News @ M-Media

Tag: Maldive

  • သမ္မတကို လုပ်ကြံမှုဖြင့် မော်လ်ဒိုက်ဒုတိယသမ္မတ အဖမ်းခံရ

    သမ္မတကို လုပ်ကြံမှုဖြင့် မော်လ်ဒိုက်ဒုတိယသမ္မတ အဖမ်းခံရ

    အောက်တိုဘာ ၂၄၊ ၂၀၁၅
    M-Media

    mal

    – ပြီးခဲ့သည့်လက မော်လ်ဒိုက်သမ္မတ စီးနင်းလိုက်ပါလာသည့် ရေယာဉ်တွင် ဗုံးပေါက်ကွဲမှုနှင့် ဆက်စက်၍ သံသယရှိမှုအတွက် ဒုတိယသမ္မတ အဟ်မဒ် အဒီဘ်ကို ဖမ်းဆီးလိုက်သည်ဟု ရဲတပ်ဖွဲ့က ယနေ့တွင် ကြေငြာလိုက်သည်။

    တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် နိုင်ငံသို့ပြန်အလာ လေဆိပ်၌ ယနေ့တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး၊ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားလိုက်ပြီဖြစ်သည်။

    သမ္မတ ယာမင်း အဘ်ဒူလ် ဂါယွမ်မှာ စက်တင်ဘာ ၂၈ ရက်နေ့က ဟဂ်ျဘုရားဖူးခရီးစဉ်မှ ပြန်လာပြီး လေဆိပ်မှ မြို့တော်ရှိရာကျွန်းသို့ အမြန်ရှပ်ပြေးရေယာဉ်ဖြင့် သွားရောက်စဉ် ရေယာဉ်ပေါ်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သမ္မတမှာ မည်သည့်ဒဏ်ရာမှ မရဘဲ လွတ်မြောက်ခဲ့သော်လည်း ၎င်း၏ ဇနီး၊ အကူနှင့် သက်တော်စောင့်တစ်ယောက်တို့မှာ ဒဏ်ရာရရှိခဲ့သည်။

    အာဏာပိုင်များကမူ စောစောပိုင်းက ထိုပေါက်ကွဲမှုမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် သမ္မတအား လုပ်ကြံရန်ကြိုးပမ်းမှုဟု သတ်မှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။

    ဗုံးကို သမ္မတ ပုံမှန်ထိုင်လေ့ရှိသည့် ရေယာဉ်ထိုင်ခုံအောက်တွင် ထည့်ထားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် သမ္မတမှာ ထိုနေရာတွင် ထိုင်နေခြင်း မရှိသောကြောင့် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

    ဒုတိယသမ္မတ အဒီဘ်မှာမူ သမ္မဂါယွမ်၏ အမာခံတစ်ဦးဖြစ်ပြီး၊ ပြီးခဲ့သည့် ဇူလိုင်လကပင် ထိုရာထူးကို ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အသက် ၃၃ နှစ်သာ ရှိသေးသည်။ ၎င်းအား ဒုတိယသမ္မတအဖြစ် ခန့်အပ်ရန်အတွက် လွှတ်တော်အမတ်များမှာ ဒုတိယသမ္မတ၏ အသက်ကို ၃၅ နှစ်မှ ၃၀ နှစ်သို့ လျော့ပေးခဲ့သည်။

    သို့သော်လည်း ပေါက်ကွဲမှုဖြစ်ပြီး သီတင်းပတ်အနည်းငယ်အကြာတွင် သမ္မတမှာ အဒီဘ်အား သံသယရှိလာခဲ့ပြီး ၎င်း၏နေအိမ်များ၊ ၎င်းနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများကို ၀င်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ကာကွယ်ရေးဝန်ကြီးနှင့် ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီးတို့ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ယခုအချိန်အထိ ခန့်အပ်ရခြင်းမရှိသေးပေ။

    Ref: Aljazeera