News @ M-Media

Tag: Myanmar migrants worker

  • မလေးရှားရှိ မြန်မာ လုပ်သားတစ်ဦး လစာ မရ၍ သေကြောင်းကြံစည်မှု ဖြစ်ပွား

    မလေးရှားရှိ မြန်မာ လုပ်သားတစ်ဦး လစာ မရ၍ သေကြောင်းကြံစည်မှု ဖြစ်ပွား

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    myanamr 3

    – မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးမှာ လစာမရ၍ လည်ပင်းကို လှီးဖြတ်ကာ မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    မုဒုံမြို့မှ ကျော်လင်းထိုက်ဆိုသူဖြစ်ပြီး Paramount Garden ရှိ ပင်လယ်စာ စားသောက်ဆိုင်တွင် လွန်ခဲ့သည့် လအနည်းငယ်ကတည်းက အလုပ်ဝင်လုပ်ခဲ့သည်ဟု ယုံကြည်ရသည်။ ၎င်းမှာ ပုလင်းကွဲဖြင့် လည်ပင်းအားဖြတ်ကာ သေကြောင်းကြံခဲ့ခြင်းဖြစ်ပြီ အင်္ဂါနေ့ည ၇ နာရီခွဲက Mutiara Damansara အနီးရှိ ရှော့ပင်းမောလ် အနားတွင် ၎င်းအား တွေ့ခဲ့ရခြင်းဖြစ်သည်။

    “အခင်းဖြစ်ပွားချိန်မှာ အဲဒီနားကဖြစ်ပုံရတဲ့ ဆရာဝန်တစ်ယောက်က သူ့ကို သတိပြုမိခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတွေ အရတော့ လစာမရတဲ့အတွက် အဲဒီကောင်လေးက စိတ်ပျက်နေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်” ဟု ပတ်တလင်းဂျာယာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ မိုဟာမက် ဇာနည်က ပြောကြားခဲ့သည်။

    ကျော်လင်းထိုက်ကို လက်ရှိအချိန်တွင် ဆွန်ဂိုင်းဘုလို့ ရှိ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုများ ပြုလုပ်ပေးနေသည်ဟု သိရသည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ လုပ်ကိုင်နေသည့် စားသောက်ဆိုင်အများစုမှာ တရုတ်လူမျိုးများ ပိုင်ဆိုင်ကြသည့် စားသောက်ဆိုင်များ ဖြစ်ကြသည်။

    Ref: The Star

  • မြန်မာရွှေ့ပြောင်း အလုပ်သမားတို့၏ ဘဝအမော ဇာစ်မြစ်များ

    မြန်မာရွှေ့ပြောင်း အလုပ်သမားတို့၏ ဘဝအမော ဇာစ်မြစ်များ

    myanmar-migrants-wpcf_728x413
    မြန်မာရွှေ့ပြောင်း မိသားစုများကို ထိုင်းရဲတပ်ဖွဲ့များမှ စစ်ဆေးနေပုံ ၂၀၁၄ ခုနှစ်က ပုံဖြစ်ပါသည်။ ဓါတ်ပုံ (ဧရာဝတီ)

    David Scott Mathieson

    ထိုင်းတရားရုံးတစ်ခုက မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ခရစ္စမတ်အကြိုနေ့တွင် သေဒဏ် ချမှတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ အတွင်း ပြစ်တင်ရှုတ်ချမှုများ ပေါ်ပေါက်ခဲ့သည်။ ၂ဝ၁၄  စက်တင်ဘာလအတွင်းက ထိုင်းအပန်းဖြေစခန်း ခိုတောင်ကျွန်းတွင် ဗြိတိန်ကမ္ဘာလှည့်နှစ်ဦး ဖြစ်သည့် ဒေးဗစ်မေလာနှင့် ဟန်နာဝီသာဝေ့ခ်ျတို့ကို သတ်ဖြတ်သည်ဆိုသော စွပ်စွဲမှုဖြင့် အသက် ၂၂ နှစ် ဝန်းကျင် အရွယ်များဖြစ်ကြသည့် ဇော်လင်း၊  ဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးခဲ့သည်။

    သံသယဖြစ်ခံရသူ ၎င်းတို့နှစ်ဦးထံမှ ကနဦးဖြောင့်ချက်များ ရရှိစေရန် ရဲတို့က နှိပ်စက်ညှဉ်းပန်းခဲ့သည်ဆိုသော ပြောဆိုမှုများအပါအဝင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု၊ တရားရုံးစစ်ဆေးကြားနာမှုတို့အပေါ် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ထိုင်းရဲတပ်ဖွဲ့က ထိုစွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။ ပြစ်ဒဏ်ချမှတ်ရာတွင် အဓိကသက်သေအဖြစ် ဆွဲယူခဲ့သည့် ဝီသာဝေ့ခ်ျ အဓမ္မပြုကျင့် ခံရမှုတွင် တွေ့ရသော ဒီအင်န်အေနှင့်ပတ်သက်၍ ထိုင်း၊ သြစတြေးလျတို့မှ သေမှုသေခင်း စစ်ဆေးရေးပညာရှင်များက မေးခွန်း ထုတ်ခဲ့ကြသည်။ တရားခံတို့၏ ရှေ့နေများက တရားရုံး စီရင်ချက်အပေါ် အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

    ယင်းစီရင်ချက်အပေါ် ပြန်လည် သုံးသပ်ပေးရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူများက တောင်းဆိုခဲ့ကြသည်။ ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးအနီးတွင်လည်း ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၅,ဝဝဝ က စုပေါင်းလက်မှတ်ရေးထိုးကာ မျှတသောတရားစီရင်ရေး အတွက် တောင်းဆိုခဲ့သကဲ့သို့ နှစ်နိုင်ငံ နယ်စပ်မြို့များတွင် ဆန္ဒပြုမှုများလည်း လုပ်ဆောင်ခဲ့သည်။ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ကလည်း ရန်ကုန်မြို့တွင် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည်။

