News @ M-Media
Tag: MaungLuNge
  • ကုလား ကုလား ကုလား
    ကုလား ကုလား ကုလား
    နိုဝင်ဘာ ၂၉ ၊ ၂၀၁၂
    M-Media
    မောင်လူငယ်
    “ကုလား” ဆိုတဲ့အသုံးအနှုန်းကိုသတင်းအချက်အလက် ဆက်သွယ်ရေးနဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ တွေ့နေ၊မြင်နေ၊ ပြောနေကြသည်မှာ အတော်ပင် နေရာယူထားသည်မှာ အထင်အရှားပင်ဖြစ်သည်။
    တောင်ကုတ်လူသတ်မှု အဖြစ်အပျက်ပြီးနောက် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါ အချက်အလက်များသည် မြန်မာပြည်ဖွား အခြားဘာသာဝင်များကို အတိအလင်း စော်ကားလိုက်သလို ဖြစ်သွားစေခဲ့သည်။ အသုံးအနှုန်းကတော့ “မွတ်ဆလင်ကုလား” တဲ့။ ထို့အသုံးအနှုန်းသည် ၀မ်းနည်းစရာပင်ဖြစ်သည်။ နောက်ပိုင်းတွင် ခရစ်ယာန်ကုလား၊ အစ္စလာမ့်ကုလား၊ ဟိန္ဒူကုလား၊ ဗုဒ္ဓ ကုလားနဲ့ နတ်ကုလား စသည် အသုံးအနှုန်းများ မွေးဖွားလာမည်ကိုလည်း စိုးရိမ်မိပါသည်။
    နောက်ပိုင်း အစိုးရမှာ ထည့်သွင်းဖော်ပြထားသော အကြောင်းအရာ မှားယွင်းကြောင့် ပြင်ဆင် ဖော်ပြထားလေသည်။ ပြင်ဆင်လိုက်တဲ့ အသုံးအနှုန်းကတော့ “ပြည်တွင်းနေ အစ္စလာမ့်ဘာသာဝင်” တဲ့။ ဒါဟာ သဘာထားမမှန်တာဘဲ။ ကြည်လိုက်ရင်တော့ မသိသာပေးမဲ့ နက်နက်ရှိုင်းရှိုင်း တွေးကြည်ဖတ်ကြည့်တော့မှ ပြည်တွင်းမှာ အစ္စလာမ့်ဘာသာကို ကိုးကွယ်ကြတဲ့ မြန်မာတိုင်းရင်းသားတွေကို ဒီနိုင်ငံ၊ ဒီမြေမှာ ပေါက်ဖွားလာတဲ့ နိုင်ငံသားများအဖြစ် အသိအမှတ်ပြုလိုက်တာ မဟုတ်ဘဲ တရားဝင် နိုင်ငံခြားသားများဖြစ်ကြောင့် အတိအလင်း ကြေငြာလိုက်တာဖြစ်သလို့ တချို့ တိုင်းပြည်ခေါင်းဆောင် ၊၀န်ကြီးနဲ့ လူလေးစားရတဲ့ ပုဂိုလ်တွေမှာ အစ္စလာမ် ဆန့်ကျင်ရေး စိတ်ဓာတ်ကိန်းအောင်း နေတယ်ဆိုတာ သူတို့ပါးစပ်က မပြောပေးမဲ့ စိတ်ထဲမှာ ရှိနေမှန်း ၀မ်းနည်းစရာပါဘဲ။
    သို့သော် ကုလား ဟူသော အသုံးအနှုန်းနှင့် ပတ်သက်ပြီး အတိတ်ခေတ်နှင့် ယနေ့ခေတ် အခေါ်အဝေါ် အသုံးအနှုန်း ပြောင်းလဲ ရွေလျားလာသည်ကို ရှင်းပြလို့ပါသည်။
    ဥပမာ – သူငယ်တော်။ မင်းညီမင်းသားများနှင့် ကစားဖော်၊ ကစားဖက်ကို သူငယ်တော်ဟု ခေါ်ဝေါ်ခဲ့ရာမှာ အချိန်ကာလ ကြာမြင့်ပြီး စကားလုံး အသုံးအနှုန်း ခေတ်အလိုက်ပြောင်းလဲလာရာ ကုန်းဘောင်ခေတ်တွင် နန်းတွင်းရှိ အညစ်အကြေးများကို သိမ်းကျူံး ရှင်းလင်းရသူလို့ အဓိပ္ပာယ်ဖြစ်သွားခဲ့ပါသည်။
    အတိတ်ခေတ် ကာလတုန်းက ကုလားဆိုတာ လာခြင်းကောင်းသောသူ ကုလအမျိုးလို့ အဓိပ္ပာယ်ပေါ်တယ်။ မြန်မာရာဇ၀င် သမိုင်းမှာလည်း ဟံသာဝတီ ပဲခူး ပါးစပ်ရာဇ၀င်အရ အသားမင်းသားနှင့် ကုလားတို့ အငြင်းအခုံပြုရာမှာ သိကြားမင်း အဆုံးအဖြတ်ပေး။ ပုဂံခေတ်တွင် ဗျက်ဝိ၊ ဗျတ္တ၊ ကုလားကျမင်းမှ အစ ဦးကုလား မဟာရာဇ၀င်၊ ကုလားဝန်၊ မြန်မာတို့ နေ့စဉ်သုံးစွဲနေသော စားဝတ်နေရေးတွင်လည်း ကုလား အသုံးအနှုန်းပါသည်ကို သိရှိသူ နည်းပါးလှသည်။
    ဒူးရင်းသီး (မလေး)၊ အရက်(အာရေဗျ)၊ ရေဒီယို (အင်္ဂလိပ်)၊ လောက၊ဘ၀နဲ့ မေတ္တာ (ပါဠိ) တို့သည်လည်း မြန်မာဘာသာ စကားတွင် တင့်တယ်နေသည်မှာ နှစ်များစွာ ကြာခဲ့ပြီး ဖြစ်လေသည်။ မာလာ၊ သီတာ၊ သူဇာ၊ သီဟ၊ သူရ စသည် မြန်မာတို့မှည့်ခေါ်နေသော နာမည်များသည်လည်း ကုလားနာမည်ပင်ဖြစ်သည်။  မြန်မာဘာသာစကားသည် အိန္ဒိယတောင်ပိုင်း ကုလား အက္ခရာကို အတုယူပြီး မြန်မာတို့ ကိုယ်ပိုင် အက္ခရာကို တီထွင်ဖော်ထုတ်ထားခြင်းဖြစ်သည်။ မြန်မာဘာသာစကား ရာစုနှစ်များစွာအတွင်း မွန်ဘာသာစကား၊ ပျူဘာသာစကား၊ ပါဠိဘာသာစကားနဲ့ အိန္ဒိယတောင်ပိုင်းသုံး ကုလား ဘာသာစကားတို့ ပေါင်းစပ် ရောထွေးသွားရာမှာ ယနေ့တွင် မြန်မာဘာသာ စကားအဖြစ် စကားလုံးကြွယ်ဝပြီး ဂုဏ်ယူဝင့်ကြွားစွာ ရှိနေပေသည်။
    ယနေ့ခေတ်တွင် ကုလားဆိုတဲ့ အသုံးအနှုန်းဟာ နိုင်ငံခြားသားတွေလို့ ခေါ်ဝေါ်နေတယ်လို့ ဒီနိုင်ငံရဲ့ တိုင်းရင်းသားတွေ မဟုတ်ဘူး။ ကိုးကွယ်ရာ ဘာသာတရားကို အကြောင်းပြုပြီး လူမျိုးခြား၊ ဘာသာခြားနဲ့ မျိုးမတူ ဇာတ်ခြားလို့ အပြောခံရ၊ အနှိမ့်ခံရတယ်လို့ ပြည်တွင်းမှာရှိတဲ့ မြန်မာမူဆလင် တယောက်က ကျနော်မောင်လူငယ်ကို ရင်ဖွင့်သွားတယ်။ ကျနော်တွင် စဉ်းစားစရာ ပေါ်လာလေသည်။
    ကျနော်မောင်လူငယ်ရဲ့ အဘိုးကလည်း တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသလို၊ စာရေးဆရာနဲ့  နိုင်ငံရေးသမားအဖြစ် ထင်ရှားခဲ့သလို  န၀တ၊ နအဖအစိုးရလက်ထက်  ၁၉၅၀ အရေးပေါ် အက်ဥပဒေ ပုဒ်မ ၅နဲ့ အဖမ်းခံရပြီး သေဆုံး ကွယ်လွန်ပြီးနောက်  အစိုးရအာဘော် သတင်းစာ အပတ်စဉ်ဆောင်းပါးတွင်လည်း ကုလားဒိန်ကြီး မောင်သော်က၊ ကုလားဒိန် တကောင်ကြောင့် တိုင်းပြည် ငါးပါးမှောက်၊ မောင်သော်ကဆိုတဲ့ ကုလားဒိန်ကြီး အင်းစိန်ထောင်ထဲမှာ ချီးပန်းပြီး သေသွားလေရဲ့ ဆိုတဲ့ အသုံးအနှုန်းနဲ့ အစော်ကားခံခဲ့ရပါတယ်။
    အခု ရခိုင်ပြသာနာ အရင်းခံကြောင့် ဘာအပြစ်မှမရှိတဲ့၊ ဘာမှမဆိုင်တဲ့ သူတွေကို နိုင်ငံခြားသားလို့ သတ်မှတ်ပြီး ဆဲနည်းပေါင်းစုံနဲ့ အဘက်ဘက်ကနေ အပြန်အလှန် တိုက်ခိုက်နေတာကို လူမှုကွန်ယက် စာမျက်နှာမှာ နေရာမလပ်အောင် တွေ့လိုက်ရပါတယ်။ တွေ့လိုက်ရတဲ့ ဆဲနည်းတွေက များမှ များလှတာ ဘုရားဟောကျမ်းထက် တောင် ပိုပြီးထူတယ်။ ပိုပြီး ပြည်စုံနေသလိုဘဲ။
    စောက်ကုလား အစ ကိုးကွယ်ရာ ဘာသာရဲ့ ဘုရားတွေကို ထည့်ဆွဲသွင်း ဆဲနေတာက တဖက်နဲ့ တဖက် ရှိသလို ကြားထဲက ချွန်တွန်းလုပ် မီးလောင်အောင် လုပ်ချင်တဲ့ တခြားဘာသာဝင် တွေလည်း ရှိသေးတာ အားလုံး သတိမမူ ဂူမမြင်ပါဘဲ။    ရှင်ကြီ ဂေါတမ မြတ်စွာဘုရားလည်း  သံသရာ မှ လွတ်မြောက်အောင် ငြိမ်းချမ်းစွာ တရားကျင့်ဖို့ လမ်းညွှန်ခဲ့တာဘဲ၊ တမန်တော် မိုဟမ္မဒ်သခင်လည်း အလ္လာဟ်အသျှင်ကို ယုံကြည်ပြီး အမိန့်နာခံဖို့ မိန့်မှာခဲ့တာဘဲ။  ဘာမဆိုင် ညာမဆိုင် ဆွဲထည့်နေတာက မဟုတ်တော့ဘူး။ ထားပါတော့ အတွေးအခေါ်နဲ့ အမြင်မကျယ်သေးတဲ့ အများစုကို ကျွန်ုပ်သည် ဘာများပြောနိုင်မည်နည်း။
    ကုလားဆိုတဲ့ အသုံးအနှုန်းကို ညစ်ညမ်းတဲ့စကားလုံးနဲ့ တွဲထည့်နေခြင်းကို ကျနော် တော်တော် အမြင်ကတ်လာသည်။ ဥပမာအနေဖြင့် လူကြီးတယောက်က “ဟဲ ကုလားလေး မင်းယာတဲ့ ကွမ်းယာက ကောင်းမှကောင်း။ ငါတောင် ငယ်မူပြန်သွားသလိုဘဲ”၊ ငယ်သူငယ်ချင်း နှစ်ယောက်ဆုံတွေ့တဲ့အခါ “ဟယ်တော့ မကုလားမရေ ဘယ်များပျောက်နေတာတုန်း၊ မတွေ့တာကြာပါ။ ၀လို့ လှလို့ ချောလို့ပါလား။ နင်နဲ့ ငါ စကားတောင်ကောင်းကောင်း မပြောရသေးဘူး။ ဟိုဘက်က မဘုတ်ကို ခေါ်ပြီး ငါအိမ်မှာ အေးအေးဆေးဆေးပြောကြရအောင်။” ဒီလိုသာ ပြောကြဆိုကြဆိုရင် ကုလားဆိုတဲ့ အသုံးအနှုန်းဟာ မရိုင်းဘူး။ ပြောသူက စိတ်သဘောထား ရိုးရိုးနဲ့ ခင်မင် လေးစားသမူဖြင့် ပြောဆိုသုံးစွဲတာဘဲ။ ဒါက အပြစ်မဟုတ်ဘူး။ အခုတော့ အပြစ်ဖြစ်ခဲ့ရပြီး အရှက်ခွဲ အိုးမည်းသုတ်လိုက်တယ်ဆိုတာ နည်းနည်းလေးမှ မစဉ်းစားမိဘူးလားလူကြီးမင်းတို့။
    ကုလားဆိုတဲ့ အဓိပ္ပာယ် အသုံးအနှုန်းဟာ အလွန်ကျယ်ပြန့်ပြီး သြဇာအာဏာလည်း ကြီးမားလှတယ်တဲ့အပြင် ကျေးဇူးပြုတာတွေက များမှ များတယ်ဆိုတာ ကျနော်မောင်လူငယ် ပြောပြလိုပါတယ်။
    မြန်မာအများစု ယုံကြည်သက်ဝင်စွာ ကိုးကွယ်နေတဲ့ ရှင်တော်ဂေါတမ မြတ်စွာဘုရားကလည်း အိန္ဒိယပြည်က မင်းမျိုးမင်းနွယ်ကုလားဘဲလေ။
    ဟိန္ဒူဘာသာဝင်တို့ရဲ့ ဘုရား ရာမ၊ ကရစ်သျှနား တို့ကလည်း မင်းမျိုးမင်းနွယ်ကုလားဘဲ။
    ခရစ်ယာန်ဘာသာဝင်တို့ ချစ်ကြတဲ့ ယေရှုကလည်း ဂျူးကုလားဘဲလေ။
    အစ္စလာမ်ဘာသာဝင်တို့ရဲ့ နောက်ဆုံးတမန်တော် မိုဟမ္မဒ် သခင်ကလည်း အာရပ်ကုလားဘဲ။
    မြန်မာပြည်သမိုင်းမှာ ဝေသာလီ၊ သရေခေတရာ၊ ဗီသာနိုး အစရှိတဲ့ မြို့တွေနာမည်က ကုလားနာမည်ဘဲ။ ရှင်တော်ဂေါတမမြတ်စွာ ဘုရားကလည်း ကုလားစကားနဲ့ တရားဟောခဲ့ပြီး ပါဠိ ဘာသာကလည်း ကုလားဘာသာစကားဘဲ။ ကောင်းတာလုပ်လုပ်၊ မကောင်းတာလုပ်လုပ် သွားရမယ်ခရီးမှာလည်း ဘုံနာမည်တွေက ကုလားနာမည် ရှိ/မရှိ  ရှာကြည်ပေါ့။
    နိုင်ငံရေး အစရှိတဲ့ တီတွင်မှု အကုန်လုံးက ကုလားတွေရဲ့ တီတွင်မှုရလဒ်ဘဲ။ အခုတောင် အင်တာနက်သုံးနေတာ ကုလားကျေးဇူးကြောင့် သုံးနေတာနော်။ နိုင်ငံတကာမှာ ကုလားစကား (အင်္ဂလိပ်) မသုံးရင် မရတော့တာ အထင်အရှားသက်သေဘဲ။
