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အဓမ္မစစ်သားစုဆောင်းတာမျိုး သူမလုပ်ခဲ့ဘူး။ သူ့ဆန္ဒနဲ့သူ ၀င်ချင်လာအောင်ပဲ စည်းရုံးတယ်။ ပြည်ပရင်းနှီးမြှပ်နှံသူတွေကို သူကမ်းလှမ်းတယ်။

    မြန်မာနိုင်ငံလို အဲဒီအချိန်က အရှေ့တောင်အာရှမှာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံမျိုးကို အတုယူ အားကျကြောင်း၊ မီအောင် ကြိုးစားမယ့်အကြောင်း ရိုးသားပွင့်လင်းစွာပြောခဲ့တယ်။ တကယ်လည်း ကြိုးစားတယ်။ ပညာရေးကို မြှင့်တင်တယ်။ တည်ထောင်စနိုင်ငံဖြစ်တဲ့အတွက် ဘယ်သူမဆို နိုင်ငံထဲမှာ အမြဲနေမယ်ဆိုရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုတယ်။ တရုတ်လူမျိုးက အများစုဖြစ်ပေမဲ့ တခြားလူမျိုး အိန္ဒိယ၊ မလေး စတာတွေလည်း အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်စေတယ်။ တိုင်းပြည်ကို လူမျိုးအခြေပြုပြီး မတည်ဆောက်ဘူး။ ဘယ်ဘာသာကိုမဆို ထောက်ပံ့တယ်။ ဘာသာပေါင်းစုံ အတူတကွနေထိုင်တဲ့ တိုင်းပြည်ဖြစ်တာကို ဂုဏ်ယူတယ်။ ညီညွတ်ရေးကိုသာရှေးရှုတယ်။

    သူ့နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ မဒရဆာဘာသာရေး သင်ရိုးညွှန်းတမ်းတွေကို ကြည့်ပြီး အားမရတော့ ဒီလူတွေပညာရေးနိမ့်ကျရင် တိုင်းပြည်ပညာရေးနိမ့်ကျတာနဲ့ အတူတူပဲလို့ သူကမြင်တယ်။ ဒါကြောင့် မဒရဆာပညာရေးကို မြှင့်တင်ဖို့ တွန်းအားပေးတယ်။ ဒီလိုအမြော်အမြင်ကြီးတဲ့ ခေါင်းဆောင် ကောင်းဖြစ်တဲ့အတွက် သူ့တိုင်းပြည်ဟာ တိုးတက်တယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရှိတဲ့ ပြည်သူတွေ ကလည်း ငါက ဘာလူမျိုး၊ ငါက ဘယ်ဘာသာဆိုတာထက် ငါက စင်ကာပူနိုင်ငံသားဆိုတာမျိုး ဂုဏ်ယူ လာကြတယ်။ အိမ်ရှင်ဧည့်သည်ဆိုတဲ့ ရူးကြောင်ကြောင်အတွေးအခေါ်မျိုး သူတို့မှာ မရှိဘူး။

    တိုင်းပြည်အပေါ် စေတနာထားပြီး ပြည်သူပြည်သားအပေါ် ကျောသားရင်သားမခွဲခြားတဲ့ လီကွမ်ယုကို ပြည်သူပြည်သားတွေကလည်း မိဘလိုချစ်ခင်လေးစားကြတယ်။ ဒီလိုခေါင်းဆောင်မျိုးကို ကမ္ဘာကလည်း တန်ဖိုးထားတယ်။ မြန်မာကို မီအောင်ကြိုးစားမယ်ဆိုတဲ့ လီကွမ်ယုဟာ မြန်မာကို ကျော်ရုံတင်မက အရှေ့တောင်အာရှမှာပါ စင်ကာပူနိုင်ငံကို ထိပ်တန်းရောက်အောင် လုပ်ယူနိုင်ခဲ့တယ်။ တစ်ချိန်က သူအားကျခဲ့တဲ့ ဆရာတင်ခဲ့ရတဲ့ မြန်မာကတော့ အနိမ့်ဆုံးရောက်သွားတယ်။