    အဆိုပါ အမှုသည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်သန်းကျော် ဆိုးရွားစွာ ဆက်ဆံခံနေရမှုကို မီးမောင်းထိုးပြ သကဲ့သို့ ဖြစ်နေသည်။ ယင်းကဲ့သို့ ဆက်ဆံခံရမှုသည်လည်း  အိမ်နီးချင်းနှစ်နိုင်ငံအကြား မကြာခဏတင်းမာမှုကို ဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ ကမ်းလွန်ငါးဖမ်းလုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်သည့်စက်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ အထည်စက်ရုံများ၊ လူသုံးကုန်ပစ္စည်းစက်ရုံများ အပြင် နိုင်ငံ၏ဘဏ္ဍာငွေအမြောက်အများကို ရရှိစေသည့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း၌ပင် လူသတ်မှု၊ ရိုက်နှက်မှု၊ လူကုန်ကူးမှု၊ အလုပ်သမားတို့အပေါ် နှိပ်စက်မှုများကို ထိုင်းရဲများ၊ အစိုးရအရာရှိများ၊ အလုပ်ရှင်များက ပါဝင်ကျူးလွန်နေကြသည်။ ယင်းလုပ်ရပ်များကို Human Rights Watch အဖွဲ့နှင့် အခြားအဖွဲ့အစည်းများက ဆယ်စုနှစ်ပေါင်းများစွာကပင် မှတ်တမ်းများ ပြုစုထားကြသည်။

    မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိလာသည့်တိုင် အလုပ်သမားများက အန္တရာယ်များရောပြွမ်းနေသည့် ထိုင်းနိုင်ငံတွင် အဘယ်ကြောင့် အလုပ်သွားရောက်လုပ်ကိုင်နေကြ  သနည်း။ မြန်မာနိုင်ငံနေရာအများအပြားတွင် ရှိနေသေးသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ ထိုက်သင့်သည့်လစာမရရှိမှု၊ ညံ့ဖျင်းသည့် လုပ်ငန်းခွင် အခြေအနေ တို့သည်လည်း  ရွှေ့ပြောင်းလုပ်ကိုင်ရမှုတွင် အကြောင်းရင်းများအဖြစ်  ပါဝင်နေသည်။

    ယခုသေဒဏ်ချမှတ်ခံရသည့် မြန်မာလူငယ်နှစ်ဦးတို့၏ ဇာတိဖြစ်သော ရခိုင်ပြည်နယ်တွင် လုပ်ငန်းခွင်အခြေအနေ ညံ့ဖျင်းမှု၊ အလုပ်အကိုင် စီးပွားရေးအခွင့်အလမ်းနည်းပါးမှုများ ပေါ်ပေါက်နေသည်။ စစ်အစိုးရ၏ ဆယ်စုနှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုညံ့ဖျင်းမှုများ၊ အခြေခံ လူနေမှုဘဝလိုအပ်ချက်များ မရရှိခြင်း စသည်တို့တွင် ရခိုင်ပြည်နယ်အနေဖြင့် အခြား ပြည်နယ်တို့ထက် ပိုမိုဆိုးရွားစွာ ခံစားခဲ့ရသည်။

    အလုပ်သမားများမှာ မိသားစုထံ ငွေပြန်ပို့နိုင်ရန် ရေခြားမြေခြားသို့ သွားရောက်အလုပ်လုပ်နေကြရသည်။ မိမိတို့ဒေသအတွင်း တရုတ်စီးပွားရေးလုပ်ငန်းများအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုပေးနေသော် လည်း ဒေသခံများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းနှင့် အခြားအကျိုးကျေးဇူးများ ခံစားရခွင့် နည်းပါးသည်။ ထိုင်းတရားရုံးက ရခိုင်လူငယ်နှစ်ဦးကို ခိုတောင်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်လိုက်သည့် အချိန်မှာပင်     ကျောက်ဖြူမြို့နယ်အတွင်း မြေဧက ၄,ဝဝဝ ပေါ်တွင် အထူးစီးပွားရေးဇုန်တစ်ခု၊ ရေနက်ဆိပ်ကမ်းတစ်ခုတို့ကို တရုတ်နှင့်  ထိုင်းစီးပွားရေးကုမ္ပဏီများ လုပ်ကိုင်ခွင့်အတွက် လွှတ်တော်က အတည်ပြုလိုက်သည်။ သို့သော် ယင်းခွင့်ပြုချက်တွင် အလုပ်သမားအခွင့်အရေး ကာကွယ်မှုအတွက်  ပြဋ္ဌာန်းချက်များ မပါဝင်ဘဲ စီမံကိန်းတွင် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်သာ ဆောင်ရွက်ထားသည်။

    ခိုင်ခံ့လုံခြုံမှုမရှိသည့်  လှေများဖြင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ  မလေးရှားသို့ ရွှေ့ပြောင်းနေကြသည့် ရိုဟင်ဂျာမွတ်ဆလင်များ၏ ဒုက္ခကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေကြသည်။ ရခိုင်ပြည်နယ်အတွင်း  လူမျိုးရေးအဓိကရုဏ်းအပြင်  ဆင်းရဲနွမ်းပါးသည့် ရခိုင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ပြီး နှိပ်စက်ညှဉ်းပန်းမှုများ ကြုံတွေ့နေရသည့်အပြင်  လူကုန်ကူးသမားများ၊  အလုပ်အကိုင်ပွဲစားများ၏ လိမ်လည်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။ ယင်းကဲ့သို့ ဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းသည် မြန်မာစစ်အစိုးရကြောင့် ဖြစ်ရသည်ဟု ရခိုင်တိုင်းရင်းသား အများအပြားက နားလည်ထားကြသည်။

    မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင်  မြေသိမ်းမှုများဖြစ်ပွားနေခြင်းကလည်း  ကျေးလက်နေပြည်သူတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ထိခိုက်စေပြီး ၎င်းတို့၏ သားသမီးများကို နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပို့ကာ အလုပ်လုပ်ခိုင်းထားရသည်။ သဘာဝရင်းမြစ်များ တူးဖော် ထုတ်လုပ်ရာတွင် မြေယာဆုံးရှုံးမှုအများအပြား ဖြစ်ပွားနေခြင်းကြောင့် ကျေးလက်ဒေသအချို့တွင် မတည်ငြိမ်မှုနှင့် လာရောက်လုပ်ကိုင်သည့် ကုမ္ပဏီတို့အပေါ် ဆန္ဒပြမှုများ ဖြစ်ပွားနေသည်။ မြေယာသိမ်းမှုအချို့တွင် စစ်တပ်၏ ပါဝင်မှုများလည်း ရှိကြောင်း Global Witness အဖွဲ့၏ လေ့လာဆန်းစစ်မှုတစ်ရပ်တွင် ဖော်ပြထားသည်။ ၂ဝ၁၅ ခုနှစ်အတွင်းက ကရင်ပြည်နယ်၊ ဘားအံမြို့အတွင်းရှိ ကျေးရွာအချို့သို့ ရောက်ရှိခဲ့ရာတွင် အာဏာပိုင်များ၊ စစ်တပ်အရာရှိကြီးများ၏ မတရားသဖြင့် မြေသိမ်းယူမှု၊ စီးပွားရေးလက်ဝါးကြီးအုပ်မှု၊ အစိုးရကိုဝေဖန်သူများကို ခြိမ်းခြောက် ဖမ်းဆီးမှု၊ မြေယာဆုံးရှုံးခြင်း အတွက် လျော်ကြေးမရမှုတို့ကြောင့်  ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့် အသက် ၂ဝ ဝန်းကျင် လူငယ်တချို့နှင့် တွေ့ ခဲ့ရသည်။ ၂ဝ၁၁ တွင် အရပ်သားတစ်ပိုင်းအစိုးရ တက်လာရာ  နိုင်ငံအတွင်း အခွင့်အလမ်းကောင်းများ ပေါ်ပေါက် လာပြီး ထိုင်းမှ ပြန်လာရမည်ဖြစ်သော်လည်း မိမိတို့ဘဝတိုးတက်မလာသည့်အပြင် ပိုမိုဆိုးရွားမှုများကို ကြုံတွေ့လာရသည့် နောက်ထပ် မျိုးဆက်တစ်ခုသည်လည်း ပြည်ပသို့ပင် ထွက်ခွာ အလုပ်လုပ်ကိုင်ကြရပြန်သည်။

    ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မကြာမီလပိုင်းအတွင်းကပင် အရပ်သား တစ်သောင်းကျော် နေရပ် စွန့်ခွာ  ထွက်ပြေးရသည်။ ၎င်းတို့အနက်မှ အများအပြားသည်  ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ရောက်ရှိသွားကြကာ ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း ပြည်တွင်း စစ်ကြောင့် ထွက်ပြေးပြီး ယင်းဒေသသို့ ရောက်ရှိနေကြသည့် ရှမ်းတိုင်းရင်းသား ထောင်ပေါင်း များစွာထံ ရောက်ရှိသွားကြသည်။ ငြိမ်းချမ်းရေးနှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ပြောနေကြသော်လည်း မြန်မာနိုင်ငံတွင်  ၂ဝ၁၁  မှစတင်၍ လက်နက်ကိုင်တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာသည်။ ကချင်ပြည်နယ်တွင် ပြင်းထန်သည့် တိုက်ပွဲများကြောင့်  အရပ်သား  ၁၃ဝ,ဝဝဝ ခန့် အိုးအိမ်စွန့်ခွာနေရပြီး အိမ်နီးချင်းနိုင်ငံများသို့ မြန်မာနိုင်ငံသားများ ထပ်မံ ရွှေ့ပြောင်းမည့်အခြေအနေရှိနေသည်။

    မြန်မာနိုင်ငံအတွင်းမှ ပြည်သူအများအပြားက ခိုတောင်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်တုန်လှုပ်နေကြပြီး ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနှိမ်ခံနေရမှုအပေါ် မကျေနပ်ကြသည်မှာ ငြင်းဆိုဖွယ်ရာ မရှိပေ။  ရွှေ့ပြောင်း အခြေချနေထိုင်သူများအပေါ်  လူ့အခွင့်အရေးချိုးဖောက်မှုများ  ရပ်တန့်ရန်  ထိုင်းအစိုးရကို တောင်းဆိုနေကြသော်လည်း မကြာမီအာဏာရလာတော့မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအနေဖြင့်  လူနေမှုဘဝများစွာကွာဟခြင်း၊ လုပ်အား ခေါင်းပုံဖြတ် ခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံသားများ နှစ်ပေါင်းများစွာကပင် ပြည်ပထွက် အလုပ်လုပ်နေရမှု ပြဿနာကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်နေသည်။

    သဘာဝရင်းမြစ်သယံဇာတများမှရရှိသော အကျိုးအမြတ်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို အသက်မွေးဝမ်းကျောင်း အာမခံချက်မရှိသေးသော ကျေးလက်ဒေသနေ နွမ်းပါးသည့် ပြည်သူများ အတွက် ထိထိရောက်ရောက်  မျှဝေသုံးစွဲခြင်း မပြုသရွေ့ မြန်မာနိုင်ငံကို အနာဂတ်စီးပွားရေး အလားအလာကောင်းများ ရှိနေသည့် နိုင်ငံအဖြစ် သတ်မှတ်ရန် ခဲယဉ်းပေလိမ့်မည်။     ။

    David Scott Mathieson သည် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အာရှရေးရာဌာန၏ အကြီးတန်းသုတေသီတစ်ဦးဖြစ်သည်။

    Myanmar Now သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

  • ထိုင်းရောက် မြန်မာများ၏ မျှော်လင့်ချက်ဖြစ်လာမည့် ရွေးကောက်ပွဲ အလွန် အစိုးရသစ်

    ထိုင်းရောက် မြန်မာများ၏ မျှော်လင့်ချက်ဖြစ်လာမည့် ရွေးကောက်ပွဲ အလွန် အစိုးရသစ်

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    thai
    မဲဆောက်ရှိ ဆေးရုံတစ်ရုံတွင် ကလေးငယ်အား ပြသနေသည့် မြန်မာနိုင်ငံသူတစ်ဦး

    – ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော မြန်မာ့ရွေးကောက်ပွဲရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အားကောင်းလာခဲ့ပြီးနောက် အစိုးရသစ်ဖွဲ့စည်းမှုကို ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များက အနီးကပ်စောင့်ကြည့်နေကြသည်။

    အစိုးရသစ်က ၎င်းတို့ဘ၀ တိုးတက်ရန်အတွက် လိုအပ်ချက်ကို ထောက်ပံ့ပေးမည်ဟူသာ အကောင်းမြင်မှုများလည်း ရွှေ့ပြောင်းလုပ်သားများတွင် ရှိနေသည်ဟု ၎င်းတို့အား ကိုယ်စားပြုသူများက ဆိုသည်။

    ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည် ၂ သန်းကျော်မှ အနည်းငယ်သာ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရခဲ့သည်။

    မျှော်လင့်ချက်များ

    သို့သော်လည်း မဲရေတွက်မှုတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက သိသိသာသာ ဦးဆောင်လာနိုင်သည့် အချိန်တွင် ၎င်းတို့အများစု၏ မျှော်လင့်ချက်က ဖြစ်နိုင်ချေရှိသော ပြောင်းလဲမှုအပေါ်သို့ ရွှေ့လာခဲ့သည်။

