News @ M-Media

Tag: MinAungHlaing

  • ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို U2 ပြစ်တင်ဝေဖန်

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို U2 ပြစ်တင်ဝေဖန်

    ကမ္ဘာကျော် အိုင်ယာလန်အဆိုတော် Bono ဘိုနို ဦးဆောင်တဲ့ U2 ယူတူး တေးဂီတအဖွဲ့က ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာ မွတ်စလင်တွေ အရေးနဲ့ပတ်သက်ပြီး နှုတ်ပိတ်နေမှုအတွက် ဝေဖန်ရင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း တိုက်ရိုက်တာဝန်ရှိသူအဖြစ် ပြစ်တင်လိုက်ပါတယ်။

    သူတို့ ယူတူးအဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်ရေးအတွက် နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့ကြောင်း၊ သူမလွတ်မြောက်လာတဲ့နေ့ကဆိုရင် လေကို မိမိတို့ လက်သီးနဲ့ ထိုးခဲ့ကြကြောင်း၊ အဲဒီနောက် ဒပ်ဗလင်မြို့ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ်ကဆိုရင် မိမိတို့ အိုင်ယာလန်နိုင်ငံသားတွေအတွက် ဂုဏ်ယူစရာအကောင်းဆုံး အချိန်ဖြစ်ခဲ့ကြောင်း၊ ဒါ့အပြင် ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတော့လည်း သူမရဲ့ ရည်မှန်းချက်တွေ အံသြဖွယ်ရာ ရရှိတော့မယ်လို့ မျှော်တွေးရင်း မိမိတို့အနေနဲ့ သူမကိုယ်စား အသက်တောင် မရှုရဲခဲ့ကြကြောင်း၊ သူမဟာ ယုံကြည်မှုကို ဘယ်အရာနဲ့မှ အလဲအထပ်မလုပ်ပဲ ကိုယ်ရေးကိုယ်တာ စွန့်လွတ်စတေးမှုတွေနဲ့ ဂုဏ်သတင်း အစဉ်အလာကို စိုက်ထူခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ဒါပေမဲ့ အခုလို လူမဆန်ရက်စက်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ကိစ္စမှာ သူမအနေနဲ့ ရေငုံနှုတ်ဆိတ်နေလိမ့်မယ်လို့ သူတို့အဖွဲ့အနေနဲ့ တစ်ခါတရံမှ မတွေးခဲ့ဖူးကြောင်း ဖေါ်ပြထားပါတယ်။

    ဒါ့အပြင် ယူတူးအဖွဲ့ရဲ့ကြေညာချက်မှာ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခုအပတ်အတွင်း တိုက်ရိုက်ပြောကြားခွင့်ရဖို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ကြောင်း၊ လူ့အခွင့်အရေးလှုပ်ရှားသူ မာတင် လူသာကင်းက “ကြေကွဲစရာအကောင်းဆုံးဟာ လူဆိုးတွေရဲ့ ရက်စက်ဆိုးဝါးမှုမဟုတ်ဘဲ အဲဒီဆိုးဝါးမှုတွေကို လူကောင်းတွေက ရေငုံနှုတ်ပိတ်နေခြင်းပါပဲ” လို့ ပြောကြားခဲ့ကြောင်း၊ အခု ရိုဟင်ဂျာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နှိပ်စက်ညဉ်းပမ်းမှုမှာလည်း ဒေါ်အောင်ဆန်းစုကြည်က တလုံးတပါဒမျှ ထုတ်ဖေါ်ဝေဖန်ခြင်း မရှိတဲ့အတွက် သဘောတူရာကျနေကြောင်း ရေးသားထားပါတယ်။

    ဆက်လက်ပြီး အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြင်ပကမ္ဘာက နားမလည်နိုင်တဲ့ ပြဿနာ အရှုပ်အထွေးတွေနဲ့ ပြည်တွင်းမှာ ရင်ဆိုင်နေရမယ်ဆိုတာ မိမိတို့သိပါတယ်။ ဒါပေမဲ့ အဲဒီ ပြဿနာတွေကြောင့် နှစ်ပေါင်းများစွာခံယူခဲ့တဲ့ ရပ်တည်ချက်ကိုတော့ မစွန့်လွတ်သင့်ပါဘူးလို့ ဆိုပါတယ်။

    တဆက်တည်းမှာပဲ မိမိတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆိတ်နေမှုကို ခွင့်လွတ်နိုင်စရာ မရှိပေမယ့် ဒီကိစ္စမှာ သူမ တယောက်တည်းကို ဝေဖန်ပြစ်တင်လို့ မရကြောင်း၊ မြန်မာပြည်ကို အကြမ်းဖက်မှုက ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရိုဟင်ဂျာတွေကို အကြမ်းဖက်ဖိနှိပ်ဖို့ အမိန့်ပေးကြီးကြပ်ခဲ့သူက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်တယ်ဆိုတာကို ကမ္ဘာကသိသင့်ကြောင်း၊ မြန်မာပြည်ရဲ့ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဗိုလ်ချုပ်မှူးကြီးကို ကွပ်ကဲညွန်ကြားနိုင်ခြင်း မရှိကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အပြစ်တင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လျစ်လျူရှုမယ်ဆိုရင် မှားယွင်းကြောင်း စသဖြင့် အဆိုတော် ဘိုနို အပါအဝင် ယူတူး အဖွဲ့ဝင်လေးဦးက သူတို့အဖွဲ့ရဲ့ အင်တာနက်ဝက်ဆိုဒ်မှာ ရေးသားထားပါတယ်။

