News @ M-Media

Tag: myanmar muslim youth

  • သားဖွားမီးယပ် အထူးကု ဆရာဝန်မကြီး ဖြစ်ချင်တဲ့ တက္ကသိုလ်ဝင်တန်း ဘာသာစုံ ဂုဏ်ထူးရှင် မ၀တ်မှုံဖူး

    ဇွန် ၁၇၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    Ma Wout Mhone Phuu copy
    ၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး သားဖွားမီးယပ် အထူးကု ဆရာဝန်မကြီး ဖြစ်ချင်သည်ဆိုသော မ၀တ်မှုံဖူး ကို M-Media မှ တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။ မ၀တ်မှုံဖူးဟာ မွေးချင်းမောင်နှမ ၃-ယောက်အနက် အငယ်ဆုံးဖြစ်ပြီး အစ်ကိုအကြီးဆုံးမှာလည်း ဆေးကျောင်း တက်နေသူ တစ်ဦးဖြစ်ကာ ယခုအခါ မိဘများနှင့်အတူ ရန်ကုန်မြို့တွင် အတူနေထိုင်လျက်ရှိပါတယ်။

    မေး – ညီမလေးရဲ့ နာမည်၊ မွေးသက္ကရာဇ်နဲ့ မိဘတွေကို ပထမဦးဆုံး ပြောပြပေးပါလား။

    .ဖြေ – ညီမလေးနာမည်က မ၀တ်မှုံဖူးပါ။ အိမ်မှာခေါ်တာကတော့ ဖူးဖူးလို့ခေါ်ပါတယ်။ အာရဗီနာမည်က ဟဂျဒါးဘီပါ။ အသက်က ၁၆-နှစ် ပြည့်ပြီးပြီ မွေးသက္ကရာဇ်က ၂၅.၃.၁၉၉၈ ပါ။ အဖေက ဟာဂျီဦးမောင်မောင်မြင့်နဲ့ အမေက ဟာဂျီမဒေါ်မိုးမိုးသန်းပါ။ ညီမလေးမှာ အစ်ကို ၂-ယောက်ရှိပါတယ်။

    မေး – ဒီ ၂၀၁၄-ခု တက္ကသိုလ်ဝင်တန်းမှာ ညီမလေးက ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်မြင် ခဲ့တယ်ဆိုတော့ ဘယ်ဘာသာတွဲနဲ့ အောင်မြင်ခဲ့တာပါလဲ။

    .ဖြေ – ညီမလေးက Bio တွဲနဲ့ အောင်ခဲ့တာပါ။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဇီဝ၊ ဓါတု၊ ရူပ ဘာသာတွေပါ။

    မေး – ညီမလေးက ဘယ်ကျောင်းကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့ပါသလဲ။

    ဖြေ – ညီမလေး အ.ထ.က (၂) လသာ မိန်းကလေးကျောင်း ကနေ အောင်မြင်ခဲ့တာပါ။

    မေး – ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တယ်ဆိုတော့ ၆ ဘာသာကို အမှတ်ပေါင်း ဘယ်လောက်နဲ့ ရရှိခဲ့တာပါလဲ။

    .ဖြေ – ဟုတ်ကဲ့။ မြန်မာစာ-၇၈၊ အင်္ဂလိပ်စာ-၇၅၊ သင်္ချာ-၉၃၊ ဓာတုဗေဒ-၉၆၊ ရူပဗေဒ-၉၀၊ ဇီဝဗေဒ-၉၄ စုစုပေါင်းအမှတ် ၅၂၆-မှတ်ရရှိခဲ့တာပါ။

    မေး – ညီမလေး အခုလို ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်ဖို့ကို ဆယ်တန်း ကျောင်းသူ ဘ၀မှာဘယ်လို ကြိုးစားခဲ့ရပါသလဲ။

    .ဖြေ – ဘာသာစုံဂုဏ်ထူးရမယ်လို့ မှန်းတော့မထားပါဘူး။ ဒါပေမဲ့ အကောင်းဆုံးတော့ဖြစ်ရမယ်ဆိုပြီး ကြိုးစားခဲ့တာပါ။ စာတွေကိုတစ်နေ့စာ တစ်နေ့လုပ်တယ် အကြွေးမထားဘူး။ ပြန်လည်လေ့ကျင့်ခန်းကို များများလုပ်တယ်။ တစ်နေ့စာ တစ်နေ့မှန်မှန်ကျက်ပါတယ်။

    မေး – ညီမလေးက အစိုးရကျောင်းဖြေအနေနဲ့ အောင်မြင်ခဲ့တာဆိုတော့ အဲ့ဒီအပေါ်မှာရော ဘယ်လို ကြိုးစားခဲ့ရလဲ။