    ထိုင်းနိုင်ငံတောင်ပိုင်း Phang Na ပြည်နယ်ရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ စီစဉ်ညွှန်ကြားသူ ကိုမင်းဦးက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအများစုမှာ အစိုးရသစ် ဖွဲ့စည်းခြင်းကို စောင့်ကြည့်နေကြသည်ဟု ဆိုသည်။ ထိုအဖွဲ့မှာ ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းများတွင် လုပ်ကိုင်နေသာ မြန်မာရွှေ့ပြောင်းလုပ်သားများကို ကူညီနေသည့် အဖွဲ့လည်းဖြစ်သည်။

    “အခုအချိန် သူတို့မှာရှိနေတဲ့ ခံစားချက်က အစိုးရသစ်ကို မြင်ချင်တယ်။ NLD ကိုလည်း နိုင်စေချင်တယ်။ ဒါပေမယ့် အလုပ်သမားတွေအတွက် အနာဂတ်အစီအစဉ်က အစိုးရသစ်ဟာ သူတို့ကို ဘယ်လိုထောက်ပံ့မလဲဆိုတာပါပဲ။ ဒါကလည်း သူတို့ စဉ်းစားရမယ့်အရာတွေပါ” ဟု မင်းဦးက ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တိုင်းရင်းသားများ၏ ခိုကိုးရာနေရာလည်း ဖြစ်သည်။

    အနောက်မြောက်ပိုင်းရှိ မဲဆောက်မြို့တွင် ကရင်တိုင်းရင်းသူ ဆရာဝန် ဒေါက်တာ စင်သီယာမောင်မှာ တစ်နှစ်လျှင် လူနာ ၁၃၀၀၀၀ ကျော် လာရောက်ကြသည့် ဆေးခန်းတစ်ခုကို ကြီးကြပ်နေသည်။ သူမက မြန်မာနိုင်ငံရှိ နိုင်ငံရေး အတွန့်အခေါက် ပြေလာခြင်းကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်သည်ဟု ဆိုသည်။

    “ရွေးကောက်ပွဲပြီး နောက်ပိုင်းအခြေအနေကို လနည်းငယ်ကြာတဲ့အထိ ဆက်လက်စောင့်ကြည့်ရပါလိ့မ်မယ်။ သုံးလေးလလောက်ပေါ့။ ဘာ့ကြောင့်လည်းဆိုတော့ စစ်တပ်နဲ့ အရပ်သားတွေရဲ့ ဆက်ဆံရေး ဒါမှမဟုတ် အစိုးရသစ်နဲ့ စစ်တပ်ဆက်ဆံရေးတို့ကြောင့်ပါပဲ။ ပြီးတော့ ပြည်တွင်းအပစ်ရပ်ရေး သဘောတူညီချက်ကို အစိုးရသစ်က ဆောင်ရွက်မှုလည်း ပါပါတယ်။ ဒီကိစ္စတွေအားလုံးဟာ ကျွန်မတို့ အနီးကပ်စောင့်ကြည့်ရမယ့် ကိစ္စတွေပါ” ဟု သူမက ပြောကြားခဲ့လေသည်။

    ကျန်းမာရေး ပြုပြင်ပြောင်းလဲမှု

    အစိုးရသစ်က ကျန်းမာရေးပြုပြင်ပြောင်းလဲမှုများနှင့် ဆေးဘက်ဆိုင်ရာ အခြေခံဆောက်အဦးများအတွက် ဦးဆောင်လမ်းဖွင့်ပေးမည်ဟု သူမက မျှော်လင့်နေပြီး သို့မှသာ ပြည်သူများက ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဆေးကုသရန် လိုတော့မည်မဟုတ်ဟု ဆိုသည်။

    အချို့ကတော့ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီး စစ်တပ်က ရလဒ်ကို လက်မခံခဲ့သည့် ကိစ္စကို ထောက်ပြကြသည်။ မင်းဦးကတော့ ယခုအချိန်အထိ သံသယရှိနေသည်။

    “NLD နိုင်မယ်လို့ ကျွန်တော်တို့ အခု အတည်ပြုနိုင်ပေမယ့်လည်း စစ်တပ်က အာဏာလွှဲပေးဖို့ ဆန္ဒမရှိဘူးလို့ ကျွန်တော်ကတော့ သံသယရှိနေတုန်းပါပဲ”

    NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့တွင် အမျိုးသားရင်ကြားစေ့ရေးအတွက် လက်ရှိခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်မန္တက ပြုခဲ့သည်။ NLD ၏ အောင်နိုင်မှုကို ပို၍ သေချာစေရန်လည်း ဖြစ်လေသည်။

    VOA မှ Myanmar Migrant Workers in Thailand Hopeful, Wary After Election ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်။

  • အင်ဒိုနီးရှားတွင် ငါးနှစ် ဒုက္ခပင်လယ်ဝေခဲ့သော မြန်မာ ငါးဖမ်း လုပ်သားလေး နိုင်ငံမဲ့ ဘ၀ရောက်နေ

    အင်ဒိုနီးရှားတွင် ငါးနှစ် ဒုက္ခပင်လယ်ဝေခဲ့သော မြန်မာ ငါးဖမ်း လုပ်သားလေး နိုင်ငံမဲ့ ဘ၀ရောက်နေ

    စက်တင်ဘာ ၂၀ ၊ ၂၀၁၅
    M-Media
    Faces of Slavery Bing-1
    အန်ဘုံ၊ အင်ဒိုနီးရှား ။        ။ အေပီသတင်းဌာနက စုံစမ်းဖော်ထုတ် ရေးသာပြီးနောက်ပိုင်း  အင်ဒိုနီးရှား စုံစမ်းရေးမှ ကယ်တင်လိုက်သော ငါးဖမ်းလုပ်သား ၂၀၀၀ ဦးကဲ့သို့ အသက် ၁၈ နှစ်အရွယ်ရှိ ဘင်း ဆိုသူလည်း ပါဝင်ခဲ့သည်။ ထိုငါးဖမ်းလုပ်သားတို့မှာ ငါးဖမ်းလှေပေါ်တွင် အဓမ္မကျွန်ပြုခံရပြီး မိမိတို့နေရပ်သို့ပြန်ရန် မျှော်လင့်ချက်ကင်းမဲ့နေခဲ့ရသူများဖြစ်သည်။

