News @ M-Media
Tag: Muslim tourists
  • စင်ကာပူမှာ မွတ်စလင်ခရီးသွားများ ကြိုက်နှစ်သက်ဆုံး နိုင်ငံတစ်ခု ဖြစ်နေ
    စင်ကာပူမှာ မွတ်စလင်ခရီးသွားများ ကြိုက်နှစ်သက်ဆုံး နိုင်ငံတစ်ခု ဖြစ်နေ
    မေ ၄၊ ၂၀၁၇
    M-Media
    – စင်ကာပူနိုင်ငံမှာ အိုအိုင်စီနိုင်ငံများ၏ အပြင်ဘက်တွင် ကမ္ဘာ့ မွတ်စလင်ခရီးသွားများအကြား လူကြိုက်အများဆုံး နိုင်ငံတစ်ခုအဖြစ် ၃ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်ဟု သိရသည်။
    မွတ်စလင်ခရီးသွားများ ကြိုက်နှစ်သက်သည့် နေရာများကို လေ့လာကာ ထုတ်ပြန်သော Mastercard- CrescentRating Global Muslim Travel Index အညွှန်းကိန်းတွင် စင်ကာပူမှာ ၂၀၁၆ ခုနှစ်အတွက် အလုံးစုံ ရပ်တည်မှုဇယား၌ အဆင့် ၁၀ နေရာတွင် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကထက် ၂ ဆင့် လျော့ကျသွားခြင်းဖြစ်သည်။
    အဆိုပါ အညွှန်းကိန်းအတွက် ကမ္ဘာ့ ခရီးသွားနိုင်ငံပေါင်း ၁၃၀ ကို ခရီးသွားများ လာရောက်မှု၊ ဆက်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်၊ ၀န်ဆောင်မှု စသည့် သတ်မှတ်ချက်လေးခုဖြင့် စစ်တမ်းကောက်ယူခြင်းဖြစ်သည်။
    သတ်မှတ်ချက်များတွင် မိသားစုအတွက် အဆင်ပြေမှု၊ လုံခြုံမှုနှင့် ဖော်ရွေမှုများကိုလည်း ကဏ္ဍခွဲများအဖြစ် ထည့်သွင်းထားသည်။
    မလေးရှားမှာ ၂၀၁၆ ခုနှစ်အတွင်း မွတ်စလင်ခရီးသွား အကြိုက်နှစ်သက်ဆုံး နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး မွတ်စလင်ခရီးသွားပေါင်း ၁၂၁ သန်း လာရောက်လည်ပတ်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ခရီးသွားများမှာ ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁၅၅ ဘီလီယံ သုံးစွဲခဲ့သည်။
    ၂၀၂၀ ခုနှစ်တွင် မွတ်စလင်များမှာ ကမ္ဘာ့ ခရီးသွားများ၏ ၁၀ ပုံ ၁ ပုံ ရှိလာမည်ဖြစ်ပြီး ဈေးကွက်မှာ ကန်ဒေါ်လာ ဘီလီယံ ၂၂၀ ရှိလာမည်ဖြစ်သည်။
    အာရှမှာ မွတ်စလင်ခရီးသွားများ အနှစ်သက်ဆုံး ဒေသတစ်ခုဖြစ်ပြီး အင်ဒိုနီးရှား၊ ထိုင်း၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှာ အညွှန်းကိန်းတွင် ထိပ်တန်းနေရာများ၌ ပါဝင်နေသည်။
