News @ M-Media

Tag: minorities

  • လူနည်းစု အခွင့်အရေး ကာကွယ်ပေးဖို့ အစိုးရ ထိထိရောက်ရောက် လုပ်နေတယ်လို့ မထင်ဟု ဒေါ်အောင်ဆန်းစုကြည် ၀ါရှင်တန်ပို့စ်ကိုပြော

    လူနည်းစု အခွင့်အရေး ကာကွယ်ပေးဖို့ အစိုးရ ထိထိရောက်ရောက် လုပ်နေတယ်လို့ မထင်ဟု ဒေါ်အောင်ဆန်းစုကြည် ၀ါရှင်တန်ပို့စ်ကိုပြော

    ဇူလိုင် ၁၈ ၊ ၂၀၁၅
    M-Media

    11406910_1000050183368511_3712271363129639718_n
    ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်အတွင်း ဇွန်လ ၁၁ ရက်နေ့တွင် တရုတ်သမ္မတနှင့် တွေ့ဆုံစဉ် (Photo- NLD FB)

    .
    – မကြာသေးမီးက တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ကာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေဆုံခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ါရှင်တန်ပို့စ်က အယ်ဒီတာ့အာဘော်အတွက် အယ်ဒီတာအဖြစ် ဆောင်ရွက်နေတဲ့ ဖရဒ် ဟိုင်ယတ်က အင်္ဂါနေ့မှာ ဖုန်းနဲ့ အင်တာဗျူးခဲ့ပါတယ်။

    အဲဒီအင်တာဗျူးမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအကြောင်း၊ ရွေးကောက်ပွဲအကြောင်းနဲ့ မြန်မာနိုင်ငံက အမျိုသားရေးဝါဒ အကြောင်းတွေလည်း ပါဝင်ပါတယ်။ M-Media စာဖတ်ပရိတ်သတ်များ သိရှိနိုင်အောင် ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။

    မေး။    ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံခရီးစဉ်ကနေ ဘာတွေ လေ့လာသင်ယူ ခဲ့ပါသလဲ။
    ဖြေ။    ။ ကောင်းမွန်တဲ့ဆွေးနွေးမှု ရှိခဲ့ပါတယ်။ အိမ်နီးချင်းဆိုတာ ငြိမ်းချမ်းစွာနဲ့ သဟဇာတဖြစ်စွာ နေရမယ်ဆိုတာ ကျွန်မတို့အားလုံး နားလည်ကြပါတယ်။

    မေး။    ။ (နိုဘယ်ငြိမ်းချမ်းရေးဆုရှင်) လူရှောင်ဘိုရဲ့ အကျဉ်းကျမှုကိုရော ဆွေးနွေးခဲ့ပါသလား။
    ဖြေ။    ။ အစိုးရခေါင်းဆောင်တွေ ဒါမှမဟုတ် အသင်းအဖွဲ့တွေနဲ့ ကျွန်မပြောခဲ့တဲ့ အသေးစိတ်ကိစ္စတွေကို ကျွန်မဘယ်တော့မှ ထုတ်မပြောဘူးလို့ ရှင်းပြရပါမယ်။ ဒါတွေကို ကိုယ်ပိုင်ကိစ္စလိုပဲ များသောအားဖြင့် ယူဆပါတယ်။

    မေး။    ။ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေစဉ်တွင်းမှာ တရုတ်နိုင်ငံက ဒေါ်စုကို မထောက်ခံခဲ့ဘူး။ ပြီးတော့ နိုင်ငံခြားခေါင်းဆောင်တွေက ဒေါ်စု အကျဉ်းချခံရမှုကို ပြောကြတဲ့အခါ ဒေါ်စုအနေနဲ့ ကြိုဆိုခဲ့တယ်လေ။
    ဖြေ။    ။ နိုင်ငံတစ်ခုချင်းစီက လွတ်လပ်မှုနဲ့ ဒီမိုကရေစီဟာ အဲဒီနိုင်ငံက နိုင်ငံသားတွေကိုယ်တိုင် လုပ်ရမယ့် ကိစ္စတစ်ခုပါပဲ။ တရုတ်နိုင်ငံနဲ့ ကျွန်မတို့ဆက်ဆံရေးအကြောင်း ပြောရရင် အမြဲတမ်းလွတ်လပ်မှုကို အခြေခံခဲ့ပါတယ်။ ပြီးတော့ ကျွန်မတို့အနေနဲ့ ဒီဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ၀ါဒတွေပေါ်မှာ ကျွန်မတို့ သဘောမတူကြပေမယ့် ကျွန်မတို့ရဲ့ သက်ဆိုင်ရာနိုင်ငံ အတွင်းမှာ လက်တွေ့ အသုံးချသွားဖို့ ဆန္ဒရှိပါတယ်။