    .ဖြေ – ကျောင်းက ညီမလေးအခုလို ဘာသာစုံဂုဏ်ထူးရဖို့ကို အထောက်အကူ အများကြီးဖြစ်ခဲ့ပါတယ်။ ကျောင်းမှာ လစဉ် စာမေးပွဲတွေလည်းစစ်ပေးတယ်။ လိုအပ်တဲ့ဘာသာရပ်တွေကိုလည်း ဆရာ/ ဆရာမတွေက သေချာလေ့ကျင့်ပေး ခဲ့ပါတယ်။

    .မေး – အခု ဒီမှာတွေ့ရတာက ဆုတွေ အများကြီးပဲလေ။ အဲဒါက ညီမလေး ရရှိခဲ့တဲ့ ဆုတွေလား။

    ဖြေ – ဟုတ်ကဲ့ ညီမလေး ရခဲ့တာတွေရော အစ်ကို ရခဲ့တာတွေရောပါတယ်။

    မေး – ညီမလေးအနေနဲ့ ငယ်စဉ်ကတည်းက အတန်းစဉ်တွေမှာ ဆုရခဲ့တာတွေကို နည်းနည်းပြောပြပေးပါလား။

    .ဖြေ – ညီမလေးက သူငယ်တန်းကနေ စတုတ္ထတန်းအထိ နှစ်စဉ် ဆုရခဲ့တယ်။ နောက် ကျောင်းကြီးကို ပြောင်းသွားတော့ ဆုရတာ မရှိတော့ဘူး။ ၈-တန်း ၉-တန်း မှာလည်း ဂုဏ်ထူးတွေနဲ့အောင်ပါတယ်။ ဒါပေမယ့် ဆုယူခဲ့ရတာမျိုးတော့ မရှိခဲ့ပါဘူး။

    မေး – ညီမလေး အရင်အတန်းတွေကရော ဘယ်လိုဆုတွေရရှိခဲ့ပါသလဲ။

    .ဖြေ – သူငယ်တန်းကနေ တတိယတန်းထိ ဒုတိယဆုရခဲ့ပါတယ်။ စတုတ္တတန်းကျတော့ ပထမဆုရပါတယ်။ အဌမတန်း၊ န၀မတန်း တို့မှာတော့ ဘာသာစုံ ဂုဏ်ထူးထွက်ခဲ့ပါတယ်။

    .မေး – ညီမလေး အခုလို ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်သွားခဲ့တော့ ညီမလေးရှေ့ဆက်ပြီးတော့ အနာဂတ်အတွက် ဘယ်လိုရည်မှန်းချက်ထားထားပါသလဲ။

    ဖြေ – ညီမလေးက သားဖွားမီးယပ် အထူးကုဆရာဝန်မကြီးဖြစ်ချင်တော့ ဆေးကျောင်းပဲတက်မှာပါ။

    မေး – ဒါဆို ညီမလေးက ၉-တန်းအောင်ပြီး ၁၀-တန်း တက်တဲ့အချိန်ကတည်းက ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက် ရှိခဲ့တာလား။

    .ဖြေ – ဟုတ်ကဲ့ ရှိခဲ့ပါတယ်။ ဆရာဝန် မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကလည်း ရှိခဲ့ပါတယ်။

    မေး – ကိုယ်တိုင်က ဘာသာစုံ ဂုဏ်ထူးနဲ့အောင်မြင်ပြီးခဲ့သူ တစ်ယောက် အနေနဲ့ နောက်တက်လာမယ့် မောင်ညီမတွေကိုလည်း စာကျက်ပုံနဲ့ပတ်သက်ပြီး ဘယ်လို အကြံပေးချင်လဲ။

    .ဖြေ – အဓိကကတော့ ကိုယ်တိုင် အစွမ်းကုန် ကြိုးစားဖို့လိုပါတယ်။ ကိုယ်ပိုင် စာကျက်ချိန်ထားပြီး တစ်နေ့ကို ၅-နာရီလောက် စာကျက်ချိန် ထားသင့်ပါတယ်။ ကျောင်းတက်တာ ကျူရှင်တက်တာ များရင်လည်း ကိုယ်ပိုင်စာကျက်ချိန်မရှိ ဖြစ်သွားတတ်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ အားနည်းတဲ့ ဘာသာရပ်ကိုလည်း ကိုယ်သိရပါမယ်။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နေရပါမယ်။ ညီမလေး အနေနဲ့ကတော့ ဘာသာရပ်အလိုက်မှာ မြန်မာစာ အင်္ဂလိပ်စာကို နည်းနည်းဖော့ကျက်ပါတယ်။ သူက အမှတ်အများကြီး မရနိုင်တော့လေ။ သင်္ချာကိုတော့ နေ့တိုင်းနီးပါး ပြန်တွက်ရတယ်။ Bio ကတော့ ကျက်စာဆိုတော့ နည်းနည်းပိုကျက်ဖြစ်တယ်။

    မေး – ညီမလေး အခုလို ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်တဲ့အတွက် ဘယ်လိုပီတိမျိုးကိုခံစားရပါသလဲ။