    CrescentRating and HalalTrip လုပ်ငန်းမှ စီအီးအို ဖာဇဲလ် ဘဟာရ်ဒင်က မွတ်စလင်လူငယ် ခရီးသွားများမှာ ဈေးကွက်ကို ပုံဖော်မည်ဖြစ်ပြီး ဈေးကွက်မှာလည်း ဆက်လက် ကြီးထွားသွားဖွယ် ရှိနေသည်ဟု ကြေငြာချက်တွင် ပြောကြားခဲ့သည်။
    Ref: Straitstimes
  • မွတ်စ်လင်များအတွက် ကမ္ဘာ့ပထမဆုံးကဏ္ဍစုံပါ ခရီးသွား ၀ဘ်ဆိုဒ်
    ဒီဇင်ဘာ ၂၂၊ ၂၀၁၃
    M-Media
    1307009
    မွတ်စ်လင်ခရီးသွားများအတွက် သူတို့၏ ခရီးစဉ်ချောမွေ့ရေး နှင့် ကြိုတင်စာရင်းပေးသွင်းနိုင် HalalTrip.com  ဆောင်ရွက်ပေးတော့မည်ဟု သိရသည်။ အသုံးပြုသူများအားနွေးထွေးစေသည့် ဤ၀က်ဘ်ဆိုဒ်သည် သူတို့၏ဘ၀နေဟန်နှင့်ကိုက်ညီသော ဟိုတယ်များ၊ လေကြောင်းလိုင်းများ နှင့် ခရီးသွားအစီအစဉ်များကို တွဲဖက်ပေးနိုင်သဖြင့် မွတ်စ်လင်မ်ခရီးသွားများအဖို့ အဆင်ပြေချောမွေ့စေသည်။
    မွတ်စ်လင်များ၏လိုအပ်ချက်များကို သီးသန့်ဖြည့်ဆည်းပေးနိုင်သည့် ကြိုတင်စီမံနိုင်ရာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းစဉ်မှာ လိုအပ်နေဆဲဖြစ်သည်။ ကမ္ဘာ့ထိပ်တန်းဝင် ဟလာလ် ခရီးသွားလုပ်ငန်း Crescentrating မှ HalaTrip.com အား မိတ်ဆက်ပေးလိုက်သောအခါ အရာရာပြောင်းလဲ သွားလေသည်။ ယခုအခါ HalalTrip.com အား မွတ်စ်လင်ခရီးသွားများအတွက် အထူးကဏ္ဍအစုံပါ ခရီးသွားဝန်ဆောင်မှုဆိုဒ်တစ်ခုအဖြစ် ထပ်မံပြောင်းလဲလွှင့်တင်လိုက်ပြီဖြစ်သည်။
    HalalTrip.com အတွင်း ဟိုတယ်များ ၃၈၀,၀၀၀ ကျော် နှင့် အခြားတည်းခိုနေရာများကို ကြိုတင်စာရင်းပေးနိုင်သော  Booking.com ပါဝင် ထည့်သွင်းထားသည်။ ကမ္ဘာအနှံ့ရှိ ဟလာလ် စားသောက်ဆိုင်များ၊ ဗလီဝတ်ကျောင်းတော်များ နှင့် ဟိုတယ်နှင့်အနီးဝန်းကျင်ရှိ ဟလာလ်ဝန်ဆောင်မှုများကို ဖော်ပြပေးထားသည့် လမ်းညွှန်မှ တဆင့် ခရီးသွားများအဖို့ အဆင်အပြေဆုံးကို ရွေးချယ်နိုင်မည်ဖြစ်သည်။ Crescentrated Hotels များကလည်း သူတို့၏ အခိုင်အမာအသိအမှတ်ပြု လက်မှတ်ရ ဟလာလ်ဆိုင်ရာ ၀န်ဆောင်မှုများကိုတွဲ၍ ဖော်ပြပေးဦးမည်ဖြစ်သည်။ HalalTrip.com သည် ၄င်း၏ဖောက်သည်များအတွက် တစ်ခေတ်ဆန်းဟိုတယ်များ နှင့် အားလပ်ရက် ခရီးသွားဝန်ဆောင်ချက်များကိုဖော်ပြပေးမည့် ကမ္ဘာ့အကြီးဆုံးဝက်ဘ်ဆိုဒ်တစ်ခုဖြစ်လာရန် Booking.com နှင့်အတူ လက်တွဲပူးပေါင်းထားကြောင်းသိရသည်။
