News @ M-Media

Tag: Myanmar Military

  • ဦ၀ဏ္ဏမောင်လွင်ကို ဝန်ကြီးအဖြစ် အသိအမှတ်ပြုခြင်း မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ပ​ြ​ော

    ဦ၀ဏ္ဏမောင်လွင်ကို ဝန်ကြီးအဖြစ် အသိအမှတ်ပြုခြင်း မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ပ​ြ​ော

    ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီက ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်နဲ့ တွေ့ဆုံတာဟာ စစ်ကောင်စီကို အသိအမှတ်ပြုတာမျိုး မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဦး၀ဏ္ဏမောင်လွင်ဟာ မနေ့က ဘန်ကောက်ကို သွားရောက်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့တာပါ။

    ဝန်ကြီးချုပ်ပရာယွတ်က တွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို နားထောင်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ဒီကနေ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ မြန်မာ့အရေး ကြားဝင်ဖြေရှင်းပေးဖို့ အင်ဒိုနီးရှားနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ပရာယွတ်က ငြင်းပါတယ်။

    “သူတို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာက သူတို့ကိစ္စပါ။ ဒီမိုကရေစီလမ်းကြောင်းကို အမြန်ဆုံးပြန်လျှောက်ဖို့ပဲ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ တွေ့ဆုံမှုဟာ တစ်ခုခုကို အသိအမှတ်ပြုတာမျိုး မဟုတ်ပါဘူး။ အသိအမှတ်ပြုဖို့လည်း သူ(ဦး၀ဏ္ဏမောင်လွင်) က မပြောပါဘူး။ သူပြောတာကိုပဲ ကျွန်တော် နားထောင်ခဲ့တာပါ။ ဒါပါပဲ”

    ပရာယွတ်ဟာ အရင်က ထိုင်းစစ်တပ်အကြီးအကဲ ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် ၂၀၁၉ ခုနှစ်မှာ ရွေးကောက်ပဲကျင်းပကာ ယူနီဖောင်းလဲ ဝန်ကြီးချုပ် ဖြစ်လာသူ ဖြစ်ပါတယ်။

    Ref: Reuters

  • အာဏာသိမ်းစစ်ကောင်စီမှ အကြီးအကဲ ၆ ဦးကို ဗြိတိန်က ပိတ်ဆို့မှုထပ်လုပ်ပြီး သတိပေး

    အာဏာသိမ်းစစ်ကောင်စီမှ အကြီးအကဲ ၆ ဦးကို ဗြိတိန်က ပိတ်ဆို့မှုထပ်လုပ်ပြီး သတိပေး

    ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းပြီးနောက်ပိုင်း လူထုအပေါ် ပြုလုပ်ခဲ့တဲ့ ဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အာဏာသိမ်းစစ်ကောင်စီက စစ်ခေါင်းဆောင် ၆ ဦးကို ပိတ်ဆို့မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒီမိုနီ ရာအဘ်က ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ဗြိတိန်ဟာ ပြီးခဲ့တဲ့တစ်ပတ်က မြန်မာစစ်ခေါင်းဆောင် ၃ ဦးကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပြီး အာဏာသိမ်းစဉ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ကျူးလွန်းခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေ ဖြစ်ပါတယ်။

    ဒီနေ့ ပိတ်ဆို့မှုကတော့ အာဏာသိမ်းစစ်ကောင်စီက စစ်ခေါင်းဆောင် ၆ ဦးကို ပစ်မှတ်ထားတာပါ။ စစ်ကောင်စီ ဥက္ကဌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဘက်အတွင်းရေးမှူးဖြစ်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ် တင်အောင်ဆန်း၊ ဗိုလ်ချုပ် မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ ဖြစ်ပါတယ်။

    ပိတ်ဆို့မှုက ယူကေကို လာရောက်ခွင့်ပိတ်တာ၊ သူတို့နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံးမှာ ယူ​ကေကုမ္ပဏီတွေ ဆက်သွယ်လုပ်ဆောင်မှုကို တားမြစ်တာ ဖြစ်ပါတယ်။

    “လူ့အခွင့်အရေးချိုးဖောက်သူတွေ သူတို့လုပ်ရပ်အတွက် အရေးယူခံရမယ်ဆိုတာ ဒီကနေ့ အရေးယူမှုကတစ်ဆင့် မြန်မာနိုင်ငံက စစ်အာဏာရှင်တွေကို ရှင်းရှင်းလင်းလင်း သတင်းစကား ပေးလိုက်တာ ဖြစ်ပါတယ်။ အာဏာရှင်တွေအနေနဲ့ မြန်မာပြည်သူတွေက ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကို အာဏာ ပြန်ပေးကိုပေးရပါမယ်” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ် ရာအဘ်က ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ယူကေက ပိတ်ဆို့အရေးယူထားတဲ့ စစ်ခေါင်းဆောင်အရေအတွက်ဟာ ၁၉ ဦးအထိ ရှိလာပြီဖြစ်ပြီး စစ်ကောင်စီက စစ်ခေါင်းဆောင်အားလုံး ပါဝင်နေပါတယ်။

