News @ M-Media

Tag: Myanmar Economy

  • IMF နှင့် World Bank တို့၏ မြန်မာ့စီးပွားရေးတိုးတက်မှုခန့်မှန်းချက် အနည်းငယ် ကျဆင်း

    IMF နှင့် World Bank တို့၏ မြန်မာ့စီးပွားရေးတိုးတက်မှုခန့်မှန်းချက် အနည်းငယ် ကျဆင်း

    ဒီဇင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    – ၂၀၁၈-၂၀၁၉ ခုနှစ် မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ် World Bank တို့ရဲ့ ခန့်မှန်းချက်ဟာ ကျဆင်းသွားခဲ့ပြီး အစိုးရအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုစွဲဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

    IMF က မြန်မာနိုင်ငံရဲ့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် GDP တိုးတက်မှုနှုန်းဟာ ၆.၄ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းခဲ့ပြီး ၂၀၁၇-၁၈ GDP ခန့်မှန်းချက် ၆.၈ ရာခိုင်နှုန်းထက် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ World Bank ကလည်း ၂၀၁၈-၁၉ မှာ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ ၆.၂ ရာခိုင်နှုန်းသာ တိုးတက်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

    ဒီခန့်မှန်းချက်တွေဟာ အခုနှစ်အစောပိုင်းက ခန့်မှန်းချက်တွေထက် ပိုမို ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

    ဒီလို ခန့်မှန်းချက် လျော့ကျသွားရတဲ့ အကြောင်းအရင်းတွေထဲမှာ ကမ္ဘာ့စီးပွားရေး အခြေအနေမဟန်တာ၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျသွားတာ၊
    ဈေးနှုန်းတွေ ကြီးမြင့်လာတာ၊ ၀ယ်ယူသုံးစွမှုအား ကျဆင်းတာတွေလည်း ပါဝင်ပါတယ်။

    IMF နဲ့ World Bank တို့က မြန်မာအစိုးအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ဆက်လက်လုပ်ဆောင်ဖို့၊ အခြေခံအဆောက်အဦးတွေ၊ ကျန်းမာရေးနဲ့ ပညာရေးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ဘက်ဂျက်ကို ထိထိရောက်ရောက်အသုံးချပြီး၊ အကျိုးအမြတ် များများရအောင်ရှာမယ်။ အခြေခံအဆောက်အဦးပိုင်းနဲ့ လူသားအရင်းအမြစ်ပိုင်းကို မြှင့်တင်ပြီး ရင်းနှီးမြှပ်နှံမှု ပိုများများနဲ့ ပြုပြင်ပြောင်းလဲမှု ဒုတိယလှိုင်းကို အကောင်အထည်ဖော်နိုင်မှ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ ဆက်လက် ကောင်းမွန်မှာဖြစ်ပါတယ်” လို့ နိုဝင်ဘာ ၂၈ ရက်နေ့က ဒီဇင်ဘာ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက် လေ့လာခဲ့တဲ့ IMF အဖွဲ့ခေါင်းဆောင် မစ္စတာ ရှာနာကာ ဂျေ ပီရစ်က ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရှည်ကြာနေတဲ့ ပြဿနာနဲ့ ကုန်သွယ်မှု အခွင့်ရေးတွေ နည်းသွားတာက ငွေကြေးထောက်ပံ့မယ့်သူတွေ၊ ရင်းနှီးမြှုပ်နှံမှုသူတွေကို လျှော့ကျစေတာကြောင့် စီးပွားရေးတိုးတက်မှု နှောင့်နှေးတာ၊ အလုပ်လက်မဲ့ဖြစ်တာတွေကို ဦးတည်သွားစေတယ်လို့လည် သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    World Bank က ကြာသာပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ Myanmar Economic Monitor အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး မတည်ငြိမ်မှု၊ ကျပ်ငွေ ငွေကြေးဖောင်းပွမှုဟာ သြဂုတ်လမှာ ၂ နှစ်အတွင်း အမြင့်ဆုံး ရောက်သွားမှုတွေကို ထောက်ပြထားပြီး၊ အစိုးရရဲ့ ဘက်ဂျက်နည်းပါးမှုကလည်း နိုင်ငံစီးပွားရေး နှောင့်နှေးရတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲ ရှိနေတဲ့အချိန် အစိုးရရဲ့ ငွေကြေးသုံးစွဲမှု မြင့်တက်ဖို့ ရှိနေတာက ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လို အစိုးရက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ၊ တရုတ်ရဲ့ Belt and Road စီမံကိန်းအောက်က စီမံကိန်းတွေကြောင့်လည်း ၂၀၁၉ ခုနှစ် အလယ်ပိုင်းမှာ GDP တိုးတက်လာလိမ့်မယ်လို့ World Bank က ဆိုပါတယ်။