    လေကြောင်းလိုင်းကြိုတင်စာရင်းပေးသွင်းရေးကဏ္ဍတွင် ကြိုတင်မှာကြားစီစဉ်ရာ၌ အကောင်းဆုံးနှုန်းထားရရှိစေရန်အတွက် Wego.com ၏ meta-search engine ကို အားဖြည့်အသုံးပြုထားသည်။ မကြာသေးမီက Wego တည်ထောင်သူအပြင် CEO ဖြစ်သော ရော့စ် ဗိတ်ခ်ျ (Ross Veitch) နှင့်ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်း၌ သူက “ Wego ဟာ HalalTrip.com အတွက် လေကြောင်းလိုင်းရှာဖွေမှုနည်းပညာကို ပံ့ပိုးခွင့်ရရှိခြင်းကို ၀မ်းမြောက်မိပါတယ်။ အစ္စလာမ့်ခရီးသွားများအဖို့ အကောင်းဆုံးနေထိုင်ရေး နဲ့ ဆုံးဖြတ်ရွေးချယ်မှုဈေးကွက်ဖော်ဆောင်ခြင်းဆိုသော ဆန်းသစ်တဲ့နည်းစဉ် လုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် Crescentrating ကို ဂုဏ်ပြုချီးကျူးပါတယ် ” ဟု ပြောကြားခဲ့သည်။
    City_Guides_and_Travel_Information_for_Muslim_Travellers_HalalTrip_-_2013-12-22_21.09.55
    မွတ်စ်လင်များအတွက် အဓိကဦးတည်ထားသည့် ခရီးသွားအစီအစဉ်များကို HalalTrip.com နှင့် ၄င်း၏ခရီးသွား ကိုယ်စားလှယ်များမှ များမကြာခင် ဆောင်ရွက်ပေးတော့မည်ဖြစ်၏။     ဤခရီးသွားအစီစဉ်များအား ကမ္ဘာ့အကြီးဆုံး ခရီးသွားလုပ်ငန်းအုပ်စု Kuoni Group Travel Experts နှင့် အတူ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ထားသည်။ အာရှပစိဖိတ် နှင့် အမေရိကအတွင်း ဈေးကွက်လေ့လာရေးနှင့်အရောင်းဌာနဆိုင်ရာ  Kuoni Group Travel Experts ၏ဒုဥက္ကဌ (Senior Vice President for Sales and Marketing Asia Pacific & the Americas) မှ “ ၁.၆ ကုဋေ ကျော်တဲ့အထိ တဖြည်းဖြည်းတိုးပွားလာတဲ့ လူဦးရေပမာဏနဲ့အတူ  ခရီးသွားမွတ်စ်လင်မ်တွေလည်း မျာပြားလာနေတယ်။ တဆက်တည်းမှာပဲ ရမဿွာန်လ အတွင်း ဟလာလ်အ စားအစာရရှိဖို့၊ ၀တ်ပြုနိုင်ရေး လိုမျိုး ခရီးစဉ်အထူးလိုအပ်ချက်များ ၀န်ဆောင်ပေးနိုင် တာကိုလည်း ရွေးချယ် လာကြတယ်။ Crescentrating ၊ HalalTrip.com နဲ့ ကျွန်တော်တို့ရဲ့ဖက်စပ်ပူးပေါင်းမှုဟာ ဟလာလ်နဲ့ညီညွတ်တဲ့ခရီးစဉ်၊ နေရာ၊ အတွေ့အကြုံများကို ထပ်မံကျယ်ပြန်အောင် တိုးချဲ့ခြင်းနဲ့အတူ ခရီးသွားများရဲ့လိုအပ်ချက်များကို အတိုင်းထက်အလွန်ဖြည့်ဆည်းပေးနိုင်မှာပါ ” ဟူ၍ ရှင်းပြခဲ့သည်။