    RFA မှ ကူးယူဖော်ပြပါသည်။

  • ကာချုပ်နဲ့ ကန်သံအမတ်ကြီးတို့ တွေ့ဆုံ

    ကာချုပ်နဲ့ ကန်သံအမတ်ကြီးတို့ တွေ့ဆုံ

    ဇန်နဝါရီ ၆ ၊ ၂၀၁၆

    98221399-5e57-42a0-91e0-88c8f17de68d_cx0_cy12_cw0_w987_r1_s_r1
    မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Scot Marciel နဲ့ ကာချုပ်တို့ တွေ့ဆုံ (Senior General Min Aung Hlaing)

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကြာသပတေးနေ့က နေပြည်တော်မှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Scot Marciel နဲ့ တွေ့ဆုံခဲ့ပါတယ်။

    အခုလို တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေနဲ့ ရှမ်းပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ လူမှုကွန်ယက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

    ဒီတွေ့ဆုံပွဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသလို အမေရိကန် သံအမတ်ကြီးနဲ့ အတူ အမေရိကန် စစ်သံမှူး Col. James McAden နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာပါ။

    ရခိုင်ပြည်နယ်ထဲမှာ မြန်မာလုံခြုံရေးတပ်တွေ နယ်မြေရှင်းလင်းမှုကြောင့် လူနည်းစု မူဆလင် ထောင်နဲ့ချီ အိုးအိမ်စွန့်ခွါ ထွက်ပြေးရတယ်လို့ မြန်မာ့ဒီမိုကရေစီရေး လမ်းကြောင်းမှာ အဓိက ထောက်ခံအားပေတဲ့ အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့ လထဲမှာပဲ ပြောကြားခဲ့တာပါ။ စစ်တပ်က အင်အားနဲ့ ကိုင်တွယ်တာဟာ မြန်မာနိုင်ငံတွင်း ဂျီဟတ် အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာနိုင်တဲ့ အန္တရာယ် ရှိတယ်လို့လည်း အရှေ့အာရှဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန် Daniel Russel က ဝေဖန်ထောက်ပြ ခဲ့ပါတယ်။ ဒါ့အပြင် အရေအတွက် အတိအကျမသိရပေမယ့် သေဆုံးမှုတွေ ရှိနေတာမို့ စိုးရိမ်စိတ်ပူကြောင်း ပြောဆိုခဲ့ပါတယ်။

    ရှမ်းပြည်မြောက်ပိုင်းမှာရော ကချင်ပြည်နယ်မှာပါ တပ်မတော်ဘက်က ပြင်းထန်တဲ့ ထိုးစစ်တွေ ဆင်နေပြီး ဒီတိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ တိုးလာနေတာနဲ့ ပတ်သက်ပြီးလည်း ပြည်တွင်း ပြည်ပ လူ့အခွင့်ရေး အဖွဲ့တွေက ဝေဖန်ပြစ်တင်နေကြတာ ဖြစ်ပါတယ်။

    VOA မှ ကူးယူဖော်ပြပါသည်။

  • တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယ အင်ပါယာ နောက်ဆုံးဘုရင်၏ ဂူဗိမာန်သို့ သွားရောက်

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယ အင်ပါယာ နောက်ဆုံးဘုရင်၏ ဂူဗိမာန်သို့ သွားရောက်

    ဒီဇင်ဘာ ၂၆ ။ ၂၀၁၆
    M-Media
    သတင်း-သီဟ

    15697215_1429233307111153_2733223362265200075_n
    ဓါတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံး

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိ အိန္ဒိယအင်ပါယာ နောက်ဆုံးဘုရင်ဖြစ်သည့် ဗဟာဒူး ဇဖရ်ရှား (Bahadur Shah Zafar ) ၏ ဂူဗိမာန်သို့ သွားရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံး ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

    ထင်ရှားသည့် အူရဒူကဗျာဆရာ တစ်ယောက်လည်းဖြစ်သည့် ဇဖရ်ရှားဘုရင်သည် မြန်မာပြည်တွင် ၁၈၆၂ ခုနှစ်၊ နိုဝင်ဘာ ၇ ၌ကွယ်လွန်သည်။ ၄င်းကွယ်လွန်သည့်အချိန်တွင် အသက် ၈၇ နှစ်ရှိပြီဖြစ် ၍ ဗြိတိသျှတို့  က ၁၈၅၇ ခုနှစ် တော်လှန်မှုအပြီး နယ်နှင် ဒဏ်ပေး သဖြင့် မြန်မာပြည်သို့ ရောက်ရှိ လာခဲ့ရခြင်းဖြစ်သည်။