    Ref: Frontier Myanmar

  • မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအပေါ် ဥရောပလုပ်ငန်းရှင်များက ယုံကြည်မှု ပိုမိုကျဆင်း

    မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအပေါ် ဥရောပလုပ်ငန်းရှင်များက ယုံကြည်မှု ပိုမိုကျဆင်း

    ဒီဇင်ဘာ ၁၄၊ ၂၀၁၈
    M-Media

    – ဥရောပကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ စီးပွားလုပ်ငန်း လုပ်ဆောင်ဖို့အတွက် ယုံကြည်မှု ပိုမိုကျဆင်းလာတယ်လို့ Myanmar Times သတင်းစာက မနေ့မှာ ဖော်ပြပါတယ်။

    မြန်မာနိုင်ငံက ဥရောပ ကုန်သည်ကြီးများအသင်းရဲ့ နောက်ဆုံးပြုလုပ်တဲ့ စစ်တမ်းကောက်ယူမှုမှာ ဥရောပကုမ္ပဏီတွေ မြန်မာနိုင်ငံရဲ့ စီးပွားရေးအနေအထားကို ယုံကြည်မှု ကျဆင်းတဲ့ ရာခိုင်နှုန်းဟာ ၈၁ ရာခိုင်နှုန်း ရှိလာခဲ့ပြီး ၂၀၁၇ ခုနှစ်က ၇၆ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ် ၆၇ ရာခိုင်နှုန်းတွေထက် မြင့်တက်လာခဲ့ပါတယ်။

    NLD ဦးဆောင်တဲ့ အစိုးရဟာ ၂၀၁၆ ခုနှစ်မှာ အာဏာရယူခဲ့တာဖြစ်ပါတယ်။ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဥပရောကုမ္ပဏီတွေရဲ့ ၃၇ ရာခိုင်နှုန်းသာ အကျိုးအမြတ်ရခဲ့တယ်လို့ စစ်တမ်းကောက်ယူမှုမှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီတွေရဲ့ အဓိက အတားအဆီးတွေက ပြည်တွင်းလုပ်ငန်းတွေကို
    ကာကွယ်ဖို့အတွက် နိုင်ငံရပ်ခြား လုပ်ငန်းတွေကနေ အခွန် အများအပြားကောက်တဲ့ ကာကွယ်ရေးဝါဒ၊ လူမျိုးကြီးစီးပွားရေးစနစ်တွေ ဖြစ်တယ်လို့ စစ်တမ်းက ဆိုပါတယ်။

    “ဥပမာအားဖြင့် အစိုးရဟာ အာမခံဈေးကွက် ဖွင့်ပေးမယ်လို့ မနှစ်က ကတိပြုခဲ့တာမျိုးကို မဖြည့်ဆီးနိုင်တာပါ” လို့ Myanmar Times က ဖော်ပြထားပါတယ်။

    ပြည်တွင်းထုတ်လုပ်သူတွေကို သာသာထိုးထိုး ကာကွယ်ပေးတဲ့ လူမျိုးကြီး စီးပွားရေးဝါဒကို ဆေးဝါးနဲ့ အဖျော်ယမကာ လုပ်ငန်းတွေမှာ တွေ့ရပါတယ်။ ကုမ္ပဏီဥပဒေသစ်ကို ပြဌာန်းတာ၊ ဘဏ်လုပ်ငန်းမှာ ထိန်းချုပ်မှုလျှော့ချပေးတာတွေကို အစိုးရက လုပ်ဆောင်ခဲ့ပေမယ့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာ၊ အရည်အသွေးပြည့်မီတဲ့ လုပ်သားအင်အားရှားပါးတာ၊ ဥပဒေရေးရာ မတည်ငြိမ်မှုတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ အဓိက စိုးရိမ်မှုတွေ ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းနဲ့ ရိုဟင်ဂျာ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတာတွေကလည်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကို လျှော့ကျစေပါတယ်။

    ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံက သွင်းကုန်တွေအပေါ် အခွန်ကင်းလွတ်ခွင့် ပေးထားတာကို ဖျက်သိမ်းဖို့ စဉ်းစားနေပြီး ဒီလိုသာ ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းကို ဆိုးဆိုးဝါးဝါး ထိခိုက်လာနိုင်ပြီး ဆိုးရွားနေတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးဟာ ပိုမို ဆိုးရွားလာနိုင်ပါတယ်။

    Ref: Asia Times

  • တိုင်းပြည်စီးပွားရေးအပေါ် ရခိုင်ပြဿနာ၏ ရိုက်ခတ်မှုကို လျှော့တွက်မိခဲ့သည်ဟု တာဝန်ရှိသူပြော

    တိုင်းပြည်စီးပွားရေးအပေါ် ရခိုင်ပြဿနာ၏ ရိုက်ခတ်မှုကို လျှော့တွက်မိခဲ့သည်ဟု တာဝန်ရှိသူပြော

    စက်တင်ဘာ ၆၊ ၂၀၁၈
    M-Media

    photo credit – Irrawaddy

    – ရခိုင်ပြည်နယ် ပြဿနာကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး ထိခိုက်နိုင်မှုကို မိမိအနေနဲ့ လျှော့တွက်မိခဲ့ပြီး၊ ရိုက်တာသတင်းဌာန ၂ ဦးကို ထောင်ချလိုက်တာကလည်း နိုင်ငံဂုဏ်သိက္ခာကို ထိခိုက်မှုရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA) က ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားလိုက်ပါတယ်။

    မနေ့က စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်က မေးခွန်းတစ်ခုကို ဖြေကြားရာမှာ ညွှန်ကြားရေးမှူးက ဒီလို ပြောကြားလိုက်တာဖြစ်ပြီး လူမျိုးရေးတင်းမာမှုတွေကို အစိုးရက ထိန်းချုပ်နိုင်ခဲ့ပေမယ့် ရခိုင်ကိစ္စက တစ်မူထူးတယ်လို့ ဆိုပါတယ်။

    “ကျွန်တော် လုံးဝ လျော့တွက်မိခဲ့ပါတယ်။ ဒါပေမယ့် ၂ နှစ်ကြာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံက FDI (တိုက်ရိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု) ကျဆင်းသွားတာကို မြင်ရတယ်။ ဆက်ပြီးလည်း ကျဆင်းနေပါတယ်” လို့ ၂၀၁၆ ခုနှစ်က စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုကိစ္စကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

    DICA ရဲ့ ထုတ်ပြန်မှုအရ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုဟာ ကျဆင်းသွားပြီး၊ ပြီးခဲ့တဲ့နှစ်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး ကျဆင်းတဲ့နှစ် ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာသတင်းထောက် ၂ ဦးဟာ တနင်္လာနေ့မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    ဦးအောင်နိုင်ဦးကတော့ ဒီကိစ္စကို နိုင်ငံတကာ သတင်းမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြတာကြောင့် အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ဖို့ဆိုရင် ဒီအချက်ကို ထည့်စဉ်းစားကြလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “နိုင်ငံတကာ အသိုင်းအ၀ိုင်းကတင်မက ပြည်တွင်းကတစ်ချို့လည်း ဒီလိုထောင်ချမှုကို မကြိုက်ကြပါဘူး။ ဒါ့ကြောင့် ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာအပေါ် ထိခိုက်မှုတစ်ချို့ ရှိလာပါလိမ့်မယ်”