    Crescentrating ၏ လုပ်ငန်းလည်ပတ်ရေး ဌာနမှူး ဒဲန်နီ ဘိုလ်ဒျုက်(Dany Bolduc) မှ “ HalalTrip.com ၀က်ဘ်ဆိုဒ်ဖြစ်ပေါ်လာခြင်းအတွက် ကျွန်တော်တို့ အထူးဝမ်းမြောက် ဂုဏ်ယူပါတယ်။ ဒါ့အပြင် အဲ့ဒီဆိုဒ်ကို ဟလာလ်ခရီးစဉ်အတွက် ကြိုတင်မှာယူမှုအွန်လိုင်းဈေးကွက်နယ်ပယ်မှာ ဦးဆောင်အဆင့်ရောက်နိုင်အောင် ရည်ရွယ်နေပါတယ်။  မွတ်စ်လင် ခရီးသွားများအတွက် အခက်အခဲမရှိသော ခရီးစဉ်များ ဖန်တီးနိုင်ရေး အပိုဆောင်း လိုအပ်ချက် နဲ့ မပြတ်တိုးပွားလာတဲ့ အချက်အလက်တွေအတွက် ကျွန်တော်တို့ဆီမှာ ရေရှည်အစီအစဉ်တွေ ရှိပါတယ် ” ဟု ဆိုသည်။ ၄င်း၌ အာရဗီ နှင့် အခြားဘာသာစကားများဖြင့်ဖော်ပြမှု စသည်များလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
    မွတ်စ်လင် ခရီးသွားများ၏ ခရီးစဉ်သုံးငွေသည် ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ကုဋေ ၂၀၀ သို့ရောက်ရှိမည်ဟု ခန့်မှန်းကြသည်။ အရှေ့အလယ်ပိုင်း နှင့် အခြားသော မွတ်စ်လင်မ် လူများစုရှိရာဈေးကွက်များတွင် ကြိုတင်မှာကြား စီစဉ်နိုင်သည့် အွန်လိုင်းခရီးသွားလုပ်ငန်းသည်လည်း ထိုဒေသများအတွင်း အင်တာနက် နှင့် smart phones များမှတဆင့် ထိုးဖောက်ခေတ်စားလာလေသည်။
    မွတ်စ်လင် ခရီးသွားများအတွက် ၄င်းဝက်ဘ်ဆိုဒ်အသစ်၌ ကမ္ဘာလှည့်မွတ်စ်လင် ခရီးသွားဦးရေ တိုးပွားမြင့်တက်မှု မူတည်၍  ကမ္ဘာတစ်ဝှန်းရှိ ဟလာလ် စားသောက်ဆိုင် လမ်းညွှန် နှင့် သက်ဆိုင်ရာပြည်တွင်းလမ်းပြများ အကြောင်းတို့ကိုလည်း တွေ့နိုင်ကြောင်း သိရသည်။
    HalalTrip.com အမည်ရှိဆိုဒ်သည် အစ္စလာမ့်စည်းမျဉ်းများနှင့်အညီ ခရီးသွားလိုသူများအတွက် ကျယ်ပြန့်သောဝန်ဆောင်မှု အမြောက် အများပေးအပ်နိုင်ကြောင်း စင်္ကာပူအခြေစိုက် အထူး ခရီးသွားလုပ်ငန်း Crescentrating ကဆိုသည်။“ မွတ်စ်လင် ခရီးသွားများအတွက် ကမ္ဘာ့ပထမဆုံး ကဏ္ဍအစုံပါ ခရီးသွားဝဘ်ဆိုဒ် ဖြစ်တယ်” ဟု AFP သို့ Crescentrating မှ အမှုဆောင်ချုပ် ဖာဇဲလ် ဘဟာဒီးန် (FazalBahardeen) က ပြောကြားခဲ့သည်။ တစ်ချိန်က အစ္စလာမ် ခရီးသွားများအတွက် ကြိုတင်ခရီးစဉ်ဝန်ဆောင်မှုကို သီးသန့်ဖြည့်ဆည်းပေးနိုင်သည့် ခရီးသွားဆိုဒ် လိုအပ်နေခဲ့ကြောင်းကိုလည်း ၄င်းက ဖြည့်စွက်တင်ပြသည်။ Crescentrating ၏ လုပ်ငန်းလည်ပတ်ရေးဌာနမှူး ဒဲန်နီ ဘိုလ်ဒျုက်(Dany Bolduc)၏အဆိုအရ မွတ်စ်လင် တို့၏ ခရီးသွားအသုံးစရိတ်သည် ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၁၂၆ ကုဋေ ရှိခဲ့ရာမှ ၂၀၂၀ ခုနှစ်တွင် ဒေါ်လာကုဋေ ၂၀၀ အထိရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
    Crescentratingသည် HalalTrip.com အား ဇွန်လက သြစတြီးယန်း(Austrian) ပိုင်ရှင်ထံမှ ၀ယ်ယူခဲ့ပြီး၊ကဏ္ဍအသစ်များဖြင့် အသစ်တစ်ဖန် လွှင့်တင်လိုက်ခြင်းဖြစ်သည်။
    အချက်အလက်များအား အတိအကျသိရှိရန် HalalTrip.com သို့ ၀င်ရောက် ဖတ်ရှုနိုင်ပြီဖြစ်၏။
    CrescentratingPte Ltd အကြောင်း
    ————————————-
    CrescentratingPte Ltd သည် စင်္ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ဟလာလ် အခြေပြုခရီးသွားလုပ်ငန်း၌ စဦးဆောင်ရွက်သူ နှင့် ကမ္ဘာ့ဦးဆောင်သူ ဖြစ်သည်။ “Halal Travel”  ကဏ္ဍသစ်တိုးမြှင့်ခြင်းအားဖြင့် မွတ်စ်လင် ခရီးသွားများအား ကမ္ဘာအနှံ့ခရီးစဉ်များ၌ စိတ်လက်အေးချမ်းစွာ သွားလာနိုင်ရန် နှင့် ခရီးသွားများ၊ ခရီးသွားလုပ်ငန်း ၀န်ဆောင်မှုများသာကမ လူ့အဖွဲ့အစည်းအားလုံး အတွက်ပါ ကောင်းကျိုးဖြစ် ထွန်းလာရန် ၄င်းမှ ရည်ရွယ်သည်။
    အပျော်တမ်းခရီးဖြစ်စေ၊ လုပ်ငန်းစဉ်ခရီးဖြစ်စေ Crescentrating.com၊ HalalTrip.com နှင့်  Crescent Trips ၏ mobile application သည် ကမ္ဘာ့အကောင်းဆုံး ၀န်ဆောင်မှုများဖြင့် “Halal Travel” အစီအစဉ်အား အခက်အခဲမရှိ ပြုလုပ်နိုင်ရန် လုပ်ဆောင်ပေး သွားမည်ဟု မျှော်လင့် ရပေသည်။
    Ref: eat-halal
  • မွတ်စ်လင်မ် ကမ္ဘာလှည့် ခရီးသွားများအား ဂျပန်မှ အာရုံစိုက် အလေးထားလာ
    နိုဝင်ဘာ- ၁၀ ၂၀၁၃
    M-Media
    japan-muslim
    မွတ်စ်လင်မ်တို့သည် မိမိတို့တိုင်းပြည်တွင် နေထိုင်သည့်အတိုင်း အဆင်ပြေချောမွေ့ရမည်ဟု အလေးထားပြောဆိုလာသော ဂျပန်ခရီးသွားကုမ္ပဏီများ ပိုမိုများပြားလာသည်