    အနောက်ပြည်က ကုလားပညာရေး အားကျလို့ သွားသင်နေတာ မသိဘူး မှတ်နေလား။ ကုလားတက္ကသိုလ်က ပေးတဲ့ဘွဲ့က နိုင်ငံတကာမှာ လူတွင်ကျယ် လုပ်လိုရတယ်ဆိုတာ ဇွတ်တရွတ်တော့ မငြင်းပါနဲ့။
    နောက်ဆုံးပိတ် ပြောရရင် မြန်မာပြည်မှာ ကုလားတွေ ကျေးဇူးပြုခဲ့တာ အများကြီးထဲက တခုလောက် ပြောပြလိုက်ချင်တယ်။ ပြည်တွင်းရောင်စုံ သူပုန်ထမှုကြောင့် ရန်ကုန်အစိုးရလို့ ခေါ်တဲ့ခေတ်ကာလမှာ အစိုးရအဖွဲ့ဝင်တွေ တယောက်ပြီး တယောက် ပြေးနေကြတာ တိုင်းပြည်အတွက် မြန်မာတပ်မတော်အတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း မီးကျောက်တွေကို အိန္ဒိယနိုင်ငံကို သွားပြီး ၀န်ကြီးချုပ် ဂျဝါဟာလာ နေရူးကို အာပေါက်အောင် ပြောပြီး ခက်ခက်ခဲခဲရအောင်၊ ရောင်းရင်းရဲဘော် ကိုကြီးနုကို စိတ်မပျက်အောင် ယူဆောင်လာပေးခဲ့တာ ကုလားရာရှစ်လေ။ သူဘာသာ အေးအေးနေလို့ ရရဲ့သားနဲ့ ဒီလိုမလုပ်ဘဲ ကိုယ်ချစ်တဲ့ မြတ်နိုးတဲ့ တိုင်းပြည်အတွက် ကြိုးစားဆောင်ရွက်ပေးတာနော် ကျေးဇူးလေး ဘာလေး မတင်တော့ဘူးလား။ သူကြောင့် မြန်မာနိုင်ငံ ကမ္ဘာ့မြေပုံပေါ်ကနေ မပျောက်ကွယ်သွားတာ အသိတရားလေး ရှိကြစမ်းပါဦး။
    ကုန်ကုန်ပြောရမယ်ဆိုရင် ကုလား (ဖြူ၊နီ၊၀ါ၊မဲ၊ညို)တွေ ကမ္ဘာ့ကြီးကို အကျိုးပြုနေတာ အများကြီးဘဲဆိုတာ ထင်ရှားတဲ့အထောက်အထားဖြစ်သလို ကျေးဇူးလေး ဘာလေးတင်လိုက်ပါဦး။
    အခုတောင် ဒီမိုကရေစီ လမ်းလျှောက်နေတာ ကုလားဆီက အထောက်အပံ့၊ အကူအညီနဲ့ နည်းပညာတွေ တောင်းနေတာ မျက်ဝါးထင်ထင်မြင်နေရတာ ပြောကို မပြောချင်တော့ဘူး။
    ပြောမဆုံးပေါင်း တော ၃ ထောင်…… ကုလား ကုလား ကုလား    အိုး………… ကျွတ်…………..ကျွတ်
    ကျန်းမာရွှင်လန်းကြပါစေ။
    မောင်လူငယ်
  • လက်တို့ပြီးတော့ မေးလိုက်ချင်ပါသည်
    လက်တို့ပြီးတော့ မေးလိုက်ချင်ပါသည်
    နိုဝင်ဘာ ၂၂ ၊ ၂၀၁၂
    M-Media
    မောင်လူငယ်
    မပြောမပြီး၊ မတီးမမြည်ဆိုရိုးရှိသည်အတိုင်း ကျနော်သည် ပြောရတော့မည်၊ ဆိုရတော့မည်၊ တီးရပါတော့မည်။ ကုန်လွန်ခဲ့တဲ့ လတွေအတွင်းက ကျောက်နီမော် ပြဿနာအစ အမှိုက်ကစ ပြသာဒ် မီးလောင်ဆိုတဲ့အတိုင်း တောင်ကုတ် သတ်ဖြတ်မှုအလယ် ရခိုင်အဓိကရုဏ်းအဆုံး တဖက်နှင့် တဖက် အကြမ်းဖက် သတ်ဖြတ်ကြ၊ မီးရှို့ကြ လူပေါင်းများစွာရဲ့ မျက်ရည်ဖြင့် ပေးဆပ်လိုက်ရသည့်  ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြင့် မြန်မာနိုင်ငံသည် နာမည်ပျက်ခဲ့ရသည်။
    အုပ်ချုပ်သူအစိုးရအဆက်ဆက်သည် ရခိုင်ပြည်နယ်ကို ချောင်ထိုးထားခဲ့သည်မှာ နှစ်များစွာ ကြာခဲ့ပြီး အပြင် အမြင်ကျဉ်းမြောင်းသော၊ နိမ့်ကျနေသော အတွေးအခေါ် နက်ရှိုင်းစွာ အမြစ်တွယ်နေသော လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရန် အချိန်ကာလများစွာ ယူရမည်ကို ကျနော်ကောင်းကောင်းကြီး သဘောပေါက်ပါသည်။ အခု ထားပါတော့ ဆက်ပြောလျင်ပြီးဆုံးနိုင်မည်မဟုတ်ပေ။
    သို့သော် ခံစားခဲ့ရပြီး သည်းခံခဲ့သော ကျနော်သည် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်တချို့၏ စကားကို ကျနော်သည်းမခံနိုင်တော့ပါ။
    သည်းမခံနိုင်သောအကြောင်းရင်းကို ကျနော် ရှင်းပြလိုသည်အပြင် လက်တို့ပြီးတော့ မေးလိုက်ချင်ပါသည်။ လ၀က၀န်ကြီး ဦးခင်ရီရဲ့ ပြောစကားသည် အမျိုးသားမှတ်ပုံတင်တွင် ကူလီကူမာနှင့် မတရားညစ်ပတ်ခံလိုက်ရသော ကျနော်နှင့် ဘ၀တူများကို စော်ကားလိုက်ချင် ဖြစ်ပေသည်။
    ကျနော်သည် အသက် ၁၂ နှစ် မှတ်ပုံတင်ကို ၁၇ နှစ်သားတွင် လုပ်ခဲ့ရပါသည်။ ၁၈ နှစ်ပြည့် မှတ်ပုံတင်ကို ၁၉ နှစ်သား အရွယ်တွင်လုပ်ခဲ့ရပါသည်။ သည်အကြောင်းကို ကျနော် ရှင်းပြလိုပါသည်။ ကျနော် မိဘနှစ်ပါးသည် စကားမပြောတတ် နားမကြားသူများ ဖြစ်သည်အပြင် ဘာသာဗေဒ ဆက်သွယ်မှုအခက်အခဲကြောင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း လုပ်ဆောင်မှုတွေကို နားမလည်ပါ။ သိလည်းမသိတော့ကြောင့် ၁၇နှစ်သားအရွယ်တွင် အကိုဝမ်းကွဲနှင့် အိမ်နီးချင်းရဲ့ အကူအညီဖြင့် မှတ်ပုံတင် စတင်လုပ်ခဲ့ပါသည်။ ငယ်စဉ်က ဖခင်၏ ဆွေမျိုးသားချင်းရှိရာ လှိုင်မြို့နယ် ဘူတာရုံလမ်းတွင် အတူနေခဲ့သဖြင့် သန်းခေါင်စာရင်းအရ လှိုင် လ၀ကရုံးတွင် စတင်လျှောက်ထားခဲ့သည်။ လှိုင်မြို့နယ် လ၀ကရုံးရဲ့ တည်နေရာနဲ့ ဖွဲ့စည်းပုံကတော့ ဘူတာရုံလမ်းထဲမှာ ရှိပါတယ်။ ဘုရင်နောင့်လမ်းကနေ သွားရင်တော့ နီးနီးလေးပါဘဲ။ ရန်ကုန်အင်းစိန်လမ်းမကြီးကနေသွားရင် ဆိုက်ကားနဲ့ သွားမှာ ခရီးတွင်မယ်။ ရုံးက ၃ ထပ် လောက်ရှိတယ်။ မြေညီထပ်မှာကတော့ လက်ယာဘက်အထပ်တိုင်းမှာ မြို့နယ်အခွန်ရုံးကို ဖွင့်ထားပါတယ်။ ပုံစံ ၁၇ လုပ်မယ်ဆိုရင် ဒီရုံးမှာ လုပ်ရပါတယ်။ လက်ဝဲဘက်မှာက လ၀ကရုံးပါ။ မြေညီထပ်မှာက မှတ်တမ်းထိန်းသိမ်းရေးဌာန၊ ပထမထပ်မှာ လျှောက်လွှာနဲ့ စီစစ်ရေးဌာန၊ လက်ခံဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်း၊ ဒုတိယထပ်မှာတော့ ခရိုင်ဦးစီးမှူးရုံးပေါ့။
    ရုံးထဲကို ၀င်လိုက်တာနဲ့ ဆိုင်းဘုတ်ကြီး ၂ ခုရဲ့ အရှိန်အ၀ါက လူကို သံသရာမှာ ကပ်ငြိနေအောင် လုပ်နေသလိုဘဲ။ “မြေမျိုလို့ လူမျိုးမပျာက်၊ လူမျိုလို လူမျိုး ပျောက်မည်” ၊ “ကမ္ဘာ့တည်သရွေ့ မြန်မာနိုင်ငံ တည်ရှိရမည်။ ကမ္ဘာ့တည်သရွေ့ မြန်မာလူမျိုး တည်ရှိရမည်။” တဲ့။
    အဖြူအမဲ ဓာတ်ပုံ၊ မိဘမှတ်ပုံတင် မူရင်းနဲ့ မိတ္တူ၊ မွေးစာရင်းစာရွက် မူရင်းနဲ့ မိတ္တူ၊ သန်းခေါင်စာရင်း မူရင်းနဲ့ မိတ္တူ အစရှိတဲ့ စာရွက်စာတမ်းအပြည်အစုံနဲ့ မှတ်ပုံတင်လုပ်ဖို့ ပြင်ဆင်ကြပါတယ်။ ထူးဆန်းနေတာက ကျနော်အမေရဲ့ စလင်းဘတ်အိတ်ထဲမှာ လေယာဉ်တံဆိပ် စာအိတ်အဖြူ ၁၀ အိတ်ယူလာတယ်ဗျာ။ အထဲမှာ ဘာပါမှန်း အစက ကျနော်မသိဘူး။ နောက်တော့မှ သိရတယ်ဗျာ။ လူသိရှင်းကြား အရှက်မရှိ ဓားပြတိုက်နေတာမှန်း ရေရေလည်လည် နားလည်သွားတယ်။ လာဘ်ပေးရန်မလို တွေ့ရှိက တိုင်ကြားရန်ဆိုတဲ့ စာသားက အိမ်သာသုံး တသျှူးလောက်ပါဘဲ။
    မှတ်ပုံတင်အတွက် ဖြည့်ရမယ် လျှောက်လွှာအတွက် လ၀က က တပ်ကြပ်ကြီးအဆင့်လောက်ရှိတဲ့ လက်ထောက်အရာရှိမမဆီကို သွားတောင်းပါတဲ့အခါမှာ ကျနော် လန့်သွားမိတာက မမအရာရှိရဲ့ မျက်နှာကြီးက တလောကလုံးက လူတွေ သူလုပ်စားထိုင်စားနေသလိုပုံစံနဲ့ “ဘာ ကိစ္စလဲ” မေးတော့ ကျနော်အကိုဝမ်းကွဲက “ဟုတ်ကဲ့ ကျနော်ညီလေး မှတ်ပုံတင်စလုပ်မလို့ပါ။ လျှောက်လွှာစာရွက်လေး တဆိတ်လောက် ခင်ဗျား”လို့ ပြန်ဖြေတယ်။ အရာရှိမမကတော့ “ဒါဆို စာအိတ်ပါလားတဲ့။ ငါးနော်။ လေးလုံအတိဘဲ သုံးလုံးထက် မလျော့စေနဲ့နော်” လို့ မေးတယ်။ အကိုက “ဟုတ်၊ မလျော့ပါဘူး။ ကျနော်တို့က ပြင်ဆင်ပေးထားပါတယ်။” လို့ ဆိုပြီး စာအိတ်အဖြူလေးကို တရိုတသေနဲ့ အကိုက ပေးလိုက်ပါတယ်။ ဖြည့်ရမယ်စာရွက်ကလေး ရလာတော့ ဖတ်ကြည်တယ်။ ကိုယ်ရေးရာဇ၀င် ဆွေစဉ်မျိုးဆက်ပေါ့။ ဖြည့်သင့်တာတွေ ဖြည့်ဖို့ မိဘတွေရဲ့ မှတ်တမ်းကို ဖွင့်ပြီး အဖေဘက်က ဘိုးဘေးဘီဘင်၊ အမေဘက်က ဘိုးဘေးဘီဘင်တွေ၊ ကျနော်ရဲ့ မောင်နှမ ၃ ယောက် အကြောင်း အပြည်အစုံကို တိတိကျကျ ကျနော်ဖြည့်ထားပါတယ်။ ဖြည့်ပြီးတော့ စီစစ်လက်ခံတဲ့ဌာနဘက်မှာ သွားတင်တော့ အချိန်ကြာစောင့်ပြီးမှ နာမည်ခေါ်တော့ အခန်းထဲဝင်ပြီး မျှော်လင့်ချက်လေး ကိုယ်စီနဲ့ပေါ့ ပုခုံးထက်က ၁ ပွင့် ပါတဲ့ အရာရှိတယောက်ကတော့ မျက်နှာတွေကို စူးစူးစိုက်စိုက်ကြည်ပြီး သံသယမျက်လုံးတွေနဲ့ ပြောလိုက်ပုံက “ခင်ဗျားတို့ ဖောင်ဖြည့်ထားတာ တကယ်အမှန်လား ဒါမှမဟုတ် လိမ်ရေးနေတာလားတဲ့” ကျနော် ဒေါသကို ထွက်သွားတာဘဲ။ ကျနော်အမေတောင် မျက်နှာငယ်လေးမို့လို သည်းခံထားလိုက်တယ်။ ကျနော်အကိုက “ဟုတ်ကဲ့ ကျနော်တို့ အတိအကျ အမှန်အတိုင်းရေးတာပါ။