    Ref: Irrawaddy

  • မြန်မာနိုင်ငံရဲ့ စွမ်းအင်ပြဿနာအတွက် ရေရှည်ဗျူဟာကို ဘယ်လိုချသင့်လဲ

    မြန်မာနိုင်ငံရဲ့ စွမ်းအင်ပြဿနာအတွက် ရေရှည်ဗျူဟာကို ဘယ်လိုချသင့်လဲ

    သြဂုတ် ၅၊ ၂၀၁၇
    M-Media

    Photo credit – Frontier

    – မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်အား တောင်းဆိုမှုပမာဏဟာ နှစ်စဉ် ၁၃ ရာခိုင်နှုန်းလောက် တက်လာဖို့ရှိနေပြီး ဒါဟာ အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးလိုအပ်ချက်ဟာ ၄၅၀၀ မီဂါဝပ် ရှိမှာဖြစ်ပြီး ၂၀၃၀ ရောက်ရင်တော့ ၁၃၄၁၀ မီဂါဝပ်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် လက်ရှိမှာ ဘာအစီအစဉ်မှ မရှိသေးပါဘူး။

    အရင်က စွမ်းအင်နဲ့ပတ်သက်ပြီး နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပေမယ့် အစိုးရအဖွဲ့နဲ့ ၀န်ကြီးဌာနတွေအကြား အပေါ်လစီအကြီးအကျယ် ပြောင်းလဲမှုတွေ၊ ရှင်းလင်းမှုမရှိတဲ့ ပေါ်လစီတွေကြောင့် ဒါတွေကလည်း ရပ်တန့်သွားပါတယ်။ ပေါ်လစီ တစ်သတ်မတ်တည်း မရှိတာ၊ စီမံကိန်းအတွက် အဆိုပြုထားတဲ့ ဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စီမံကိန်းတွေအတွက် နှစ်ရှည်ချေးငွေတွေရဲ့ ပျမ်းမျှအတိုးနှုန်းတွေကလည်း တက်လာပါတယ်။ လုပ်ဖို့ရှိနေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကလည်း လျှပ်စစ်ပေးနိုင်ဖို့အတွက် အနည်းဆုံး ၅ နှစ်လောက် ကြာနိုင်ပါတယ်။

    မြန်မာနိုင်ငံရဲ့ စွမ်းအင်ပြဿနာအတွက် ရေတိုဖြေရှင်းရေးကိုလည်း စီစဉ်ထားပါတယ်။ အဲဒီ နည်းလမ်းတွေထဲမှာ အိမ်နီးချင်းနိုင်ငံတွေက စွမ်းအင်တင်သွင်းတာ၊ ရေပေါ်မီးပေးသင်္ဘော ငှားရမ်းသုံးစွဲတာတွေ ပါဝင်ပေမယ့် ကုန်ကျစားရိတ်ကြီးမားတာ၊ လိုအပ်တာတွေကို မလုပ်ပေးနိုင်တာတွေကြောင့် အစိုးရက ဒီနည်းလမ်းတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် တရုတ်နဲ့ လာအိုတို့လို ဈေးသက်သာတဲ့ ရင်းမြစ်တွေကနေ စွမ်းအင်တင်သွင်းနိုင်ရေး နယ်စပ်ဖြတ်ကျာ် ဓာတ်အားလိုင်းတွေ တည်ဆောက်ဖို့ကလည်း မဖြစ်နိုင်ပါဘူး။

    သဘာဝဓာတ်ငွေ့သုံးပြီး ဓာတ်အားထုတ်လုပ်ဖို့ဟာ ရွေးချယ်မှုတစ်ခုအဖြစ် ရှိနေပေမယ့်၊ ရှိနေတဲ့ ဂက်စ်တာဘိုင်တွေကို အဆင့်မြှင့်တင်ဖို့၊ နိုင်ငံတော်ရဲ့ အဓိက၀င်ငွေ တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ အစိုးရရဲ့ ဓာတ်ငွေ့တင်ပို့မှုကို လျှော့ချဖို့ လိုအပ်နေပါတယ်။

    လတ်တလော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတဲ့ နေစွမ်းအင်သုံး ဓာတ်အားထုတ်လုပ်မှုဟာ မြန်မာနိုင်ငံရဲ့ စွမ်းအင်ပြဿနာဖြေရှင်းဖို့ နောက်ဆုံးမျှော်လင့်ချက် ဖြစ်နေပေမယ့် ဒါဟာလည်း တစ်နှစ်အတွင်းမှာ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