    ၂၀၁၀ ဒီဇင်ဘာလက ၀ီကီလိခ်စ်မှာ ဖော်ထုတ်လိုက်လို့ ပေါက်ကြားသွားတဲ့ အမေရိကန်သံတမန် လျှို့ဝှက်ပေးစာတစ်စောင်မှာ ၂၀၀၇ ခုနှစ်က အမေရိကန်အစိုးရအရာရှိတွေနဲ့ လီကွမ်ယုတို့ တွေ့ဆုံရာမှာ ပြော တဲ့စကားတချို့ပါလာခဲ့တယ်။ အဲဒီမှာ လီကွမ်ယုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေကို “မိုက်မဲသူတွေ”၊ “ထုံပေပေနိုင်တဲ့သူတွေ”၊ “သူတို့နဲ့ဆက်ဆံရတာ လူသေကောင်တွေနဲ့ စကားပြောရသလိုပဲ” စသဖြင့် ချီးကျူးဂုဏ်ပြုစကား ဆိုခဲ့တာတွေဟာလည်း အခုလီကွမ်ယုဆုံးတော့ အမှတ်တရဖြစ်ကျန်ခဲ့ပါတယ်။

    ဘာပဲပြောပြော လီကွမ်ယုဟာ မြန်မာကို သူကျော်တက်နိုင်ပြီလို့ ကြာကြာဂုဏ်မယူလိုက်ရပါဘူး။ ကွယ်လွန်ချိန်အထိ မြန်မာကို အညံ့ခံသွားရသူသာ ဖြစ်ပါတယ်။ ဒါကို သူပြောခဲ့ဖူးတဲ့ မှတ်ချက်စကား တစ်ခွန်းအရ သိနိုင်ပါတယ်။ မြန်မာအစိုးရကို သူမှတ်ချက်ပေးခဲ့တာက- “ဒီလောက်သဘာဝ သယံဇာတ ပေါများတဲ့နိုင်ငံကို ဒီလောက်စီးပွားရေးချွတ်ခြုံကျအောင် ဘယ်လိုများ စီမံခဲ့ကြတယ်မသိဘူး”တဲ့။ လီကွမ်ယု ဟာ သူလိုက်မမီတဲ့ပညာတွေ မြန်မာအစိုးရမှာ ရှိနေသေးကြောင်း သိသွားရှာသူဖြစ်ပါတယ်။    ။

  • အလင်း နဲ့ အမှောင်ကြားက အာဆီယံခေါင်းဆောင်တစ်ဦး

    အလင်း နဲ့ အမှောင်ကြားက အာဆီယံခေါင်းဆောင်တစ်ဦး

    မတ် ၂၄ ၊ ၂၀၁၅
    M-Media
    ဆွေမွန်ရေးသည်။
    644444_1603914243154011_7123839644553152360_n
    .
    ဗိသုကာကြီး လီကွမ်းယူ၊ စင်္ကာပူရဲ့ ပထမဆုံး ၀န်ကြီးချုပ်၊ ခေတ်မီစင်္ကာပူကို တည်ဆောက်ခဲ့သူ စသည်ဖြင့် လီကွမ်ယူအကြောင်း အကောင်းရေးကြသူများပါတယ်။ အကောင်းရေးကြရအောင်လည်း သူ့လုပ်ရပ်တွေ (အများစု)က စင်္ကာပူနိုင်ငံကို တိုးတက်စေဖို့ ကိုယ်စားပြုနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
    .