    ဘင်း မှာ အသက် ၁၂ နှစ်အရွယ်မှာပင် မိဘများ၏စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး အိမ်ရာမဲ့ဘ၀ဖြင့် ထိုင်းနိုင်ငံ လမ်းမများပေါ် တောင်းရမ်း စားသောက်ခဲ့ရသည်။ ၎င်းနောက် ငါးဖမ်းလှေဖြင့် လိုက်ပါလုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ သူက မိမိသည် ဗမာလူမျိုးဖြစ်သည်ဟု ယုံကြည်လျက် ရှိသော်လည်း ဆွေမျိုးသားချင်းအမည်များ၊ နေရပ်လိပ်စာ စသဖြင့် မဖော်ပြနိုင်၍ သူသည် အင်ဒိုနီးရှားမှာပင် နေရစ် ရမည်ဟု မြန်မာသံရုံးမှ ဆိုသည်။

    အောက်ပါတို့မှာ မြန်မာလိုပြောကြားခဲ့သော သူ့စကားများ ဖြစ်ပါသည်။

    ” ကျွန်တော့်မိဘတွေဟာ ဘယ်အရပ်ဒေသကမှန်း မသိခဲ့ပါဘူး။ သူတို့က ဗမာလူမျိုးဖြစ်တယ် ဆိုတာကိုပဲ ကြားဖူးခဲ့ပါတယ်။ ရေရေရာရာ မသိနိုင်ခဲ့ပါဘူး။ ကျွန်တော်ဟာ (ထိုင်းနိုင်ငံ) ရနောင်းမြို့မှာ နေထိုင်ခဲ့ပါတယ်။ သူတောင်းစားဖြစ်တဲ့ကျွန်တော့်ကို လူတော်တော်များများ သိရှိကြပါတယ်။ ခုချိန်ထိ ကျွန်တော့်ကို မှတ်မိခြင်းရှိမရှိဆိုတာတော့ မပြောနိုင်သေးပါဘူး။

    ထိုင်းကပ္ပတိန်တစ်ဦးက ကျွန်တော့်ကို အလုပ်ကောင်းတစ်ခုပေးမယ်ပြောဆိုပြီး ငါးဖမ်းလှေ တစ်စင်းဆီ ခေါ်ဆောင်သွားပါတယ်။ ကျွန်တော်တို့ အင်ဒိုနီးရှားသွားရမယ်ဆိုတာ လုံးဝ မသိရှိခဲ့ကြပါဘူး။ ဘယ်ကို သွားကြောင်း သိနားလည်သွားချိန် အိမ်ပြန်ပို့ဖို့ ကျွန်တော် တောင်းပန်တိုးလျှိုးခဲ့တယ်။ ကျွန်တော့်ဆီမှာ ဘာအထောက်အထားမှမရှိလို့ ပြန်ဖို့မဖြစ်နိုင်ဘူးဆိုပြီး ကပ္ပတိန်က ပြောပါတယ်။ ကျွန်တော့်မှာ မိဘရှိမနေတော့ အထောက်အထားစာရွက်စာတမ်း မဆိုထားနဲ့၊ မွေးစာရင်းပင်လျှင် မရှိခဲ့ပါဘူး။ ဒါကြောင့် ငါးဖမ်းလှေထဲမှာပဲ ဘ၀မြုပ်သွားခဲ့ရတယ်။ လုပ်သားခဆိုလည်း တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ပါဘူး။

    ကျွန်တော် တစ်ယောက်တည်း ဒီမှာ မနေချင်ဘူးဗျ။ သူငယ်ချင်းတွေနဲ့အတူ အိမ်ပြန်ချင်ပါတယ်။ မြန်မာ သို့မဟုတ် ထိုင်းနိုင်ငံမှာ အသိတစ်ယောက်ယောက် ရှာတွေ့နိုင်မလားလို့ သေသေချာချာ မသိပေမယ့် အိမ်ပြန်ချင်တာပဲသိတယ်။ ဒီမှာ ဘယ်လိုရှင်သန်ရမှန်း မသိဘူး၊ ဒီမှာ တစ်ယောက်တည်း ကျန်ရစ်မှာ ကြောက်တယ် ” ။

    အင်ဒိုနီးရှား၊ မာလုကု ခရိုင်၊ အန်ဘုံဆိပ်ကမ်းတွင် သောင်တင်နေသော မြန်မာငါးဖမ်းလုပ်သား ဘင်းကို ၁၀.၉.၂၀၁၅ ကြာသပတေးနေ့က တွေ့ရစဉ်။ (ဓာတ်ပုံ – AP )

    ref: AP

  • ၂၂ နှစ်တာ ကျွန်ပြုခံဘ၀မှ လွတ်မြောက်လာသည့် မြန်မာငါးဖမ်းသမား တစ်ဦးရဲ့ အိမ်အပြန်

    ၂၂ နှစ်တာ ကျွန်ပြုခံဘ၀မှ လွတ်မြောက်လာသည့် မြန်မာငါးဖမ်းသမား တစ်ဦးရဲ့ အိမ်အပြန်

    ဇူလိုင် ၂ ၊ ၂၀၁၅
    M-Media

    ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015 photo, former slave fisherman Myint Naing and his mother, Khin Than, cry as they are reunited after 22 years at their village in Mon State, Myanmar. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)
    – သူလုပ်ခဲ့သည့် အရာအားလုံးက အိမ်ပြန်ရန် တောင်းဆိုခြင်းဖြစ်သည်။ ထိုတောင်းဆိုမှုကို နောက်ဆုံးအကြိမ် ပြောခဲ့စဉ်က ကျွန်ပြုခံ မြန်မာနိုင်ငံသား မြင့်နိုင်တစ်ယောက် သေလုမျောပါး အရိုက်ခံလိုက်ရသည်။ သို့သော်လည်း အင်ဒိုနီးရှား၏ ဝေးလံခေါင်ဖျားသောဒေသရှိ စက်လှေပေါ်တွင် အတင်း အဓမ္မမ ခိုင်းစေခံရမှု ၈ နှစ်တာလွန်မြောက်ခဲ့ပြီးနောက် မြင့်နိုင်မှာ မိခင်ဖြစ်သူကို တွေ့ရရေး အန္တရာယ် အားလုံးကို ရင်ဆိုင်ရန် စိတ်ဆန္ဒဖြစ်လာခဲ့သည်။

