News @ M-Media

Tag: MgYeWin

  • “ဝေါဟာရ အကွဲအလွဲများနဲ့ လူပြောများနေတဲ့ Ethnic Cleansing”

    “ဝေါဟာရ အကွဲအလွဲများနဲ့ လူပြောများနေတဲ့ Ethnic Cleansing”

    ၂၀၁၂ ခုနှစ်ကစလို့ ရခိုင်ပြည်နယ်အတွင်း မတည်မငြိမ်တွေဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ မြန်မာအစိုးရဟာ Ethnic Cleansing (အက်သနစ် ကလင်းဇင်း) လုပ်ဆောင်နေပါတယ်ဆိုတဲ့ စွဲချက်တွေကို သတင်းမီဒီယာတွေအပေါ်မှာ ဆက်တိုက်တွေ့မြင်လာရတယ်။ တချို့က “ဒီမိုကရေစီခေတ်ရောက်မှ Ethnic Cleansing ဆိုတဲ့အသံထွက်လာတယ်၊ ကမ္ဘာ့အလယ်မှာ အပြောခံရတယ်“ လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။

    သမိုင်းကြောင်းကို ပြန်ကောက်ကြည့်တဲ့အခါ ဦးနေဝင်းခေတ်ကစပြီး ခေတ်အဆက်ဆက်မှာ မြန်မာအစိုးရတိုင်းဟာ Ethnic Cleansing လုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ကင်းတယ်လို့ မရှိခဲ့ဖူးပါဘူး။ နှစ်ပေါင်းများစွာ အာဏာရှင်စနစ် အမြစ်တွယ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ လူနည်းစုတွေအပေါ် Ethnic Cleansing လုပ်နေတယ်ဆိုတာ ကမ္ဘာ က အသိအမှတ်ပြုထားတာ ရာစုနှစ်ထက်ဝက်နီးပါး ရှိပါပြီ။ ဥပမာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုလုပ်ခဲ့တဲ့ “Burma Freedom and Democracy Act of 2003” က သက်သေ တခုပါ။ ၂၀၀၃ ခုနှစ်စပြီး သန္ဓေတည်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့

    စီးပွားရေးပိတ်ဆို့မှုဥပဒေ Section 2. Paragraph (6) မှာ

    … နအဖ အစိုးရက ကရင်၊ ကရင်နီ နဲ့ ရှမ်း လူမျိုးစုတွေအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ လူနည်းစုတွေအပေါ် လူသားများအပေါ်ရာဇဝတ်မှု (Crime Against Humanity) ကျူးလွန်ရာရောက်တဲ့ Ethnic Cleansing တွေ လုပ်နေပါတယ် … လို့ ထည့်သွင်းရေးသားထားပါတယ်။

    Section 2. Paragraph (7) မှာ

    … နအဖ အစိုးရရဲ့ Ethnic Cleansing လှုပ်ရှားမှုကြီးဟာ အစဉ်အလာအရ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ မွတ်စလင်တွေ၊ ခရစ်ယာန်တွေ၊ နဲ့ မိရိုးဖလာကိုးကွယ်မှုတွေကို လက်ဆွဲယုံကြည်သူတွေအကြား ဆန့်ကျင်မှုတွေနေဖြစ်တယ် … လို့ ရေးသားထားပါတယ်။

    လိုရင်းကို ခပ်တိုတိုလေး ဗမာလို ပြန်ရေးလိုက်တာပါ။ ဆိုလိုချင်တာက အရင် စစ်အစိုးရလက်ထက်မှာလည်း Ethnic Cleansing လုပ်နေတယ်ဆိုတဲ့ ဆွဲချက်ကို အခြေခံပြီး မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ခဲ့တာပါပဲ။ အင်္ဂလိပ်လို မူရင်းကို အောက်မှာ စာကြွင်းအဖြစ် ထည့်သွင်းထားပါတယ်။

    အထက်မှာ Ethnic Cleansing (အက်သနစ် ကလင်းဇင်း) ဆိုတဲ့ ဝေါဟာရကို ဗမာလို ဘာသာမပြန်ဘဲ အင်္ဂလိပ်လိုသာ ရေးခဲ့တာကို သတိပြုမိမှာပါ။ မြန်မာမီဒီယာတွေအကြားမှာ ဒီဝေါဟာရ အသုံးအနှုန်းကို ဗမာ လို သုံးနှုန်းတဲ့ အခါ ကွဲလွဲမှုတွေရှိနေပါတယ်။ မီဒီယာ အတော်များများကလည်း တသက်မှတ်တည်း မရေးဘဲ အဆင်ပြေသလို အမျိုးမျိုးရေးနေတာလည်း ရှိပါတယ်။ Ethnic Cleansing ကို မြန်မာ သတင်းမီဒီယာတွေမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု၊ လူမျိုးတုံးရှင်းလင်းမှု ၊ လူမျိုးစုအလိုက် ရှင်းလင်းမှု၊ လူမျိုးစုရှင်းလင်းမှု၊ လူမျိုးစု သန့်စင်ရှင်းလင်းမှု၊ လူမျိုးစု သန့်စင်မှု၊ လူမျိုး သန့်စင်မှု၊ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးတုံး သတ်ဖြတ်သန့်စင်မှု၊ လူမျိုးရေး သန့်စင်မှု၊ လူမျိုးရေး ရှင်းလင်းမှု၊ လူမျိုးသန့်စင်ရှင်းလင်းရေး လုပ်ဆောင်မှု၊ လူမျိုးတုံး ရှင်းထုတ်သတ်ဖြတ်မှု၊ လူမျိုးစု သန့်စင်ပစ်မှု လို့ ဖော်ပြကြပါတယ်။

    ကွဲလွဲနေတဲ့အထဲမှာ တချို့ အသုံးအနှုန်းတွေက Genocide (ဂျီနိုဆိုဒ်) ရဲ့ အဓိပ္ပါယ်နဲ့ သွားတူနေတာတွေလည်း တွေ့ရပါတယ်။ Ethnic Cleansing ကို “လူမျိုးတုံးသတ်ဖြတ်မှု” လို့ ဘာသာပြန်တာဟာ နားလည်မှု လွဲမှားစေနိုင်ပါတယ်။ အဲဒီ ဗမာလို ဘာသာပြန်မှာပါတဲ့ ‘လူမျိုး’ ဆိုတာကို ‘လူမျိုးစု’ အဖြစ် အသိအမှတ်ပြုခြင်း-မပြုခြင်း သို့မဟုတ် ‘တိုင်းရင်းသား’ ဟုတ်ခြင်း-မဟုတ်ခြင်း ဆိုတဲ့ ရှုဒေါင့်ကနေကြည့်ကြပါတယ်။ Ethnic ကို ဗမာလို ‘တိုင်းရင်းသား’ လို့ ရောထွေပြီး ဘာသာပြန်တာတွေ ရှိတဲ့အတွက် Ethnic ဆိုတဲ့ ဝေါဟာရနဲ့အတူ တိုင်းရင်းသား ဖြစ်ခြင်း-မဖြစ်ခြင်းကို ဆွဲထည့်ပြီး စဉ်းစားတတ်ကြပါတယ်။ ဒါကြောင့် Ethnic Cleansing အထ မြောက်ခြင်း – မမြောက်ခြင်း ရှုဒေါင့်ကို အရင်မသုံးသပ်ခင် လူမျိုးစုဖြစ်ခြင်း မဖြစ်ခြင်း မှာတင် ရောထွေးလေ့ရှိတတ်ကြပါတယ်။

    နောက်တခုက “တုံး” ဆိုတဲ့ စကားလုံးပါ။ အလွယ်တကူပြောရရင် အများစုက ဒါကို “မျိုးတုံးတယ်”၊ “မရှိတော့ဘူး” ဆိုတဲ့ သဘောအဖြစ် မှတ်ယူကြပါတယ်။ ဒါကြောင့် “လူမျိုးတုံး” လို့ ပြောရင် “လူမျိုးမရှိတော့ဘူး” လို့ အဓိပ္ပါယ်ပေါက်စေပါတယ်။ တဆက်တည်း နောက်ပိတ်မှာပါတဲ့ ‘သတ်ဖြတ်မှု’ ဆိုတဲ့ ဝေါဟာရကြောင့် Genocide နဲ့ အထင်လွဲစေပြန်ပါတယ်။

    -cide ဆိုတာ လက်တင်ဘာသာစကားက ဆင်းသက်လာပြီး သတ်ဖြတ်ခြင်း၊ သတ်ဖြတ်သူ နဲ့ သက်ဆိုင်တဲ့ ဝေါဟာရတွေရဲ့ နောက်ပိတ်စကားလုံးအဖြစ် တွဲသုံးပါတယ်။ ဥပမာ -Suicide, Homicide, Genocide, Pesticide, Fungicide, Bactericide, Cytocide အစရှိတဲ့ သတ်ဖြတ်မှုနဲ့ ဆိုင်တဲ့ ဝေါဟာရအဖြစ် သုံးစွဲပါတယ်။