    သူအဖေနဲ့ အမေ မှတ်ပုံတင် ကြည်ရင် သဘောပေါက်မှာပါ။” လို့ ပြန်ဖြေတယ်။ အရာရှိကတော့ “ဒါဆို ကောင်းပြီး ကျုပ်အခု ခေါင်းနည်းနည်းကိုက်နေလို့ ပြီးမှာ လက်မှတ်ထိုးပေးမယ်။”လို့ လူကြမ်းမင်းသား အိုက်တင်နဲ့ အချိန်ဆွဲနေတာကို အကင်းပါတဲ့ အိမ်နီးချင်းအကိုက ချက်ချင်း အောက်ဘက်ဆင်းပြီး 555 စီးကရက် တဗူး အပြေးအလွှားဝယ်ပြီး စာအိတ်အဖြူနဲ့ တွဲပေးလိုက်တာ စီစစ်ပြီးကြောင်း ချက်ချင်းကို လက်မှတ်ထိုးပေးတာဘဲ။ အံ့သြလောက်ပါပေတယ်။ ပြည်သူဝန်ကို ထမ်းဆောင်ပုံများ သွားလေသူ အမျိုးသား ခေါင်းဆောင်ကြီး ကိုအောင်ဆန်းသာ ထလာလို့ကတော့ “တယ်လေ ငါနားရင်းပိတ်တီးလိုက်ရ” လို့ ပယ်ပယ်နယ်နယ်တွယ်မှာတော့ သေချာတာဘဲ။ သူထက်တောင် ပိုဆိုးတာကတော့ မြို့နယ်ဦးစီးမှူးပါဘဲခင်ဗျား။ ဦးစီးမှူးကို စောင့်ရတာ ရထားလာမယ်အချိန်ကို စောင့်ရတာထက်တောင် ကြာပါဗျာ။ မေးတော့ မြို့နယ်မှူး ထမင်းစားနေလို့တဲ့။ ရုံးတက်တော့ မနက် ၁၀ နာရီ ထမင်းစားတော့ နေလည် ၁၂ နာရီပေါ့ ၂ နာရီလောက်မှ အတွင်းကို ၀င်နိုင်ပါပြီးတဲ့။
    ကျနော်လာတွေ့နေတာ မြို့စားများလား အောက်မေ့ရတယ်။ ရုံးခန်းက အဲကွန်းလေးနဲ့ ဟင်း ၅မျိုး ၆ မျိုး ပြာတာလာသိမ်းတာကြည့်လိုက်တော့ အော် သူက ဒီလောက်စည်းစိမ်ခံနိုင်ရင် သူအထက် အချုပ်က ရာဇ၀င်ထဲက ဟင်းခွက် ၃၀၀ ပွဲတော်တည်တဲ့ နရသီဟပတေ့ လို့ခေါ်တဲ့ တရုတ်ပြေးမင်းထက်တောင် သာမယ်ထင်တယ်။ ရုံးခန်းမှာ မြို့နယ်မှူးက ကျနော်ဖိုင်ကို ဖွင့်ပြီး စေ့စေ့စပ်စပ်ကို ကြည်နေတာ ၁၀ မိနစ်တောင်ကြာပါ။
    ပြီးတော့ ကျနော်ကို မေးတယ်။ “ကျောက်တံတားမြို့နယ်က ဦးဘသော်က တပ်မတော်ရေတပ်က ဗိုလ်မှူးဘသော် (ခ) စာရေးဆရာ မောင်သော်ကလားတဲ့။” ကျနော်အကိုက “ဟုတ်ပါတယ်။ ဆရာမောင်သော်ကပါ။ သူအမေရဲ့ အဖေပါ။ ကွယ်လွန်သွားတာ ကြာပါပြီး။ ကျနော်ဦးလေးလင်မယားက စကားမပြောတတ် နားမကြားတဲ့သူတွေမို့လို ကျနော် ကူညီလုပ်ဆောင်ပေးနေတာပါ။ ဦးစီးမှူးခင်ဗျား”လို့ ပြန်ဖြေတယ်။ မြို့နယ်ဦးစီးမှူးမျက်နှာက တင်းမာခက်ထန်သွားပြီး ပြာတာကို စီစစ်ရေးက ဟိုကောင်ကို အခုချက်ချင်း ရုံးခန်းကို လာခဲ့ပါလို့ ပြောလိုက်စမ်း။ ပြာတာက တဟုန်ထိုးသွားပြီး လှမ်းအကြောင်းကြားလိုက်တော့ စီစစ်ရေးက အရာရှိက ဦးစီးမှူးခင်ဗျား ဘာများညွန်ကြားစရာရှိလဲလို့ မေးတော့ ဦးစီးမှူးက “ဟေ့ကောင် မင်းအလုပ်ကို ကောင်းကောင်းမလုပ်ဘူးလား။ သေသေချာချာ မစီစစ်ဘူးလား။ လုံခြုံရေးအခြေအနေအရ အစိုးရကို ပုန်ကန်သူတွေရဲ့ ဆွေစဉ်မျိုးဆက်ကို သေချာ လုပ်ရမယ်ဆိုတာ မင်းနားလည်တာလား နားမလည်တာလား။ ထွက်သွားစမ်းကွာ။”လို့ ပယ်ပယ်နယ်နယ် ဖရုသ၀ါစာ ဆဲနေတာဘဲ။ ကျနော်တို့တောင် ကြောင်ပြီး ရပ်ကြည်နေရတယ်။ ၁ပွင့် အရာရှိကတော့ မျက်နှာငယ်လေးနဲ့ ထွက်သွားတော့ ဦးစီးမှူးက ကျနော်တို့ဘက်ကို လှည့်လာပြီး “ကဲ လာထိုင်ကြပါဦး။ အခုနက ကျနော်ပြောသမျှတွေကို နားလည်ပေးပါ။ အထက်အမိန့်အတိုင်း ကျနော်တို့က ဆောင်ရွက်ရတာ။ မိဘက စကားမပြောတတ်နားမကြားဘူးဆိုတော့ ကျနော်တို့ စာနာပါတယ်။ နားလည်ပါတယ်။
    ခက်တာက ဗိုလ်မှူးဘသော်နာမည်ပါနေတာက ကျနော်အတွက် အကျပ်တွေ့တယ်။ သူက သာမန်တော့မဟုတ်ဘူး။ ကျနော်လက်မှတ်ထိုးပိုင်ခွင့်မရှိဘူး။ ညွန်ချုပ်လက်မှတ်ထိုးမှာ ဒီကောင်လေး မှတ်ပုံတင်ရမယ်။ ကျနော် ဒီထက်ပိုမပြောတတ်ဘူး။ ပြီးတော့ လူမျိုးမှာ ဗမာ၊ ကိုးကွယ်တဲ့ဘာသာမှာ အစ္စလာမ့် လို့ ထည့်လို့မရပါဘူး။ တခုခုတော့ ပေါင်းထည့်ရမယ်။ အဖေဘက်လိုက်ရမယ်။ ဘယ်လိုလဲခင်ဗျားတို့ စဉ်းစားပါ။”လို့ ပြောတယ်။ ကျနော်အိမ်နီးချင်းအကိုက “ကျနော်တို့ ထမင်းမစားရသေးလို့ သွားစားရင်နဲ့ စဉ်းစားပြီးမှာ အဖြေပေးပါမယ်။ ရမလား ဦးစီးမှူးခင်ဗျား”လို့ ပြန်ဖြေတော့ “အချိန်တွေအများကြီး ရှိပါသေးတယ်။ ဒီမှာ ကျနော် ဖုန်းနံပါတ်မှတ်သွားပါ။ ဆက်သွယ်လိုက်ပေါ့။”တဲ့။ ကျနော်တို့ တပ်ခေါက်ပြီး ပြန်လာခဲ့ပါတယ်။
    လက်ဖက်ရည်ဆိုင်မှာ ထိုင်သောက်ပြီး ဆွေးနွေးကြတော့ ကျနော်အမေက မှတ်ပုံတင်နဲ့ ပတ်သက်သမျှ ဘာမှမသိတော့ သားရဲ့သဘောထားကို မေးကြည်ပါတဲ့။ ကျနော်အိမ်နီးချင်းအကိုက “ညီလေး အခုချိန်က ဘီလူးတွေ ဝေသာလီပြည်မှာ ၀င်စီးနေတာ မထွက်သေးဘူး။ သူတော်စင်ကို ပြောရင် ရနိုင်တယ်။ ဘီလူးကို ဘာမှ သွားပြောလို့ရမှာ မဟုတ်ဘူး။ ညီလေးအဖေက နိုင်ငံဝန်ထမ်းဆိုတော့ မိသားစု ပြိုကွဲပျက်စီးသွားရင်လည်း ဘာနဲ့ လုပ်စားနိုင်မလဲ။ သေချာစဉ်းစားရမယ်။ မိဘမျက်နှာကို ထောက်ပြီး ဗုဒ္ဓဘာသာလို့ ထည့်ရေးလိုက်ပေါ့။ နောက်မှ အခြေအနေကြည်ပြီး လုပ်ကြတာပေါ့။” လို့ အကြံပေးတယ်။ ကျနော်လည်း အခြေအနေကို စဉ်းစားပြီးတော့ စိတ်ကိုလျော့ပြီး သည်းခံရမယ်ဆိုပြီး သဘောတူခဲ့ပါတယ်။
    နောက်ဆုံး အိမ်ကို ပြန်ပြီး ညဘက်မှာ ဦးစီးမှူးဆီ ဖုန်းဆက်ကြည်တော့ ဦးစီးမှူးက “ကျနော်လိပ်စာပေးမယ် ရက်ချိန်းပြီးရင် ကျနော်အိမ်ကို လာခဲ့ပါ အဲဒီကျမှ အေးအေးဆေးဆေး ပြောကြတာပေါ့။ အိမ်မှာ လိုအပ်နေတာ အများကြီးဘဲ ခင်ဗျားတို့ လာခဲ့ရင် အားနာစရာကြီးဘဲ” လို့ ပြန်ဖြေတာပေါ့။ အိမ်နီးချင်းအကိုကြီးက ဒီအဖြေကို ကောင်းကောင်းသဘောပေါက်တယ်။ ကျနော်တောင် သူဆီက သင်ယူလေ့လာနေရတာဘဲ။ လေ့လာတာ အနည်းငယ်ဘဲ ရသေးတယ်။ အကြံပေးတဲ့သူက ကွယ်လွန်သွားပြီးဆိုတော့ စိတ်မကောင်းစရာဘဲ။ နောက် ၁ ပတ် လောက်ကြာတော့ ကျနော်ရယ်၊ အမေရယ်၊ အိမ်နီးချင်းအကိုကြီးရယ် ည ၇ နာရီမှာ ဦးစီးမှူး အိမ်ကို သွားပါတယ်။ လက်ချင်းဗလာသက်သက်တော့မဟုတ်ပါဘူး။ အကောင်းစား ဘလက်လေဘယ်လ် ၀ီစကီနဲ့ 555 စီးကရက် ၁ တောင့်အပါအ၀င် ပစ္စည်းမျိုးစုံပါဝင်တဲ့ ခြင်းတောင်းကလေးနဲ့ပေါ့။ အမေရဲ့ ချွေးနည်းစာပိုက်ဆံလေး ၈၅၀၀၀ လောက် ပျံထွက်သွားပါတယ်။
    ဦးစီးမှူး အိမ်က ၂ ထပ်တိုက်အိမ်ကလေးအပါအ၀င် ကားကလေးနဲ့ တင့်တယ်နေတာဘဲ။ ဦးစီးမှူးက “ကြွပါ ကြွပါ။ ဟ ဒါတွေ အားနာစရာကြီး မလိုပါဘူး။ ဘာလိုယူလာရတာလဲတဲ့”။ သူမိန်းမလက်ကတော့ ခြင်းတောင်းကို ကိုင်ပြီးသား ထမင်းစားခန်းဖက်ကို ၀င်သွားတာ သွက်ကို သွက်လွန်းလို့။ ဦးစီးမှူးက မေးတယ် “သား ဘယ်နှတန်းရောက်နေပြီးလဲ။ အခု အသက်ဘယ်လောက်တုန်း”တဲ့ ကျနော်က”၁၇ နှစ်ပါ ဦး။ ၁၀တန်းဖြေထားတယ်။ အောင်စာရင်းတော့ မထွက်သေးဘူး။”လို့ ပြန်ဖြေလိုက်တယ်။ ဒီထဲမှာ အိမ်နီးချင်းအကိုက “ဒီကောင်လေးအတွက် မှတ်ပုံတင်ကိစ္စ ဘယ်လိုများလုပ်ရမလဲ” လို့ မေးပါတယ်။ ဦးစီးမှူး ဖြေတာက “လုပ်ရမှာက သူအဘိုးရဲ့ မှတ်ပုံတင်နဲ့ ကိုယ်ရေးရာဇ၀င်ဖိုင်ကို မိတ္တူကူးပြီး ပူးတွဲတင်ရမှာပါ။ နောက်ပြီး နိုင်ငံရေးကင်းရှင်းကြောင်းရယ်၊ မှတ်ပုံတင်အတွက် လုပ်ထားတဲ့ ကိုယ်ရေးရာဇ၀င်အထောက်အထား မှန်ကန်ကြောင့် ရီပို့စ်ရေးပြီး ခံဝန်ချက်ထိုးပြီးရင် ညွန်ချုပ်ဆီ တင်ပြီး အတည်ပြုချက်ရရင် မှတ်ပုံတင်ရပါပြီး” ဆိုတဲ့ အဖြေစကားကို သိရပါတယ်။
    နောက် ကျနော်အဘိုးရဲ့မှတ်ပုံတင်လုပ်ရာ ကျောက်တံတားမြို့နယ် လ၀က ရုံးချုပ်မှာ သွားရှာပါတယ်။ မှတ်တမ်းထိန်းသိမ်းရေးဌာနက အရာရှိမမကတော့ ကူညီပေးမယ်လို့ ပြောပြီး ရှာလိုက်ရတာ ဘယ်အချိန်ကတည်းက ခြစားနေမှန်းမသိ နှစ် ၃၀ ပင်ကူမျှင်တွေ၊ ဖုန်းအလိမ်းလိမ်းနဲ့ ကျန်းမာရေးဌာနက ရောဂါပိုးမွှား ကင်းရှင်းဇုန် သက်မှတ်ပေးထားသလား အောက်မေ့ရတယ်။ တွေ့တော့လည်း စာရွက်တွေက ၀ါကျင်ကျင်နဲ့ပေါ့ မိတ္တူကူးပြီးနောက် သူကို လက်ဘက်ရည်ဖိုး ၅၀၀၀ လောက်ပေးလိုက်ရတယ်။ လက်ဘက်ရည် ၁ခွက် ၅၀ ကျပ်လောက်ရှိတာ သူက ၅၀၀၀ တောင်းတာ အတော်ကို အဆင့်မြင့်တယ်။
