News @ M-Media

Tag: Myanmar Economy

  • တရုတ်ထံမှ ကြွေးမြီများနှင့်ပတ်သက်၍ နိုင်ငံတော် စာရင်းစစ်ချုပ် သတိပေး

    တရုတ်ထံမှ ကြွေးမြီများနှင့်ပတ်သက်၍ နိုင်ငံတော် စာရင်းစစ်ချုပ် သတိပေး

    ဇွန် ၁၃၊ ၂၀၂၀
    M-Media

    -တရုတ်ထံကနေ ချေးငွေထပ်ယူတာမျိုးကို ရှောင်ရှားဖို့အတွက် နိုင်ငံတော် စာရင်းစစ်ချုပ်က သတိပေးခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံဟာ တရုတ်ချေးငွေထောင်ချောက်ထဲ သက်ဆင်းရမယ့်အန္တရာယ် ရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။

    မြန်မာနိုင်ငံရဲ့ လက်ရှိ ကြွေးမြီ ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရှိပြီး ၄ ဘီလီယံက တရုတ်နိုင်ငံအပေါ်မှာ တင်ရှိနေတာဖြစ်တယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားခဲ့ပါတယ်။

    “အမှန်ပြောရရင် တရုတ်နိုင်ငံကပေးတဲ့ ချေးငွေဟာ ကမ္ဘ့ာဘဏ်၊ (နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့) IMF တို့လို ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ထုတ်ပေးတဲ့ ချေးငွေတွေထက် အတိုးပိုများပါတယ်။ ဒါ့ကြောင့် တရုတ်ချေးငွေတွေကို ပိုရှောင်ဖို့ အစိုးရဝန်ကြီးဌာနတွေကို ကျွန်တော် သတိပေးလိုပါတယ်”

    မြန်မာနိုင်ငံဟာ တရုတ်ကို တစ်နှစ်မှာ အတိုး၊ အရင်းပေါင်း ကန်ဒေါ်လာ သန်း ၅၀၀ လောက် ပြန်ဆပ်နေရတာဖြစ်ပါတယ်။

    တရုတ်ရဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်း (BRI) မှာ မြန်မာနိုင်ငံက ပါဝင်နေပြီး ဒီအတွက် ချေးငွေတွေ ထပ်ယူမယ်ဆိုရင် တိုင်းပြည်အတွင်း ဝန်ထုပ်ဝန်ပိုး ပိုဖြစ်လာလိမ့်မယ်လို့ လွှတ်တော်အမတ်တွေ၊ ပညာရှင်တွေက သတိပေးထားပါတယ်။

    မြန်မာနိုင်ငံမှာ တရုတ်ရဲ့ စီးပွားရေး စီမံကိန်းတွေ အရင်ကတည်းက ရှိနေပြီး တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့က BRI စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့သစ်စီမံကိန်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့က အထူးစီးပွားရေးဇုန် ၃ ခုတို့ကလည်း တရုတ်နိုင်ငံနဲ့ ပူးပေါင်း ဖော်ဆောင်မှာ ဖြစ်ပါတယ်။

    သီရိလင်္ကာနိုင်ငံ၊ အာဖရိက နိုင်ငံတစ်ချို့ဟာ တရုတ်ရဲ့ ကြွေးမြီတွေကို ပြန်မဆပ်နိုင်တာကြောင့် မဟာဗျူဟာကျတဲ့ နေရာတွေ၊ လုပ်ပိုင်ခွင့်တွေကို တရုတ်အစိုးရပိုင် ကုမ္ပဏီတွေထံ ထိုးအပ်ခဲ့ရပြီး မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်ကို မှီခိုလွန်းရင် ဒီလိုအနေအထားမျိုး ကြုံလာရနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။

    Ref: Economic Times

  • သမ္မတဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်အတွင်း သဘောတူညီချက် ၁၀ ခု လက်မှတ်ထိုး

    သမ္မတဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်အတွင်း သဘောတူညီချက် ၁၀ ခု လက်မှတ်ထိုး

    မတ် ၃၊ ၂၀၂၀
    M-Media

    တဂျ်မဟာလ်ရောက် သမ္မတဦးဝင်းမြင့်နှင့် ဇနီး

    -ပြီးခဲ့တဲ့တစ်ပတ် သမ္မတ ဦးဝင်းမြင့်ရဲ့ အိန္ဒိယနိုင်ငံ ၄ ရက်ကြာ ခရီးစဉ်အတွင်း အိန္ဒိယနဲ့ မြန်မာတို့ဟာ နားလည်မှုစာချွန်လွှာ ၁၀ ခုလောက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

    အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အကြား ၈ ရာခိုင်နှုန်းတက်ကာ ဒေါ်လာ ၁.၇ ဘီလီယံဖိုး ရှိပါတယ်။ ​အိန္ဒိယနိုင်ငံဟာ Act East and Neighbourhood First ပေါ်လစီအရ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။

