News @ M-Media

Tag: malaysia

  • ဗိုလ်ချုပ် ဒါတွတ်တိုချွန်ဆီယန် (သို့) မလေးရှား၏ ထိပ်တန်းဗိုလ်ချုပ် ၁၄ ဦးထဲက တရုတ်လူမျိုး

    ဗိုလ်ချုပ် ဒါတွတ်တိုချွန်ဆီယန် (သို့) မလေးရှား၏ ထိပ်တန်းဗိုလ်ချုပ် ၁၄ ဦးထဲက တရုတ်လူမျိုး

    ဇူလိုင် ၃၀၊ ၂၀၁၈
    M-Media

    အမှတ် (၁) ခြေမြန်တပ်မမှာ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ‘မေဂျာ-ဂျန် ဒါတွတ် တို ချွန်ဆီယန်’ ဟာ ၁၉၇၇ ခုနှစ် ကျောင်းကထွက်ပြီး တပ်ထဲဝင်လာကတည်းက အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ရယူခဲ့သူ ဖြစ်ပါတယ်။

    – အမှတ် (၁) ခြေမြန်တပ်မမှာ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ‘မေဂျာ-ဂျန် ဒါတွတ် တို ချွန်ဆီယန်’ ဟာ ၁၉၇၇ ခုနှစ် ကျောင်းကထွက်ပြီး တပ်ထဲဝင်လာကတည်းက အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ရယူခဲ့သူ ဖြစ်ပါတယ်။

    သူဟာ မလေးရှားစစ်တပ်မှာ တပ်မမှူးရာထူးကို ရယူနိုင်တဲ့ ပထမဆုံး တရုတ်လူမျိုးဖြစ်ပြီး၊ လူများစုဖြစ်တဲ့ မလေးလူမျိုး မဟုတ်သူတွေထဲက ဒီရာထူးကို ရယူနိုင်တဲ့ တတိယမြောက် လူမျိုးခြားလည်း ဖြစ်ပါတယ်။

    ဒီရာထူးကိုမရခင် ဒါတွတ်တိုချွန်ဆီယန်ဟာ ဆီလန်ဂေါပြည်နယ်က အမှတ် (၁၁) တပ်မဟာကို ကွပ်ကဲသူ ဖြစ်ပါတယ်။

    ” ‘သံကောင်းဟာ အိမ်ရိုက်သံဘ၀ မရောက်ဘူး၊ လူကောင်းဟာ စစ်သားဘ၀ မရောက်ဘူး’ ဆိုတဲ့ တရုတ်စကားပုံတစ်ခု ရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ဟာ အုတ်ရိုက်သံဖြစ်တယ်လို့ အမြဲပြောပါတယ်”

    စင်ကာပူနယ်စပ် ဂျိုဟိုးမှာ မွေးဖွားခဲ့တဲ့ ဗိုလ်ချုပ်ဟာ စစ်မှုထမ်းမိသားစုက ဆင်းသက်လာသူဖြစ်ပြီး ငယ်ငယ်လေးကတည်းက စစ်တပ်ထဲ ၀င်ရောက်အမှုထမ်းချင်ခဲ့သူ ဖြစ်ပါတယ်။

    ဖခင်က ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှလေတပ်မှာ အမှုထမ်းခဲ့ပြီး၊ အကြီးဆုံးအကိုက မလေးရှားရေတပ်၊ ညီနှစ်ယောက်က လေတပ်မှာ ၀င်ရောက်အမှုထမ်းခဲ့ပါတယ်။

    ဒါတွတ်တိုချွန်ဆီယန်ဟာ ၁၉၇၅ ခုနှစ်မှာ စစ်တပ်ထဲဝင်ရောက်ဖို့ လျှောက်ထားခဲ့ပေမယ့် အသက် ၁၆ နှစ်သာ ရှိသေးတဲ့အတွက် အမှုထမ်းခွင့် မရခဲ့ပါဘူး။