    မေး။    ။ “နိုင်ငံတစ်ခုချင်းစီက လွတ်လပ်မှုနဲ့ ဒီမိုကရေစီဟာ အဲဒီနိုင်ငံက နိုင်ငံသားတွေကိုယ်တိုင် လုပ်ရမယ့် ကိစ္စတစ်ခုပဲ” ဆိုတော့ ဒါက မြန်မာနိုင်ငံအပေါ် အမေရိကန်က ဆောင်ရွက်သင့်တဲ့ သဘောထားမျိုးလား။
    ဖြေ။    ။ ကျွန်မက ပြည်သူအားလုံးဟာ သူတို့ရဲ့ နိုင်ငံအတွက် သူတို့လိုချင်တာကို လုပ်ကြတယ်လို့ ထင်ပါတယ်။ အမှန်တော့ သူတို့ဟာ မိတ်ဆွေနိုင်ငံတွေက တတ်နိုင်ရင် ကူညီကြဖို့လည်း မျှော်လင့်ကြပါတယ်။

    မေး။    ။ ကောင်းပါပြီ။ ဒေါ်စုရဲ့ နိုင်ငံအကြောင်း မေးပါရစေ။
    ဖြေ။    ။ ဟုတ်ကဲ့။ မေးပါ။ ကျွန်မနိုင်ငံအကြောင်းပြောရတာကို ကျွန်မကလည်း ပိုပြီးနှစ်သက်တယ်လို့ ထင်ပါတယ်။

    မေး။    ။ ပြည်သူကို ကိုယ်စားပြုတဲ့အစိုးရ ထွက်လာဖို့ လာမယ့် ရွေးကောက်ပွဲတွေက ဘယ်လောက် အလားအလာရှိပါသလဲ။
    ဖြေ။    ။ ကျွန်မတို့ဟာ အင်မတန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ကာလကို ၀င်ရောက်ခဲ့ပါပြီ။ ပထမဆုံးအကြိမ် အနေနဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ မူကြမ်းတွေကို ဥပဒေပြုလွှတ်တော်မှာ စပြီး ကျွန်မတို့ ဆွေးနွေးနေ ပါပြီ။ ရွေးကောက်ပွဲတွေ ဘယ်လောက်လွတ်လပ်ပြီး မျှတမလဲဆိုတာကတော့ တူညီတဲ့ လှုပ်ရှားမှု အခြေအနေကို ပေးဖို့ အခြေခံဥပဒေကို ပြင်မလားဆိုတာနဲ့ ချိတ်ဆက်နေပါတယ်။

    မေး။    ။ ဒါဆို ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေကိုပြင်ဖို့ အခွင့်အလမ်း ရှိနေတုန်းပဲပေါ့။
    ဖြေ။    ။ အခွင့်အလမ်းဆိုတာ အမြဲတမ်းရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ကတော့ ဒီအပေါ်မှာ မှီခိုသွားမှာ မဟုတ်ပါဘူး။ အခြေခံဥပဒေကို ပြင်ဆင်ရမယ်ဆိုတဲ့ ယူဆချက်အပေါ်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်သွားမှာ မဟုတ်ဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေကိုတော့ လုံးဝ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

    မေး။    ။ ဒီလို မပြင်ဘူးဆိုရင် ရွေးချယ်ခံရတဲ့ သမ္မတနဲ့ လွှတ်တော်တွေမှာ ပြည်သူတွေရဲ့ဆန္ဒက ရောင်ပြန်ဟပ်ပါ့မလား။
    ဖြေ။    ။ တကယ်လို့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမယ်ဆိုရင် လွှတ်တော်ဟာ ပြည်သူတွေရဲ့ ဆန္ဒကို ရောင်ပြန်ဟပ်မှာပါ။ သမ္မတနဲ့ ပတ်သက်ပြီးတော့ ဒီဆန္ဒဟာ အခြေခံဥပဒေ ပြင်မလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

    မေး။    ။ ဒါပေမယ့်  (စစ်တပ်အတွက် လွှတ်တော်ရဲ့ နေရာ ၄ ပုံ ၁ ပုံကို ရယူထားတဲ့)  ၂၅ ရာခိုင်နှုန်း ကိစ္စကရော။
    ဖြေ။    ။ အဲဒီ ၂၅ ရာခိုင်နှုန်း ဥပဒေကို ကျွန်မတို့သိပါတယ်။ ဒါပေမယ့် ဥပဒေတွေက တစ်သက်လုံးတော့ ရှိမှာ မဟုတ်ဘူးဆိုတာ ရှင်လည်းသိပါတယ်။ ရှိလို့လည်း မရပါဘူး။ ပြီးတော့ အဲဒီဥပဒေတွေဟာ ကွဲပြဲအောင် လုပ်တယ်လို့ ပြည်သူတွေက မပြောကြတော့ဘူးလား။

    မေး။    ။ ဒါဆို တကယ်လို့ ရွေးကောက်ပွဲမတိုင်ခင် အဲဒါကို မပြောင်းဘူးဆိုရင် ဒါကို ပြောင်းလဲဖို့ NLD မှာ နိုင်ငံရေးဆိုင်ရာ အင်အားရှိပါသလား။
    ဖြေ။    ။ ရွေးကောက်တင်မြှောက် ခံရခြင်းမရှိတဲ့ ကိုယ်စားလှယ်တွေဟာ ဒီမိုကရေစီမကျဘူးဆိုတာ NLD က ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ပြီးတော့ ဒါကို ပြောင်းလဲရပါမယ်။ ဒါပေမယ့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ အခြေအနေမှာ ဒီကိစ္စကို တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းဆွေးနွေး ရမယ်လို့လည်း ကျွန်မတို့ ပြောပြီးပါပြီ။ ပြီးတော့ ရွေးကောက်ခံရခြင်း မရှိတဲ့ အမတ်တွေ လွှတ်တော်ထဲက ထွက်ဖို့ ကျွန်မတို့ မရမက တောင်းဆိုသွားမှာတော့ မဟုတ်ပါဘူး။