    ဒါကြောင့် Genocide ဆိုတာကို “လူမျိုးတုံးသတ်ဖြတ်မှု” လို့ ဘာသာပြန်ရင် သဘာဝကျပေမယ့် Ethnic Cleansing ကို “လူမျိုးတုံးသတ်ဖြတ်မှု” နဲ့ ရောထွေလိုက်လို့ မရပါဘူး။ ဒါဆို Ethnic Cleansing ဆိုတာ ဘာလဲ။ လူမျိုးတုန်းသတ်ဖြတ်မှု မဟုတ်ဘူး ဆိုရင် ဘာလဲ။

    ဒါကိုမပြောခင်မှာ ဒီလို ဝေါဟာရ သုံးစွဲမှု မှားတဲ့အပေါ် အမြင်တွေ ဘယ်လို ကွဲလွဲစေသလဲဆိုတာကို ဥပမာအနေနဲ့ ဖော်ပြချင်ပါတယ်။

    ကမ္ဘာ့နိုင်ငံကြီးတွေ၊ အဖွဲ့အစည်းကြီးတွေက

    “မြန်မာအစိုးရဟာ Ethnic Cleansing လုပ်နေတယ်”လို့ ပြောတာကို မြန်မာ့မီဒီယာတွေက

    “မြန်မာအစိုးရဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေပြီလို့ ကမ္ဘာ့နိုင်ငံကြီးတွေ၊ အဖွဲ့အစည်းကြီးတွေက ပြောဆိုနေကြပါတယ်” လို့ သတင်းတွေမှာ ဖော်ပြကြတယ်။

    ဒီသတင်းကိုဖတ်ပြီး မြန်မာပြည်သူတွေက

    “လူလေး ၃-၄၀၀ လောက်သေတာများ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လို့ စွပ်စွဲရအောင် အဲဒီယူအန်ကလူတွေ၊ ပညာရှင်ဆိုသူတွေ ဦးနှောက်ရှိသေးရဲ့လား” လို့မေးခွန်းထုတ်ကြတာ မကြာခဏကြားဖူးပါတယ်။ “လူမျိုးတုံးမသွားဘူး“ ဆိုတဲ့ တုန့်ပြန်သံတွေထွက်လာတယ်။

    ဒီတုန့်ပြန်သံတွေကို အင်္ဂလိပ် လို မီဒီယာမှာပြန်ရေးတဲ့အခါ “မြန်မာတွေက Ethnic Cleansing မဟုတ်ဘူးလို့ ငြင်းနေကြပါတယ်”လို့ ရေးပြန်တယ်။

    အဲဒီ အင်္ဂလိပ်လို သတင်းတွေ ဖတ်ပြီး နိုင်ငံခြားသားတွေက “လူ သန်းနဲ့ချည် အိုးစွန့်အိမ်စွန့် ဒုက္ခသည်တွေဖြစ်နေတာတောင် အခုထိ ဖုံးကွယ်နေတယ်၊တော်တော် မေတ္တာတရား ခေါင်းပါးကြပါလား” လို့ မှတ်ချက်တွေ ချပြီး ဒုက္ခသည်တွေကို ပိုလို့တောင် သနားစိတ်ဖြစ်ကြတယ်။

    ဒါကြောင့် ဒီ အသုံးအနှုန်း ဝေါဟာရအပေါ် အလွဲအမှားတွေဖြစ်လို့ မြန်မာတွေကလည်း “ကမ္ဘာ့ ပညာရှင်တွေကို ဦးနှောက်မရှိသူတွေလို့” ထင်၊ ကမ္ဘာကလည်း “မြန်မာတွေ မေတ္တာတရားခေါင်းပါးတယ်လို့” ထင်။ အလွဲကြီးလွဲတော့ တာပဲ။ [တချို့က အသုံးအနှုန်းရောထွေးလို့ မရှင်းမလင်းနဲ့ ငြင်းတာရှိသလို၊ တချို့က Ethnic Cleansing နဲ့ Genocide ကွဲပြားမှုကို ရှင်းရှင်းလင်းလင်း နားလည်ပြီး ငြင်းတာလည်းရှိပါတယ်။]

    လက်ရှိမှာ ကမ္ဘာ့နိုင်ငံကြီးတွေ၊ အဖွဲ့အစည်းကြီးတွေ၊ ကမ္ဘာ့ သတင်းမီဒီယာတွေ အများစု လက်ခံအတည်ပြုထားတာက Ethnic Cleansing ပါ။ ဒါပေမယ့် တချို့က Genocide (လူမျိုးတုံးသတ်ဖြတ်မှု) လို့ စွဲဆိုနေတာတွေလည်း ရှိပါတယ်။

    မြန်မာမီဒီယာတချို့သုံးတဲ့ “လူမျိုးစု သန့်စင်ရှင်းလင်းမှု”၊ “လူမျိုးစု ရှင်းလင်းမှု”၊ “လူမျိုးစု သန့်စင်မှု” တွေက Ethnic Cleansing ရဲ့ ဆိုလိုရင်းနဲ့ နီးစပ်မှုအရှိဆုံးပါပဲ။ ဒီမှာ “လူမျိုးစု” လို့ ပြောလို့ တိုင်းရင်းသားဖြစ်ခြင်း-မဖြစ်ခြင်း နဲ့ ရောလိုက်လို့ မရဘူး၊ အသိအမှတ်ပြုခြင်း-မပြုခြင်းနဲ့ ရောလိုက်လို့မရဘူး။ တကယ့်ဆိုလိုရင်းက ဝိသေသတူတဲ့ လူအုပ်စု ကို ဆိုလိုခြင်းဖြစ်ပါတယ်။

    ကုလသမဂ္ဂကတော့ “လူမျိုးစု သန့်စင်ရှင်းလင်းမှု (Ethnic Cleansing) ဆိုသည်မှာ နေရာဒေသတစ်ခုတွင် တူညီသောလူမျိုးစုသာတည်ရှိစေရန်အတွက် ၎င်းတို့နှင့် လူမျိုးသော်လည်းကောင်း၊ ဘာသာသော်လည်းကောင်း မတူညီသည့် အခြားလူမျိုးစုအား ဖယ်ရှားစေရန်အလို့ငှာ အင်အားသုံး၍သော်လည်းကောင်း၊ ဖိအားပေးချိန်းခြောက်၍သော်လည်းကောင်း ရှင်းလင်းဖယ်ရှားခြင်းဖြစ်သည်။” လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၇၈၀ မှာ “ လူမျိုးစု သန့်စင်ရှင်းလင်းမှု (Ethnic Cleansing) ဆိုသည်မှာ ပထဝီအရပ်ဒေသတနေရာရာမှ လူမျိုးစုတခုကိုသော်လည်းကောင်း၊ သာဘာဝင်တစုကိုသော်လည်းကောင်း ပြည်သူလူထုအား အကြမ်းဖက်၍သော်လည်းကောင်း၊ ကြောက်ရွံမှုများ ပေါ်ပေါက်စေခြင်းဖြစ်သော်လည်းကောင်း အခြားလူမျိုးတစု သို့မဟုတ် ဘာသာဝင်တစုမှ ရည်ရွယ်ချက်ရှိရှိ အကောင်အထည်ဖော်လုပ်ဆောင်သည့် မူဝါဒဖြစ်သည်“ လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။

    ဒီ အဓိပ္ပါယ်ဖွင့်ဆိုချက် နှစ်ခုလုံးရဲ့ အင်္ဂလိပ်လို မူရင်းကိုလည်း အောက်မှာ စာကြွင်းအနေနဲ့ ထည့်သွင်းထားပါတယ်။

    Ethnic Cleansing ဆိုတာ ဥပဒေရေးရာဝေါဟာရမဟုတ်သလို သူ့ခေါင်းစဉ်အောက်မှာလည်း တိုက်ရိုက်တရားစွဲဆိုလို့ရတဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ၊ ပဋိညာဉ်စာချုပ် ဆိုတာမျိုးလည်း မရှိပါဘူး။ ဒါပေမယ့် Ethnic Cleansing လုပ်ဆောင်တဲ့ကိစ္စမှာ အစိုးရက ရည်ရွယ်ချက်ရှိရှိ ပါဝင်လုပ်ဆောင်တယ်ဆိုရင် လုပ်ဆောင်တဲ့ နည်းတာတွေအပေါ်မူတည်ပြီး အခြားခေါင်းစဉ်တွေအောက်မှာတော့ အပြည်ပြည်ဆိုင်ရာခုံရုံးတွေမှာ တရားစွဲတဲ့အခါမှာ အထောက်အထားတွေအဖြစ် အသုံးပြုနိုင်တာမျိုးတွေရှိပါတယ်။ နိုင်ငံတခုချင်းဖြစ်ဖြစ်၊ နိုင်ငံပေါင်းစုံအဖွဲ့အစည်းအတွေအနေနဲ့ ပဲဖြစ်ဖြစ် ဒီလို Ethnic Cleansing ကျူးလွန်တဲ့ နိုင်ငံကို သံတမန်ရေးရာအရ အရေးယူမှုတွေ လုပ်ကြပါတယ်။

