News @ M-Media

Tag: Mandalay Region

  • အာဆီယံမြို့ပြဆုများကို မြန်မာနိုင်ငံမှ မြို့တစ်ချို့ ရရှိ

    အာဆီယံမြို့ပြဆုများကို မြန်မာနိုင်ငံမှ မြို့တစ်ချို့ ရရှိ

    ဇန်နဝါရီ ၂၊ ၂၀၁၉
    M-Media

    တောင်ကြီးမြို့ ညမြင်ကွင်း

    -အရှေ့တောင်အာရှက အသန့်ရှင်းဆုံး၊ အစိမ်းလမ်းဆုံးနဲ့ ခရီးသွားတွေအတွက် အဆင်အပြေဆုံး မြို့တွေကို ရွေးချယ်ချီးမြှင့်တဲ့ဆုတွေကို မြန်မာနိုင်ငံက မြို့တစ်ချို့ ရရှိခဲ့ပါတယ်။

    ရှမ်းပြည်နယ်က တောင်ကြီး၊ ကယားပြည်နယ်က လွိုင်ကော်နဲ့ တနင်္သာရီတိုင်းဒေသကြီးက ထားဝယ်မြို့တွေဟာ သန်းရှင်းမှုနဲ့ ခရီးသွားဆိုင်ရာဆု Asean Clean Tourist City Standard ကို ရရှိခဲ့တာပါ။ ဒီဆုကို သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု၊ သန့်ရှင်းမှု၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ သဘာ၀ပတ်ဝန်းကျင်နှင့် သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးနိုင်မှု၊ စိမ်းလန်းတဲ့နေရာ၊ ကျန်းမာရေးနဲ့ လုံခြုံမှု၊ မြို့ပြဘေးအန္တရာယ်ကင်းမှုနှင့် လုံခြုံရေး၊ ခရီးသွားဆိုင်ရာ အခြေခံအဆောက်အဦး စတဲ့ အချက်အလက် ၇ ချက်နဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

    ဒီမြို့ ၃ မြို့ဟာ အခုနောက်ပိုင်းမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ စိတ်ဝင်မှုစားမှု မြင့်တက်လာတဲ့ မြို့တွေလည်း ဖြစ်ပါတယ်။

    တနင်္သာရီတိုင်းဒေသကြီးက မြိတ်မြို့ဟာ မြို့ပြဆိုင်ရာ ခရီးသွားကဏ္ဍဆုကို ရရှိခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးက မြိုင်မြို့ကတော့ ကျေးလက်ဆိုင်ရာ ခရီးသွားကဏ္ဍဆုကို ရရှိခဲ့ပါတယ်။

    ဆုတွေကို ဇန်နဝါရီလ ၁၆ ရက်နေ့ ဘရူးနိုင်းမှာ ကျင်းပပြုလုပ်မယ့် အာဆီယံခရီးသွားဖိုရမ်မှာ ချီးမြှင့်မှာဖြစ်ပြီး မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာမြို့တွေက တာဝန်ရှိသူတွေ တက်ရောက်ဖို့ ရှိနေပါတယ်။

    ၂၀၁၈ ခုနှစ်တုန်းကလည်း ရှမ်းပြည်နယ် ကလောမြို့၊ မန္တ‌လေးတိုင်းဒေသကြီး ပုဂံနဲ့ ပြင်ဦးလွင်မြို့တွေဟာ Asean Clean Tourist City Standard ဆုကို ရရှိခဲ့ပါတယ်။

    Ref: Irrawaddy English

  • မြန်မာနိုင်ငံတွင်ဖြန့်သည့် China Today မဂ္ဂဇင်းတွင် အချုပ်အခြာကိုထိပါးသည့်ပုံရိပ် ပါဝင်နေ

    မြန်မာနိုင်ငံတွင်ဖြန့်သည့် China Today မဂ္ဂဇင်းတွင် အချုပ်အခြာကိုထိပါးသည့်ပုံရိပ် ပါဝင်နေ

    စက်တင်ဘာ ၁၇၊ ၂၀၁၉
    M-Media

    Photo Credit – ဧရာဝတီ

    -မြန်မာနိုင်ငံမှာဖြန့်တဲ့ တရုတ်လစဉ်ထုတ်မဂ္ဂဇင်း China Today ရဲ့ မျက်နှာဖုံး မန္တလေးနန်းတော်ပုံကို ဖော်ပြခဲ့ရမှာ တိုင်းပြည်ရဲ့ အချုပ်အခြာကို ထိပါးသလို ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။