    သမ္မတ ဦးဝင်းမြှင့်ရဲ့ ခရီးစဉ်အတွင်း အိန္ဒိယသမ္မတ ရှရီ ရမ် နသ် ကိုဗင်နဲ့ တွေ့ဆုံခဲ့သလို၊ ဗုဒ္ဓဂါယာကိုလည်း သွားရောက်ဖူးမြှော်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက်တာဝန်ရှိသူတွေဟာ အခြေခံအဆောက်အဦးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နယ်ပယ်တွေအပါအဝင် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာတွေ၊ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    အဲဒီသဘောတူညီချက်တွေထဲမှာ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိရေး၊ လမ်း​ဖောက်လုပ်ရေး၊ ဆေးရုံဆောက်လုပ်ရေး၊ ရေပေးဝေမှုစနစ် ဖော်ဆောင်ရေး၊ စာသင်ကျောင်းဆောက်လုပ်ရေးတွေ ပါဝင်ပါတယ်။ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ရေနံထွက်ပစ္စည်း တိုးမြှင့်ထုတ်လုပ်ရေး၊ ပို့ဆောင်ရေး၊ ကျန်းမာ​ရေး စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း မြန်မာနဲ့ အိန္ဒိယတို့က သဘောတူခဲ့ကြပါတယ်။

    Ref: New Straits Times

  • တင်းမာမှုကြောင့် ဘုရားသုံးဆူရှိ နယ်စပ်ဂိတ်ပေါက်ကို မြန်မာဖက်က ပိတ်ထား

    တင်းမာမှုကြောင့် ဘုရားသုံးဆူရှိ နယ်စပ်ဂိတ်ပေါက်ကို မြန်မာဖက်က ပိတ်ထား

    ဖေဖော်ရီ ၂၉၊ ၂၀၂၀
    M-Media

    ပုံ – ဧရာ၀တီ

    -ကရင်ပြည်နယ် ဘုရားသုံးဆူက နယ်စပ်ထွက်ပေါက်ဂိတ်ကို မြန်မာအာဏာပိုင်တွေက ပိတ်လိုက်တာကြောင့် မြန်မာဖက်က ထောင်နဲ့ချီတဲ့ အထည်ချုပ်အလုပ်သမားတွေ ထိုင်းနိုင်ငံဘက်ကို မသွားနိုင်ဘဲ ပိတ်မိနေတယ်လို့ သိရပါတယ်။

    ထိုင်းနယ်စပ် အာဏာပိုင်တွေနဲ့ မြန်မာဖက်က ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့အကြား အင်္ဂါနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ မကျေမလည်ဖြစ်ရာကနေ ဒီလိုဖြစ်လာတာလို့ ဒေသတွင်းရင်းမြစ်တွေက ပြောပါတယ်။

    ကရင်နယ်ခြားစောင့်တပ်ဖွဲ့က တစ်ချို့ကုန်စည်တွေကို ထိုင်းနိုင်ငံဖက် တင်ပို့ခွင့်ပေးမှုနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက ကန့်ကွက်ခဲ့ကြတာပါ။ ဘုရားသုံးဆူ နယ်စပ်ဂိတ်ပေါက်ကို ၂၀၀၇ ခုနှစ်ကတည်းက ပိတ်ထားတာဖြစ်ပေမယ့် တစ်ရက်တာ အလုပ်သွားလုပ်ခွင့်ကိုတော့ နှစ်ဖက်စလုံးက ခွင့်ပြုထားပါတယ်။ ဒေသခံတွေအနေနဲ့ ကိုယ့်ကားနဲ့ကိုယ် စားသောက်ကုန် ပို့ဆောင်တာကိုလည်း လုပ်ဆောင်လို့ ရပါတယ်။

    BGF ဟာ မကြာသေးခင်က နောက်ထပ် နယ်ခြားဂိတ် ၂ ခုကို ဖွင့်လှစ်လိုက်ပြီး၊ ဒီကနေ မူးယစ်ဆေးဝါးတွေ မှောင်ခိုဝင်ရောက်လာမှာကို စိုးရိမ်တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေက ပြောကြားဖူးပါတယ်။ ထိုင်းဖက်က သူတို့ပိုင်တယ်လို့ပြောနေတဲ့ နေရာတစ်ခုမှာ BGF က ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဆောက်လုပ်နေပြီး ဒီအတွက် မကျေမလည်ဖြစ်နေတာလည်း ရှိပါတယ်။

