News @ M-Media

Tag: Myanmar U23

  • သြစတေးလျကိုရှုံးသည့် မြန်မာ ယူ၂၃ အသင်း နောက်တစ်ဆင့်တက်ရေး မသေချာသေး

    သြစတေးလျကိုရှုံးသည့် မြန်မာ ယူ၂၃ အသင်း နောက်တစ်ဆင့်တက်ရေး မသေချာသေး

    ဇူလိုင် ၂၃၊ ၂၀၁၇
    M-Media

    Photo Credit – MFF

    – ဒီနေ့ညနေမှာ ကစားခဲ့တဲ့ ယူ ၂၃ အာရှချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု F နောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်းက သြစတေးလျကို ၃ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး အုပ်စု ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရကာ နောက်တစ်ဆင့်တက်ရေး မသေချာသေးပါဘူး။

    ခံစစ်အထိုင်ချပြီး တန်ပြန်တိုက်စစ်ကနေထိုးဖောက်ဖို့ကြိုးစားခဲ့တဲ့ မြန်မာအသင်းဟာ ၆ မိနစ်မှာပဲ အဖွင့်ဂိုးပေးခဲ့ရပြီး ၃၂ မိနစ်မှာ ဒုတိယဂိုး ထပ်ပေးခဲ့ရပါတယ်။

    ဒုတိယပိုင်းမှာ မြန်မာအသင်းက သြတေးလျဖက်ကို ပိုထိုးဖောက်နိုင်ခဲ့ပြီး ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ကွင်းလယ်တစ်ဝက်ကျော်ကျော်က မောင်မောင်လွင်ရဲ့ကန်ချက် ဘေးထွက်သွားတာ၊ အောင်သူ ဂိုးသမားဆီကလုပြီး အပိုင်ကန်သွင်းချက် ဂိုးစည်းပေါ်ရောက်မှ သြစတေးလျနောက်ခံလူရဲ့ ဖြတ်ထုတ်မှုကို ခံခဲ့ရတာကြောင့် ဂိုးရမယ့် အခွင့်အရေးတွေကို လက်လွှတ်ခဲ့ရပါတယ်။

    သြစတေးလျအတွက် တတိယဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ၅၈ မိနစ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။

    မြန်မာအသင်းဟာ ဒီပွဲအရှုံးကြောင့် ၂ ပွဲနိုင် ၆ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပြီး အုပ်စု ၃ ပွဲစလုံးနိုင်ထားတဲ့ သြစတေးလျက အုပ်စုပထမနဲ့ နောက်တစ်ဆင့်ကို တက်သွားပါတယ်။

    ခြေစစ်ပွဲ အုပ်စု ၁၀ ခုမှာ အုပ်စုပထမရတဲ့ ၁၀ သင်းဟာ ခြေစစ်ပွဲအောင်မှာဖြစ်ပြီး အကောင်းဆုံး ဒုတိယ ၅ သင်းက အိမ်ရှင် တရုတ်အသင်းနဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရမှာ ဖြစ်တာကြောင့် မြန်မာအသင်းဟာ အကောင်းဆုံးဒုတိယ ၅ သင်းမှာ ပါဝင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

    စင်ကာပူနဲ့ ဘရူးနိုင်တို့ပွဲမှာတော့ စင်ကာပူက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

  • အာရှချန်ပီယံရှစ်ခြေစစ်ပွဲတွင် မြန်မာ ယူ၂၃ အသင်း နှစ်ပွဲဆက်နိုင်ပွဲရယူ

    အာရှချန်ပီယံရှစ်ခြေစစ်ပွဲတွင် မြန်မာ ယူ၂၃ အသင်း နှစ်ပွဲဆက်နိုင်ပွဲရယူ

    ဇူလိုင် ၂၁၊ ၂၀၁၇
    M-Media

    – အာရှ ယူ ၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု F ဒုတိယပွဲစဉ်တွေကို ဒီကနေ့ညနေက သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားရာမှာ မြန်မာအသင်းက ဘရူးနိုင်းအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက် အခြေအနေကောင်းသွားပြီဖြစ်ပါတယ်။

    အဓိက ကစားသမား ၄ ဦးကို အနားပေးထားပေမယ့် မြန်မာသင်းဟာ ဒီပွဲမှာ အခက်အခဲသိပ်မရှိခဲ့ဘဲ ပထမပိုင်းမှာတင် ငြိမ်းချမ်းအောင်၊ နိုင်လင်းထွန်းတို့ရဲ့ဂိုးတွေနဲ့ ၂ ဂိုးပြတ်ခဲ့တာပါ။ ဘရူးနိုင်းအသင်းဟာ ပထမပိုင်း နောက်ဆုံးမိနစ်မှာ တစ်ယောက်အထုတ်ခံခဲ့ရပါတယ်။

    ဒုတိယပိုင်းမှာလည်း မြန်မာအသင်းက ခြေအသာရခဲ့ပြီး ငြိမ်းချမ်းအောင်က နောက်ထပ်တစ်ဂိုး ထပ်သွင်းခဲ့ပါတယ်။ မြန်မာအသင်းဟာ ၂ ပွဲကစားပြီး ၂ ပွဲစလုံး အနိုင်ရထားတာကြောင့် ၆ မှတ်ရရှိထားပါတယ်။

    မြန်မာနည်းပြချုပ် ဇီစီက အသင်းရဲ့ ကစားပုံကို အားမရသေးဘဲ သြစတေးလျနဲ့ပွဲမှာ တန်းတူကစားဖို့အတွက် နည်းလမ်းရှာရမှာဖြစ်ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    စောစာပိုင်းကကစားခဲ့တဲ့ သြစတေးလျနဲ့ စင်ကာပူတို့ပွဲမှာ သြစတေးလျက ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး မြန်မာအသင်းနဲ့ အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။

    Ref: AFC.com