News @ M-Media

Tag: Liberia

  • အဓမ္မကျင့်မှု မြင့်တက်လာသည့် လိုက်ဘေးရီးယားနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေငြာ

    အဓမ္မကျင့်မှု မြင့်တက်လာသည့် လိုက်ဘေးရီးယားနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေငြာ

    စက်တင်ဘာ ၁၃၊ ၂၀၂၀
    M-Media

    -နိုင်ငံတစ်ဝှမ်း အဓမ္မပြုကျင့်မှုတွေ မြင့်တက်လာတာကြောင့် အာဖရိကအနောက်ပိုင်း လိုက်ဘေးရီးယားနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေငြာလိုက်ပြီး အဓမ္မကျင့်မှုတိုက်ဖျက်ရေး အစီအမံအသစ်တွေကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    အဓမ္မကျင့်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ မြင့်တက်လာတဲ့အတွက် ပြီးခဲ့တဲ့လအတွင်း မြို့တော် မွန်ရိုဗီယာမှာ ထောင်နဲ့ချီတဲ့ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

    အခုတစ်ပတ် သောကြောနေ့မှာတော့ သမ္မတ ဂျော့ဝီယာက တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။ အဓမ္မပြုကျင့်မှုကိစ္စအတွက် အစိုးရရှေ့ သီးသန့်ထားပေးသွားမှာဖြစ်ပြီး၊ နိုင်ငံတစ်ဝှမ်း လိင်ပိုင်းဆိုင်ရာကျူးလွန်သူများ မှတ်တမ်းဌာနကိုလည်း ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    လိုက်ဘေးရီးယားအစိုးရဟာ လိင်ပိုင်းဆိုင်ရာနဲ့ ကျားမခွဲခြားမှုကို အခြေခံတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ‘အမျိုးသားလုံခြုံရေးတပ်ဖွဲ့’ ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

    ၁၉၈၉ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ပြည်တွင်းစစ်ဒဏ်ခံစားခဲ့ရတဲ့ လိုက်ဘေးရီးယားနိုင်ငံမှာ အဓမ္မကျင့်မှုအန္တရာယ်ဟာ စိုးရိမ်စရာတစ်ရပ်အဖြစ် အရင်ကတည်းက ရှိခဲ့တာပါ။ ၂၀၁၆ ခုနှစ် ကုလရဲ့ထုတ်ပြန်ချက်မှာ လိုက်ဘေးရီးယားနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အဓမ္မကျင့်မှုတွေရဲ့ ၂ ရာခိုင်နှုန်းခန့်ကိုသာ အပြစ်ပေးအရေးယူမှု ရှိတယ်လို့ ဖော်ပြထားပါတယ်။

    အခုနှစ်အတွင်း အဓမ္မပြုကျင့်မှုနှုန်းဟာ လိုက်ဘေးရီးယားမှာ သိသိသာသာ မြင့်တက်လာပါတယ်။ မေလက တစ်လအတွင်း ၈၀ ကနေ ၁၀၀ ကြား ရှိရာကနေ ဇွန်လနဲ့ ဩဂုတ်လအတွင်းမှာတော့ ၆၀၀ အထိ မြင့်တက်လာတယ်လို့ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်မှုကွန်ယက်က ပြောကြားခဲ့ပါတယ်။

    သမ္မတ ဂျော့ဝီယာက ကိုရိုနာကပ်ရောဂါအတွင်း မိမိတို့ဟာ အဓမ္မကျင့်မှု ကပ်ရောဂါကိုပါ ကြုံတွေ့နေရပြီး နိုင်ငံတစ်ဝှမ်းက ကလေးငယ်တွေနဲ့ အမျိုးသမီးငယ်တွေ ထိခိုက်ခံစားနေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • လိုက်ဘေးရီးယားတွင် အကြီးဆုံး အီဘိုလာ ကုသရေး စင်တာတစ်ခု ဖွင့်လှစ်

    လိုက်ဘေးရီးယားတွင် အကြီးဆုံး အီဘိုလာ ကုသရေး စင်တာတစ်ခု ဖွင့်လှစ်

    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    Liberia opens Ebola treatment centre
    – အီဘိုလာကူးစက်ပြန်နှံ့မှုကို ထိရောက်စွာ တားမြစ်နိုင်ရေး ရည်ရွယ်လျက် နိုင်ငံအတွင်း အကြီးဆုံး အီဘိုလာကုသရေး စင်တာ တစ်ခုကို လိုက်ဘေးရီးယားနိုင်ငံ၏ မြို့တော် မွန်ရိုဗီယားတွင် ဖွင့်လှစ်လိုက်ပြီဟု သိရသည်။

    ယမန်နေ့က လိုက်ဘေးရီးယား သမ္မတ အဲလင် ဂျွန်ဆင် ဆာရ်လိဖ်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပြီး ကုလနှင့် အမေရိကန်တို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ အဆိုပါ စင်တာတွင် အနည်းဆုံး လူနာ ၂၀၀ မှ အများဆုံး ၃၀၀ အထိ ကုသနိုင်မည်ဖြစ်သည်။

    “နောက်ဆုံးမှာတော့ ဒီရောဂါဆိုးကြီးကို ကျွန်တော်တို့ လိုက်မှီနိုင်တော့မယ် အနေအထားကို မြင်ရတာဟာ အားတက်စရာပါ။ ဒီရောဂါကြီးဟာ တောင်ပေါ်က ကျောက်တုံး လိမ့်ကျလာသို့ ကျရောက်လာခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ လ လောက်က ဒါကို ကျွန်တော်တို့ လိုက်မမီ နိုင်တော့ဘူးလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် တိုးတက်မှုတွေကိုတော့ ကျွန်တော်တို့ စတင် လုပ်ဆောင်နေပါပြီ” ဟု အမေရိကန်သံအမတ် ဒီဘိုရက်ချက် မာလက်ခ်က ပြောကြားခဲ့သည်။

    အဆိုပါ စင်တာတွင် ယခုလက်ရှိ၌ လူနာ ၈၀ ခန့်အား ကုမှုပေးနေသည်ဟု နယ်စည်မခြား ဆရာဝန်များအဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အီဘိုလာ ပြန်နှံ့နေသည့် အနောက်အာဖရိက နိုင်ငံများတွင် လိုက်ဘေးရီးယားမှာ အဆိုးဝါးဆုံး ပြန့်နှံ့သည့် နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်များမှ စတင်ကာ အီဘိုလာ ကူးစက်ပြန့်နှံ့မှုမှာ လျော့ကျခဲ့သည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမူ ထိုကဲ့သို့ လျော့ကျမှုများ ရှိနေသော်လည်း အခြေအနေအား ပြောင်းလဲနိုင်ရန်အတွက် အားထုတ်မှုများ ပိုမိုလုပ်ဆောင်ရမည်ဟု သတိပေးခဲ့သည်။