    တရုတ်ဂျပန်နယ်မြေပိုင်ဆိုင်ရေးပြဿနာများကြောင့် ယမန်နှစ်နှောင်းပိုင်းမှစတင်၍ ဂျပန်၌ တရုတ်ကမ္ဘာ့လှည့်ခရီးသည်များ ဆိုးဆိုးဝါးဝါး လျော့ပါးသွားခဲ့သည်။
    ထိုင်ဝမ် နှင့် အခြားအရှေ့တောင်အာရှနိုင်ငံများ အထူးသဖြင့် မလေးရှားနှင့်အင်ဒိုနီးရှားထံမှ ခရီးသည်များ တအုံတကျင်း ၀င်ရောက်လာမှုကြောင့်သာ ခံသာနေရသည်။
    သာဓကအားဖြင့် တရုတ်ဧည့်သည်ဦးရေမှာ အောက်တိုဘာလအတွင်း ၃၃ ရာခိုင်နှုန်းအထိ ထိုးကျသွားသော်လည်း ယမန်နှစ်ထိုလပိုင်းနှင့်နှိုင်းယှဉ်ပါက မလေးရှားဧည့်သည်များကမူ ၆၆ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားက ၄၀ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရ၏။
    မွတ်စ်လင်မ်ခရီးသွားများကို ၄င်းတို့၏ ဘာသာရေးလိုအပ်ချက်များနှင့်အညီနေထိုင်နိုင်ရေးအတွက် ကောင်းစွာကြိုဆိုပြင်ဆင်ရေးလမ်းကြောင်းသစ်၌ ဂျပန်တို့မှာ အားတက်သရော ဆောင်ရွက်လျက်ရှိသည်။
    ယမန်နှစ်က ဂျပန်သို့ မလေးရှားနိုင်ငံသားပေါင်း တစ်သိန်းသုံးသောင်းကျော် လာရောက်လည်ပတ်ခဲ့ရာ ၂၀၁၀ ခုနှစ်ထက် ၁၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ စားရိတ်ကျဉ်းအစီအစဉ်များဖြင့် နိုင်ငံခြားသို့ခရီးသွားရန် တတ်စွမ်းနိုငသည့် အလယ်အလတ်လူတန်းစား မလေးနိုင်ငံသားများ တိုးပွားလာခြင်းကြောင့်ဖြစ်သည်။
    ဂျပန်နိုင်ငံတွင် မိမိတို့ဘာသာရေးထုံးဓလေ့များကျင့်ဆောင်ရန် ခက်ခဲမှုရှိသည်ဟု ကနဦးက အမြင်ရှိခဲ့သော မလေးမွတ်စ်လင်မ်များသည်ပင်လျှင် ဤခရီးသွားဧည့်သည်များဦးရေအတွင်း အလွန်တိုးတက်များပြားလာသည်။
    ဂျပန်နိုင်ငံတွင် မွတ်စ်လင်မ်ဦးရေသည် ငါးသောင်းမှ တစ်သိန်းအတွင်းသာ ရှိသည်။ အများစုမှာ နိုင်ငံခြားမှ လာရောက်သူများဖြစ်၏။ လူဦးရေသန်း ၁၂၀ အနက် ဂျပန်လူမျိုးမွတ်စ်လင်မ်များမှာ တစ်ထောင်အောက်သာ ရှိနေ၏။
    ဂျပန်လူမျိုးအများစု အစ္စလာမ့်အဆုံးအမများနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိကြချေ။ ခရီးသွားဧည့်သည်လှိုင်းသစ်ကြောင့် ဂျပန်ခရီးသွားလာရေးလုပ်ငန်းတို့သည် မွတ်စ်လင်မ်များနှင့်စပ်လျဉ်း၍ အမြင်ပွင့်လာကြသည်။