    ၂၀၀၅ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘောတူညီချက် အရ နိုင်ငံတနိုင်ငံချင်းစီဟာ သူ့နိုင်ငံအတွင်းမှာ သော်လည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံမှာသော်လည်းကောင်း Genocide၊ War Crime၊ Crime Against Humanity ဒါမှမဟုတ် Ethnic Cleansing ကျူးလွန်တယ်ဆိုရင် လူအခွင့်အရေးချိုးဖောက်မှုတွေကနေ “ကာကွယ်ဖို့ တာဝန်ဝတ္ထရား“ (Responsibility to Protect) ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါရှိပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးချို့ဖောက်တဲ့ လုပ်ရပ်တစ်ခုဖြစ်တဲ့ Ethnic Cleansing ကျူးလွန်ရင်လည်း အကာအကွယ်ပေးရမယ့်ဆိုတဲ့ ရပ်တည်ချက်တွေက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ အခိုင်အမာရှိနေတာ ဖြစ်ပါတယ်။

    မောင်ရဲဝင်း (တောင်ကြီး)

    Note:

    ၁။ ၂၀၀၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ဥပဒေ “Burma Freedom and Democracy Act of 2003” Section 2. Paragraph (6)

    “The SPDC is engaged in ethnic cleansing against minorities within Burma, including the Karen, Karenni, and Shan people, which constitutes a crime against humanity and has directly led to more than 600,000 internally displaced people living within Burma and more than 130,000 people from Burma living in refugee camps along the Thai-Burma border.”

    ၂။ ၂၀၀၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ဥပဒေ “Burma Freedom and Democracy Act of 2003” Section 2. Paragraph (7)

    “The ethnic cleansing campaign of the SPDC is in sharp contrast to the traditional peaceful coexistence in Burma of Buddhists, Muslims, Christians, and people of traditional beliefs.”

    ၃။ ကုလသမဂ္ဂရဲ့ Ethnic Cleansing အဓိပ္ပါယ်ဖွင့်ဆိုချက်။

    The official United Nations definition of ethnic cleansing is “rendering an area ethnically homogeneous by using force or intimidation to remove from a given area persons of another ethnic or religious group”.

    ၄။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၇၈၀ ပါ Ethnic Cleansing အဓိပ္ပါယ်ဖွင့်ဆိုချက်။

    Security Council Resolution defined ethnic cleansing as “a purposeful policy designed by one ethnic or religious group to remove by violent and terror-inspiring means the civilian population of another ethnic or religious group from certain geographic areas”.

  • နိုင်ငံရေး၊ စီးပွားရေး ဝန်းရံကာကွယ်ပေးမယ့် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု

    နိုင်ငံရေး၊ စီးပွားရေး ဝန်းရံကာကွယ်ပေးမယ့် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၇
    မောင်ရဲဝင်း (တောင်ကြီး)

    ‘အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မယ်’ ဆိုတာဟာ တကယ့်လက်တွေ့မှာ စီးပွားရေးအရ လက်တွဲဖြုတ်တယ်၊ ဒဏ်ခပ်တယ် ဆိုတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လမ်းနိုင်ရေးအတွက် ဝန်းရံပေးတာဖြစ်တယ်လို့ အမေရိကန်အမတ်တွေက ယူဆကြပါတယ်။ စီးပွားရေးအမြင်နဲ့ အပေါ်ယံကြည့်မယ်ဆိုရင် ဒီသတင်းကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်သွားနိုင်စရာရှိပြီး အခြားစီးပွားရေးစီမံကိန်းတွေကိုပါ ထိခိုက်နိုင်တယ်။ ဒါပေမယ့် အမေရိကန် လွှတ်တော်မှာ တင်သွင်းထားတဲ့ ဥပဒေမူကြမ်းတွေကတော့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အပြုသဘောဆောင်တဲ့ အချက်အလက်တွေ အဓိက ပါရှိတာကိုတွေ့ရပါတယ်။

    ၂၀၀၃ ခုနှစ် နဲ့ ၂၀၁၆ ခုနှစ်အကြား ချမှတ်ခဲ့တဲ့ အမေရိကန်စီးပွားရေးပိတ်ဆို့မှုဟာ စစ်အာဏာရှင်ကို တိုက်ရိုက်ဆန့်ကျင်တာဖြစ်တဲ့ အတွက် ရှင်းတယ်။ အနောက်တိုင်းနိုင်ငံအများစုနဲ့ အတိုက်အခံအင်အားစု၊ တော်လှန်ရေးအင်အားစုတွေကလည်း အင်တိုက်အားတိုက် ထောက်ခံခဲ့ကြတယ်။ အခုက ပြည်သူတွေ လိုလားပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရခေတ်ကိုရောက်နေပြီ။ အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မယ်ဆိုတဲ့ သတင်းနဲ့အတူ ထောက်ခံတယ်၊ မထောက်ခံဘူး၊ နည်းနည်းလျော့လုပ်၊ ခပ်နာနာထောင်း အစရှိသဖြင့် အသံပေါင်းစုံ ထွက်လာတယ်။ သဘောထား ကွဲလွဲတာတွေ ရှိလာတယ်။

    ဒါပေမယ့် “စီးပွားရေးပိတ်ဆို့တယ်” ဆိုတဲ့ ဝေါဟာရကြီးတခုကိုကြည့်ပြီး ‘ထောက်ခံတယ်’၊ ‘ကန့်ကွက်တယ်’ လို့ အလွယ်တကူ ကောက်ချက်ချလို့တော့မရပြန်ဘူး။ စီးပွားရေးပိတ်ဆို့တယ်ဆိုတာ အမေရိကန်နိုင်ငံရဲ့ ဥပဒေအပိုင်းအစတခုဖြစ်တယ်၊ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ရပ်တည်ချက်ဖြစ်တယ်။ ဒါကြောင့် ဖြစ်ကြောင်းကုန်စင် အားလုံးကို ခြုံကြည့်ဖို့လိုတယ်။ သက်ဆိုင်တဲ့ ဥပဒေ တရပ်လုံးကို လေ့လာဖို့လိုတယ်။

    သမ္မတ အိုးဘားမားက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအောင်ပွဲဟာ သူ့ရဲ့ သံတမန်ရေးရာအောင်ပွဲတရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး သူ့ရဲ့ သက်တမ်းမကုန်ခင်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကျန်ရှိနေတဲ့ စီးပွားရေးပိတ်ဆို့မှုကို ပယ်ဖျက်ခဲ့တယ်။ သမ္မတ အိုဘားမားရဲ့ လုပ်ရပ်ဟာ ခြေလမ်းကျဲလွန်းတယ်လို့ အမေရီကန်နိုင်ငံရေးသမား တချို့ကဆန့်ကျင်ခဲ့ကြပေမယ့် ‘မြန်မာနိုင်ငံဘက်က နောက်ကြောင်းပြန်လှည့်ရင်၊ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်ပေါ်လစီကလည်း အချိန်မရွေး နောက်ကြောင်းပြန်လှည့်မယ်’လို့ တုန့်ပြန်ခဲ့တယ်။

    မြန်မာနိုင်ငံအပေါ် နှစ်ရှည်လများထားရှိတဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းလိုက်ပြီး (၁) နှစ်မပြည့်ခင်မှာပဲ စီးပွားရေး ပိတ်ဆို့ဖို့ အထက်လွှတ်တော်မှာရော၊ အောက်လွှတ်တော်မှာပါ ဆွေးနွေးမှုတွေ စတင်လာခဲ့ပြန်တယ်။ အစပိုင်းမှာ အမေရိကန်လွှတ်တော်နှစ်ရပ်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပေါ်လစီပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး နိုင်ငံခြားရေးရာကော်မတီကို သဘောထားတွေ၊ လမ်းညွန်မှုတွေ ပေးပို့ခဲ့ကြတယ်။

    အထက်လွတ်တော်က စက်တင်ဘာလ (၇) ရက်နေ့ နေ့စွဲ့နဲ့ ဆုံးဖြတ်ချက်အမှတ် S.RES.250၊ အောက်လွှတ်တော်က စက်တင်ဘာ (၁၄) ရက်နေ့ နေ့စွဲနဲ့ ဆုံးဖြတ်ချက်အမှတ် H.RES. 528 တွေချမှတ်ခဲ့တယ်။ အဲဒီမတိုင်ခင်ကလည်း အမေရိကန်နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လွှတ်တော်တွေမှာ ဆုံးဖြတ်ချက်တွေ မကြာခဏ ချမှတ်ပြီး နိုင်ငံခြားရေးရာကော်မတီကို လမ်းညွန်ချက်တွေ ပေးလေ့ရှိတယ်။

    စက်တင်ဘာလအတွင်းမှာ လွှတ်တော်နှစ်ရပ်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စကို အဓိကဦးတည်တယ်။ လွှတ်တော်နှစ်ရပ်လုံးရဲ့ ရပ်တည်ချက်တွေကလည်း တူတယ်။ ARSA အဖွဲ့ကို ရှုတ်ချတယ်၊ မြန်မာစစ်တပ်ကို ရှုတ်ချတယ်၊ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းတယ်၊ UN စုံစမ်းစစ်ဆေးရေးကို ခွင့်ပြုပေးဖို့ တောင်းဆိုတယ်၊ ဒေါ်စုကိုလည်း ငြိမ်ချမ်းရေးနိုဘလ်ဆုရစဉ်က ပြောခဲ့တဲ့စကားအတိုင်း အပြောနဲ့အလုပ် ညီဖို့တိုက်တွန်းတယ်။