    မေး။    ။ ယေဘုယျအားဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဒေါ်စုအေနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။
    ဖြေ။    ။ ဒီမိုကရေစီကျင့်သုံးရေးဖြစ်စဉ်ဟာ အစစ်အမှန်ဆိုတာ သေချာစေဖို့ အစိုးရက စစ်မှန်တဲ့ ဆွေးနွေး ညှိနှိုင်းမှုမှာ ပါဝင်မယ်လို့ ကျွန်မတို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် အစိုးရဟာ ဆွေးနွေး ညှိနှိုင်းမှုမှာ နှစ်နှစ်ကာကာ စိတ်ဝင်စားမှု မရှိဘူးဆိုတာ ပိုပြီး ထင်ထင်ရှားရှား သိလာရပါတယ်။

    ဒါပေမယ့် အခြားတစ်ဖက်မှာလည်း (ပြုပြင်ပြောင်းလဲရေးဟာ) လျောလျောရှုရှုသွားလိမ့်မယ်လို့ ကျွန်မတို့က တကယ်ကို မမျှော်လင့်ခဲ့ပါဘူး။

    မေး။    ။ အခုရှိနေတဲ့ (ပြုပြင်ပြောင်းလဲရေး) ဖြစ်စဉ်ကို ရပ်တန့်ရာမှာ အစိုးရက အောင်မြင်နိုင်မလား။ ဒါမှမဟုတ် အခုလက်ရှိ အရွှေမှုန်ကြဲ ဒီမိုကရစီရှိနေပေမယ့် အစိုးရနဲ့အတူ ယခင်ဗိုလ်ချုပ်ဟောင်းတွေက စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အာဏာအများစုကို ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကမ္ဘောဒီးယားလိုမျိုး ဖြစ်မလား။
    ဖြေ။    ။ ပြုပြင်ပြောင်းလဲရေးဟာ လုံးဝ အရိပ်အယောင်အဖြစ် ပြောင်းသွားမှာကို ကျွန်မတို့ စိုးရိမ်မိပါတယ်။ ပြီးတော့ ဒီမိုကရေစီကျင့်သုံးရေးလုပ်ငန်းစဉ်ဟာ ရည်ရွယ်သလိုဖြစ်လာဖို့အတွက်ခိုင်မာတဲ့ခြေလှမ်းတွေ ပိုလှမ်းဖို့လိုတယ်လို့ ကျွန်မတို့ ထင်ပါတယ်။

    ဒါပေမယ့် ကျွန်မတို့ဟာ ကမ္ဘောဒီးယားနဲ့တော့ မတူပါဘူး။ ကျွန်မတို့ ပြဿနာတွေဟာ ကမ္ဘောဒီးယားက ပြဿနာတွေထက် ဖြေရှင်းဖို့ ပိုပြီး ခက်ခဲပါတယ်။ တိုင်းပြည်အရွယ်အစားအရ၊ လူဦးရေအရ၊ အချိန်အတော်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေ၊ တိုက်ပွဲတွေအရရောပေါ့။

    မေး။    ။ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ ပေါ်လာတာ ဘာ့ကြောင့်လဲ။
    ဖြေ။    ။ အမျိုးသားရေးဝါဒနဲ့ အစွန်းရောက်ဝါဒကို ကျွန်မတို့ ကွဲပြားအောင်လုပ်ရမယ်လို့ ကျွန်မ ထင်ပါတယ်။ ပြီးတော့ ကျွန်မတို့ စိုးရိမ်တာက အစွန်းရောက်ဝါဒပါ။ အမျိုးသားရေးဝါဒကို ထိန်းချုပ်ပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးချတဲ့အခါ ဒါဟာ ဆိုးရွားတဲ့အရာ တစ်ခု မဟုတ်ပါဘူး။ အစွန်းရောက်ဝါဒကသာ ပြဿနာပါ။

    မေး။    ။ အဲဒါ(အစွန်းရောက်ဝါဒက)က အခုအချိန် မြန်မာနိုင်ငံမှာ ပြဿနာဖြစ်နေပြီလား။
    ဖြေ။    ။ အစွန်းရောက်ဝါဒဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတာပါ။ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး။ ဘယ်လိုလူ့အဖွဲ့အစည်းမှာမဆို အစွန်းရောက်ဝါဒဟာ ပြဿနာတစ်ခုပါပဲ။