    11
    ဗဟာဒူး ဇဖရ်ရှား (Bahadur Shah Zafar ) ၏ ဂူဗိမာန် တည်ရှိရာ ဓါတ်ပုံ- အင်တာနက်

     

    15726859_1429233310444486_2250215428646759679_n
    ဓါတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံး

     

  • ရခိုင်အရေးကိစ္စ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ မစ္စတာ ကိုဖီအာနန်အား ပြောကြားချက်

    ရခိုင်အရေးကိစ္စ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ မစ္စတာ ကိုဖီအာနန်အား ပြောကြားချက်

    14291897_1314669738567511_1658584882056342217_n
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan အား လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချူပ်၏ ပြောကြားချက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး  မှ အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါသည်။
    .
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နောက်ခံသမိုင်းကြောင်းနှင့်ပတ်သက်၍ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲတွင် စစ်ရှုံးပြီး ရခိုင်ဒေသသည် ဗြိတိသျှကိုလိုနီဖြစ်သွားခဲ့ကြောင်း၊ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီဖြစ်ခဲ့ရကြောင်း၊ ယင်းကာလအတွင်း နယ်ချဲ့တို့က စီးပွားရေးအရ စပါးစိုက်ပျိုးရန် ဘင်္ဂလားဒေသမှ ဘင်္ဂါလီများခေါ်ယူခဲ့ရာ ရခိုင်ဒေသတွင် တဖြည်းဖြည်း လူဦးရေများလာခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေသမှ လာသည့်သူများဖြစ်၍ မိမိတို့က ဘင်္ဂါလီဟုခေါ်ဆိုကြောင်း၊ ယခင်က ဘင်္ဂလားနယ်မြေမှာလည်း အရှေ့ဘင်္ဂလားနှင့် အနောက်ဘင်္ဂလားဟု နယ်မြေနှစ်ခုကွဲသွားပြီး ၁၉၇၁ ခုနှစ်တွင် အရှေ့ဘင်္ဂလား(အရှေ့ပါကစ္စတန်)နယ်မြေမှာ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပေါ်လာကြောင်း၊ ယင်းဘင်္ဂါလီများက သူတို့ ကိုယ်ကို “ ရိုဟင်ဂျာ ” ဟုသုံးစွဲလာခြင်းဖြစ်ကြောင်း၊ ယခုဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သူများနှင့် ဘာသာစကား၊ ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုအတူတူပင်ဖြစ်ပြီး မိမိတို့နှင့်ကွဲပြားခြားနားကြောင်း ရှင်းလင်းပြောကြားသည်။
    .
    ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ရခိုင်တိုင်းရင်းသားများအပါအ၀င် အဓိကတိုင်းရင်းသား ၈ မျိုးနှင့် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ စုကျော်ရှိပြီး ယင်းမူလတိုင်းရင်းသားမျိုးနွယ်စုများတွင် ဘင်္ဂါလီမပါဝင်ကြောင်း၊ ယင်းဘင်္ဂါလီများက မူလနေထိုင်သည့် ဒေသခံရခိုင်တိုင်းရင်းသားများကို တိုက်ခိုက်ခဲ့၍ နယ်စပ်ဒေသ ဘူးသီးတောင်၊ မောင်တောနယ်မြေမှ Native ရခိုင်များသည် အောက်ဘက်စစ်တွေ၊ ပုဏ္ဏားကျွန်းဘက်သို့ ထွက်ပြေးခဲ့ရကြောင်း၊ ၁၉၄၂ ခုနှစ်တွင် ရခိုင်၊ ဘင်္ဂါလီပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရခိုင်လူမျိုး ၂ သောင်း ကျော်သေဆုံးခဲ့ရကြောင်း၊ နယ်ချဲ့အင်္ဂလိပ်များမြန်မာပြည်မှ ဆုတ်ခွာထွက်ပြေးချိန်တွင် ဖက်ဆစ်ဂျပန်တို့ကို တိုက်ခိုက်ရန်ပေးအပ်ခဲ့သည့် လက်နက်များအသုံးပြု၍ ရခိုင်တိုင်းရင်းသားများကို တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းမှာ ရခိုင်တိုင်းရင်းသားများ၏ များစွာခံပြင်းမှုကိုဖြစ်စေသည့် အကြောင်းအရာတစ်ခုဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
    .
    ယင်းနောက် သမိုင်းဖြစ်စဉ်တွင် မူဂျာဟစ်သောင်းကျန်းမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်တွင် ရခိုင်ဒေသရှိ ဘင်္ဂါလီများသည် မူဂျာဟစ်သောင်းကျန်းသူအဖြစ် အစိုးရကိုလက်နက်ကိုင်၍ စတင်တိုက်ခိုက်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ဆက်လက်တိုက်ခိုက်မှုများရှိ၍ တပ်မတော်အနေဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ရကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ တစ်နိုင်ငံလုံးတွင် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ရခြင်း၊ ၁၉၇၀ ခုနှစ် ၀န်းကျင်တွင် ဗကပသောင်းကျန်းသူများကို နှိမ်နင်းခဲ့ရခြင်းတို့ကြောင့် ယင်းအချိန်ကာလ အစိုးရများအနေဖြင့် ရခိုင်ဒေသ ဘင်္ဂါလီအ၀င်အထွက်များစွာကို ထိရောက်စွာကြပ်မတ်နိုင်မှုမရှိကြောင်း၊ ယင်းအခြေခံအကြောင်းအရာများမှ အဆင့်ဆင့်ဖြင့် ယခုအခြေအနေအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