    ODA လို့ခေါ်တဲ့ တရားဝင်ဖွံ့ဖြိုးရေးအကူအညီပေးမှုမှာ မြန်မာနိုင်ငံကို အကြီးဆုံးပံ့ပိုးပေးနေတဲ့ ဂျပန် နိုင်ငံတကာ စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) ဟာ ‘သန့်ရှင်းကျောက်မီးသွေး’ လို့ နာဝင်ချိုချိုသုံးထားတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေးလို အကြံပြုချက်မျိုးတွေကို တင်ပြထားပါတယ်။ တိုက်ဆိုင်တာလို့ပဲဆိုဆို ဂျပန်ရဲ့ စွမ်အင်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံမှာ ကျောက်မီသွေး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့အတွက် ရင်းနှီးမြှုပ်နှံထားပြီးပါပြီ။ ဒါပေမယ့် ၂၀၁၆ အစိုဒရသစ်က ပေါ်လစီတွေကို ပြောင်းလဲမှုကြောင့် သူတို့ရဲ့ စီမံကိန်းတွေက လတ်တလောမှာ ရပ်ထားရပါတယ်။

    ကျောက်မီးသွေးကို အသုံးပြုပြီး ဓာတ်အားထုတ်မယ်လို့ မြန်မာအစိုးရ၀န်ကြီးတွေနဲ့ အာဏာရ NLD ပါတီက ခေါင်းဆောင်တွေရဲ့ ပြောကြားမှုကို အစိုးရမဟုတ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်ထားပါတယ်။

    အသေးစိတ်အချက်အလက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်ကြေငြာခြင်း မပြုသေးပေမယ့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေကို နေစွမ်းအင်၊ ကျောက်မီးသွေးစက်ရုံတွေနဲ့ အစားထိုးဖို့ အလေးပေးထားတဲ့ မြန်မာနိုင်ငံရဲ့ ‘၂၀၁၅ မဟာစွမ်းအင်စီမံကိန်း’ ကိုတော့ ပေါ်လစီချမှတ်တဲ့ အသိုင်းအ၀ိုင်းမှာ အချိန်ကာလတစ်ခုအထိ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီးပါပြီ။

    တိုင်းပြည်ရဲ့ စွမ်းအင်ချက်ချင်းလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် စီးပွားရေးအရ သင့်တော်တဲ့ ကျောက်မီးသွေးစက်ရုံကို အစိုးရက ပိုပြီးနှစ်သက်နေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးရေးအကူအညီတွေ၊ အတိုးနည်း နှစ်ရှည်ချေးငွေတွေ ရရှိနိုင်တာ၊ အရေးကြီးတဲ့ အရာတစ်ခုဖြစ်တဲ့ စီမံကိန်းနေရာရှာဖို့ သိပ်မခက်ဘဲ ရေတိုမှာ အဆင်ပြေနိုင်တာတွေက ဒီ ‘သန့်ရှင်းကျောက်မီးသွေး’ သုံး ဓာတ်အားပေးစက်ရုံတွေကို တည်ဆောက်ရေးဟာ အစိုးရအတွက် ဦစားပေးဆောင်ရွက်ဖို့ကောင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာပါတယ်။ ကျောက်မီးသွေစက်ရုံ တည်ဆောက်ပြီး မီးပေးနိုင်ဖို့အတွက် ပျမ်းမျှ ၃ နှစ်လောက်သာ ကြာမြင့်မှာပါ။

    စီးပွားရေးထည့်တွက်မှု

    ဒေသတွင်းမှာ လျှပ်စစ်မီးအတွက် ပျမ်းမျှကုန်ကျစားရိတ်က 1kWh အတွက် ဆိုလာဆိုရင် ၁ ဒေါ်လာ (၁၃၅၀ ကျပ်ဝန်းကျင်)၊ ကျောက်မီးသွေးနဲ့ဆိုရင် ၀.၆ ဒေါ်လာ၊ အပြင်က၀ယ်ရင် ၀.၅ ဒေါ်လာ၊ ရေအားလျှပ်စစ်က ၀.၄ ဒေါ်လာ ကျသင့်မှာပါ။ ဓာတ်အားပေးစက်ရုံဆောက်တာ၊ လည်ပတ်တာ၊ ဓာတ်အားလိုင်းတွေကို ဓာတ်အားလွှတ်တာတွေအထိ အပြီးအစီးဆောင်ရွက်ပေးမယ်လို့ FDI နဲ့ ODA တို့ရဲ့ ကမ်းလှမ်းမှုကြောင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဟာ သဘောကျစရာကောင်းတဲ့ ရွေးချယ်မှုတစ်ခုဖြစ်နေပြီး အစိုးရက ငွေကြေးစိုက်ထုတ်စရာ မလိုပါဘူး။