    မေး။    ။ ဒေါ်စုနိုင်ငံက အစွန်းရောက်ဝါဒရဲ့ ရင်းမြစ်ကဘာလဲ။ အခု အဲဒါကိုဘာကြောင့် ခင်ဗျားမြင်တွေ့နေရ တာလဲ။
    ဖြေ။    ။ ကျွန်မလည်း အဲဒါကို စဉ်းစားပါတယ်။ ဒါပေမယ့် တကယ်လို့ ရခိုင်ပြည်နယ်အကြောင်းပြောရင် ဒီပြဿနာတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့တာပါ။ အချိန်တော်တော်ကြာ သူတို့ဟာ တစ်အုံနွေးနွေး ဖြစ်နေကြတယ်။ ပြီးတော့ အစိုးရကလည်း တင်းမာမှုတွေလျော့ဖို့နဲ့ ပဋိပက္ခရဲ့ ရင်းမြစ်တွေကို ဖယ်ရှားဖို့ ထိထိရောက်ရောက် မလုပ်ပေးခဲ့ပါဘူး။

    မေး။    ။ ရိုဟင်ဂျာတွေ နိုင်ငံသားရသင့်တယ်လို့ ဒေါ်စုထင်ပါသလား။
    ဖြေ။    ။ ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်၊ မဖြစ်အတွက် အစိုးရက လက်ရှိမှာ စီစစ် လုပ်ဆောင်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့ မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း သွားသင့်သလို ဒီဖြစ်စဉ်မှာ နောက်ထပ်ဆောင်ရွက်စရာတွေဟာ ဘာတွေဖြစ်သင့်တယ်ဆိုတာကိုလည်း ဆုံးဖြတ်သင့်ပါတယ်။

    မေး။    ။ ရိုဟင်ဂျာနဲ့ အခြားသော လူနည်းစုတွေရဲ့ ဒုက္ခသုက္ခတွေနဲ့ပတ်သက်ပြီး ဒေါ်စုဟာ ပိုပြီး အသံထွက်ခဲ့သင့်တယ်လို့ ပြောနေကြတဲ့ နိုင်ငံရပ်ခြားက မိတ်ဆွေတွေကို ဘာပြောမလဲ။
    ဖြေ။    ။ တိုင်းပြည်မှာ လူနည်းစုတွေ အများကြီးရှိပါတယ်။ ပြီးတော့ ကျွန်မဟာ လူနည်းစုတွေရဲ့ အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေး၊ သာတူညီမျှဖြစ်ရေး၊ NLD နဲ့ အခြားသူတွေ နှစ်ပေါင်း ၃၀ လောက် တိုက်ပွဲဝင်လာခဲ့တဲ့ ဒီမိုကရေစီတန်ဖိုးတွေ စသဖြင့် တစ်ချိန်လုံးပြောနေတာပါပဲ။ အဲဒီနှစ်တွေမှာ လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါးချိုးဖောက်ခဲ့တယ်လို့ ကျွန်မတို့ သတ်မှတ်ခံခဲ့ရပါတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ တိုင်းရင်းသား လူနည်းစုတွေကလည်း သူတို့ရဲ့အခွင့်အရေးတွေကို ကာကွယ်ပေးခြင်း မခံရတာကြောင့် လက်နက်ကိုင်ခဲ့ပါတယ်။

    လူနည်းစုတွေရဲ့ အခွင့်အရေးကို ကာကွယ်ခြင်းဆိုတာ တော်တော်လေး ဂရုတစ်စိုက်နဲ့ တတ်နိုင်သလောက် ထိထိရောက်ရောက် ဖြေရှင်းသင့်တဲ့ ကိစ္စတစ်ခုပါ။ ပြီးတော့ ဒါနဲ့ပတ်သက်ပြီး အစိုးရက ထိထိရောက်ရောက် လုပ်နေတယ်ဆိုတာ ကျွန်မ သေချာ မပြောတတ်ပါဘူး။ တကယ်တော့ အဲဒီလိုလုပ်နေတယ်လို့လည်း ကျွန်မ မထင်ပါဘူး။

    မေး။    ။ “တော်တော်လေး ဂရုတစ်စိုက်” ဆိုတာ ဘာကို ဆိုလိုတာလဲ။
    ဖြေ။    ။ ဒါဟာ ထိလွယ်ရှလွယ်တဲ့ပြဿနာလို့ ဆိုလိုတာပါ။ ပြီးတော့ လူမျိုးရေးနဲ့ ဘာသာရေး အုပ်စု တော်တော် များများလည်းရှိပြီး အုပ်စုတစ်ခုအတွက် ဘာလုပ်လုပ် အခြားအုပ်စုတွေအပေါ် ရိုက်ခတ်မှု ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဒါဟာ တော်တော်လေး ရှုပ်ထွေးတဲ့ အခြေအနေပါ။ ပြီးတော့ တစ်ရက်လောက်နဲ့ ရှင်းလို့ရတဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး။

    မေး။    ။ အစွန်းရောက်တွေရဲ့ ပါတီတွေက NLD အတွက် နိုင်ငံရေးအန္တရာယ် ဖြစ်မလား။ ပြီးတော့ ဒါက ဒီလို (အစွန်းရောက်) သဘောထားတွေ လှုံ့ဆော်ပေးနေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နိုင်မလား။
    ဖြေ။    ။ ဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ NLD က ဘယ်လို အစွန်းရောက်ဝါဒမျိုးကိုမှ မထောက်ခံလို့ပါ။ ဒါ့ကြောင့် အစွန်းရောက်အဖွဲ့တွေက သူတို့ကိုယ်သူတို့ NLD ရဲ့ မိတ်ဆွေတွေအဖြစ် ရှုမြင်ကြမှာ မဟုတ်ပါဘူး။ ပြီးတော့ ဘာသာရေးလို့ခေါ်တဲ့ လှုပ်ရှားမှုတွေ မြင့်တက်လာ တဲ့နောက်ကွယ်မှာ နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်ရှိနေတာလည်း တော်တော်လေး ဖြစ်နိုင်ပါတယ်။