    အခြေအနေ တိုးတက်ပြောင်းလဲမှုမရှိလာတဲ့အတွက် နိုဝင်ဘာ (၇) ၇က်နေ့မှာ လွှတ်တော်နှစ်ရပ်ပူးတွဲ ဆုံးဖြတ်ချက်အမှတ် H. Con. Res. 90 ကိုထပ်တင်တယ်။ ဒီတခါ ထပ်တိုးလာတာက တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကို နာမည်တပ်ပြီး မြန်မာစစ်တပ်က ထိုးစစ်ဆင်နေတာတွေကို ရှုတ်ချတယ်၊ ဒုက္ခသည်တွေအပေါ်လူသားချင်စာနာထောက်ထားတဲ့ အကူအညီတွေ ပေးဖို့တိုက်တွန်းတယ်၊ ဒုက္ခသည်တွေကိုပြန်လည်ခေါ်ယူ နေရာချထားရေး စီစဉ်ဖို့ တိုက်တွန်းတယ်၊ လူ့အခွင့်အရေးချိုးဖောက်သူတွေအပေါ် စီးပွားရေးပိတ်ဆို့မှု လုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တိုက်တွန်းတယ်။

    တကယ်တန်း စီးပွားရေးပိတ်ဆို့မယ်ဆိုတဲ့ ကဏ္ဍကတော့ လွှတ်တော်နှစ်ရပ်ပေါင်းပြီး အတည်ပြုပေးရမယ့် အက်ဥပဒေတွေရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။ ဒီကိစ္စကို နိုဝင်ဘာလ (၂) ရက်နေ့မှာ လွှတ်တော်နှစ်ရပ်လုံးက ဥပဒေမူကြမ်းတင်သွင်းထားပြီးပြီဖြစ်တယ်။ အထက်လွှတ်တော် က အပိုဒ်ခွဲ (၁၃) ပိုဒ်ပါတဲ့ ‘မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အက်ဥပဒေ’ အဖြစ် S.2060. Burma Human Rights and Freedom Act of 2017၊ အောက်လွှတ်တော်က အပိုဒ်ခွဲ (၁၂) ပိုဒ် ပါတဲ့ ‘မြန်မာနိုင်ငံ အက်ဥပဒေ’ H.R. 4223 Burma Act of 2017 တို့ပဲဖြစ်တယ်။

    လွှတ်တော်နှစ်ရပ်မှာတင်ထားတဲ့ မူကြမ်းတွေဟာ ခပ်ဆင်ဆင်ဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမားတွေဦးဆောင် တင်သွင်းထားတာဖြစ်တယ်။ ပါတီနှစ်ရပ်လုံးကလည်း သဘောထား တိုက်ဆိုင်နေတယ်။ အခုအချိန်မှာ ထောက်ခံတဲ့ အမတ်ဦးရေ နည်းနေသေးပေမယ့် အတည်ပြုနိုင်တဲ့ အလားအလာ လွှတ်တော် နှစ်ရပ်လုံးမှာရှိနေတယ်။ လွှတ်တော်နှစ်ရပ်အတွင်းမှာ တင်ထားတဲ့ မူကြမ်းနှစ်ခုအကြား မတူညီတဲ့ အချက်အလက် အနည်းငယ်ရှိပေမယ့် အခြေခံအချက်အလက်တွေကတော့ တူတယ်။ ဒါကြောင့် ဒီလွှတ်တော် နှစ်ရပ်မှာ တင်ထားတဲ့ ဥပဒေမူကြမ်းနှစ်ခုပေါင်းပြီး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဥပဒေသစ်တရပ် မကြာခင် ထွက်ပေါ်လာနိုင်ဖွယ်ရာရှိတယ်။

    စီးပွားရေး ပိတ်ဆို့မယ်ဆိုတာက ဒီဥပဒေက ပြဌာန်းပေးမှာဖြစ်တယ်။ ဒါဆိုရင် ဒီဥပဒေမူကြမ်းတွေမှာ ဘာတွေရေးထားလဲ၊ ဘယ်ပုံဘယ်နည်းနဲ့ ပိတ်ဆို့မှာလဲ၊ ဘယ်သူတွေကို ပစ်မှတ်ထားသလဲ။ ဒါတွေကို အရင် သုံးသပ်ကြည့်ကြဖို့လိုတယ်။ နိုင်ငံတနိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဥပဒေတရပ် ပြဌာန်းမှာဖြစ်တဲ့အတွက် ဥပဒေမူကြမ်းဟာလည်း တနိုင်ငံလုံးသက်ဆိုင်တဲ့ အချက်အလက်တွေ ပါတယ်။

    ဒါကြောင့် ဒီဥပဒေမူကြမ်းတွေမှာ ရခိုင်ပြည်နယ်အရေးကိစ္စအပြင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စ၊ ၂၁ ရာစုပင်လုံညီလာခံ ကိစ္စ၊ ကချင်နဲ့ ရှမ်း ပြည်နယ်တွေမှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေကိစ္စ၊ ကချင်းနဲ့ ရှမ်း ဒုက္ခသည်ကိစ္စ၊ လွှတ်တော်ထဲက စစ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေဥပဒေပြင်ဆင်ရေးကိစ္စ၊ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေနဲ့ ဝ ခေါင်းဆောင် Wei Hsueh Kang တို့ အမြတ်ထုတ်နေတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကိစ္စ တွေလည်း တွင်တွင်ကျယ်ကျယ် ထည့်သွင်းထားတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စကြောင့် မြန်မာနိုင်ငံကို အာရုံစူးစိုက်မှုများလာတာမှန်ပေမယ့် မြန်မာနိုင်ငံတဝှမ်းမှာဖြစ်ပျက်နေတဲ့ ပြဿနာအရပ်ရပ်ကို ခြုံကြည့်တဲ့အခါ စစ်အာဏာရှင် အကြွင်းအကျန်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ အမေရိကန်က ယူဆတယ်။ ဒါကြောင့် နိုင်ငံရေး၊ စီးပွားရေးမှာ ချယ်လှယ်နေတဲ့ စစ်အရာရှိ တချို့ကို စီးပွားရေးပိတ်ဆို့မှုလုပ်မယ်ဆိုတဲ့ ကဏ္ဍတွေထည့်သွင်းလာတာဖြစ်တယ်။

    မြန်မာစစ်တပ်ကို စစ်ရေးအရ အကူအညီမပေးဘူး၊ အကာအကွယ်မပေးဘူး၊ ပူးတွဲစစ်လေးကျင့်မှုတွေ မပြုလုပ်ဘူးဆိုတဲ့ အချက်ရယ်၊ မြန်မာနိုင်ငံက ကျောက်စိမ်း နဲ့ ပတ္တမြား တင်သွင်းတာကို ပိတ်ပင်မယ်ဆိုတဲ့အချက်ရယ်၊ ဥပဒေအတည်ပြုပြီး ရက်ပေါင်း (၉၀) အတွင်း ကော်မတီတရပ်ဖွဲ့စည်းပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို စာရင်းပြုစုမယ်၊ စာရင်းထဲမှာ ပါလာတဲ့သူတွေကို ပြည်ဝင်ခွင့်ပိတ်မယ်၊ စီးပွားရေး ပူးတွဲ လုပ်ဆောင်ခွင့်ပိတ်မယ်၊ ဘဏ္ဍာရေးအကူအညီတွေကို ဒီစာရင်းဝင်သူတွေနဲ့ ပူးတွဲမလုပ်ဆောင်ဘူး ဆိုတဲ့အချက်တွေဟာ ဒီဥပဒေမူကြမ်းထဲမှာပါတဲ့ စီးပွားရေးပိတ်ဆို့မယ်ဆိုတဲ့ ကဏ္ဍပဲဖြစ်ပါတယ်။ လက်ရှိ မူကြမ်းထဲမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ် မောင်မောင်စိုး၊ ဗိုလ်ချုပ် ခင်မောင်စိုး တို့ သုံးဦးကိုတော့ နာမည်စာရင်းနဲ့ တကွဖော်ပြထားပြီး အသေးစိတ်ကိုတော့ ဥပဒေ အတည်ပြုပြီးမှသာ စာရင်းပြုစုမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က မြန်မာခရီးစဉ်မှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့မဟုတ်ပဲ တဦးချင်းစီအပေါ်မှာ စီးပွားရေးပိတ်ဆို့မှုတွေလုပ်နိုင်ဖွယ်ရှိတယ်လို့ ပြောသွားတာပါ။