    .ဖြေ – ဟုတ်ကဲ့။ အရင်ဆုံး ဖန်ဆင်းအရှင်ကို ကျေးဇူးတင်မိပါတယ်၊ အဖေ နဲ့ အမေ တို့လည်း ပျော်ရွှင်နေကြတဲ့အတွက် သူတို့ကိုကြည့်ပြီး အရမ်းကိုပျော်ရွှင်မိပါတယ်။

    မေး – ဟုတ်ကဲ့ပါ။ နောက်တစ်ခု မေးချင်တာက ညီမလေးအနေနဲ့ မွတ်စလင် အမျိုးသမီးငယ် တစ်ယောက်ဖြစ်တဲ့ အပေါ်မှာ နောက်မျိုးဆက်သစ် မောင်နှမတွေရယ် အထူးသဖြင့် မွတ်စလင် အမျိုးသမီးတွေရယ်ကို ဘယ်လို အားပေးစကားပြောချင်လဲ။

    .ဖြေ – အဖေက အမြဲပြောတဲ့စကားရှိတယ်။ သူများတစ်ဆ ကြိုးစားရင် ကိုယ်က မွတ်စလင်ဖြစ်တဲ့အတွက် ဆယ်ဆ ကြိုးစားရမယ်တဲ့။ ညီမလေးလည်းအဲ့လိုပဲ ထင်တယ်။ ကိုယ်တွေအတွက် အခွင့်အရေးနည်းနေတဲ့အတွက် ပိုပြီး ကြိုးစားရမယ်။ သူများတွေနဲ့ ရင်ဘောင်တန်းနိုင်အောင်၊ ပညာတတ်တွေများလာအောင် အခုအချိန်မှာ ပိုကြိုးစားသင့်ပါတယ်။ ကြိုးစားပါလို့ပြောချင်ပါတယ်။

    မေး – Community အတွက်ရော ဘယ်လိုအကျိုးပြုအလုပ်တွေ လုပ်သွားမယ်လို့စဉ်းစားထားပါသလဲ။

    .ဖြေ – ညီမလေး တတ်နိုင်သလောက်လုပ်သွားမှာပါ။ အခုလောလောဆယ်တော့ MUSLIM YOUTH NETWORK ကိုဝင်ပြီးတော့ အကျိုးရှိမယ့်အလုပ်တွေလု ပ်ဆောင်သွားမှာပါ။ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် အကျိုးပြုနိုင်အောင် ကြိုးစားသွားမှာပါ။

    မေး – ကျေးဇူးတင်ပါတယ် ညီမလေး။

    .ဖြေ – ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်မ။

    သမီးအနီးတွင် ရှိနေသော မ၀တ်မှုံဖူး၏ ဖခင်ဖြစ်သူ ဦးမောင်မောင်မြင့်အား သမီး၏ အောင်မြင်မှုအပေါ် ပီတိကို မေးရာ “သမီးအခုလို ဘာသာစုံ ဂုဏ်ထူးနဲ့အောင်မြင်တာကို အရမ်းကိုပျော်မိပါတယ်။ သားသမီး သုံးယောက်ထဲမှာ အငယ်ဆုံးလည်းဖြစ်တယ်။ သူကငယ်ငယ်လေး ကတည်းက စာကိုပုံမှန်ကြိုးစားပြီး လိုချင်စိတ်လည်းရှိပါတယ်။ အခုလို ဖြစ်လာတာကို အရမ်းကို ပီတိဖြစ်မိပါတယ်” လို့ ဖြေကြားခဲ့ပြီး မိဘတစ်ယောက်ရဲ့ ရင်တွင်းပီတိက မျက်နှာအထိ ထင်ဟပ်နေတာကို မြင်ခဲ့ရပါတယ်။

     

    M-Media သို့ ထူးချွန်လူငယ်ကဏ္ဍ ဆက်သွယ်လိုလျှင် [email protected] သို့ အီးမေးလ် ပို့၍ ဖြစ်စေ M-Media FB Page သို့ Message ပို့၍ ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

  • အသက်အငယ်ဆုံးနဲ့ GCSE စာမေးပွဲတွင် A* အများဆုံးနှင့် စံချိန်ချိုး အောင်မြင်ခဲ့သူ မြန်မာမွတ်စလင် ကျောင်းသူလေး Onisa Naing @ သူဇာနိုင်

    မေ ၂၃ ၊ ၂၀၁၄
    M-Media
    (ကျော်စိုးဝင်း M-Media CJ တွေ့ဆုံမေးမြန်းသည်။ )
    Onisa-Naing
    အင်္ဂလန်နိုင်ငံတွင် မြန်မာပြည်က လာရောက်နေထိုင်တဲ့ ကိုဖါရွတ် မဖြူတို့ရဲ့ သမီး Onisa Naing  @ သူဇာနိုင် ဟာ အသက်အငယ်ဆုံးနဲ့ GCSE စာမေးပွဲကို (A*) အများဆုံးအဖြစ် ကမ္ဘာစံချိန်ချိုး အောင်မြင်ခဲ့တယ်လို့ သိရှိရပါတယ်။