    အင်္ဂါနေ့ကအစည်းအဝေးမှာ တင်းမာမှုတွေရှိခဲ့ပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေက ‌နယ်စပ်ကို ခေတ္တပိတ်ခဲ့ပေမယ့် ညနေပိုင်းမှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ မြန်မာဖက်ကတော့ ဗုဒ္ဓဟူးနေ့အထိ နယ်စပ်ကိုပိတ်တာ မရှိဘူးလို့ ဒေသခံတွေ ပြောပါတယ်။

    မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျပြောလို့မရပေမယ့် ဒါဟာ ထိုင်းနဲ့ မြန်မာစစ်တပ်တို့အကြားဖြစ်တဲ့ ပြဿနာမျိုးမဟုတ်ဘူးလို့ ဧရာ၀တီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ထိုင်းဘက်က စက်ရုံတွေမှာ မနက်အလုပ်သွားလုပ်ပြီး ညနေ‌ဖက်ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သား အနည်းဆုံး ၅ ထောင်လောက် ဘုရားသုံးဆူမှာ နေထိုင်နေတာပါ။ ထိုင်းဖက်ကို နေ့စဉ် ကျောင်းသွားတက်တဲ့ ကလေးငယ်အရေအတွက်ကလည်း ၁၀၀ ကျော်လောက် ရှိနေပါတယ်။

    သောကြာနေ့မှာ ကျောင်းသားတွေအတွက် နယ်စပ်ဂိတ်ကို မြန်မာအာဏာပိုင်တွေက ဖွင့်ပေးခဲ့ပေမယ့် အခြားသူတွေကိုတော့ မဖွင့်ပေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

    Ref: Irrawaddy

  • ဧရာ၀တီမြစ်ကို တရုတ်က ထိန်းချုပ်စီမံခွင့် ရတော့မှာလား

    ဧရာ၀တီမြစ်ကို တရုတ်က ထိန်းချုပ်စီမံခွင့် ရတော့မှာလား

    ဖေဖော်ဝါရီ ၂၅၊ ၂၀၂၀
    M-Media

    -လုံခြုံရေးစိုးရိမ်ရမှုတွေကြောင့် အမြန်ရထားလမ်းစီမံကိန်း ရပ်ဆိုင်းထားရချိန် ဧရာ၀တီမြစ်ကို အစားထိုး ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် တရုတ်က ရှုမြင်နေပါတယ်။

    ‘ခါးပတ်တစ်ကွင်း လမ်းတစ်စင်းစီမံကိန်း’ (BRI) မှာ ပါဝင်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကနေ ‌မတည်ငြိမ်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းကို ဖြတ်ကာ အိန္ဒိယသမုဒ္ဒရာအထိပေါက်မယ့် တရုတ်ရဲ့ အမြန်ရထားလမ်း အစီအစဉ်ဟာ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေ၊ လုံခြုံရေးစိုးရိမ်ရမှုတွေနဲ့ အာဏာပိုင်တွေရဲ့ တွန့်ဆုတ်နေမှုကြောင့် ရပ်ဆိုင်းထားရတဲ့အခြေအနေမှာ ရှိနေပါတယ်။

    ဒါပေမယ့် ဘေဂျင်းမှာ အစားထိုးစီမံကိန်းတစ်ခု ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ဧရာ၀တီမြစ်ကနေတစ်ဆင့် ပိုမိုအန္တရာယ်ကင်းတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ကီလိုမီတာ ၂၂၀၀ လောက်ရှည်တဲ့ ဧရာ၀တီမြစ်ဟာ ခေတ်မီလမ်းတွေ၊ ရထားလိုင်းတွေ သိပ်မရှိတဲ့ မြန်မာနိုင်ငံတစ်လျှောက် မြောက်ဘက်ကနေ တောင်ဘက်ကို ဖြတ်သန်းစီးဆင်းနေပါတယ်။

    BRI ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ်နဲ့ မြန်မာနိုင်ငံတို့ကို ရထား၊ ကားလမ်း၊ ဆိပ်ကမ်းတွေနဲ့ ဆက်သွယ်မယ့် ‘တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်’ (CMEC) ဟာ လမ်းကြောင်းကြပ်နေတဲ့ မလာကာရေလက်ကြား၊ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်တို့ကိုရှောင်ပြီး လောင်စာနဲ့ အခြားပစ္စည်းတွေ သယ်ဆောင်နိုင်မယ့် အစားထိုးလမ်းကြောင်းအဖြစ် တရုတ်က ရည်မှန်းထားတာပါ။ မလာကာရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်တို့ဟာ အမေရိကန်နဲ့ အကျိုးစီးပွား ပွတ်တိုက်နိုင်ချေရှိတဲ့ လမ်းကြောင်းတွေလည်း ဖြစ်ပါတယ်။