    စီးပွားရေးပိတ်ဆို့မယ်လို့ အပေါ်ယံသာ လူသိများတဲ့ ဒီဥပဒေမူကြမ်းတွေရဲ့ ထူးခြားချက်ကတော့ လက်ရှိမြန်မာအစိုးရကို စီးပွားရေးအရ အကူအညီပေးမယ်ဆိုတဲ့ အချက်ပါပဲ။ မြန်မာ့စီးပွားရေး ကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်အရာရှိတွေနဲ့ ခရိုနီအသိုင်းအဝိုင်း တို့ကို ရင်ဘောင်တန်းနိုင်မယ့် အရပ်သား သာမာန် စီးပွားရေးသမားတွေကို မြေတောင်မြှောက်ပေးဖို့ စီးပွားရေး ပေါ်လစီရေးဆွဲရာမှာ အကူအညီပေးမယ်၊ နည်းပညာတွေကူညီမယ်၊ ပူးပေါင်းဆောင်ရွက်ပေးမယ် ဆိုတာလည်း ပါရှိပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်စားနေတဲ့ စစ်အရာရှိတွေရဲ့ အသိုင်းအဝိုင်းက အဓိက အထိနာမှာဖြစ်ပြီး ဒီဂယက်က အရပ်သား အစိုးရကို အတိုင်းအတာ တခုအထိပဲ ထိခိုက်မှာဖြစ်ပါတယ်။ ရေရှည်မှာတော့ သာမန်ပြည်သူတွေအနေနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အကူအညီတွေ ရရှိပြီး ခရိုနီတွေနဲ့ ယှဉ်ပြိုင်လာနိုင်မှာ ဖြစ်ပါတယ်။

    ဒါဟာ မြန်မာ့အရေး ကိုင်တွယ်ရာမှာ ဒေါ်စု ဦးဆောင်တဲ့ အစိုးရကို ထိခိုက်နစ်နာစေမယ့် မူဝါဒတွေကို ရှောင်ကြဉ်ကြဖို့ မားမားမတ်မတ်ရပ်တည်နေတဲ့ အမေရိကန်လွှတ်တော်အမတ်တွေ ရှိနေလိုပဲဖြစ်ပါတယ်။ အဲဒီအထဲမှာ ထိပ်ဆုံးက ရီပါပလစ်ကန် ပါတီ ခေါင်းဆောင် မခ်ျမက္ကောနီ (Mitch McConnell) ပါပဲ။

    သူရဲ့ ရပ်တည်ချက်က ရှင်းတယ်။ ဒေါ်စုကို ဆွဲချရင်၊ ဒေါ်စုဂုဏ်ကျရင်၊ သိက္ခာကျရင်၊ အာဏာမဲ့ရင်၊ လူထုထောက်ခံမှုကျရင် စစ်တပ်ကို ယှဉ်နှိုင်မှာမဟုတ်တော့ဘူး လို့ သူက အခိုင်အမာယုံကြည်ထားတယ်။ ဒါကြောင့် ဒေါ်စု အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ အကျပ်အတည်းထဲ ထပ်ထိုးထည့်ပေးတဲ့ မူဝါဒမှန်သမျှကို ဆန့်ကျင်ကန်ကွက်မယ်လို့ အတည့်အလင်းကြေညာထားပါတယ်။ ဒေါ်စုမှာ စစ်တပ်ကို မလွန်ဆန်နိုင်တဲ့ အတားအဆီးတွေရှိနေရင် ဝိုင်းဖယ်ရှားပေးရမယ်၊ ဒေါ်စုဟာ စစ်တပ်ထက် ခြေတလှမ်းသာနေဖို့လိုတယ် လို့ သူယုံကြည်တယ်။ ကူညီဖို့ အမြဲအဆင်သင့်ရှိတဲ့သူဖြစ်တယ်။ သူဟာ ဝါရင့်နိုင်ငံရေးသမား၊ ရီပါပလစ်ကန် အမတ်ခေါင်းဆောင် ဖြစ်တဲ့အတွက် တခြားအမတ်တွေကိုလည်း လွှမ်းမိုးနိုင်တယ်၊ စည်းရုံးနိုင်တယ်။ သူလို့ ဒေါ်စုကို အထိမခံတဲ့ အမတ်တွေလည်း အမေရိကန် လွှတ်တော်ထဲမှာ အထိုက်အသင့်ရှိတယ်။

    သမ္မတလောင်းအဖြစ် ဝင်ပြိုင်ခဲ့ဖူးတဲ့ မာကိုရုဘီယို၊ ဘာနီဆန်ဒါ၊ ဂျွန်မကိန်း တို့ကလည်း မခ်ျမက္ကောနီ လောက် ဒေါ်စုကို စွဲစွဲလန်းလန်းမဟုတ်ပေမယ့်၊ စီးပွားရေးပိတ်ဆို့တဲ့အထဲ ဒေါ်စုကို ဆွဲထည့်ဖို့မလိုဘူးလို့ လက်ခံထားကြတယ်။ ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတ အိုဘားမားကို မဲရှုံးခဲ့တဲ့ ရီပါပလစ်ကန် ဝါရင့်အမတ် ဂျွန်မတ်ကိန်း ကိုယ်နှိုက် အထက်လွှတ်တော်က ဥပဒေမူကြမ်းကို တင်သွင်းခဲ့တာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်သူတွေကို စီးပွားပိတ်ဆို့မယ်၊ ဒေါ်စုအစိုးရကိုကူညီမယ် ဆိုတဲ့ မူကို အခြေခံထားတာဖြစ်ပါတယ်။

    ဒါကြောင့် စီးပွားရေးပိတ်ဆို့တယ်ဆိုတဲ့ ကဏ္ဍတခုတည်းကို ကွက်ကွင်းကြည့်မနေပဲ တခုလုံးကိုခြုံကြည့်တဲ့အခါ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးမှာ အပြုသဘောဆောင်တဲ့ မူဝါဒတွေအပေါ် အခြေခံထားတာကို တွေ့ရမှာဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်ကိစ္စတခုတည်း မဟုတ်ဘဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီပေါ်ထွန်းရေးကို အားပေးတဲ့ မူဝါဒကို အခြေခံတာဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

    ** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

  • “ဒေါ်နယ်ထရန့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူ အရှုပ်အထွေး”

    “ဒေါ်နယ်ထရန့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူ အရှုပ်အထွေး”

    ဇန်နဝါရီ ၂၉ ၊ ၂၀၁၇
    M-Media
    မောင်ရဲဝင်း (တောင်ကြီး) ရေးသည်။

    အမေရိကန်သမ္မတအဖြစ် ကျမ်းကျိန်ပြီး (၅) ရက်မြောက်တဲ့နေ့မှာ ဒေါ်နယ်ထရန့်ဟာ မဲဆွယ်စည်းရုံးရေးကာလက ကြွေးကြော်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စကို စတင်ကိုင်တွယ်ဖို့ ခြေလှမ်းပြင်ခဲ့ပါတယ်။ လက်ရှိထွက်ပေါ်လာတဲ့အထဲမှာ သုံးသပ်ကြည့်ရင် ထင်သာမြင်သာတဲ့ အချက် (၅) ချက်ရှိပါတယ်။ ဒါတွေကတော့

    ၁) မက္ကဆီကိုနိုင်ငံနဲ့ နယ်စပ်ဒေသတလျောက်မှာ တံတိုင်းကြီးဆောက်မယ်၊

    ၂) တရားမဝင် ဝင်ရောက်နေထိုင်နေသူတွေကို ပြန်ပို့မယ်၊

    ၃) အီရတ်၊ ဆီးရီးယား၊ အီရန်၊ ဆူဒန်၊ ဆိုမာလီယာ၊ ယီမင် နဲ့ လစ်ဗျား၊နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ရက်ပေါင်း (၃၀) ဆိုင်းငံ့မယ်၊

    ၄) ကမ္ဘာအရပ်ရပ်မှာရှိ ဒုက္ခသည်တိုင်းကို ပြည်ဝင်ခွင့် ရက်ပေါင်း (၁၂၀) ရက် ဆိုင်းငံ့မယ်၊ ဆီးရီးယားဒုက္ခသည်တွေကို ရက် အကန့်အသတ်မဲ့ ဆိုင်းငံ့မယ်၊

    ၅) နှစ်စဉ်ဒုက္ခသည်အသစ် ငါးသောင်း သာလက်ခံမယ်၊ ဆိုတာတွေဖြစ်ပါတယ်။

    ဒီအချက် (၅) ချက်ထဲမှာ အချို့သောမြန်မာပြည်သားတွေနဲ့ စပ်ဆက်မှုရှိတာကတော့ အချက် (၄) နဲ့ (၅) ဖြစ်ပါတယ်။ မြန်မာပြည်က ဒုက္ခသည်တွေကို အမေရိကန်ကို ခေါ်ယူနေသေးတာကတကြောင်း၊ အမေရိကန်နိုင်ငံရောက်နေပြီးသူတွေနဲ့ မိသားစုပြန်စုံခွင့်မှုအရ ခေါ်ယူနေသေးတာကတကြောင်းဖြစ်လို့ အချက် (၄) နဲ့ (၅) ဟာ ဆက်စပ်မှုအရှိဆုံးလို့ယူဆနိုင်ပါတယ်။

    မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်မယ့်ကိစ္စဟာ လူတွေရဲ့မျက်စေ့ထဲမှာ တရုတ်နိုင်ငံက မဟာတံတိုင်းကြီးလို ကြီးကြီးမားမား ခိုင်ခိုင်ခံခံကြီးလို့ ထင်မှတ်နေကြပေမယ့် နှစ်နိုင်ငံအကြားအတားအဆီဖြစ်မယ့် ဘာလင်တံတိုင်းကြီးလို့ တံတိုင်းမျိုးကို ရည်ညွန်းနေကြတာပါ။ အရှည်ကိုလည်း အတိအကျ မသတ်မှတ်ရသေးပဲ ဒေါ်လာ ၁၀ ဘီလီယံ ကနေ ဘီလီယံ ၂၀ အကြားကုန်မယ်လို့ အမျိုးမျိုး ထင်ကြေးပေးနေကြတာပါ။ ဒေါ်နယ်ထရန့်ကတော့ ကုန်ကျစရိတ်ကို မက္ကဆီကိုနိုင်ငံက နည်းအမျိုးမျိုးနဲ့ရအောင်ယူမယ်လို့ ကြိမ်းမောင်းထားပါတယ်။

    မက္ကဆီကိုဘက်ကလည်း တံတိုင်းခတ်မယ်ဆိုတဲ့ အိုင်ဒီယာကို သဘောတူပေမယ့် သူတို့ဘက်က ငွေကုန်ခံပေးရမယ်ဆိုလို့ သူတို့သမ္မတ အိမ်ဖြူတော်လာမယ့် အစီအစဉ်ကို ဖျက်လိုက်တယ်။ သူတို့ဘက်က လူတွေဝင်တယ်၊ ပစ္စည်းတွေဈေးပေါပေါနဲ့ဝင်တယ်၊ မူးယစ်ဆေးဝါးတွေ ဝင်တယ် ဆိုပေမယ့် အမေရိကန်နိုင်ငံဘက်ကနေ လက်နက်တွေဝင်နေတာကိုတော့ တားဆီးချင်ပုံရတယ်။

    မက္ကဆီကိုဘက်ကတင်းမာမှုကို တုန့်ပြန်တဲ့မနေနဲ့ မက္ကဆီကိုဘက်ကလာတဲ့ ပစ္စည်းတွေကို အခွန် ၂၀% တိုးကောက်မယ်လို့ အိမ်ဖြူတော်က လေသံပစ်ကြည့်ပါသေးတယ်။ မက္ကဆီကို အလုပ်သမားတွေကိုပြန်ပို့မယ်၊ အဲ့ဒီကလာတဲ့ ပစ္စည်းတွေကို အခွန်တိုးကောက်မယ်ဆိုရင် အမေရိကန်နိုင်ငံအတွင်း စားသောက်ကုန်တွေက အဆမတန် ဈေးကြီးလာမှာဖြစ်ပါတယ်။

    အရှေ့အလယ်ပိုင်းက ပြည်ဝင်ခွင့်နဲ့ပတ်သက်ရင်တော့ ဒေါ်နယ်ထရန်ဟာ သူပေးထားတဲ့ကတိကို အဖြစ်သဘောလောက် လုပ်ပြတယ်လို့မြင်ကြပါတယ်။ မွတ်စလင်တွေအားလုံးကို ပြည်ဝင်ခွင့်ပိတ်မယ်ဆိုရင် သမ္မတမှာ အတိုက်အခံတွေ ပိုများလာပါလိမ့်မယ်။ မွတ်ဆလင်တွေဘက်က ရပ်တည်ပေးတဲ့ အမေရိကန်ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ဝေဖန်မှုက ပြင်းထန်လာမှာဖြစ်ပြီး မွတ်စလင်တွေနဲ့ တသားတည်းရှိတဲ့ အမေရိကန်ပြည်သူ အမြောက်အများရှိတယ်ဆိုတာ ပိုမိုပေါ်လွင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရှေ့အလယ်ပိုင်းက နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့နိုင်ငံတွေကို ရွေးပြီး ရက်ပေါင်း (၃၀) ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

    ဒေါ်နယ်ထရန့်အနေနဲ့ ဒုက္ခသည်တွေကို (၄) လပိတ်လိုက်တဲ့ အချက်ကြောင့်လည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရပြန်ပါတယ်။ အဆိုးဆုံးကတော့ စစ်ဖြစ်နေတဲ့ဒေသက ဆီးရီးယား ဒုက္ခသည်တွေကို ပိတ်လိုက်တဲ့ကိစ္စပါပဲ။ ဒုသမ္မတ မိုက်ပန်က အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးလုပ်ခဲ့စဉ်မှာ ဆီးရီးယား ဒုက္ခသည်တွေကို အင်ဒီယားနားပြည်နယ်ထဲ အခြေချခွင့်ကို တားမြစ်ခဲ့ပါတယ်။

    နိုင်ငံရေးအခြေအနေအရ ပြည်ဝင်ခွင်ပိတ်ပင်တဲ့ သာဓကတွေရှိခဲ့ဖူးပါတယ်။ ဥပမာ မြန်မာစစ်အစိုးရရဲ့ အတွင်းလူတွေကို ပြညိယ်ဝင်ခွင့်ပိတ်တာမျိုး၊ ဇင်ဘာဘွေ အစိုးရထောက်ခံသူတွေ၊ တာလီဘန်နဲ့ ဆက်နွယ်သူတွေ၊ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်တွေကို ပိတ်ပင်တာမျိုးတွေရှိခဲ့ဖူးပါတယ်။ သမ္မတ ကာတာ လက်ထက်က အီရန်နိုင်ငံသားတွေကို ဗီဇာပိတ်ခဲ့ဖူးတယ်။ သမ္မတ ရေဂန် လက်ထက်က ကျူးဘားနိုင်ငံသားတွေကို ဗီဇာပိတ်ခဲ့ဖူးတယ်။

    အဲ့ဒီအပြင် လူဝန်မှုကြီးကြပ်ရေးနဲ့ပတ်သက်တဲ့ လျောက်လွှာတွေမှာ ကွန်မြူနစ်ပါတီဝင်ဖူးလားတို့၊ နာဇီအဖွဲ့ဝင်ဖြစ်ဖူးလားတို့ ခုထိမေးတုန်းရှိသေးပါတယ်။ ဒါကြောင့် လူတစုကို အခြေအနေရပိတ်ပင်တာဟာ သမ္မတ ဘောင်မကျော်ဘူးလို့ ထောက်ခံသူတွေကဆိုကြပါတယ်။

    နောက်ဆုံးတချက်ကတော့ ဒုက္ခသည်တွေခေါ်တဲ့ အရေအတွက် လျော့ချတဲ့ကိစ္စပါ။ အိုဘားမား လက်ထက်က နှစ်စဉ် ဒုက္ခသည်ခေါ်ယူမှုနှုန်း တသိန်းတသောင်း (၁၁၀၀၀၀) ခွင့်ပြုထားခဲ့ပါတယ်။ အခု နှစ်စဉ် ငါးသောင်း (၅၀၀၀၀) အထိ ပဲခေါ်ယူခွင့်ပြုတယ်လို့ သက်မှတ်လိုက်ပါတယ်။ ဒါဟာ ၁၉၈၀ ဒုက္ခသည်ဆိုင်ရာအက်ဥပဒေ ပြဌာန်းပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း ဒုက္ခသည်ဝင်ခွင့် အနည်းဆုံးပါပဲ။ ဒီကိစ္စအပေါ်မှာလည်း ဒုက္ခသည်တွေကို ခေါ်ယူတဲ့ အဖွဲ့အစည်းတွေက အယူခံဝင်စာတွေ တင်နေကြပါပြီ။
    ဘာသာရေးအပေါ်အခြေခံတဲ့ ဖိနှိပ်မှုခံဒုက္ခသည်တွေကို ပထမဦးစားပေးစနစ်နဲ့ ခေါ်ယူသွားမယ်လို့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးထားတဲ့ အမိန့်လမ်းညွန်ချက်မှာပါရှိပါတယ်။

  • “ကျားမြီးဆွဲ ဘာနီဆန်းဒါးနဲ့ တဇောက်ကန်း ဒေါ်နယ်ထရန့်” (သို့မဟုတ်) “အမေရိကန် အနာဂတ်နေ့သစ်ဆီသို့ လမ်းသစ်ထွင်ကြမယ့် လူနှစ်ဦး”

    “ကျားမြီးဆွဲ ဘာနီဆန်းဒါးနဲ့ တဇောက်ကန်း ဒေါ်နယ်ထရန့်” (သို့မဟုတ်) “အမေရိကန် အနာဂတ်နေ့သစ်ဆီသို့ လမ်းသစ်ထွင်ကြမယ့် လူနှစ်ဦး”