    မှတ်ပုံတင်အတွက် လိုအပ်တာကို ရပြီးဆိုမှတော့ လှိုင် လ၀ကရုံးကို သွားပြီး ဦးစီးမှူးဆီကို တင်ပြရာမှာ ပြောတာကတော့ “အဖေက ဗုဒ္ဓဘာသာဆိုတော့ အဖေဘက်လိုက်ပြီးလုပ်ရမယ်။ သဘောတူတယ်ဆိုရင် ဒုလ၀ကမှူးက ရီပို့စ်ရေးမယ်။ လက်မှတ်ထိုးလိုက်ရင် အိုကေပြီး ခဏတော့စောင့်”လို့ ပြောတယ်။ ကျနော်လည်း စောင့်နေတာ ၃ နာရီလောက်တောင် ကြာတယ်။ ပြီးတော့ ဒါတွေကို ဖတ်တောင် မဖတ်ရဘဲ လက်မှတ်ထိုးခိုင်းတယ်။ ကျနော်လည်း ထောက်ထားစရာမျက်နှာတွေရှိလို့ လက်မှတ်ထိုးပေးခဲ့တယ်။ ဒါမျိုး ဖတ်တောင် ဖတ်ခွင့်သိခွင့်မရဘဲ လက်မှတ်ထိုးခိုင်းတာ ကမ္ဘာမှာ မြန်မာနိုင်ငံဘဲ ရှိတယ်လို့ ကျနော်ထင်မိတယ်။ နောက် ၁ လလောက်အကြာမှာ ဦးစီးမှူး ဖုန်းဆက်လာတယ်။ မှတ်ပုံတင်ရပြီးတဲ့ မနက်ဖြန် ရုံးကိုလာခဲ့ပါတဲ့။ ကျနော် အဖေနဲ့ အမေက မှတ်ပုံတင်ရလို့ ဒီလောက်ပျော်နေကြတယ်။ သူတို့ ပျော်နေတာကို ကျနော်လည်း နားမလည်နိုင်တော့ဘူး။ လ၀ကရုံးကို သွားတော့ ကျောင်းနေဘက် သူငယ်ချင်းနဲ့ တွေ့တယ်။ ကျနော်က “ဟေး သူငယ်ချင်း မှတ်ပုံတင်လာလုပ်နေတာလား။ ရနေပြီးလား။ မင်းကော ဘယ်လောက်ကုန်သွားတာလဲ၊ ငါတောင် လုပ်လိုက်ရတာ ၁ သိန်းခွဲတောင် ကုန်သွားတယ်။ မတွေ့တာကြာပါ။” မေးလိုက်တယ်။ သူပြန်ဖြေပုံက ကျနော်ကိုယ် ကျနော် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားမိတယ်။ ဖြေတာက “၁ပတ်အတွင်း ရလိုက်တာဘဲ။ ပိုက်ဆံတော့ မပေးရပါဘူး။ အလှူငွေလေး ၁ ထောင်လောက် ထည့်လိုက်ရုံဘဲ။”ဖြေတယ်။ ကျနော်က “လုပ်တာချင်း အတူတူဘဲလေ။ ငါက ၁ လကြာမှ ရတယ်။”လို့ ပြောတော့ သူက ရယ်မောပြီး “ငါအဖေက ကာနယ်လေ။ လ၀က၀န်ကြီးက အဖေရဲ့ ဆရာပေါ့။ လ၀က၀န်ထမ်းအားလုံးရဲ့ အသက်က ငါအဖေ ပါးစပ်ထဲမှာဘဲ။ သူငယ်ချင်းသိအောင်ပြောပြမယ်။ တောမှာ ဘုရင်က ခြင်္သေ့ပေါ့။ သူအောက်မှာ အဆင့်ဆင့်ရှိတာပေါ့။ အထက်ကိုတက်လေ အောက်က မော်ကြည်ဝံ့တာမဟုတ်ဘူး။ မင်းအဖေက ဘာမှမဟုတ်တော့ သူတို့က ဘယ်ဂရုစိုက်ပါမလဲ။ အခု မှတ်ပုံတင်ရပြီးဆိုတော့ အဖေ တာဝန်ကျနေတဲ့ လားရှိုးကိုသွားရမယ်။ သူငယ်ချင်း နောက်မှတွေ့မယ်။ အဆင်ပြေပါစေ။” တဲ့ ကျနော်တောင် ဘာမှမပြောနိုင်တော့ဘူး။
    ရုံးခန်းကို ရောက်တဲ့အချိန်မှာ ဖိုင်မှာ လက်ဗွေနှိပ်ဖို့ လက်ဆယ်ချောင်းအတွက် မင်သုတ် နှိပ်ပြီးမှ မှတ်ပုံတင်မှာ လက်ဝဲလက်မလက်ဗွေ နှိပ်ရပါတယ်။ ရပြီးတဲ့အခါ အလှူငွေအတွက် စာအိတ်အဖြူလေးကို ရုံးခန်းမှာ တင်ထားလိုက်ရပါတယ်။ အတော်ကို ခြစားနေတာကလည်း မလွယ်ပါလား။ ကျနော်ရဲ့ အသစ်စက်စက် မှတ်ပုံတင်ကို ကြည်လိုက်တော့ အံ့သြမိသွားတယ်။ လူမျိုးမှာ ဗမာ + ဗမာစွန်နီ၊ ကိုးကွယ်ရာဘာသာမှာ ဗုဒ္ဓဘာသာတဲ့။ ကျနော်က လ၀ကအရာရှိကို မေးမြန်းပါတယ်။ ရေးထားတာ မှားနေတယ်။ မဟုတ်ဘူးလို့ ပြောတော့ အထက်ကအမိန့်အတိုင်းလုပ်ရတာဘဲလို့ အကြောင်းပြပါတယ်။ စွန်နီဆိုတာ လူမျိုးမဟုတ်ဘူးဆိုတာ လ၀ကက ဖင်မှန်း ခေါင်းမှန်း မသိတာလား ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား မေးလိုက်ချင်ပါတယ်။ အစ္စလာမ့်ဘာသာမှာ ရှီးယားနဲ့ စွန်နီဆိုတဲ့ ဂိုဏ်း ၂ ခုရှိသလို ဗုဒ္ဓဘာသာမှာလည်း မဟာယန၊ ထေရ၀ါဒနဲ့ ဇင်ဗုဒ္ဓဘာသာဆိုတာ ရှိတာဘဲ။ ဒါလေးတောင် မသိတဲ့နိုင်ငံဝန်ထမ်းတွေရှိတာ အံ့သြပါရဲ့။
    ကျနော်အဖေဘက်က ဘိုးဘွားတွေက ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်တွေပါ။ အခုထက်ထိ အဖေရဲ့ ဆွေမျိုးသားချင်းတွေ ရန်ကုန်၊ ထားဝယ်နဲ့ ကမ္ဘာ့အေး ရေကူးရွာ မှာ သက်ရှိထင်ရှားတောင် ရှိနေပါသေးတယ်။ အမေဘက်က ဘိုးဘွားတွေက ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့တဲ့ အလောင်းဘုရား ဦးအောင်ဇေယျရဲ့ ဇာတိချက်ကြွေ ရွှေဘိုမြို့သား ဗမာလူမျိုး အစ္စလာမ့်ဘာသာဝင်တွေပါ။
    လ၀က၀န်ကြီး ဦးခင်ရီကို လက်တို့ပြီးတော့ မေးလိုက်ချင်ပါတယ်။ ဦးခင်ရီက အရင်က ရဲချုပ်ဆိုတော့ အခု လ၀က၀န်ကြီးဖြစ်တော့ ဒါလေးတွေအတွက် ရှင်းလင်းစမ်းပါဦး။ ကြည်ရင် သူရှင်းနိုင်မှ မဟုတ်ပါဘူး။ အာလူးဘဲ ကျွေးနိုင်မှာပါ။ နောက်ပြီး လွှတ်တော်အမတ်တချို့က ၁၉၈၂ နိုင်ငံသားဥပဒေကို မပယ်ဖျက်သင့်ပါ။ လိုအပ်နေတယ်ဆိုတော့ သူတို့ကို လက်တို့ပြီးတော့ မေးလိုက်ချင်ပါသည်။ ဒီဥပဒေကို ရေးဆွဲတုန်းက ဘယ်သူတွေက ရေးဆွဲခဲ့တာလဲ။ တိုင်းရင်းသားများက လေးစားရတဲ့သူတွေ၊ ဘာသာရေးနယ်ပယ်က ဂုဏ်သိကာ သမာဓိရှိတဲ့သူတွေ အပါအ၀င် တိုင်ပင်ပြီးပြီးလား။ ဒီမိုကရေစီခေတ်မှာ တိုင်ပင်ရင်တော့ ရမှာပေါ့။ မဆလ သိုးရေခြုံအာဏာရှင်စနစ်မှာဆိုတော့ ဘာမဆို အတည်ဖြစ်တာပါဘဲလေ။ ဒေါက်တာမောင်မောင် သေသွားပြီးဆိုတော့ မေးလိုလည်းမရတော့ပါဘူး။ အခုတော့ သူတို့ လုပ်ပုံတွေက ကျနော်တို့မိဘလက်ထက်မှာ ပထမနိုင်ငံသား၊ ကျနော်တို့လက်ထက်မှာ ဒုတိယနိုင်ငံသား၊ ကျနော်သား လက်ထက်မှာ တတိယနိုင်ငံသား၊ ကျနော်မြေးလက်ထက်မှာ နိုင်ငံခြားသားဖြစ်သွားသလို့ လုပ်ဆောင်နေတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
    ကျန်းမာရွှင်လန်းကြပါစေ။
    မှတ်ချက်။ ။ စာရေးသူမောင်လူငယ်မှာ DVB သတင်းအစီအစဉ်များတွင် လက်သင်္ကေတ တင်ဆက်ပေးသူအဖြစ် တာဝန်ယူနေကာ ဒေါ် အောင်ဆန်းစုကြည်ကို နိုင်ငံရေးစင်မြင့်ပေါ်သို့ တင်ပေးခဲ့သော ဗိုလ်မှူးဘသော်ခေါ် စာရေးဆရာမောင်သော်က၏ မြေးတစ်ဦးဖြစ်ပါသည်။
    မှတ်ပုံတင်ကိစ္စနှင့်သက်ဆိုင်သော M-Media မှ ထုတ်ပြီးသော ဆောင်းပါးများ
    ဒီလိုနဲ့ ပဲ အိန္ဒိယတောင်ပိုင်းသားလို့ နာမည်တပ်ဦးမှာလား (ပသီဝိုင်းဝတ်ရည်မြင့်)
    လ၀ကသွား တောလား (ကျော်မိုးအောင်)
    ဘယ်မှာလဲ ဗမာမွတ်စလင်မ် (ဌေးလွင်ဦး)
    ကျနော်တို့ က ဘာတွေလဲ (ကျော်မိုးအောင်)
    ဘုရားမစင်ရှာပုံတော်ဖွင့် ဥပဒေကြီးပြင်လိုက်စမ်းပါ ကိုခင်ရီ (ခါလစ် ၀ဟစ်)
    မှတ်ပုံတင်၊ လ၀က တို့ နှင့် သက်ဆိုင်သတင်းများ 
  • ဇင်းမယ်မှ မြန်မာ့မွတ်စလင်များ ဘ၀မြင်ကွင်း
    ဇင်းမယ်မှ မြန်မာ့မွတ်စလင်များ ဘ၀မြင်ကွင်း
    နိုဝင်ဘာ ၂၀ ၊ ၂၀၁၂
    M-Media
    မောင်လူငယ်
    မြန်မာမွတ်စလင်များသည် ပုဂံခေတ်မှ ဗျက်ဝိ၊ဗျတ္တမှ စတင်ကာ ခေတ်အဆက်ဆက် နှစ်ပေါင်းရာချီပြီး မြန်မာပြည်တွင် တမြေတည်းဖွား တအူတုံးဆင် ညီရင်းအကိုကဲ့သို ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့သည်။ အုပ်ချုပ်သူ မြန်မာ သျှင်ဘုရင်မင်းဧကရာဇ် အသီးသီးအပေါ် သစ္စာစောင့်သိရိုသေကြသူများပင်ဖြစ်ကြသလို ဘယ်တုန်းကမှ နိုင်ငံအပေါ်သစ္စာမဖောက်ခဲ့ကြသည်မှာ မြန်မာမွတ်စလင်များ၏ ဂုဏ်တခု ဖြစ်သလို အစဉ်အလာလည်း ဖြစ်ကြသည်။ ဗြိတိသျှ ကိုလိုနီဗမာပြည် ခေတ်ကာလ အတွင်း အမျိုးသားရေး လှုပ်ရှားမှုသမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနဲ့ လွတ်လပ်ပြီးခေတ် ပြည်တွင်း ရောင်စုံသူပုန်တို့ကြောင့် ရန်ကုန်အစိုးရဟု ခေါ်ခံရသောခေတ်ကာလ တိုင်းပြည်အတွက် ဗမာတပ်မတော်မှ လိုအပ်နေသော လက်နက်ခဲယမ်းများကို ရယူကြံဆောင် ပေးခဲ့ကြသည်မှာ ထင်ရှားသည်သက်သေပင်ဖြစ်သည်။
    မြန်မာမွတ်စလင်မ် ခေါက်ဆွဲဆိုင် (ဓါတ်ပုံ-မောင်လူငယ်)
    ဗိုလ်နေ၀င်း၏ ၂၆ နှစ်တာ အုပ်ချုပ်မှုနှင့် န၀တ၊ နအဖ စစ်အစိုးရအဖွဲ့၏ ၂၂ နှစ်ကြာ အာဏာ ဆုပ်ကိုင်ထားမှုတို့ကြောင့် မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံ၊ မဖွံ့ဖြိုးမတိုးတက်သောနိုင်ငံဘ၀သို့ သက်ဆင်းခဲ့ရလေသည်။ ထို့အချိန်ကာလအတွင်း တိုင်းရင်းသားများရဲ့ လိုအပ်ချက်ကဏ္ဍအသီးသီးတွင် လျစ်လှူရှုကာ ကြံရာမရသည်အဆုံး နိုင်ငံအရေးတွင် လူမျိုးရေး၊ ဘာသာရေးပေါ်လစီ ကျင့်သုံးကာ သွေးခွဲမှု၊ အဓိကရုဏ်းများဖြင့် အုပ်ချုပ်သူအစိုးရအဆက်ဆက်တိုင်း ကျင့်သုံးကြသည်မှာ အစဉ်အလာလို့ ဖြစ်ခဲ့ပေသည်။
    နိုင်ငံ၏ကဏ္ဍအသီးသီးတွင် မြန်မာမွတ်စလင်များကို တဖြည်းဖြည်းနှင့် နေရာမပေးတော့ဘဲ ပစ်ပယ်ထားခြင်း၊ ကန့်သတ်ချုပ်ချယ်ခြင်းများဖြင့်လည်းကောင်း၊ တိုင်းချစ်ပြည်ချစ် ရှိသော မွတ်စလင်များကိုလည်း ရာထူးနှိမ့်ခြင်း၊ တပ်မတော်အတွင်း ၀င်ခွင့်လုံးဝမပြုတော့ခြင်းကို ၀မ်းနည်းဖွယ်ရာတွေ့မြင့်ရလေသည်။ အမျိုးသားမှတ်ပုံတင်တွင်လည်း အရင်က မကြားဖူးခဲ့သော အသုံးအနှုန်းများကို ထည့်သွင်းရေးသား ဖော်ပြထားသည်ကို တွေ့ရသည် အပြင် မြန်မာလူအဖွဲ့အစည်းတွင် သုံးစွဲနေသော စကားလုံးတချို့သည် နှိမ့်ခေါ်သော၊ မတူမတန်သလို ခွဲခြားခေါ်သော အသုံးအနှုန်းများပင်ဖြစ်သည်။ ဥပမာ – လူမျိုးခြား၊ ဘာသာခြား အစ ……. တို့ဖြစ်သည်။ ကျနော်မောင်လူငယ်ရဲ့ ဖခင်က ဗမာ ဗုဒ္ဓဘာသာ၊ မိခင်က ဗမာ အစ္စလာမ့်ဘာသာဝင်တွေပါ။ ကျနော်ရဲ့ မိခင်ဘက်က ဘိုးစဉ်ဘောင်ဆက်က ကုန်းဘောင်မင်းဆက်ဘုရင် အလောင်းဘုရား ဦးအောင်ဇေယျရဲ့ ရွှေဘို မြေဒူးဆက် မြန်မာမွတ်စလင်တွေပါ။ န၀တ၊ နအဖခေတ်မှာ အကြောက်တရား လွှမ်းမိုးနေတော့ ကျနော်ရဲ့ အမျိုးသားမှတ်ပုံတင်မှာတော့ လ၀ကအရာရှိက ဖြေထားတာက လူမျိုးမှာ ဗမာ + ဗမာစွန်နီ၊ ကိုးကွယ်သည်ဘာသာမှာ တော့ ဗုဒ္ဓဘာသာလို့ သူသဘောနဲ့သူထည့်ရေးပါတယ်။ အကြောင်းပြချက်ကတော့ အဖေဘက်ပဲ လိုက်ရမယ်တဲ့။ ကိုယ်ယုံကြည်ရာ နှစ်သက်ရာ ဘာသာတရားကို ရွေးချယ်ပိုင်ခွင့်ပင်မရှိချေ။ အဖေက အဲဒီအချိန်တုန်းက နိုင်ငံဝန်ထမ်းဆိုတော့ အလုပ်ပြုတ်မှာ ကြောက်သလို၊ ကြောက်အောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ထားတဲ့အတွက် လ၀ကအရာရှိက ရီပို့စ် အရှည်ကြီးရေးပြီး ဖတ်ခွင့်မရဘဲ လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် ကျနော် ဘာမှမပြောဘဲ လက်မှတ်ရေးထိုးပြီး သည်းခံခဲ့ပါတယ်။ ကျနော်ကဲ့သို့ အမျိုးသား မှတ်ပုံတင်တွင် အတင်းအကျပ်ပြုလုပ်ခံရ မြန်မာမွတ်စလင်များနဲ့ မှတ်ပုံတင်မရှိဘဲ နိုင်ငံမဲ့များ၊ နိုင်ငံသား ဖြစ်ခွင့်မရသူများ ဒုနဲ့ဒေးပင် ရှိသည်သိရသလို ဇင်းမယ်တွင် မြန်မာမွတ်စလင်များ၏ ဖြစ်ရပ်နှင့် ရင်တွင်းခံစားချက်များကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရပါသည်။