    “ကျွန်တော် တစ်နှစ် ကျောင်းပြန်တက်ခဲ့ရပါတယ်။ အဲဒီနောက် ကျွန်တော် ထပ်လျှောက်ခဲ့ပေမယ့် အသက်မပြည့်သေးတာကြောင့် ၀င်ခွင့်မရဘဲ အသက် ၁၈ နှစ်ပြည့်တဲ့အချိန်ကျမှ စစ်မှူထမ်းခွင့် ရခဲ့ပါတယ်။ စစ်တပ်ထဲမှာ အမှုထမ်းလာတာ အခုဆိုရင် ၄၂ နှစ်ရှိပါပြီ” လို့ ဗိုလ်ချုပ်က ပြောကြားခဲ့ပါတယ်။

    ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ ဗိုလ်ချုပ် ဒါတွတ်တိုချွန်ဆီယန်ဟာ မလေးရှားစစ်တပ်ရဲ့ ထိပ်တန်းဗိုလ်ချုပ် ၁၄ ဦးထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိ မလေးရှားစစ်တပ်မှာ တရုတ်လူမျိုးက ၁ ရာခိုင်နှုန်းလောက်သာရှိပြီး ဗိုလ်ချုပ်က သူ့ရဲ့အနေအထားဟာ တရုတ်လူမျိုးတွေ စစ်တပ်ထဲဝင်ရောက်ဖို့အတွက် တွန်းအားတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်နေပါတယ်။

    သူ စစ်တပ်ထဲဝင်တုန်းက လူသစ် ၁၆၀ မှာ ၃၆ ဦးက တရုတ်လူမျိုးတွေဖြစ်ပေမယ့် အခုအချိန်မှာ တရုတ်လူမျိုးတွေ စစ်တပ်ထဲဝင်ရောက်မှုဟာ လျော့နည်းလာပါတယ်။

    “ဒီနေ့ ဒီလိုရာခိုင်နှုန်းမျိုးရဖို့အတွက် တပ်သားစုဆောင်းရေးဌာနက ကြိုးစားပမ်းစားလုပ်ရမယ့်အနေအထား ဖြစ်ပါတယ်။ တရုတ်သတင်းစာတွေမှာ ကြော်ငြာများများထည့်ဖို့နဲ့ တရုတ်ရွာတွေမှာသွားပြီး လူသစ်စုဆောင်းဖို့ လိုအပ်ပါတယ်။ ‘မလေးရှားစစ်တပ်မှ တရုတ်စစ်မှုထမ်းဟောင်းများအဖွဲ့’ ကလည်း လူထုကိုစည်းရုံးမှု၊ လူသစ်စုဆောင်းရေး လှုံ့ဆော်မှုတွေ ပြုလုပ်နေပါတယ်” လို့ ဗိုလ်ချုပ်က ပြောကြားခဲ့ပါတယ်။

    တရုတ်လူငယ်တွေဟာ ၅ နှစ်လောက်နဲ့ အောင်မြင်ချင်ကြသူတွေဖြစ်ပြီး စစ်တပ်မှာ ဒီလိုမျိုးမဟုတ်တဲ့အတွက် စိတ်မ၀င်စားတာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်က ဆိုပါတယ်။

    “ကျွန်တော်တို့ လုပ်ဆောင်ရမှာက စစ်တပ်ထဲဝင်တာ ဂုဏ်ရှိတယ်၊ တိုင်ပြည်ချစ်စိတ်ကို ပြသတာဖြစ်တယ်၊ စစ်မှုထမ်းတာဟာ မြင့်မြတ်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခု ဖြစ်တယ်ဆိုတာမျိုး သိလာအောင်လုပ်ဖို့ပါ။ စစ်တပ်မှာရမယ့် အခွင့်အရေးတွေကိုလည်း သူတို့ သိလာအောင်လုပ်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် အခု လစာတွေက တော်တော်ကောင်းတယ်။ စစ်သားတစ်ယောက်ဟာ သင်တန်းမှာကိုပဲ တစ်လ ရင်းဂစ် ၂၀၀၀ လောက် လခရပါတယ်”