    ထို့ကြောင့် သူ့အား လွတ်မြောက်ခွင့်ပေးရန် အတွက် မြေကြီးပေါ်တွင် ၀ပ်တွားတောင်;ပန်ခဲ့သည်။ သို့သော် စက်လှေမှထွက်သွားရန် ကြိုစားမှုအတွက် စက်လှေပိုင်ရှင်က သူ့အား သတ်ရန်အထိပင် စိတ်ပိုင်းဖြတ်ခဲ့ပြီး ၃ ရက်တိုင်တိုင် အစာရေစာမကျွေးဘဲ သံကြိုးနှင့် ချည်ထားခဲ့လေသည်။

    မြင့်နိုင်တစ်ယောက် လောကကြီးမှ ပျောက်ကွယ်သွားမှာ ကြောက်ခဲ့သည်။ သို့ဆိုလျှင် မိခင်ဖြစ်သူက သူ့အား မည်သည့်နေရာတွင် ရှာဖွေရမှန်း သိမည်မဟုတ်။

    မြင့်နိုင်မှာ အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည့် လုပ်အား ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကို AP သတင်းဌာနက တစ်နှစ်ကြာ စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး ကယ်တင်ခြင်းခံရသော၊ နေရပ်ပြန်ပို့ခြင်းခံရသော ယခင်နှင့် ယခုလက်ရှိ ကျွန်ပြုခံ အလုပ်သမား ၈၀၀ ကျော်မှ တစ်ဦးဖြစ်လေသည်။

    ထိုင်းနိုင်ငံ၏ တရိပ်ရိပ်တက်နေသော ပယ်လယ်စာ လုပ်ငန်း တစ်ခုတည်းတွင်ပင် ရွှေ့ပြောင်းလုပ်သား ခန့်မှန်းချေ ၂ သိန်းခန့် အလုပ်လုပ်နေကြသည်။ ၎င်းတို့ထဲမှာ အများစုမှာ လိမ်လည်လှည့်ဖြားခြင်း၊ ပြန်ပေးဆွဲခြင်း သို့မဟုတ် ရောင်းစားခြင်းတို့ ခံရပြီးနောက် ငါးဖမ်းစက်လှေများပေါ်တွင် အလုပ်လုပ်နေကြရသည်။ ထိုကြမ်းကြုတ်သည့် လူကုန်ကူးမှု ဖြစ်ပွားနေသည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် ဂျပန်နိုင်ငံများရှိ ညစာ စားပွဲဝိုင်းများ၊ ကြောင်စာခွက်များတွင် လိုအပ်နေသည့် ငါးဟင်းလျာကို ဖြည့်ဆည်းပေးရန်  ကုမ္ပဏီများက ကျွန်ပြုခံလုပ်သားများအပေါ် မှီခိုနေကြသည်။

    ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015 photo, former slave fisherman Myint Naing, foreground left, comforts his mother, Khin Than, after she fainted in Mon State, Myanmar, following their reunion after Myint returned after having been gone for 22 years. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)

    မြင့်နိုင်၊ ၎င်း၏ သူငယ်ချင်းများနှင့် မိသားစုများက အိမ်ပြန်ခရီးစဉ်တွင် လိုက်ပါခဲ့သည့် AP သို့ ဇာတ်ကြောင်းကုန်စင် ပြောပြခဲ့သည်။ ထိုအကြောင်းအရာများက AP မှ အင်တာဗျူးခဲ့သော၊ သို့မဟုတ် စာဖြင့် ပြောပြခဲ့သော မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ယခင်နှင့် လက်ရှိ ကျွန်ပြုခံလုပ်သား ၃၃၀ ကျော်ထဲမှ အများစု၏ ပြောပြချက်များနှင့် အတော်လေးသွားတူနေသည်။

    ၁၉၉၃ ခုနှစ်က ပွဲစားတစ်ယောက်မှာ မြန်မာနိုင်ငံတောင်ပိုင်းရှိ မြင့်နိုင်နေထိုင်ရာ ရွာသို့ လာရောက်ခဲ့ပြီး လူငယ်များအတွက် ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟု ကတိပေးခဲ့သည်။ ထိုစဉ်က မြင့်နိုင်မှာ အသက် ၁၈ နှစ်သာရှိသေးပြီး ခရီးဝေးသွားဖူးသည့် အတွေ့အကြုံလည်းမရှိ။ သို့သော် မိသားစုက ငွေရေးကြေးရေး အဆင်မပြေ။ ထို့ကြောင့် နောက်ဆုံးတွင် မိခင်ဖြစ်သူက လိုက်လျောခဲ့သည်။ ပွဲစား နောက်တစ်ခေါက်ပြန်လာသည့်အခါ သူစုထားသည့် လုပ်သားသစ်များကို အိတ်များယူပြီး အမြန်လိုက်ခဲ့ရန် အပူတပြင်းပြောလေသည်။

    ထိုအချိန်တွင် မိခင်ဖြစ်သူက အိမ်တွင်မရှိ။ မြင့်နိုင်တစ်ယောက် မိခင်ကို နှုတ်ဆက်စကားပင် မပြောလိုက်ရ။

    တစ်လကြာသည့်အခါတွင်တော့ မြင့်နိုင်မှာ ပင်လယ်ထဲသို့ ရောက်နေပြီဖြစ်သည်။ နောက် ၁၅ ရက်ကြာသည့်အခါ သူစီးလာသည့် သင်္ဘောက အင်ဒိုနီးရှားရှိ ဝေးလံခေါင်ဖျားသော တွာလ်ကျွန်းတွင် နောက်ဆုံး ဆိုက်ကပ်သည်။ တွာလ်ကျွန်း၏ ပတ်ပတ်လည်ရေပြင်မှာ ကမ္ဘာပေါ်တွင် ငါးအကြွယ်ဝဆုံး နေရာများထဲမှ တစ်ခုဖြစ်သည်။ ထိုင်းလူမျိုး စက်လှေကပ္ပတိန်က သင်္ဘောပေါ်ရှိ လူတိုင်းကို ၎င်းက ပိုင်ဆိုင်သွားပြီဟု ဟစ်အော်ကြေညာခဲ့သည်။

    “မင်းတို့မြန်မာတွေ ဘယ်တော့မှ အိမ်မပြန်ရတော့ဘူး။ မင်းတို့ကို ရောင်းလိုက်ပြီ။ ဘယ်သူမှ မင်းတို့ကို လာကယ်မှာမဟုတ်ဘူး”

    ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015, photo, former slave fisherman Myint Naing, center, his mother Khin Than, right and sister Mawli Than, left, walk toward their home while crying after they were reunited after 22 years in their village in Mon State, Myanmar. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)