    “ အဓိကပြဿနာကတော့ သူတို့အတွက် ၀တ်ပြုဖို့နေရာ နဲ့ ဟလာလ်အစားအသောက် စီစဉ်ပေးဖို့ဖြစ်တယ် ” ဟု မီယာကို ကိုကုဇိုင်း Miyako Kokusai ကုမ္ပဏီမှ ကာဇူနာရီ ကုရိုဆာဝါ Kazunari Kurosawa က ဆိုသည်။ အိုဆာကာရှိ ယင်းခရီးသွားအေဂျင်စီသည် အာရှသားမွတ်စ်လင်မ်ဧည့်သည်များအတွက် နေရာထိုင်ခင်းကို စီစဉ်ပေးလျက်ရှိသည်။
    သူသည် Malaysia’s Jakim (Department of Islamic Advancement of Malaysia) မှ အသိအမှတ်ပြုထားသော  Japan Halal Association တာဝန်ရှိသူများနှင့်အတူ ဟလာလ်အစားအသောက်အကြောင်းကို ဟလာလ်နည်းကျ စားသောက်ဆိုင်များသို့ သွားရောက်လေ့လာခဲ့သည်။ အထူးသဖြင့် ၀က်သားမသုံး အရက်မရောင်းချသည့် ဆိုင်များ ဖြစ်ကြောင်း သေချာစေရန်ဖြစ်သည်။
    အရက်သေစာနှင့်မကင်းလွတ်သည့် ဂျပန်၌ မွတ်စ်လင်မ်ဧည့်သည်များသည် တစ်ခါသုံး ဇွန်း၊ ခွက် စသည့် စားသောက်ပစ္စည်များ အသုံးပြုလေ့ရှိသဖြင့် သူက ယင်းကဲ့သို့စီမံပေးရသည်။ ထို့ပြင် သူက ဧည့်သည်များအတွက် ကစ်ဗလဟ်( ကအ်ဗဟ်ဝတ်ကျောင်းတော်ဖက်မျက်နှာမူရာအရပ်)အား ညွှန်ပြအသိပေးခြင်း၊ လည်ပတ်သွားလာသော နေရာများနှင့်နားနေရာများတွင် ၀တ်ပြုနေရာစီစဉ်ပေးခြင်းကိုလည်း ၀န်ဆောင်ပေးသည်။
    ကုရိုဆာဝါသည် မလေးရှားမှလာရောက်သည့် မွတ်စ်လင်မ်ခရီးသွားဧည့်သည်ပေါင်း ၅၀၀ ခန့်ကို ၀န်ဆောင်ပေးပြီးသည့်အပြင် သူ၏ ချယ်ရီပွင့်ချိန်နွေဦးခရီးသွားအစီအစဉ်မှာလည်း ကြိုတင်စာရင်းသွင်းထားသူများဖြင့် ပြည့်နေပြီဖြစ်သည်။
    အရှေ့တောင်အာရှသား ကမ္ဘာလှည့်ခရီးသွားတို့သည် ဆောင်းတွင်း၌ ဆီးနှင်းဖုံးလွှမ်းသော ဂျပန်နိုင်ငံမြောက်ပိုင်းဒေသများသို့လည်း သွားရောက်လည်ပတ်လေ့ရှိတတ်သည်သာမက နှင်းလျှောစီးမှုကိုလည်း ခုံမင်ကြသည်။
    လတ်တစ်လောတွင် မွတ်စ်လင်မ်များအပါအ၀င် အရှေ့တောင်အာရှသား ကမ္ဘာလှည့်ခရီးသွားတို့သည် နိုင်ငံမြောက်ဖျားရှိ ဟော့ကိုင်းဒိုးကျွန်းကို ပိုမိုနှစ်ခြိုက်လျက်ရှိ၏။
    အခြေအနေနှင့်လိုက်လျောညီထွေအောင် ဆက်ပိုရိုရှိ ချီတိုစဲဈေးဝယ်စင်တာ Chitose Outlet Mall Rera မှ မွတ်စ်လင်မ်တို့အဖို့ ၀တ်ပြုနေရာအတွက် သောကမရောက်ပဲ နာရီပေါင်းများစွာ လည်ပတ်ဈေးဝယ်နိုင်ရန် ၀တ်ပြုခန်းတစ်ခု ထည့်သွင်းလာသည်ကို တွေ့ရ၏။