    ခေါက်ဆွဲလာဝယ်နေသော ယိုးဒယား စားသုံးသူများ (ဓါတ်ပုံ-မောင်လူငယ်)
    တချိန်က အာရှရဲ့ ဆန်အိုးကြီးဟု နာမည်ကျော်ခဲ့သော မြန်မာနိုင်ငံသည် အခုအခါ အာဆီယံဟုခေါ်သော အရှေ့တောင်အာရှနိုင်ငံများ၏ နောက်တွင် နောက်ကောက်ကျန်ခဲ့ပြီးဖြစ်သည်မှာ လက်တွေ့အဖြစ်အပျက်ပင်ဖြစ်သည်။ မြန်မာတို့က ယိုးဒယားနိုင်ငံဟု ခေါ်ခဲ့သော ထိုင်းနိုင်ငံသည် မြန်မာတို့ထက် များစွာ ကျော်တက်ကာ တိုးတက်ဖွံဖြိုးသောနိုင်ငံဘ၀သို့ ရောက်ရှိခဲ့ပြီး ၀င်ငွေကောင်းသဖြင့်  မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ အလုပ်သမားများ ထိုင်းလူမျိုးတို့ မလုပ်သော အောက်ခြေသိမ်းအလုပ်များတွင် ၀င်ရောက်လုပ်ကိုင်ကြသည်။ မြန်မာနှင့်ထိုင်းနိုင်ငံမှာ နယ်နမိတ် ထိစပ်မှုရှည်လျားပြီး ရှမ်း၊မွန်၊ကချင်၊ကရင်၊ ကယားပြည်နယ်၊ ပဲခူး၊ မြန်မာပြည်အလယ်ပိုင်းဒေသနဲ့ တနင်္သာရီတိုင်းဒေသမှာ မြန်မာတိုင်းရင်းသားများသည် နယ်စပ်ဝင်ပေါက်မှာတဆင့် တရားဝင်ရော၊ တရားမ၀င်ရော နေ့စဉ်နဲ့အမျှ ၀င်ရောက်နေသည်မှာ မြန်မာပြည်၏ ထင်ရှားသော အမှတ်အသားပင်ဖြစ်သည်။
    ဇင်းမယ်တွင် မြန်မာပြည်မှာ လာသော မွတ်စလင်များကို ကြုံရာကျပန်း အလုပ်များဖြင့် တွေ့မြင်ရပါသည်။ တွေ့ခဲ့ရသူများမှာ မြန်မာပြည်သား ကရင်၊မွန်၊ရခိုင်၊ရှမ်း၊ကချင်၊ဗမာ၊ ရိုဟင်ဂျာနဲ့  တရုတ်လူမျိုး အစ္စလာမ့်ဘာသာ ကိုးကွယ်သူများပင်ဖြစ်သည်။ မြန်မာမွတ်စလင်အမျိုးသားများမှ ပလာတာ ထိုင်းအခေါ် ရိုတီ၊ လက်ဘက်ရည်၊ ထမင်းနှင့် ဟင်းမျိုးစုံ၊ အကင်မျိုးစုံနဲ့ ခေါက်ဆွဲကြော်၊ကြာဇံကြော် လက်တွန်းလှည်းဆိုင်ကယ်များဖြင့် လည်းကောင်း၊ ဈေးထဲတွင် ကြက်သားနဲ့ အမဲသားရောင်းသော ဆိုင်တွင် လည်းကောင်း အမျိုးသမီးများသည် အိမ်ဖော်အလုပ်၊ သန့်ရှင်းရေး၊ စာပွဲထိုး၊ အမဲသားသုတ်နဲ့ ထမင်း၊ ကောက်ညှင်းထမင်း လက်တွန်းလှည်းဆိုင်အပြင် ကွမ်းယာရောင်းခြင်းတို့တွင် မိမိတို့ ဘ၀စားဝတ်နေရေးအတွက် လုပ်ကိုင်ကြသည်ကို တွေ့မြင်ရပါသည်။
    ဘတ် ၂၀ တန် ခေါက်ဆွဲကြော် (ဓါတ်ပုံ-မောင်လူငယ်)
    ကျနော်သည် ဇင်းမယ်တွင် ဂျမုအတ် သောကြာနေ့တွင် ဗလီဝတ်ပြုသွားရာတွင် မြန်မာမွတ်စလင်များနှင့် အမြဲဆုံကြပြီး ကြာလတ်သော အပြန်အလှန် မိတ်ဆက်ပေးကြရာမှာ ရင်းနှီးပြီး သူတို့ရဲ့ ဘ၀အကြောင်းကို စာနာစွာ သိရှိရပါသည်။ ထို့သူများ၏ နာမည်ကို ကျနော်သည် ထုတ်ဖော်မပြောဆိုဘဲ နာမည်ပြောင်းထားလိုက်သည်ကို စာဖတ်သူ ချစ်မိတ်ဆွေများက နားလည်ပေးပါရန်။
    အကင်မျိုးစုံ လက်တွန်းလှည်းလေးနဲ့ ဈေးရောင်းနေတဲ့ မြန်မာမွတ်စလင် တဦးဖြစ်တဲ့ ဦးစောရဲသူ ပြောပြချက်ကတော့ “ကျနော်ကို ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့မှာ မွေးတဲ့ ကရင်လူမျိုး အစ္စလာမ့်ဘာသာဝင်ပါ။ အခု ကျနော်အသက်က ၄၂ ရှိပါပြီး။ ကျောင်းဆိုတာ ကျနော်တောင် မမျှော်မှန်းရဲဘူး။ မိဘတွေက ဆင်းရဲလို့ ကျနော်ကျောင်းမနေခဲ့ရပါဘူး။ မြန်မာလို့ရော ထိုင်းလို့ရော  ပြောတတ်ပါတယ်။ စာတော့မဖတ်တတ် မရေးတတ်ပါဘူး။ ကျနော်နေတဲ့ ဒေသမှာ အလုပ်အကိုင်ရှားပါးပါတယ်။ စားဖို့ သောက်ဖို့ အဆင်တော့မပြေဘူး။ နောက်ပြီး မွတ်စလင်တယောက်ဖြစ်တော့ ဘာသာကိုအကြောင်းပြုပြီး မှတ်ပုံတင်လုပ်ဖို့လည်း အခက်အခဲရှိတယ်။  ပိုက်ဆံလည်းမရှိဘူး။ ဒီလိုဖိနှိပ်မှုတွေရှိတော့ ၁၈ နှစ်သားကတည်း ထိုင်းကို ထွက်လာပြီး ချင်းမိုင်မှာ အလုပ်လုပ်ပြီးနေလာတာ အနှစ် ၂၀ တောင် ကျော်ခဲ့ပြီး ကျနော်မှာ အိမ်ထောင်နဲ့ အတည်တကျဖြစ်ပြီး ကလေး ၂ ယောက်ရှိပါတယ်။ အမျိုးသမီးက မွန်လူမျိုး မွတ်စလင်ပါ။ အိမ်ဖော်လုပ်နေတာပေါ့။ မိသားစုအတွက် ကျနော်တို့ လင်မယား ၂ ယောက် ကြိုးစားရတယ်။ ကျနော်ကလေး ၂ယောက်ကို ထိုင်းမှာ မွေးပြီး ထိုင်းမှာ ကျောင်းထားပေးထားပေးမဲ့ ထိုင်းနိုင်ငံသားတွေ မဟုတ်သလို မြန်မာနိုင်ငံသားလည်း မဟုတ်ပါဘူး။ မြန်မာလူမျိုး ဖြစ်ခွင့်မရတာ ကျနော် ၀မ်းနည်းလို့မဆုံပါဘူး။ အလ္လာဟ်အသျှင် အလိုတော်အတိုင်း တနေနေ့ ကိုယ်မွေးရပ်မြေကို ပြန်နိုင်မှာပါ။” လို့ ပြောသွားပါတယ်။
    နောက်တယောက်ဖြစ်တဲ့ ထမင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ ကချင်တိုင်းရင်းသား မွတ်စလင်တယောက်ဖြစ်တဲ့ ဦးLနော်ဆိုင်းကတော့ “ကျနော်အသက်ကတော့ ၃၅ ပါ။ ကချင်ပြည်နယ် မိုးညှင်းဇာတိပါ။ မိသားစု ၈ ယောက်ရှိပါတယ်။ ကျနော်က အငယ်ဆုံးပါ။ အဖေက ကချင်လွတ်လပ်ရေးတပ်မတော်မှာ ပါဝင်လှုပ်ရှားခဲ့ဖူးပါတယ်။ အခုတော့ ကွယ်လွန်သွားပါပြီး။ တချို့အကိုနဲ့ အမတွေက မိုးညှင်းမှာရှိသလို အိမ်ထောင်ကျသွားတဲ့သူတွေက တရုတ်ပြည် ရွှေလီ၊ ကူမင်းမှာ နေပါတယ်။ ပညာရေးအနေနဲ့တော့ ၁၀ တန်းထိ နေခဲ့ပါတယ်။ ကျနော်က ချင်းမိုင်မှာ နေလာတာ ၁၀ နှစ်ကျော်ပါပြီး၊ ဒီမှာက နေလို့ကောင်းတယ်။ လူမျိုး၊ဘာသာမခွဲခြားဘူး။ မြန်မာပြည်နဲ့ အတော်ကွာတယ်။ ပြောရမယ်ဆိုရင် ဆီနဲ့ ရေလိုဘဲ။ ကချင်မှာလည်း ကချင်လူမျိုး နတ်ကိုးကွယ်သူ၊ ခရစ်ယာန်တွေနဲ့ အစ္စလာမ့်ဘာသာဝင်တွေ ရှိပါတယ်။ ဒါကို မြန်မာအစိုးရက ကချင် မွတ်စလင်ဆိုတာ မရှိပါဘူးလို့ -င်ပိတ်ငြင်းနေတာရှိတယ်။ ကျုပ်တို့ကတော့ ဒီလူတွေနဲ့ ပြိုင်မငြင်းဘူး။ ကချင်လူမျိုးဆိုတာ လူကြောက်မဟုတ်ဘူးဆိုတာ သူတို့ မသိချင်ယောင်ဆောင်နေကြတာ။ ကျုပ်တို့ဆီက ကျောက်စိမ်းတွေကိုကျတော့ ယူတယ်။ ကျုပ်တို့ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဘာတခုမှမလုပ်ပေးတဲ့ ကြောင်သူတော် ကြွက်သူခိုးတွေလေ။” ဟု နာကျဉ်းစိတ်ကို ဒေါသသံနဲ့ ပြောသွားတယ်။
    မဲဆောက်ဗလီကြီးတွင်တွေ့ရသည် မြန်မာနှင့်ထိုင်း အစ္စလမ်ဘာသာဝင်များ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)
    အပတ်စဉ် တနင်္ဂနွေ ညနေတိုင်း ကျနော်သည် ချင်းမိုင် Riverside Condo နားရှိ ဈေးထဲတွင် အမြဲပင် သွားရောက်လေ့ရှိသည်အပြင် ညနေစာကိုလည်း ဈေးအတွင်းရှိ လခြမ်းနှင့် ကြယ်တံဆိပ် အမှတ်အသားပါသောဆိုင်များတွင် ၀င်ရောက်စားသုံးလေရှိသည်။
    ထိုင်းနိုင်ငံတွင် အစ္စလာမ့် ဘာသာဝင်များ၏ ဆိုင်များတွင် (၇၈၆) အမှတ်အသားပါသည် ဆိုင်များကို ကျနော်မတွေ့ဖူးပါ။ မြန်မာပြည်တွင် အတွေ့ရအများဆုံးပင်ဖြစ်ကြောင့် မှတ်သားမိသည်။ ကျနော်သည် ခေါက်ဆွဲဆိုင်တွင် အပတ်စဉ်တိုင်း စားနေကျဖြစ်သည်အတိုင်း ခေါက်ဆွဲဆိုင်ပိုင်ရှင်နှင့် ရင်းနှီးလာပြီး သူအကြောင်း ကိုယ်အကြောင်း မိတ်ဆက်ကြတော့မှာ မြန်မာပြည်က လာသူဖြစ်မှန်း သိရတဲ့အပြင် ရန်ကုန်ဇာတိဆိုတော့ သူအကြောင်းကိုလည်း ကျနော်ကို ရင်ဖွင့်ပြောပြခဲ့တာ ကျနော် စိတ်မကောင်းဖြစ်မိတယ်။ ပြောပြတာကတော့ “မာမူက ရန်ကုန်ဇာတိပါ သာကေတ မှာ နေတာပေါ့။ ထိုင်းမှာ နေတာ နှစ်ပေါင်း ၂၀၊ အစိတ်ရှိခဲ့ပြီး မာမူက မြန်မာ့မွတ်စလင်ပါ။ ကျောင်းဆိုလို့ ၈ တန်းထိဘဲ နေခဲ့ရတာ။ မြန်မာပြည်က ထွက်ခဲ့တုန်းက မ.ဆ.လ ခေတ်ပေါ့ သမ္မတ ဦးစန်းယု ကာလပေါ့။ ရန်ကုန်မှာ အလုပ်အကိုင် အဆင်မပြေလို့ပေါ့။ ပစ္စည်းမျိုးစုံ ရှားပါးတဲ့ ခေတ်မှာ မှောင်ခိုရွှေခေတ်ဆိုတော့ မော်လမြိုင်ဘက်ကို ရောက်သွားတယ်။ ထိုင်းကနေ ပစ္စည်းမျိုးစုံကို သယ်ဆောင်လာပြီး ခရီးအဆင့်ဆင့် ဆက်သွားပြီးမှာ မော်လမြိုင်ကို ရောက်တယ်။ မော်လမြိုင်ကနေ သင်္ဘောနဲ့ပေါ့ ရန်ကုန်အရောက် ဒါမှမဟုတ် ပုလိပ် အဖမ်းအဆီးရှိရင် စစ်တောင်း၊ ပဲခူး ရထားကနေ ရန်ကုန်ထိ ပို့ရတာပေါ့။ လဟာပြင်ဈေးတို့၊ စကော့ဈေးတို့ပေါ့။ အဲဒီတုန်းက မော်လမြိုင်ဆိုရင် မျက်နှာပွင့်တယ်။ လက်ဖျားမှာ ငွေတွေသီတယ်။ ပစ္စည်းမျိုးစုံ သယ်ဆောင်ရာမှာလည်း လမ်းခရီးအဆင့်ဆင့်မှာ ကေအန်ယူတို့၊ မွန်ပြည်သစ်ပါတီတို့ကို ဆက်ကြေးပေးရတယ်။ ဓားပြတွေရဲ့ ရန်က လွတ်အောင် ဒီအဖွဲ့တွေရဲ့ အကူအညီလိုအပ်တာပေါ့။ မြန်မာငွေက ထိုင်းဘတ်ထက် တန်ဖိုးမြင့်တယ်။ အဲဒီကာလကပေါ့။ လွမ်းစရာတော့ ဖြစ်ရပြီးလေ။