    မလေးရှားအစိုးရက တရုတ်လူမျိုး လွီချင်တောင်ကို ဒုတိယကာကွယ်ရေးဝန်ကြီး ခန့်အပ်လိုက်တာကိုလည်း ဗိုလ်ချုပ်က ချီးကျူးခဲ့ပါတယ်။

    “တရုတ်တွေကို ရာထူးတိုးမပေးဘူးဆိုတဲ့ အမြင်မှားတွေကို ဒါက ချေဖျက်လိုက်တာပါ။ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့ အမြင်တွေလည်း ပြောင်းလဲသွားပါလိမ့်မယ်”

    ဗိုလ်ချုပ် ဒါတွတ်တိုချွန်ဆီယန်ဟာ နောက်နှစ်မှာ ပင်စင်ယူရတော့မှာ ဖြစ်ပြီး သူကတော့ စစ်သားဖြစ်ရတာကို ဂုဏ်ယူနေမယ်လို့ ပြောကြားခဲ့ပါတယ်။

    “အဖေသာရှိရင် တော်တော်ဂုဏ်ယူနေမှာပါ။ အတိတ်ကိုပြန်ကြည့်ရင် ကျွန်တော် အောင်မြင်မှုတွေ အများကြီးရခဲ့ပါတယ်။ တရုတ်တွေ စစ်တပ်ထဲမှာ ဆက်လက်အမှုထမ်းဖို့အတွက် ဒါက တွန်းအားဖြစ်စေမှာပါ”

    Ref: The Star

  • အထောက်အထားမဲ့ နိုင်ငံခြားသားများအား ဖမ်းဆီးမှု မလေးရှား တိုးမြှင့်ဆောင်ရွက်မည်

    အထောက်အထားမဲ့ နိုင်ငံခြားသားများအား ဖမ်းဆီးမှု မလေးရှား တိုးမြှင့်ဆောင်ရွက်မည်

    ဇူလိုင် ၂၁၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်လာသူတွေ ဖမ်းဆီးထိန်းသိမ်းမှုကို သြဂုတ်လ ၃၁ ရက်နေ့ကနေစပြီး တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် မူစတာဖာ အလီက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

    တရားမ၀င် အလုပ်သမားတွေကို ခန့်ထားတဲ့ အလုပ်ရှင်တွေ၊ ဖွက်ထားပေးတဲ့သူတွေကိုပါ ဖမ်းဆီးသွားမယ်လို့ သူက ဆိုပါတယ်။

    “3+1 အစီအစဉ်လို့ခေါ်တဲ့ ကိုယ်တိုင် လာအဖမ်းခံတဲ့ အစီအစဉ်တစ်ခုကို ကျွန်တော်တို့ စတင်ဆောင်ရွက်ထားပါတယ်။ ဒီအစီအစဉ်ဟာ တရားမ၀င်နိုင်ငံခြားသားတွေအားလုံး သူတို့ရဲ့ မူရင်းနိုင်ငံတွေကို ကိုယ့်သဘောဆန္ဒနဲ့ ပြန်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သြဂုတ်လ ၃၀ ရက်နေ့အထိ သူတို့ ဒီလို လာရောက်အဖမ်းခံဖို့ အခွင့်အရေးရမှာဖြစ်ပြီး အဲဒီနောက်မှာ ကျွန်တော်တို့ ပိုမိုတင်းကြပ်သွားမှာပါ”

    ဇူလိုင်လ ၁ ရက်နေ့က စတင်ခဲ့တဲ့ Op Mega စစ်ဆင်ရေးအတွင်း နိုင်ငံတစ်ဝှမ်း တရားမ၀င် ၀င်ရောက်သူ ၃၀၀၀ ကျော်လောက်ကို မလေးရှားက ဖမ်းဆီးထားပါတယ်။