    .
    ဆက်လက်၍ ရခိုင်ဒေသ ဘင်္ဂါလီဦးရေ တိုးပွားမှုနှင့်ပတ်သက်၍ ၁၉၄၂ ခုနှစ်မှတ်တမ်းများအရ နယ်စပ်ဒေသ မောင်းတောဧရိယာတစ်ခုတည်းတွင်ပင် ဘင်္ဂါလီဦးရေ ၁၂၄၄၅၂ ဦးရှိခဲ့ပြီး ၁၉၈၆ ခုနှစ်စာရင်းအရ ၂၆၀၀၀၀ ကျော်ဖြစ်၍ နှစ် ၄၀ ခန့် အတွင်း လူဦးရေနှစ်ဆတိုးပွားခဲ့ကြောင်း၊ မိမိနိုင်ငံဥပဒေအရ တစ်လင်တစ်မယားစနစ် ကျင့်သုံးသော်လည်း ယင်းတို့အနေဖြင့် လိုက်နာကျင့်သုံးမှုမရှိဘဲ အိမ်ထောင်ပြုမှုများသည့် စနစ်ကြောင့်လည်း လူဦးရေတိုးပွားလာခြင်းဖြစ်ကြောင်း ပြောကြားသည်။
    .
    နိုင်ငံသားစိစစ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ပြောကြားရာတွင် မိမိနိုင်ငံအနေဖြင့် လူဦးရေလွန်စွာများပြားသည့် အိမ်နီးချင်းနိုင်ငံများအကြားတွင် တည်ရှိနေကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းမှာ အမှားမခံနိုင်ခြင်းကြောင့် အထောက်အထား ပြည့်စုံစွာဖြင့် အချိန်ယူစိစစ်ရကြောင်း၊ ရခိုင်ဒေသတွင်လည်း နိုင်ငံသားစိစစ်ခြင်းလုပ်ငန်း စဉ်များကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေကြောင်း၊ ယင်းဥပဒေနှင့်ကိုက်ညီပါက နိုင်ငံသား၊ နိုင်ငံသားပြုခွင့်နှင့် ဧည့်နိုင်ငံသားစသည်ဖြင့် ဥပဒေနှင့်အညီ သတ်မှတ်ခံစားခွင့်ရမည်ဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းပြင်ပတွင်ရှိနေသည့် ဘင်္ဂါလီများအနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိလျှင် စိစစ်မှုခံနိုင်မည်ဟု ယူဆကြောင်း၊ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များကို မှန်ကန်စွာသိရှိပြီး နှစ်ဖက်လုံးက စိတ်ရှည်မှုရှိရန်လိုကြောင်း ထည့်သွင်းပြောကြားသည်။
    .
    ယင်းနောက် ဘာသာရေးဆိုင်ရာ လွတ်လပ်စွာကိုးကွယ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် လူဦးရေ ၅၂ သန်းကျော်ရှိပြီး ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇ ရာခိုင်နှုန်း ကျော်၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆ ရာခိုင်နှုန်းကျော်၊ အစ္စလာမ်ဘာသာကိုးကွယ် သူ ၄ ရာခိုင်နှုန်းကျော်နှင့် ကျန်ရာခိုင်နှုန်းအနည်းငယ်မှာ အခြားဘာသာများကို ကိုးကွယ်ကြကြောင်း၊ မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗုဒ္ဓဘာသာသည် အများစုကိုးကွယ်ပြီး ထူးခြားသောဝိသေသရှိသည့် ဘာသာအဖြစ် အသိအမှတ်ပြုထားသကဲ့သို့ အခြားဘာသာ ကိုးကွယ်မှုများကိုလည်း အသိအမှတ်ပြုပြီး လိုအပ်သည်များကူညီစောင့်ရှောက်ရန် အတိအလင်း ပြဌာန်းထားကြောင်း၊ ခရစ်ယာန်ဘာသာကိုးကွယ်သည့် အချို့နိုင်ငံ၊ အစ္စလာမ်ဘာသာကိုးကွယ်သည့် အချို့နိုင်ငံများနှင့် ယှဉ်ကြည့်ပါက မိမိနိုင်ငံတွင် ဘာသာရေးနှင့်ပတ်သက်၍ တင်းကြပ်မှုမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၄ ရာခိုင်နှုန်းကျော်တွင်လည်း ရှေးနှစ်ပေါင်း များစွာကရောက်ရှိမှု၊ ဘာသာကူးပြောင်းကိုးကွယ်မှုများအဖြစ် ရှေးယခင်ကတည်းက လက်ခံထားခြင်းဖြစ် ကြောင်း၊ အစ္စလာမ်ဘာသာဝင် နိုင်ငံသားများတွင် အဆင့်မြင့်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်း များလည်းရှိကြောင်း၊ ယခုပြဿနာမှာလည်း ဘာသာရေးကြောင့်မဟုတ်ဘဲ ဘာသာရေးကိုအခြေခံပြီး လှုံ့ဆော်နေမှုများသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မျှတစွာ သုံးသပ်ပြောဆိုလုပ်ဆောင်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
    .
    ကိုးကား- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