    ငါတူရယ်။ ငွေလဲလှယ်နှုန်းဘယ်လောက်ရှိလဲသိလား။ ငါတူ မှတ်ထား မြန်မာငွေ ၁ ကျပ်ကို ထိုင်းဘတ် ၃၀ တောင်။ အခုတော့ မော်လမြိုင်မှာ မှောင်ခိုမရှိတော့ နောက်မျိုးဆက်သစ်တွေက ဒီအကြောင်းကို မသိကြတော့ဘူး။ ၈၆ နောက်ပိုင်းမှာ မာမူလည်း ချင်းမိုင်မှာ အလုပ်လုပ်ရင်းနဲ့ ယိုးဒယားသူနဲ့ အိမ်ထောင်ကျပြီး အခြေချနေလာတာ နှစ်ပေါင်း ၂၀ တောင် ကျော်ခဲ့ပြီး၊ မာမူမှာ သား ၂ ယောက်ရှိတယ်။ သားအကြီးက ထိုင်းတပ်မတော်လေတပ် အရာရှိဖြစ်ပြီး ချင်းမိုင်လေဆိပ်လုံခြုံရေးကို တာဝန်ယူရတယ်အဖွဲ့မှာ ပါဝင်ထမ်းဆောင်နေတာပေါ့။ သားအငယ်က မာမူနဲ့ အတူ ဈေးရောင်းနေတယ်။ ထိုင်းမှာ ဘုရင်ကြီးက ကောင်းတယ်။ အားလုံးကို ကျောသားရင်သားမခွဲခြားဘူး။ ထိုင်းလူမျိုး ဘယ်ဘာသာကိုးကွယ် ကိုးကွယ် အားလုံးကို တပြေးညီဘဲဆက်ဆံတယ်။ မာမူသားဆိုရင် ထိုင်းတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတယ်။ မြန်မာပြည်မှာ ရမလား။ မရနိုင်ဘူးကွယ်။ သူတို့တွေက မွတ်စလင်ဆို နှိမ့်တာ၊ ဖိနှိပ်တာဘဲ။ နေရာမပေးအောင်လုပ်တာ အဘက်ဘက်ကနေပေါ့။ ဘယ်သူလုပ်တယ်ထင်လဲ။ ငါတူ မသေမရှင် မှတ်ထား ဦးနေ၀င်း ကိုယ်တိုင်လုပ်ခဲ့တာ။ မြန်မာ လူအဖွဲ့အစည်းကို အမြင်ကျဉ်းမြောင်တဲ့ အတွေးအခေါ်တွေကို သံမှိုစွဲနှက်သလိုရိုက်သွင်းခဲ့တာဘဲ။ ခင်ညွန့်ဆိုရင်လည်း ကြည့်ပါလား ဦးနေ၀င်းမွေးထားတဲ့ မျောက်လေ။ သူလည်း အပြင်ပန်းကနေ ဟန်ဆောင်တာဘဲ။ စိတ်ထဲမှာ ဖေဖေကြီးပြောသမျှ မှန်နေတယ်လို့ အစွဲမပျောက်သေးပါဘူး။ ဒီလိုသာ ရှေဆက်သွားနေရင် မာမူတို့ မြန်မာပြည် အနာဂတ်အတွက် ရင်လေးလိုက်တာ။ မာမူလည်း မြန်မာပြည်ကို သံယောဇဉ် ရှိနေတာပေါ့။ ကိုယ်မွေးရပ်မြေလေ။ ဒါပေမဲ့ မိသားစုက ထိုင်းမှာ အခြေတကျဖြစ်နေတော့ မာမူလည်း အိပ်မက်ထဲမှာ မြန်မာပြည် အမြဲရောက်နေတာပေါ့။ ရီစရာပြောရမယ်ဆိုရင် အိပ်မက်ထဲမှာ မာမူလည်း မိသားစုနဲ့ မြန်မာဟင်း၊ ငါးပိနဲ့ တို့စရာတွေနဲ့ အားရပါးရလွေးနေရတာပေါ့။” အထက်ပါ ရင်ဖွင့်ချက်ကို ကျနော်သိရသောအခါ ခံစားမှုအမျိုးမျိုးဖြင့် ဘာပြောရမှန်း မသိအောင် နှုတ်ဆိတ်နေကာ အတန်ကြာ စဉ်းစားမိသည်။
    နိဂုံးချုပ်ဆိုရသော် မြန်မာမွတ်စလင်များသည် ပြည်တွင်းတွင် အမျိုးမျိုးသော ဖိနှိပ်မှုများအကြားတွင် ကြံ့ကြံ့ခံ ရင်ဆိုင်ရင် စားဝတ်နေရေးအတွက် နယ်စပ်မှတဆင့် ထွက်ခွာကာ ကျရာအလုပ်အသီးသီးတွင် ၀င်ရောက် လုပ်ကိုင်ကြသည်အပြင် မြန်မာမွတ်စလင် အများစုတွင် ပညာရေးဘက်တွင် အားနည်းခဲ့ပြီး စာတတ်မြောက်မှုနှုန်း မရှိသလောက်ဖြစ်ခဲ့ရသည်ကို ကျနော် ၀မ်းနည်းစွာ မျက်မြင်တွေ့မြင်ခဲ့ရလေသည်။
    မောင်လူငယ်
  • ကျနော် နေခဲ့ရသော ဇင်းမယ်ပြည်
    ကျနော် နေခဲ့ရသော ဇင်းမယ်ပြည်
    အောက်တိုဘာ၊ ၁၀ ၊ ၂၀၁၂
    M-Media
    မောင်လူငယ်
    လွန်ခဲ့သော 10 လခန့်မှ စကာ ကျနော်သည် ဇင်းမယ်ပြည်တွင် နေထိုင်ရန် အကြောင်းဖန်လာခဲ့သည်။ ပြည်တွင်းတွင် အခက်အခဲပေါင်းစုံကြောင့် ထွက်ခွာလာခဲ့ရပြီး မြန်မာအငွေ့အသက်ရှိရာ ဇင်းမယ်မြို့တွင် မိမိဘ၀အတွက် အလုပ်လုပ်ကိုင်ကာ စားဝတ်နေရေးကို ရှာဖွေနေရပေသည်။ အစည်းအဝေးကိစ္စ၊ သင်တန်းကိစ္စဖြင့် ဘန်ကောက်သို့ အကြိမ်ကြိမ် ရောက်ရှိခဲ့သော်လည်း ဇင်းမယ်သို့ ရောက်ရှိနေမည်ဟု မည်သည်အခါမျှ အိပ်မက်ပင် မမက်မိချေ။
    ဇင်းမယ် ကျုံးနန်းတော်ဟောင်း
    ယိုးဒယားတို့ အခေါ် ချင်းမိုင်သည် တချိန်က မြန်မာတို့ ပိုင်နယ်မြေဖြစ်ခဲ့ပြီး ယခုအခါ ထိုင်း (ယိုးဒယား) တို့၏ ဒုတိယမြို့တော်ဖြစ်လေသည်။ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော တပင်ရွှေထီးနှင့် ဘုရင့်နောင်မင်းတရားကြီး တို့၏ လက်ထက်တွင် ဇင်းမယ်သည် မြန်မာတို့ပိုင်ဖြစ်လာခဲ့ပြီး ဘုရင်နောင်မင်းတရားကြီး၏ သားတော် နော်ရထာစော ထီးနန်းစိုက်ချိန် တွင် ရာစုနှစ် ၂စု ကျော်ခန့် မြန်မာတို့ အစဉ်အဆက် နေထိုင်လာခဲ့ပြီး မြန်မာအငွေ့အသက်၊ မြန်မာဓလေ့ ထုံးစံတို့ကို တွေ့မြင်ရလေသည်။
    မိဘမဲ့ကလေးများနဲ့ မသန်စွမ်းတွေအတွက် အလှူခံနေတဲ့ ထိုင်းရဲ
    ကုန်းဘောင်မင်းဆက် စဉ့်ကူးမင်းလက်ထက်တွင် မြန်မာတို့ ဇင်းမယ်ကို လက်လွှတ်ခဲ့ရသည်။ ဇင်းမယ်မြို့ဟောင်းသည်စတုရန်းမိုင် ၄ မိုင်ခန့် ကျယ်ဝန်းပြီး ရှေးဟောင်းလက်ရာ၊ ကျုံးမြို့ရိုးဟောင်းများကို ယနေ့တိုင်တွေ့မြင်ရပြီး ဘန်ကောက်နန်းတော်ထက် ကျယ်ဝန်းလေသည်။ လူဦးရေတိုးပွားကာ ဖြည်းဖြည်း တိုးချဲ့လာသောကြောင့် မြို့ရိုးအပြင်ဘက်သို့တိုင်အောင် ရောက်ရှိခဲ့ပြီး စီးပွားရေး ရပ်ကွက်လည်း ရှိသည်။ ဇင်းမယ်တွင် ယိုးဒယား၊တရုတ်၊လာအို၊ရှမ်းနှင့်မြန်မာများနေထိုင်ပြီး ယိုးဒယားပေါက် မြန်မာများ၊ရှမ်းများကိုလည်း တွေ့မြင်ရသလို ယိုးဒယားလူမျိုးနှင်လာအိုတို့က ရှမ်းများကို တိုင်းလန် သို့မဟုတ် အကိုကြီးဟု ခေါ်ဆိုကြသည်ကို သိရှိရလေသည်။ အဘယ်ကြောင့်ဆိုသော် ယိုးဒယား၊ရှမ်းနဲ့လာအို တို့မှာ အချင်းချင်း ဆွေမျိုးသားချင်းများဖြစ်လေသည်။
    ဇင်းမယ်သည် ယိုးဒယားနိုင်ငံမြောက်ပိုင်း၏ မြို့တော်ဖြစ်ပြီး မဲနန်မြစ်၏ မြစ်လက်တက်ဖြစ်သော မဲပင်မြစ်ကမ်းဘေးတွင် တည်ရှိပြီး မိုးမျှော်တိုက်တာအဆောက်အအုံ မရှိသလောက် နည်းပါးလှသည်။ သစ်တောထူထပ်သောတောင်ကြီးများ ၀န်းရံလျှက်ရှိပြီး ဒွိုက်စူသက်တောင် သည် ဇင်းမယ်မြို့၏ အလှကို တင့်တယ်အောင် ပြသနေလေသည်။ မြန်မာပြည်ဘက် ကယားနီနယ်နှင့် မိုင် ၈၀ အကွာတွင် ရှိကာ အလွန်နီးလှသည်။ မြန်မာပြည်မှာ ထွက်လာသောသူများနှင့် မြန်မာအလုပ်သမား ၄ သိန်းခန့် နေထိုင်လျက်ရှိကြသည်။ ယိုးဒယားနိုင်ငံနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော ကရင်၊ကယားနီ၊မွန်နှင့် ရှမ်းပြည်နယ်မှာ တိုင်းရင်းသားများသည်လည်း ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးမှုနှင့် နေရာဒေသမရွေး တိုက်ပွဲတွေကြောင့် စွန့်ခွာလာခဲ့ပြီး မိမိတို့ စားဝတ်နေရေးအတွက် ဇင်းမယ်တွင် ရရာ အလုပ်များကို လုပ်ကိုင်စားသောက်နေထိုင်ကြသည်ကို ကျနော်သည် တွေ့မြင်ခဲ့ရသည်။ ၀မ်းနည်းဖို့ကောင်းလေသည်မှာ မိမိတို့ တိုင်းရင်းသူတချို့သည် မိသားစု စားဝတ်နေရေးအတွက် မိမိဘ၀ကို ရင်းနှီးရသည်ကို စိတ်မကောင်းခြင်းကြီးစွာ ကျနော် မြင်ခဲ့ရလေသည်။ မည်သူကို ကျနော်အပြစ်တင်ရမည်နည်း။
    ရွှေ့လျား ဆိုင်ကယ်ဈေးရောင်း
    ယိုးဒယားနိုင်ငံ၏ စီးပွားရေးသည် မြန်မာပြည်ထက်ပင် အစစ အရာရာ သာလွန်လျက် နိုင်ငံတကာ ခရီးသည်များကို ဆွဲဆောင်နိုင်လေသည်။ အစားအသောက်ဈေးနှုန်းမှာလည်း သင့်တင့်မျှတပြီး ဟိုတယ်၊ အင်းများ၏ တည်းခိုးစရိတ်မှာ မြန်မာပြည်ထက်ပင် ဈေးချိုလေသည်။ ပေးရသော် ဘတ် ၄၀၀ မှ ၅၀၀ ကြားရှိလေသည်။ ကျနော်စရောက်သည်အချိန်က ဇင်းမယ်သည် မန္တလေးနှင့် အတော်တူလေသည်။ သို့သော် ကွဲပြားခြားနားချက်တော့ ရှိလေသည်။ မန္တလေးတွင် အတော်ပူသလောက် ဇင်းမယ်တွင် သိပ်မပူချေ။ မန္တလေးတွင် မိုးနည်းသလောက် မည်သည်အချိန်တွင် မိုးရွာမည်ကို မခန့်မှန်းနိုင်ဘဲ ရွာတော့မည်ဆိုလျှင် အငြိုးကြီးစွာ ရွာတတ်သည်။ ဇင်းမယ်ကား တမျိုးထူးလေသည်။ မိုးမရွာခင် ရှေ့ပြေးအတိတ်နမိတ်လေးများပြတတ်ပြီး တိမ်တိုက်တိမ်လိပ်များ ထူထပ်ကာ လေခပ်ကြမ်းကြမ်းတိုက်ခတ်တတ်သည်။ ဖုန်ထူတာခြင်းတွင် အတော်တူလေသည်။