    မြန်မာပြည်သူတွေအတွက် ယူကေက ရပ်တည်ပေးနေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ခင်ဗျားတို့ရဲ့ ဒီမိုကရေစီရပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေကို အားပေးထောက်ပံ့နိုင်ဖို့ နိုင်ငံတကာက မိတ်ဖက်နိုင်ငံတွေနဲ အနီးကပ်ပူးပေါင်းပြီး ဆောင်ရွက်ပေးနေတယ်ဆိုတာ မြန်မာပြည်သူတွေကို သတင်းစကား ပါးချင်ပါတယ်”

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် ယူကေဟာ မြန်မာနိုင်ငံနဲ့လုပ်ဆောင်နေတဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေအားလုံးကို ပြန်လည်သုံးသပ်နေပါတယ်။

    Ref: Gov.Uk

  • ပြည်သူများ၏အသံကိုနားထောင်ရန် စစ်ကောင်စီကို အင်ဒိုနိုင်ငံခြားရေး၀န်ကြီး တိုက်တွန်း

    ပြည်သူများ၏အသံကိုနားထောင်ရန် စစ်ကောင်စီကို အင်ဒိုနိုင်ငံခြားရေး၀န်ကြီး တိုက်တွန်း

    ဖေဖော၀ါရီ ၂၅၊ ၂၀၂၁
    M-Media

    ဖေဖော်ဝါရီ ၂၄ ရက်နေ့က သုံးပွင့်ဆိုင် တွေ့ဆုံမှု


    -မြန်မာပြည်သူတွေ သာယာ၀ပြောရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ဖို့နဲ့ ပြည်သူ့အသံကို နားထောင်ဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို တိုက်တွန်းခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီက ဖွင့်ဟခဲ့ပါတယ်။

    မာဆူဒီနဲ့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးတို့ဟာ မနေ့က ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှာ ဦး၀ဏ္ဏမောင်လွင်နဲ့ မိနစ် ၂၀ ကြာ စကားပြောခဲ့တာပါ။

    “မြန်မာပြည်သူတွေရဲ့ လုံခြုံမှုနဲ့ သာယာ၀ပြောရေးကို ကာကွယ်ပေးရမှာဖြစ်သလို၊ သူတို့ရဲ့အသံကိုလည်း နားထောင်ပေးရပါမယ်” လို့ ဆွေးနွေးပွဲအပြီး ဂျကာတာကို ပြန်ရောက်ပြီးတဲ့နောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မာဆူဒီက ပြောပါတယ်။

    အာဆီယံသဘောတူညီချက်မှာ ပါ၀င်တဲ့ စည်းမျဥ်းစည်းကမ်းတွေကို အဖွဲ့၀င်နိုင်ငံအားလုံးက လေးစားလိုက်နာဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်း ထပ်လောင်းပြောကြားခဲ့တယ်လို့လည်း သူမက ဆိုပါတယ်။

    ဖမ်းဆီးခံထားရတဲ့ အရပ်အစိုးရနဲ့ နိုင်ငံရေးသမားတွေကို တွေ့ဆုံခွင့်ပေးဖို့၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးတာကို ခွင့်ပြုဖို့လည်း မာဆူဒီက အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုခဲ့ပါတယ်။

    ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ပံ့ပိုးကူညီပေးသွားမှာဖြစ်ပြီး၊ ပြည်သူတွေအကျိုးကို ရှေ့ရှုကာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ မျှော်လင့်တယ်လို့ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံအရေး ဖြေရှင်းဖို့အတွက် အင်ဒိုနိုင်ငံခြားရေး၀န်ကြီး မာဆူဒီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်က နိုင်ငံခြားရေး၀န်ကြီးတွေအပြင် သြစတေးလျ၊ ဗြိတိန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်တို့က တာ၀န်ရှိသူတွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

    ဒီကနေ့မှာတော့ ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး ဒိုမီနစ် ရာအဘ်၊ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တိုနဲ့ တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။
    “ကိုဗစ်ကပ်ရောဂါကာလမှာ ဒီလို့ အပြန်အလှန် သံတမန်ရေးရာ ဆွေးနွေးမှုတွေဟာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တစ်ချို့မူ၀ါဒတွေကို လေးစားလိုက်နာရမှာ ဖြစ်တဲ့အတွက် အင်ဒိုနီးရှားက မဖြစ်မနေ လုပ်ပေးနေတာပါ။ အင်ဒိုနီးရှားက နှုတ်ဆိတ်နေမှာ မဟုတ်ဘူး။ ဘာမှမလုပ်ဘဲနေတာက ပြဿနာဖြေရှင်းရေး နည်းလမ်းမဟုတ်ပါဘူး”


    Ref: Bangkok post

  • အာဏာသိမ်းစစ်ကောင်စီနှင့် သက်ဆိုင်သည့် စာမျက်နှာများ၊ အကောင့်များကို Facebook က ထပ်မံဖယ်ရှား

    အာဏာသိမ်းစစ်ကောင်စီနှင့် သက်ဆိုင်သည့် စာမျက်နှာများ၊ အကောင့်များကို Facebook က ထပ်မံဖယ်ရှား