    တရားမ၀င် အလုပ်သမားတွေအနေနဲ့ ဖမ်းဆီးခံရပြီဆိုရင် အမည်ပျက်စာရင်းသွင်းကာ၊ ပြည်နှင်ဒဏ် ပေးခံရမှာဖြစ်ပြီး၊ တရားမ၀င် နိုင်ငံခြားသားတွေကို အလုပ်ခန့်တဲ့ အလုပ်ရှင်တွေဟာလည်း ထောင်ဒဏ်၊ ငွေဒဏ်၊ ကြိမ်ဒဏ်တွေ ခံရမယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ကြေငြာထားပါတယ်။

    Ref: CNA

  • စီးပွားရေးလုပ်လို့ကောင်းသည့်နိုင်ငံအဖြစ် ဆက်ရှိမည်ဟု မလေးရှားပြော

    စီးပွားရေးလုပ်လို့ကောင်းသည့်နိုင်ငံအဖြစ် ဆက်ရှိမည်ဟု မလေးရှားပြော

    ဇူလိုင် ၂၀၊ ၂၀၁၈
    M-Media

    – မလေးရှားနိုင်ငံဟာ စီးပွားရေးလုပ်လို့ကောင်းတဲ့ နိုင်ငံတစ်ခုအဖြစ် ဆက်ရှိသွားမှာဖြစ်ပြီး၊ နိုင်ငံခြားနဲ့ ပြည်တွင်းက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုတယ်လို့ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။

    ဒီကနေ့မှာကျင်းပတဲ့ တရုတ် စီးပွားရေးနဲ့ စက်မှုလက်မှု ကုန်သည်ကြီးများအသင်း ACCCIM ရဲ့ ၇၂ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့တာပါ။

    သူတို့အစိုးရသစ်ဟာ စီးပွားရေးမှာ သန့်ရှင်းပြီး မျှတတဲ့ ၀န်းကျင်တစ်ခု ဖြစ်လာဖို့အတွက် ခြစားမှု တိုက်ဖျက်ရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

    “အစိုးရသစ်ဖြစ်တဲ့ ကျွန်တော်တို့ဟာ စီးပွားရေးလုပ်လို့ကောင်းတဲ့အစိုးရ ဖြစ်မှာပါ။ လာဘ်စားမှာ မဟုတ်ပါဘူး။ စီးပွားရေးသမားတွေဟာ လာဘ်စားတဲ့သူနဲ့ စီးပွားရေးမလုပ်ချင်ဘူးဆိုတာကို ကျွန်တော်သိပါတယ်။ အဲဒီသူ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေက မစားရတဲ့အမဲ သဲနဲ့ပက်တာတွေ ဖြစ်လာနိုင်တယ်လေ”

    မလေးရှားဟာ လက်ရှိမှာ နိုင်ငံပိုင် 1MDB လုပ်ငန်းက ငွေတွေ ပျောက်ဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ၀န်ကြီးချုပ်ဟောင်း နာဂျစ်ကိုလည်း ခြစားမှုနဲ့ တရားစွဲဆိုထားပါတယ်။ ဒါ့ကြောင့် နိုင်ငံအတွင်း စီးပွားရေးလုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေက တွန့်ဆုတ်နေကြပါတယ်။

    မဟာသီကတော့ သူတို့အနေနဲ့ နိုင်ငံခြားက တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်တော့မှ ငြင်းပယ်သွားမှာ မဟုတ်ကြောင်း၊ စက်ရုံတော်တော်များများကို မလေးရှားနိုင်ငံသားတွေက လုပ်ကိုင်နေကြပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထပ်လိုသေးကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နိုင်ငံရေးစီးပွားရေးဟာ နလန်ထဆဲ အခြေအနေမှာသာ ရှိနေပြီး အစိုးရဟောင်းရဲ့ မှားယွင်းမှုတွေကြောင့် ဖြစ်ခဲ့တဲ့အနေအထားကနေ ပြန်လည်ကောင်းမွန်လာဖို့အတွက် အချိန်ယူရမယ်လို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။