    ဇွန်လထုတ် မဂ္ဂဇင်းရဲ့ မျက်နှာဖုံးကာဗာမှာ မန္တလေးနန်းတော်ရဲ့နံရံကို ဖော်ပြခဲ့တာဖြစ်ပြီး ကျုံးရေမှာ ထင်နေတဲ့ ပုံရိပ်ကို တရုတ်နန်းတော်နံရံအဖြစ် ဖော်ကျူးခဲ့ပါတယ်။ ဒီပုံဟာ တရုတ်- မြန်မာဆက်ဆံရေးအကြောင်း ဆောင်းပါးကို သရုပ်ဖော်ထားတာပါ။

    ‘မြနန်းစံကျော် ရွှေနန်းတော်’ လို့ အမည်ပေးထားတဲ့ မန္တလေးနန်းတော်ဟာ မြန်မာနိုင်ငံ အချုပ်အခြာအာဏာရဲ့ အမှတ်သညာဖြစ်တာကြောင့် ဒီပုံက တိုင်းပြည်ရဲ့ အချုပ်အခြာကို ထိပါးရာရောက်တယ်လို့ဆိုကာ မြန်မာနိုင်ငံသားတွေက ဆိုရှယ်မီဒီယာတွေမှာ ဝေဖန်ရေးသားမှုတွေ ပြုလုပ်နေကြပါတယ်။

    မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းနေပြည်တော်ဖြစ်တဲ့ မန္တလေးကို ယဉ်ကျေးမှုနဲ့ စီးပွားရေးအချက်အချာနေရာအဖြစ် မှတ်ယူကြပြီး တရုတ်နိုင်ငံကို ၀င်ပေါက်လည်း ဖြစ်ပါတယ်။

    မန္တလေးမှာ တရုတ်နိုင်ငံကနေ ရွှေ့ပြောင်းဝင်ရောက်လာသူတွေ အမြောက်အများရှိနေပြီး အများစုက ၁၉၈၀ ပြည့်နှစ်တွေမှာ ၀င်ရောက်လာကြတာဖြစ်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုတွေနဲ့ ကြုံတွေ့နေရတဲ့ အဲဒီအချိန်က မန္တလေးမြို့ရဲ့ အစိတ်အပိုင်းတော်တော်များများ မီးလောင်သွားပြီး ဒေသခံတွေက ပြန်လည်ထူထောင်စရာ ငွေကြေးမရှိတာကြောင့် မြို့လယ်ကောင်က သူတို့ရဲ့ မြေတွေ၊ အဆောက်အဦးတွေကို တရုတ်က ၀င်ရောက်လာသူတွေထံ ရောင်းချခဲ့ကြပါတယ်။

    “တရုတ်အခြေချသူတစ်ချို့က မြို့ရဲ့ဥပဒေတွေကို မလိုက်နာကြဘူးဗျ။ တော်တော်များများက
    ရန်လိုတဲ့ပုံစံမျိုး ဖြစ်လာတယ်။ မန္တလေးနဲ့ နိုင်ငံတစ်ဝှမ်းမှာ ပြည်သူတော်တော်များများက တရုတ်တွေကို မကြိုက်ကြဘူး။ အစိုးရကတော့ တရုတ်နဲ့ နှစ်နိုင်ငံဆက်ဆံရေး မြင့်မားအောင် ကြိုးစားဆောင်ရွက် နေတယ်” လို့ မန္တလေးအခြေစိုက် စာရေးဆရာ ဆူးငှက်က ပြောကြားခဲ့ပါတယ်။

    တရုတ်ရဲ့ လွှမ်းမိုးလာမှုပြဿနာက မြန်မာနိုင်ငံမှာ ထိလွယ်ရှလွယ်တဲ့ကိစ္စ ဖြစ်တယ်ဆိုတာကို China Today မဂ္ဂဇင်းအနေနဲ့ သိထားသင့်ကြောင်း၊ တရုတ်နိုင်ငံက လုပ်ဆောင်တဲ့ စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ အငြင်းပွားဖွယ် ဖြစ်နေပြီး ပြည်သူလူထုရဲ့ ဝေဖန်မှုကို ခံနေရကြောင်း သူက ထောက်ပြခဲ့ပါတယ်။