    ဒါပေမယ့် ဈေးကွက်အနေအထား ပြောင်းလဲမှုက နောက်ထပ် စဉ်းစားစရာတစ်ခု ဖြစ်နေပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း နေစွမ်းအင်နဲ့ လေစွမ်းအင်သုံး စွမ်းအင်ထုတ်လုပ်မှု နည်းလမ်းတွေရဲ့ ကုန်ကျစားရိတ်ဟာ ၈၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းကျော်ကျော်လောက် ကျဆင်းသွားခဲ့ပြီး နှစ်ပတ်လည် ပျမ်းမျှ ကုန်ကျမှု
    ကလည်း ၁၁ ရာခိုင်နှုန်းလောက် ကျဆင်းပါတယ်။ ဒီနည်းပညာနှစ်ခုစလုံးမှာ တိုးတက်မှုတွေဖြစ်လာတာ၊ စီးပွားရေးအရ တွင်ကျယ်လာတာတွေက ကမ္ဘာ့ဈေးကွက်မှာ ပြည့်ဖြိုးမြဲ စွမ်းအင်တွေဟာ သမရိုးကျ စွမ်းအင်ထုတ်လုပ်မှု ရင်းမြစ်တွေကို စိန်ခေါ်လာပါတယ်။

    ထုတ်လုပ်စားရိတ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကုန်ကျစားရိတ်တွေကြောင့် ကျောက်မီးသွေးစက်ရုံတွေရဲ့ နှစ်စဉ်ကုန်ကျစားရိတ်ဟာ ပျမ်းမျှ ၅ ရာခိုင်နှုန်းလောက် တိုးလာပါတယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ၂၀၂၀ ခုနှစ်မှာ ပြည့်ဖြိုးမြဲစွမ်းအင် ကုန်ကျစားရိတ်ဟာ ကျောက်မီးသွေးကို ကျော်ြ
    ဖတ်သွားဖို့ ရှိနေပါတယ်။

    မြန်မာနိုင်ငံက လက်ရှိ ကျောက်မီးသွေးစီမံကိန်းကိုပဲ ဆက်လုပ်မယ်ဆိုရင် ကုန်ကျစားရိတ် ကြီးမြင့်မှုနဲ့ ကြုံရဖို့ရှိနေပြီး နှစ်အနည်းငယ်ကြာ လည်ပတ်ပြီးတဲ့နောက် စီးပွားရေးတွက်ခြေမကိုက်တာကြောင့် နောက်ဆုံးမှာ ပိတ်ပစ်ရမယ့် အနေအထားပါပဲ။ ဒီလိုဆိုရင် ODA က အတိုးနှုန်းနည်းနည်း ဒါမှမဟုတ် အတိုးလုံးဝမယူမှုဟာ မြန်မာနိုင်ငံအတွက် ရေရှည်မှာ အကျိုးဖြစ်မှာ မဟုတ်ပါဘူး။

    နောက်ပြီး လုပ်ဖို့စီစဉ်ထားတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ လည်ပတ်ဖို့အတွက် အရေအသွေးမြင့် ကျောက်မီးသွေး အမြောက်အများရနိုင်ဖို့ ကျယ်ပြန့်ပြည့်စုံတဲ့ လေ့လာမှုလည်း မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ ဒေသတွင်းက အဲဒီလို စက်ရုံတွေကို ကနဦးလေ့လာသုံးသပ်မှုတွေအရ ကျောက်မီးသွေးဟာ အရည်အသွေးပြည့်မီဖို့လိုတာကို တွ့ရပါတယ်။ ဒီလိုကျောက်မီးသွေးမျိုးကို နိုင်ငံခြားက တင်သွင်းမယ်ဆိုရင်လည်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးမျှခြေကို ထိခိုက်ဖို့ရှိပြီး ရေရှည်မှာ စွမ်းအင်အတွက် အမှီခိုခံဘ၀ကို ရောက်သွားနိုင်ပါတယ်။