    ဒါ့ကြောင့်ပဲ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ BRI စီမံကိန်း လည်ပတ်ဖို့ မြန်မာနိုင်ငံဟာ အရေးပါတဲ့ ခွေးသွားစိပ်တစ်ခုလို ဖြစ်နေပါတယ်။ ကန်ဒေါ်လာ ၁ ထရီလီယံလောက်သုံးပြီး ကမ္ဘာတစ်ဝှမ်း အခြေခံအဆောက်အဦးတွေ တည်ဆောက်မယ့် BRI စီမံကိန်းဟာ ခေတ်သစ် ကုန်သွယ်ရေးလမ်းကြောင်းနဲ့ လုံခြုံရေးကဏ္ဍမှာ တရုတ်နိုင်ငံကို အဓိကနေရာကနေ ပါဝင်လာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာ၀တီမြစ်ဟာ အခုအချိန်မှာတော့ တရုတ်မဟာစီမံကိန်းကြီးရဲ့ ဗဟိုချက်ဖြစ်လာပြီး ဒါဟာ အန္တရာယ်ရှိတဲ့ အစီအစဉ်တစ်ခုဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

    ကချင်ပြည်နယ် ဗန်းမော်မြို့ကနေစပြီး၊ မြစ်ခွဲတွေကနေတစ်ဆင့် အိန္ဒိယသမုဒ္ဒရာအထိပေါက်တဲ့ ဧရာ၀တီမြစ်ရဲ့ အောက်ဖက် မြစ်ကြောင်းတစ်ဝက်ကျော်ကျော် ကီလိုမီတာ ၁၃၀၀ လောက်မှာ ကုန်သွယ်ရေးသင်္ဘောတွေ အရင်ကတည်းက ပုံမှန် ခုတ်မောင်းသွားလာနေကြတာ ဖြစ်ပါတယ်။

    ဗန်းမော်မြို့ မြောက်ဖက်ယွန်းယွန်းကို တက်ရင် မြစ်ညာက စီးပွားရေးအချက်အခြာ မြစ်ကြီးနားမြို့ကို ရောက်မယ့် ကီလိုမီတာ ၂၀၀ အရှည် ရေလမ်းကြောင်းဟာ တစ်နှစ်ပတ်လုံး သွားလာဖို့ မဖြစ်နိုင်သလို တရုတ်ဖက်ကနေလည်း သွားဖို့ မဖြစ်နိုင်ပါဘူး။

    ဗန်းမော်မြို့မှာ လက်ရှိ အသုံးပြုနေတဲ့ သာမန်ဆိပ်ကမ်းထက် ပိုပြီးကြီးမားတဲ့ ဆိပ်ကမ်းတစ်ခု ဆောက်လုပ်နိုင်မယ့်နေရာကို တရုတ်ကန်ထရိုက်တာတွေက စတင်ရှာဖွေနေတယ်လို့ မကြာသေးခင်က သတင်းထွက်လာပါတယ်။

    နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရူအီလီမြို့ကနေ မြန်မာဘက်ခြမ်း ကချင်ပြည်နယ် လွယ်ဂျယ်မြို့အထိ ဆက်သွယ်ထားတဲ့ အမြန်လမ်းသစ်တွေကို လွန်ခဲ့တဲ့နှစ်တွေကပဲ တည်ဆောက်ခဲ့ပါတယ်။ များပြားလာတဲ့ ကုန်စည်စီးဆင်းမှုကို စီမံနိုင်ရေး လွယ်ဂျယ်မှာ လိုအပ်တဲ့ အဆောက်အဦးတွေကိုလည်း ဆောက်လုပ်ထားပြီး ဖြစ်ပါတယ်။

    လွယ်ဂျယ်နဲ့ ဗန်းမော်ကို ဆက်သွယ်ထားပြီး ၇၅ ကီလိုမီတာနီးပါးရှည်တဲ့ ကျောက်ခင်းလမ်းကြမ်းကို ခေတ်မီ အဝေးပြေးလမ်းတစ်ခုနဲ့ အစားထိုးဖို့ဟာ CMEC စီမံကိန်းရဲ့ လက်ရှိ ထိပ်တန်းဦးစားပေးအစီအစဉ်တွေထဲမှာ ပါဝင်နေပြီး ဒါဟာ ဧရာ၀တီစီမံကိန်းအတွက် ကားလမ်းဖောက်လုပ်‌ရေး လိုအပ်ချက်နဲ့လည်း ကိုက်ညီနေပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မျက်နှာချင်းဆိုင်က ရူအီလီမြို့ဟာ CMEC က ရပ်ဆိုင်းထားရတဲ့ အမြန်ရထားလမ်း စီမံကိန်း စတင်ရာမြို့ ဖြစ်ပါတယ်။ ဒီရထားလမ်းဟာ ရှန်ဟိုင်းကနေ ရူအီလီ၊ အဲဒီကနေ မူဆယ်အထိ ရောက်ပြီး၊ မူဆယ်ကနေ လွယ်ဂျယ်နဲ့ ဗန်းမော်အထိ အဝေးပြေးလမ်းနဲ့ ဆက်သွယ်ဖို့ ရည်ရွယ်ထားတာပါ။