    မန္တလေးဒေသခံတွေက နန်းတော်နံရံကို တိုင်းပြည်ရဲ့ အချုပ်အခြာ၊ ယဉ်ကျေးမှု အမွေအနှစ်ရဲ့ အခြေခံအမှတ်သညာလို့ ယူဆထားတာကြောင့် ဒီပုံဟာ မန္တလေးပြည်သူတွေကို စိတ်ထိခိုက်စေတယ် လို့လည်း စာရေးဆရာ ဆူးငှက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ဟာ အိမ်နီးချင်းကောင်းတွေဖြစ်ပြီး ဒီဓာတ်ပုံကြောင့် ဆက်ဆံရေး ထိခိုက်မှာကိုကျွန်တော်တို့ မလိုလာပါဘူး။ ဒီပုံကို ဘာ့ကြောင့် အသုံးပြုခဲ့လဲဆိုတာ မဂ္ဂဇင်းက ရှင်းပြသင့်တယ်လို့ ကျွန်တော်ထင်တယ်”

    China Today မဂ္ဂဇင်းကို မြန်မာနိုင်ငံက တရုတ်သံရုံးနဲ့ China Radio International ရဲ့မြန်မာပိုင်းအစီအစဉ်တို့က ပူးပေါင်းစီစဉ် ရိုက်နှိပ်တာဖြစ်ပါတယ်။ မြန်မာလိုထုတ်ဝေတဲ့ အဲဒီမဂ္ဂဇင်းကို မြန်မာနိုင်ငံက တရုတ်လူမျိုးတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွား အေဂျင်စီတွေကို ဖြန့်ဝေပေးပါတယ်။

    အဲဒီမဂ္ဂဇင်းမှာ မြန်မာနိုင်ငံနဲ့ ဒေသတွင်းက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီမံကိန်းတွေကို လော်ဘီလုပ်ပေးတဲ့ ဆောင်းပါးတွေ ရံဖန်ရံခါ ပါဝင်တတ်ပါတယ်။

    China Today နဲ့ မြန်မာနိုင်ငံက တရုတ်သံရုံးတို့ကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ဘူးလို့ ဧရာဝတီသတင်းစာက ထည့်သွင်းဖော်ပြထားပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • ၂၀၁၉ ခုနှစ်တွင် ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့သည့် နေရာ ၇ ခု

    ၂၀၁၉ ခုနှစ်တွင် ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့သည့် နေရာ ၇ ခု

    ဇူလိုင် ၇၊ ၂၀၁၉
    M-Media

    -ကမ္ဘ္ဘာပေါ်က ရှေးဟောင်းသမိုင်းဝင် ဒေသတွေ ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းသွင်းမှုကို ကုလရဲ့ UNESCO အဖွဲ့က နှစ်စဉ် ပြုလုပ်လေ့ရှိပြီး ဒီနှစ်မှာတော့ မြန်မာနိုင်ငံက ပုဂံရှေးဟောင်းမြို့တော် အပါအ၀င် နေရာတစ်ချို့ဟာ အမွေအနှစ်စာရင်း ၀င်ခဲ့ပါတယ်။

    စာရင်းဝင်ဖို့ တင်သွင်းထားတဲ့ နေရာ ၃၆ ခုကို ဇူလိုင်လ ၁၀ ရက်နေ့အထိ အဇာဘိုင်ဂျန်နိုင်ငံ မြို့တော်ဘာကူမှာပြုလုပ်တဲ့ UNESCO ရဲ့ ၄၃ ကြိမ်မြောက် အစည်းအဝေးမှာ ရွေးချယ်တာဖြစ်ပြီး ဇူလိုင်လ ၇ ရက်နေ့အထိ ကမ္ဘ္ဘာတစ်ဝှမ်းက နေရာ စုစုပေါင်း ၇ ခု စာရင်းဝင်ခဲ့ပါတယ်။

    ၁။ ပုဂံရှေးဟောင်းမြို့တော်

    မြန်မာနိုင်ငံက သမိုင်းအစဉ်အလာကြီးမားပြီး အထင်ကရလည်းဖြစ်တဲ့ ပုဂံမြို့ဟာ ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ၂၅ နှစ်လောက် စောင့်ဆိုင်းခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ်ကတည်း ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ စာရင်းတင်ထားခဲ့ပေမယ့် အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရကာ ဒီနှစ်မှ ရွေးချယ်ခံရတာပါ။