    2013 ခုနှစ်  Year-9 မှာ (A*) ၁၃ ခုနဲ့ (A) တစ်ခု၊ ယခုနှစ် ၂၀၁၄ ခုနှစ်မှာ  Year-10 မှာ (A*) ၁၀ ခုဖြင့် ထူးထူးချွန်ချွန် ကမ္ဘာ့စံချိန်ချိုး အောင်မြင်ခဲ့တဲ့ အတွက် ဗြိတိသျှပါလီမန်တွင် ဂုဏ်ပြုခံခဲ့ရကြောင်း သိရှိရပါတယ်။
    ထူးချွန်ထက်မြတ်တဲ့ ကျောင်းသူလေး  Onisa Naing  @ သူဇာနိုင် ကို အင်္ဂလန်နိုင်ငံ  မြန်မာမွတ်စလင် ကွန်မြူနီတီမှ ကြီးမှူးပြီး  လာမယ့်တနင်္လာနေ့ ၂၆-၅-၂၀၁၄ နေ့လည် ၃ နာရီမှာ ဆုပေးဂုဏ်ပြုပွဲ ပြုမှာဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ ကျောင်းသူလေး Onisa Naing  @ သူဇာနိုင် ကို M-Media CJ တဦးဖြစ်သူ လန်ဒန်မှ ကိုကျော်စိုးဝင်းမှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

    မေး –  ညီမလေးရဲ့ အမည်အပြည့်အစုံ၊ မိဘအမည်နဲ့ မွေးချင်းများ။

    ဖြေ – Onisa Naing @ သူဇာနိုင် မွေးချင်းသုံးယောက်အနက် အကြီးဆုံးဖြစ်၊ အလတ် Umera  Naing၊ အငယ်ဆုံးက Mozina Naing ပါ။ မိဘများတွေက ကိုဖာရွတ်နဲ့ မဖြူပါ။

    မေး – ညီမလေး အသက်ဘယ်လောက်ရှိပြီလဲ မွေးသက္ကရာဇ်ကို ပြောပြပါလား။
    ဖြေ – ၁၉၉၉-ခုနှစ်မှာ မွေးပါတယ်။

    မေး – ငယ်ငယ်ကတည်းက နိုင်ငံရပ်ခြားမှာ မွေးဖွားကြီးပြင်းခဲ့တာလား။ ဒါမှမဟုတ် ဘယ်အသက်အရွယ်မှ နိုင်ငံရပ်ခြားမှာ ပညာသင်ယူဖြစ်ပါသလဲ။

    ဖြေ – ဒုတိယတန်းအထိ မြန်မာပြည်မှာပဲ ကျောင်းတက်ခဲ့ပြီးမှ အင်္ဂလန်ကို ရောက်ခဲ့တာပါ

    မေး – လက်ရှိ တက်ရောက်သင်ကြားနေတဲ့ ကျောင်းအမည်၊ အတန်းနဲ့ တည်ရှိရာအရပ်တို့ကို ဖော်ပြပေးစေလိုပါတယ်။
    ဖြေ – Connaugh school for girl,  Leytonstone, London, United Kingdom ပါ။

    မေး – ညီမလေးက GCSE ကို ကမ္ဘာမှာ စံချိန်ချိုးရလဒ်နဲ့ ဖြေဆိုအောင်မြင်ခဲ့ပြီး အင်္ဂလန်(Parliament House)တွင်ဆုတက်ယူရမယ်လို့ သိရတယ်လေ။ အခုလို world record ဖြစ်ခဲ့တာ ဘယ်လို အကြောင်းအရာကြောင့် မှတ်တမ်းဝင်တာပါလဲ။
    ဖြေ – အသက် ၁၅နှစ်နဲ့ အသက် အငယ်ဆုံး အေစတား အများဆုံး ယူနိုင်သူအဖြစ် ကမ္ဘာ့စံချိန်ဝင်ခဲ့တာပါ။

    မေး – အဲဒီ GCSE အကြောင်း နည်းနည်းရှင်းပြပေးပါလား။ ဘယ်လိုပုံစံ သင်ယူ ဖြေဆို အောင်မြင်နိုင်တယ်ဆိုတာကိုပေါ့။
    ဖြေ – မြန်မာနိုင်ငံမှာ ဆိုရင်  GCSE O Level နဲ့ အဆင့် အတူတူပါ။

    မေး – ညီမလေး Onisa Naing အနေနဲ့ ဒီဆုကို ရရှိဖို့ ဘယ်လိုကြိုးစားခဲ့ရပါသလဲ။ ဘယ်လို အချိန်ပေးခဲ့ရလဲ ဆိုတာ သိပါရစေ။

    ဖြေ – ပုံမှန်အားဖြင့် ကျူရှင်က တစ်ပတ်ကို လေးနာရီလောက်တက်ပြီး များသောအားဖြင့်တော့ အိမ်မှာပဲ ကိုယ့်ဟာကိုယ် လေ့လာဖြစ်ပါတယ်။ ဒီလို ဖြေဆိုနိုင်ဖို့ အတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။