    မူဆယ်ကစမယ့် အမြန်ရထားလမ်းဟာ ဆောက်ဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံ တောင်ဖက်ကမ်း‌ရိုးတန်းမှာ ဆောက်လုပ်နေတဲ့ ဆိပ်ကမ်းမှာ အဆုံးသတ်မှာပါ။ အခု ဧရာ၀တီအစီအစဉ်ကလည်း ဒီလမ်းကြောင်းအတိုင်းဖြစ်ပြီး ပိုကောင်းတဲ့ ရေကြောင်းပို့ဆောင်‌ရေး လမ်းကြောင်းတစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

    တရုတ် BRI စီမံကိန်းရဲ့ မူကြမ်းမှာ ရထားလမ်းနဲ့ ရေလမ်းကြောင်းတို့ဟာ မရှိမဖြစ် ပါဝင်နေတဲ့ အရာတွေပါ။ အသေးစိတ်ကိုတော့ ယူနန်ပြည်နယ် လမ်းတွေမှာ မကြာသေးခင်ကထောင်ထားတဲ့ ကြော်ငြာဆိုင်းဘုတ်တွေမှာ ဖော်ပြထားပါတယ်။

    မြစ်ကြီးနားမြို့မြောက်ပိုင်း မြစ်ဆုံမှာ ရေအားလျှပ်စစ်ထုတ်လုပ်မယ့် ဧရာမ ဆည်တစ်ခု တည်ဆောက်ရေးကိစ္စကို တရုတ်နိုင်ငံက တစ်ကျော့ပြန် ပြောဆိုလာတယ်လို့ မြန်မာသတင်းရင်းမြစ်တွေကဆိုပြီး ဒါဟာ ဧရာ၀တီမြစ်ကို ပိုမိုအသုံးချရေး စီမံကိန်းထဲက ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကို ယခင်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှာ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ရမှုတွေကြောင့် ရပ်ဆိုင်းခဲ့ပါတယ်။

    ဧရာ၀တီရယ်လို့ဖြစ်လာတဲ့ မေခနဲ့ မလိခဖြစ်တို့ ပေါင်းစုံရာနေရာမှာ မြစ်ဆုံက တည်ရှိတာပါ။

    ကန်ဒေါ်လာ ၃.၆ ဘီလီယံအကုန်အကျခံပြီး တည်ဆောက်မယ့် အဲဒီ ဓာတ်အားစီမံကိန်းကနေ လျှပ်စစ်ဓာတ်အား မဖြစ်မနေရဖို့ တရုတ်အတွက် မလိုပေမယ့် မြစ်အောက်ပိုင်း ရေစီးဆင်းမှုကိုတော့ တရုတ်က လိုအပ်သလို ထိန်းချုပ်ခွင့်ရသွားမှာ ဖြစ်ပါတယ်။ မဲခေါင်မြစ် မြစ်ညာမှာ ဆည်တွေ အများအပြားဆောက်ပြီး တရုတ်က ဒီလိုပုံစံမျိုး လုပ်ဆောင်ထားပါတယ်။

    ဧရာ၀တီကို ကုန်သွယ်ရေး လမ်းကြောင်းသစ်အဖြစ် အသုံးပြုဖို့ တရုတ်ရဲ့ ရည်ရွယ်ချက်ဟာ အခုမှ ပေါ်လာတာ မဟုတ်ပါဘူး။ တရုတ်အစိုးရရဲ့ Beijing Review အပတ်စဉ်စာစောင်မှာ ၁၉၈၅ ခုနှစ် စက်တင်ဘာလလောက်ကတည်းက စတင် ရေးသား သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံ‌ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒီအစီအစဉ်ဟာ ဆယ်စုနှစ်တစ်ခုလောက် မူကြမ်းအဆင့်မှာသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် မြေယာပြုပြင်နိုင်‌ရေး၊ ဧရာ၀တီမြစ်ကနေတစ်ဆင့် ယူနန်ကနေ ကုန်သွယ်ရေးလမ်းကြောင်းဖောက်ရေးအတွက် ၁၉၉၇ ခုနှစ်မှာ မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ပထမဆုံး ပူးတွဲ လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ပါတယ်။

    အဲဒီတုန်းက တရုတ်သမ္မတ ကျန်ဇီမင်း ၂၀၀၁ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အချိန် ဒီကိစ္စဟာ ပိုပြီး တိုးတက်မှု ရှိလာပါတယ်။ ကျန်ဇီမင်းဟာ ၁၉၈၀ ပြည့်နှစ်တွေနောက်ပိုင်း မြန်မာနိုင်ငံကိုလာရောက်တဲ့ ပထမဆုံး တရုတ်အစိုးရ အဆင့်မြင့်ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ကျန်ဇီမင်း လာရောက်လည်ပတ်မှုအတွင်း နယ်စပ်ဒေသကုန်သွယ်ရေး ပိုမိုကောင်းမွန်စေဖို့အတွက် နှစ်နိုင်ငံ သဘောတူညီချက် တော်တော်များများကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