    မြန်မာရာဇ၀င်တွေမှာ ပုဂံကို အေဒီ ၂ ရာစုလောက်ကတည်းက စတင် တည်ထောင်တယ်လို့ ဖော်ပြပေမယ့်၊ သမိုင်းပညာရှင်တွေက ၉ ရာစုလောက်ကမှ ပေါ်လာတာလို့ အခိုင်အမာ ဆိုကြပါတယ်။ ၉ ရာစုကနေ ၁၃ ရာစုလောက်အထိ တန်ခိုးထွားခဲ့တဲ့ မြန်မာဘုရင်တွေရဲ့ မင်းနေပြည်တော်အဖြစ်လည်း ပုံဂံက အသုံးတော်ခံခဲ့ပါတယ်။

    လက်ရှိ မြန်မာနိုင်ငံမှာ ရှေးဟောင်းသမိုင်းဝင်နေရာအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ပုဂံမှာ စေတီပုထိုးနဲ့ အခြား အထိမ်းအမှတ်အဆောက်အဦးပေါင်း ၃၅၀၀ ကျော် ရှိနေပါတယ်။ ရှေးဟောင်း ရေပေးဝေရေးစနစ်လို လက်ရာတွေ ပုဂံမှာ ရှိနေသလို၊ ၂၀၁၆ ခုနှစ် ငလျင်ကြောင့် သမိုင်းဝင်အဆောက်အဦးတစ်ချို့ ပျက်ဆီးခဲ့ရပါတယ်။

    ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းမှာ ရှိနေရေးအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လည်း မြန်မာအစိုးရက သဘောတူထားပါတယ်။

    ၂။ အိုက်စလန်က အမျိုးသားပန်းခြံ

    အိုက်စလန်နိုင်ငံ အကျယ်အ၀န်းရဲ့ ၁၄ ရာခိုင်နှုန်းရှိတဲ့ Vatnajökull အမျိုးသားပန်းခြံဟာလည်း အခုနှစ် ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

    ဒီပန်းခြံမှာ ရေခဲပြင်ကြီးတွေ၊ ရင်သပ်ရှုမောစရာကောင်းတဲ့ သဘာဝရှုခင်းတွေရှိပြီး မီးတောင်တွေရှိရာ နေရာလည်းဖြစ်ပါတယ်။ ဧရိယာနဲ့ ပမာဏအရ ဥရောပရဲ့ အကြီးဆုံး ရေခဲပြင်အဖြစ် မှတ်တမ်းဝင်ပါတယ်။

    ၃။ ပြင်သစ်ကျွန်းစု

    ကမ္ဘ္ဘာ့အမွေအနှစ် စာရင်းမှာ ပါဝင်လာတဲ့ ပြင်သစ်နိုင်ငံက Austral ကျွန်းစုဟာ နိုင်ငံတောင်ပိုင်း တောင်ပစိဖိတ် သမုဒ္ဒရာမှာရှိနေတဲ့ ကျွန်းစုလေး ဖြစ်ပါတယ်။

    King Penguins လို နာမည်ကျော် ပင်ဂွင်းငှက်တွေ အပါအ၀င် ငှက်တွေ၊ ရေနေ နို့တိုက်သတ္တဝါ အမြောက်အများ ရှိတဲ့အတွက် နာမည်ကျော်နေရာတစ်ခု ဖြစ်ပါတယ်။

    ၄။ အိန္ဒိယကမြို့

    အိန္ဒိယနိုင်ငံမြောက်ပိုင်း ရာဂျက်စတန်ပြည်နယ်က ဂျိုင်ပူးရ်မြို့ဟာ ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းမှာ ပါဝင်လာပါတယ်။

    ၁၇၂၇ ခုနှစ်က တည်ထောင်ခဲ့တဲ့ ဂျိုင်းပူးရ်မြို့ဟာ အိန္ဒိယမှာ ပဒေသရာဇ်ဘုရင်တွေ စနစ်တကျ စီမံကိန်းစွဲ တည်ဆောက်ခဲ့တဲ့ အစောဆုံးမြို့တွေထဲက တစ်မြို့ပါ။ သမိုင်းဝင်အဆောက်အဦးတွေ အမြောက်အများရှိပြီး အဆောက်အဦးတွေမှာ အသုံးပြုထားတဲ့ အရောင်ကြောင့် ‘ပန်းရောင်မြို့’ လို့ နာမည်ကျော်ပါတယ်။

    ရာဂျက်စတန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး အိန္ဒိယမှာ ကမ္ဘ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ၅။ ဂျပန်က ဂူသင်္ချီုင်း