    အခြားတဖက်ကို ကြည့်ရင် သူဟာ တရုတ်မျိုးရိုး အစစ်ပါပဲ။ စင်္ကာပူနိုင်ငံမဖြစ်သေးတဲ့ စင်္ကာပူကို ၀င်လာတာ မျိုးရိုး လေးဆက်ပဲ ရှိပါသေးတယ်။ ကွမ်းတုံသားပါ။ ၁၈၆၃ မှာ တရုတ်က သူ့ဘိုးဘွားတွေ စင်္ကာပူကို အခြေချပြောင်းဝင်လာခဲ့တယ်။ British Education ကို ဖြစ်ဖြစ်မြောက်မြောက်တတ်ကျွမ်းတာရယ်၊ PAP ပါတီကတဆင့် နိုင်ငံရေးလမ်းကြောင်းကို ပါးပါးနပ်နပ် ရွေးချယ်ခဲ့တာတွေရယ်၊ အင်္ဂလိပ်လက်အောက်ခံ၊ ဂျပန်လက်အောက်ခံ၊ မလေးရှားလက်အောက်ခံတွေ ဖြစ်ခဲ့ပြီး ၁၉၆၅ မှာ မလေးက ခွဲထွက်ကာ စင်္ကာပူကို ကမ္ဘာ့အဆင့် အာရှကျားတစ်ကောင် ဖြစ်လာစေတာတွေက သူ့ကို အသိအမှတ် မပြုလို့ မရတဲ့အကြောင်းအရာတွေပါ။ မလေးကနေ စင်္ကာပူကို ခွဲထုတ်ခဲ့တဲ့အပိုင်းဟာ စိတ်ဝင်စားဖို့ အကောင်းဆုံးပါ။ လူ ၂၀ လောက်ပဲ အသေအပျောက်ရှိတဲ့ လူမျိုးရေးအဓိကရုဏ်းတစ်ခုကို အကြောင်းပြုပြီး စင်္ကာပူခွဲထွက်ခဲ့တယ်။ ဒီနေရာကို သေချာလေ့လာကြည့်ရင် စိတ်ဝင်စားစရာ အများကြီး၊ နောက်ဆက်တွဲ တွေးစရာတွေအများကြီး ရှိနေတာကို တွေ့ကြရပါမယ်။
    .
    တကယ်တိုးတက်သင့်တဲ့ ပင်မနိုင်ငံ မလေးရှားက မတိုးတက်ဘဲ စင်္ကာပူက ကျော်တက်လာရတဲ အကြောင်းအရာတွေ၊ မလေးကို ယှဉ်နိုင်ဖို့ မလေးရဲ့ပြိုင်ဖက် ဆူကာနိုရဲ့ အင်ဒိုနဲ့ ပြေးကပ်ခဲ့တဲ့ အကြောင်းတွေ၊ အာဆီယံကို ထူထောင်ခဲ့တဲ့ အကြောင်းတွေအပြင် အာရှသားတွေ ကမ္ဘာကကို ရင်ဘောင်တန်းနိုင်ဖို့ သူကြိုးစားခဲ့တာတွေကို ပိုပြီး လေ့လာသင့်ကြပါတယ်။
    .
    သူနဲ့ခေတ်ပြိုင် မြန်မာနိုင်ငံက တစ်တိုင်းပြည်လုံးမွဲ၊ သူ့မိသားစုတစ်စုတည်း ကျိကျိတက်ချမ်းသာတဲ့ (၁၉၈၄ လောက် နယူးစ်ဝိခ်လား တိုင်းလား၊ မဂ္ဂဇင်းတစ်စောင်မှာ ထင်မိတယ်။ သေချာ မမှတ်မိတော့။ ကမ္ဘာ့အချမ်းသာဆုံးနံပတ် ၆ ၀င်အောင် တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့တဲ့) ဦးနေ၀င်း၊ ( ခုချိန်ထိ သူ့မြေးတွေ ဒေါ်လာကို ဘီလီယံလို်က် ချမ်းသာကြသေးတယ်။) ဖိလစ်ပိုင်ဖက်မှာဆိုရင် အတိုက်အခံခေါင်းဆောင် အကွီနိုကို အနီးကပ်သတ်ပစ်ခဲ့တဲ့အပြင် ပြည်သူ့ဘဏ္ဍာအကုန်ဘုံးခဲ့တဲ့ သမ္မတ ဖာဒီနန်မားကို့စ်နဲ့ သူ့ကတော် ဖိနပ်အရံ ၂၀၀၀ ပိုင်ရှင် အီမယ်လ်ဒါမားကို့စ်တို့ထက်စာရင် လီကွမ်းယူဟာ နိုင်ငံဘဏ္ဍာကို ဘုံးချင် ခိုးချင်တဲ့သဘော မရှိခဲ့ပေမယ့် သူ့အာဏာတည်မြဲဖို့ အတွင်းစည်းဝိုင်းကို သူ့မိသားစုကိုပဲ ရွေးခဲ့တယ်။
    .