    ဆောင်းရာသီကာလတွင် အသည်းခိုက်အောင်ချမ်းလှပေသည်။ ဆိုင်ကယ်များလည်း အတော်ပေါပြီး ဥပဒဟို သွားလာလှုပ်ရှားလျက်ရှိသည် အပြင် ထူးခြားချက်မှာ ဆိုင်ကယ်ရှေ့မီးကို မနက်၊ ည ဖွင့်ထားခြင်းမှာ ဇင်းမယ်၏ ထုံးစံလို ပင်ဖြစ်နေသည်။ ကျနော်သည် ဆိုင်ကယ်မစီးပါ။ လမ်းလျှောက်သွားလာတတ်သဖြင့် ကျနော်အား တွေ့မြင်ကြသော ယိုးဒယားသားများက အထူးအဆန်းသဖွယ် ကြည်သွားလေသည်။ ကြည်ဖန် များလာသောအခါ မိမိကိုယ်ကို ပြန်လည် စစ်ဆေးကြည်ရှုလေသည်။ နောက်ပိုင်းတွင် သိရသည်မှာ လမ်းလျှောက်သွားကြသွားသူများမှာ နိုင်ငံခြားသာမှန်း သိရှိစေသောကြောင့်ဖြစ်သည်။ ဘက်စ်ကား၊ အဲယားကွန်းဘက်စ် ကို မတွေ့ရဘဲ။ ၄ ချိတ် ကားအနီ၊ အ၀ါ၊ အညို တို့ကို လမ်းပေါ်တွင် အများအပြား တွေ့ရသလို သုံးဘီးဆိုင်ကယ်လို့ ခေါ်တဲ့ တုတ်တုတ်ကို လည်း တွေ့ရသည်။
    နိုင်ငံတကာ ခရီးသည်များအကြိုက် ဆိုက်ကားလည်းရှိသည်။ သို့သော် မြန်မာပြည်မှာ ဆိုက်ကားနှင့် လုံးဝပင်မတူပါ။ ယိုးဒယားဆိုက်ကားတွင် အလယ်မှာ နင်းသူရှိသဖြင့် များစွာ ကွဲပြားလေးသည်။ စီးနင်းခမှာ ဈေးအတော်ကြီးသည်။ ကျနော်နေသော အဆောင်မှာ မြို့လယ်နှင့် အတော်နီးပြီး မြန်မာအများစုနေထိုင်ကြပြီး မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများနှင့် ယိုးဒယားများကိုတွေ့မြင့်ရသည်အပြင် မြန်မာပြည်သားများနေထိုင်ရာ ရပ်ကွက်တွင်လည်း ကွမ်းယာဆိုင်များကို တွေ့ရသည်အတွက် မြန်မာနှင့်  ကွမ်းယာ မည်သို့မျှ မခွဲနိုင် ဟု ကျနော်တွေးမိလေသည်။ ကျနော်သည် ကွမ်းမစားသော်လည်း မြန်မာပြည်သား တိုင်းရင်းသားလူမျိုးဘာသာမရွေး ကွမ်းယာကို အတော်ကြိုက်မှန်း သဘောပေါက်မိသည်။ မြန်မာပြည်မှာ အသုံးအဆောင်များကို ရနိုင်သလို မြန်မာဆေးများကိုလည်း တွေ့ရလေသည်။
    ဇင်းမယ်ရှိ ဗလီဝတ်ကျောင်းတော်
    ကျနော်သည် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကို ပါဝင်ဆင်နွှဲခဲ့ဖူးသော်လည်း ဇင်းမယ်သင်္ကြန် ကို ပထမဆုံးအကြိမ်ဆင်နွှဲမိသည်။ မြန်မာပြည်ဘက်နှင့် လုံးဝပင်မတူညီဘဲ ကွဲပြားခြားနားလေသည်။ မြန်မာသင်္ကြန်တွင် ရေကို ဖောဖောသီသီ လှိုင်လှိုင်သုံးသလောက် ဇင်းမယ်တွင် သိပ်မသုံးချေ။ ကျုံးမြို့ရိုးပတ်လည်သည်အစည်းကားဆုံးဖြစ်ပြီး ဆိုင်ကယ်များ၊ ကားကြီးကားငယ်အသွယ်သွယ်ဖြင့် ပျော်ရွှင်မြူးထူးကြပြီး ကားပေါ်တွင် စည်ပိုင်းပုံးများတင်ကာ တဦးနှင့် တဦး အပြန်အလှန် ပျော်ရွှင်စွာ ရေပက်ကြလေသည်။ ဘေးတဖက်တချက်တွင် လမ်းဘေးအစားအသောက်များ ရေခဲဆိုင်များအပြည့်ပင်ဖြစ်သည်။ ထူးခြားသည်မှာ အရက်သေစာ ရောင်းချခွင့်မရှိချေ။ 7 eleven ဆိုင်များတွင် ရောင်းချသည်။ သို့သော် ဈေးနှုန်းထက် ၂ဆ တင်ရောင်းလေသည်။ အရက်ပုလင်း၊ ဘီယာပုလင်းကို လူရှေ့သူရှေ့နှင့် ကားပေါ်တွင် ပေါ်ပေါ် ထင်ထင် သောက်ခွင့်မရှိချေ။ ထိုင်းရဲများက တွေ့မြင်လျင် ဒဏ်ကြေးကြီးကြီး ပေးဆောင်ရသည်။ ခိုက်ရန်ဖြစ် ပွားပြီ်း ဒဏ်ရာအနာတရ ဖြစ်စဉ်ကို အတွေ့ရနည်းပြီး ဆိုင်ကယ် မတော်တဆသာ တွေ့ရှိရလေသည်။ အမျိုးသမီးများအပေါ်တွင် နှိမ့်ချခြင်း၊ ဆဲဆိုခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းကို မတွေ့ရချေ။ ကျုံးအတွင်းရှိ ရေများကို ခပ်ယူပက်ကြလေသည်။ ရေရောပေါင်ဒါဖြင့် အပြန်အလှန် လေးစားမှုဖြင့် မျက်နှာပေါ်တွင် သုတ်လိမ်းကြသည်။ နိုင်ငံခြားသားများဖြစ်လျင် ယိုးဒယားလူမျိုးများမှာ ဖက်လှဲတကင်း ပျူငှာကြိုဆိုကာ အတူ ရေကစားပျော်ရွှင်ကြလေသည်။ ကျနော်မြင်ခဲ့ရသော ဇင်းမယ်သင်္ကြန်ပင်ဖြစ်သည်။
    မြန်မာတို့ အတုယူရန်လိုအပ်လှပေသည်။ မြန်မာပြည်သင်္ကြန်တွင် စိတ်ပျက်စရာ တချို့တလေကို တွေ့မြင်ရသော်လည်း အကျယ်ချဲ့ မပြောလိုတော့ပါ။
    တနင်္လာနေ့နှင့် လပြည့်နေ့တိုင်း ယိုးဒယား တပြည်လုံးတွင် အရက်သေစာရောင်းချခွင့်မရှိသည်ကိုလည်း ထူးခြားစွာတွေ့မြင်ရလေသည်။ အဘယ်ကြောင့်ဆိုသော့် ယိုးဒယားနိုင်ငံ၏ ပြည်သူ့ချစ် ဘုရင်ကြီးမှာ တနင်္လာသားဖြစ်သောကြောင့်သိရှိရလေသည်။ ဇင်းမယ်တွင် ယိုးဒယား လူမျိုး အစလာမ့်ဘာသာဝင်များနှင့် ဂျူးလူမျိုး အနည်းငယ်ကို လည်း တွေ့မြင်ရသည်။ တောင်ပိုင်း မူဆလင်များနှင့် များစွာမတူ ကွဲပြားကာ အေးအေးချမ်းချမ်းရှိကာ နှစ်လိုဖွယ် ပေါင်းသင်းဆက်ဆံရေး ကောင်းလှသည်။ ဂျူးလူမျိုးများကို ချန်ဂလမ်လမ်းမပေါ်တွင် အတွေ့ရများပြီး ရှာဘတ်ဆိုင်ဟု ဆိုလိုလျင် တမြို့လုံးသိကြလေသည်။ ထိုဆိုင်တွင် ဂျူးလူမျိုးများ ဆုံရပ်ဖြစ်ပြီး ယိုးဒယားရဲများက အလှည့်ကျ လုံခြုံရေး တာဝန်ယူပေးသည်ကို တွေ့မြင်ရသည်။
    ဇင်းမယ်တွင် တက္ကသိုလ်ကြီး ၂ခု ရှိပြီး ဇင်းမယ် အရှေ့ဘက်တွင် ချင်းမိုင်တက္ကသိုလ်ရှိကာ အနောက်ဘက်တွင် ဖရတ် တက္ကသိုလ်ရှိလေသည်။ မြန်မာကျောင်းသား အများအပြားရှိပြီး နိုင်ငံတကာ ကျောင်းသားဖလှယ်ရေးအစီအစဉ်အရ လာရောက်ကြသောကျောင်းသားများကိုလည်း တွေ့မြင်ရသလို မြန်မာလူမျိုး ဆရာများလည်း သင်ကြားပို့ချကြောင့် သိရှိရသည်။ ဇင်းမယ်ညဈေးသည် အတော်စည်းကားလှသည်။ ကျနော်နေသောနေရာမှာ ၁၅ မိနစ်ခန့် လမ်းလျှောက်သွားလျင် Anusarn Night Bazeerနှင့် Pantip Plaza ရှိသည်။ ညဈေးသည် ညနေ ၆နာရီတွင်ဖွင့်ကာ ည ၁၂ နာရီတွင် ဆိုင်ပိတ်လေသည်။ နိုင်ငံတကာပေါင်းစုံမှာ ခရီးသည်များဖြင့် စည်ကားလှသည်။ ဂျပန်များနှင့် ကိုးရီယားလူမျိုးများကို အများဆုံးတွေ့မြင်ရသည်။ ထို့ဈေးတွင် ပစ္စည်းမျိုးစုံကို စုံလင်စွာ ရောင်းချပြီး လိုချင်သောဈေးနှုန်းကို ဂဏန်းပေါင်းစက်ဖြင့် ပြကာ ရောင်းသူ ၀ယ်သူ ကျေနပ်လောက်သည်အထိ အရောင်းအ၀ယ်ဖြစ်သည်ကိုလည်း တွေ့မြင်ရသည်။ Pantip Plaza တွင် ကွန်ပြူတာပစ္စည်းနှင့် ဆက်သွယ်ရေးပစ္စည်းများကို အဓိက ရောင်းချသည်။
    ဇင်းမယ်တွင် လက်ချိုးရေတွက်လို့ ရသော Plaza များ အနက် အထင်ရှားဆုံးမှာ Airport Plaza ပင်ဖြစ်သည်။ မယ်ဟောင်စင်သွား လမ်းမကြီးနှင့် လေဆိပ်သွားလမ်းမကြီးဆုံရာလမ်းဆုံတွင်ရှိပြီး ဇင်းမယ်မြို့ဟောင်းနှင့် ခပ်လှမ်းလှမ်းတွင် ရှိသည်။ ထို့ပလာဇာမှာ အကြီးစားဖြစ်ကာ လိုအပ်သမျှ အစုံ ရှိသည်။ အပေါ်ထပ်တွင် ရုပ်ရှင်ရုံရှိကာ သမီးရည်စားစုံတွဲများကို အများစုံတွေ့ရသည်။ အလွန်အံ့သြမိသည်က အမျိုးသားအချင်းချင်း စုံတွဲ၊ အမျိုးသမီးအချင်းချင်းစုံတွဲများကို မြင်မိသည်။ အမှန်အတိုင်း ၀န်ခံရလျင် ကျနော်သည် ရေအိုင်ထဲက ဖားသူငယ်ပင်ဖြစ်ကာ နားကို မလည်နိုင်အောင်ဖြစ်ရလေသည်။ ယိုးဒယားတွင် လူ့အခွင့်အရေး အပြည့်အ၀ ရသောနိုင်ငံဖြစ်သဖြင့် လိင်တူချစ်သူများ ၊ လိင်တူလိင်ကွဲစိတ်ဝင်စားသူများကို ကျနော်ဘ၀တွင် ပထမဆုံးမြင်တွေ့မိရခြင်း ဖြစ်သည်။ သေချာစဉ်းစားမိသော လောကတွင် လူရယ်လိုဖြစ်လာချိန်တွင် စိတ်ကသာ အရေးကြီးဆုံး ပြသာနာဖြစ်ကြောင့် စဉ်းစားမိလေသည်။ မွေးစဉ်က အမျိုးသားဖြစ်သော်လည်း စိတ်က အမျိုးသမီးဖြစ်နေလျင် မည်သို့မျှ ပြုပြင်နိုင်မည်မဟုတ်ပါ။ နားလည်လက်ခံပေးချင်သာ အကောင်းဆုံးပင်ဖြစ်သည်။ လိင်တူချစ်သူများနှင့် မသန်စွမ်းသူများအပေါ် ခွဲခြားနှိမ့်ချသော အခေါ်အဝေါ်ကို မသုံးစွဲသည်ကို ကျနော်သဘောကျမိသည်။ အဘယ်ကြောင့်ဆိုသော် ခေါ်ဝေါ်မိလျင် ဒဏ်ကြေးပေးဆောင်ရလေသည်။ ဥပမာပြောရလျင် – အခြောက်၊ ဂန်ဒူး၊ အပုန်း၊ ယောက်ျားလျာ၊ မိန်းမလျာ၊ တွမ်ဘွိုင်း၊ ဆွံ့အ၊ အပင်း၊အအ၊ကျီးကန်၊ အကျိုးအကန်း၊ ထော့ကျိုး၊ိ မျက်ကန်း၊ ဒုက္ခိတ၊ မသန်မစွမ်း ဟု ခေါ်ဝေါ်သုံးစွဲခြင်းကို တားမြစ်ထားလေသည်။ ထို့အသုံးအနှုန်းများမှာ သူတို့အား နှိမ့်ချခေါ်ဝေါ်သော အသုံးအနှုန်းဖြစ်လေသည်။
    ကျနော်နေသောအဆောင်တွင် အလုပ်လုပ်နေသော သန့်ရှင်းရေးသမားသည်လည်း လိင်တူချစ်သူတယောက်ပင်ဖြစ်သည်။ ကျနော်သည် အစပထမတွင် မရင်းနှီးသောလည်း ကျနော် နားမကြား တယောက်ဖြစ်ကြောင့် သိရသောအခါ စတင်မိတ်ဆက်ပေးလေသည်။ သူနာမည်၊ မြို့အကြောင်းပြောပြပြီး ကျနော်ကို ဘယ်ကလာလဲလို့မေးတော့ ကျနော်က ဖမားပြည်မှာလာတယ်လို့ပြောတော့ သူက သူကိုယ်သူ မိန်းမစိတ်ပေါက်နေသူပါ၊ လိင်တူချင်းစိတ်ဝင်စားသူပါလို့ ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ ယိုးဒယားမှာ ကျမတို့လို လူတွေကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းကို သတိထားစေချင်တယ်တဲ့။ ဘာလိုလဲဆိုတာကို ကျနော်ကမေးတော့ သူမက ပြောတယ်။ မှားသွားရင် မင်းအတွက် မကောင်းလို့ပါ။ ဖမားပြည်က လာတဲ့သူဆိုတော့ မသိတာအများကြီးရှိနေတယ်တဲ့။ အပြောမှားရင် ဒဏ်ငွေဆောင်ရလိမ့်မယ်တဲ့။ အတော်ကိုကောင်းတဲ့ ဥပဒေ စည်းကမ်းချက်တခုဖြစ်လို့ ကျနော်သဘောကျမိတယ်။