  • သမ္မတရာထူးအတွက် စောင့်ကြည့်ရမည့် လူတစ်ဦး (၀ါ) မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၄
    M-Media
    ဘာသာပြန်- သြရသရေချမ်း

    Min Aung Hling

    မြန်မာပြည်သူများအဖို့ ၎င်းတို့၏ စစ်ဗိုလ်ချုပ်များအပေါ် မျက်စေ့ဒေါက်ထောက်စောင့်ကြည့်မှုမှာ ကျင့်သားကြလျက် ရှိနေကြ၏။ ရာစုနှစ် တစ်ဝက်မျှမက မင်းမူခဲ့သော စစ်တပ်အနေဖြင့် အကြွင်းမဲ့နိုင်ငံရေး ထိန်းချုပ်ထားမှုကို မကြာသေးမီကမှ လုံးဝ လက်လွှတ်လိုက်ခြင်းက ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာအလား ယူဆစရာရှိနေပေသည်။ သို့သော် ဖြေလျော့မှု များစွာဖြင့် ပြန်လည်ပြုပြင်ရေး သုံးနှစ်တာကြာညောင်းလာသည့်တိုင် ၎င်းထိပ်ပိုင်းဆိုင်ရာ အရာရှိ အရာခံများ သာလျှင် အာဏာညောင်းနေဆဲဖြစ်နေသည်။

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၏ မိန့်ခွန်းတစ်ရပ်အား အပတ်စဉ်ထုတ် ပြည်တွင်းစာစောင် တစ်ခုမှ ဖော်ပြလိုက်မှသာ ထိုင်ကြည့်နေရာမှ သတိ လည်လာကြသည့် ပြည်သူများမှာလည်း အပြစ် တင်ချင်စရာ ဖြစ်နေပါသည်။ ယင်းမိန့်ခွန်း အချက်အလက်များ အနက် “စစ်တပ်သည် မည်သူ့ကိုမျှ မကြောက်” ဟူသော ကြွေးကြော်ချက် ပါဝင်ခဲ့သည်။ တစ်ဦးဦးမှ ထိုဆိုလိုချက်ကို မရိပ်စားမိလျှင် (ထပ်မံ ရှင်းလင်းစေရန် အတွက်) သူက “ မြန်မာ့တပ်မတော်သည် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ ချမှတ်ခဲ့သော မူဝါဒ လမ်းကြောင်းများအတိုင်း ဆက်လက်လျှောက်လှမ်း သွားမည်” ဟုလည်း တခုတ်တရ ဆိုခဲ့ပေသည်။ ဦးသန်းရွှေသည် ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အုပ်စိုးခဲ့သော စစ်တပ်၏ခေါင်းကိုင် ဖြစ်သည်။

    သူ၏ထိုစကားများမှာ နိုဝင်ဘာ ၂၉ ရက်တွင် အရာရှိများနှင့်တံခါးပိတ် အစည်းအဝေးပြုလုပ်စဉ်က ပြောဆိုခဲ့ကြောင်း ယူဆဖွယ်ရာ ရှိသော်လည်း နိုင်ငံပိုင် သတင်းစာများကမူ မဖော်ပြခဲ့ကြ၊ ထို့အပြင် ဆယ်စုနှစ်များစွာ တိုင်းပြည်ကို တနုန့်နုန့် နွမ်းကြေစေခဲ့သော တိုင်းရင်းသားဆိုင်ရာ ပဋိပက္ခများအပေါ် အဆိုးမြင် မှတ်ချက်များလည်း ပါဝင်နေသည်။ သို့သာမက ပိုမိုတာသွားမည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် နှင့် နိုင်ငံ့ဓန ပိုမိုခံစားနိုင်ခွင့် အတွက် တိုက်ပွဲဝင်နေဆဲ တိုင်းရင်းသား အုပ်စုခေါင်းဆောင်များအပေါ် ကာလရှည်ပြည်တွင်းစစ်နှင့် စပ်လျဉ်း၍ ထင်ရှားစွာ ပြစ်တင်ဝေဖန်ခဲ့ပါသည်။