    မလေးရှားက အတိုက်အခံခေါင်းဆောင် အန်န၀ါ အီဗရာဟင်လို နိုင်ငံရေးပြိုင်ဖက်တွေကို အပြတ်ဖြုတ်တတ်တဲ့ မဟာသီ၊ ထိုင်းက အာဏာသိမ်းနိုင်လွန်းပြီး ပြန်ဆင်းမပေးချင်တဲ့ စစ်တပ်အဆက်ဆက်ရဲ့ ပင်မဆရာကြီး ဗိုလ်ချုပ်ကြီးချာဗလစ်ယောင်ချိုင်ယုဒ် (ဦးနေ၀င်းက အကိုကြီးလို့ ခေါ်ဖူးသေး) တို့လိုပဲ နိုင်ငံရေးအာဏာနဲ့ပတ်သက်လာရင် ဘယ်သူ့ကိုမှ မညှာတာခဲ့ပါဘူး။ နိုင်ငံရေးလမ်းကြောင်းမှာ အတိုက်အခံဟူသမျှ နှိပ်ကွပ်ခဲ့တဲ့ အာဏာရှင်အစစ်ပါ။ သူ့ကို အတိုက်အခံလုပ်သူတွေကို အမှုမစစ်ဘဲ ထောင်ချပစ်ခဲ့တယ်လို့ သူကိုယ်တိုင်ဝန်ခံဖူးပါတယ်။
    .
    ဒါ့အပြင် အာဏာပိုင်ဆိုင်ခြင်းကတဆင့် ရလာတဲ့ ဆင့်ပွားအခွင့်အရေးတွေကို မိသားစုလိုက် လက်ဝါးကြီးအုပ်ခဲ့တယ်လို့ ပြောနိုင်တယ်။ သားအကြီးဆုံးဖြစ်သူ လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းကို ၀န်ကြီးချုပ်နေရာအတွက် ကြိုလျာထားခဲ့သလို သူ့နောက်က ဂိုချောက်တောင်ကိုလည်း သူပဲ ရွေးခဲ့တယ်။ ဒါပေမယ့် ဂိုချောက်တောင်ဟာ လီကွမ်းယူအရိပ်ကို မကျော်နိုင်ခဲ့ပါဘူး။ လီကွမ်းယူရဲ့ အရုပ်သာသာအဆင့်ပဲ ဖြစ်ခဲ့တယ်။ ၀န်ကြီးချုပ်နေရာကို သားအကြီးဆုံးဖြစ်သူ လီရှန်လွန်းက ၂၀၀၄ မှာ ရယူခဲ့သလို၊ သားအငယ် လီဆင်ယန်းဟာလည်း စင်္ကာပူစစ်တပ်မှာ ဗိုလ်မှူးချုပ်အဆင့်၊ နောက်ပိုင်းမှာ Sing Tel ရဲ့ CEO နဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့တယ်။ ညီကိုနှစ်ဦးလုံးဟာ Cambridge တက္ကသိုလ်ဆင်းတွေ၊ စင်္ကာပူစစ်တပ်မှာ ဗိုလ်မှူးချုပ်အဆင့်တွေချည်းပါပဲ။ ညီဖြစ်သူဟာ ခုချိန်မှာ Fraser and NeaveLtd မှာ ဥက္ကဋ္ဌလုပ်နေတဲ့အပြင် the Civil Aviation Authority of Singapore (CAAF) မှာလည်း အကြီးဆုံးရာထူးယူထားပါတယ်။ လီကွမ်းယူရဲ့သမီး လီဝေလင်းဟာ the National Neuroscience Institute ကို လုပ်ပိုင်ခွင့်ရထားသလို ၀န်ကြီးချုပ်လီရှန်လွန်းရဲ့ မိန်းမ Ho Ching ဟာလည်း Temasek Holdings ရဲ့ CEO နဲ့ Executive Director တစ်ဦးပါ။
    .