    ဟလာလ်နှင့်ဆက်နွှယ်သော လုပ်ငန်းနှင့်ဈေးကွက်အား တိုးမြှင့်နိုင်ရန်အလို့ငှာ ဟလာလ်၏လိုအပ်ချက်များနှင့်ထုံးဓလေ့များကို ပညာပေးခြင်း၊ ဆွေးနွေးခြင်းအစီအစဉ်များအတွက် အောက်တိုဘာလက တိုကျိုတွင် ဂျပန်ဟလာလ်စီးပွားရေးအဖွဲ့အစည်း Japan Halal Business Association ကို တည်ထောင်ခဲ့သည်။
    ဂျပန်အစိုးရကလည်း ဘာသာတရားအခြေပြုခရီးသွားလုပ်ငန်းအကြောင်းကို အမြန်ဆုံးလေ့လာနေကြပါသည်။
    အစိုးရ၏ခရီးသွားလုပ်ငန်းတိုးမြင့်ရေးလက်ရုံးတစ်ဆူဖြစ်သော Japan National Tourism Organisation မှ မွတ်စ်လင်မ်တိုးရစ်များအတွက် ဂျပန်ရှိ စားသောက်ဆိုင်များ၊ ၀တ်ပြုနေရာများ ဖော်ပြထားသည့် ဟလာလ်လက်စွဲစာအုပ်ကို တရားဝင်ထုတ်ဝေနိုင်အောင် စီစဉ်လျက်ရှိသည်။
    ယင်းအစီအစဉ်က ၂၀၁၁ ခုနှစ်ထက် နှစ်ဆတိုး၍ အရှေ့တောင်အာရှသား ခရီးသွားဧည့်သည်များကို ဦးရေတစ်သန်းအထိ တိုးတက်လာမည်ဟု မျှော်လင့်ထားသည်။
    မလေးရှားနိုင်ငံသားတိုးရစ်များ ပိုမိုရရှိရေးအတွက် Japan National Tourism Organisation သည် Malaysian Association of Tour and Travel Agents နှင့် ဇန္န၀ါရီလက နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
    ပြီးခဲ့သည့်လတွင်လည်း အာရှသားမွတ်စ်လင်မ်တိုးရစ်များ ပိုမိုရရှိရေးကို စိတ်ပါဝင်စားသော ဂျပန်လုပ်ငန်းရှင်များတွက် ယင်းအဖွဲ့အစည်းမှ Japan-Muslim tourism seminar ကို ကျင်းပဆောင်ရွက်ပေးခဲ့သည်။
    ယမန်နှစ်က ခရီးသွားဧည့်သည်ပေါင်း ၈.၃၇ သန်းအထိ တိုးတက်လာခဲ့သော်လည်း သဘာဝဘေးအန္တရာယ်ကြောင့် ၉ သန်းဟူသော ရည်မှန်းချက် မပြည့်မီခဲ့ချေ။
    မြေယာ၊ အခြေခံအဆောက်အဦ နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာဝန်ကြီး အကီဟီရို အိုတ Akihiro Ohta က “ ခုထက်ထိတော့ ကျေနပ်လောက်စရာ အနေအထား မရောက်သေးပါဘူး ” ဟု ဆိုခဲ့သည်။
    ယခုနှစ်တွင်မူ ဧည့်သည်ပမာဏ ၁၀ သန်းအထိ ရရှိရန် ရည်မှန်းထားသည်။ အာရှနှင့်ကမ္ဘာ့အခြားဒေသမှ မွတ်စ်လင်မ်ဧည့်သည်များအပေါ် အထူးဦးတည်၍ ခရီးသွားလုပ်ငန်းအား အစွမ်းကုန်မြှင့်တင်ကြိုးပမ်းကြရန် ၄င်းက မိမိ၏ဌာနခွဲအားလုံးသို့ မေတ္တာရပ်ခံထားသည်။
    Ref: New Straits Times