    Ref: CNA

  • ပြည်နယ် ၄ ခုတွင် အကြမ်းဖက်သံသယရှိသူ ၇ ဦးကို မလေးရှားဖမ်းဆီး

    ပြည်နယ် ၄ ခုတွင် အကြမ်းဖက်သံသယရှိသူ ၇ ဦးကို မလေးရှားဖမ်းဆီး

    ဇူလိုင် ၁၉၊ ၂၀၁၈
    M-Media

    – နိုင်ငံတစ်ဝှမ်း ပြည်နယ် ၄ ခုမှာ ၅ ရက်တာပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း IS အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေသူ ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲက ဖူဇီ ဟာရွန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    မလေးရှားနိုင်ငံသား ၄ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးတို့ ဖြစ်ကြပြီး အဲဒီထဲက အသက် ၃၄ နှစ်အရွယ် အလုပ်လက်မဲ့တစ်ဦးဟာ ဘုရင်နဲ့ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်ကို သတ်ဖြတ်မယ်လို့ Facebook ပေါ်မှာ ခြိမ်းခြောက်ခဲ့ပါတယ်။

    အသက် ၄၂ နှစ်အရွယ် အမျိုးသားကတော့ ၀ါကျွတ်အီးနေ့ဒ်အပြီးမှား မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့မှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ဖို့ Facebook ကနေတစ်ဆင့် ခြိမ်းခြောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    အခြားနှစ်ဦးကတော့ အသက် ၂၀ ကျော်အရွယ် အမျိုးသားနဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ အမျိုးသားဟာ ဆီးရီးယားမှာ IS နဲ့သွားပေါင်းဖို့ စီစဉ်နေတယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပြီး၊ အမျိုးသမီးက ဆီးရီးယားမှာရှိတဲ့ မလေးရှား တိုက်ခိုက်ရေးသမားတွေကို ငွေကြေးထောက်ပံ့ပေးနေသူ ဖြစ်ပါတယ်။

    ဖမ်းဆီးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးဟာ အင်ဒိုအခြေစိုက် စစ်သွေးကြွအဖွဲ့တွေဖြစ်တဲ့ NII၊ JAD တို့ ဆက်နွယ်မှုရှိသူတွေလို့ ဆိုပါတယ်။ သူတို့အထဲက ၁ ဦးဟာ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒုန်မြို့မှာ NII ရဲ့ စစ်သင်တန်းပေးခြင်းကို ခံထားရသူပါ။

    မလေးရှားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်နွယ်တဲ့လူတွေကို တိုးမြှင့်ဖမ်းဆီးမှုတွေ ပြုလပ်ခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်မှာ IS အကြမ်းဖက်အဖွဲ့ရဲ့ ပထမဆုံး တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဆီလန်ဂေါပြည်နယ်က ညကလပ်တစ်ခုကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ လူသေဆုံးမှု မရှိပေမယ့် ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Aljazeera

  • ဘာသာလူမျိုးပေါင်းစုံ ညီညွတ်ကြဖို့ မလေးဘုရင် တိုက်တွန်း

    ဘာသာလူမျိုးပေါင်းစုံ ညီညွတ်ကြဖို့ မလေးဘုရင် တိုက်တွန်း

    ဇူလိုင် ၁၇၊ ၂၀၁၈
    M-Media

    မလေးဘုရင် ဆူလ်တန် မိုဟာမက် ၅

    – တိုင်းပြည်အတွင်း လူမျိုးရေးဆိုင်ရာ မကျေနပ်မှုတွေ မြင့်တက်လာမှုကို ထိန်းသိမ်းကြဖို့ မလေးရှားဘုရင်က တိုက်တွန်းလိုက်ပါတယ်။

    မလေးရှားအစိုးရသစ်ရဲ့ ပထမဆုံး လွှတ်တော်မိန့်ခွန်းအတွင်း ဘုရင် ဆူလ်တန် မိုဟာမက် ၅ က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး တိုင်းပြည်ရဲ့ ‘ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှု’ ကို ‘နိုင်ငံသားတိုင်းက ထိန်းသိမ်းပြီး ခိုင်မာအောင် လုပ်ဆောင်ဖို့’ တိုက်တွန်းခဲ့ပါတယ်။