    ဒီအကြောင်းတွေမတိုင်မီမှာလည်း လီကွမ်းယူကို ဆက်ခံခဲ့တဲ့ ဂိုချောက်တောင်နဲ့ လီရှန်လွန်းကို ဝေဖန်ခဲ့တဲ့ The New York Times ကပိုင်တဲ့ the International Herald Tribune သတင်းစာကို Philip Bowring အမည်ရ သတင်းစာဆရာတစ်ဦးရေးတဲ့ ‘All in the Family’ ဆောင်းပါးဟာ စင်္ကာပူကို ထိခိုက်စေတယ်လို့ ခေါင်းစဉ်တပ်ပြီး တရားစွဲခဲ့တဲ့အတွက် သတင်းစာတိုက်ဖက်က အမေရိကန်ဒေါ်လာ ၁၁၄၀၀၀ လောက် အလျော်ပေးခဲ့ရပါသေးတယ်။
    .
    သူ့ရဲ့ PAP ပါတီအကြောင်းဟာလည်း စိတ်ဝင်စားစရာပါ။ အခြားအာဆီယံခေါင်းဆောင်တွေနဲ့မတူတာက နိုင်ငံတိုးတက်လာအောင် လုပ်ပြနိုင်ခြင်းပါပဲ။ အခြားအာဆီယံခေါင်းဆောင်တွေထက်စာရင် လီဟာ အပုပ်နံ့နည်းပါတယ်။
    .
    နိုင်ငံ့ပုံရိပ်တိုးတက်လာတာနဲ့အမျှ သူ့ရဲ့မကောင်းကြောင်းတွေဟာ နောက်ကို ရောက်ကုန်ပါတယ်။ သူ့ရဲ့အထင်ကြီးစရာ မူဝါဒတစ်ခုက စင်္ကာပူကို multiculture ယဉ်ကျေးမှုပေါင်းစုံထွန်းကားရာ၊ လူမျိုးပေါင်းစုံ လွတ်လပ်စွာနေထိုင်နိုင်စေရာ ဂေဟာတစ်ခုအဖြစ်ကို ကျင့်သုံးနိုင်ခဲ့ခြင်းပါပဲ။ ဒါကြောင့် နိုင်ငံတကာက လူမျိုးပေါင်းစုံဟာ စင်္ကာပူမှာ နေထိုင်ခွင့်၊ ပညာသင်ယူခွင့်၊ လူနဲ့တူတန်စွာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် တိုးတက်ခွင့်တွေ ရလာစေတယ်။ ဘာသာရေးကို လုံးဝ မပိတ်ပင်ဘူး။ ချပ်ခ်ျ၊ ဘုန်းကြီးကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်းတွေအားလုံးဟာ တားဆီးမှု တစ်စုံတစ်ခုမရှိဘဲ လွတ်လပ်ခွင့် အပြည့်ပေးခဲ့တယ်။ ဒီအချက်ဟာ အာဆီယံဘယ်နိုင်ငံထက်မဆို အနောက်နိုင်ငံတွေကို သည်းခြေကြိုက်ဖြစ်စေတဲ့ အချက်ပါပဲ။ စည်းကမ်းနဲ့ပတ်သက်ရင် အလျှော့မပေးဘူး။ အနောက်နိုင်ငံသားတွေကိုတောင် ကြိမ်ဒဏ်ပေးခဲ့တဲ့ သာဓကတွေ အများကြီးပါ။ ကားဆေးမှုတ်မိလို့ ကြိမ်ဒဏ်မိတဲ့ မိုက်ကယ်ဖေးကိစ္စဆိုရင် ကမ္ဘာကျော်ခဲ့တယ်။
    .
    ဖတ်စရာတွေ ကျန်ဦးမှာပါ။ ကောင်းတာတွေရဲ့ တဖက်က အမှောင်ရိပ်သန်းတဲ့ လီကွမ်းယူအကြောင်းတွေဟာ အများကြီးရှိနေဦးမှာပါ။ ဒါပေမယ့် အလင်းအများကြီးထွက်တဲ့ မီးရောင်လိုမျိုး အမှောင်အများအပြားကို ဖယ်ရှားကာ သူ့နိုင်ငံသားတွေရဲ့ ကောင်းကျိုးတွေကို အများဆုံး လုပ်နိုင်ခဲ့လို့သာ သေဆုံးချိန်မှာ အမည်ကောင်းလေး ရခဲ့တယ်လို့ပဲ ဆိုချင်ပါတယ်။
    .
    ဆွေမွန်
    ၂၃ မတ်လ ၂၀၁၅