    မေး – အခု Year 9 မှာ ဒီဆုရခဲ့တယ်ဆိုတော့ Year 10 အတွက်ရော ဒီလို ရည်မှန်းချက်ရှိပါသလား။

    ဖြေ – ဟုတ်ကဲ့ ရှိပါတယ်။ အမြဲကြိုးစားလျှက်၊ ကြိုးစားဆဲပါ။

    မေး – မိဘများဘက်ကရော အခုလို အောင်မြင်တဲ့ သမီးတစ်ယောက်ကို ဘယ်လို အချိန်ယူပြီး ပြုစုပျိုးထောင် ပေးခဲ့ရပါသလဲ။

    ဖြေ – ငယ်စဉ်ကတည်းက ကလေးဘက်က ပင်ကိုယ် ကြိုးစားလိုစိတ်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်လို့ မိဘများအနေနဲ့ ထူးထူးခြားခြားပိုပြီး တိုက်တွန်းခဲ့ရတာမျိုး မရှိခဲ့ပါဘူး။

    မေး –  ညီမလေးက အစ္စလာမ်ဘာသာဝင် တစ်ယောက်ဖြစ်တယ်လို့ သိရတယ်။ ဒီတော့ အခု အင်္ဂလန်မှာ လက်ရှိကျောင်းအတူနေတဲ့ အချိန်မှာ ဘာသာလူမျိုး မတူတာကြောင့် ခွဲခြားခံရတာမျိုး အခက်အခဲဖြစ်တာ မျိုးရှိလား။

    ဖြေ – ဒီမှာက ဘာသာ၊လူမျိုး၊ အသားအရောင် ကွဲပြားခြားနားမှူနဲ့ပတ်သက်လို့ ခွဲခြားဆက်ဆံခြင်း မရှိသလို သူငယ်ချင်း တွေ အားလုံးနဲ့လည်း ဆက်ဆံရေးကောင်းမွန်ပါတယ်။

    မေး – မွတ်စလင် မိန်းကလေးငယ်တစ်ယောက်ဖြစ်တဲ့အတွက် တခြားသော မွတ်စလင်လူငယ်တွေကို ဘယ်လို စကား လက်ဆောင်ပါးချင်ပါသလဲ ညီမလေး။
    ဖြေ –  မြန်မာပြည်က မွတ်စလင် ကျောင်းသား/သူလေးတွေကို အောင်မြင်တဲ့ ထူးချွန် လူငယ်တွေဖြစ်လာစေဖို့ အကြံဥာဏ်စကားများ ပြောကြားစေချင်ပါတယ်။
    အခုလက်ရှိ မြန်မာနိုင်ငံမှာ ရှိတဲ့ ကလေးငယ်တွေ အထူးသဖြင့် မိန်းကလေးတွေကို ပညာရေးမှာ အခုထက်ပိုပြီး အောင်မြင်အောင် တိုက်တွန်းချင်ပါတယ်။ အမျိုးသမီးတွေကို အိမ်မှု ကိစ္စတွေ ချည်းသက်သက် ဘဝကို အချိန်မကုန်လွန်စေသင့်ဘဲ ခေတ်နဲ့အညီ လိုက်လျောညီထွေစွာနေထိုင်နိုင်ရန် အတွက် ခေတ်ပညာရေးကို အမျိုးသားများနဲ့ အညီ ရင်ဘောင်တန်း သင်ယူစေချင်ပါတယ်။ ဘာသာရေး ပညာများသက်သက်သာ သင်ယူစေခြင်းမျိုး မဖြစ်သင့်ဘဲ ခေတ်ပညာရေးကို မျက်ခြေမပြတ်သင့်ပါဘူး။

    မေး – အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ညီမလေး။

  • သယံဇာတနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ မွတ်စလင် အဖွဲ့အစည်းများမှ လူငယ်များပြုလုပ်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

     

    111

    ရန်ကုန်   ။      ။        သယံဇာတနှင့် သတ္တုတွင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို EITI မှ ဦးစီးကျင်းပပြီး အစ္စလာမ်ဘာသာဝင် လူငယ်များပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် Sumit Park View Hotel တွင် နံနက် ၉- နာရီမှ ညနေ ၄- နာရီ ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ၎င်းဆွေးနွေးပွဲတွင် လူငယ်များအနေနှင့် ယခုနိုင်ငံတော် အစိုးရအနေဖြင့် သယံဇာတနှင့် ပတ်သက်ပြီး လုပ်ဆောင်ချက်များ၊ သယံဇာတနှင့် ပတ်သက်ပြီး နိုင်ငံ၏ ၀င်ငွေ ထွက်ငွေများ၊ လုပ်ဆောင်ချက်များ၊ နည်းပညာ၊ ဗဟုသုတ များကို လူငယ်များ အနေနှင့် ဆက်လက်မျှဝေ လုပ်ဆောင် သွားရန် ရည်ရွယ်ပြီး ထိုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရှိ ရပါသည်။