    ဗိုလ်ချုပ်မှူးကြီး၏ဆိုစကားများသာ ပြည်သူတို့ကို လှုပ်ခတ် အာရုံဝင်စားစေသည် မဟုတ်၊ လွန်ခဲ့သည့် သုံးပတ်ခန့် ဒီဇင်ဘာ ၂၁ ရက် ထုတ် နိုင်ငံပိုင်ကြေးမုံ သတင်းစာ၌ ခေါင်းကြီးပိုင်း တစ်ခုလုံးနှင့်အတူ နောက်ထပ် စာမျက်နှာလေးမျက်နှာအထိ ကာကွယ်ရေး ဦးစီးချုပ်၏ လတ်တစ်လော ဆောင်ရွက်ချက်များကို အရေးတယူ ဖော်ပြလိုက်ခြင်းကြောင့် စာဖတ်သူများအဖို့ တအံ့တသြဖြစ်သွားစေ၏။ စစ်တပ်မှ အာဏာကို ထင်သာမြင်သာ ဆုပ်ကိုင်ထားသည့်နိုင်ငံ တစ်ခုတွင် ထိပ်တန်းအဆင့် ဗိုလ်ချုပ်များအကြောင်း အသားပေးရေးသားဖော်ပြမှုများက အထူးတဆန်းတော့ မဟုတ်ပါ။ သို့သော်လည်း ယခုကဲ့သို့ ပုံနှိပ်ဖော်ပြချက်မျိုးမှာမူ တမင် အသိပေးချက်လေလောဟု ယူဆစရာဖြစ်နေပေသည်။

    “ နိုင်ငံတော် လုံခြုံရေးဖော်ဆောင်ဖို့ လိုအပ်လာရင် အစဉ်အလာ အတိုင်း ဆောင်ရွက်သလို အစဉ်အလာ မဟုတ်တဲ့ နည်းစဉ် အတိုင်းလည်း ဆောင်ရွက်ဖို့ လိုကောင်း လိုအပ်ပါလိမ့်မယ် ”

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တပ်မတော် စစ်တက္ကသိုလ် သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခဲ့သော အကြာင်းကိုပင်  စာတစ်မျက်နှာလုံး အပြည့် သတင်းစာမှ ဖော်ပြထား၏။ ထိုအခမ်းအနား မိန့်ခွန်းတွင် သူက  “ နိုင်ငံတော် လုံခြုံရေးဖော်ဆောင်ဖို့ လိုအပ်လာရင် အစဉ်အလာ အတိုင်း ဆောင်ရွက်သလို အစဉ်အလာ မဟုတ်တဲ့ နည်းစဉ်အတိုင်းလည်း ဆောင်ရွက်ဖို့ လိုကောင်း လိုအပ်ပါလိမ့်မယ် ” ဟု ထည့်သွင်းပြောကြား သွားခဲ့သည်။

    “အစဉ်အလာ မဟုတ်သော နည်းစဉ်ဖြင့်ဆောင်ရွက်မှု” နှင့်စပ်လျဉ်းပြီး “လူသားထုဘေး ကင်းလုံခြုံရေး” အယူအဆ နယ်ပယ်အထိ ဆွဲယူ ရှင်းပြသွားသည်။  ဤအမျိုးအစား၌ စီးပွားရေး၊ အစားအသောက်ဘေးကင်းရေး၊ ကျန်းမာရေး၊ လူတစ်ဦးချင်းစီ၏ လုံခြုံရေး နှင့် အမျိုးသား လုံခြုံရေး ပါဝင်သည်ဟု သူက ဆိုသည်။ စစ်တပ် အမာခံ လူတစ်ဦး အနေနှင့် ထိုဝေါဟာရကို “human security” ဟူသော အင်္ဂလိပ် အသုံးအနှုန်းဖြင့် အသုံးပြုပြောကြားသွားခြင်းက ထူးခြားလှပေ၏။

    သို့ဆိုလျှင် ဘာဆက်ဖြစ်ဦးမည်နည်း ? ယင်းစာသားများ အကြားမှ မည်သည့်အကျိုး တစ်စုံတစ်ရာ ရယူနားလည်နိုင်ပါသနည်း ? ကာ/ချုပ် မင်းအောင်လှိုင်၏ပြောကြားချက်များမှ အရေးပါသော ကောက်ချက်နှစ်ရပ်ကို အနည်းဆုံး ထုတ်ယူနိုင်ပါသည်။ ပထမအချက်မှာ စစ်တပ် လမ်းကြောင်းတွင်းရှိ အဓိကကျသော အရွေ့တစ်ခုအား နိမိတ်ပြလိုက်ခြင်းဖြစ်သည်။ ၎င်းမှာ တပ်မတော်၏ခေါင်းဆောင်မှု ပုံဟန်၌ အပြောင်းအလဲဖြစ်မည်ကို ဖော်ညွှန်းနေသည်။ ဒုတိယအချက်မှာ ကာကွယ်ရေးဦးစီးချုပ် အနေနှင့်လည်း နိုင်ငံရေးလောကသို့ ၀င်ရောက်နိုင်ဖွယ် ရှိကြောင်း သူ၏စကားထဲ၌ ပေါ်လွင်နေသည်။ ၎င်းမှာ လာမည့် ၂၀၁၅ ခုနှစ် အမျိုးသားရွေးကောက်ပွဲတွင် သမ္မတနေရာဝင်ရောက် အရွေးခံမှုလည်း ဖြစ်ကောင်းဖြစ်ပေမည်။

    ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ချိန်မှစ၍ ၂၅ နှစ်တာ လုံးလုံး တပ်မတော်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါးကို အခြေခံသည့်လမ်းစဉ်ကိုသာ လိုက်နာရန် တစိုက်မတ်မတ် ဆိုထားသည်။

    ဤအရေးများကိုအခြေခံ၍ တပ်မတော်သည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအ၀င် “အလုံးစုံ အမျိုးသား ကာကွယ်ရေး” ဆိုသည့် လမ်းစဉ်ကိုဖော်ဆောင် ကျင့်သုံးခဲ့သည်။ ဤသည်မှာ စစ်တပ်၏ သမိုင်းတွင် တတိယဆင့် လမ်းကြောင်းဖြစ်သည်။ တပ်မတော်သည် ၎င်း၏ပထမ လမ်းစဉ်ကို ၁၉၅၀ ခုနှစ်တွင် ကြေငြာခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဒုတိယ လမ်းစဉ်ကို ကြေငြာခဲ့သည်။ အတွင်းကျကျ အပြောင်းအလဲ တစ်ချို့ပြုလုပ်စဉ်မှာပင် နိုင်ငံတော် လုံခြုံရေး ဟုဆိုကာ လမ်းစဉ် သုံးရပ်လုံးကို ရစ်နှောင်သည့် မူဝါဒအား အကောင်အထည်ဖော်လိုက်ပေသည်။ တပ်မတော်သည် ဤအဆိုများအပေါ် အလေးအနက် ရပ်တည် ကျင့်သုံးခဲ့ကြောင်း ကြုံတွေ့ထားကြပြီဖြစ်သည်။ တစ်ချိန်တုန်းက ဤမူဝါဒရေးရာ လမ်းညွှန်းချက်များမှာ လူထု မသိစေသော လျှို့ဝှက်ချက်အဖြစ် (၁၉၉၀ ခုနှစ်များ ကာလအထိ) ထိန်းသိမ်းခဲ့ကြသည်။ သို့သော် စစ်တပ်နှင့် အရပ်ဖက် ဆက်ဆံရေးအကြားတွင် လည်းကောင်း၊ အရပ်ဖက်ဆိုင်ရာနိုင်ငံရေး စွက်ဖက်မှုတွင် လည်းကောင်း သိုသိပ်စွာ အသုံးချခဲ့ကြသည်။ ပမာအားဖြင့်ဆိုရလျှင် ၁၉၅၀ ခုနှစ်များ ကာလနှောင်းပိုင်းတွင် တပ်မတော်သည် ၎င်း၏ အခန်းကဏ္ဍကို ကာကွယ်ရေးဖက်မှသည် အရပ်ဖက် အုပ်ချုပ်ရေးနှင့် စီးပွားရေးအထိ ချဲ့ထွင်တိုးမြှင့်ခဲ့သည်။ ၎င်းနောက် မူဝါဒ သဘောတရားကို လက်တွေ့ကျကျ ရှေ့ဆက် တိုးလာသည်။ ၁၉၅၈ ခုနှစ်တွင် စစ်တပ်မှ နှစ်နှစ်ကြာ နိုင်ငံတော် အာဏာလွှဲယူခြင်း နှင့် ထိုအချိန်မှစ၍ စစ်တပ် စီးပွားရေး အင်အား စတင်ထူထောင်ခြင်း ဖြစ်သည်။

    နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်တပ်မှ ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းယူခဲ့သည်။ လက်ဝေခံ စစ်အာဏာရှင်တို့ကလည်း ပြည်တွင်း စီးပွားရေးကို စိတ်ကြိုက် ထိန်းချုပ်လျက် နိုင်ငံခြားရေးတွင်လည်း တံခါးပိတ်မူဝါဒ ကျင့်သုံးခဲ့ကြသည်။ အာဏာရှင်စစ်ခေါင်းဆောင်များသည် ၎င်းတို့၏စစ်တပ် အင်အားတိုးချဲ့မှုတရားဝင်ဖြစ်စေရန် နိုင်ငံတော် လုံခြုံရေးဟု တွင်တွင်ဆိုကာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့၏ စားရိတ်များကို အသုံးချခဲ့ကြသည်။ စစ်တပ်သည် လမ်းများ၊ တံတားများ၊ ဆည်မြောင်း တာတမံများ မဆိုထားနှင့် တောကြီး မျက်မည်း၌ နေပြည်တော်ကြီးကိုပင် တည်ဆောက်ခဲ့ကြသည်။