    မေး။    ။ မဲစာရင်းပြဿနာကရော ဘယ်လောက် ရိုက်ခတ်မှု ရှိနိုင်မလဲ။
    ဖြေ။    ။ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၁၀ မြို့နယ်ကို ကျွန်မတို့ လေ့လာပြီးပါပြီ။ အချို့မြို့နယ်တွေမှာ အမှားတွေဟာ ၈၀ ရာခိုင်နှုန်းလောက်ကို ရှိပါတယ်။ ဒါဟာ တော်တော်လေး မကောင်းပါဘူး။ အချို့နေရာတွေမှာ ၃၀ ရာခိုင်နှုန်းအောက် ရှိပါတယ်။ ရွေးကောက်ပွဲအမီ ဒီစာရင်းတွေကို ဘယ်လိုလုပ် ကျွန်မတို့ ပြင်လို့ရတော့မလဲ? ပြီးတော့ ရန်ကုန်မှာ ဒီလောက်ဆိုးနေရင် ဥပမာအားဖြင့် နယ်စပ်ဒေသတွေဆိုရင် ဘယ်လိုဖြစ်မလဲ။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကတော့ ဒီအမှားတွေ အားလုံးကို ပြုပြင်ဖို့နဲ့ ပတ်သက်လို့ တော်တော်လေး စိတ်အားထက်သန်ပါတယ်။ ဒါပေမယ့် ကျွန်မ စဉ်းစားတာက ဒီအမှားတွေကို အချိန်မီပြင်ဆင်နိုင်ဖို့ အချိန်လောက်မလားဆိုတာနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ လုံလောက်မလားဆိုတာပါပဲ။

    မေး။    ။ စောစောပိုင်း လစ်ဘရစ်စနစ်ကျင့်သုံးပြီးကတည်းက အခြေခံ လွတ်လပ်ခွင့်တွေ ဖြတ်တောက်ခံရမှု ရှိနေပြီလား။
    ဖြေ။    ။ အစိုးရဟာ မီဒီယာလွတ်လပ်ခွင့်ကို နှိမ်နင်းတယ်ဆိုတာ လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်မတို့ စပြီး သတိပြုမိပါတယ်။ ဂျယ်နယ်လစ်အချို့ ဘယ်လို အဖမ်းခံရပြီး ထောင်ထဲမှာ နှစ်ရှည်ပြစ်ဒဏ်လို ချမှတ်ခံရတာမျိုးကို ရှင်လည်းကြားမှာပါ။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ လုံးဝ ရပ်တန့်မသွားပေမယ့် နောက်ပြန်သွားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာ အဲဒီအချိန်က ကျွန်မတို့ ခံစားခဲ့ရပါတယ်။

    မေး။    ။ ပြုပြင်ပြောင်းလဲရေးဟာ နောက်ပြန်သွားနေတုန်းပဲလား။
    ဖြေ။    ။ ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေကိစ္စကလွဲလို တစ်ခုခုဖြစ်တော့မယ်လို့ ကျွန်မ မထင်ပါဘူး။ ကျွန်မအမြင်မှာတော့ အစိုးရဟာ ခြေခံဥပဒေပြင်ဆင်ရေးကို လုံးဝ ဆန့်ကျင်နေပါတယ်။ ဒါဟာ လုံလောက်တဲ့ ဆုတ်ယုတ်မှုပါပဲ။ ရှင်ရော အဲဒီလို မထင်ဘူးလား။

    မေး။    ။ အသက် ၇၀ ထဲဝင်လာတာကိုရော ဘယ်လိုခံစားပါသလဲ။
    ဖြေ။    ။ သိပ်ပြီး ခြားနားသွားတယ်လို့တော့ မခံစားရပါဘူး။ ဒါပေမယ့် ဒီလောက်အထိ ကျွန်မ လုပ်ခဲ့တာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

    (Washington Post မှ Aung San Suu Kyi on the state of demo-cracy in Burma ကို မိုးဝေဘာသာပြန်သည်။)

  • လူနည်းစုဝင်တို့ကို အရာပေး အလေးထားရမည့် မြန်မာပြည် (ဘာသာပြန် ဆောင်းပါး)

    အောက်တိုဘာ၊ ၁၆
    M-Media

    131002183345-myanmar-violence-burned-mosque---s027920270-story-top

    မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းမှုသည် လက်ခံဖွယ်ရာရှိ၏။ သို့သော် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းအပေါ် အကြမ်းဖက်မှုများက ၄င်းအား အရောင်စွန်းထင်းစေ၏။ ဤဆိုးဝါးသော တိုက်ခိုက်မှုတို့သည်ုမြန်မာပြည်၏ သွေးနုသားနု ဒီမိုကရေစီအတွက်သော်လည်းကောင်း၊ နိုင်ငံ၏ပုံရိပ်အတွက်သော် လည်းကောင်း ဒေသတွင်းနှင့်နိုင်ငံတကာ အသိုင်းအ၀ိုင်း အလယ်၌ ဧကန်ပင် အန္တရာယ်တစ်ရပ်ဖြစ်လာစေသည်။