    “မြန်မာနိုင်ငံအစိုးရကနေ ယခုဆိုလျှင် သဘာဝ တွင်းထွက် သယံဇာတကနေ အခြေခံပြီး ပွင့်လင်းမြင်သာမှုတွေကို ဖော်ဆောင်တော့မယ်။ အဲတော့ ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံကို EITI နဲ့ ပတ်သက်ပြီး အခုလို အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ပေးနေတာ ဖြစ်တယ်။ အစိုးရနဲ့ ဘာတွေ လုပ်ဆောင်နေလဲဆိုတာ ပြည်သူတွေကို ချပြတဲ့ သဘောပါပဲ။ EITI အနေနဲ့ နောက်ဘာတွေ ဆက်လုပ်သွားမယ်ဆိုတာကိုလည်း ဆွေးနွေးသွားမယ်။ အခုဆွေးနွေးပွဲက အစ္စလာမ် ဘာသာဝင်တွေချည်း သီးသန့်ပဲ။ အဲလိုပဲ တခြား ဘာသာဝင်တွေလည်း ပြုလုပ်ဖို့ရှိပါတယ်” ဟု ဒေါ်ညှိမာသန်းက ပြောကြား ခဲ့ပါသည်။

    ဆက်လက်ပြီး ” အခုဆွေးနွေးသွားမှာက သတ္တုတွင်းလုပ်ငန်းနဲ့ အခု EITI ရှေ့ဆက်ရေးအကြောင်းကို အဓိကဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဘေးထွက် ဆိုးကျိုးတွေနဲ့ ကုစားပုံကုစားနည်းတွေ ရေနံဥပဒေရဲ့ ပြဌာန်းချက်တွေနဲ့ လက်ရှိဆောင်ရွက်နေတာတွေကိုပါ ဆွေးနွေးသွားမှာပါ။အခုလို လူငယ်တွေ အနေနဲ့ တက်ရောက်လာတာအရမ်းကောင်းမွန်ပါတယ်။ နည်းပညာတွေပြန့်ပွားသွားတော့ လူငယ်တွေရဲ့ အနာဂတ်တွေ ကောင်းမွန်လာမှာပါ။ နိုင်ငံတော် အနေနဲ့လည်း သယံဇာတကို ဥပဒေနှင့် အညီ လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ သယံဇာတဆိုတာ တိုင်းရင်းသား အားလုံးက ပိုင်ဆိုင်တာပါ။ ဒါပေမဲ့ အခုလက်ရှိ ဥပဒေမှာတော့ နိုင်ငံတော် ပိုင်တာပဲ ရှိနေသေးတယ်၊ တိုင်းရင်းသားတွေ ပိုင်ဆိုင်တာကို သက်သေပြဖို့ လုပ်ဆောင်ရမယ်” ဟု ဦးဆောင်ဆွေးနွေးသူ ဦးစိန်မြင့်က ပြောကြားခဲ့ပါသည်။

    ယခုလို အလုပ်ရုံဆွေးနွေးပွဲတွေကို ရှေ့လျောက် လုပ်ဆောင်သွားရန်ရှိပြီး လူငယ်များအနေဖြင့် သယံဇာတနှင့် ပတ်သက်ပြီး အသိပညာများ၊ ဗဟုသုတ များစွာကိုရရှိစေရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထိုဆွေးနွေးပွဲသို့ မွတ်စလင်အဖွဲ့အစည်းအသီးသီးမှ လူငယ်များ တက်ရောက် ဆွေးနွေးခဲ့ကြောင်းလည်း သိရှိရပါသည်။

  • Muslim Youth Forum အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

    နိုဝင်ဘာ ၂၆၊ ၂၀၁၃
    M-Media
    သုတ

    1455197_3702151090122_553995314_n

    ရန်ကုန် ။ ။ မြန်မာနိုင်ငံရှိ မွတ်စလင်မ်လူငယ်များ အနေဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော အခန်းကဏ္ဍများတွင် ပိုမိုတက်ကြစွာ ပါဝင်နိုင်ကြစေရန် ရည်ရွယ်၍ Muslim Youth Form နှင့် မွတ်စလင်မ်လူငယ်များ ကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ် ခိုင်မာစွာ ဖြစ်ပေါ်လာစေရေးအတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို မနက်ဖြန် နိုဝင်ဘာ ၂၇-ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

    မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင် လူငယ်များအနေဖြင့် နိုင်ငံတော်မှ အကောင်အထည် ဖောင်ဆောင်နေသော လူငယ်များနှင့် သက်ဆိုင်သည့် အခန်းကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ အနာဂတ်ပညာရေး တို့တွင် ပိုမိုပါဝင်လာစေရန်ရည်ရွယ်သည့် Muslim Youth Forum နှင့် နိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ် လူငယ်များ ကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ် ခိုင်မာစွာ ဖြစ်ပေါ်လာစေရေးအတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူ လူငယ်များ တက်ရောက်နိုင်ရန် ဖိတ်ကြားကြောင်း သိရပါတယ်။