    မလေးလူမျိုးတွေ လွှမ်းမိုးတဲ့ ညွန့်ပေါင်းပါတီ မေလရွေးကောက်ပွဲမှာ အရေးနိမ့်ပြီးတဲ့နောက် မလေးရှားနိုင်ငံမှာ လူမျိုးရေးဆိုင်ရာ မကျေနပ်မှုအသံတွေ ကျယ်ကျယ်လောလောင် ထွက်လာနေတာပါ။

    နိုင်ငံရဲ့ ၃၂ သန်းသော လူဦးရေမှာ မလေးလူမျိုးတွေက ၆၀ ရာခိုင်နှုန်းရှိပြီး တရုတ်နဲ့ အိန္ဒိယလူမျိုးတွေက ဒုတိယနဲ့ တတိယ လိုက်နေပါတယ်။

    ၁၉၅၇ ခုနှစ် ဗြိတိသျှထံကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ Barisan Nasional ညွန့်ပေါင်းပါတီဟာ မေလ ၉ ရက်နေ့ ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့ပါတယ်။ Barisan Nasional မှာ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရဲ့ မလေးအခြေပြုပါတီ UMNO က အဓိက အမာခံအဖွဲ့ဖြစ်ပါတယ်။

    Barisan Nasional ဟာ မလေးလူမျိုးတွေရဲ့ အခွင့်အရေးကို ဦစားပေးတဲ့ပါတီဖြစ်ပြီး သူတို့ အုပ်စိုးမှုလက်အောက်မှာ မလေးလူမျိုးတွေဟာ အစိုးရအစီအစဉ်နဲ့ မျက်နှာသာပေးမှုကို ပိုမိုရရှိခဲ့ပါတယ်။

    ဒါပေမယ့် မဟာသီယာ မိုဟာမက် ဦးဆောင်တဲ့ အခုအစိုးရသစ်ဟာ မလေးလူမျိုးတွေရဲ့ အခွင့်ထူးခံစားရမှုကို ပျက်ဆီးစေလိမ့်မယ်လို့ အတိုက်အခံဖြစ်လာတဲ့ UMNO က လှုံ့ဆော်လာပါတယ်။ မဟာသီဟာ UMNO ပါတီဝင်ဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။

    လက်ရှိအစိုးရဟာ တရုတ်အလယ်တန်းကျောင်းက စစ်တဲ့ စာမေးပွဲကို တရားဝင် အသိအမှတ်ပြုမယ့်ကိစ္စဟာ နိုင်ငံရဲ့ မလေးအမှတ်သညာကို ထိခိုက်စေမယ်လို့ UMNO ထောက်ခံသူတွေက စိုးရိမ်နေပြီး၊ ဗလီတွေကိုပေးတဲ့ ထောက်ပံ့ကြေးကို အခုအစိုးရသစ်က လျှော့လျမယ်လို့လည်း သူတို့က စွပ်စွဲနေကြပါတယ်။

    UMNO ရဲ့ အထူးကောင်စီအဖွဲ့ဝင် လွက္ကမန် အဒမ်ဟာ မနေ့က လွှတ်တော်အနီးမှာ ပါတီဝင် ၃၀၀ လောက်နဲ့ ဆန္ဒပြခဲ့ကြပြီး မလေးလူမျိုးတွေရဲ့ အခွင့်အရေး ဆုံးရှုံးနေတယ်၊ အစိုးရသစ်က အစ္စလာမ်သာသနာကို ဆိုးဆိုးရွားရွား ဆက်ဆံနေတယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဆန္ဒပြသူတွေဟာ “ဘုရင်ကြီး သက်တော်ရာကျော်ရှည်ပါစေ” “ဘုရားသခင်သည် ကြီးမြတ်သည်” စတဲ့ ကျွေးကြော်သံတွေကို ဟစ်အော်ခဲ့ကြပြီး လွှတ်တော်ဖက် ချီတက်ဖို့ ကြိုးစားမှုကို ရဲတပ်ဖွဲ့က တားဆီးကာ လူစုခွဲခဲ့ပါတယ်။

    Ref: CNA