    ယခုသီတင်းပတ်အတွင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ရောက်စဉ်က “ ပြီးခဲ့တဲ့ ပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံး နစ်နာမှုများကို ပြန်လည် ထူထောင်ရေးကြိုးစားနေချိန်မှာ အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားဖို့ အရေးကြီးပါတယ်။ ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ပြီးခဲ့တဲ့ အရေးအခင်းတွေ အပေါ် သင်ခန်းစာယူပြီး ပဋိပက္ခရှောင်လွဲနိုင်ရေး အတွက် လူထုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

    ဆောင်ရွက်ရမည့်လိုအပ်ချက် များစွာရှိနေသေး၏။ အကောင်းဆုံး လေ့ကျင့်မှုနှင့် အသုံးချကိရိယာများအသုံးပြု၍ ရဲဝန်ထမ်းတို့၏စွမ်းရည်မြှင့်တင်ရန်မှာလည်း အရေးပါသောကိစ္စ တစ်ခုဖြစ်သည်နှင့်အညီ လိုအပ်သည့် အပြောင်းအလဲတို့ကို ပြင်ပရှိ ကျွမ်းကျင်သူနှင့် ပူးပေါင်းကူညီချက် ပါဝင်မှ အရှိန်မြှင့်တင်နိုင်ပေမည်။

    သို့သော် ဤပြဿနာများအားဖြေရှင်းနိုင်သည့်နည်းလမ်းမှာ မြန်မာပြည်၏မြို့ရွာတိုင်း၌ တွေ့မြင်နိုင်ပေသည်။ ပြည်တွင်း မွတ်စ်လင်မ်လူ့အသိုင်းအ၀ိုင်းသည် မြို့အများစု နှင့် ရွာပေါင်းများစွာတွင် ပြန့်ကျဲလျက် ရှိနေကြ၏။ သို့သာမက မြန်မာမွတ်စ်လင်မ်တို့သည် နိုင်ငံ့စီးပွားရေးနှင့် အကျွမ်းဝင် အသားကျနေသည်မှာ ကြာညောင်းလှချေပြီ။ စီးပွားဖြစ်ထွန်းရာ မြို့တစ်မြို့ နယ် တစ်နယ် အကြမ်းဖက်မှုကြောင့် ဖျက်ဆီးခံရလျှင် ငွေကြေးလည်ပတ်မှုကဏ္ဍမှာ ထိခိုက်ချက်ကြီးမားကြာရှည် တတ်၏။ ဥပမာ – မိတ္ထီလာ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုများက ဈေးကွက်များ ဆုတ်ယုတ် နိမ့်ကျသွားခြင်း၊ လာရောက်လည်ပတ်သူ မရှိတော့ခြင်း၊ ပုံမှန်ငွေးကြေး လည်ပတ်မှု စံနစ် ပြတ်တောက်သွားခြင်းတို့ ဖြစ်ရသည်။

    ဗုဒ္ဒဘာသာဗ မာလူမျိုးကြီး ၀ါဒထွက်ပေါ်ခြင်း နှင့် သံဃာဦးဆောင်သော ၉၆၉ အဖွဲ့၏သြဇာကြီးထွားလာခြင်း သည် ဘာသာပေါင်းစုံရောပြွမ်းရှိနေသည့်လူထုအတွက် အန္တရာယ်ဆိုး တစ်ရပ်ပင်ဖြစ်သည်။ ယင်း ၉၆၉ အဖွဲ့မှာ မွတ်စ်လင်မ်တို့၏စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန်၊ ၄င်းတို့နှင့် မသင့်မြတ်ကြရန် တစိုက်မတ်မတ် လှုံ့ဆော်ဟောပြောနေကြသည်။ နိုင်ငံ၏ စစ်အုပ်ချုပ်ရေးနှ စ်များစွာအတွင်း အခြေခိုင်လာခဲ့သည့် ပရမ်းပတာဖြစ်မှု နှင့် အမျက်ဒေါသတို့အား ညစ်ညမ်းသော လှုပ်ရှားမှုတစ်ရပ်ကို သုံး၍ ပြည်တွင်း လူနည်းစုတစ်စု အပေါ် ဦးတည်နေခြင်း လမ်းကြောင်းမှ ဖယ်ခွာရန်၊ ဒီမိုကရေစီနည်းကျ သဟဇာတဖြစ်စွာ တိုင်းပြည် စီးပွားဖြစ်ထွန်းစေမည့် အကျိုးပြုအမြင် တစ်ရပ်ဖက်သို့ ရှေ့ရှုရန် လိုအပ်နေပေပြီ။