    M-Media
    ဆောင်းပါးရှင် မောင်ရဲဝင်း (တောင်ကြီး)
    635837616810006486-576738601_kennysucks
    မနေ့က နယူးဟမ်ရှားပြည်နယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီတွင်း ကိုယ်စားလှယ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဘက်က “ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒီ” ဘာနီဆန်းဒါး နဲ့ ရီပတ်ပလစ်ကန် ပါတီဘက်က “အရင်းရှင်ဝါဒီ” ဒေါ်နယ်ထရန့်တို့ အသီးသီး အနိုင်ရခဲ့တယ်။ သူတို့နှစ်ဦးဟာ သက်ဆိုင်ရာပါတီတွေကို ကိုယ်စားပြုပြီး သမ္မတလောင်းတွေအဖြစ် စင်မြင့်ပေါ် ရောက်လာနိုင်ဖွယ်ရှိသူတွေပါ။

    ထူးခြားချက်ကတော့ သူတို့နှစ်ဦးလုံးက အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးရေစီးကြောင်းကို ဆန့်ကျင်နေတဲ့ အယူဝါဒတွေကို ဟောပြောပြီး လူတွေရဲ့ ထောက်ခံမှုကို ရယူလာခဲ့ကြတာဖြစ်ပါတယ်။

    ဘာနီဆန်းဒါးက သူ့ရဲ့နိုင်ငံရေး အသက်မွေးဝမ်းကြောင်းတလျောက်မှာ အခြေခံလူတန်းစားဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့သူပါ။ လူချမ်းသာတွေရဲ့ ကြီးစိုးနေမှုတွေကို ရှေ့တန်းက ဝေဖန်တိုက်ခိုက်လာခဲ့သူပါ။ အရင်းရှင်ဝါဒကို အခြေခံတဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး စင်မြင့်ထက်ကို ဆိုရှယ်လစ် အရောင်သန်းသူတွေ တိုးမပေါက်နိုင်ပေမယ့် ဘာနီကတော့ ထူးထူးဆန်းဆန်း ထိပ်ဆုံးထိပ်ကို ရောက်ရှိ လာနေပြီဖြစ်ပါတယ်။

    ဘာနီဟာ နိုင်ငံရေးသမားတွေ အားကိုးနေရတဲ့ လူချမ်းသာတွေကို ကျောခိုင်းပြီး အခြေခံလူတန်းစားတွေဘက်က ဆက်လက် ရပ်တည်သွားမယ်ဆိုတဲ့ ကြွေးကြော်ချက်တွေနဲ့ ရှေ့ရောက်လာခဲ့တာပါ။ အမေရိကန်နိုင်ငံဟာ ချမ်းသာတယ်ဆိုပေမယ့် နိုင်ငံတဝှမ်းက ဓနဥစ္စာပေါင်း ၃ပုံ ၁ပုံဟာ အမေရိကန် လူဦးရေရဲ့ အချမ်းသာဆုံး ၁ ရာခိုင်နှုန်းသော လူချမ်းသာတွေရဲ့ လက်ထဲမှရှိနေတာပါ။ လူများစုဖြစ်တဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းက နိုင်ငံတဝှမ်းက ဓနဥစ္စာစုစုပေါင်းရဲ့ ၁၅% ကိုသာပိုင်ဆိုင်ကြပါတယ်။ ဓနဥစ္စာမဲ့ပြည်သူတွေ၊ ရရစားစား ဘဝနဲ့ ရုန်းကန်နေရသူတွေက ပိုများပါတယ်။ ပိုင်ဆိုင်မှုတွေက လူတစုလက်ထဲမှာသာရှိပြီး အများပြည်သူရဲ့ ရေရှည် တိုးတက်ဖို့အတွက် လုပ်ဆောင်ရာမှာ အားနည်းလာနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအကြားမှာ တဖြေးဖြေး နောက်ကျလာနေပါတယ်။ လူချမ်းသာတွေကလည်း ချမ်းသာ သထက်ချမ်းသာအောင် နိုင်ငံရေးသမားတွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်ကြပါတယ်။ ဒီလို ထိန်းချုပ် မနိုင်ဖြစ်နေတဲ့ အရင်းရှင်ဝါဒအောက်က လူချမ်းသာတွေရဲ့ ချယ်လှယ်မှုကို စိန်ခေါ်တဲ့ ဘာနီဟာ အမေရိကန်ပြည်သူတွေအကြား သူရဲကောင်းကြီးဖြစ်လာပါတော့တယ်။

    ဘာနီနဲ့အပြိုင် ရီပတ်ပလစ်ကန်ပါတီဘက်က ပြည်သူတွေရဲ့ သူရဲကောင်းကြီးအဖြစ် တက်လာနေတာ ကတော့ မြေရှင် သူဌေးကြီး ဒေါ်နယ်ထရန့်ပါပဲ။ အမေရိကန်တွေရဲ့အခြေခံ ခံယူချက်မူဝါဒတွေဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ဆိုတာတွေကို ကျောခိုင်းထားပေမယ့် “အမေရိကန်နိုင်ငံကို အောင်မြင်ကျော်ကြားအောင် ပြန်လုပ်မယ်”ဆိုတဲ့ ဒေါ်နယ် ရဲ့ ကြွေးကြော်သံဟာ အမေရိကန်တွေနားထဲ နာဝင်ချိုလှပါတယ်။ ဟောပြောရာမှာ ကျိုးကြောင်းဆီလျော်မှုမရှိ၊ ရှေ့နှောက်မညီနဲ့ ပါးစပ်ထဲတွေ့ရာ ဇွတ်ပြောတတ်တဲ့ ဒေါ်နယ်ထရန့်ရဲ့ သမ္မတဖြစ်ရေး အိမ်မက်ဟာ အချိန်တိုအတွင်း နိဂုံးချုပ်သွားမယ်လို့ ထင်ကြေးပေးသူတွေလည်း အခုအခါမှာတော့ အတော် အံအားသင့်နေရပါပြီ။ သူဟာ သမရိုးကျနိုင်ငံရေး လုပ်ထုံးလုပ်နည်းတွေ၊ နည်းဗြူဟာတွေ၊ သံတမန်ရေးတွေကို အရေးမပေးဘဲ အမေရိကန်နိုင်ငံကြီး ဦးမော့ရင်ကောနိုင်ဖို့ အရေး တားသင့်တာတား၊ ပိတ်သင့်တာပိတ်၊ ခွဲခြားသင့်တာ ခွဲခြားမယ်လို့ ရဲရဲရင့်ရင့်ကြီး ဖွင့်ဟခဲ့ပါတယ်။

    နိုင်ငံရေးသမားတွေ ကိုယ့်သိက္ခာ ကိုယ်ငှဲ့လို့ပဲဖြစ်ဖြစ်၊ မပြောသင့် မပြောထိုက်လို့ပဲဖြစ်ဖြစ် ဒဲ့မပြောတဲ့ စကားတွေကိုလည်း သူက စကား အလှဆင်မနေပဲ ဒဲ့ဒိုး ပြောဆိုတက်လို့ လူအများက သဘောကျကြပါတယ်။ သူ့အနေနဲ့ လူတယောက်ကို သေနတ်နဲ့ ပစ်သတ်လိုက်ရင်တောင်မှ သူ့ကိုထောက်ခံသူတွေလျော့သွားမှာ မဟုတ်ဘူးလို့ ကိုယ့်ကို ကိုယ်ယုံကြည့်မှု အပြည့်နဲ့ ကြွေးကြော်ခဲ့ပါသေးတယ်။ အမေရိကန်နိုင်ငံ ဖယိုဖရဲဖြစ်လာနေလို့ လက်ညိုးထိုး အပြစ်ပုံချမယ့် သူရှာနေတဲ့ ပြည်သူတွေကို ဒေါ်နယ်ထရန့်က “အိမ်နီးချင်းနိုင်ငံက ခိုးဝင်လာတဲ့ သူခိုးဂျပိုး၊ လူဆိုးလူပေ မုဒိန်းကောင်ပေါတဲ့ မက္ကဆီကန် လူမျိုးတွေကြောင့်၊ ဘာသာရေးဘန်းပြပြီး အကြမ်းဖက်နေတဲ့ မွတ်စလင်တွေကြောင့်၊ စီးပွားရေးအရဝါးမျိုးနေတဲ့ တရုတ်တွေကြောင့်” လို့ လက်ညိုးထိုး အပြစ်တင်ဖို့ အမုန်းတရားတွေဆော်သြရင်း လူကြိုက်များလာခဲ့တာပါ။

    စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေ အပါအဝင် နိုင်ငံရဲ့အခန်းကဏ္ဍတိုင်းလိုလိုမှာ နောက်ကျနေတဲ့ အမေရိကန်နိုင်ငံကို ကယ်တင်ကြဖို့ ကယ်တင်ရှင် ရှာရင်း ဘာနီဆန်းဒါးနဲ့ ဒေါ်နယ်ထရန့် တို့ကို အမေရိကန်ပြည်သူတွေက မျက်စေ့ကျနေကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးထဲက တစ်ဦးဦးဟာ အမေရိကန်သမ္မတကြီးဖြစ်လာမယ်ဆိုရင် အမေရိကန်နိုင်ငံကြီးဟာ တမူထူးခြားတဲ့ လမ်းခရီးသစ်ပေါ် လျောက်လှမ်းရမှာတော့ သေချာပါတယ်။ ဒါပေမယ့် သူတို့ပြိုင်ဘက်တွေဖြစ်တဲ့ ဟီလာရီ ကလင်တန်၊ တဒ်ခရူး၊ မာကိုရူဘီယို၊ ဂျောန်ကာဆလ်နဲ့ ဂျက်ဘွတ်ရှ် တို့ကလည်း သူတို့နည်းသူတို့ဟန်နဲ့ ပြောင်းလဲမှုတွေ ဖော်ဆောင်မယ်လို့ မဲဆွယ်စည်းရုံးရင်း အမှီလိုက်နေပါသေးတယ်။