    ဂျပန်နိုင်ငံ အိုဆာကာပြည်နယ်မှာရှိတဲ့ Daisen Kofun ဂူသင်္ချီုင်းဟာ အေဒီ ၃ ရာစုကနေ ၆ ရာစုအတွင်းမှာ ဖြစ်ပေါ်လာတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

    ရှေးဟောင်းဂူဗိမာန် ၄၉ ခုရှိပြီး ဧရိယာအားဖြင့် ကမ္ဘ္ဘာပေါ်မှာ အကြီးမားဆုံး သင်္ချီုင်းလည်း ဖြစ်ပါတယ်။

    ၆။ အီရတ်ကမြို့

    အီရတ်က ဘေဘီလုံမြို့ ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းမှာ ပါဝင်ဖို့အတွက် ဆယ်စုနှစ်ချီ ကြိုးပမ်းခဲ့ရပါတယ်။

    ဘေဘီလုံဟာ ဘီစီ ၁၈ ရာစုကနေ ၆ ရာစုလောက်အထိ ရှေးဟောင်း မက်ဆိုပိုတေးမီးယားရဲ့ အဓိကမြို့တော် ဖြစ်ခဲ့ပါတယ်။ အီရတ်နိုင်ငံရဲ့ နိုင်ငံရေး မတည်မငြိမ်မှုဒဏ်ကို ဘေဘီလုံမြို့လည်း ခံစားခဲ့ရပြီး ရှေးဟောင်းလက်ရာတွေ ထိခိုက်ပျက်ဆီးမှု ရှိခဲ့ပေမယ့် လက်ရှိမှာတော့ အီရတ်အစိုးရက ပြန်လည်ပြုပြင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

    ၇။ လာအိုက မြေပြန့်လွင်ပြင်

    ကမ္ဘ္ဘာ့ အမွေအနှစ်စာရင်း ၀င်ခဲ့တဲ့ Megalithic Jar မြေပြန့်လွင်ပြင်ဟာ လာအိုနိုင်ငံအလယ်ပိုင်းမှာ တည်ရှိပါတယ်။

    အဲဒီလွင်ပြင်မှာ ပြွန်ပုံစံရှိတဲ့ ကျောက်တုံး ထောင်ချီ ရှိနေပြီး လျှို့ဝှက်နက်နဲမှုတွေနဲ့ ပြည့်နေတာပါ။ သမိုင်းပညာရှင်တွေကတော့ ဒီကျောက်တုံးတွေဟာ သံခေတ်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး အသုဘအတွက် အသုံးပြုတာ ဖြစ်တယ်လို့ ကောက်ချက်ချကြပါတယ်။

    Ref: BBC, Wiki

  • မန္တလေးမှ ရဲအရာရှိ ၄ ဦး လာဘ်ငွေယူမှုဖြင့် တရားစွဲခံရ

    မန္တလေးမှ ရဲအရာရှိ ၄ ဦး လာဘ်ငွေယူမှုဖြင့် တရားစွဲခံရ

    ဇွန် ၁၇၊ ၂၀၁၉
    M-Media

    ရဲတပ်ဖွဲ့ဝင်များ (Photo Credit – Irrawaddy)

    -မန္တလေးမြို့က ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ခြစားမှုတိုက်ဖျက်ရေးစွဲချက်နဲ့ တရားစွဲဆိုထားတယ်လို့ မြန်မာနိုင်ငံ ခြစားမှုတိုက်ဖျက်ရေးကော်မရှင် ACC က သောကြာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ချမ်းအေးသာဇံမြို့နယ် ရဲစခန်းက စခန်းမှူး ဗိုလ်ကြီး ကျော်သူနဲ့ မန္တလေးမြို့ အမှတ် ၃ ရဲစခန်းက ဗိုလ် ကျော်နိုင်ဦးတို့ဟာ မတူညီတဲ့ အမှုနှစ်ခုမှာ သံသယရှိသူ ၂ ယောက်ကို အာမခံနဲ့ လွှတ်ပေးရေးအတွက် လာဘ်ငွေ ၂၅ သိန်းကျော် ရယူခဲ့တာဖြစ်တယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    “စခန်းမှူး ကျော်သူဟာ ဆက်သွယ်ရေး ပုဒ်မ-၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ သံသယရှိသူတစ်ယောက်ကို အမာခံနဲ့ လွှတ်ပေးဖို့အတွက် ကျပ်ငွေ ၂၅ သိန်း တောင်းခံခဲ့ပြီး ဒု-ဗိုလ် ကျော်နိုင်ဦးက အခြားအမှုအတစ်ခုမှာ ကျပ်ငွေ ၁ သိန်းခွဲ ရယူခဲ့ပါတယ်”