    မြန်မာအတွက် GPS မြင့်မားရေး ခြေလှမ်းများ
    ————————————————-
    မြန်မာနိုင်ငံအနေနှင့် အမျိုးသားစီးပွားရေးဝါဒ အဖြစ်ဟန်ဆောင်ထားသည့် အမုန်းတရား သွတ်သွင်းဟောပြောလှုံ့ဆော်နေခြင်းကို တရားဝင် ပယ်ဖျက်လိုက်ရန်လည်း လိုအပ်နေသည်။ ယင်းသို့ ဖော်ထုတ်ပြောဆိုနေချက်သည် ဒီမိုကရေစီစံနစ်နှင့်ဆန့်ကျင်သည်၊ အကြမ်းဖက်မှုကိုအားပေး၍ မတည်ငြိမ်မှုဖြစ်စေကာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအား ဖြိုလဲနေပေသည်။ ကျွမ်းကျင်မှု၊ ဘာသာစကားများ၊ အရင်းအနှီး၊ ပင်ကိုယ်တီထွင်စွမ်းရည်များတွင် လိုအပ်ချက်ကြီးမားနေသော အသာစီးရလူတို့အား အားပေးနေခြင်းထက် လူမျိုးဘာသာ ယဉ်ကျေးမှုစုံ သဟဇာတကျကျ ပါဝင်တည်ရှိသော ပွင့်လင်းမြင်သာလူ့အဖွဲ့အစည်းက  –  သီးသန့်စီရှိနေသည့် လူ့အရင်း အမြစ်စွမ်းအားများ တပေါင်းတစည်းတည်း ဖြစ်ပေါ်လာစေသည်။

    အရှေ့တောင်အာရှနှင့်နိုင်ငံတကာအသိုင်းအ၀ိုင်း၌ အခြားသောအကြောင်းအရာများထက် မြန်မာမွတ်စ်လင်မ်တို့အပေါ် ထားရှိသည့်ဆက်ဆံရေးကို ပိုမိုစောင့်ကြည့်ခံနေရ၏။ အကြောင်းမှာ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏အိမ်ရှင် နှင့် အာဆီယံအသင်း ဥက္ကဌနေရာကို ရယူဆောင်ရွက်ရတော့မည်။ ကမ္ဘာ့အာရုံသည် မြန်မာနိုင်ငံ၏ အားကစားသမားများ၊ အာဏာပိုင်များ၊ သံတမန်များအပေါ်၌သာမက လက်ရှိဖြစ်တည်ဆဲ အုပ်ချုပ်ရေးစံနစ်နှင့် နိုင်ငံရေး အခင်းအကျင်းများအပေါ်တွင်လည်း စူးစိုက်လာကြမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံမှ ၄င်း၏လူနည်းစုဝင်များ အပေါ်ထားရှိသည့် ဆက်ဆံရေးသည် ထိုတိုင်းပြည်၏ ဒီမိုကရေစီစံနှုန်းပင်ဖြစ်၏။ ၂၀၁၁ ခုနှစ်၊ မတ်လ အရပ်သားဦးဆောင် အစိုးရကိုဖန်တီးလိုက်ချိန်မှ စ၍ မြန်မာပြည်၏ ပွင့်လင်းနွေးထွေးမှုမှာ နိုင်ငံတကာ၏ အကဲခတ်မှုအနေအထားသစ်သို့ တအုံနွေးနွေးရောက်ရှိနေသည်။ အလားတူစွာပင်  ဒီမိုကရေစီစံနစ်၊ မူဝါဒများ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့် သတ်မှတ်ချက်များအပေါ် စွဲမြဲ လိုက်နာလာရန်ကိုလည်း အကြီးအကျယ် မျှော်လင့်ထားကြ၏။

    ယမန်နှစ် ဇွန်လ မြောက်ပိုင်းရခိုင်ပြည်နယ်မှစတင်လိုက်သည့် ဘာသာရေးအကြမ်းဖက်မှု ပြန့်ပွားလာရာတွင် အာဏာပိုင်များသည် ကျူးလွန်ပါဝင်သူများကို ထိရောက်ပွင့်လင်းမြင်သာစွာ အရေးယူမှုမရှိသောကြောင့် ကမ္ဘာတစ်ဝှန်းကလည်း စိုးရိမ်ခဲ့ကြသည်။ ဒေသခံလုံခြုံရေးဝ န်ထမ်းတို့မှ ဒေါသထွက်နေသည့် လူအုပ်ကို လောက်လောက်လားလား ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့။ သံဃာတစ်ပါးအား သတ်ဖြတ်မှုကို မဆိုထားနှင့် ဈေးဆိုင်အချင်းများမှုကိုပင် မကိုင်တွယ်နိုင်ကြပေ။ တရားဥပဒေစိုးမိုးမှုအပေါ် အယုံအကြည်ကင်းမဲ့လာခြင်းက မိမိတို့ဖာသာ စီရင်ခြင်းကို အလျဉ်မပြတ်သော အကျိုးဆက်ဆိုးများနှင့် အတူ  ပြည်သူတို့အကြား ဖြစ်ပေါ်စေခဲ့သည်။