    တစ်ကြိမ်ထွက်လျှင် မြင့်နိုင်တစ်ယောက် ပင်လယ်ထဲ၌ သီတင်းပတ်ပေါင်းများစွာ ကုန်ဆုံးရပြီး ထမင်းသာစား၍ အသက်ရှင်ရသည်။ ဖမ်းဆီးရမိသည့် ငါးများကို မည်သူ့မှစား၍မရ။ ထိုင်းနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုမှာ ကျယ်ပြန့်လာသောကြောင့် ငါးဖမ်းစက်လှေများမှာ နိုင်ငံခြား ရေပိုင်နက်အထိ ၀င်ရောက်ရာ ငါးအလွန်အကျွံဖမ်းခြင်းကို ပြုလုပ်လာကြသည်။ ထို့ကြောင့် ရွှေ့ပြောင်း လုပ်သားများမှာ ရေပေါ် အကျဉ်းထောင်တွင် လနှင့်ချီ၍ နှစ်နှင့်ချီ၍ ပိတ်မိနေကြတော့သည်။

    အလုပ်များသည့် အချိန်များတွင် ၎င်းတို့မှာ တစ်ရက်လျှင် ၂၄ နာရီလုံးလုံး အလုပ်လုပ်ရသည်။ ဆေးဝါးမရှိ။ ကြိုချက်ထားသော ပင်လယ်ရေသာ သောက်ရသည်။ ခဏနားသည့် သို့မဟုတ် နေမကောင်းသည့် မည်သူ့ကိုမဆို ကပ္ပတိန်က ရိုက်နှက်သည်။ အချို့ငါးဖမ်းစက်လှေများတွင် အလုပ်အကိုင်နှေးသူများကို သတ်ပစ်ကြပြီး အချို့စက်လှေများတွင်မူ ရေထဲသို့ တွန်းချကြသည်ဟု ငါးဖမ်းသမားများက ဆိုသည်။

    မြင့်နိုင်မှာ တစ်လ လျင် ၁၀ ဒေါ်လာသာရပြီး တစ်ခါတစ်ရံတွင် လုံးဝ မရ။ ၃ နှစ်တာလုပ်ကိုင်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် ၎င်းက တော်လောက်ပြီဟု ဆုံးဖြတ်ပြီး အိမ်ပြန်ရန်အတွက် ပထမဆုံးအကြိမ် တောင်းဆိုခဲ့လေသည်။

    တောင်းဆိုမှု၏ အဖြေက ဆိုင်ကယ်ဦးထုပ်နှင့် ခေါင်းကွဲအောင် အရိုက်ခံရခြင်းသာ ဖြစ်သည်။

    ထို့နောက် မြင့်နိုင်မှာ ထွက်ပြေးခဲ့သည်။ အင်ဒို မိသားစုတစ်စုက သနားသဖြင့် သူ့အား ကယ်ထားပြီး ဒဏ်ရာများပျောက်ကင်းအောင် ကုသပေးသည်။ ထို့နောက် အစားသောက်နှင့် နေရာထိုင်ခင်းပေးပြီး ၎င်းတို့၏ လုပ်ငန်းတွင် အလုပ်ပေးသည်။ ထိုရိုးရှင်းသော ဘ၀ကို မြင့်နိုင်တစ်ယောက် ငါးနှစ်ကြာ ဖြတ်သန်းခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံမှ ဆွေမျိုးများ၊ ငါးဖမ်းစက်လှေပေါ်တွင် ကျန်ခဲ့သည့် သူငယ်ချင်းများကို သူက မေ့လို့မရ။

    ၂၀၀၁ ခုနှစ်တွင် ကပ္ပတိန် တစ်ယောက်က အလုပ်လုပ်ရန် သဘောတူလျှင် အိမ်ပြန်ပို့ပေးနေသည်ဟူသော သတင်းကို သူကြားခဲ့သည်။ ထို့ကြောင့် အင်ဒိုနီးရှားတွင် ၈ နှစ်ကြာ နေခဲ့ပြီးနောက် ပင်လယ်ထဲသို့ တစ်ဖန်ပြန်ထွက်ခဲ့လေသည်။

    သို့သော်လည်း အခြေအနေက ပထမအကြိမ်တုန်းကကဲ့သို့ပင် ဆိုးရွားပြင်းထန်ပြီး ငွေကြေးလည်း တစ်ပြားတစ်ချပ်မှမရ။ ထို့ပြင် ကျွန်ပြုရန် လူကုန်ကူးမှုက ပိုပိုဆိုးလာသည်။ မြင့်တက်လာသော ၀ယ်လိုအားကို ပြည့်မီစေရန်အတွက် ပွဲစားများမှာ ဆေးစွဲနေသော၊ ပြန်ပေးဆွဲလာသော ရွှေ့ပြောင်းလုပ်သားများကို သင်္ဘောပေါ်သို့ ပို့ဆောင်လာကြသည်။

    နောက်တစ်ကျော့ ပင်လယ်ပြင်တွင် ၉ လာတာကြာမြင့်ပြီးနောက် မြင့်နိုင်၏ စက်လှေကပ္ပတိန်က သင်္ဘောသားအားလုံးကို စွန့်ပစ်ကာ ထိုင်းနိုင်ငံသို့ တစ်ယောက်တည်းပြန်တော့မည်ဟု ပြောလာသည်။ ခံပြင်းမှု မျှော်လင့်ချက်မဲ့မှုနဲ့အတူ ကျွန်ပြုခံ မြန်မာလုပ်သား မြင့်နိုင် တစ်ယောက် အိမ်ပြန်ရန်အတွက် တစ်ကြိမ် ထပ်တောင်းပန်ရလေသည်။ ထမင်းမစားရဘဲ သံချိုးဖြင့်ချည်ကာ ၃ ရက်ခန့် ပိတ်လှောင်ထားခံရသည်မှာ ထိုအချိန်တွင်ဖြစ်သည်။

    မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နီးစပ်ရာမျက်စိကစားသည့် မြင့်နိုင်မှာ သော့ဖွင့်ရန်အတွက် သံပြားငယ်တစ်ခုကို သွားတွေ့သည်။ နာရီများစွာ ကြိုးစားပြီးနောက် သော့ပွင့်သွားသည့်အသံကို သူကြားရသည်။ လက်ထိပ်မှာ ပြုတ်သွားသည်။ သန်းခေါင်ကျော်အချိန်ခန့်တွင် မြင့်နိုင်မှာ မည်းမှောင်နေသော ရေပြင်ထဲသို့ ဒိုင်ဗင်ထိုးချခဲ့ပြီး ကမ်ခြေသို့ ကူးသွားခဲ့လေသည်။