    စခန်းမှူးကျော်သူဟာ ငွေကျပ် သိန်း ၁၀၀ ပေးရင် အမှုရုပ်သိမ်းပေးမယ်လို့ အဲဒီဒီအမှုမှာပဲ သံသယရှိသူကို ပြောကြားခဲ့ပါတယ်။

    လောင်းကစားမှုနဲ့ပတ်သက်တဲ့ အခြားအမှုတစ်ခုမှာတော့ ရဲတပ်ဖွဲ့ ဗိုလ်မှူး သိန်းနိုင်နဲ့ ဗိုလ် ထွန်ထွန်းလင်းတို့ဟာ ဖမ်းဆီးခံထားရတဲ့ လူငယ်ထံကနေ ငွေကျပ် ၁၀ သိန်း တောင်းခံခဲ့တယ်လို့ ကော်မရှင်က ပြောကြားခဲ့ပါတယ်။

    ကနဦး စုံစမ်းစစ်ဆေးမှူတွေအရ တရားစွဲဆိုဖို့အတွက် လုံလောက်တဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့တာကြောင့် ခြစားမှုတိုက်ဖျက်ရေး ပုဒ်မ ၅၆ နဲ့ တရားစွဲဆိုထားတယ်လို့ ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်က ဖော်ပြထားပါတယ်။ လက်ရှိမှာ ဗိုလ် ကျော်နိုင်ဦးနဲ့ ဗိုလ် ထွန်းထွန်းလင်းတို့ကို ဖမ်းဆီးထားပြီး ဗိုလ်ကြီး ကျော်သူက လွတ်မြောက်နေပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • မန္တလေးတွင် အထည်ချုပ် စက်မှုဇုန်သစ် တည်ဆောက်မည်

    မန္တလေးတွင် အထည်ချုပ် စက်မှုဇုန်သစ် တည်ဆောက်မည်

    မေ ၂၂၊ ၂၀၁၉
    M-Media

    Photo Credit – hotels-myanmar.com

    -မန္တလေးမြို့မှာ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နဲ့ ပူးပေါင်းပြီး အ
    ထည်ချုပ် စက်မှုဇုန်တစ်ခု တည်ထောင်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်
    ဦးဇော်မြင့်မောင်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံမြောက်ပိုင်းက စီးပွားရေး အခြေအနေနဲ့ပတ်သက်ပြီး EU က ကမကထပြု ကျင်းပတဲ့ ဖိုရမ်မှာ ၀န်ကြီးချုပ်က ဒီလို ပြောဆိုခဲ့တာပါ။

    “အဲဒီ အထည်ချုပ် စက်မှုဇုန်ဟာ လူပေါင်း ၅ သောင်းလောက်ကို အလုပ်ပေးနိုင်မှာဖြစ်ပြီး အချို့စီးပွားရေးလုပ်ငန်းတွေကလည်း ဒီစက်မှုဇုန်မှာ လာရောက်လုပ်ကိုင်ဖို့ စာရင်းပေးထားကြပါပြီ။ JICA နဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ”

    စိုက်ပျိုးရေး၊ အထည်ချုပ်နဲ့ အခြားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို မန္တလေးတိုင်းဒေသကြီးက ကြိုဆိုကြောင်း၊ လက်ရှိမှာ နိုင်ငံခြားရင်းနှီးမြှုပ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံဖိုးရှိပြီး၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏက ကျပ် ၅.၀၇ ထရီလီယံရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ နိုင်ငံသား၊ နိုင်ငံခြားသားတွေကို တန်းတူအခွင့်အရေး ပေးထားကြောင်း ၀န်ကြီးချုပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    လက်ရှိ မန္တလေးတိုင်းဒေသကြီးမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အဓိကဖြစ်နေပေမယ့် ဥရောပနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်မှုတွေလည်း ရှိနေကာ မန္တလေးဟာ နိုင်ငံရဲ့ စီးပွားရေး ဒုတိယမောင်းနှင်းအားဖြစ်လာဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

    ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ကရစ္စတီယန် ရှမစ်က မန္တလေးရဲ့ စီးပွားရေးဟာ တိုးတက်မှု မြန်ဆန်နေပြီး ဥရောပတိုင်းပြည်တွေအတွက် အခွင့်အလမ်းကောင်းတွေ တော်တော်များများ ရှိတယ်လို့ ဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)