    အဲဒီနောက် သိပ်မကြာခင် ၂၀၀၂ ခုနှစ်မတ်လမှာ “အဝေးပြေးလမ်း-ရေလမ်း ပူးတွဲဖော်ဆောင်ရေး သဘောတူညီချက်မူကြမ်း” (China presented Myanmar with a proposal titled “Draft Agreement on Highway-Waterway Combined Transport) ကို တရုတ်က မြန်မာနိုင်ငံဖက်ကို တင်ပြခဲ့ပါတယ်။ လအနည်းငယ်အကြာမှာတော့ ဧရာ၀တီမြစ်ရှင်းလင်းရေးအတွက် တရုတ်က သောင်တူးစက်နှစ်စီးကို မြန်မာနိုင်ငံထံ ပို့ဆောင်ခဲ့ပါတယ်။ တရုတ်ကုန်စည်တွေပါတဲ့ ကုန်သင်သင်္ဘောကြီးတွေ ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် သွားလာနိုင်ရေးအတွက် ဖြစ်ပါတယ်။

    ၂၀၀၂ ခုနှစ် နှောင်းပိုင်းမှာတော့ လွယ်ဂျယ်မြို့ဟာ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေးအတွက် တရားဝင်ကုန်သွယ်မြို့ဖြစ်လာပါတယ်။ ရူအီလီနဲ့ မျက်နှာချင်းဆိုင် မူဆယ်အပါအဝင် တစ်ခြားနယ်စပ်ကုန်သွယ်မြို့တွေလို ဖြစ်လာတာပါ။ အဲဒီတုန်းက မြေသားလမ်းဖြစ်တဲ့ လွယ်ဂျယ်-ဗန်းမော်လမ်းဟာ တရုတ်ရဲ့ ကူညီမှုနဲ့ လက်ရှိအသုံးပြုနေတဲ့ ကျောက်ခင်းလမ်း ဖြစ်လာပါတယ်။

    ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်ဟာ ပိုကောင်းတဲ့ ဧရာ၀တီစီမံကိန်းတွေနဲ့ ရှေ့ဆက်ဖို့ လုပ်ဆောင်နေပါတယ်။

    ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်မှုအတွင်း နှစ်နိုင်ငံ သဘောတူညီချက်နဲ့ နားလည်မှုစာချွန်လွှာပေါင်း ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအထဲက တော်တော်များများဟာ ဆိပ်ကမ်းတွေ‌ဆောက်၊ လမ်းတွေဖောက်ဖို့အဝါအဝင် ဧရာ၀တီမြစ်တစ်လျှောက် စီမံကိန်းတွေ ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။

    တရုတ်ရဲ့ ရည်ရွယ်ချက်က အသစ်အဆန်းတော့ မဟုတ်ပါဘူး။ တကယ်တော့ ရေကြောင်းပို့ဆောင်ရေးဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းမှာ ရှေးပဝေသဏီကတည်းက အလွန်အရေးပါခဲ့တာ ဖြစ်ပါတယ်။

    ဗြိတိသျှ ကိုလိုနီခေတ်မှာ နာမည်ကြီး Irrawaddy Flotilla ကုမ္ပဏီဟာ လက်ခတ်လှေအများစုပါဝင်တဲ့ လှေပေါင်း ၆၀၀ လောက်ကို ဦးစီးလုပ်ကိုင်ခဲ့ကာ အဲဒီလှေတွေဟာ ဧရာ၀တီနဲ့ မြစ်ခွဲတွေမှာ စုန်ချီဆန်ချီ ကူးသန်းသွားလာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်က ဂျပန်တွေ မြန်မာနိုင်ငံကို ကျူးကျော်တဲ့အခါမှာ ဧရာ၀တီမြစ်အတွင်း အသုံးပြုလို့မရအောင် လှေတွေကို ဒေါက်တင်တာ၊ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက် Irrawaddy Flotilla ကုမ္ပဏီကို ပြည်သူပိုင်သိမ်းလိုက်ပြီး ‘အစိုးရ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဘုတ်အဖွဲ့’ အဖြစ် ခေါ်ဆိုခဲ့ပါတယ်။ သင်္ဘောအရေအတွက်ကတော့ အရင်ကထက် အများကြီး နည်းသွားပါတယ်။ တစ်ချိန်ကစည်ကားခဲ့တဲ့ ဧရာ၀တီ ကုန်သွယ်ရေးလမ်းကြောင်းဟာ အခုတစ်ခါမှာတော့ တရုတ်နဲ့ CMEC, BRI စီမံကိန်းတွေနဲ့ တစ်ကျော့ပြန် အသက်ဝင်လာဖို့ ရှိနေပါတယ်။