    မြန်မာတို့၏ အခါကြီးရက် ဥပုသ်နေ့တွင် အားထားရာ ဘုန်းကြီးကျောင်းလည်း ဇင်းမယ်တွင်ရှိလေသည်။ ထို့ကျောင်းသည် ၀ပ်ဆိုင်းမွန် ကျောင်း ဟု ခေါ်တွင်ပြီး နှစ်ပေါင်း ၄၅၀ ကျော်သက်တမ်းရှိပြီး ဟံသာဝတီ ဆင်ဖြူများသျှင် ဘုရင့်နောင်မင်းတရားကြီး၏ ကောင်းမှုကုသိုလ်ပင်ဖြစ်သည်။ နန်းကျုံးမြို့ရိုးတောင်ဘက်တွင် တည်ရှိပြီး (၀ပ်ဆိုင်းမွန် ဖမား) ဟု ယိုးဒယားအသံထွက်ဖြင့် ပြောလိုက်လျှင် ဇင်းမယ်တပြည်လုံးသိကြသည်။ ထိုကျောင်းတွင်လည်း စေတနာ နာရေးကူညီမှုအသင်းကို ၂၀၀၈ နိုဝင်ဘာလ ၂၇ တွင် ဖွဲ့စည်းထားပြီး နာရေးကိစနှင့် ပတ်သက်သမျှ လူမျိုးဘာသာ မရွေး တတ်နိုင်သမျှ အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
    ဇင်းမယ်ရောက် မြန်မာပြည်သားများ ပြီးခဲ့သော် ဇူလိုင်လခန့်က ထိုကျောင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာနှင့် ယိုးဒယားတို့ အချင်းများခဲ့ကြသေးသည်။ မြန်မာကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီးနောက် ကျောင်းထိုင်ဆက်ခံရေးနှင့်ပတ်သက်ပြီး ယိုးဒယားတို့ဘက်မှာ မြန်မာကျောင်းတွင် ယိုးဒယားကျောင်းထိုင်ဆရာတော်ခန့်အပ်မည်ကို မြန်မာတို့က ကန့်ကွက်ကြခြင်းဖြစ်သည်။နောက်ပိုင်းတွင် မြန်မာဘက်မှ သံတမန်ရေးအရ ပြေလည်စွာဖြေရှင်းပေးမှုကြောင့် ထိုင်း (ယိုးဒယား)အစိုးရမှာ လက်ခံသဖြင့် မြန်မာကျောင်းထိုင်ထားရှိရေးအတွက် ဆက်လက်ဆွေးနွေးကြသည် ကိုလည်း ၀မ်းမြောက်စွာ သိရှိရသည်။ မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုမှာ ဇင်းမယ်တွင် ယိုးဒယားသားများ မလုပ်သော အောက်ခြေသိမ်းအလုပ်များကို လုပ်ကိုင်ကြသည်။ ဘွဲ့ရပညာတတ်များပါဝင်သော်လည်း ပြည်တွင်းတွင် အလုပ်အကိုင် ရှားပါးလွန်းသဖြင့် ပြည်ပတွင် လုပ်ကိုင်ရသော်လည်း မြန်မာပြည်မှာ ဘွဲ့သည် အသုံးပင် မ၀င်လှချေ။ ကျနော်ကိုယ်တိုင် မျက်မြင်တွေ့ကြုံခဲ့ရသော အကြောင်းရင်းပင်ဖြစ်သည်။
    အစ ပထမတွင် ကျနော်သည် ဇင်းမယ်သူတွေ လှသည်ကို မသိခဲ့ချေ။ ရှေးတုန်းက မြန်မာရာဇ၀င်စာဆိုများ၏ ဇင်းမယ်အကြောင်း စာပေများဖွဲဆိုခဲ့သော်လည်း ယခုလက်တွေ့မြင်ရမှာ အဆင်းလှသဖြင့် ရင်ခုန်မိသည်။ သို့သော် ကျနော်သည် အချစ်နှင့်ပတ်သက်လာလျှင် အတော်ညံ့သောကြောင့် မပြောဆိုရဲခဲ့ပေ။ ကျနော်ရဲ့ အားနည်းချက်ပင်ဖြစ်သည်။
    နိဂုံးချုပ် ဆိုရသော် ဇင်းမယ်သည် ရှေးစာဆိုနှင့်အညီ ပြည်စုံလှသလို မိမိမျက်ဝန်းထဲတွင် မမေ့နိုင်လောက်အောင် စွဲလန်းမိသလို ဇင်းမယ်သို့ ရောက်ဖူးကြသူများပင်လျင် ကျနော်ကဲ့သို့ ဖြစ်မည်ကို ထင်မြင်မိပါသည်။
    စာဖတ်သူ မိဘပြည်သူများအား ချစ်ခင်လေးစားလျှက်
    မောင်လူငယ်
  • မောင်သော်ကကိုထောင် အနှစ်(၂၀) ကျစေခဲ့တဲ့ တပ်မတော်ရေသို့ ပေးစာ (၁)စောင်
    မောင်သော်ကကိုထောင် အနှစ်(၂၀) ကျစေခဲ့တဲ့ တပ်မတော်ရေသို့ ပေးစာ (၁)စောင်
    M-Media
    မောင်လူငယ်
    5th August 88
    ရန်ကုန်
    ဗိုလ်မှူးကြီး သန်းညွန့်
    ပထမဆုံး ကိုယ်ရှင်းပြလိုတာက ဒီလှုပ်ရှားမှုကြီးမှာ (ဒီမိုကရေစီလှုပ်ရှားမှု) ကိုယ်ပါဝင်လာရတဲ့အကြောင်းရင်းကတော့
    (၁) ကျောင်းသားလူငယ်များ ပြည်သူအများ သွေးမြေကျ သေဆုံးရခြင်းကို မကြည့်ရက် မရှုရက်တော့လို့
    (၂) ကိုယ်ချစ်တဲ့ မြတ်နိုးတဲ့ တပ်မတော်ကို တိုင်းပြည်က လူသတ်သမား မုဒိမ်းဒမြ အဖြစ် မြင်လာပြီး အစဉ်အလာကောင်းတဲ့ တပ်မတော်ရဲ့ ဂုဏ်အသရေကို မညှိုးနွမ်းစေလိုတဲ့ စေတနာဘဲဖြစ်တယ်။ ကိုယ်မှာ ဒီစေတနာဘဲရှိပါတယ်။ သေဒဏ်လည်း ရှိမှာဘဲ။ အဲဒီတော့ ကိုယ်ဘာလုပ်သလဲဆိုတော့  ကျောင်းသားတွေ ရှေ့မှာ စာပေအနုပညာရှင်တို့ရဲ့ မျက်နှာကိုပြစေမဲ့ ခလေးတွေ နောက်ထပ်မသေကြရအောင် တပ်လဲ မျက်နှာ မပျက်အောင် ကိုယ် ၀င်ရပ်ခဲ့ပါတယ်။
    ကိုယ်ဟာ ကလေးတွေရဲ့ ကြားမှာ ကျောင်းသားနဲ့ အစိုးရ စေ့စပ်ဖြန်ဖြေရေးလို စွမ်းဆောင်နိုင်တဲ့ ဂုဏ်အင်္ဂါမျက်နှာ မရှိပါဘူး။ စွမ်းဆောင်နိုင်တဲ့သူတွေလည်း ထောင်ထဲရောက်နေတော့ ကိုယ် အောင်ဆန်းစုကြည်နဲ့ အကြိတ်အနယ်ဆွေးနွေးပြီး ခလေးတွေနဲ့ အစိုးရကြားမှာ (Mediator) ဖြန်ဖြေသူ အနေနဲ့ ၀င်ရပ်တည်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။ သူမှာလည်း ဘာနိုင်ငံရေး ရည်ရွယ်ချက်မရှိပါဘူး။ ကိုယ်ကအတင်းတိုက်တွန်း ဇွတ်ဆွဲဆောင်လို့ သဘောတူလက်ခံခဲ့တာပါ။ ကျောင်းသားထုတွေ သိပ်မျှော်လင့်တောင့်တနေတဲ့ ဖြန်ဖြေသူအဖြစ် သူမကို ကိုယ်ရှာဖွေတင်ပေးခဲ့ခြင်းပါ။
    ဒီနေ့ ကိုယ်ဘာဖြစ်နေသလဲ။ သူငယ်ချင်း တပ်က အောင်ဆန်းစုကြည်ကို သူတို့ရဲ့ ရန်သူအဖြစ် သတ်မှတ်ပြီး လုပ်ကြံ့သတ်ဖြတ်ဖို့ အဲဒီမှာ ကိုယ်ကိုလည်း (Target) အဖြစ်သတ်မှတ်ပြီး (Death Squal) တွေနဲ့ စီစဉ်နေကြပါတယ်။ ကိုယ်မသေချင်သေးပေးမဲ့ မှန်ကန်တဲ့လုပ်ရပ်အတွက် သေရမှာ မကြောက်ပါဘူး။
    ခု တပ်တွင်းမှာ အာဏာကို ဆုပ်ကိုင်ထားလိုတဲ့ အာဏာရူးတစုက လက်နက်အားကိုးနဲ့ အကြမ်းဖက် အာဏာသိမ်းဖို့ စီစဉ်နေကြပါတယ်။ တိုင်းပြည်မှာ သွေးချောင်းစီးတော့မှာကို သိပ်ကြောက်ပါတယ်။ သူတို့အချင်းချင်းလည်း စိတ်ဝမ်းကွဲနေကြပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအကျိုးကိုသာ ကြည်သူနဲ့ ကိုယ်ကျိုးနဲ့ ကိုယ်ကျိုးရဲ့ ကွင်းဆက်ဖြစ်တဲ့ပါတီရဲ့ အကျိုးကိုသာ ကြည်သူလို့ ၂စုကွဲနေတယ်။
    အဲဒီတော့ ကိုယ်အနူးအညွတ် တောင်းပန်လိုတာကတော့ ပေါက်ကွဲပေါ်ထွက်လုဆဲဆဲဖြစ်တဲ့ ကြောက်စရာကောင်းတဲ့ အာဏာလုပွဲမှာ ကိုယ်ချစ်တဲ့ မောင်ရင်တို့ ရေတပ်က အနည်းဆုံးအားဖြင့် (Policy of non – cooperation) ပူးပေါင်းမပါဝင်ရေးဆိုတဲ့ ရပ်တည်ချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ပေးကြပါ။ ကိုယ်တောင်းဆိုနေတာက open revolt သော်လည်းကောင်း muliny သော်လည်းကောင်း မဟုတ်ပါ။ တိုင်းပြည်ကို ညှာကြဘို့ အလေးအနက် တောင်းပန်ခြင်းပဲ ဖြစ်ပါတယ်။
    ကိုယ့်သဘောထားဟာ ပြည်သူ့လူထုကြီးရဲ့ သဘောထား၊ အောင်ဆန်းစုကြည်ရဲ့ သဘောထားပါ။ အောင်ဆန်းစုကြည် နိုင်ငံရေးအာဏာကို ယူဖို့ မရည်ရွယ်ဘူးဆိုတာ ကိုယ် ရဲရဲကြီး အာမခံပါတယ်။ လောလောဆယ် ကျောင်းသားတွေလည်း အကြမ်းမဖက်ကြဖို့၊ အစိုးရကလည်း တပ်အားကိုးနဲ့ နောက်ထပ်လူမသတ်ကြဖို့ ဦးတည်ဆောင်ရွက်နေခြင်းပါ။ ဒီမိုကရေစီရေးတို့ ဘာတို့က နောက်မှထား၊ တိုင်းပြည်သွေးချောင်းစီးမှာကို မောင်ရင်တို့လည်းမြင်ရက် ကြမှာ မဟုတ်ဘူးလို့ ကိုယ်ယုံကြည်ပါတယ်။ ဗိုလ်မှူးကြီး ၀င်းရှိန်တို့ကိုလည်း ကိုယ်သဘောထားကို ဆွေးနွေးကြည့်ပါ။ မောင်ရင်တို့ရဲ့ လုံခြုံရေးကို ထိခိုက်တယ်ဆိုရင်တော့ ကိုယ်ထပ်မတိုက်တွန်းချင်ပါဘူး။ ရေတပ်ဌာနချုပ်မှူး၊ စစ်ဦးစီမှူးတို့ဟာ အများကြီး အကူအညီပြုနိုင်တဲ့သူတွေပါ။ ကိုယ်အနူးအညွတ် ထပ်လောင်းမေတာရပ်ခံပါတယ်။ သူငယ်ချင်း ဒီစာကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါ။ နိုင်ဦးက တဆင့်သော်လည်းကောင်း သန်းကျော်ဌေးက တဆင့်သော်လည်းကောင်း ရေတပ်ရဲ့ သဘောထားလေး၊ မောင်ရင်ရဲ့သဘောထားလေး သိပါရစေ။ ကိုယ်လျှို့ဝှက်ထားပါမယ်။ သိပ်အရေးကြီးနေတယ် သူငယ်ချင်း
    ကျန်းမာရွှင်လန်းပါစေ
    မောင်သော်က (ခ) ဗိုလ်မှူးဟောင်း ဘသော်
    (ဒီစာမှာ ကျနော်အဘိုးဟာ တိုင်းပြည်အတွက် အများအကျိုးအတွက် ရေးသားပေးခဲ့တာပါ။ တပ်မှာ အာဏာသိမ်းမှာရယ် ကျောင်းသားများနဲ့ ပြည်သူကို သတ်ဖြတ်မှာကို ကြိုသိပြီး မြင်ခဲ့တယ်။ ဒါကို န၀တအစိုးရက တပ်မတော်ကိုဖြိုခွဲတယ်ဆိုပြီး ၁၉၅၀ အရေးပေါ်အက်ဥပဒေ ပုဒ်မ ၅ နဲ့ ထောင် အနှစ် ၂၀ ကျခံခဲ့ရတယ်။) မောင်လူငယ်
     မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော်အကြောင်း ပိုစ်များဖတ်ရန်။