    အဆိုပါ အကြိုညှိနှိုင်းဆွေးနွေးပွဲအား အမှတ်(၁၈၁)၊ ၃-လွှာ၊ ဗိုလ်မင်းရောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး သိလိုသည်များ ရှိပါက 09 421166101, 09 73103614, 09 49338651, 09 5032498, 09 73105364 တို့သို့ ဆက်သွယ်နိုင်ကြောင်းလည်း ထပ်မံ သိရှိရပါတယ်

  • တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုးစားသွားမည့် မွတ်စလင်မ် လူငယ်ထု ကိုယ်စားပြု ကွန်ရက် အကြိုညှိနှိုင်း

    တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုးစားသွားမည့် မွတ်စလင်မ် လူငယ်ထု ကိုယ်စားပြု ကွန်ရက် အကြိုညှိနှိုင်း

    အောက်တိုဘာ ၂၈၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    ရန်ကုန်   ။          ။          တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မွတ်စလင်မ်လူငယ်ထုကိုယ်စားပြု မွတ်စလင်မ်လူငယ်ကွန်ရက်တစ်ခု လုပ်ဆောင်သွားရန် အကြိုညှိနှိုင်းဆွေးနွေးမှုကို မနေ့က အောက်တိုဘာ ၂၇-ရက် ညနေ ၅း၀၀-နာရီတွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါတယ်။

    ယခုအကြိမ် တွေ့ဆုံမှုသည် လူငယ်ကွန်ရက်ပြုလုပ်ရန် ပထမဦးဆုံးအကြိမ် အကြိုညှိနှိုင်းဆွေးနွေးခြင်းဖြစ်ပြီး ပထမဦးစွာ ရန်ကုန်အခြေစိုက် ကွန်ရက်တစ်ခုဖြစ်မြောက်အောင် လုပ်ဆောင်ပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကွန်ရက်အဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး ရှေ့လာမည့်တစ်ပတ်တွင် လူငယ်များထပ်မံတွေ့ဆုံ ဆွေးနွေးပြီး လုပ်ငန်းစဉ်များ တိုင်ပင်အကောင်အထည်ဖော် လုပ်ဆောင်၍ လူငယ်များပါဝင်လာချိန်တွင်မှ ကွန်ရက်အဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

    “ကျွန်တော်တို့ အခု ကွန်ရက်လုပ်မယ်ဆိုတာ သီးသန့် အဖွဲ့ဖွဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေရဲ့ အဖွဲ့တော်တော်များများက ဘာသာစုံ လူမျိုးစုံနဲ့ လက်တွဲလုပ်ဆောင်နေကြတယ်။ ဒါပေမယ့် လူငယ်ထုကို ကိုယ်စားပြုတဲ့ မွတ်စလင်မ်လူငယ်ထုလို့ ပြောလိုက်ရင် ကျွန်တော်တို့မှာ အဲ့လို ရှိမနေဘူး။ တခြားဘယ်သူပဲဖြစ်ဖြစ် နိုင်ငံခြားသားလာလို့ မွတ်စလင်မ်လူငယ်ထုနဲ့ ဆုံချင်တာမျိုးပဲဖြစ်ဖြစ် အဲဒါမျိုးတွေမှာ ကျွန်တော်တို့တွေက ကိုယ်နီးစပ်ရာအဖွဲ့တွေကပဲ တွေ့ပြီးစကားပြောရသလိုဖြစ်နေတယ်။ ဒါဟာလည်း ကိုယ့်အဖွဲ့ရဲ့ အသံပဲဖြစ်နေတယ်။ မွတ်စလင်မ်လူငယ်ထု တစ်ရပ်လုံးရဲ့ အသံမဟုတ်ဘူး။ အဲလိုတွေ ဖြစ်နေတာကြောင့် ကျွန်တော်တို့ ဒီကွန်ရက်လုပ်ဖို့ကို အခုက အကြိုညှိနှိုင်းကြတာပါ။ ကျွန်တော်တို့ ကွန်ရက်က ဘာတွေ လုပ်ကြမလဲဆိုတော့ နိုင်ငံတော်အဆင့် စကားပြောရတဲ့အပိုင်းတွေကအစ လုပ်မယ်။ ပြီးရင် ကျွန်တော်တို့ လူငယ်တွေ အပတ်စဉ် ရပ်ရွာကိုဆင်းပြီး နာရီဝက်ရရ တစ်နာရီရရ activities လေးတွေလုပ်ရင်း စုစည်းကြမယ်။ တခြားအဖွဲ့တွေရဲ့ လိုအပ်မှုအပိုင်းတွေကို ကျွန်တော်တို့ ၀ိုင်းဝန်းဖြည့်ဆည်းကြရင်း ကျွန်တော်တို့ စုစည်းမှုယူမယ်။ ဒီနေ့ လုပ်ဖြစ်တဲ့ အကြို ညှိနှိုင်းပွဲက ဘယ်အဖွဲ့တွေကိုမှ ကိုယ်စားပြုပြီး ပါဝင်လာကြတာ မဟုတ်ပါဘူး။ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ဆန္ဒနဲ့ လုပ်ဆောင်တာပါ။ ဒါကြောင့် နောက်ပိုင်းမှာ ဆက်လက်လုပ်ဆောင်မယ့် လူငယ်ကွန်ရက်မှာလည်း စိတ်ပါဝင်စားသူလူငယ် မည်သူမဆို ပူးပေါင်းပါဝင်ပြီး လက်တွဲလုပ်ဆောင်ကြမှာပါ”လို့ ဆွေးနွေးပွဲကို ဦးဆောင်ခဲ့သူများထဲမှ တစ်ဦးက ပြောပါတယ်။