    ယူနန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့က တရုတ် သုတေသန ပညာရှင်တွေဟာ လတ်တလောကာလမှာ မြန်မာနိုင်ငံကို မကြာခဏ လာရောက်နေကြတယ်လို့ ဧရာ၀တီ သတင်းဌာနက ဒီဇင်ဘာလမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ‘မြန်မာနိုင်ငံရဲ့ အသက်သွေးကြောကို တရုတ်နဲ့ ဆက်နေတဲ့ ကုန်သွယ်ရေး၊ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းအဖြစ် အသွင်ပြောင်းဖို့ဆိုတဲ့ မဟာရည်ရွယ်ချက်နဲ့’ ဧရာ၀တီမြစ်ကို သွားရောက်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

    ဒေသတွင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကို လေ့လာနေတဲ့ ကူမင်းအခြေစိုက် အင်စတီကျုတစ်ခုရဲ့ ဥက္ကဌ လျူကျင်ရှင်းက ဧရာ၀တီမြစ်တစ်လျှောက် ဆိပ်ကမ်းသစ်တွေတည်ဆောက်တာ၊ အဟောင်းတွေ ပြုပြင်တာနဲ့ပတ်သက်ပြီး အကျိုးရှိနိုင်တာတွေကို ဇန်နဝါရီလ ရန်ကုန်မြို့မှာလုပ်တဲ့ ဖိုရမ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်က အခြေခံအဆောက်အဦးတွေဟာ ‌အားနည်းနေကြောင်း၊ ဆိပ်ကမ်းတွေကို အကူအညီမယူဘဲ တည်ဆောက်ဖို့ဟာ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေကြောင်း လျူက ပြောကြားခဲ့ပြီး အကူအညီဆိုတာ တရုတ်ရဲ့ ဘဏ္ဍာရေးနဲ့ ဆောက်လုပ်ရေးအကူအညီကို ရည်ညွှန်းတာဖြစ်ကြောင်း Myanmar Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    တရုတ်ရဲ့ ငွေကြေးတွေ နည်းပညာတွေနဲ့တောင်မှ လက်တွေ့အနေအထား၊ နိုင်ငံရေးအနေအထားအရ မလွယ်ပါဘူး။

    ‘နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ’ ဥက္ကဌ ဦးလှဦးက “နုန်းတွေကို ငွေကြေးအကုန်အကျနည်းနည်းနဲ့ စနစ်တကျ ရှင်းလင်းရာမှာ အခက်အခဲရှိပြီး၊ ရေရှည်ထိန်းသိမ်းရေးလုပ်ငန်းမှာလည်း ငွေကြေးအမြောက်အများ ကုန်ကျနိုင်ကြောင်း” သတိပေးခဲ့ပါတယ်

    လွယ်ဂျယ်-ဗန်းမော်ကားလမ်းကို အဆင့်မြှင့်တင်ရေးအတွက် ကချင်ပြည်နယ်အစိုးရက တရုတ်ကုမ္ပဏီတစ်ခုကို လုပ်ပိုင်ခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဒေသတွင်း တရုတ်ကျောထောက်နောက်ခံပြုတဲ့ အဓိကဆိပ်ကမ်း စီမံကိန်းတွေကို ခွင့်ပြုဖို့၊ ထောက်ခံဖို့ကို ဒေသခံတွေက တွန့်ဆုတ်နေကြပါတယ်။

    ဗန်းမော်မြို့က လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဦးဇော်သင်းက “ဧရာ၀တီစီမံကိန်းကို ဘယ်သူကပဲ လုပ်ရမယ်ဆိုတာမျိုး ကျွန်တော်တို့ သဘောတူထားတာ မရှိဘူး။ ဒီစီမံကိန်းမှာ ဘယ်သူပဲ ရင်းနှီးမြှုပ်နှံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

    သူ့ရဲ့ ဒီစကားဟာ တရုတ်ကုမ္ပဏီတွေ လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံ ဒေသတော်တော်များများမှာ ကြားရတဲ့ စိုးရိမ်မှုမျိုး ဖြစ်ပါတယ်။ တရုတ်အလုပ်သမားတွေ အုံလိုက်ကျင်းလိုက်ဝင်လာတာ၊ သဘာ၀ပတ်ဝန်းကျင် ပျက်ဆီးတာ၊ ဒေသရဲ့ ဓလေ့ထုံးတမ်းတွေကို မလေးမစားလုပ်တာတွေအပေါ် ဒေသခံတွေက မကျေမနပ် ဖြစ်နေကြတာပါ။