    မဟာမဲခေါင်ဓာတ်အားလိုင်း

    Stimson Center က မကြာသေးမီကမှ ထုတ်ပြန်လိုက်တဲ့ Mekong Power Shift: Emerging Trends in the GMS Power Sector အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ အနာဂတ်အတွက် စွမ်းအင်ဆိုင်ရာ အထောက်အကူဖြစ်စေမယ့် နိုင်ငံဖြစ်ပြီး ရေတိုမှာ အဆင်ပြေဖို့ စွမ်းအင်တင်သွင်းကာ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ပြီး စွမ်းအင်တင်ပို့တဲ့နိုင်ငံဖြစ်အောင်လုပ်ဖို့ အကြံပြုထားပါတယ်။

    မြန်မာနိုင်ငံမှာ ရေအားနဲ့ လေအားကနေ ဓာတ်အား ၁၀၄၀၀၀ မီဂါဝပ်၊ နေစွမ်းအင်ကနေ တစ်နှစ်ကို 40TWh ထုတ်လုပ်နိုင်ဖို့ အလားအလာ ရှိနေပါတယ်။ ဒီနယ်ပယ်တွေမှာ ရေရှည်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် မြန်မာနိုင်ငံဟာ လာအိုကို ကျော်သွားနိုင်ပါတယ်။ လာအိုဟာ လက်ရှိမှာ မဟာမဲခေါင်ဒေသအတွင်း အကြီးဆုံး စွမ်းအ
    င်တင်ပို့သူ ဖြစ်နေပါတယ်။

    ဒီလို ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက် အခုအချိန်ဟာ အချိန်ကောင်းပါပဲ။ ၂၀၁၄ ခုနှစ်က အတည်ပြုခဲ့တဲ့ အာဆီယံ ဓာတ်အားလိုင်းဟာ လက်ရှိမှာ စတင်နေပြီး တရုတ်နိုင်ငံကလည်း ဒီဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ဖို့ ရှိနေပါတယ်။ ဒီစီမံကိန်းပြီးသွားရင် ဒေသတွင်းစွမ်းအင်ဈေးကွက်ဟာ အကြီးအကျယ် ပွင့်လန်းလာနိုင်ပါတယ်။

    ယူနန်ပြည်နယ်ရဲ့ အဓိကမြစ်ကြီးတွေမှာ ဆောက်နေတဲ့ ဆည်အသစ်တွေကြောင့် တရုတ်နိုင်ငံဟာ ရေအားလျှပ်စစ် တစ်ခုတည်းကတင် တစ်နှစ်ကို စွမ်းအင် ၁၀၀ ဂီဂါဝပ်လောက် ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ စီစဉ်ထားတဲ့အတိုငးသာ ဖြစ်လာရင် ဒီပိုလျှံနေတဲ့ ဓာတ်အားတွေကို ထိုင်းနဲ့ လာအိုတစ်ဝိုက်က ဓာတ်အားလိုင်းတွေကနေတစ်ဆင့် နိုင်ငံခြားကို တင်ပို့နိုင်မှာဖြစ်ပြီး စွမ်းအင်တင်သွင်းမှု ကုန်ကျစားရိတ်ကလည်း သိသိသာသာ ကျသွားပါလိမ့်မယ်။

    ဒေသတွင်းမှာ မြန်မာနိုင်ငံက စွမ်းအင်နဲ့ပတ်သက်ပြီး ရေရှည်မှာ အားပြိုင်ချင်တယ်ဆိုရင် ပြည့်ဖြိုးမြဲစွမ်းအင်က တကယ်ကို အပြောင်းအလဲဖြစ်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဓာတ်အားလိုင်းမှာ ရင်းနှီးမြှုပ်နှံမှုပြုတာဟာ ရေတိုလိုအပ်ချက်အတွက် ဓာတ်အားတင်သွင်းဖို့ မဟာဗျူဟာကျတဲ့ ရွေးချယ်မှုသာမက၊ ဒေသတွင်း စွမ်းအင်ဈေးကွက်မှာ မြန်မာနိုင်ငံဟာ အဓိကမောင်းနှင်အားဖြစ်လာဖို့ မျိုးစေ့ချတာလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖော်ဖို့ဆိုရင် တိုင်းရင်းသားပြည်နယ်တွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးလိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ဒေသတွင်း စွမ်းအင်ကဏ္ဍအတွက် မြန်မာနိုင်ငံဟာ အရေးပါလာမယ်ဆိုတဲ့ မျှော်လင့်ချက်က လေထဲ တိုက်အိမ်ဆောက်သလိုပဲ ဖြစ်နေပါလိမ့်မယ်။