    ထို့နောက် တွာလ်ကျွန်းရှိ တောထဲတွင် မြင့်နိုင်မှာ ပုန်းနေရသည်။ စက်လှေပိုင်ရှင်များထံသို့ ပြန်ပို့မည်ကို စိုးရိမ်သောကြောင့် ရဲစခန်းလည်း မသွားရဲ။ အိမ်ကို ဖုန်းဆက်ရန်မှာလည်း သူ့တွင် ဖုန်းနံပါတ်မရှိ။ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူအဖြစ် သတ်မှတ်မည်စိုးသောကြောင့် မြန်မာသံရုံးသို့ အကြောင်းကြားရမည်ကိုလည်း သူက ကြောက်နေသည်။

    ဆယ်စုနှစ်တစ်ခုနီးပါးကြာ ကျွန်ပြုခံရမှုတွင် သူ လမ်းပျောက်နေသည်။ ထို့ပြင် လေဖြတ်ချင်သလိုဖြစ်လာပြီး ညာဖက်လက်တစ်ဖက်မှာ လှုပ်ရှားမရ ဖြစ်လာသည်။ စက်လှေပိုင်ရှင်က ပြောသည့်စကားမှာ မှန်သည်ဟု မြင့်နိုင် ယုံကြည်စ ပြုလာလေသည်။ လွတ်မြောက်ရာ လမ်း တစ်ကယ်ပင်မရှိ။

    အခုအချိန်တွင် မိခင်ဖြစ်သူ၏ ပုံပန်း သွင်ပြင်ကိုလည်း သူ မမှတ်မိတော့။ ညီမငယ်တစ်ယောက် လူလားမြောက်လာမည်ဆိုသည်ကိုတော့ သူသိသည်။

    ၂၀၁၁ ခုနှစ်တွင် အထီးကျန်မှုကို မခံစားနိုင်သည့်အတွက်ကြောင့် မြင့်နိုင်မှာဒိုဘိုကျွန်းကို ပြောင်းခဲ့သည်။ ထိုကျွန်းတွင် ကျွန်ပြုခံ မြန်မာနိုင်ငံသား တစ်စု ရှိသည်ဟု ကြားသောကြောင့်ဖြစ်သည်။ မြင့်နိုင်မှာ လျှို့ဝှက်စွာပင်နေထိုင်ပြီး ကိုယ်တိုက် စိုက်ပျိုးရရှိသည်များကို စားသောက်၍ အသက်ဆက်နေလေသည်။

    ထို့နောက် ကျွန်ပြုခံနေရသူများအကြောင်း AP ၏ ဖော်ပြမှုကြောင့် အင်ဒိုနီးရှားအစိုးရက ယခင်နှင့် ယခုလက်ရှိ ကျွန်ပြုခံရသူများကို စတင် ကယ်တင်နေသည်ဟု ဧပြီလ ၁ ရက်နေ့တွင် သူငယ်ချင်းတစ်ယောက်က သူ့ကို ပြောခဲ့သည်။ တာဝန်ရှိသူများက ဒိုဘိုသို့လာကာ မြင့်နိုင်ကို ခေါ်ပြီး ယခင် ၎င်းကျွန်ပြုခိုင်းစေခံခဲ့ရသော တွာလ်ကျွန်းတို့ ပြန်လည်ခေါ်ဆောင်သွားကာ အခြားလွတ်မြောက်သူ ရာပေါင်းများစွာနှင့် အတူထားပေးခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံတွင် ၂၂ နှစ်တာ ကုန်လွန်ခဲ့ရသည့် မြင့်နိုင်မှာ နောက်ဆုံးတွင် အိမ်ပြန်ရတော့မည်။ သို့သော်လည်း သူဘာတွေ့ရမလဲဟု စဉ်းစားနေသည်။

    မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်အတွက် ပထမတော့ သူက ကြောက်နေသေးသည်။ ယခုအချိန်တွင် အသက် ၄၀ အရွယ်ရှိပြီဖြစ်သည့် မြင့်နိုင်တစ်ယောက် သူ၏ ဇာတိမြေနှင့် လုံးဝ သူစိမ်းယောက်လို ဖြစ်နေခဲ့ပြီ။

    သူ၏ ရွာလေးသို့လာသည့်လမ်းတွင် ကျော့ရှင်းသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။

    နှစ်ယောက်စလုံးမှာ အားရ၀မ်းသာစွာဖြင့် ဖက်လိုက်ကြပြီး ပျော်ရွှင်မှု၊ အချိန်များစွာကြာ ခွဲခွာနေရခြင်းကြောင့် ၀မ်းနည်းမှုတို့ဖြင့် မျက်ရည်များက စီးတွေကျလာခဲ့သည်။

    “အစ်ကိုကြီးရယ်။ ပြန်လာတာအရမ်းကောင်းပါတယ်” ဟု မြင့်နိုင်၏ ညီမငယ်က ကြေကွဲဆို့နင့်စွာ ပြောလေသည်။

    “ညီမလေးတို့ ပိုက်ဆံမလိုပါဘူး။ မိသားစုပဲလိုတာပါ”

    မိနစ်အနည်းငယ်အကြာတွင် သူ့ဆီကိုပြေးလာနေသည့် မိခင်ဖြစ်သူကို တွေ့လိုက်ရသည်။

    မြင့်နိုင်တစ်ယောက် ချုံပွဲချငိုကြွေးကာ မြေကြီးပေါ်သို့ လဲကျသွားသည်။ မိခင်က လက်မောင်းကိုကိုင်၍ ဆွဲထူပြီး သားဖြစ်သူ၏ ခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးသည်။ ထို့နောက် အသာအယာပွေ့ဖက်ကာ မြင့်နိုင်အား အားရအောင် ငိုကြွေးစေခဲ့သည်။

    နောက်ဆုံးတော့ မြင့်နိုင်မှာ သူ၏ အိပ်မက်ထဲမှ မျက်နှာများကို အနှောင်အဖွဲ့ကင်းစွာ တွေ့မြင်ရပြီဖြစ်သည်။ သူ့အနေဖြင့် နောက်ထပ် ဘယ်တော့မှ မေ့မည်မဟုတ်တော့။

    Source:AP
    မိုးဝေဘာသာပြန်သည်။