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆

  • ရေနံဈေးကွက် အတွင်း လျော့ဈေးနဲ့ အားပြိုင်နေတဲ့ဆော်ဒီ

    ရေနံဈေးကွက် အတွင်း လျော့ဈေးနဲ့ အားပြိုင်နေတဲ့ဆော်ဒီ

    ဇန်နဝါရီ ၂၈ ၊ ၂၀၁၆
    M-Media
    ဆောင်းပါးရှင်- မောင်ရဲဝင်း (တောင်ကြီး)
    1016546133
    ဈေးကွက်စီးပွားရေးမှာ ကုန်စည်းတွေရဲ့တန်ဖိုးကို ဈေးကွက်ကပဲ ဆုံးဖြတ်တယ်ဆိုပေမယ့် ရေနံနဲ့ သဘာဝဓါတ်ငွေ့ရဲ့ တန်ဖိုးကတော့ ရေနံကုမ္ပဏီကြီးတွေရဲ့ ကစားကွက်ထဲရှိနေတတ်ပါတယ်။ ရေနံဈေးတွေ တဟုန်ထိုး ကျဆင်းနေချိန်မှာ ရေနံ ကုမ္ပဏီကြီးတွေ အနေနဲ့ ကိုယ်ကျိုးစီးပွား အတွက် ကာကွယ်ကြတာဟာ အထူးအဆန်းတော့ မဟုတ်ပါ။ ရေနံ သူဌေးနိုင်ငံတွေဖြစ်တဲ့ ဆော်ဒီ အာရေးဗီးယား၊ အီရန်နဲ့ အီရတ် နိုင်ငံတွေကလည်း ကမ္ဘာ့ရေနံဈေးကွက်မှာ သူတို့ရဲ့ဈေးကွက် ရှယ်ယာခိုင်မာနေဖို့ ယှဉ်ပြိုင်နေကြပါတယ်။

    ရေနံဈေးဟာ ခြောက်နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးအဖြစ် တစ် စည်ကို ၃၀ ဒေါ်လာအောက် ကျဆင်းနေပေမယ့် ဈေးကွက် ရှယ်ယာရှိဖို့အရေး ရေနံထွက်နှုန်းတွေ တိုးမြှင့်နေကြပါတယ်။ ရေနံဈေး ကျဆင်းနေမှုအပေါ် ထိမ်းချုပ်မှုတွေ လုပ်ဖို့ အီရန်နိုင်ငံက ကမ်းလှမ်းဖို့ဟန်ပြင်နေပေမယ့် အီရန်အပေါ် နူကလီးယားနဲ့ ပတ်သက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်လိုက်ရင် တစ်နေ့ စည် တစ်သန်း ထိ တိုးမြှင့်ဖို့ အစီအစဉ်ရှိတယ်လို့ အီရန်ရဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ ဝန်ကြီး Bijan Zanganeh က ကြေညာခဲ့ပြန်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း အီရန်နဲ့ အီရတ်တို့ရဲ့ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပွားနေခဲ့ချိန်မှာ သူတို့ဈေးကွက်ကို ဆော်ဒီကဖဲ့ယူထားခဲ့လို့ အခုအခါမှာ ပြိုင်ဆိုင်မှု ပြင်းထန်နေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

    ဒီသုံးနိုင်ငံလုံးဟာ ရေနံစိမ်းထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေစုဝေးဖွဲ့စည်းထားတဲ့OPEC အဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပါတယ်။ ဒါပေမယ့် အခုတင်းမာနေမှုတွေကို OPEC အတွင်းမှာတောင် ညှီနှိုင်းဖို့မလွယ်ဘူးလို့Oxford Institute for Energy Studies အဖွဲ့က Bassam Fattouh ကသုံးသပ်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက OPEC အနေနဲ့ ရေနံဈေးကို ဈေးကွက်ကပဲအဆုံးအဖြတ်ပေးစေရမယ်လို့ သဘောတူထားတဲ့အတွက် ဒီနိုင်ငံတွေအနေနဲ့ အခုအခြေအနေမှာ အညှီအနှိုင်းမလုပ်ကြပဲ ထုတ်လုပ်မှုတွေကို အပြိုင်အဆိုင်မြှင့်တင်နေကြတာဖြစ်ပါတယ်။

    အဲဒီအထဲမှာ ဈေးနှိမ်ပြီးရောင်းနေရလည်း တာရှည်တောင့်ခံနိုင်စွမ်း အရှိဆုံးကတော့ ဆော်ဒီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း OPECအစည်းအဝေးမှာ ရေနံထုတ်လုပ်မှု ပမာဏ ကန့်သတ်ဖို့အဆိုကို ဆော်ဒီက ဦးဆောင်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ဆော်ဒီအနေနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ နိုင်ငံတော် အသုံးစရိတ် သုံးဆမြှင့်တင်ထားခဲ့လို့ ရေနံဈေးကောင်းနေ မှသာ နိုင်ငံတော် ရသုံးမှန်းခြေကို ထိမ်းညှိနိုင်မှာပါ။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှုအားကောင်းပြီး နိုင်ငံတော်အကြွေးက GDP ရဲ့ (၁.၆) ရာခိုင်နှုန်းပဲရှိတဲ့ဆော်ဒီ အတွက်ကတော့ ဈေးကွက်ရှယ်ယာ ခိုင်မာဖို့ အောက်ဈေးနဲ့ရေရှည် ရပ်တည်လို့ ရနေပါသေးတယ်။ ပြိုင်ဘက်နိုင်ငံတွေကို အကျပ်အတည်းထဲ တွန်းပို့နိုင်စွမ်းရှိနေပါတယ်။

    OPEC နိုင်ငံအတွင်းမှာ သြဇာအရှိဆုံးကလည်း ဆော်ဒီရဲ့ ရေနံဝန်ကြီး Ali al-Naimi ပါပဲ။ ဆော်ဒီအနေနဲ့ အခုလိုရေနံဈေးကျနေတာကို ညှီနှိုင်းလိုကလည်း ညှီနှိုင်းနိုင်သလို ဆွေးနွေးမှုတွေမလုပ်ပဲ တရုတ်နိုင်ငံစီးပွားရေးကျနေတဲ့အတွက် ဝယ်အားနည်းပြီး ဈေးကျနေတာပါလို့ ဆင်ခြေပေး၊ ထုတ်လုပ်မှုတွေကိုမြှင့်တင်နိုင်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၈၅-၈၆ ခုနှစ်တွေကလို ရေနံ ထုတ်လုပ်မှုလျော့ချခဲ့ပေမယ့် ဈေးကပြန် မတက်လာခဲ့တဲ့ သာဓကတွေရှိနေတဲ့အတွက် ထုတ်လုပ်မှုကန့်သတ်ဖို့ကိုတော့ အလွယ်တကူလုပ်ကြဦးမှမဟုတ်ပါဘူး။ အီရန်ကလည်း အလားတူထုတ်လုပ်မြှင့်တင်နေရာမှာ ဆော်ဒီထက်အရှိုန်မြှင့်နေတယ်လို့ ပဲရစ်ခြေစိုက်International Energy Agency က ဆိုပါတယ်။

    ရေနံဈေးကျလာနေတဲ့အတွက် ထုတ်လုပ်မှုစရိတ်ကြီးတဲ့ ဘရာဇီး ရေနက်တွင်းတွေ၊ ကနေဒါက သဲသောင်ပြင်ရေနံတွင်းတွေလည်း အမြတ်နည်းခဲ့ပါတယ်။ OPECအဖွဲ့ဝင်မဟုတ်တဲ့ အခြားနိုင်ငံတွေကတော့ ထုတ်လုပ်မှုတွေ လျော့ချလာကြပါတယ်။ OPECနိုင်ငံတွေအနေနဲ့ ဈေးကွက် ရှယ်ယာထိမ်းချုပ်နိုင်ဖို့အရေး ထုတ်လုပ်မှုတွေကို မကန့်သတ်ဘူးဆိုရင်တော့ ရှေရည်မှာ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စီးပွားရေးအင်အားတောင့်နေတဲ့ ဆော်ဒီ အတွက်ကတော့ ရေနံဈေး ထက်ဝက်ကျော်ကျဆင်းသွားလည်း ပြိုင်ဘက်တွေနဲ့ ယှဉ်ပြီး ဈေးကွက်ကိုခိုင်မြဲအောင် ဆုတ်ကိုင်နိုင်စွမ်းရှိနေပါသေးတယ်။