    Ref: The Diplomat

    (The Diplomat တွင် ဖော်ပြထားသည့် Where Will Myanmar’s Energy Come From? ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုတိုးတက်စေရန် မြန်မာနှင့် အိန္ဒိယတို့ ဆွေးနွေး

    နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုတိုးတက်စေရန် မြန်မာနှင့် အိန္ဒိယတို့ ဆွေးနွေး

    ဇွန် ၂၈၊ ၂၀၁၇
    M-Media

    – နှစ်နိုင်ငံကုန်သွယ်ရေး တိုးတက်လာစေရန်အတွက် ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်း ဆက်သွယ်မှုဆိုင်ရာ အားကောင်းစေရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် အိန္ဒိယတို့မှာ ယမန်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    အိန္ဒိယ-မြန်မာ ကုန်သွယ်မှုဆိုင်ရာ ပူးတွဲကော်မတီ၏ ၆ ကြိမ်မြောက် အစည်းအဝေးတွင် ယခုကဲ့သို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး နီရ်မာလာ ဆီသာရာမန်က နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုတွင် အလားအလာရှိသော နယ်ပယ်များစွာ ကျန်ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။

    “နှစ်နိုင်ငံ ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းဆက်သွယ်ရေး တိုးတက်အောင် ထိထိရောက်ရောက်ဆောင်ရွက်ဖို့အတွက် မြန်မာဘက်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး ၀န်ကြီးက ဆွေးနွေးခဲ့ပါတယ်” ဟု ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကြငြာချက်တွင် ဖော်ပြထားသည်။

    အစည်းအဝေးကို ဆီသာရာမန်နှင့် မြန်မာနိုင်ငံ စီးပွားကူးသန်းဝန်ကြီး ဦးသန့်မြင့်တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

    အိန္ဒိယ စီးပွားကူးသန်းနှင့် စက်မှုဝန်ကြီးဌာန၏ ကြေငြာချက်တွင် ၀န်ကြီး ဆီသာရာမန်က စစ်တွေမြို့တွင် ဆောင်ရွက်နေသည့် ကုလားတန်စီမံကိန်း တိုးတက်မှုများကို ပြောကြားခဲ့ကြောင်း၊ စစ်တွေဆိပ်ကမ်းနှင့် ကုန်းတွင်းပိုင်း ရေကြောင်းချိတ်ဆက်မှုအပါအ၀င် အခက်အခဲများကို ကျော်ဖြတ်ကာ အလုပ်တွင်စေရေး မြန်မာဘက်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

    ထို့ပြင် အိန္ဒိယမှ ကုန်တင်ကားများ လွယ်ကူစွာ သွားလာနိုင်ရေး သဘောတူညီချက်တစ်ခု ရရှိစေရန်အတွက်လည်း မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။

    ဆွေးနွေးပွဲတွင် အိန္ဒိယနှင့် မြန်မာတို့မှာ နယ်စပ် ကုန်သွယ်ရေးဂိတ်နှစ်ခု ထပ်မံဖွင့်လှစ်နိုင်ရေး နည်းလမ်းရှာရန် သဘောတူခဲ့ကြပြီး၊ ငွေကြေးလဲလှယ်နှုန်း ပုံသေဖြစ်စေရေး နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန်အတွက်လည်း ဆွေးနွေးခဲ့ကြသည်။

    မြန်မာဘက်ကလည်း အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ကောင်စစ်ဝန်ရုံးသစ်တစ်ခု ဖွင့်လှစ်နိုင်ရေး တင်ပြဆွေးနွေးခဲ့သည်။

    Ref: Times of India