    Ref: Asia Times

    (Asia Times သတင်းဌာနတွင် BERTIL LINTNER ရေးသားထားသည့် China’s Belt and Road detours downstream in Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • ငွေကြေးခဝါချမှု စောင့်ကြည့်စာရင်းတွင် မြန်မာနိုင်ငံ ထည့်သွင်းခံရ

    ငွေကြေးခဝါချမှု စောင့်ကြည့်စာရင်းတွင် မြန်မာနိုင်ငံ ထည့်သွင်းခံရ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၀
    M-Media

    -နိုင်ငံတကာ ငွေ‌ကြေး‌ဆိုင်ရာ စောင့်ကြည့်အဖွဲ့ Financial Action Task Force (FATF) က မြန်မာနိုင်ငံကို ငွေကြေးခဝါချမှု စောင့်ကြည့်စာရင်းထဲ ထည့်သွင်းလိုက်ပြီး၊ ငွေကြေးခဝါချမှုကို တိုက်ဖျက်ရေးမှာ ပိုမို အားထုတ်ကြိုးပမ်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    သောကြာနေ့က ထုတ်ပြန်တဲ့စာရင်းမှာ မြန်မာနိုင်ငံမှာ grey list ထဲ ပါဝင်ခဲ့တာပါ။ ဒါဟာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းကို ပိုမိုအားထုတ်ဆောင်ရွက်ဖို့ သတိပေးလိုက်တာလည်းဖြစ်ပါတယ်။

    အခုတစ်ပတ် FATF ရဲ့ အစည်းအဝေးကို မြန်မာအစိုးရကိုယ်စားပြုပြီး တက်ရောက်ခဲ့တဲ့ ဦးကျော်ဝင်းသိန်းက မြန်မာနိုင်ငံအ‌နေနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းကို မဟာဗျူဟာလုပ်ငန်းစဉ် ချမှတ်ကာ အသေးစိတ် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေတွေ ပြဌာန်းတာ၊ ငွေကြေးလွှဲပြောင်းမှုအတွက် စည်းမျဉ်းအသစ်တွေ ချမှတ်တာ အပါအဝင် မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းမှာ တိုးတက်မှုတွေ ရရှိနေတယ်လို့ ပဲရစ်မှာ အခြေစိုက်တဲ့ FATF အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒါပေမယ့် ငွေကြေးခဝါချမှုကြောင့် အဓိက နယ်ပယ်တွေမှာ အန္တရာယ်ရှိနေတာမျိုးကို မြန်မာနိုင်ငံက နားလည်မှုအားနည်းတယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။

    ရာဇဝတ်မှုတွေကနေ ငွေကြေးအကျိုးအမြတ် အကြီးအကျယ်ရှာဖွေမှုနဲ့ ငွေကြေးအမြောက်အများ ခဝါချမှု အန္တရာယ်ကို မြန်မာနိုင်ငံက ရင်ဆိုင်နေရတယ်လို့ ၂၀၁၈ ခုနှစ်ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ FATF က ဖော်ပြခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ မြောက်ဖက်နဲ့ အရှေ့မြောက်ဖက်ဒေသတွေမှာ နိုင်ငံဖြတ်ကျော် မူးယစ်ဂိုဏ်းတွေဟာ အချိန်အတော်ကြာကတည်းက လှုပ်ရှားကာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုကို လုပ်ဆောင်နေကြတာပါ။ ‌လက်နက်မှောင်ခိုရောင်းချမှု၊ တရားမဝင် ကျောက်စိမ်းတူးဖော်မှု၊ သစ်ခုတ်မှုတွေဟာ မှောင်ခိုဂိုဏ်းတွေအတွက် ငွေရပေါက်ရလမ်း ဖြစ်နေတယ်လို့လည်း FATF က ဆိုပါတယ်။

    နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ ငွေကြေးခဝါချမှုကို တိုက်ဖျက်ရေးလုပ်ငန်းမှာ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းမှာ ငွေကြေးဆိုင်ရာ ထောက်လှမ်းဖော်ထုတ်မှု လုပ်ဆောင်ဖို့၊ ရာဇဝတ်မှုတွေကနေ ရရှိတဲ့ငွေကြေးတွေကို ပိုမိုတိတိကျကျ သိမ်းဆည်းဖို့ သောကြာနေ့ အစီရင်ခံစာမှာ FATF က တိုက်တွန်းခဲ့ပါတယ်။

    FATF ရဲ့ grey list မှာ နိုင်ငံပေါင်း ၁၃ နိုင်ငံရှိပြီး အရှေ့တောင်အာရှက မြန်မာနဲ့ ကမ္ဘောဒီးယားတို့သာ ပါဝင်တာဖြစ်ပါတယ်။

    Ref; Bangkok Post