    ဖေဖော်၀ါရီ ၂၅၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်တပ်၊ သူတို့နဲ့ ပတ်သက်ဆက်နွယ်တဲ့ အကောင့်တွေ စာမျက်နှာတွေကို မနေ့က ထပ်မံဖယ်ရှားလိုက်တယ်လို့ Facebook က ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်တပ်က ပြည်သူတွေအပေါ် ဖိနှိပ်ညှင်းပမ်းနေရာမှာ သူတို့ရဲ့ ပလက်ဖောင်းကိုအသုံးပြုလာတဲ့အတွက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ စာမျက်နှာတွေ၊ ဒီအဖွဲ့တွေက ပြောရေးဆိုခွင့်ရှိသူတွေရဲ့ အကောင့်တွေ၊ အာဏာသိမ်းစစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ အခြားစာမျက်နှာတွေ၊ အကောင့်တွေနဲ့ စစ်တပ်ရဲ့ ကြော်ငြာတွေ ဖယ်ရှားခံလိုက်ရတာ ဖြစ်ပါတယ်။ Facebook ရဲ့ အခြားပလက်ဖောင်းတစ်ခုဖြစ်တဲ့ Instagram မှာလည်း ဒီဖယ်ရှားမှုက သက်ရောက်မှုရှိမှာပါ။

    “မြန်မာနိုင်ငံက အခြေအနေတွေကို အရေးပေါ်အခြေအနေအဖြစ် ကျွန်တော်တို့ ဆက်လက်သတ်မှတ်ထားပြီး ကျွန်တော်တို့ရဲ့ ပလက်ဖောင်းမှာ ဘေးကင်းဖို့၊ အထူးသဖြင့် မြန်မာပြည်သူတွေ ဘေးကင်းစေဖို့ အဓိကထား ဆောင်ရွက်နေပါတယ်။ အကြမ်းဖက်မှုတွေအပါအ၀င် ဖေဖော်၀ါရီ ၁ ရက်နေ့နောက်ပိုင်း ဖြစ်လာတဲ့ကိစ္စတွေကြောင့် ဒီလို ဖယ်ရှားတာမျိုး မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုအပ်လာတာပါ။ စစ်တပ်ကို Facebook နဲ့ Instagram မှာ ဆက်ထားရင် ဖြစ်လာမယ့်အန္တရာယ်က တော်တော်ကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ အာရှပစိဖိတ်ဒေသ Facebook ရဲ့ မူ၀ါဒဆိုင်ရာ အကြီးအကဲ ရာဖေးလ် ဖရန်ကဲလ်က ပြောကြားခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီရဲ့ ၀ါဒဖြန့်အကောင့်တွေဖြစ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး၊ MRTV နဲ့ MRTV Live စာမျက်နှာတွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ Facebook က ဖယ်ရှားခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ် ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးကို စစ်တပ်က ဆောင်ရွက်စဥ်ကလည်း တပ်မတော် ကာကယ်ရေးဦးစီးချုပ်ရဲ့ စာမျက်နှာအပါအ၀င် ဘာသာရေး၊ လူမျိုးရေး အမုန်းတရားတွေ ဖြန့်၀ေခဲ့တဲ့ စစ်တပ်ရဲ့ အကောင့်တွေ၊ စာမျက်နှာတွေ တော်တော်များများကို Facebook က ဖယ်ရှားခဲ့ပါတယ်။


    Ref: Washington Post

  • ဖြုတ်ချခံ မြန်မာအစိုးရနှင့်ပါ ဆက်သွယ်ဆောင်ရွက်နေဟု အင်ဒို နိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော

    ဖြုတ်ချခံ မြန်မာအစိုးရနှင့်ပါ ဆက်သွယ်ဆောင်ရွက်နေဟု အင်ဒို နိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော

    ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁
    M-Media

    (ဓာတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံနှင့် မာဆူဒီတို့ ယခင်က တွေ့ဆုံမှု)

    -မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်နဲ့ရော ဖြုတ်ချခံအစိုးရနဲ့ပါ ထဲထဲဝင်ဝင် ဆွေးနွေးနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောကြားလိုက်ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ဒီကနေ့ညနေ ဘန်ကောက်မှာ ၃ ပွင့်ဆိုင် တွေ့ဆုံပြီးတဲ့နောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီလို ပြောလိုက်တာပါ။

    သွေးထွက်သံယိုမှုတွေမဖြစ်ဖို့၊ ထိန်းထိန်းသိမ်းသိမ်းနဲ့ဆောင်ရွက်ဖို့ ပါဝင်ပတ်သက်သူတွေအားလုံးကို တိုက်တွန်းထားတယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း​ပြောဆိုသွားပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဖြုတ်ချခံအစိုးရက ဘယ်သူတွေနဲ့ ဘယ်လို ဆွေးနွေးခဲ့လဲဆိုတာကို မာဆူဒီက အသေးစိတ် မပြောခဲ့ပါဘူး။

    Ref: Reuters