    အာဏာပိုင်တို့သည် လူမျိုးဘာသာမခွဲခြားပဲ နိုင်ငံသားတိုင်းကိုကာကွယ်ပေးခြင်း၊ အကြမ်းဖက်ကျူးလွန်သူများအား ရပ်တန့်စေခြင်း စသည်တို့ဖြင့် ဥပဒေမဲ့လုပ်ရပ်များအပေါ် နိုင်နင်းစွာထိန်းသိမ်းရမည့်အစား ရာဇ၀တ်မှုဆိုင်ရာဥပဒေအားလျစ်လျူရှုလျက်  လိုအပ်သည့်နေရာတွင် အခွင့်အာဏာနှင့်အင်အားကို လုံးဝနီးပါးအသုံးမပြုခဲ့ခြင်းကလည်း အကျိုးဆက်ဆိုးရွားခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။

    ရဲဌာနများသည် အဆင့်များစွာ၌ ပေါ့လျော့ပျက်ကွက်သည်ကား မှန်၏။ သို့သော် ဤသို့ ဖြစ်ကတတ်ဆန်းတုန့်ပြန်မှုမှာ ထိပ်ပိုင်းဆိုင်ရာအဆင့်မှပင် အစပြုနေ၏။ သမ္မတဦးသိန်းစိန်အနေနှင့် အသိတရားမဲ့ရမ်းကားမှုများကို လုံးဝ သည်းခံတော့မည် မဟုတ်ဟု ကြေငြာ ထားခဲ့၏။ ကြေငြာချက်၏နောက်တွင် မြန်မာပြည်သူ အပေါင်း၏လုံခြုံရေးကို ဦးစားပေးသောအားဖြင့် ပြတ်သားသော အမိန့်များနှင့်တစ်ကွ အာဏာကိုတည်စေမည့် ဆောင်ရွက်ချက်များကို အလွန်အကျွံအင်အားသုံးဖြိုခွဲမှုမပြုပဲ လုပ်ဆောင်ရန် လိုအပ်နေသည်။

    မန္တလေး နှင့် စစ်ကိုင်းတိုင်းမှဖြစ်ရပ်အချို့မှာ ကြိုတင် သတင်းရရှိထားသော်လည်း ရဲဝန်ထမ်းများအပါအ၀င် အာဏာပိုင်များ၏ တုန့်ပြန်မှုသည် အချိန်နှင့်တစ်ပြေးညီ ဖြစ်မလာခဲ့။ ပုံစံတူစော်ကားမှု၊ ဖြစ်ရပ်၊ အရောင်းအ၀ယ် အငြင်းပွားမှုတို့ဖြင့် စတင်လိုက်သော လူထုအကြားပြဿနာများကို တပြုံတမ ပျက်စီးမှုများနှင့်လူသေဆုံးမှုများ မဖြစ်လာစေဘဲ တမဟုတ်ချင်း ကိုင်တွယ်ညွှန်ကြားလိုက်ရမည်ဖြစ်သည်။

    မြန်မာခေါင်းဆောင်တို့သည် ရှင်းလင်းပြတ်သားရန်၊ ရဲတပ်ဖွဲ့တို့ကို မလှုပ်သာအောင်ထိန်းချုပ်မထားရန် လိုအပ်သည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်းရှိ နိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်တို့သည်လည်း မိမိ၏ပြောဆိုချက်များ အပေါ် အလေးထားဆင်ခြင်ရပါမည်။ အကယ်၍ မြန်မာနိုင်ငံသည် ဤအချက်များကို ဆက်လက် ကျူးလွန် မှားယွင်းနေပါက ပြည်သူပြည်သားတိုင်း နစ်နာဆုံးရှုံးပေတော့မည်။ အဘယ်ကြောင့်ဟူမူ အကြမ်းဖက်မှု၊ မတည်ငြိမ်မှု၊ တစ်ယူသန်မှုနှင့်ပြည့်နှက်နေသော တိုင်းပြည်တစ်ပြည်၌ (သဘောရိုးဖြင့်) လာရောက်လည်ပတ်လိုသူ၊ ရင်းနှီးမြှုပ်နှံလိုသူ မရှိ၍ဖြစ်၏။

    သို့တစေလည်း မြန်မာပြည်သည် ဤအပြောင်းအလဲများအား မှန်ကန်အောင်ပြုလုပ်နိုင်ပါလျှင် ရွှေတံဆိပ်များ၊ ချီးမွှမ်းမှုများ၊ ကမ္ဘာလှည့်ခရီးသွားများ၊ ရင်းနှီးမြှုပ်နှံမှုများကိုသာမက နိုင်ငံ၏နယ်နမိတ်အတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုပါ အောင်မြင်စွာရရှိခံစားနိုင်မည်မှာ မလွဲတည်း။

    **  Jim Della-Giacoma ရေးသားသော CNN ၏ အထူးဆောင်းပါး Myanmar must embrace minorities ကို “ မြင့်မိုရ်မောင်မောင် ” မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။
    ဆောင်းပါးရှင်၏ အမြင်ဖော်ပြချက်သာ ဖြစ်ပါသည်။

    Jim Della-Giacoma သည် International Crisis Group ၏ အာရှအစီအစဉ် ဒါရိုက်တာ ဖြစ်သည်။ သူ၏ ‘The Dark Side of Transition: Violence against Muslims in Myanmar’ အမည်ရှိ ရေးသားချက်အား အောက်တိုဘာ ၁ ရက်နေ့က ဖော်ပြခဲ့သည်။