    ကျွန်မ၏ပညာရေးစာတမ်း အတွက် တွေ့ဆုံမေးမြန်းခဲ့ကြသည့် စစ်ခေါင်းဆောင်ဟောင်းများမှာ ပြည်သူလူထုက ၎င်းတို့နှင့်ကွဲပြားလျက် ဒီမိုကရေစီနှင့် လူမှုကောင်းကျိုးများအပေါ် ဦးစားပေးနေသည်ကို သိရှိနေလင့်ကစား နိုင်ငံတော် လုံခြုံရေး ဟူသည်ကိုသာ အလွန်အကျွံထိပ်တန်းတင်ထားခဲ့ကြသည်။ စစ်တပ်ဘက်တော်သားများအနေဖြင့် ယင်းတို့မှာ ပြည်သူနှင့်သာသက်ဆိုင်သော- အတွေးတိမ်သောအမြင်များအဖြစ် သဘောထားကြောင်း တွေ့ရ၏။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်လုံခြုံရေး” မှသည် “လူသားထုလုံခြုံရေး”အား လူသိရှင်ကြား လက်ခံခြင်းမှာ သမိုင်းကြောင်းအစဉ်အလာမှ ခပ်ကြမ်းကြမ်းခွဲထွက်လာခြင်းကို ပြသနေသည်။ သူ၏ပြောဆိုချက်များကို စူးစူးနစ်နစ် သုံးသပ်ကြည့်ပါလျှင် တပ်မတော်ကို ဒီမိုကရေစီ ကာကွယ်သူများနှင့် လူမှု အကျိုးဆောင်များအဖြစ် အဓိပ္ပာယ်ဖွင့်၍ ပြည်သူတို့၏နှလုံးသားနှင့် အမြင်များအား မြူဆွယ် ချဉ်းကပ်နေကြောင်း ဖော်ညွှန်းနေပါသည်။

    ၂၀၁၅ ရွေးကောက်ပွဲအတွက် ကာကွယ်ရေးဦးစီးချုပ်သည် မိမိကိုယ်ကို မည်သည်အနေအထားတွင် ထည့်သွင်းထားနိုင်ချေ ရှိပါသနည်း ?  စစ်တပ်အတွင်း သတင်းများအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုနှစ်မှာပင် သက်တမ်းပြည့် အနားယူချိန် ဖြစ်နေရာ သမ္မတရာထူးအတွက် အသံတိတ်ပြင်ဆင်မှု၏ရှေ့ပြေး တစ်ရပ်ဖြစ်သည်ဟု ဆိုကြသည်။ စစ်တပ် အမတ်အချို့ကလည်း ၂၀၁၅ ခုနှစ်တွင် သမ္မတလောင်းဖြစ်စေရန် စစ်တပ်မှ အဆိုပြုလာလိမ့်မည်ဟု ပြောလျက်ရှိ၏။ ဤအတိုင်းမှန်ခဲ့လျှင်မူ ကာ/ချုပ် မင်းအောင်လှိုင်၏ “လူသားထုလုံခြုံရေး” ဟူသော ၀ါဒဟစ်သံသည် ပြည်သူတို့၏မျှော်မှန်းချက် အပေါ် ပဲ့တင်ရိုက်ခတ်နိုင်ကောင်းမည်၊ သို့ရှိရာ ကြည်လင်သောနိုင်ငံရေး အမြင်နှင့်တစ်ကွ မိမိကိုယ်ကို တိုင်းပြည်ခေါင်းဆောင် တစ်ဦး အလား ပုံဖော်နိုင်ပေမည်။ သို့တည်းမဟုတ် သူ၏အကြီးစားပြိုင်ဖက်ဖြစ်သော လက်ရှိသမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် ပုဂ္ဂလဆိုင်ရာ အမြတ်ထုတ်လိုက်ခြင်းလည်း ဖြစ်ကောင်းပေမည်။

    မည်သို့ပင်ဖြစ်စေကာမူ လာမည့်လများအတွင်း ကာ/ချုပ် မင်းအောင်လှိုင်၏ လုပ်ဆောင်ချက်များကို မြန်မာ့နိုင်ငံရေးစောင့်ကြည့်သူများမှ မလွတ်တမ်းစောင့်ကြည့်နေရတော့မည်မှာ သေချာလွန်းနေလေပြီ။

    xxxxxxxxxxxxxxxxxxxxxxxx
    င်္Foreign Policy တွင် “ ဆုမွန်သဇင်အောင် ” ရေးသားသော The Man to Watch : Is Burma’s top general maneuvering for a run at the presidency ?  နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးကို “ သြရသရေချမ်း ”မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။