    “ကျွန်မတို့ မွတ်စလင်မ်လူငယ်အများစုမှာ အရည်အချင်းကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် အဲဒီအရည်အချင်းတွေက တစ်ကွဲတစ်ပြားစီဖြစ်ပြီး စုစည်းမှုရှိမနေဘူး။ တစ်ယောက်ချင်းအင်အားနဲ့ လုပ်ဆောင်တာထက်စာရင် အများ စုပေါင်း အင်အားနဲ့ လုပ်ဆောင်ရင် အောင်မြင်နိုင်ပါတယ်။ အခုအကြို ဆွေးနွေးမှုဆိုတာက ကျွန်မတို့ အဖွဲ့ဖွဲ့တာလည်း မဟုတ်ဘူး။ လူငယ်တွေကြားထဲမှာ အရည်အချင်းရှိတဲ့ လူငယ်တွေ၊ ဦးဆောင်မှုပေးနိုင်တဲ့ လူငယ်တွေအများကြီး ရှိနေတယ်။ အဲ့ဒီလူငယ်တွေစုပြီး အမျိုးသားရေး လုပ်ဆောင်သွားကြဖို့ပါ။

    အဓိကကတော့ အခုပေါ်ပေါက်လာမယ့် ကွန်ရက်က နိုင်ငံတော်အဆင့် လူငယ်တွေ ကိုယ်စားပြုပြီး အသံထွက်ကြမယ်၊ လုပ်ဆောင်ကြမယ်။ တခြားလုပ်နေတဲ့ ဘာသာရေး အဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေလုပ်ဆောင်နေမှုအပိုင်းမှာ လိုအပ်မှုကို ကျွန်မတို့ တစ်စိတ်တစ်ပိုင်းဖြည့်စွမ်းမယ်။ ဥပမာ လူမှုရေးအဖွဲ့တစ်ခုက သူတို့လုပ်မယ့် လုပ်ငန်းစဉ်မှာ လူအင်အားလိုရင် ကျွန်မတို့ လူအင်အားဝိုင်းဝန်းဖြည့်ဆည်းမယ်၊ အကြံဥာဏ်အားလိုအပ်ရင် အကြံဥာဏ်အား ၀ိုင်းဝန်းဖြည့်ဆည်းမယ်။ အဓိက မွတ်စလင်မ်လူငယ်တွေစုပြီး တစ်သံတည်းထွက်လာဖို့။ ဒီနေရာမှာ ဘာသာရေးအရ တူတာ မတူတာတွေကို ဖယ်ထားမယ်။ အမျိုးသားရေးကို ရှေ့တန်းတင်ပြီး စုစည်းညီညွတ်ဖို့ လုပ်ဆောင်မယ်။ Intrafaith မှသည် Interfaith သို့ဆီကို ရည်ရွယ်ပါတယ်။ ဒါကြောင့် မွတ်စလင်မ်လူငယ်တွေ ပါဝင်လာဖို့ မျှော်လင့်ပါတယ်။ လက်တွဲ လုပ်ဆောင်ကြဖို့လည်း ဖိတ်ခေါ်ပါတယ်”လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

    ယခု အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူ လူငယ် ၃၀-ခန့် တက်ရောက်ခဲ့ကြပြီး လာမယ့် နိုဝင်ဘာလ ၃-ရက်နေ့ ညနေ ၄း၃၀-နာရီတွင် လုပ်ငန်းစဉ်များအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးမှာ ဖြစ်သည့်အတွက် မွတ်စလင်မ်လူငယ်များအနေဖြင့် ပါဝင်ကြဖို့ ဖိတ်ခေါ်ကြောင်းနှင့် ပါဝင်လိုသူများအနေဖြင့် ဖုန်းနံပါတ် 09-5154831, 09-73143129, 09-43055041, 09-402608459, 09-450002897, 09-73103614 တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရပါတယ်။